ထာဝရမေတ္တာရှင်သို့ တမ်းချင်း
အမေဟာ အမေပါပဲ။ ။
ဇမ္ဗူတိုင်းမှာ အဖြေညှိပြရင်၊ အပူလှိုင်းဖြာဝေဒနိကတွေနဲ့ 
လူတိုင်းမှာ အမေရှိကြတယ်။
မရေမရာ ပဟေဠိတွေကြောင့် အသေအချာ အဖေမသိတောင်မှ၊
အမေရှိတယ်။
ချစ်သဒ္ဓါဝေကဲ၊ ပြည့်တန်ဆာ အမေလည်း အမေ။
အကြွေးကြွယ်လှတဲ့၊ ဈေးသည်မ အမေလည်း
အမေ။
အကြောင်းတရား အခြေမွဲ၊ သူတောင်းစားအမေလည်း
အမေ။
သမီးသားတွေ ကြီးထွားစေရော့လို့၊ စီးပွားအထွေထွေ
စိန်ရွှေ ပတ္တမြား အိမ်မြေကားနှင့်၊ ငွေသားအမွေ၊
ပေးနိုင်မှ အမေမဟုတ်၊
ယိုင်နဲ့ နဲ့ တဲအတွင်း၊ လှဲခင်းအိပ်နေစရာ
တိုးဖယ်ပေးခဲ့၊
အရိုးဟင်းတစ်ဖဲ့စီဝေ၊ ထမင်းရည် အတူတူသောက်၊
ဗိုက်မှောက်တော့အတူတူ
(ခြင်ထောင်မရှိ၊ခြုံစောင်မရှိ၊ ခင်းအိပ်စရာ
ဖျာလည်းမရှိလို့ )
ခြင်ကိုသွေးလှုအတူတူ၊ ကြမ်းပိုးသွေးလှူအတူတူ
အပူကိုမျှဝေခံစား၊ ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေရွှေအိုး၊ ရိုးသားမှုဂုဏ်သိက္ခာ၊
မေတ္တာအကြင်နာမှတစ်ပါး၊
အခြားပေးစရာ အထွေအထွေမွဲသော်လည်း၊
အမေဟာ အမေပဲလေ။ ။ (အောင်လှိုင်ထွန်း)
အမေဆိုသည်
လူတိုင်းနှင့် သက်ဆိုင်နေပါ၏။ လူတိုင်းလည်း ပိုင်ဆိုင်နေပါ၏။ လောကထဲတွင် အမေအမျိုးမျိုး
ရှိနိုင်ပါ၏။ ပညာတတ်အမေ၊ ပညာမဲ့ တောသူ အမေ၊ ဆရာဝန်အမေ၊ တောင်သူလယ်သူမ အမေ၊ သူဋ္ဌေး အမေ၊
သူတောင်း စား အမေ၊ သူတော်ကောင်း အမေ၊ ပြည့်တန်ဆာ အမေ၊ မြန်မာ အမေ၊ ကုလား အမေ၊ တရုတ်အမေ၊
အင်္ဂလိပ်အမေ၊ အမေရိကန်အမေ၊ အာဖရိကအမေ၊ လူအမျိုးမျိုး၏ အမေ၊
လူတန်းစားအမျိုးမျိုး အမေ စသည်အားဖြင့် ကွဲပြားကြ၊ ခွဲခြား ထားကြသော်လည်း သူတို့သည်
လောကထဲရှိ သား သမီးအားလုံးတို့၏ အမေများဖြစ်ကြ၏။ (အမေကို ဦးတည်၍ ဆိုသော်လည်း အဖေသည်လည်း
အတူတူပင်ဖြစ်ကြောင်း သဘောပေါက်ရပေမည်။)
ထိုအမေများသည် မိမိတို့၏ ကိုးကွယ်ဆည်းကပ်ရာ ဘုရား၊
တရား၊ သံဃာ၊ ဆရာတို့နှင့် တစ်တန်းတည်းထားကာ ကိုးကွယ်ထိုက် ပူဇော်ထိုက် သူများ ဖြစ်ကြ၍
အနန္တဂိုဏ်းဝင်များ ဖြစ်ကြပါ၏။ သားသမီးများ အပေါ်တွင် မကုန်ခမ်းနိုင်သော
မေတ္တာစစ် မေတ္တာမှန်နှင့် ဖြစ်ကြသူများ ဖြစ်ကြ၍ ထာဝရ မေတ္တာရှင်းများလည်း ဖြစ်ကြ၏။ အမေများ၏
ကျေးဇူးတရားကို မည်၍မည်မျှ ရှိသည်ဟု ဂဏန်းချ၍ ရေတွက်ခြင်းငှါ မစွမ်းနိုင်သောကြောင့်
အနှိုင်းမဲ့ ကျေးဇူး ရှင်များလည်း ဖြစ်ပါ၏။
အမေသည် အမေပင်ဖြစ်၍ ထိုမိမိ၏ အမေသည် မည်သို့သောအမေ
ဖြစ်နေပါစေ သား သမီးတို့ပေါ် လွန်စွာ ကျေးဇူးများ သောကြောင့် ပူဇော်ထိုက်၊ ရှိခိုးထိုက်၊
ကျေးဇူးဆပ်ထိုက်သည်သာတည်း။ တစ်ချို့က မိမိအမေသည် သူတောင်းစား အမေ၊ ပညာမဲ့ အမေ၊ တောသူတောင်သား အမေ စသည် အားဖြင့် ဂုဏ်မရှိ၊
ပညာမရှိ၊ ပစ္စည်း ဥစ္စာမရှိ၍ လူကြားသူကြားတွင် အမေ တော်ရမည်ကို ရှက်ကြ၏။ အမေ ခေါ်ရမည်ကို
မလိုလားကြပေ။ အမေ့တွင် ဆင်းရဲခြင်း၊ သီလမရှိခြင်း၊ ပညာမတတ်ခြင်းစသော ချွတ်ယွင်းချက်များ
ရှိကောင်း ရှိပေလိမ့်မည်။ ထိုအကြောင်းတို့ကြောင့် အမေသည် သားသမီးတို့ အပ်ါထားသော မေတ္တာ၊
အကြင်နာတရားများ ယုတ်လျော့ မသွားနိုင်သလို၊ အနန္တကျေးဇူးတရားတို့သည်လည်း
မည်သို့သော အကြောင်းကြောင့်မျှ နည်းပါး သွားမည် မဟုတ်ပါပေ။
အတိတ်က အတူပြုခဲ့ဘူးသော ကံရေစက်ကြောင့် ဤဘဝဝယ် အမေ
တော်ကြရ၊ သား သမီး တော်ကြရခြင်း ဖြစ်ပါ၏။ အမေကလည်း ကိုယ့်ထံ ရောက်ရှိလာမည့် သား သမီးကို
အကောင်းဆုံး၊ အတော်ဆုံး၊ အလိမ္မာဆုံးကို ရွေးလိုကြ၏။ သို့သော် ရွေးချယ်၍ မရပြီ။ သား
သမီးကလည်း မိမိ၏ အမေဖြစ်မည့်သူကို ချမ်းသာသော အမေ၊ ပညာတတ်သော အမေ၊ ဂုဏ်ရှိသော အမေ၊
အာဏာရှိသော အမေထဲမှ ရွေးချယ်၍ အမေတော်လိုကြပေလိမ့်မည်။ သို့သော် အမှန်တကယ်မူ ရွေးချယ်ပိုင်ခွင့်
မရှိကြပြီ။ မိမိတို့၏ အတိတ်က ပြုခဲ့ဘူးသော ကုသိုလ်ကံ၊ ရေစက်ကြောင့်သာ ယခုဘဝဝယ် ကြုံဆုံကြရ၊
အမေနှင့် သားသမီးအဖြစ် တော်စပ်ကြရခြင်း ဖြစ်ပါ၏။
သို့ဖြစ်၍ အမေဖြစ်သူက သားသမီးများအပေါ်
ချွတ်ယွင်းချက် တစ်စုံတစ်ရာရှိလျှင်သော်မှ ခွင့်လွှတ် သည်းခံကာ အချစ်မေတ္တာ မပျက်ဘဲ၊
ဆက်လက် ချစ်နိုင်ကြသလို၊ အမေ့ တာဝန် ကျေပွန်ကြသလို သား သမီးများဘက်ကလည်း မိမိ၏ အမေသည်
မည်သို့သော အမေဖြစ်နေပါစေ။ အမေသည် အမေသာဖြစ်၍ ပါတ်ဝန်းကျင်၊ ဂုဏ်သိက္ခာ၊ ပစ္စည်းဥစ္စာဟူသော
အကြောင်းကြောင့် အမေကို မစော်ကား သင့်ပေ။ အမေတို့၏ အနှိုင်းမဲ့ ဂုဏ်ကျေးဇူးကို မပြစ်မှားသင့်ပေ။
အမေ့မေတ္တာဖြင့်
လွှမ်းခြုံထားသော ဤလောက
အမေ…. ၊ လူတိုင်းမှာ အမေနှင့်
မကင်းကြ။ သားသမီးတိုင်းမှာ အမေရှိကြ၏။ အမေအကြောင်း ဆိုလျှင် လူတိုင်း စိတ်ဝင်စားကြ၏။
အမေသမိုင်းဆိုလျှင် လူတိုင်းခေါင်းထောင်ကြည့်ကြ၏။ အမေဇာတ်လမ်းဆိုလျှင် လူတိုင်း အလု
အယက် ကြည့်ကြ၏။ ပြီးလျှင် အမေမေတ္တာကို တသသခံစားပြီး သနား ကရုဏာပိုစွာ မျက်ရည်လည်ရွဲ
ငိုပွဲဆင်ရမြဲပင်။ အမေမရှိသူတို့သည် အမေကို သတိရ တမ်းတကာ အလွမ်းပိုမိကြ၏။ အဘယ့်ကြောင့်
ဤသို့ ခံစားချက်ခြင်း တူညီနေကြရသနည်း ဟူမူ..အမေသည် တစ်သီးပုဂ္ဂလ ပိုင်ဆိုင်မှု၏ သင်္ကေတ
မဟုတ်။ အများဆိုင် အများပိုင်သင်္ကေတ တစ်ခုသာဖြစ်၏။
အမေ့မေတ္တာသည်
သားသမီးတိုင်းအပေါ် လွှမ်းခြုံရစ်ပတ်ကာ အန္တရာယ် အပေါင်းမှ ကာကွယ်ပေး၍
အေးချမ်းကြည်လင် ချမ်းမြေ့မှုကို ဖြစ်စေသည် သာတည်း။ ကျွန်တော့်အမေ၊ ခင်ဗျားအမေ၊ သူ့အမေ၊
တစ်ခြား သူတို့၏ အမေ၊ လူသားအားလုံး၏ အမေ၊ ထိုထိုသို့သော အမေ အားလုံး၏ မေတ္တာတရားတို့ဖြင့်
လွှမ်းခြုံထားသော ဤကမ္ဘာလောကကြီးသည် ဘေးရန်အပေါင်းမှ ကင်းဝေးကာ ငြိမ်းချမ်း နေဦးမည်မှာ
သံသယဖြစ်ဖွယ် မရှိပါပေ။
အမေ့မေတ္တာတို့ဖြင့်
လွှမ်းခြုံကာ ဖွဲ့စည်းထားသော မိသားစုတွင်းဝယ် အခန့်မသင့်၍ ခိုက်ရန်ဖြစ်ကြလျှင်သော်မှ
အမေ့မေတ္တာရေနှင့် ဖြန်းပက်လိုက် လျှင် ချက်ချင်း ငြိမ်းပျောက်သွားမြဲပင်။ ကမ္ဘာလောကထဲဝယ်
လူသားတို့၏ လောဘ၊ ဒေါသ၊ အာဃာတများကြောင့် ခိုက်ရန်ဖြစ်မှုများ၊ စစ်ဖြစ်မှုများ ရှိနေ
စေဦးတော့ လူသားတိုင်း၏ အမေ့ မေတ္တာရေဖြင့် ဖြန်းပက်နိုင်မည်ဆိုလျှင် ဤကမ္ဘာ လောကကြီးသည်လည်း
အေးချမ်းငြိမ်သက်ကာ ဆက်လက်တည်တံ့ နေဦးမည်မှာ မြေကြီးလက်ခတ် မလွှဲပင်တည်း။ အမေ အားလုံးက
မွေးသော သားသမီးများက ဤကမ္ဘာလောကကြီးကို တည်ဆောက်နေကြ၊ အုပ်ချုပ် နေကြ၊ ဆက်လက် တည်တံ့အောင်
ဆောင်ရွက်နေကြသောကြောင့် ဤကမ္ဘာ လောကကြီးကို အမေများ၏ မေတ္တာတရားတို့ဖြင့် တည်ဆောက်ထားသည်၊
အုပ်ချုပ်နေသည်ဟု ဆိုလျှင်လည်း လွန်အံ့ မထင်ပါပေ။
အနှိုင်းမဲ့မေတ္တာရှင်
အဖေက သားသမီးတို့အပေါ်
ရဲရင့်နွေးထွေးသော မေတ္တာဓာတ်ကို ပေးသော ကြောင့် နေတစ်စင်းနှင့် အလားတူကြောင်းကိုလည်းကောင်း၊
အမေက အေးမြ သောမေတ္တာဓာတ်ကို ပေးသောကြောင့် လတစ်မင်းနှင်း အလားတူကြောင်းကို လည်းကောင်း
နှိုင်းယှဉ်ကြည့်နိုင်ပါ၏။
*အမေ့မေတ္တာ နှိုင်းဆိုရာသည် ညဥ့်အခါလရောင်ခြည်သာတည်း။
*အဖေ့မေတ္တာ ဥပမာသည်
နေ့အခါနေမင်းရောင်ခြည်သာတည်း။
မှန်ပါ၏။ နေမင်းသည်လည်း
အချိန်တန်တော့ အနောက်ဂေါယာကျွန်းသို့ ယွန်းရစမြဲ။ လမင်းသည်လည်း တစ်ခါတစ်ရံ “တိမ်ဖုံးပါလို့
လမသာ” ဆိုတာမျိုး ဖြစ်တတ်ပြန်၏။ မိဘတို့ မေတ္တာအလေင်းရောင်သည်ကား သားသမီးတို့ အပေါ်မှာ
အချိန်အခါမရွေး ရင်းသွေးများ၏ ဘဝလမ်းခရီးတစ်လျှောက်မှာ အမြဲတမ်း ထွန်းလင်းတောက်ပနေမည်သာ
ဖြစ်ပါ၏။ ထို့ကြောင့်ပင် မိဘတို့၏ ကျေးဇူးတရားကို ယှဉ်ပြိုင်လာသည့် အရာအားလုံး အရှုံးပေးသွားကြရစမြဲ။
အမေအဖေသည်
အနန္တော အနန္တ(၅)ပါးတွင်
ပါဝင်၏။ အမေအဖေ (သို့မဟုတ်) မိဘတို့၏ ကျေးဇူးတရား အဆုံးအပိုင်းအခြားမရှိအောင် များပြား
လွန်းသောကြောင့် “အနန္တ”ဟု စကားလုံး တစ်လုံးတည်း သုံးရသည်ကိုပင်
အားမရနိုင်၊ မကျေနပ်နိုင်သဖြင့် နောက်ထပ် “အနန္တ” တစ်လုံး
ဖြည့်စွက်သုံးကာ ပါဠိသဒ္ဒါနည်းအရ အလယ်တွင်သြသရထည့်၍ “အနန္တော
အနန္တ” ဟု သုံးနှုန်း ခေါ်ဝေါ်ခြင်းဖြစ်ပါ၏။ “ပရိယာယ်နှစ်ချက်ဆင့်
အနက်မြင့်ရမြဲ”တဲ့။ ပရိယာယ် တူပုဒ် နှစ်ခါထပ်ပြောလျှင် “အလွန်”ဟူသော အနက်အဓိပ္ပါယ်ထွက်၏။
ဥပမာ။ မဟာ- ကြီးသည်၊ မဟာ့မဟာ-အလွန်ကြီးသည် ဟူလို။ အဆုံးအပိုင်းအခြား မရှိအောင်၊ ရေတွက်ခြင်းငှါ
မစွမ်းသာအောင် ကျေးဇူးတရားတရား များပြားကာ နှိုင်းတု၍မရသောကြောင့် “အနှိုင်းမဲ့မေတ္တာရှင်”ဟု
အမေကိုတင်စားကာ ဂုဏ်ပြု ခေါ်ဝေါ်ခဲ့ကြပါ၏။ ထိုမိဘများသည် အနန္တောအနန္တ (၅)ပါးတွင် တစ်ပါး အပါအဝင် ဖြစ်ကြပါသည်။
အဘယ့်ကြောင့်
‘အနှိုင်းမဲ့မေတ္တာရှင်’ဟုဆိုသနည်း။ မိဘများသည် အနှိုင်းမဲ့ မေတ္တာရှင်များ ဖြစ်ကြ၏။ အဘယ့်ကြောင့်ဆိုသော်
မိဘများသည် သား သမီးများအပေါ်ထားသော မေတ္တာအတိုင်းအဆသည် နှိုင်းပြ၍ မရနိုင်ပေ။ လွန်စွာ
ကြီးမား ကျယ်ပြန့်လှပါ၏။ ထိုသို့ တိုင်းတာပြစရာ၊ နိုင်းပြစရာ ကင်းမဲ့ နေသောကြောင့်
မိဘမေတ္တာသည် ‘အနှိုင်းမဲ့’ ဖြစ်ပါ၏။ မိဘနှင့် သားသမီး အနေဝေးနေသော်လည်း မိဘမေတ္တာ၏ အစွမ်းကား
ထိုအဝေး တစ်နေရာမှာ ရောက်ရှိနေသော သားသမီးများအပေါ် မေတ္တာအကျိုး သက်ရောက်နိုင်သည် သာတည်း။
ထိုကြောင့် မိဘမေတ္တာသည် အနီး အဝေး နေရာ ဒေသကိုလည်း ကျော်လွန်နိုင်သည်သာတည်း။ မိဘမေတ္တာသည်
နံနက် နေ့ည မရွေး အကျိုးသက်ရောက်နိုင်ပါ၏။
သား သမီးများသည် အိပ်ပျော်နေလျှင်သော်မှ
မိဘအနားမှာရှိလျှင် သူတို့၏ စိတ်တွင် လုံခြုံ စိတ်မှုကို ခံစားရ၏။ မည်သို့သော စိုးရိမ်သောကမျှ
မရှိပေ။ ဘေးအန္တရာယ် ကင်းသည်ဟုလည်း ယုံကြည်နေ၏။ ဤသည်မှာ
မိဘမေတ္တာ၏ အစွမ်းကြောင့်ပင် ဖြစ်ပါ၏။ ဤသည်ပင် မိဘ မေတ္တာသည် နံနက် နေ့ ညဟူသော အချိန်ကာလကိုလည်း
ကျော်လွန်နိုင်သည် သာတည်း။ ထို့ကြောင့် မိဘများကို အနှိုင်းမဲ့ မေတ္တာရှင်များဟု ဆိုခြင်းဖြစ်
ပါသည်။ အမှန်မူ မိဘမေတ္တာသည် ဗြဟ္မာကဲ့သို့ပင် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာရှင်များ ဖြစ်ကြပါ၏။
ထို့ကြောင့် မိဘများကို အနှိုင်းမဲ့ မေတ္တာရှင် ဟုဆိုလျှင် အနှိုင်းမဲ့ ကရုဏာရှင်၊ အနှိုင်းမဲ့မုဒိတာရှင်၊
အနှိုင်းမဲ့ ဥပေက္ခာရှင် ဟုလည်း ဆိုရာရောက်သည်သာတည်း။
အစားထိုး၍
မရနိုင်သော အရာ
လောကမှာ ဥစ္စာ စီးပွါး၊
ပညာ အသိတရား၊ သြဇာ အာဏာ စသည်အားဖြင့် မည်သည့်အရာမဆို ပြုလုပ်ကောင်း ပြုလုပ်နိုင်ပါလိမ့်မည်။
အစားထိုး၍ ရကောင်း ရနိုင်ပါလိမ့်မည်။ လိုတိုင်းရ၊ တတိုင်း ပြည့်စုံကောင်း ပြည့်စုံပါ
လိမ့်မည်။ အမေ တည်းဟူသော မိဘမေတ္တာကိုမူ ဘယ်သော အခါမျှ အစားထိုး၍ ရနိုင်မည်မဟုတ်ပေ။
လင်သေလျှင် လင်စား ရနိုင်ပါ၏။ မယားသေ လျှင်လည်း မယားအစား ရနိုင်ပါ၏။ သားသမီး သေလျှင်သော်မှ
သားသမီး အစား ရနိုင်သည်သာ ဖြစ်ပါ၏။ အမေ သေသွားလျှင် အမေ့နေရာကိုကား အစားထိုး၍ ရနိုင်မည်
မဟုတ်ပေ။ အမေ မရှိတော့လျှင် အမေနေရာကို မည်သို့သော နည်းနှင့်မျှ အစားထိုး အတုပြုလုပ်၍
ရနိုင်မည် မဟုတ်ပါပေ။
အမေ့မေတ္တာသည်
အစားထိုး၍ မရသော မေတ္တာများသာ ဖြစ်ပါ၏။ အမေ့ မေတ္တာကို နှစ်နှစ်ကာကာ ခံစားရသူသည် မိုးကြီး
သည်းထန်စွာ ရွာသွန်းပါက မြစ်ချောင်း အင်းအိုင်တို့တွင် မိုးရေတို့သည် မို့မောက် ပြည့်လျှံရုံမက
ယိုဖိတ် စီးဆင်းကုန်ဘိသကဲ့သို့ မကုန်နိုင် မခမ်းနိုင်အောင် ပြည်လျှံစွာ ခံစားရပါ၏။
အမေ့မေတ္တာ မရှိတော့ဟု ဆိုလျှင်လည်း မည်သည့်ပစ္စည်း မည်သည့် အရာဝတ္ထုနှင့်မျှ အစားထိုး၍
မရနိုင်တော့ပေ။ မိဘသည် မည်သည့်နေရာတွင် မဆို ကိုယ်စားဝင်ယူနိုင်၏။ အမေနေရာကိုကား မည်သူမျှ
ကိုယ်စားမဝင် နိုင်ပေ။ ထိုကြောင့် အမေ့မေတ္တာသည် နေရာတိုင်းမှာ ရှိပြီး အမေ့မေတ္တာသည်
အရာအားလုံး၏ ကိုယ်စားပြု နိမိတ်ပုံပင်တည်း။
တောသူ တောင်သား
အမေအဖေ
မိမိအမေအဖေကား မြန်မာပြည်
အလယ်ပိုင်းက မန္တလေးတိုင်း၊ တောင်သာ မြို့နယ်တွင် မထင်မရှား ဇီးပင်ကန်ရွာဟူသော တောရွာလေးမှာ
နေထိုင်ပါ၏။ မိသားစု(၇)ယောက်တွင် ရှားရှားပါးပါး တစ်ဦးတည်းသောသား။ သို့ဖြစ်၍ အမေအဖေထင်မက
အစ်မ ညီမများကပါ ဝိုင်းချစ်ကာ အလိုလိုက်ခံရသော သား။ အမေတိုင်းသည် သားကို အားကိုးလိုသော်လည်း
မိမိအမေကတော့ ထိုသို့ မဟုတ်ပြီ။ သို့သော် လူပေလူတေ တစ်ယောက်ဖြစ်မည်ကို စိုးရိမ်၍လား၊
သားကို ရှင်ရဟန်း ဖြစ်စေလို၍လား မသိ။ ငယ်စဉ်ကပင် အမေ ပြောပြ သွန်သင် ဆုံးမခဲ့သော ပုံပြင်တို့သည်
ဘုရားဟော ဇာတ် နိပါတ်တော်များသာ။ အရွယ်ရောက်လာသောအခါ့ ရွာမှာ စာကြည့်တိုက် မရှိ၍ ရွာဦးကျောင်းမှ
အမေငှါးကာ သားကိုဖတ်စေသည်ကား ဇိနတ္ထပကာသနီခေါ် ‘ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်’ စာအုပ် ဖြစ်ပါ၏။
မိမိသည် ကိုရင်မဝတ်ခင် (၁၃)နှစ်သား အရွယ်တွင်ပင် ဇိနတ္ထပကာသနီကျမ်းကို ကုန်စင်အောင်
ဖတ်ပြီးခဲ့လေပြီ။
ထိုသို့သောနည်းဖြင့်
သား၏ စိတ်ဓာတ်တို့ နူးညံ့သိမ်မွေ့လာအောင်၊ မေတ္တာ ကရုဏာတရားတို့ တိုးပွါးလာအောင် အမေပြုစု
ပျိုးထောင်ပေးခဲ့ပါ၏။ လူအချင်းချင်း စာနာတတ်အောင်၊ အများအကျိုးကို ဆောင်ရွက် ကူညီတတ်
အောင် သင်ကြားပြသ ဆုံးမခဲ့၏။ (၅)ပါးသီလကို မြဲစွာ စောင့်ထိန်းတတ်အောင် ဇာတ်နိပါတ်များဖြင့်
သာဓကပြ ဆုံးမခဲ့၏။ အလုပ်အားချိန် ကျောင်းအားချိန် တွင် ရွာဦးကျောင်းသို့ သွားစေကာ
ဝေယျာဝစ္စများ ပြုလုပ်စေခြင်းဖြင့် ကုသိုလ် ယူစေခဲ့ပါသည်။ အမေ၏ ရည်ရွယ်ချက်ကား ရွာဦးကျောင်းဆရာတော်၏
“နောင်တစ်ချိန်တွင် ရှင်ရဟန်းဖြစ်မည့်သူ”ဟူသော မိန့်ကြားချက်ကြောင့်ပင် ဖြစ်ပါသည်။
ဆက်ပါဦးမည်.............
အရှင်ဥက္ကံသ သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A. (Buddhism)