Tuesday, December 24, 2013

အမေ ကျေနပ်ပါပြီ သားရယ် (၁)


*အမေ ကျေနပ်ပါပြီ သားရယ်(၁)*

သာသနာနှစ်မျိုး
မြတ်စွာဘုရား သာသနာတော်တွင် ဘိက္ခု သာသနာ၊ ဘိက္ခုနီ သာသနာ-ဟု နှစ်မျိုးနှစ်စား ရှိခဲ့ပါတယ်။ အမျိုးသား အာဇာနည် ပုဂ္ဂိုလ်များ အိမ်ယာတည်ထောင် လူတို့ဘောင်ကို စွန့်ခွါလျက် မြတ်စွာဘုရား သာသနာကို ၀င်ရောက်သောအခါ ဘိက္ခု သာသနာဟု သုံးနှုံးပြီး၊ အမျိုးသမီး အာဇာနည် ပုဂ္ဂိုလ်များ အိမ်ယာတည်ထောင် လူတို့ဘောင်ကို စွန့်ခွါလျက် မြတ်စွာဘုရား သာသနာကို ၀င်ရောက်သောအခါ ဘိက္ခုနီ သာသနာဟု သုံးနှုံးခဲ့ပါတယ်။
ဘိက္ခုသာသနာ

မြတ်စွာဘုရား သာသနာတော်တွင် ဘိက္ခု သာသနာ အရင် ပေါ်ထွန်းခဲ့ပါတယ်။ မြတ်စွာဘုရား သစ္စာလေးပါးကို သိပြီးသည့်နောက် ဓမ္မစကြာ တရားတော်ကို ဟောတော်မူသည်မှ အစပြု၍ ဘိက္ခုသာသနာ အရင်ပေါ်ထွန်းခဲ့တယ်။ ဘိက္ခု သာသနာသို့ အရင် ၀င်ရောက်လာသူမှာ အရှင်ကောဏ္ဍည မထေရ် ဖြစ်ပြီး၊ သစ္စာလေးပါးကို မြတ်ဗုဒ္ဓသိရှိပြီး အရင်အဦးဆုံး သိရှိသူလည်းဖြစ်တယ်။
ဘိက္ခုနီသာသနာ

ဘိက္ခု သာသနာ ပေါ်ထွန်းပြီးနောက် မိထွေးတော် ဂေါတမီကြီး၏ အကြိမ်ကြိမ် တိုက်တွန်း တောင်းပန်မှု၊ အရှင်အာနန္ဒာ၏ ကူညီပေးမှု တို့ကြောင့် ဘိက္ခုနီ သာသနာခေါ် ရဟန်း အမျိုးသမီး သာသနာ ပေါ်ပေါက် လာခဲ့တယ်။ အမျိုးသမီး ရဟန်းမ သာသနာသို့ အရင် ၀င်ရောက် လာကြသူများမှာ မိထွေးတော် ဂေါတမီကြီးနဲ့ သာကီဝင် မင်းသမီး ငါးရာတို့ ဖြစ်ကြတယ်။ အမျိုးသမီး ရဟန်းမ သာသနာတွင် သစ္စာလေးပါး အရင်းဆုံးသိသူမှာ မိထွေတော် ဂေါတမီကြီး ဖြစ်ခဲ့တယ်။
ဧတဒဂ်

ဧတဒဂ်၏ အဓိပ္ပါယ်မှာ အသာလွန်ဆုံး အထူးချွန်ဆုံး-ဟု အဓိပ္ပါယ်ရတယ်။ ဗုဒ္ဓမြတ်စွာ သာသနာမှာ ဘိက္ခု သာသနာရော ဘိက္ခုနီ သာသနာမှာပါ ဧတဒဂ်ဘွဲ့များကို မြတ်ဗုဒ္ဓက အသီးသီး ပေးအပ် ချီးမြှင့်ခဲ့တယ်။
ရတ္တညူဧတဒဂ်

ရတ္တညူ ဧတဒဂ်ဆိုတာ ဗုဒ္ဓမြတ်စွာ သာသနာမှာ ၀ါအကြီးဆုံး၊ သစ္စာလေးပါးကို ဗုဒ္ဓမြတ်စွာက လွဲရင် အရင်ဆုံးသိသူကို မြတ်ဗုဒ္ဓက ချီးမြှင့် ပေးအပ်ခဲ့တဲ့ ဘွဲ့ထူး ဂုဏ်ထူးကြီးဖြစ်တယ်။ အဲဒီ ဘွဲ့ထူး ဂုဏ်ထူးကြီးကို အမျိုးသား ရဟန်းသာသနာမှာ အရှင်ကောဏ္ဍည မထေရ်က ရရှိပိုင်ဆိုင်ပြီး၊ အမျိုသမီး ရဟန်းမ သာသနာမှာ မိထွေးတော်ကြီးက ရရှိပိုင်ဆိုင်ခဲ့တယ်။
သီတင်းသုံးနေထိုင်ရာ

တစ်ချိန်တုန်းက လောကကြီးကို အသိဉာဏ်တွေ ထွန်းလင်းပေးခဲ့တဲ့ မြတ်ဗုဒ္ဓဟာ ဝေသာလီပြည်ရဲ့ အနီး မဟာဝုန် တောကြီးအတွင်း ကူဋာဂါရသာလာကျောင်း (စုလစ်မွန်းချွန်တွေနဲ့ တန်ဆာဆင် ထားတဲ့ ဇရပ်)မှာ သီတင်းသုံး နေထိုင်တယ်။ အဲဒီအချိန်မှာ မိထွေးတော် ဂေါတမီကြီးကတော့ ဝေသာလီမြို့ထဲမှာ အမျိုးသမီးတို့ ပျော်စံရာ ဘိက္ခုနီမ ကျောင်းတိုက်တာမှာ သီတင်းသုံး နေထိုင်တယ်။
စဉ်းစားမိပြီ

အဲဒီလို အေးအေး ဆေးဆေး ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ သီတင်းသုံး နေထိုင်ရင်း တစ်နေ့မတော့ မိထွေးတော်ကြီးရဲ့ စိတ်ထဲမှာ စဉ်းစားမိတယ်။ သြော်… သားတော်ဘုရား မြတ်ဗုဒ္ဓ၊ အဂ္ဂ သာဝကကြီးများ ဖြစ်တဲ့ အရှင်သာရိ ပုတ္တရာနဲ့ အရှင်မဟာ မောဂ္ဂလာန်၊ မြေးတော်လေး အရှင်ရာဟုလာ၊ ငါ့ကို ဘိက္ခုနီမ သာသနာ တည်ထောင်ခွင့် ရအောင် ကြိုးပမ်းပေးခဲ့တဲ့ အရှင်အာနန္ဒာတို့ ခန္ဓာကိုယ်တွေ ရုပ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်းတော့မှာကို ငါဖူးမြော်ခွင့် ရတော့မှာ မဟုတ်ဘူး… လို့ ဆုံးဖြတ်ချက်ချ စဉ်းစားမိလိုက်တာနဲ့ မဟာပထ၀ီ မြေကြီးက ချက်ချင်းတုန်လှုပ်၊ အင်မတန်မှ ကြည်လင် သန့်ရှင်းနေပြီး မိုးတိမ်၊ မိုးသား၊ မိုးရိပ်တို့ ကင်းစင်နေတဲ့ ကောင်းကင်ကြီး ကလည်း ချက်ချင်းဆိုသလို ညို့မှောင်တက်လာပြီး မိုးတွေ အရမ်းခြိမ်းလာတယ်။

(ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတာက မဟာသက္ကရာဇ် ၁၄၈-ခုနှစ်၊ သက်တော်က ၈၀၊ ယသော်ဓရာ စံတာက ၁၄၆၊ အသက်က ၇၈၊ သားတော်လေး ရာဟုလာက မိခင် ယသော်ဓရာထက်စော၊ အရှင်သာရိ ပုတ္တရာနဲ့ အရှင်မဟာ မောဂ္ဂလာန် တို့က မဟာသက္ကရာဇ် ၁၄၇-ခုနှစ်မှာ အသီးသီး ခန္ဓာ့ဝန်တွေ ရုပ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်းခဲ့တယ်။ စကားချပ်။)
နတ်တွေက ငိုတယ်

မိထွေးတော်ကြီး ဆုံးဖြတ်ချက် ချလိုက်တာကို ပထမဦးဆုံးသိတာ ကျောင်းနား တစ်ဝိုက်မှာ ရှိနေတဲ့ နတ်တွေပဲ၊ သူတို့က သိတော့ ငိုကြတာပေါ့။ (သူတို့ငိုတာက တို့ ရွှေမြန်မာတွေ ငိုတာနဲ့မတူဘူး။ တို့ရွှေမြန်မာတွေက မဖြစ်နိုင်တာကို တမ်းတပြီးငိုကြတာ။ သေတဲ့ လူကို ကိုင်ပြီး အမလေး၊ ထကြည့်ပါအုံး - စသည်ဖြင့် ငိုကြတယ်။ မျိုးစုံပါပဲ။ သေတဲ့လူက ဘယ်လိုလုပ် ထကြည့်နိုင်မလဲ။ စဉ်းစားစရာတွေ၊ ထိုင်းနိုင်ငံ မှာတော့ အတုယူစရာ ကောင်းတယ် အသံထွက်ပြီး ဘယ်သူမှ မငိုဘူး၊ မျက်ရည်တွေ စီးကြရုံလောက်ပဲ၊ အသုဘ အထိမ်းအမှတ်နဲ့ ၀တ်စုံနက်ကို ၀တ်ဆင်ကြတယ်။ စကားချပ်။) နောက်ပြီး ကောင်းကင်က စတုမဟာရာဇ် အစရှိတဲ့ ရာဂ မကင်းနိုင်သေးတဲ့ နတ်တွေမှန်သမျှ ငိုကြတယ်။
နတ်တွေ ရှိစေ သရဲတွေ မရှိစေနဲ့

ဒါကတော့ စကားချပ် အနေနဲ့ ပြောချင်တာပါ။ ကောင်းကင်က နတ်တွေဟာ လူ့ပြည်ကို လာရမှာ အရမ်းကြောက်တယ်။ လူ့ပြည်က နံလို့တဲ့။ ဘာတွေ နံသလဲ ဆိုတာတော့ ကိုယ်ဟာကိုယ်ပဲ တွေးကြည့်တော့။ အနံ့ချင်း မတူကြဘူးနော်။ သတိထားကြ။ စာဖတ်သူတို့ သတိထားမိကြမှာပါ။ တို့နိုင်ငံမှာ နေတုန်းက လူတွေရဲ့ အနံ့ ဒီ့ပြင်နိုင်ငံက လူတွေရဲ့ အနံ့၊ တို့နိုင်ငံမှာတောင် လူတန်းစား ပေါင်းစုံတို့ အနံ့ ဒါတွေဟာ ဘယ်လောက် ကွာခြားသလဲ ဆိုတာ၊ စဉ်းစားမိကြမှာပါ။

ပြောချင်တာက သူတော်ချင်းချင်း သီတင်းလွေ့လွေ့ ပေါင်းဖော်မွေ့ ဆိုတာပါပဲ။ လောကကြီးမှာ စိတ်သဘောထား တူသူ အချင်းချင်းသာ ပေါင်းဖော်ယှဉ်တွဲ နေထိုင်ကြတာ။ မတူသူတွေလဲ အထိုက် အလျောက်တော့ ရှိမှာပေါ့လေ။ နတ်နဲ့ သူရဲက မတူဘူးနော်။ စဉ်းစားကြ၊ ကိုးကြီးကျော်တို့၊ ပန်းပဲ မောင်တင့်တယ်တို့ စတာတွေဟာ ဘာတွေလဲ။ ဒါတွေလဲ စဉ်းစားကြ၊ နတ်အစစ်တွေကတော့ သီလ မရှိတဲ့ သူတွေရဲ့ ထံပါးကို ဘယ်တော့မှ မလာဘူး ဆိုတာပဲ၊ နတ်တော့ရှိကြပါစေ။ သရဲတော့ မရှိကြပါစေနဲ့ကွယ်။)
အဲဒါ တို့ကြောင့်ပါ

ကျောင်းဝင်း တစ်ဝင်းထဲမှာ အတူရှိနေကြတဲ့ သာကီဝင် ရဟန်း အမျိုးသမီး ငါးရာလည်း ဒီလို မမျှော်လင့်တဲ့ ဖြစ်ရပ်ကြီးနဲ့ ရုတ်တရက် ကြုံလိုက်ရတော့ အလွန် ထူးဆန်းသွားတယ်။ ဒါဟာ တစ်ခုခုတော့ ထူးခြားမှာပဲလို့ တွေးကြပြီး မိထွေးတော်ကြီးဆီ စုရုံး ရောက်ရှိလာကြတယ်။

အဲဒီနောက် မိထွေးတော်ကြီးကို ရိုသေစွာ ရှိခိုးပြီး၊ သူမတို့ မမျှော်လင့်ဘဲ ရုတ်တရက် ကြုံလိုက်ရတဲ့ ကောင်းကင်က မိုးခြိမ်းသံတွေ၊ မြေကြီး တုန်လှုပ်တာတွေကို ကြားရ မြင်ရတော့ ဘာများ အကြောင်းထူးလို့ ပါလဲဘုရား-လို့ မိထွေးတော်ကြီးကို အဖြစ်အပျက်တွေ လျှောက်ကြတယ်။

“ရှင်မတို့ မိထွေးတော်ကြီးလေ ခန္ဓာ့ဝန် ရုတ်သိမ်းပြီး၊ ပရိနိဗ္ဗာန် စံဝင်ငြိမ်း တော့မယ်လို့ ဆုံးဖြတ်ချက် ချလိုက်တာကြောင့် အဲဒီ အဖြစ်အပျက် ဖြစ်လာတာပါ၊ အဲဒါ တို့ကြောင့် ဖြစ်တာပါကွယ်”ဟု မိထွေးတော်ကြီးက ရှင်းပြလိုက်တယ်။
လိုက်ပါရစေ

မိထွေးတော်ကြီးရဲ့ စကားကို ကြားတယ်ဆိုရင်ပဲ သာကီဝင် ရဟန်းအမျိုးသမီး ငါးရားတို့က “တပည့်တော် မတို့လဲ ဒီအတိုင်းပဲ ဆုံးဖြတ်ချက်ချ ကြံစည်မိကြ ပါပြီဘုရား”လို့ လျှောက်ထား ကြတယ်။

ဆက်လက်ပြီး မိထွေးတော်ကြီးကို “တပည့်တော်မတို့ တတွေဟာ တောထွက် လာကြတုန်းကလည်း အတူတူ၊ မြတ်ဗုဒ္ဓ ထံမှောက်မှာ ရဟန်းမ ၀တ်ကြတုန်းကလည်း အတူတူ၊ တရား အားထုတ်ကြ တော့လည်း အတူတူ၊ တရားထူး ရပြန်တော့လဲ မရှေး မနှောင်းမှာပဲ အတူတူ ရခဲ့ကြပါတယ်။ မိထွေးတော်ကြီး ခန္ဓာ့ဝန် ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်း တော့မှာကို တပည့်တော် မတို့လည်း အတူတူ လိုက်ပါရ စေတော့ဘုရား”လို့ လျှောက်ထား တောင်းပန်ကြတယ်။
ခွင့်တောင်းကြဦးစို့

ရှင်မတို့ရယ်… တို့ကတော့ကွယ်၊ ခန္ဓာ့ဝန်တွေ ရုတ်သိမ်းပြီး ပရိနိဗ္ဗာန် စံဝင် ငြိမ်းကြတော့မယ့် ရှင်မတို့အတွက် ဘယ်တားရက်ပါ့မလဲ။ သွားကြတာပေါ့ကွယ်။ ဒါပေမဲ့ တို့သဘောနဲ့တို့ သွားလို့တော့ မဖြစ်သေးဘူး၊ တို့ရဲ့ ကျေးဇူးရှင်ကြီး သားတော် ဘုရားဆီကို သွားပြီး ပရိနိဗ္ဗာန် စံဝင်ငြိမ်းဖို့အတွက် ခွင့်တောင်းကြဦးစို့”ဟု သာကီဝင် ရဟန်းမ ငါးရာကို ပန်ကြားလိုက်တယ်။
သည်းခံကြပါကွယ်

အဲဒီလို ပန်ကြားပြီး မကြာခင်မှာ မိထွေးတော် ဂေါတမီကြီးနဲ့ သားကီဝင် ရဟန်းမ ငါးရာတို့က ကျောင်းကြီး ပေါ်ကဆင်း ကျောင်းခြံဝင်းက မထွက်ခင်မှာပဲ ကျောင်းစောင့်နတ်တွေကို

(ဥပဿယေ ယာဓိဝတ္တာ၊ ဒေ၀တာ တာ ခမန္တုမေ။ ဘိက္ခုနီ နိလယေဿဒံ၊ ပစ္ဆိမံ ဒဿနံ မမ။)

တို့တတွေ သီတင်းသုံးရာ ဘိက္ခုနီမ ကျောင်းတိုက်တာကို စောင့်ရှောက် ၀န်းရံနေကြတဲ့ နတ်များအပေါင်းတို့၊ တို့တတွေမှာ အပြစ်များ တစ်စုံများ ရှိခဲ့ရင် သည်းခံကြပါကွယ်”လို့ သည်ခံစေဖို့ ပန်ကြားလိုက်တယ်။
ပြီးတော့… တို့များဟာ ဒီဘိက္ခုနီမ ကျောင်းတိုက်တာ ကြီးကို ကြည့်ရှုခွင့် ရခြင်းဟာ နောက်ဆုံး ကြည့်ခြင်းပေပဲ - ဟု ပြောဆိုရင်း ဘိက္ခုနီမတို့ ကျောင်းတိုက်ကနေ ထွက်လို့လာခဲ့တယ်။
ကြေရာ ကြေကြောင်း တောင်းပန်ချင်

ဒီနေရာမှာ တို့တတွေ အတု ယူသင့်တာက လူတွေမှာ ကံသုံးပါး ရှိတယ်။ ကာယကံ (ခန္ဓာကိုယ်နဲ့ စပ်နေတဲ့ကံ)၊ ၀စီကံ (ပါးစပ်နဲ့ စပ်နေတဲ့ကံ)၊ မနောကံ (စိတ်နဲ့ စပ်တဲ့ကံ)၊ အဲဒီကံ သုံးပါးမှာ ရဟန္တာတွေမှာ ပြစ်မှား ကျူးလွန်ခြင်း မရှိကြပေမဲ့ မိထွေးတော် ကြီးက တောင်းပန်တယ်။ အတုယူစရာနော်။

ဘုရား တရား သံဃာ ရတနာမြတ် သုံးပါး၊ မိဘ၊ ဆရာသမားများ၊ တစ်ဦးတစ်ယောက် မည်သူ့ကို မဆို ကိုယ် နှုတ် စိတ် တစ်ခုခုနဲ့ ပြစ်မှားမှု ရှိခဲ့သည် ဖြစ်စေ၊ မရှိခဲ့သည် ဖြစ်စေ တစ်နေရာ တစ်ဒေသသို့ ထွက်ခွါတော့မည့် ပုဂ္ဂိုလ်အတွက် သက်ဆိုင်သူတွေကို တောင်းပန်သင့်တယ်။ တစ်ဘ၀ လုံးအတွက် ဆိုရင်တော့ ပိုလို့တောင် တောင်းပန် သင့်တာပေါ့။

မြန်မာ့ စကားပုံတွင် “ရန်သူတောင် တောင်းပန်ရင် ကြေအေးရ၏”ဟု ဆိုရိုးစကား ရှိတယ်။ အပြင်းအထန် ရန်ဖြစ်ကြ၊ မခေါ်နိုင် မပြောနိုင် ဖြစ်ကြပြီးမှ မှားသူက မိမိအပြစ်ကို ကြေရာ ကြေကြောင်း တောင်းပန်ပြီးနောက်၊ ခွင့်လွတ် သီးခံကာ မိတ်ဆွေအဖြစ်၊ အပေါင်း အသင်းအဖြစ်၊ အကြင် လင်မယားအဖြစ်၊ ဆရာတပည့် အဖြစ်၊ အသက်ထက်ဆုံး ဆက်လက် ပေါင်းသင်း နေထိုင် သွားကြသည်မှာ လောကကြီးတွင် ဒုနှင့်ဒေး၊ တောင်းပန်သူနှင့် ခွင့်လွှတ်သူတို့၏ အကျိုးဆက်ဖြစ်တယ်။

တောင်းပန်သူကို မကြေအေး၊ ခွင့်မလွှတ် သီးမခံနိုင်ပါက တောင်းပန် ခံရသူသည် လူမိုက် ဖြစ်ကြောင်းနှင့်၊ ခွင့်လွှတ် သီးခံနိုင်သူသည် လူလိမ္မာ ဖြစ်ကြောင်း မြတ်ဗုဒ္ဓက အင်္ဂုတ္တရ နိကာယ် တိကနိတ်ပါတ်တွင် အတိအကျ မိန့်မှာ ထားခဲ့ပြီးဖြစ်တယ်။

အမေကိုသတ်သူ၊ အဖေကို သတ်သူ၊ ရဟန္တာကို သတ်သူ၊ ဘုရားရှင်ကို သွေးစိမ်းတည်အောင် လုပ်သူ၊ သံဃာတော် အချင်းချင်း မသင့်မတင့်ဖြစ်အောင် သွေးထိုး ကုံးတိုက်သူ ဤငါးဦးတို့ကတော့ ဘယ်လိုပင် တောင်းပန် တောင်းပန်၊ တောင်းပန်ခံရသူက ဘယ်လိုပင်ကြေအေး ကြေအေး လုံးဝ အပြစ် မကြေနိုင်ဘဲ၊ ကျူးလွန်သည့် အပြစ်ဒဏ်တိုင်း မုချ ခံစားရမှာ အမှန်ပင်ဖြစ်တယ်။)

ဆက်ရန် -
ဝန်ခံချက်

ဤစာမူများကို သုတ္တန္တ ပိဋက၊ ခုဒ္ဒကနိကာယ်၊ အပါဒါနပါဠိတော် ဒုတိယအုပ် စာမျက်နှာ ၉၇-မှ ၂၈၈-အထိ၊ ဂါထာပေါင်း ၁၉၀-ကျော်တို့မှ ထုတ်နှုတ်၍ ၃-လပိုင်း၊ ၂၀၀၈-ခုနှစ်တွင် ဧရာဝတီတိုင်း၌ စာရေးသူ ဟောကြားခဲ့ဖူးသော “အမေ ကျေနပ်ပါပြီ သားရယ်” တရားတော်ကို အခြေခံလျက် အင်တာနက် စာဖတ်သူတို့ အတွက် ညီငယ် မောင်ဖိုးသားမှ တဆင့် ပြန်လည် ဓမ္မဒါန ပြုခြင်းဖြစ်ပါသည်။

မောင်ပညာ (မန်းတက္ကသိုလ်)
pyinyar08@gamil.com
ဘန်ဘာမ်းရုကျောင်းတိုက်၊ ဘန်ကောင်နွိုင်းရပ်ကွက်၊
ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ။