Sunday, December 8, 2013

သမုဒယ သစ္စာ


သမုဒယ သစ္စာ

ဤကမ္ဘာ၏ အစပိုင်းလောက်က ဘုရားအလောင်းတော်သည် လေးကျွန်းလုံးကို အစိုးရသော မန္ဓာတ်စကြာမင်း ဖြစ်၏။ တစ်နေ့သ၌ စကြာရတနာဖြင့် ပရိသတ် ခြံရံလျက် ကောင်းကင်ခရီး၌ လေးကျွန်းလုံး လှည့်လည်စဉ် စတုမဟာရာဇ်နတ်ပြည်၏ ကြီးကျယ် ခမ်းနားကြောင်းကို ကြားရ၍ အခြွေအရံပရိတ်သတ်များနှင့် တကွ စတုမဟာရာဇ် နတ်ပြည်သို့ ချီတတ်လေသော် စတုမဟာရာဇ် နတ်မင်းကြီး ၄ ပါးက ခရီးဦးကြိုလျက် နတ်ပြည်ကို ဆက်သကြ၏ ။ ထိုအခါ နတ်စည်းစိမ်ကို ခံစားရသော်လည်း တာဝတိံသာနတ်ပြည်သည် ဤနတ်ပြည်ထက်ပင် အဆတစ်ရာမက သာလွန် ကြီးကျယ်ကြောင်း ကြားရပြန်၍ တာဝတိံသာသို့ ချီပြန်လေသော် စကြာရတနာနှင့် ပရိသတ်တို့ မလိုက်နိုင်ကြဘဲ လမ်းခု လပ်မှ လူ့ပြည်သို့ ပြန်ကြရလေသည်။

ထိုအခါ တစ်ကိုယ်တည်း ကြွလာသော မန္ဓာတ်မင်းအား သိကြားကိုယ်တိုင် နတ်ပြည်ကို တစ်ဝက်ခွဲ၍ လွှဲအပ် ခံစားစေလေသည်။ ထိုအခါ လူတို့၏ သက်တမ်းမှာလည်း အလွန်ရှည်ကြာသော အသင်္ချေတန်းအခါဖြစ်၍ ပကတိ သိကြားပေါင်း ၃၆ ယောက်ပြောင်းလဲသည့်တိုင်အောင် ထို မန္ဓာတ်စကြာမင်းသည် စုတေတော်မမူသေးဘဲ ခံစားမြဲ ခံစားနေပါလျက် နတ်ပြည်တစ်ဝက်မျှ အုပ်စိုးရရုံဖြင့် မတင်းတိမ်တော် မမူသောကြောင့် ရောက်ခါစ သိကြားသစ်ကို သတ်ဖြတ်လိုသော အကြံဆိုး ပေါ်ပေါက်လာသဖြင့် ထိုနတ်ပြည်မှ ကွယ်ပျောက်၍ လူ့ပြည်သို့ အရောက်တွင် စုတေပွဲ ၀င်ရဖူးလေသည်။ [ ဇာတကဋ္ဌကထာ၊ တိကနိပါတ်၊ သင်္ကပ္ပ၀ဂ်၊ မန္ဓာတုဇတ်]

ဤ၀တ္ထု၌ သိကြားပေါင်း ၃ကျိပ် ၆ယောက် ပြောင်းလဲအောင် နတ်စည်းစိမ်ကို စံရပါလျက် အားမရနိုင်သော လောဘ၏ ကြီးကျယ်ပုံကို မှန်းဆသင့်တော့သည်။ ထို့ကြောင့် တဏှာလေဘသည် မည်သည့်တရားဖြင့် မချုပ်တည်းနိုင်သမျှ သူ့အလိုအလျောက် မည်သည့်အခါမှ နောက်ဆုတ်လိမ့်မည် မဟုတ်။ တဏှာလောဘ နောက်မဆုတ်သမျှလည်း ပြခဲ့သော ဒုက္ခအပေါင်းမှ လွတ်နိုင်ကြဦးမည် မဟုတ်။ ထို့ကြောင့် နှစ်သက်ခင်မင် လိုချင်တောင့်တမှု ဟူသော တဏှာလောဘသည် အားလုံးသော ဒုက္ခအပေါင်းတို့၏ အကြောင်းရင်းခံ စင်စစ်မှန်သော သမုဒယသစ္စာပေတည်း။

ဤဇတ်ကြောင်းလေးကို အရှင်ဇနာကာဘိဝံသ ရေးသားပြုစုသော ပထမကျမ်းစာ “ရတနာ့ဂုဏ်ရည် ” စာအုပ်မှ သစ္စာလေးပါး ရှင်းလင်းချက်မှ သမုဒယ သစ္စာ ဖြစ်သော တဏှာကြီးမားပုံကို မြင်သာအောင် ဖော်ပြထားသော စာပိုဒ်လေးကို ဖော်ပြရပါသည်။ ဘာဖြစ်လို့လဲဆိုတော့ ဇတ်ဝတ္ထုလေးနဲ့ စာဖတ်သူ စိတ်ဝင်စားကြတာလေ။ တရားပဲ လှိမ့်တင်ရင် ဖတ်သူဘယ် စိတ်ဝင်စားမလဲ။ ကျွန်တော်ကိုယ်တိုင်လဲ ပါပါတယ်။ ဓမ္မမှတ်စု မှာရေးတင်ထားတာ ဓမ္မနဲ့ဆိုင်တဲ့ အချက်အလက်လေးတွေပါ။ အမှန်တိုင်းပြောရရင် ဘယ်သူမှ စိတ်ဝင်တစား မဖတ်ကြဘူး ။ ကျွန်တော်လဲ အဲဒီဘလော့လေးကို မရေးဖြစ်တာ လနဲချီနေပြီးလေ။ ဒီဘလော့လေး လာလည်သူရှိတယ်ထင်လို့ပါ။ ဒါကြောင့် ရှိတဲ့ လာဖတ်သူလေး မပျင်းရအောင် ဟာသတွေ , မှတ်သားစရာလေးတွေ , ကဗျာတွေ ရှောက်ရေးတင်နေရတာ။

ဒါမှ လာလည်သူလဲ မပျင်းရ။ ကျွန်တော်လဲ လာလည်သူရှိတော့ ပို့စ်တင်ရတာ မပျင်းတော့ဘူး ။ ဘာလို့ လူတွေ ဘာသာရေးလုပ်ရမှာ ရွံ့နေကြတာလဲ? ပြောနေကြ ဥပမာလေးတော့ ရှိတယ်။ ရေထဲမှာနေတဲ့ ငါးကလေးကို ကုန်းပေါ်တင်လိုက်သလို သလိုပဲ ဖျတ်ဖျတ်ကို လူးနေတာပဲတဲ့ ။ အဲလိုပဲပေါ့ ပုထုဇဉ် လူသားတွေလဲ ကိလေသာရေအလျင်တွေထဲမှာ ပျော်မွေ့နေကြဆိုတော့ ကိလေသာရေပြင်ကို ကျော်လွန်နိုင်သော ၀ိပဿနာတရားနဲ့ ရင်ဆိုင်ဖို့ ဖျတ်ဖျတ်ကို လူးနေတဲ့ မိမိရဲ့ စိတ်လေးကို သတိထားမိကြမှာပါ။

မိမိစိတ်ကလေးကို သတိတရားလေး ပေါ်တင်ဖို့ လူတွေ အရမ်းခဲယဉ်းကြပါတယ်။ ကျွန်တော်လဲ ဖျတ်ဖျတ်ကိုလူးနေတာပဲ။ ပြောရင်းနဲ့ ဒီပို့စ်ရဲ့ လိုရင်းကို မေ့တော့မယ်။ လက်တစ်ဖြစ်အတွင်းမှာ စိတ်ဟာ ကုဋေတစ်သိန်း ဖြစ်ပျက်သွားတယ် ဆိုတာ ကြားဖူးနားဝတော့ရှိမှာပေါ့။ ဖယောင်းတိုင်းက တကယ်တော့ ဆက်တိုက် ဆက်တိုက် လောင်ကျွမ်းနေခြင်းဖြင့် အလင်းတန်းဖြစ်ပေါ်လာတာပါ။

ဒီလိုပဲ လူတွေရဲ့ စိတ်နဲ့ ဓါတ်ကြီးလေးပါး ဖွဲ့စည်းထားတဲ့ ဒီခန္ဓာကြီးကလဲ ဖယောင်တိုင်မီး တောက်လောင်သလိုပါပဲဗျာ။ ဇတ်တိုက် ဖြစ်ပျက်လောင်ကျွမ်းနေတာပါ။ စိတ်ကလေး တဖြစ်အတွင်းမှာ မိမိဟာ ကုသိုလ်စိတ်(ပုညကိရိယာ (၁၀)ပါး၊ အကုသိုလ်စိတ်( လောဘ, ဒေါသ, မောဟ, ဣဿာ မစ္ဆရိယ စသော ကိလေသာ (၁၀)ပါး) စိတ်တွေသာ ဖြစ်နေမယ်ဆိုရင် ဘ၀ပေါင်းများစွာ ဖြစ်ဖို့အတွက် သမုဒယသစ္စာ အကြောင်း ဖြစ်ပါတယ်။

ပြောချင်တာက မိမိလုပ်ရက်လေး ကာယကံ, ပြောဆိုမှု ၀စီကံနဲ့ ကြံစည်မှု မနောကံလေးတိုင်းမှာ အတတ်နိုင်ဆုံး ကိလေသာ ကင်းအောင် နေတတ်ဖို့ သတိတရားလေးနဲ့ သမုဒယသစ္စာလေးကို ပယ်သတ်နိုင်ကြပါစေ။ သတိတရားလေးနဲ့ မိမိရဲ့ စိတ်လေးကို ထိန်းသိမ်း စောက်ရှောက်နေမယ်ဆိုရင် ကုသိုလ်စိတ်လဲ မဖြစ် အကုသိုလ် စိတ်လဲ ကင်းသော တည်ကြည်တဲ့စိတ်ကလေးကနေ လက္ခဏာကြီး (၃) ပါးဖြစ်တဲ့ အနိစ္စ၊ဒုက္ခ၊ အနတ္တ တင်လိုက်မယ်ဆိုရင် ၀ိပဿနာဖြစ်ပြီး ၀ိပဿနာစိတ်လေးနဲ့ ဒုက္ခသစ္စာတရားကို သိ, သမုဒယသစ္စာကို ပယ်, နိရောဓသစ္စာကို စိုက်ပြီး, မဂ္ဂသစ္စာကို ပွားများမယ်ဆိုရင် “အမြိုက်” ဆိုတဲ့ မပျက်စီးနိုင်သော အရာဖြစ်သော နိဗ္ဗာန်သို့ ဆိုက်ရောက်ရန် လမ်းဖြစ်ပါတယ်။

မှတ်ချက် ။ ။ အပြောကြီးသူတို့သည် အလုပ်နည်း၏ , နှုတ်ဆိတ်သူတို့သည် အလုပ်များ၏ တဲ့ ဤပို့စ်သည် မပြည့်သော အိုးလေး ဘောင်ဘင်ခတ်သည် ဟုဆိုချင်ဆိုပါ။ နေမင်းကြီးကဲ့သို့ ကိုယ်ပိုင်အလင်း မထွန်းတောက်နိုင်ပေမယ့် ဖယောင်တိုင်အလင်းလေး အဆင့်လောက်နဲ့ လမ်းပြပါရစေ။

နောက်ပိုင်းအယူအဆလေးတွေ လွဲမှားနေပါက ဆိုဆုံးမခဲ့နိုင်ပါသည်။ မမှားသော ရှေ့နေ, မသေသော ဆေးသမားလို တစ်ဘ၀ တစ်ခန္ဓာဖြင့် ပြီးမည်မဟုတ်သော ကိစ္စကြီးဖြစ်သဖြင့် ဝေဖန်ဆန်းစစ် ယုံကြည်သင့်မှ ယုံကြည်စေချင်ပါသည်။ အမှတ်မှားရင် အသိမှားပါလိမ့်မည်။ အသိမှားရင် အယူမှားပါလိမ့်မည်။ အယူမှားရင် သံသရာရှည်ပါလိမ့်မည်။ စာအုပ်ထဲမှာ အသိဖြစ်သဖြင့် လွဲမှားမှုများစွာရှိနိုင်ပါသည်။ အမှားပေါင်းများစွာထဲမှ အယူမှားခြင်း(ဒိဋ္ဌိအယူ) မိဘကိုသတ်သည့် ဂရုကံကြီးများထက် အကျိုးပေးကြာရှည်ပါသည်။

အဖေကိုသတ်သော ကံသည် ဒီနေ့ကျူးလွန် မနက်ဖြန် ကမ္ဘာပျက်မည်ဆိုက တစ်ရက်တည်းသာ ငရဲကို ခံစားနိုင်ပါသော်လည်း အယူမှားသော(ဒိဋ္ဌိ)ကံကြီးသည် ကမ္ဘာပျက်သော်လည်း ကမ္ဘာပြောင်း၍ ငရဲခံရပါသည်။ အမှတ် မှန်ကောင်း၍ အသိ မှန်ကောင်းကြပါစေ။ အသိ မှန်ကောင်း၍ အယူမှန်ကောင်းကြပါစေ။


သော်ဇင်