ဗုဒ္ဓဘာသာ သာသနာတော်သည် အဆောက်အအုံမဟုတ်
ဗုဒ္ဓဘာသာ သာသနာတော်ဟာ သုတ်၊ ၀ိနည်း၊ အဘိဓမ္မာမည်သော ဘုရားရှင်၏ဓမ္မဒေသ
နာတော်များ ဖြစ်ပါတယ်။ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာစတဲ့ သာသနာ
တော်သုံးရပ်တွင် ပရိယတ်သာသနာဟာ အရင်းမူလဖြစ်ပါတယ်။ ပရယတ်သာသနာတော်ကို အခြေ
ခံခြင်းမရှိက ပဋိပတ္တိသာသနာလည်းမရှိနိုင်ပါ။ ပဋိဝေဓသာသနာလည်း မရှိနိုင်ပါ။
ဘုရားရှင်သည် ပရိနိဗ္ဗာန်စံဝင်ခါနီးအချိန်မှာ
ညီတော်အာနန္ဒာအား “အာနန္ဒ၊ အကြင် ဓမ္မကို ငါဟောခဲ့ပြီးပြီ။ ထိုဓမ္မနှင့် ၀ိနယသည် ငါဘုရားလွန်တော်မူသောအခါ
သင်တို့၏ဘုရား(၀ါ) သင်တို့၏ဆရာအဖြစ် တည်ရစ်ပေလိမ့်မယ် ” ဟု မိန့်တော်မူခဲ့ပါတယ်။
ဗုဒ္ဓသာသနာတော် တည်မြဲအောင၊် ပြန့်ပွားအောင်၊ သန့်ရှင်းအောင်လုပ်ဖို့ဆိုတာ အဆောက်
အအုံကြီးတွေက တတ်နိုင်တာ မဟုတ်ပါ။ ပရိယတ္တိသာသနာနှင့် ပရိယတ္တိကို အခြေခံသော လမ်း
မှန်သည့် ပဋိပတ္တိသာသနာကသာ ဗုဒ္ဓဘာသာ သာသနာတော်ကို အရှည်တည်မြဲအောင် လုပ်နိုင်မှာ
ဖြစ်ပါတယ်။
သာဓကမှာ= ဒုတိယသင်္ဂါယနာတင်တဲ့ အချိန်တုန်းက မြတ်စွာဘုရားနှင့်တကွ ရဟန္တာကြီး
များ သီတင်းသုံး နေထိုင်သွားတဲ့ ဇေတ၀န်ကျောင်းတိုက်တော်ကြီး၊ ပုဗ္ဗာရုံကျောင်းတိုက်တော်ကြီး၊
ဝေဠုဝန်ကျောင်းတိုက်တော်ကြီးများက ထင်ရှားတဲ့ရဟန်းပုဂ္ဂိုလ်ကြီးတွေပါတာ မတွေ့ရပါ။ အခြား
သော သာသနာ့ဝန်ဆောင် အရှင်မဟာယဿ ဦးဆောင်ပြီး သာသနာကို စောင့်ရှောက်တာ တွေ့ရ
ပါတယ်။ (ဘုရားပရိနိဗ္ဗာန်ပြုပြီး နှစ် ၁၀၀ အကြာ)
နှစ်ပေါင်း ၂၅၀၀ ကျော် အကြာ ယခုခေတ်ကို ကြည့်ရင်လည်း အင်ဒိုနီးရှားတို့၊ အာဖဂန်
နစ္စတန်တို့ အစရှိတဲ့နိုင်ငံတွေက အိန္ဒိယပြည်ကြီး တစ်ပြည်လုံးအနှံ့၊ ပါကစ္စတန် ပရှဝါ=အစရှိတဲ့
ပြည်များမှာ ကျောက်စာသုတေသန အသီးသီးက ရှာဖွေတူးဖေါ်ကြရာ တစ်ပြည်လုံးအနှံ့ ဗုဒ္ဓနှင့်
ဆိုင်ရာ ရုပ်တုတော်များ၊ ပစ္စည်းများ၊ အဆောက်အအုံကြီးများ၊ စေတီကြီးများကို တွေ့ရသော်
လည်း ပြည်သူအများမှာ ဗုဒ္ဓဘာသာဝင်များ မဟုတ်ကြတော့ပါ။
ထို့ကြောင့် သာသနာတော် ရှည်တည်ဖို့ဆိုတာ အဆောက်အအုံကြီးတွေ၊ အဓိကမဟုတ်ပါ။
အများနားလည်နိုင်သော ပရိယတ္တိစာပေများ ပြန့်ပွားခြင်း၊ မှန်ကန်သောတရားတော်များကို လေ့
လာကျင့်သုံးနေကြခြင်းသည်သာ အဓိကဖြစ်ပါတယ်။
အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသသည် အများ
ကောင်းကျိုးအတွက် ပိဋကတ် သင်ရိုးကျမ်းပေါင်းစုံကို အချိန်ရှိသမျှ ရေးသားထားခဲ့ပါတယ်။ စာဝါ
ပို့ချခြင်းကိုလည်း “ ပျံလွန်မူသည့် ညနေအထိ ” မပျက်မကွက်ဘဲ ဆောင်ရွက်တော်မူခဲ့ပါတယ်။
သေမည့်နေ့တွင်လည်း “ ဒီနေ့တော့ အချိန်စေ့ပြီ၊ မသေသေးရင် မနက်ဖန်ဆက်ပြီး ပို့ချဦးမယ် ”
ဒီစာမူကိုရေးနေတဲ့သူကိုယ်တိုင် မျက်ရည်ဝဲ ကြေကွဲမိပါတယ်။ အထူးကြည်ညိုလေးစားမိပါတယ်။
ဆရာတော်ဟာ အများကောင်းကျိုးအတွက် ကြိုးစားမှုများကြောင့် ခန္ဓာကိုယ် ပင်ပန်းမှု
များကို လုံးဝပင်ပန်းသည်မထင်ပေ။ သတ္တ၀ါတို့ကောင်းကျိုးအတွက် ဗုဒ္ဓမြတ်စွာ၏ အလောင်းအ
လျာ ဘ၀များစွာတွင် ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ အမျိုးမျိုးခံကာ ပါရမီဖြည့်ခဲ့ပုံကို အလွန်အားကျ
တော်မူခဲ့ပါတယ်။ “ ဘုရားဖြစ်မှ၊ သာဝကဖြစ်မှ တပည့်တော်က ကြည်ညိုတာ မဟုတ်ပါဘူး။
အလောင်းတော်ဘ၀ကိုပါ ကြည်ညိုတာပါ။ ”(တစ်ဘ၀သံသရာ စာမျက်နှာ-၃၅၇)
ဆရာတော်ကြီး၏ ကိုယ်တိုင်ရေး ထေရုပ္ပတ္တိတွင်==
“* ဗုဒ္ဓမြတ်စွာ၊ လောင်းလျာတုန်းက
နောက်ဆုံးအထိ ပါရမီ။
လူနတ်များစွာ၊ ချမ်းသာရေးမို့
အသက်ပေးလို့ ဖြည့်ခဲ့သည်။
* ဗုဒ္ဓမြတ်စွာ၊ သာသနာအတွက်တော့
ငါပါအသက် ဆုံးစေမည်။
* စိတ်မပျက်ပေါင်၊ ခုလိုတွေးလို့
ကုသိုလ်ရေးမို့ ကြိုးစားမည်။ ”ဟု ငါးကြိမ်တိုင်တိုင် ဥဒါန်းကျူးရင့်ခဲ့သော လင်္ကာဖြစ်ပါတယ်။
တရားချစ်ခင် သူတော်စင်တို့ကလည်း ဆရာတော်ကြီး၏ခံယူချက် ယုံကြည်ချက်အတိုင်း လိုက်နာပြီး သာသနာတော် တည်မြဲရေးအတွက် ၀ိုင်းဝန်းကြပါစို့လို့ တိုက်တွန်းလိုက်ရပါသတည်း။
{ အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိ
ဓမ္မာကို ကိုးကားရေးသားပါသည်။ }
ဦးသိန်းဝေ။