Wednesday, December 25, 2013

“ရွှေစင်ဖြစ်လာတဲ့ သထ္တုများ”


“ရွှေစင်ဖြစ်လာတဲ့ သထ္တုများ”

ရှေးတုန်းက ဂျပန်ဆင်းရဲသား သားသမီးတွေက “တို့လဲ မိဘကချမ်းသာလို့ ရွှေဒင်္ဂါးနှစ်ပြား လောက်များ အရင်းအနှီး ထုတ်ပေးခဲ့မယ်ဆိုရင် သူဌေးကြီးဖြစ်အောင် ကြိုးစားပြနိုင်ပါတယ်”လို့ တောင့်တ ကြုံးဝါးလေ့ရှိသတဲ့။

ဒီအကြောင်းကြားဖူးစက မိမိစိတ်ထဲမှာ “ဒီလိုတောင့်တကြုံးဝါးမှုမျိုး တို့ဗုဒ္ဓဘာသာတွေမှာ ဖြစ်ပေါ်ခဲ့မယ်ဆိုရင် ဘယ်လောက်များ ကောင်းလိုက်မလဲ”လို့တွေးရင်းက သူတို့ကိုပြန်ပြောချင်တဲ့အကြောင်းအရာများကိုလည်း တသီတသန်း ကြီး အတွေးနယ်ချဲ့ခဲ့ဖူးတယ်။
ဗုဒ္ဓဘာသာဝင် သူတော်စင်များအနေနဲ့ အခုဘ၀မှာ တော်စပ်ကြတဲ့ မိဖတွေကိုသာ သိမှတ်ကြတာ များပါတယ်။ အမှန်ကတော့ အခုတော်စပ်နေကြတဲ့ လူမိ လူဖတို့ဆိုတာ အခုဘ၀တစ်ခုမှာသာ တွေ့ကြုံရ တာပါ။ သံသရာတစ်ခုလုံးနဲ့ ချီပြီး ပြောမယ်ဆိုရင်တော့ ဟိုးအတိတ်ဝေးကွာ ရှေးကမ္ဘာတွေဆိုတုန်း ကလည်း တွေ့ဖူးကောင်း တွေ့ဖူးကြမှာပေါ့လေ၊ ဒါပေမယ့် ဒါတွေက ပြန်မသိနိုင်ကြတဲ့ အရာများပါ၊ နောင် အနာဂတ်ဘ၀တွေကျတော့လည်း ဒီအတိုင်းပါပဲ။

အဲ … သံသရာအစကနေ သံသရာခရီး မဆုံးသမျှ တော်စပ်ခဲ့ကြ၊ တော်စပ်နေကြ၊ တော်စပ်နေရဦးမယ့် မိဘတွေကိုတော့ ပါးစပ်က စကားစပ်မိပါလျှက် သတိမထားမိတတ်ကြပါဘူး။ အဲဒါကတော့ “ကံသာ လျှင်အမိ၊ ကံသာလျှင် အဖ”ဆိုတဲ့ ကံမိဘတွေပေါ့။

အတိတ်ဘ၀တွေတုန်းက ကံမိဘတွေဆိုတာ ချမ်းသာအကျိုးပေးတဲ့ ကုသိုလ်တွေလား၊ ဆင်းရဲကျိုး ပေးတဲ့ အကုသိုလ်တွေလားဆိုတာ အတိအကျ မပြောနိုင်ပေမယ့် အခုဘ၀မှာ တော်စပ်တဲ့ ကံမိဘတွေ ကတော့ အပြစ်ကင်းခြင်းနဲ့ ကောင်းကျိုးချမ်းသာတွေကို ပေးစွမ်းနိုင်တဲ့ ကုသိုလ်မိဘတွေဆိုတာ ဘာမှသံသယဖြစ်စရာ မလိုပါဘူး။ လူ့ဘုံ လူ့ဘ၀ ဆိုတာ သု - ကောင်းသော ကုသိုလ် ကံကြောင့်၊ ဂတိ - ဖြစ်လာရတဲ့ သုဂတိဘုံသား “လူ” ဖြစ်နေကြရတယ် မဟုတ်လား။

ကိုယ့်မိဘရင်းဖြစ်တဲ့ ကုသိုလ်ဆိုတာ ဘယ်လောက်အထိ ချမ်းသာတယ်ဆိုတာလည်း အထူးပြော စရာ မလိုပါဘူး။ လူ့ပြည်မှာ ပဒေသရာဇ်၊ ဧကရာဇ်၊ စကြာဝတေးမင်းတို့ရဲ့ စည်းစိမ်ချမ်းသာ တွေကို ပေးနိုင်ရုံမျှမက  ဟိုး … အထက် နတ်ပြည် ခြောက်ထပ်တို့၊ ဗြဟ္မာ့ပြည် နှစ်ဆယ်တို့မှာရှိတဲ့ နတ်ချမ်းသာ၊ ဗြဟ္မာ့ချမ်းသာတွေအထိ ဒီကုသိုလ်ကံ မိဖရဲ့  အမွေတွေချည်းပဲဆိုတာ ကြားဖူးနားဝနဲ့ပဲဖြစ်ဖြစ် သိကြပြီး သားပါ။

အဲ … တစ်ခုတော့ ရှိတယ်။ တို့ရဲ့ မိဘရင်းဖြစ်တဲ့ ဒီကုသိုလ်ကံက ကပ်စေးနဲလွန်းတယ်လို့ ဆိုရ မလား၊ ဒါမှမဟုတ် စည်းစနစ်ကြီး လွန်းတယ်လို့ပဲ ဆိုရမလား မသိဘူး၊ သူ့ရဲ့ သားသမီးရင်းချာတွေဖြစ်တဲ့ တို့တတွေကိုတော့ ရွှေဒင်္ဂါး နှစ်ပြားစီပဲ ပေးထားကြပါတယ်။

ဗုဒ္ဓဘာသာ သူတော်စင်များအနေနဲ့ “တို့တတွေဟာ ကမ္ဘာမှာသာမက ရှိသမျှ ဘုံဌာနတွေမှာ အချမ်းသာဆုံးဖြစ်တဲ့ “ကံသူဌေး”ရဲ့ သားသမီးတွေ ဖြစ်တယ်ဆိုတာရယ်၊ တို့မှာ တို့ရဲ့ မိဘရင်း ကံသူဌေးက ပေးထားတဲ့ အမွေအနှစ် ရွှေဒင်္ဂါးနှစ်ပြားစီ ပိုင်ဆိုင်ထားကြတယ် ဆိုတာရယ်ကို သတိမထားတတ်ကြပါဘူး။ တစ်ခါတစ်ခါ သတိထားမိပြန်တော့လည်း အလေးအနက် မထားမိတတ်ကြပါဘူး။

   အဲဒီ ရွှေဒင်္ဂါးနှစ်ပြား ဆိုတာကတော့ “ဟောဒီ သာသနာတွင်းမှာ လူဖြစ်ကြရတဲ့ ခန္ဓာကိုယ်ကြီး ထဲက “ရုပ်နဲ့နာမ်”ဆိုတဲ့ ရွှေဒင်္ဂါးနှစ် ပြားပါပဲ။ သုံးတတ်ရင် အခုနပြောတဲ့ ပဒေသရာဇ်၊ ဧကရာဇ်၊ စကြာဝတေးမင်းတို့ရဲ့ စည်းစိမ်တွေ၊ နတ်စည်းစိမ်၊ ဗြဟ္မာ့စည်းစိမ်တွေကိုသာမက နိဗ္ဗာန်ချမ်းသာအထိ ၀ယ်လို့ရနိုင်လောက်အောင် တန်ဖိုးရှိတာ ဖြစ်လို့ အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးရှိတဲ့ ရွှေဒင်္ဂါးနှစ်ပြား ဖြစ်တယ် ဆိုတာ အရိယာတရား ကြားဖူးနားဝ ရှိသူတိုင်း ခန့်မှန်းမိလောက်ပါတယ်။

တစ်ခုတော့ သတိပေးရဦးမယ်၊ တို့ရဲ့ကံမိဘက တို့တတွေကို ရွှေဒင်္ဂါးနှစ်ပြားစီ အမွေပေးတယ်ဆို ပေမဲ့ ပကတိ ရွှေစင်ဖြစ်ပြီးသားတော့လည်း မဟုတ်တတ်ပြန်ပါဘူး။ ဒါကြောင့် ကပ်စေးနဲလွန်းတာလား၊ စည်းကမ်းကြီး လွန်းတာလား မပြောတတ်ဘူးလို့ ပြောရတာပေါ့။


   အမှန်ကတော့ အောက်သက်ကျေပြီး အထက်တန်းအထိ ရောက်စေချင်လွန်းတဲ့ မေတ္တာတရား ကြောင့်ပဲ ဖြစ်မှာပါ။ ကံမိဘက တို့ကိုပေးလိုက်တဲ့ ရွှေဒင်္ဂါးနှစ်ပြားက တဖြည်းဖြည်း စနစ်တကျ ပြုပြင်မွမ်းမံ တတ်ရင် အဖိုးမဖြတ် နိုင်လောက်အောင် အရည်သွေးပြည့်ဝတဲ့ ရွှေဒင်္ဂါးကြီးတွေ ဖြစ်လာနိုင်တဲ့ သတ္တုများ သာလို့ ဆိုရမယ် ထင်ပါတယ်။

ဟုတ်ပါတယ်၊ ဒီသတ္တုတွေက စနစ်တကျ ပြုပြင်မွမ်းမံရင် အမြတ်ဆုံးချမ်းသာကို ရယူနိုင်လောက်တဲ့ အရည် အသွေးပြည့် ရွှေဒင်္ဂါးတွေ ဖြစ်လာနိုင်သလို စည်းပျက်၊ စနစ်ပျက်၊ ပစ်စလက်ခတ် အသုံးပြုမယ် ဆိုရင်တော့ ကမ္ဘာ ဖျက်လက်နက်တွေ  ပြုလုပ်တဲ့ ယူရေနီယံသတ္တုထက် ကြောက်စရာကောင်းတဲ့ သတ္တုအမျိုးအစားတွေလည်း ဖြစ်သွား နိုင်တယ်ဆိုတာ ခေတ်၊ စနစ်၊ ပတ်ဝန်းကျင်ကို သတိပြုမိကြသူတိုင်း သဘောပေါက်ကြမှာပါ။

မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ကြီး ပွင့်ထွန်းပေါ်ပေါက်လာတာဟာ ဒီလို သုဂတိဘုံသားတို့ရဲ့ ကံအမွေ သတ္ထုတွေကို ရွှေစင်ဒင်္ဂါးများအဖြစ် အရည်သွေးမြှင့်တင်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဒီသတ္ထုတွေဟာ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ ဒီဂရီတွေ ဖြည့်ပေးရင် ပေးသလောက် “နိဗ္ဗာန်ချမ်းသာ” ဆိုတဲ့ အတုမဲ့ချမ်းသာ ကြီးကို ရယူနိုင်လောက်အောင်အထိ အရည်အသွေးမြင့်တင်နိုင်ပါတယ်။

    ဒါကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်များအနေနဲ့ “တို့ မိဘက ချမ်းသာလို့ ရွှေဒင်္ဂါးနှစ်ပြား လောက်များ အရင်းအနှီး ထုတ်ပေးခဲ့မယ်ဆိုရင် သူဌေးကြီးဖြစ်အောင် ကြိုးစားပြလိုက်ချင်ပါတယ်”ဆိုတဲ့ တောင့်တကြုံးဝါးမှုမျိုး ပြုစေ ချင်တာပါ။

အခုလောက်ဆိုရင် တို့ဗုဒ္ဓဘာသာဝင်တွေဟာ အချမ်းသာဆုံးအဆင့်အထိ ဖြစ်နိုင်တဲ့ ကံသူဌေးရဲ့ သားသမီးတွေ ဖြစ်ကြတယ်။ အချမ်းသာဆုံးအဆင့်အထိ ရောက်နိုင်လောက်တဲ့ ရွှေဒင်္ဂါးနှစ်ပြားစီ ပိုင်ဆိုင် ထားကြသူတွေ ဖြစ်တယ်ဆိုတာ သဘောပေါက်လောက်ကြပါပြီ။ ဘယ်လို တောင့်တကြုံးဝါးကြမယ် ဆိုတာကိုပဲ ဆုံးဖြတ်ကြဖို့ပါ။ အချို့ဆိုရင်တော့ ကိုယ့်တန်ဖိုးကိုယ် သိနေကြလို့ ကြုံးဝါးကြိုးစားခဲ့ကြတာ လောကသူဌေးတွေထက် အဆများစွာ သာလွန်ချမ်းသာကြတဲ့ သီလသူဌေး၊ သမာဓိသူဌေး၊ ပညာသူဌေး ကလေးတွေတောင် ဖြစ်သူတွေ ဖြစ်နေကြတာကိုလည်း မိမိတို့ဝန်းကျင်မှာ တွေ့နိုင် မြင်နိုင်ကြမှာပါ။

ဟော … အခုလည်း တစ်ဦးကို အမှတ်ထင်ထင် တွေ့လိုက်ရပါပြီ။ “ဓမ္မဒူတ ဒေါက်တာ ဘဒ္ဒန္တ ပညိဿရ”တဲ့။ ဒီအရှင်မြတ်က ဓမ္မဒူတဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတရဲ့ တပည့်တစ်ဦးဖြစ်လို့ အမည်နဲ့ ဂုဏ်ထူးတို့ရဲ့ ရှေ့ဖျားမှာ “ဓမ္မဒူတ”ဆိုတဲ့ ဂုဏ်မြောက်တဲ့ အမည်ထူးတစ်ခုကို ဦးထိပ်ရွက် တပ်ဆင် ထားတာပါ။

ဒီအရှင်မြတ်ရဲ့ ဆရာဖြစ်တဲ့ ဓမ္မဒူတဆရာတော်ကြီးနဲ့ပတ်သက်လို့ ဆရာတော်ကြီး တည်ထောင်ခဲ့တဲ့ တောင်စွန်းက ဓမ္မဒူတကျောင်းတိုက် ငွေရတုသဘင်အထိမ်းအမှတ် မဂ္ဂဇင်းမှာ “နှလုံးသားများကို ထုဆစ်တဲ့ မဟာပန်းပု ပညာရှင်”ဆိုပြီး တင်စားပူဇော် ခဲ့ဖူးပါတယ်။

အခုတော့ အကြောင်းအရာကို လိုက်ပြီး “သတ္ထုတို့ကို ရွှေစင်ဖြစ်လာအောင် မြှင့်တင်နိုင်စွမ်းတဲ့ မဟာဓာတ်ပြောင်း ပညာရှင်”လို့ တင်စားပူဇော်ရပါလိမ့်မယ်။

ဟုတ်ပါတယ်။ ဆရာတော်ကြီး ဓာတ်ပြောင်းပေးလိုက်တဲ့အတွက် အရှင်ပညိဿရ အပါအ၀င် ဓမ္မဒူတ အရှင်တို့ဟာ ကိုယ်တိုင်လည်း သီလ၊ သမာဓိ၊ ပညာ အရည်အသွေးတွေ ပြည့်ဝတဲ့ ရွှေဒင်္ဂါးတွေ ဖြစ်ကြသလို အခြား တိဟိတ်လူသားတို့ရဲ့ ကံအမွေရ သတ္ထုနှစ်ပြားစီတို့ကိုလည်း “စာရေး၊ စာချ၊ တရားဟော၊ တရားပြ”ဆိုတဲ့ ဆရာ့အမွေ အတတ်ပညာတွေနဲ့ ရွှေစင် ရွှေရည်မြင့်တက်အောင် မြှင့်တင်ပေးနေကြတဲ့ ပင်ကြီး၊ ပွင့်သန်၊ မျိုးစေ့မှန်တဲ့ ဓမ္မဒူတမျိုးဆက်တွေပါ။

အဲဒီမျိုးဆက်သစ်တွေထဲက ဒီအရှင်မြတ်ဟာ ဆရာကောင်းတပည့်ပီသစွာ အတွင်းသားသတ္ထုများက ရွှေစင်အဖြစ် မြင့်တက်လာခဲ့သလို မွေးဖွားလာချိန်ကစပြီး ရေတွက်တဲ့ ရုပ်နာမ်ခန္ဓာ အစုအဝေးအားဖြင့်လည်း နှစ်ငါးဆယ်ပြည့်တဲ့ ရွှေရတုကာလကို ရောက်ခဲ့ပါပြီ။

လူ့ပြည်ရောက်တဲ့ နှစ်သက်တမ်းတွေ တစ်နှစ်ထက်တစ်နှစ် တိုးလာခဲ့တာကို တစ်ချို့ကတော့ အိုလာကြတယ်လို့ ထင်မှတ်အားငယ်ပြီး အသက်အရွယ်ကိုတောင် လျှော့ပြောတတ်ကြသူတွေကို တွေ့ရဖူးပါတယ်။ ဒါဟာ တကယ်တော့ ဘ၀အဓိပ္ဗာယ်ကို ရှာဖွေချင့်တွက်ပြီး အမှန်အကန်ကောက်ချက် မချတတ်ကြ လို့ ဂုဏ်ယူအားတက်စရာကို ကြောက်ရွံ့ အားပျက်စရာ ထင်နေကြတာ ဖြစ်ပါလိမ့်မယ်။

မိမိတို့မှာ ကိုယ်စီပါလာကြတဲ့ ကံအမွေရွှေဒင်္ဂါးနှစ်ပြားကို အရည်အသွေးတက်အောင် မမွမ်းမံ မပြင်ဆင်တတ်ကြတဲ့ သတ္ထုပြားပိုင်ရှင်များ အနေနဲ့တော့ သက်တမ်းတွေ ကြာလာတာဟာ အိုမင်းလာကြ တာပဲဖြစ်လို့ ကြောက်ရွံ့အားပျက်စရာ ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ ကံအမွေသတ္ထုနှစ်ပြားကို ရွှေသား ရွှေစင်ဖြစ်အောင် သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာ သုံးပါးနဲ့ အရည်အသွေး မြှင့်တင်တတ်ကြ သူများကတော့ သက်တမ်းတွေ ကြာလာတာနဲ့အမျှ ကြီးမားရင့်ကျက် လာတာကို သိမြင်ပွားများရင်း ဂုဏ်ယူ အားတက်နေကြမှာပါ။

“အိုမင်းတာနဲ့ ကြီးရင့်တာ ဘာများ ထူးလို့လဲ”လို့ တွေးထင်ကောင်း တွေးထင်မိကြပါလိမ့်မယ်။ သိပ်ကို ထူးပါတယ်။ အိုမင်းလာသူတွေ ဆိုတာ ကုသိုလ်မပြု၊ ကောင်းမှုမမွေ့၊ သတိမေ့ကြသူတွေဖြစ်လို့ “ပမာဒေါ မစ္စုနော ပဒံ = သတိမစိုး သူသေမျိုး”ဆိုတဲ့ ဓမ္မပဒဒေသနာ တော်အတိုင်း သေရာဖက်ကို နီးသွားသူများဖြစ်ပါတယ်။ ဒီလို အသက်ရှည် နေကြ သူတွေကို “အဖိုးအိုတွေ”လို့ ဆိုရမယ် ထင်ပါတယ်။ တန်ဖိုးတွေ လျော့ကျ အိုမင်းလာကြသူတွေ ဖြစ်လို့ပါ။

သီလ၊ သမာဓိ၊ ပညာ အရည်အသွေးတွေနဲ့ ရင့်ကျက်ကြီးမားလာသူများကတော့ “အပ္ဗမာဒေါ အမတံ ပဒံ = သတိအုပ်စိုး မသေမျိုး”ဆိုတဲ့ ဒေသနာအတိုင်း မသေရာနိဗ္ဗာန်နဲ့ ပိုပိုနီးလာကြသူတွေသာဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ အသက်ရည်နေကြသူတွေကိုတော့ “အဖိုးကြီးတွေ”လို့သာ ဆိုရပါလိမ့်မယ်။ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာတန်ဖိုးတွေ တိုးတက်ကြီးမားလာကြသူတွေ ဖြစ်လို့ပါ။

အခု ဂုဏ်ပြုပူဇော်ခံ အရှင်ပညိဿရလည်း ဒုတိယအမျိုးအစားထဲမှာပါဝင်တဲ့ ပုဂ္ဂိုလ်ဖြစ်လို့ နှစ်ငါးဆယ်ရတုမှသည် ရာပြည့်ရတုတိုင်အောင်အထိလည်း ဘယ်တော့မှ အဖိုးအိုမဖြစ်ဘဲ အဖိုးကြီးသာ ဖြစ်ပါစေလို့ ဆုတောင်းပတ္ထနာပွားရင်း ဒီစာတမ်းငယ်နဲ့ မုဒိတာတရားပါ ထပ်ဆင့်ပွားလိုက်ပါတယ်။


        ရွှေခြေလှမ်းတို့ မဂ်လမ်းမချော်၊ ရာပြည့်ကျော်၍ မွေ့လျော်နိဗ္ဗာန်တိုင်စေသော်။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)