Thursday, December 26, 2013

အမေ ကျေနပ်ပါပြီ သားရယ် (၂)


အမေ ကျေနပ်ပါပြီ သားရယ် (၂)
ဘိက္ခုနီသာသနာ
မိထွေးတော် ဂေါတမီကြီး၏ အကြိမ်ကြိမ် တိုက်တွန်း တောင်းပန်မှု၊ အရှင်အာနန္ဒာ၏ ကူညီပေးမှု တို့ကြောင့် ဘိက္ခုနီ သာသနာခေါ် ရဟန်း အမျိုးသမီး သာသနာ ပေါ်ပေါက် လာခဲ့တယ်။ အမျိုးသမီး ရဟန်းမ သာသနာသို့ အရင် ၀င်ရောက် လာကြသူများမှာ မိထွေးတော် ဂေါတမီကြီးနဲ့ သာကီဝင်မင်းသမီး ငါးရာတို့ ဖြစ်ကြတယ်။ အမျိုးသမီး ရဟန်းမ သာသနာတွင် သစ္စာလေးပါး အရင်းဆုံးသိသူမှာ မိထွေတော် ဂေါတမီကြီး ဖြစ်ခဲ့တယ်။

ရတ္တညူဧတဒဂ်
ဧတဒဂ်၏ အဓိပ္ပါယ်မှာ အသာလွန်ဆုံး အထူးချွန်ဆုံး-ဟု အဓိပ္ပါယ်ရတယ်။
ရတ္တညူ ဧတဒဂ်ဆိုတာ ဗုဒ္ဓမြတ်စွာ သာသနာမှာ ၀ါအကြီးဆုံး၊ သစ္စာလေးပါးကို ဗုဒ္ဓမြတ်စွာက လွဲရင် အရင်ဆုံးသိသူကို မြတ်ဗုဒ္ဓက ချီးမြှင့် ပေးအပ်ခဲ့တဲ့ ဘွဲ့ထူး ဂုဏ်ထူးကြီးဖြစ်တယ်။ အဲဒီ ဘွဲ့ထူး ဂုဏ်ထူးကြီးကို အမျိုးသား ရဟန်းသာသနာမှာ အရှင်ကောဏ္ဍည မထေရ်က ရရှိပိုင်ဆိုင်ပြီး၊ အမျိုသမီး ရဟန်းမ သာသနာမှာ မိထွေးတော်ကြီးက ရရှိပိုင်ဆိုင်ခဲ့တယ်။
သီတင်းသုံးနေထိုင်ရာ

တစ်ချိန်တုန်းက လောကကြီးကို အသိဉာဏ်တွေ ထွန်းလင်းပေးခဲ့တဲ့ မြတ်ဗုဒ္ဓဟာ ဝေသာလီပြည်ရဲ့ အနီး မဟာဝုန် တောကြီးအတွင်း ကူဋာဂါရသာလာကျောင်း (စုလစ်မွန်းချွန်တွေနဲ့ တန်ဆာဆင် ထားတဲ့ ဇရပ်)မှာ သီတင်းသုံး နေထိုင်တယ်။ အဲဒီအချိန်မှာ မိထွေးတော် ဂေါတမီကြီးကတော့ ဝေသာလီမြို့ထဲမှာ အမျိုးသမီးတို့ ပျော်စံရာ ဘိက္ခုနီမ ကျောင်းတိုက်တာမှာ သီတင်းသုံး နေထိုင်တယ်။
စဉ်းစားမိပြီ

အဲဒီလို အေးအေး ဆေးဆေး ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ သီတင်းသုံး နေထိုင်ရင်း တစ်နေ့မတော့ မိထွေးတော်ကြီးရဲ့ စိတ်ထဲမှာ စဉ်းစားမိတယ်။ သြော်… သားတော်ဘုရား မြတ်ဗုဒ္ဓ၊ အဂ္ဂ သာဝကကြီးများ ဖြစ်တဲ့ အရှင်သာရိ ပုတ္တရာနဲ့ အရှင်မဟာ မောဂ္ဂလာန်၊ မြေးတော်လေး အရှင်ရာဟုလာ၊ ငါ့ကို ဘိက္ခုနီမ သာသနာ တည်ထောင်ခွင့် ရအောင် ကြိုးပမ်းပေးခဲ့တဲ့ အရှင်အာနန္ဒာတို့ ခန္ဓာကိုယ်တွေ ရုပ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်းတော့မှာကို ငါဖူးမြော်ခွင့် ရတော့မှာ မဟုတ်ဘူး… လို့ ဆုံးဖြတ်ချက်ချ စဉ်းစားမိလိုက်တာနဲ့ မဟာပထ၀ီ မြေကြီးက ချက်ချင်းတုန်လှုပ်၊ အင်မတန်မှ ကြည်လင် သန့်ရှင်းနေပြီး မိုးတိမ်၊ မိုးသား၊ မိုးရိပ်တို့ ကင်းစင်နေတဲ့ ကောင်းကင်ကြီး ကလည်း ချက်ချင်းဆိုသလို ညို့မှောင်တက်လာပြီး မိုးတွေ အရမ်းခြိမ်းလာတယ်။

(ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတာက မဟာသက္ကရာဇ် ၁၄၈-ခုနှစ်၊ သက်တော်က ၈၀၊ ယသော်ဓရာ စံတာက ၁၄၆၊ အသက်က ၇၈၊ သားတော်လေး ရာဟုလာက မိခင် ယသော်ဓရာထက်စော၊ အရှင်သာရိ ပုတ္တရာနဲ့ အရှင်မဟာ မောဂ္ဂလာန် တို့က မဟာသက္ကရာဇ် ၁၄၇-ခုနှစ်မှာ အသီးသီး ခန္ဓာ့ဝန်တွေ ရုပ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်းခဲ့တယ်။ စကားချပ်။)
နတ်တွေက ငိုတယ်

မိထွေးတော်ကြီး ဆုံးဖြတ်ချက် ချလိုက်တာကို ပထမဦးဆုံးသိတာ ကျောင်းနား တစ်ဝိုက်မှာ ရှိနေတဲ့ နတ်တွေပဲ၊ သူတို့က သိတော့ ငိုကြတာပေါ့။ (သူတို့ငိုတာက တို့ ရွှေမြန်မာတွေ ငိုတာနဲ့မတူဘူး။ တို့ရွှေမြန်မာတွေက မဖြစ်နိုင်တာကို တမ်းတပြီးငိုကြတာ။ သေတဲ့ လူကို ကိုင်ပြီး အမလေး၊ ထကြည့်ပါအုံး - စသည်ဖြင့် ငိုကြတယ်။ မျိုးစုံပါပဲ။ သေတဲ့လူက ဘယ်လိုလုပ် ထကြည့်နိုင်မလဲ။ စဉ်းစားစရာတွေ၊ ထိုင်းနိုင်ငံ မှာတော့ အတုယူစရာ ကောင်းတယ် အသံထွက်ပြီး ဘယ်သူမှ မငိုဘူး၊ မျက်ရည်တွေ စီးကြရုံလောက်ပဲ၊ အသုဘ အထိမ်းအမှတ်နဲ့ ၀တ်စုံနက်ကို ၀တ်ဆင်ကြတယ်။ စကားချပ်။) နောက်ပြီး ကောင်းကင်က စတုမဟာရာဇ် အစရှိတဲ့ ရာဂ မကင်းနိုင်သေးတဲ့ နတ်တွေမှန်သမျှ ငိုကြတယ်။
အဲဒါ တို့ကြောင့်ပါ

ကျောင်းဝင်း တစ်ဝင်းထဲမှာ အတူရှိနေကြတဲ့ သာကီဝင် ရဟန်း အမျိုးသမီး ငါးရာလည်း ဒီလို မမျှော်လင့်တဲ့ ဖြစ်ရပ်ကြီးနဲ့ ရုတ်တရက် ကြုံလိုက်ရတော့ အလွန် ထူးဆန်းသွားတယ်။ ဒါဟာ တစ်ခုခုတော့ ထူးခြားမှာပဲလို့ တွေးကြပြီး မိထွေးတော်ကြီးဆီ စုရုံး ရောက်ရှိလာကြတယ်။

အဲဒီနောက် မိထွေးတော်ကြီးကို ရိုသေစွာ ရှိခိုးပြီး၊ သူမတို့ မမျှော်လင့်ဘဲ ရုတ်တရက် ကြုံလိုက်ရတဲ့ ကောင်းကင်က မိုးခြိမ်းသံတွေ၊ မြေကြီး တုန်လှုပ်တာတွေကို ကြားရ မြင်ရတော့ ဘာများ အကြောင်းထူးလို့ ပါလဲဘုရား-လို့ မိထွေးတော်ကြီးကို အဖြစ်အပျက်တွေ လျှောက်ကြတယ်။

“ရှင်မတို့ မိထွေးတော်ကြီးလေ ခန္ဓာ့ဝန် ရုတ်သိမ်းပြီး၊ ပရိနိဗ္ဗာန် စံဝင်ငြိမ်း တော့မယ်လို့ ဆုံးဖြတ်ချက် ချလိုက်တာကြောင့် အဲဒီ အဖြစ်အပျက် ဖြစ်လာတာပါ၊ အဲဒါ တို့ကြောင့် ဖြစ်တာပါကွယ်”ဟု မိထွေးတော်ကြီးက ရှင်းပြလိုက်တယ်။
လိုက်ပါရစေ

မိထွေးတော်ကြီးရဲ့ စကားကို ကြားတယ်ဆိုရင်ပဲ သာကီဝင် ရဟန်းအမျိုးသမီး ငါးရားတို့က “တပည့်တော် မတို့လဲ ဒီအတိုင်းပဲ ဆုံးဖြတ်ချက်ချ ကြံစည်မိကြ ပါပြီဘုရား”လို့ လျှောက်ထား ကြတယ်။

ဆက်လက်ပြီး မိထွေးတော်ကြီးကို “တပည့်တော်မတို့ တတွေဟာ တောထွက် လာကြတုန်းကလည်း အတူတူ၊ မြတ်ဗုဒ္ဓ ထံမှောက်မှာ ရဟန်းမ ၀တ်ကြတုန်းကလည်း အတူတူ၊ တရား အားထုတ်ကြ တော့လည်း အတူတူ၊ တရားထူး ရပြန်တော့လဲ မရှေး မနှောင်းမှာပဲ အတူတူ ရခဲ့ကြပါတယ်။ မိထွေးတော်ကြီး ခန္ဓာ့ဝန် ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်း တော့မှာကို တပည့်တော် မတို့လည်း အတူတူ လိုက်ပါရ စေတော့ဘုရား”လို့ လျှောက်ထား တောင်းပန်ကြတယ်။
ခွင့်တောင်းကြဦးစို့

ရှင်မတို့ရယ်… တို့ကတော့ကွယ်၊ ခန္ဓာ့ဝန်တွေ ရုတ်သိမ်းပြီး ပရိနိဗ္ဗာန် စံဝင် ငြိမ်းကြတော့မယ့် ရှင်မတို့အတွက် ဘယ်တားရက်ပါ့မလဲ။ သွားကြတာပေါ့ကွယ်။ ဒါပေမဲ့ တို့သဘောနဲ့တို့ သွားလို့တော့ မဖြစ်သေးဘူး၊ တို့ရဲ့ ကျေးဇူးရှင်ကြီး သားတော် ဘုရားဆီကို သွားပြီး ပရိနိဗ္ဗာန် စံဝင်ငြိမ်းဖို့အတွက် ခွင့်တောင်းကြဦးစို့”ဟု သာကီဝင် ရဟန်းမ ငါးရာကို ပန်ကြားလိုက်တယ်။
သည်းခံကြပါကွယ်

အဲဒီလို ပန်ကြားပြီး မကြာခင်မှာ မိထွေးတော် ဂေါတမီကြီးနဲ့ သားကီဝင် ရဟန်းမ ငါးရာတို့က ကျောင်းကြီး ပေါ်ကဆင်း ကျောင်းခြံဝင်းက မထွက်ခင်မှာပဲ ကျောင်းစောင့်နတ်တွေကို

(ဥပဿယေ ယာဓိဝတ္တာ၊ ဒေ၀တာ တာ ခမန္တုမေ။ ဘိက္ခုနီ နိလယေဿဒံ၊ ပစ္ဆိမံ ဒဿနံ မမ။)

တို့တတွေ သီတင်းသုံးရာ ဘိက္ခုနီမ ကျောင်းတိုက်တာကို စောင့်ရှောက် ၀န်းရံနေကြတဲ့ နတ်များအပေါင်းတို့၊ တို့တတွေမှာ အပြစ်များ တစ်စုံများ ရှိခဲ့ရင် သည်းခံကြပါကွယ်”လို့ သည်ခံစေဖို့ ပန်ကြားလိုက်တယ်။
ပြီးတော့… တို့များဟာ ဒီဘိက္ခုနီမ ကျောင်းတိုက်တာ ကြီးကို ကြည့်ရှုခွင့် ရခြင်းဟာ နောက်ဆုံး ကြည့်ခြင်းပေပဲ - ဟု ပြောဆိုရင်း ဘိက္ခုနီမတို့ ကျောင်းတိုက်ကနေ ထွက်လို့လာခဲ့တယ်။
*အမေ ကျေနပ်ပါပြီ သားရယ်(၂)*

မိတ်ဆွေများကို မပြစ်မှားရ

မေတ္တာဝေမျှ၊ ဤလောက၌၊ သတ္တဖ၀ါး၊ အတူသွားက၊ မည်ငြား မိတ်စစ်၊ ခင်ပွန်းဖြစ်၏။ ဆယ့်နှစ်လှမ်းသော်၊ အဖော်သဟဲ၊ လခွဲ ညာတိ၊ မည်ဘိ မပျက်၊ ထို့ထက်လွန်စွာ၊ ရက်ကြာ ကာလ၊ ပေါင်းဖက်ကြမူ၊ အတ္တသမာ၊ မှန်စွာ ထိုလူ၊ ကိုယ်နှင့်တူ၏၊ အယူထွေပြား၊ ထိုသူများအား၊ ပြစ်မှား စိတ်မှာ၊ မရှိရာဘူး။ (မဃဒေ၀)

သံသရာ ခရီသွား လူသားတို့သည် လူ့ပြည်ဌာန လူ့လောကတွင် ကြုံရ ဆုံရသည်မှာ “ရှေးဘ၀က၊ ရေစက်၊ ပန္နက်ဖူးသော၊ သစ္စာတွေကြောင့်” ဒီဘ၀မှာ လာပြီးတော့ ဆုံရ ကြုံကြခြင်း ဖြစ်တယ်။

ကြုံရ ဆုံရသော အခိုက်အတန့် ကာလအတွင်း ခြေထောက် ၇-ဖ၀ါး အတူသွား၊ အတူ လှမ်းမိခဲ့ရင် မိတ်ဆွေစစ် ဖြစ်တယ်၊ ၁၂-ဖ၀ါး အတူ လှမ်းမိခဲ့ ရင်တော့ လက်တွဲဖော်၊ ၁၅-ရက်လောက် ပေါင်းသင်းခဲ့ မိရင် ဆွေမျိုး၊ ဒီ့ထက် အလွန် ပေါင်းရ သင်းရ၊ တွေ့ကြ ဆုံကြရ ရင်တော့ မိမိနဲ့ အတူထားပြီး ဆက်ဆံ ရလိမ့်မယ်။ မည်သို့သော ပုဂ္ဂိုလ်မျိုး လူမျိုးကို မဆို မပြစ်မှားသော စိတ်ထားဖြင့် ဆက်ဆံရမယ်-ဟု မာန်လည် ဆရာတော် ဘုရားကြီးက ဆုံးမခဲ့ဖူးတယ်။
လမ်းမခွဲခင် ဆုံးမစကား

မိထွေးတော်ကြီးနဲ့ သာကီဝင် အမျိုးသမီး ရဟန်းမ ငါးရာတို့ တစ်ဦးကို တစ်ဦး သည်းခံ ခွင့်လွှတ်ကြဖို့ နတ်တွေကို ပန်ကြားရင်း တရားတစ်ပုဒ်နဲ့ ဆုံးမပြီး နှုတ်ဆက်လိုက်တယ်။

(န ဇရာ မစ္စုဝါ ယတ္ထ၊ အပ္ပိယေဟိ သမာဂမော၊ ပိယေဟိ ၀ိယောဂေါတ္ထိ၊ တံ ၀ဇ္ဇိဿံ အသင်္ခတံ။)

တို့တတွေ အခုသွား ရမှာက နိဗ္ဗာန် ခရီးဖြစ်တယ်၊ အဲဒီ နိဗ္ဗာန်မှာ ဆွေးမြေ့ ယိုယွင်း၊ အိုမင်း ရတဲ့ သဘောတွေ၊ ဆံဖြူ ခါးကိုင်း နားထိုင်ပြီးတော့ မရဏ လက်တွင်း သက်ဆင်းရတဲ့ သဘောတွေ၊ ငိုရာက ကြီး၊ ကြီးရာက အို၊ အိုရာက နာ၊ နာရကသေ၊ အဲဒီ ဆင်းရဲခြင်း သဘောတွေ မရှိပါဘူးကွယ်။ စိတ်ဆင်းရဲစရာ ဖြစ်တဲ့ မချစ် မနှစ်သက်တဲ့ သူတွေ့နဲ့ ပေါင်းဖော် ယှဉ်တွဲ နေထိုင်ရပြီး၊ ချစ်ခင် နှစ်သက်တဲ့ သူတွေနဲ့ ကွေကွင်း ခွဲခွါသွားရမယ့် သဘောတွေလည်း မရှိပါဘူးကွယ်၊ အဲဒီ အရာဝတ္ထုတွေ မရှိတဲ့ အေးချမ်း ငြိမ်းရာ နိဗ္ဗာန်သာသို့ မိထွေးတော်ကြီး သွားတော့မယ် လို့ တရားဟောရင်း နဲ့ နှုတ်ဆက် လိုက်တယ်။

“ငိုချင်ရက် လက်တို့” ဆိုသလို မိထွေးတော်ကြီး နိဗ္ဗာန် သွားတော့မယ့် အကြောင်း နှုတ်ဆက်လိုက်မှပဲ လမ်းဘေးဝဲယာ တစ်ဖက် တတစ်ချက်မှာ မိထွေးတော်ကြီး အပေါ် သံယောဇဉ် တွေနဲ့ နှောင်ဖွဲ့ပြီး ရာဂ မကင်းနိုင် ကြသေးတဲ့ ပရိသတ်တွေ ကလည်း ငိုကြွေးကြ ပြန်တယ်။ ဒီတစ်ခါ သူတို့ငိုတဲ့ အသံလေးက မှတ်သားစရာ။

“အဟော နော အပ္ပပုညတာ” တဲ့ မိထွေးတော် ကြီးနဲ့ ငါတို့တတွေ နောက်ထပ်တစ်ဖန် ကြုံခွင့် ဆုံခွင့် မရတော့ တာဟာ ငါတို့တတွေမှာ ဘုန်းကံ နဲကြလို့ပဲ-လို့ ပြောပြောပြီး ငိုကြတာ။

ဟုတ်တာပေါ့ မိထွေးတော် ကြီးနဲ့ ရှိနေရင် သူတို့တတွေကို ကောင်းတာတွေ လုပ်ဖို့၊ မကောင်း တာတွေ မလုပ်ဖို့၊ မိမိ စိတ်ကလေးကို ဖြူစင်အောင် ထားဖို့ မကြာခဏ ဆိုသလို ဆုံးမ သြ၀ါဒတွေ ပေးလေ့ရှိတယ်။ အခုတော့ ဆုံးမမယ့်သူ မရှိတော့တဲ့ “အမိမဲ့သား၊ ရေနဲငါး”ဘ၀ကို ရောက်သွားကြပြီ။ အဲဒီလိုနဲ့ သူတို့ တတွေဟာ ဖြေမဆည်နိုင် မျက်ရည် တဖြိုင်ဖြိုင်နဲ့ ငိုကြွေး နေကြတာပေါ့။

ငိုကြွေးတယ်ဆိုတာ

အမှန် တကယ်တော့ ငိုတဲ့သူများဟာ ကိလေ သာရာဂတွေ များနေလို့၊ သံယောဇဉ် ကိလေသာတွေ သိပ်များနေလို့ ငိုကြတာ။ မိထွေးတော် ကြီးကတော့ အေးအေး ဆေးဆေးပဲ။ ရဟန္တာ ဖြစ်နေပြီလေ၊ ငိုကြွေးစရာ မျက်ရည်မှ မကျန်တော့တာ။ သူတို့ တတွေကို တုန်လှုပ်မှု ကင်းမဲ့တဲ့ စိတ်နဲ့ကို ထာဝရ နှုတ်ဆက်သွားတာ။

မိထွေးတော် ကြီးကတော့ ထာဝရ နှုတ်ဆက် သွားပြီနော်။ အဲဒီလို နှုတ်ဆက်တော့ ရာဂမကင်းသေးတဲ့ သူတွေကတော့ ငိုကြတာပေါ့။ မိထွေးတော် ကြီးနဲ့ ရဟန္တာ ထေရီမ ငါးရာတို့ ခန္ဓာ့ဝန် ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်း တော့မယ်လို့ တဆင့်စကား တဆင့်နား ကြားတော့ သဒ္ဓါတရား သိပ်ကောင်းတဲ အမျိုးကောင်း သား၊ အမျိုးကောင်း သမီးတွေက မိမိတို့ အိမ်ပေါ်ကနေ ဆင်း၊ မိထွေးတော် ကြီးတို့ သွားရာလမ်းမှာ ဖူးမြော်ကြ၊ ကန်တော့ကြပြီး လျှောက်ထား တောင်းပန်ကြတယ်။

စည်းစိမ်ရှင် မကြီး စိတ်အေးအေး ထားပါဘုရား။ ကိုးကွယ်ရာ မဲ့နေတဲ့ တပည့်တော် တပည့်တော်မ တို့ကို ခွဲခွါပြီး ခန္ဓာ့ဝန် ရုတ်သိမ်းပြီး ပရိနိဗ္ဗာန် စံဝင်ငြိမ်း တော့မယ် ဆိုတာက အခွင့်မလျော် မသင့်တော် ပါဘူးဘုရား။ သူတို့က ဒီလိုကို လျှောက်ထား တောင်းပန်ကြတာ။ အဲဒီလို လျှောက်ထား ကြသူတွေဟာ သူတို့တတွေရဲ့ သံယောဇဉ် ရာဂ တရားတွေက နှိပ်စက် ဖိစီးကြလို့ ငိုကြွေး မြည်တမ်းရင်း လျှောက်ထား တောင်းပန်ကြတာ။

လျှောက်ထား တောင်းပန် သူတွေရဲ့ စကားထဲမှာ စည်းစိမ်ရှင်မကြီး (မဟာဘောဂေ) ဆိုတဲ့ စကားပါတယ်။ ဟုတ်တယ် မိထွေးတော် ကြီးရဲ့ဘ၀က စည်းစိမ်တွေနဲ့ ပြည့်နက် နေတဲ့ဘ၀။ လူ့ဘောင် လောကမှာ ရှိစဉ်တုန်း ကလဲ ထီးနန်း စည်းစိမ်တွေကို ပြည့်ပြည့်၀၀ ခံစားခဲ့ရတယ်။ လိုအပ်တယ် ဆိုတာ မရှိလောက် အောင်ကို ခံစားခဲ့ရတာ။ ဆင်းရဲဒုက္ခ ဆိုတာ ချိုနဲ့လား၊ ဘယ်လို ဟာမျိုးလဲလို့ မေးရမလို ဖြစ်နေတယ်။

ရဟန်းမ အဖြစ် ပြုပြီးတဲ့ နောက်ပိုင်းမှာ ကိလေသာတွေ ငြိမ်းလို့ နိဗ္ဗာန် ချမ်းသာကို ပြည့်ပြည့်၀၀ကြီး ခံစားနေရတဲ့ မိထွေတော်ကြီး ဖြစ်တယ်။ အဲဒါကြောင့် သူတို့က မိထွေးတော် ကြီးကို စည်းစိမ်ရှင် မကြီးလို့ ခေါ်တာဖြစ်မှာ။
တရားဟောရပြန်

အဲဒီလို ရင်ဘတ် စည်တီး ငိုကြွေးပြီး နေကြတဲ့ ပုဂ္ဂိုလ်တို့အတွက် စိုးရိမ်သောကတွေ၊ ကြောင့်ကြ ရတာတွေကို ငြိမ်းအေး စေနိုင်ဖို့ အတွက် တရား ဟောရပြန်တယ်။

အို… သားတော် သမီးတော်တို့ သင်တို့တတွေဟာ အခု အချိန်မှာ ရင်ဘတ်စည်တီး ငိုညည်း နေရမယ့် အချိန် မဟုတ်ဘူး၊ ဒီနေ့ဟာ ခန္ဓာ့ဝန် ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်း ရတော့မယ့် မိထွေးတော် ကြီးတို့အတွက် ၀မ်းမြောက် ၀မ်းသာ ဖြစ်နေရမဲ့ အချိန်အခါ ကာလကြီးပါကွယ်။

အို… သားတော် သမီးတော်တို့ မငိုကြွေး ကြပါနဲ့ကွယ်။ မိထွေးတော်ကြီးလေ… သိသင့် သိထိုက်တဲ့ ဆင်းရဲခြင်း တွေရဲ့ သဘောကို ပိုင်းပိုင်းခြားခြား ကောင်းကောင်း မွန်မွန် သိခဲ့ပြီးပြီကွယ့်။ ဆင်းရဲခြင်းရဲ့ လက်သည်ဖြစ်တဲ့ သံယောဇဉ် သမုဒယ တဏှာ ကိုလည်း မိထွေးတော်ကြီး သုတ်သင် နှိမ်နင်းပြီးပြီ။ အဲဒီတရားတွေ ရဲ့ ချုပ်ငြိမ်းရာ ဖြစ်တဲ့ နိရောဓ နယ်ပယ်ကိုလဲ မိထွေးတော်ကြီး ရောက်ပြီးပြီ။ နိဗ္ဗာန် ရောက်ရန် လမ်းကြောင်းမှန်တဲ့ မဂ္ဂသစ္စာ တွေကိုလဲ သေသေ ချာချာကို ပွားများပြီး သွားပါပြီကွယ်။ ဒါကြောင့် ဒီနေ့ဟာ ခန္ဓာ့ဝန် ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်း ရတော့မယ့် မိထွေးတော် ကြီးတို့အတွက် ၀မ်းမြောက် ၀မ်းသာ ဖြစ်နေရမဲ့ အချိန်အခါ ကာလကြီးပါကွယ်။

အို… သားတော် သမီးတော်တို့ မငိုကြွေး ကြပါနဲ့ကွယ်။ မိထွေးတော် ကြီးလေ… မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တရားတော် တွေကို ကောင်းစွာ လေ့ကျက်ခဲ့ပြီး၊ ရင်ထဲမှာ ထည့်ပြီးပါပြီ။ မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တွေကို သင်ယူခြင်း ပရိယတ္တိ သာသနာ၊ ကျင့်ကြံ ကြိုးကုတ် အားထုတ်ခြင်း ပဋိပတ္တိ သာသနာ၊ သုံးဆောင်း ခံစားခြင်း၊ ဆိုက်ရောက်ခြင်း ပဋိဝေဒ သာသနာ၊ အဲဒီသာသနာ သုံးရပ်စလုံးကို မိထွေးတော်ကြီး အကုန်လုံး ပြီးစီးအောင် ဆောင်ရွက်ပြီးပြီ။

အလွန်တရာမှ လေးလံလှတဲ့ ဥပါဒါနက္ခန္ဓာလို့ ခေါ်တဲ့ ၀န်ထုပ် ၀န်ပိုးကြီးကို အကုန်လုံး ပစ်ချပစ် လိုက်ပြီးပြီ။ ဘ၀ကို ဖြစ်စေတတ်တဲ့ လက်သည် သံယောဇဉ် သမုဒယ တဏှာကို မိထွေးတော်ကြီးက အမြစ်ပါ မကျန်အောင် ပယ်သတ် ခုတ်ထွင် ရှင်းလင်းခဲ့ ပြီးပြီကွယ့်။ ဒါကြောင့် ဒီနေ့ဟာ ခန္ဓာ့ဝန် ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်းရတော့မယ့် မိထွေးတော် ကြီးတို့အတွက် ၀မ်းမြောက် ၀မ်းသာ ဖြစ်နေရမဲ့ အချိန်အခါ ကာလကြီးပါကွယ်။
လိုရာခရီး သွားနိုင်ကြ

လောကကြီးမှာ မိဘတွေဟာ ခရီး ထွက်တော့မယ် ဆိုရင် အိမ်မှာ ရှိတဲ့ အလုပ်တွေကို ပြီးစီးအောင်လုပ်။ သားသမီးတွေကို မှာစရာရှိတာ မှာပြီးမှ ခရီးထွက်လေ့ ရှိကြတယ်။ အဲဒီလို လုပ်သင့် လုပ်ထိုက်တာတွေ မှာသင့် မှာထိုက်တာတွေ မှာပြီးတာတောင် မလိမ္မာတဲ့ သားသမီးများ ရှိခဲ့ရင် မိဘတွေဟာ ခရီးသွားရတာ စိတ်မဖြောင့်ဘူး၊ စိတ်ချရတဲ့ နောက်ကြောင်း အေးရတဲ့ သားသမီးမျိုး ရှိတဲ့ မိဘတွေကတော့ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ လိုရာခရီးကို သွားနိုင်ကြတယ်။
စိတ်ချလို့ နေပါပြီ

အို… သားတော် သမီးတော်တို့ မငိုကြွေး ကြပါနဲ့ကွယ်။ မိထွေးတော်ကြီး ပရိနိဗ္ဗာန် စံတော့မယ် ဆိုတာက မိထွေးတော် ကြီးလဲ လုပ်သင့် တာတွေ အကုန်လုံး လုပ်ခဲ့ပြီးပြီ။

နောက်ပိုင်းမှာလဲ စိတ်ချရမယ့် သားတော်ကြီးတွေ ရှိနှင့် နေပြီလေ။ သစ္စာလေးပါးကို ဆရာမရှိဘဲနဲ့ မိမိကိုယ်တိုင် သိတဲ့ သားတော် ဘုရားရယ်၊ သားတော်ဘုရား သိပြီးတဲ့နောက် အရင်ဆုံး သိနှင့်တဲ့ အရှင် ကောဏ္ဍည၊ သားတော်အရင်း အရှင်နန္ဒ၊ သားတော်အဖျား အရှင်အာနန္ဒာ၊ မြေးတော်လေး အရှင် ရာဟုလာတို့ ကလည်း ရှိနေပြီကွယ့်။

သာသနာတော်ကို မကြည်ညိုသူ၊ အယူမှား တွေကိုသာ ဟောပြောလေ့ ရှိကြသူ တိတ္ထိတို့ရဲ့ အယူဝါဒတွေကို သုတ်သင် ဖြေရှင်းနိုင်တဲ့ ချမ်းချမ်းသာသာ ညီညီညွတ်ညွတ် ရှိနေကြတဲ့ သံဃာ့ အစည်းအရုံး ကြီးကလည်း ရှိနေပြီလေကွယ်…။ မိထွေးတော်ကြီး စိတ်မချစရာ ဘာများ ရှိသေးလို့တုန်း။

ဒါကြောင့် ဒီနေ့ဟာ ခန္ဓာ့ဝန် ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်း ရတော့မယ့် မိထွေးတော်ကြီး တို့အတွက် ၀မ်းမြောက် ၀မ်းသာ ဖြစ်နေရမဲ့ အချိန်အခါ ကာလကြီးပါကွယ်။
အမေ့ဆုတောင်း

အို… သားတော် သမီးတော်တို့ မငိုကြွေး ကြပါနဲ့ကွယ်။ အမေလေ… ဒီနေ့ ဒီဘ၀မှာတော့ အမေ့ ဆုတောင်းတွေ ပြည့်ခဲ့ပြီသိလား။

အတိတ်ကို ပြန်ကြည့်ရင် ဟိုး… လွန်ခဲ့တဲ့ ဘ၀တစ်သိန်း ကာလအထက် မှာပေါ့။ အဲဒီအချိန်မှာ ပဒုမုတ္တရ မြတ်စွာဘုရား ပွင့်တော် မူတယ်လေ။ အဲဒီဘ၀မှာ တို့အဖေက သူဌေးကြီး ဆိုတော့ တို့က သူဌေး သမီးပေါ့။ အဖေက မြတ်စွာ ဘုရားကို အရမ်း ကြည်ညိုတာ သိလား။ မြတ်ဗုဒ္ဓရဲ့ ကျောင်းတော်ကို နေ့စဉ်သွားတော့ တို့လည်း စိတ်ပါလက်ပါနဲ့ နေ့တိုင်းကို လိုက်ခဲ့တာကွယ့်။

အဲ… တစ်နေ့တော့ ပဒုမုတ္တရ မြတ်စွာ ဘုရားရှင်က ပရိသတ် လေးပါးရဲ့ အလယ်မှာ သူ့ရဲ့ မယ်တော်ကြီးကို “ရတ္တညူ ဧတဒဂ်ဘွဲ့" ပေးတော့ တို့လေ အရမ်း အားကျတာပဲ သိလား။ ဘာရမလဲ တို့လည်း တို့အဖေကို ပူဆာတာပေါ့။ တို့ ပူဆာတဲ့ အတိုင်း အဖေက လိုက်လျော တယ်လေ။ တစ်ဦးတည်းသော သမီးလည်း ဖြစ်ပြန်၊ အဖေ ကိုယ်တိုင်က ရတနာမြတ် သုံးပါးကို ကြည်ညိုတဲ့သူ ဖြစ်ပြန် ဆိုတော့ နှစ်ခါ မတောင်းဆို ရပါဘူးကွယ်။

အဲဒါနဲ့ ပဒုမုတ္တရ ဘုရားရှင်နဲ့ နောက်ပါ သံဃာတော် အပေါင်းကို ၇-ရက်လုံးလုံး အိမ်မှာ ပင့်ပြီး ကြီးကြီး ကျယ်ကျယ် ခမ်းခမ်း နားနားကို အားရ ပါးရကြီးကို လှူဒါန်း ပူဇော်ခဲ့တာပေါ့။ နောက်ဆုံးရက်မှ လှူဒါန်းမှု အစုစုရဲ့ အကျိုးကို ဆုတောင်းတော့ တာပါပဲ။ အကျိုးလိုလို့ ညောင်ပင် ရေလောင်းတယ် ပြောပြော တို့ကတော့ တို့ဖြစ်ချင်တဲ့ နောင်ပွင့်မယ့် ဘုရားတစ်ဆူဆူရဲ့ မယ်တော်ကြီး ဖြစ်ပါရစေ… ဘုရားလို့ စိတ်ပါလက်ပါကို ဆုတောင်း ပစ်လိုက်တာ။
ဗျာဒိတ်စကား မြွက်ကြား

ပဒုမုတ္တရ မြတ်စွာ ဘုရားကလည်း အရမ်းကာရောကြီး ရော့ အင့်လို့၊ ပေးလိုက်တာ မဟုတ်ဘူးကွယ့်။ သူ့ရဲ့ အနာဂတံသ ဉာဏ်တော်နဲ့ စူးစူးစိုက်စိုက် ကြည့်ပြီးတော့မှ "နောင် ကမ္ဘာတစ်သိန်း ကာလအထက် ဘဒ္ဒကမ္ဘာမှာ မင်းမျိုး မင်းနွယ်ကနေ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရား ပွင့်လိမ့်မယ်။ ဘုရားမဖြစ်ခင် အဲဒီကလေးကို ပြုစု စောင့်ရှောက်ခွင့် ရပြီး၊ နောင်အခါ ဘုရား သာသနာတော်ထဲ ၀င်ရောက် လာလိမ့်မယ်။ ရဟန္တာ ဘိက္ခုနီ မကြီးလည်း ဖြစ်ပြီး အမျိုးသမီး သာသနာမှာ သစ္စာလေးပါးကို အရင်းဆုံးသိပြီး ရတ္တညူ ဧတဒဂ် ဘွဲ့ထူးကြီး ကိုလည်း ပရိသတ် အလယ်မှာ ပေးအပ် ချီးမြှင့်ခြင်း ခံရလိမ့်မယ်” လို့ ဗျာဒိတ်စကား (ဗျာဒိတ္တ၊ ၀ျာဒိပ္တ၊ နောင်အခါ ဖြစ်ပျက်ခြင်း အကြောင်းကို ရည်ညွှန်း၍ မိန့်မြွက် အပ်သော ဘုရား စကားတော်) မြွက်ကြား ခဲ့တယ်လေ။
အမေ့ဆုတောင်းတွေ ပြည့်ပါပြီ

(စိရပ္ပဘုတိ ယံ မယှံ၊ ပတ္ထိတံ အဇ္ဇ သိဇ္ဈတေ။ အာနန္ဒဘေရိကာလောယံ၊ ကိံ ဝေါ အဿူဟိ ပုတ္တိကာ။)

ဒါနဲ့ မြတ်စွာ ဘုရားရဲ့ မယ်တော်ကြီး ဖြစ်ခွင့်ရဖို့ ဖြည့်ကျင့်ခဲ့ ကမ္ဘာတစ်သိန်း ဆိုတဲ့ ကာလ အတိုင်းအတာဟာ သာမန် လူတွေ အတွက်တော့ တမျှော် တခေါ်ကြီး ဖြစ်ပေမယ့် ဘုရားအမေ သိပ်ဖြစ်ချင် နေတဲ့ တို့အတွက်တော့ နှစ်ရက်နဲ့ တစ်မွန်းတည့် လောက်ပဲ ထင်ခဲ့တာ။

အဲဒီဘ၀ ကနေ နတ်ပြည် ရောက်လိုက် လူ့ပြည် ရောက်လိုက်နဲ့ ဘ၀အမျိုးမျိုး ကျင်လည်ခဲ့ ရတယ်။ အဲဒီ ဘ၀တွေမှ ကုသိုလ်လုပ်ခွင့် ရတာနဲ့ ဘုရားမယ်တော် ဖြစ်ဖို့ပဲ ဆုတောင်း လိုက်တာ။ အဲ မှတ်မှတ်ရရ ကုသိုလ်ပြုတာ တွေထဲမှာ ပစ္စေကဗုဒ္ဓါ ဘုရားရှင် ၅၀၀-ကို ဆွမ်းလုပ်ကြွေးရတဲ့ ကုသိုလ်ထူးလည်း ပါသေးတယ်။ ဘာရမလဲ အဲဒီ ကုသိုလ် ထူးကိုလည်း ဘုရားအမေ ဖြစ်ဖို့ပဲ ဆုတောင်း လိုက်တာပေါ့ကွယ်။

အို… သားတော် သမီးတော်တို့ မငိုကြွေး ကြပါနဲ့ကွယ်။ အမေလေ… ဒီနေ့ ဒီဘ၀မှာတော့ အမေ့ဆုတောင်း ပြည့်ခဲ့ပါပြီကွယ်။ ဒါကြောင့် သောကတွေ လိမ်းကျံနေတဲ့ မျက်ရည်စတွေနဲ့ မငိုကြွေး ကြပါနဲ့ကွယ်။ ဆုတောင်း ပြည့်ဝတဲ့၊ ခန္ဓာ့ဝန်တွေ ရုတ်သိမ်းလို့ ငြိမ်းတော့မယ့် အမေ့အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြပါ သားတော် သမီးတော်တို့ရယ်။

*အမေ ကျေနပ်ပါပြီ သားရယ်(၃)*

အမျိုးသမီးလူထု ကိုယ်စား

အို… သားတော် သမီးတော်တို့၊ နားထောင်ကြ အုံးကွယ်။

သားတော် သမီးတော်တို့ အတွက် လောက အလင်းရောင်တွေ ပေးနေတဲ့ သားတော်ဘုရား မြတ်စွာ ဗုဒ္ဓကို ဟိုး ငယ်ငယ်တုန်းက နို့ချိုတိုက်ကျွေး မွေမြူပြီး၊ အမေက ဘယ်သူမှ နှိုင်းလို့ မရနိုင် လောက်တဲ့ မေတ္တာမျိုးနဲ့ ပြုစုခဲ့တယ်။ စောင့်ရှောက်ခဲ့တယ်။ လောကကြီးမှာ အတုမရှိ အတူမရှိတဲ့ သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရား မဖြစ်ခင် အသက်(၂၉)နှစ်သား အရွယ်ထိ သားတော် ဗုဒ္ဓကို အမေကလေ ကိုယ့်အသက်ထက် ပိုတန်ဖိုး ထားပြီးတော့ စောင့်ရှောက်ခဲ့တာ။

ပြီးတော့ ဘိက္ခုနီမ (အမျိုးသမီး) သာသနာ တော်ကြီး ပေါ်ပေါက် လာဖို့အတွက် အမေလေ သားတော် အရှင်အာနန္ဒာရဲ့ အကူအညီနဲ့ အားသွန်ခွန်စိုက် မဆုတ်မနစ် ကြိုးပမ်းခဲ့လို့ အရာရာကို ထောက်ထားငဲ့ပြီး သားတော် ဘုရားက ခွင့်ပြုခဲ့တယ်။ ဘိက္ခုနီမ (အမျိုးသမီး) သာသနာကြီးကို တိုးတက် ပြန့်ပွား စည်ပင်အောင် အမျိုးသမီး လူထုကို ကိုယ်စားပြုပြီး အမေက ဦးစီးဦးဆောင် လမ်းပြခဲ့၊ လမ်းညွှန်ခဲ့တယ်။

အမေ့ကျေးဇူး ဆပ်ချင်တယ်ဆိုရင်

သားတော် သမီးတော်တို့ရဲ့ သောက ပင်လယ်ကြော၊ ဆင်းရဲ ဝေဒနာတော ထဲကနေ အမေက တတ်နိုင်သလောက် သားတော် သမီးတော်တို့ကို ဆွဲထုတ်ခဲ့တယ်။ အဲဒီကျေးဇူး ဂုဏ်တွေကို သားတော် သမီးတော်တို့က ပြန်ပြောင်း သတိရလို့၊ တွေးတောမိခဲ့မယ်။ နောက်ပြီး အဲဒီ ကျေးဇူးဂုဏ် တွေကို ထောက်ထားပြီး အမေ့ကို ချစ်တယ်၊ သနားတယ်၊ ကြည်ညိုတယ်၊ ကျေးဇူးဆပ်ချင်တယ် ဆိုရင်လေ…
(သဒ္ဓမ္မဋ္ဌိတိယာ သဗ္ဗာ၊ ကရောထ ၀ီရိယံ ဒဠှံ။)

အမေ မရှိတဲ့နောက် သားတော် သမီးတော်တို့ သိထားပြီး ဖြစ်တဲ့ မြတ်ဗုဒ္ဓရဲ့ ပရိယတ္တိ သာသနာ (သင်ယူခြင်း၊ မှတ်သား၊ နားထောင်ခြင်း)။ ပဋိပတ္တိ သာသနာ (သင်ထား၊ သိထားတဲ့အတိုင်း လိုက်နာကျင့်ကြံခြင်း)။ ပဋိဝေဓ သာသနာ (သိခြင်း၊ ကျင့်ခြင်းတို့ရဲ့ အကျိုးရလဒ်၊ အသီးအပွင့်)။ အဲဒီသာသနာ သုံးရပ်ကို မြဲမြံခိုင်ခံ့တဲ့ မဆုတ်မနစ်သော ၀ီရိယတွေ၊ သားတော် သမီးတော်တို့ရဲ့ သောက မျက်ရည်တွေကို ရုတ်သိမ်းပြီးတော့ ရွှင်ပြ ထက်သန်သော စိတ်ဓာတ်တွေနဲ့ တိုးတက်အောင်၊ ပြန့်ပွား စည်ပင်အောင် ကြိုးစား အားထုတ် ရစ်ကြပါ။ အခုအချိန်ဟာ သောကတွေ ပူဆွေးပြီး ငိုကြွေး နေရမယ့် အချိန် မဟုတ်တော့ပါဘူး။
အမျိုးသမီး ရဟန်းမ (ဘိက္ခုနီ) သာသနာတော်ကြီး

သုံးကြိမ် လျှောက်လဲခွင့်မပြု

သားတော် သမီးတော်တို့ မြင်တွေ့ နေရတဲ့ အမေတို့ရဲ့ အမျိုးသမီး ရဟန်းမ (ဘိက္ခုနီ) သာသနာ တော်ကြီးကို သားတော် မြတ်စွာ ဘုရားက လွယ်လွယ်ကူကူနဲ့ သဘောတူ ခွင့်ပြုခဲ့တာ မဟုတ်ဘူးကွယ့်။

မဟာသက္ကရာဇ် (၁၀၃) ခုနှစ်မှာ သားတော် သိဒ္ဓတ္ထက သမ္မာသမ္ဗုဒ္ဓ ဘုရားရှင် ဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ သားတော်ရဲ့ အသက်က (၃၅)နှစ်ပေါ့။

သားတော်ဘုရား (၃၆)နှစ်အရွယ်၊ မဟာသက္ကရာဇ် (၁၀၄)ခုနှစ် ရောက်တော့ အမေတို့နေရာ ကပိလ၀တ် နေပြည်တော်ကြီးကို သားတော်ဘုရား ကြွလာခဲ့တယ်လေ။

အဲဒီ ကြွလာတဲ့ အချိန်၊ ရလိုက်တဲ့ အခွင့် အရေးကို အမေက ဘယ်လက်လွတ် ခံလိမ့်မတုန်း။ အမျိုးသမီး ရဟန်းမ (ဘိက္ခုနီ) သာသနာ တည်ထောင်ခွင့် ရအောင် လျှောက်ထားတော့ သားတော်ဘုရားက လက်မခံခဲ့၊ ခွင့်မပြုခဲ့ ဘူးကွယ့်။ နှစ်ကြိမ် လျှောက်လည်း ခွင့်မပြု၊ သုံးကြိမ် လျှောက်ပြန်တော့လဲ ခွင့်မပြုခဲ့ပြန်ဘူးကွယ်။
ရဟန်းမတွေ ၀တ်ချင်ရှာ

အော် ဒါနဲ့ ပြောရအုံးမယ်။ သာကီဝင် မင်းသားငါးရာ သားတော် ဘုရားရဲ့ထံမှာ ဃရာဝါသ အိမ်ရာတည်ထောင် လူတို့ဘောင်ကို စွန့်ခွါပြီး ရဟန်းတွေ ၀တ်သွားကြတော့၊ ကျန်ရစ်ခဲ့တဲ့ သူတို့ရဲ့ ဇနီး အမျိုးသမီး ငါးရာက အိမ်ထောင် ထပ်မပြုကြ ဘူးလေ၊ သူတို့လေးတွေ ကလည်း အမေနဲ့ အတူ ရဟန်းမ ၀တ်ချင်ရှာနေကြတာ။
ကျောင်းတော်ကြီးဆီသို့

မဟာ သက္ကရာဇ် (၁၀၈)ခုနှစ်၊ သားတော် ဘုရားရဲ့ အသက်က (၄၀)အရွယ်၊ အဲဒီအချိန် မှာပေါ့။ သားတော် မြတ်စွာဘုရား ဝေသာလီပြည်၊ မဟာဝုန် တောကြီးထဲက ကူဋာဂါရ သာလာ ကျောင်းတော်မှာ သီတင်းသုံးတယ် လို့ကြားတော့ သားတော် ဘုရားနဲ့ ရဟန်း သံဃာတွေကို အတုယူ အားကျပြီး အမေနဲ့ အတူ သာကီဝင် မင်းသမီး ငါးရာတို့ဟာ ဆံပင်တွေ ကိုဖြတ်၊ ဖန်ရည်စွန်းတဲ့ အ၀တ်တွေကို ၀တ်ပြီး သားတော် ဘုရားရဲ့ ကျောင်းတော်ကြီး ဆီကို သွားကြမယ်ပေါ့။
ခြေဖ၀ါး နုနု သွေးခြေ ဥ

အဲဒီလို သွားမယ်လို့ ဟန်ပြန်တော့ သာကီမင်းတွေက ယာဉ်ရထားနဲ့ သွားဖို့ သူတို့ စီစဉ်ပေးမယ် ဆိုတဲ့ အကြောင်း ပြောပါတယ်။ အမေတို့ တတွေက အဲဒီလိုသွားရင် သားတော် ဘုရားကို မရိုသေရာ ရောက်မှာစိုးလို့ သူတို့ စီစဉ်ပေးမယ့် ယာဉ် ရထားတွေကို ငြင်းပယ်ပြီး ဖိနပ်ပါ မစီးဘဲနဲ့ သားတော် ဘုရားရှိရာ မဟာဝုန် တောကြီးထဲကို သွားကြတာပေါ့။ ဖုန်တွေကထူ၊ လမ်းခရီးကလဲ ကြမ်းတော့၊ ဖုန်တွေက ခန္ဓာကိုယ်မှာ အလိမ့်လိမ့်ကပ်၊ ခြေဖ၀ါတွေမှာ ဖိနပ်တစ်ခါမှ မစီးဘဲ မလျှောက် ဘူးတော့ သွေးခြေတွေဥ၊ ပေါက်ပြဲပြီးတော့ သွေးသံရဲရဲ ဖြစ်နေတာပေါ့ကွယ်။
မျက်ရည်လေးတွေ ပါးပြင်မှာ ခိုဆင်းလို့

သားတော်ဘုရားရဲ့ ကျောင်းပရ၀ဏ် အတွင်းကို ရောက်တာနဲ့ သားတော်ဆီကို တန်းပြီး မသွားရဲသေးဘူး။ သားတော် ဘုရားရဲ့ ခွင့်ပြုချက်ကို မရယူဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆံပင်တွေဖြတ်၊ ဖန်ရည်စွန်းတဲ့ အ၀တ်တွေကို ၀တ်လာတာ ဆိုတော့ ဘယ် တန်းပြီးတော့ သွားရဲပါ့မလဲ။

ဒါနဲ့ အမေလည်း အားတင်းပြီး သာကီ မင်းသမီး ငါးရာကို အပြင်မှာထား၊ အမေက သားတော် ဘုရားရဲ့ ကျောင်းတော် အပေါက်ဝလေး မှာပေါ့။ အထဲဝင်ရ ကောင်းနိုး မ၀င်ရ ကောင်းနိုးနဲ့ ချီတုံ ချတုံ ဖြစ်နေခဲ့တယ်။ နောက်ပြီး ၀မ်းနည်း စိတ်တွေ ၀င်ပြီး သူ့အလိုလိုပဲ မျက်ရည်တွေက ပါးပြင်မှာ ခိုဆင်းလို့ပေါ့။
ရင်တထိတ်ထိတ်နဲ့ ကျန်ရစ်နေခဲ့

သိပ်မကြာလိုက် ပါဘူး၊ ကံကောင်းချင်တော့ သားတော် အရှင်အာနန္ဒာ ရောက်လာခဲ့ တယ်လေ။ သားတော် အာနန္ဒာလည်း တွေ့တွေ့ချင်း အမေ့ရဲ့အ၀တ်အစား အသွင်အပြင်၊ ကိုယ်စိတ် ဆင်းရဲနေပုံ၊ ခြေဖ၀ါးနုနုမှာ သွေးခြေတွေဥ၊ ခန္ဓာကိုယ်မှာ ဖုန်အလိမ့်လိမ့် ကပ်ပြီး မျက်ရည် ကျနေတာကို တွေ့တော့ အရမ်းအံ့သြလို့ နေတယ်လေ။ ပြီးတော့ အကျိုးအကြောင်း မေးတော့ အမေလည်း ကိုယ့်ရဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို ဖော်ထုတ်လိုက် တာပေါ့။

သားတော် အာနန္ဒာက အားကိုးရ ပါတယ်။ အမေ့ကိုလေ “မယ်တော်ကြီးရယ် ဒီလောက်လည်း စိတ်သောက ရောက်မနေပါနဲ့၊ သားတော် လျှောက်ပေး ပါ့မယ်”လို့ ပြောပြောဆိုဆိုနဲ့ သားတော် ဘုရားရဲ့ ကျောင်းတော်ရာထဲ ၀င်သွားတော့ အမေလေ ရင်တထိတ်ထိတ်နဲ့ တံခါးဝနားမှာ စောင့်လို့ ကျန်ရစ်နေခဲ့ရတာ။
အရှင်အာနန္ဒာရဲ့ စွမ်းရည်သတ္တိ

သားတော်လေး အာနန္ဒာက အထဲ ၀င်သွားပြီး တဲ့နောက် အမေ့ရဲ့ ပုံပန်းအသွင်ကို သားတော် ဘုရားအား အရင် လျှောက်ပြီး၊ မယ်တော်ကြီး ရဟန်းမ ၀တ်လိုပါကြောင်း ခွင့်တောင်း လျှောက်ထားတော့ တာပါပဲ။

သားတော် ဘုရားက နှစ်ကြိမ်မက သုံးကြိမ် တိုင်အောင် ပယ်မြစ် လိုက်တော့ သားတော်လေး အာနန္ဒာလည်း ပရိယာယ် စကားနဲ့ လျှောက်ထား ပြန်တယ်။

ဘုန်းတော် နေ၀င်း ထွန်းလင်း တောက်ပတော် မူသော မြတ်စွာဘုရား၊ အမျိုးသမီးတွေ အတွက် အိမ်ယာ တည်ထောင် လူတို့ဘောင်မှ စွန့်ခွါပြီး၊ ရဟန်းမ ၀တ်ပြီး တရား အားထုတ်ပါလျှင် မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန် တရားတော် တွေကို အမျိုးသားများ နည်းတူ ရနိုင်၊ ရောက်နိုင်၊ မျက်မှောက်ပြု ခွင့်များ ရှိနိုင်ပါ့မလား ဘုရား”။

ရနိုင်၊ ရောက်နိုင်၊ မျက်မှောက် ပြုနိုင်တာပေါ့၊ အာနန္ဒာ”လို့ မြတ်ဗုဒ္ဓက မိန့်တော်မူတော့…

ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား၊ အမျိုးသမီးတွေလည်း မဂ် ဖိုလ် နိဗ္ဗာန် ရနိုင် ရောက်နိုင် မျက်မှောက်ပြုခွင့် ရနိုင်တယ်ဆိုရင်… မယ်တော် မဟာပဇာပတိ ဂေါတမီသည် မြတ်စွာ ဘုရား၏ မိထွေးတော်ပါ ဘုရား။ အရှင်ဘုရားကို ဖွံ့ထွား ကိုယ်လက်၊ ကိုယ်နေ စည်ကား ကြီးပွားခြင်းသို့ ရောက်အောင် စောင့်ရှောက် ပေးခဲ့တဲ့ မယ်တော်ကြီးပါ ဘုရား။

ငယ်စဉ်တောင်ကျေး ကလေးဘ၀မှ အစပြုကာ၊ ရေမိုး ချိုးပေး၊ အစာတွေကို ၀ါး၍ ကျွေးမွေး ခဲ့ရတဲ့ မယ်တော်ကြီးပါ ဘုရား။

အရှင်ဘုရား ၇-ရက်အရွယ် ဥမမယ် စာမမြောက် အရွယ်မရောက် သေးသည့် အချိန်မှ စ၍ အရွယ်တော် ရောက် လူလား မြောက်သည် အထိ နို့ချိုတိုက်ကျွေး မွေးမြူခဲ့ရတဲ့ မယ်တော်ကြီးပါ ဘုရား။ ထို့ကြောင့်… ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား မိထွေးတော်ကြီး အမှူးရှိသော သာကီ အမျိုးကောင်း သမီးတို့အား ရဟန်းမ ၀တ်ခွင့် ပြုတော်မူပါ ဘုရား”လို့ သားတော်လေး အာနန္ဒာက လျှောက်ထားတော့…

သားတော် မြတ်စွာဘုရားက…

ဂရုဓမ် တရား ရှစ်ပါး (မဟာဗုဒ္ဓ၀င်ရှု)ကို လိုက်နာ ကျင့်သုံးနိုင်မယ် ဆိုရင်တော့ ရဟန်းမ ၀တ်ခွင့်ပေးမယ်”လို့ မိန့်တော် မူလိုက်မှ သားတော် အာနန္ဒာလည်း စိတ်အေး ချမ်းသာသွားပြီး အမေ့ဆီ ပြန်လာခဲ့တာပေါ့။
အမေနဲ့ ပါလာခဲ့တဲ့ သာကီမင်းသမီး ငါးရာတို့ကလည်း ဦးလည်မသုန် လေးစား လိုက်နာပါ့မယ် ဆိုလို့ ဘိက္ခုနီမ သာသနာ တော်ကြီး ပေါ်ပေါက်လာတာ။ အစဉ်တစိုက် ကြိုးစားလိုက် ကြစမ်းပါ…။

အို… သားတော် သမီးတော်တို့ ဒီအချိန်ဟာ စိုးရိမ်ပူဆွေ ငိုးကြွေးနေရမယ့် အချိန် မဟုတ်တော့ဘူး။

(ထီနံ အဒါသိ ပဗ္ဗဇ္ဇံ၊ သမ္ဗုဒ္ဓေါ ယာစိတော မယာ။ တသ္မာ ယထာဟံ နန္ဒိဿံ၊ တထာ တမနုတိဋ္ဌထ။)

ခက်ခက် ခဲခဲ ပင်ပင် ပန်းပန်း ဆင်းဆင်း ရဲရဲနဲ့ ရခဲ့ရတဲ့ ဘိက္ခုနီမ သာသနာတော် ကြီးကို အမေလေ အရှည်ခံ့ပြီး တည်တံ့ဖို့ အတွက် အရမ်း အလိုရှိတယ်ကွယ်။ ဒါကြောင့် သားတော် သမီးတော်တို့ဟာ ဘိက္ခုနီမ သာသနာတော် ကြီးအတွက် ဆက်လက်ပြီး ဘိက္ခုနီမ သာသနာတော်ကြီး တိုးတက်စည်ပင် ပြန့်ပွားဖို့အတွက် အစဉ်တစိုက် ကြိုးစား လိုက်ကြစမ်းပါကွယ်… လို့

လမ်းဘေး ၀ဲယာ တဖက် တချက်မှာ ရှိတဲ့ မိထွေးတော် ကြီးရဲ့ ဘ၀ခရီးကို နှုတ်ဆက် ကန်တော့ကြတဲ့ သားတော် သမီးတော်တွေကို နောက်ဆုံး တရားဟောရင်း… မိထွေးတော်ကြီးတို့ သားတော် ဗုဒ္ဓမြတ်စွာရှိရာ ကျောင်းတော်ဆီသို့ ဦးတည်လိုက် ကြတယ်။

ဆက်ရန် -
ဝန်ခံချက်

ဤစာမူများကို သုတ္တန္တ ပိဋက၊ ခုဒ္ဒကနိကာယ်၊ အပါဒါနပါဠိတော် ဒုတိယအုပ် စာမျက်နှာ ၉၇-မှ ၂၈၈-အထိ၊ ဂါထာပေါင်း ၁၉၀-ကျော်တို့မှ ထုတ်နှုတ်၍ ၃-လပိုင်း၊ ၂၀၀၈-ခုနှစ်တွင် ဧရာဝတီတိုင်း၌ စာရေးသူ ဟောကြားခဲ့ဖူးသော “အမေ ကျေနပ်ပါပြီ သားရယ်” တရားတော်ကို အခြေခံလျက် အင်တာနက် စာဖတ်သူတို့ အတွက် ညီငယ် မောင်ဖိုးသားမှ တဆင့် ပြန်လည် ဓမ္မဒါန ပြုခြင်းဖြစ်ပါသည်။

မောင်ပညာ (မန်းတက္ကသိုလ်)
pyinyar08@gamil.com
ဘန်ဘာမ်းရုကျောင်းတိုက်၊ ဘန်ကောင်နွိုင်းရပ်ကွက်၊
ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ။