အဖေ့နေရာကိုလည်း
အစားဝင်နိုင်သူ အမေ
အမေသည်
အရာအားလုံး၏ နိမိတ်ပုံဖြစ်၏။ အရာအားလုံးကို ကိုယ်စားပြု နိုင်၏။ နေရာတိုင်း အရာတိုင်းတွင်
အစားထိုးကာ ဝင်ရောက် နေရာယူနိုင်ပါ၏။ လိုအပ်လျှင် အဖေနေရာကိုသော်မှ အစားဝင်ကာ တာဝန်ယူနိုင်ပါ၏။
သို့သော် ထိုအမေ့ နေရာကိုမူမည်သူမျှ အစားဝင်ကာ နေရာယူပေးနိုင်မည် မဟုတ်ပါပေ။ ‘ပျော့လျှင်ဖယောင်း
မာလျှင်သံချောင်း’ဆိုသော စကားပုံအလား အမေသည် နူးညံ့သိမ်မွေ့သော သာမန်မိန်းမသား တစ်ယောက်ဖြစ်သော်လည်း
လိုအပ်လျှင် သားသမီးများ အတွက် အဖေနေရာ ကိုပင် အစားဝင်နိုင်သူ ဖြစ်ပါသည်။
အမေသည်
ရာဇဝင်မှာ စာတင်ကောင်းမှ တင်နိုင်ပေလိမ့်မည်။ အမရာ (မဟော်သဓါ၏မိန်းမ)၊
ကိန္နရီ(စန္ဒကိန္နရီ)၊ မဒ္ဒီ(ဝေဿန္တရာမင်းကြီး၏မိဖုရား)၊ သမ္ဘူလ(သောတ္တိသေနမင်းသား၏မိဖုရား)
တို့လို ‘တော်လေးဝ’
စာရင်း မသွင်း နိုင်သော်ငြားလည်း သားသမီးတိုင်း၏ နှလုံးသားဝယ် ထာဝရနေရာယူနိုင်သူမှာ
အခြားမဟုတ် အမေသာတည်း။
လူအများ၏
အတွေးထဲဝယ် အမေဆိုသည်မှာ အားနည်းပျော့ညံ့သူဟု တွေးထင်လေ့ ရှိကြသည်။ "သန်မာကြံ့ခိုင်မှု"
ဆိုသောစကားသည် အဖေများ အတွက်ဟု ထင်ထားခဲ့ကြသည်။ တကယ်တမ်း ဘဝထဲတွင် ဆင်းရဲဒုက္ခ၊ အခက်အခဲများနှင့်
ကြုံလာသောအခါ ထိုအခက်အခဲကို မတွန့်မဆုတ်၊ ကြံ့ကြံ့ ခံပြီး ရင်ဆိုင်နိုင်သူများသည် အားနည်းပျော့ညံ့သူဟု
လူများက ထင်ထားကြ သော အမေများပင် ဖြစ်နေတတ်ပါ၏။ အမေများသည် အထူးသဖြင့် သားသမီး များနှင့်
ပတ်သက်လာလျှင် ယောက်ျားများထက် ပိုမိုကြံ့ခံ၊ ပိုမိုသန်မာသော အင်အားများ ရှိနေတတ်ပါသည်။
စာရေးသူငယ်စဉ်က
လူမှန်းသိတတ်စ (၅)နှစ်သားအရွယ်တွင် အဖေနှင့် အမေတို့သည် အကြောင်းတစ်ခုကြောင့် လမ်းခွဲဖို့အကြောင်း
ဖန်လာခဲ့၏။ ထိုသို့လမ်းခွဲကြသောအခါ သားသမီး(၇)ယောက်လုံးက အဖေနှင့် တစ်ယောက် မျှ မနေခဲ့ချင်ကြပေ။
အားလုံးပင် အမေနှင်သာ အတူနေလိုကြသည်။ အဖေရော အမေပါ နှစ်ယောက်ပေါင်းကာ ဤသားသမီး(၇)ယောက်ကို
ရှာဖွေကျွေးမွေး ခဲ့စဉ်ကပင် စားနိုင်သောက်နိုင်ရုံသာ။ ယခုမူ သားသမီးများ အားလုံးသည်
အဖေနှင့် မနေချင်ခဲ့။ အမေ့နောက်လိုက်နေမည်ဟု သိရသောအခါ အနာဂတ် အခြေအနေကို ခဏမေ့ထားကာ
အမေ့ရင်၌ ကြည်နူးမိသည်မှာ ပြောမပြတတ် အောင်ပင်ဟု နောင်အချိန်တွင် အမေပြန်ပြောပြ၍ သိခဲ့ရသည်။
သားသမီး(၇)ယောက်ရှိသော
မိသားစုတစ်စုလုံးကို အမေတစ်ယောက် တည်းက ပုခုံးထမ်းကာ တာဝန်ယူခဲ့သည်။ အမေသည် မိမိချစ်သော သား သမီးများအတွက် မည်သို့သောအရာကိုမျှ
မမှုခဲ့ပေ။ ဘယ်လိုကြောက်ရွံ့မှုမျိုး၊ ဘယ်လိုအခက်အခဲမျိုးမှ အမေ၏ ခြေလှမ်းနှင့် ယုံကြည်မှုကို
ယိုင်လဲစေခြင်းငှါ မစွမ်းနိုင်ခဲ့ပါချေ။
အမေသည်
အဖေနှင့်လမ်းခွဲပြီး အမေ့အစ်ကိုများနေရာနှင့် နီးသော မြေကွက် တစ်ကွက်ကို ဝယ်ယူကာ အိမ်တစ်လုံးဆောက်ပြီး
သားသမီး(၇) ယောက်နှင့် အတူနေထိုင်ခဲ့ကြသည်။ အဖေမရှိ၍ တောင်သူလယ်ယာ လုပ်ငန်း ကို ဆက်မလုပ်တော့ပေ။
အမေသည် ဈေးတောင်းခေါင်းရွက်ကာ ရပ်တကာ ရွာတကာ လှည့်လည် ဈေးရောင်းပြီး သားသမီးများကို
ရှာဖွေ ကျွေးမွေးခဲ့၏။ ဈေးရောင်းနားချိန်တွင်လည်း အနားမယူခဲ့ပေ။ ဗိုင်း ချည် ဝါ လုပ်ငန်းများကို
အစ်မကြီးများနှင့်အတူ လုပ်ကိုင်ခဲ့လေသည်။
ဗိုင်း
ချည် ဝါ လုပ်ငန်းဟူသည် အဝတ်ထည် ယက်လုပ်ရန်အတွက် ဝါပင်မှ ဝါသီးများ ခြောက်၍ ကွဲထွက်လာ
သောအခါ ထိုဝါတို့ကို ခူးဆွတ်ရ၏။ နေလှမ်းကာ ခြောက်သွေ့လျှင် အစေ့ ထုတ်ပြီး ပွလာအောင်
စက်အကူအညီဖြင့် ဖွပေးရ၏။ တဖန် ပွလာသော ထိုဝါကို အတောင့်လေးများ ဖြစ်အောင် လိပ်ပေးရ၏။
ထိုဝါတောင့် (ဗိုင်းတောင့်) များကို ဝါချည်မျှင်များထွက်လာအောင် ဗိုင်းငင်ရ၏။ ထိုခြည်မျှင်များကိုသာ
အဝတ်အထည်ဖြစ်အောင် ယက်လုပ်ကြရပါ၏။ ဤသည်မှာ ဗိုင်းချည်ဝါ လုပ်ငန်းစဉ် အကျဉ်းမျှသာတည်း။
အစ်မကြီး
(၃)ယောက်မှာမူ ကျောင်းစာကို တစ်ဝက်တစ်ပျက်နှင့်ပင် ရပ်ထားကာ အမေကိုကူညီ လုပ်ကိုင်ပေးကြရလေသည်။
မိမိအပါအဝင် အငယ်(၄)ယောက်မှာမူ အမေ၏ ဆုံးဖြတ်ချက်ဖြင့် ကျောင်းဆက်တတ်ကာ စာသင်ခဲ့ကြသည်။
အဖေနှင့်နေခဲ့စဉ်က ကျောင်းတတ်ခဲ့သော သားသမီး များသည် ‘အမေနှင့် လိုက်နေမိသောကြာင့်
ကျောင်းဆက်မတတ်နိုင်တော့ ဆိုတာမျိုး မဖြစ်စေရဘူး’ တဲ့လေ။ ဤသည်ပင် သားသမီးတို့အပေါ်ထားသော အမေ့ယုံကြည်ချက် အမေ့မေတ္တာများပင် မဟုတ်ပါလော။ တစ်နည်းအားဖြင့်
လည်း အမေနှင့်အတူနေလို့ ပညာရေးမှာ ယုတ်လျော့ မသွားစေရဘူး၊ သား သမီးတွေ ပညာတတ်ကြီး ဖြစ်စေရမည်။
လူ့အောက် မကျစေရဘူး ဆိုသည့် မိခင်တစ်ယောက်၏ ထားသင့်သော မာနဟု ကင်ပွန်းတပ်မည်ဆိုက တတ်နိုင်
သည်သာ။
အမေသည်
အငယ်သားသမီးများကို ပညာတတ်ကြီး ဖြစ်စေခဲ့သလို အစ်မကြီးများကိုလည်း ကျောင်းပညာရေးကို
ပြီးဆုံးအောင် ဆက်လက် သင်ကြား မပေးနိုင်သော်လည်း ဘဝပညာရေးအတွက်မူ မလစ်ဟင်းစေခဲ့ပါပေ။
ဗိုင်း ချည် ဝါ ယက်ကန်းလုပ်ငန်းကို တစ်ဖက်ကန်းခတ် တတ်မြောက်အောင် သင်ပေးခဲ့ပြီး လက်တွေ့လည်း
ထိုလုပ်ငန်းဖြင့်ပင် မိသားစု၏ စီးပွါးရေးကို တစ် ဖက်တစ်လမ်းမှ ဖာထေးနိုင်၊ ကူညီနိုင်ခဲ့သည်သာတည်း။
ထိုစဉ်က မိမိတို့ ဝတ်ဆင်ခဲ့သော လုံခြည်၊ အင်္ကျီ၊ ခြုံသောစောင်၊ မျက်နှာသုတ်ပုဝါ၊ လက်သုပ်
ပုဝါနှင့် ကျောင်လွယ်အိတ်အားလုံးတို့သည် အမေယက်လုပ်ခဲ့သော အမေ့ လက်ဖြစ်များချည်းပင်တည်း။
ဤသည်ကို ကြည့်လျှင် အမေသည် လိုအပ်လာ လျှင် အဖေ့နေရာကိုလည်း အစားထိုးဝင်ရောက် တာဝန်ယူနိုင်ကြောင်း
အထူး တလည် ချဲ့ပြောဖွယ်လိုမည် မထင်ပါပေ။
မိသားစု
ထမင်းစားသည့်အခါ မိသားစုအားလုံး စုံညီမှသာ စားလေ့ရှိပါ၏။ ထိုသို့ထမင်းလက်ဆုံ စားခြင်းဖြင့်
မိသားစုစိတ်ဓာတ်ကို တိုးပွါးနိုင်သလို ညီတူညီမျှ နေထိုင်တတ်လာစေရန်လည်လည်း အထောက်အကူပြုကြောင်း
သိနိုင်ပါ၏။ ထို့ထက်အရေးကြီးဆုံးကား ထမင်း ဟင်း မလောက်ငမှုမှလည်း ကင်းဝေးစေပါသည်။ မလောက်ငလျှင်
ရှိအတူ မရှိအတူ သာတူညီမျှ စိတ်ဓာတ်ဖြင့် ဝေငှစားခဲ့ကြရသည်သာ။ များသောအားဖြင့် အမေသည်
သား သမီးများကို ဦးစားပေးကာ စားစေခဲ့သည်သာ။ သူကိုယ်တိုင်ကမူ အိုးကြွင်း အိုးကျန်လေးများကို
ထမင်းဖြင့်လူးကာ စားခဲ့သည်ချည်းပင်။ တစ်ခါတစ်ခါ ဟင်းမလောက်ငမှန်းသိလျှင် "သားတို့စားပါ။
သမီးတို့ပဲ စားပါ။ အမေက ခုနက မှ ထမင်းချက်ရင်း ထမင်းကြမ်းလေးစားထားလို့ သိပ်မဆာဘူး"ဟု
အမေသည် သားသမီးများကို ငဲ့ကာ မုသားစကားလည်း ပြောတတ်ပါ၏။
ထိုသို့ပြောခြင်းမှာ
လိမ်ပြောချင်လို့ ပြောခြင်းမဟုတ်ပါ။ မုဆိုးမ မိခင်ကြီးက ဦးဆောင်နေရသော နွမ်းပါးလှသည့ှ် မိသားစုဝယ် မလောက်မင တိုင်းကာချက်ရ၍ သားသမီးများ
စိတ်ဖြောင့်ဖြောင့်ဖြင့် စားနိုင်စေရန် ‘အမေက သိပ်မဆာဘူးရယ်’ဟု တမင် ပြောခြင်းဖြစ်ပါ၏။
အမေကိုယ်တိုင်ကမူ ဟင်းကျန် ထမင်းကျန်လေးဖြင့်သာ စားကာ သားသမီးများ စားသည်ကို ကြည့်ရင်း
ဝမ်းသာမှုပီတိများဖြင့်သာ တင်းတိမ် ရောင့်ရဲနိုင်သော အမေ့မေတ္တာ။ ထိုသို့သော အမေ့ မေတ္တာကို
သားသမီးတိုင်းက ကောင်းကောင်း နားမလည်ကြ။ သဘောမပေါက်ကြပေ။
ဤသို့ဖြင့်
(၅)နှစ်ကြာမျှ သားသမီး(၇)ယောက်အတွက် အဖေ့နေရာကို ယူကာ မိသားစု တာဝန်ကို ထမ်းဆောင်နေရသည့်
အမေ့အဖြစ်ကို မကြည့်ရက် သော အဖေသည် သူ့အမှားကို ဝန်ချတောင်းပန်ကာ ရွာလူကြီးများကို
သက်သေထားပြီး အမေနှင့် သားသမီးများအားလုံး အိမ်ပြန်လာကာ အတူနေ စေရန် စေ့စပ်ကာ ရန်မီးငြိမ်းစေခဲ့ပါ၏။
ဤအချိန်တွင် အမေသည်လည်း မာနကို ခဝါချလို့ သားသမီးများ၏ နောင်ရေး၊ မိသားစုများ ပျော်ရွှင်
ချမ်းမြေ့ သာယာစေရေးကိုသာ အဓိကထား စဉ်းစားခဲ့ကြောင်း ထင်ရှားလှပါ၏။
“ကြံ့ခိုင်သော
မိခင်တစ်ဦးက သားသမီးတွေကို အခက်အခဲနှင့် ရင်ဆိုင်ရ သောအခါ တွန့်ဆုတ်မသွားစေရန် သင်ပေးနိုင်သည်။
သဘောထားကြီးမြတ် သော မိခင်တစ်ဦးက သားသမီးများ၏ အနာဂတ်ကို မျှော်လင့်ချက်တွေနှင့် ပြည့်စေနိုင်သည်။
ကြင်နာတတ်သော မိခင်တစ်ဦးက သားသမီးတွေကို မေတ္တာ ကရုဏာနှင့် စာနာရိုင်းပင်းမှုကို ရရှိစေသည်။
တည်ငြိမ်သော မိခင် တစ်ဦးက သားသမီးများကို ကြိုးစားမှု ဝီရိယရှိစေသည်။
နူးညံ့
သိမ်မွေ့သော မိခင်တစ်ဦး က သားသမီးများ၏ ဘဝဝယ် သူတစ်ပါးကို နိုင်ထက်စီးနင်းပြုမှုကို
ကင်းဝေး စေကာ လူလူချင်း ကူညီတတ်သည့် အရည်အသွေးကို အရိပ်ထင်စေသည်။ ပညာဗဟုသုတ ကြွယ်ဝသော
မိခင်တစ်ဦးက သားသမီးများကို နက်နဲသော တွေးတောကြံဆမှုတို့ကို ရစေသည်” တဲ့။ တရုတ်စာရေးဆရာ
(ping zhong sha) ၏ အမေ့မေတ္တာအပေါ် ခံစားချက်များ ဖြစ်ပါ၏။ အမှန်တကယ်လည်း မိဘမေတ္တာကို
တကယ် နှစ်နှစ်ကာကာ နားလည်သူတိုင်း ထိုအဆိုသည် မိဘမေတ္တာ၏ လေးနက်မှု၊ ကျယ်ဝန်း နက်ရှိုင်းမှုကို
ကိုယ်စားပြုနိုင်ကြောင်း လက်ခံကြ နားလည်ကြ သဘောပေါက်ကြမည်သာ ဖြစ်ပါသည်။
အမေ၏ပြုစုပျိုးထောင်မှုအောက်ဝယ်
ငယ်ရာကနေ ကြီးပြင်းလာသော မိမိ၏ ဘဝလမ်းတစ်လျှောက်တွင်
အခက်အခဲကြုံလာလျှင် ရဲရဲရင့်ရင့် ရင်ဆိုင် တတ်ရန်၊ မဆုတ်မနစ်ကြိုးစားတတ်ရန်၊ အမေ၏ အပြုအမှု၊ အမေ၏ အတွေး၊ အမေ၏ ကိုယ်ကျင့်တရား၊
အမေ၏ မေတ္တာ၊ အမေ၏ အကြင်နာ စသည်တို့က သားသမီးများအပေါ် များစွာအကျိုး သက်ရောက်စေနိုင်ကြောင်းကို
ကိုယ် တွေ့ကြုံတိုင်း သိလာရ၊ သဘောပေါက်လာခဲ့ရပါသည်။
‘ဟယ်ရီထရူမင်း’
က ပြောခဲ့ဘူးသည်။ “အမေ့နေရာကို ဘယ်သူ တစ်ဦးယောက်နဲ့မှ အစားထိုးလို့ မရနိုင်ပါဘူး။
သင်မှားချင် မှားမယ်၊ မှန်ချင် မှန်မယ်။ ဒါပေမယ့် အမေရဲ့အမြင်မှာတော့ သင့်ဖက်က အမြဲမှန်တယ်လို့
မြင်တယ်။ အမေဆိုတာ သားသမီးတွေရဲ့ သေးသေးငယ်ငယ် အပြစ်လေးတွေ အတွက် မြည်တွန် တောက်တီးကောင်း
တောက်တီးမယ်။ ဒါပေမယ့် သားသမီးတွေရဲ့ ကြီးမားတဲ့ အပြစ်တွေအတွက်တော့ ဘယ်သောအခါမှ ပြစ်တင်စကား
ဆိုမယ် မဟုတ်ပါ။
အမေဆိုတာ
ခွင့်လွှတ်အနစ်နာခံတတ်မှုရဲ့ ဥပမာတစ်ခုပါ”တဲ့။ မိမိငယ်စဉ်က တစ်ခုခု လုပ်စဉ် အမှားယွင်းဖြစ်ကာ
အဖေနှင့် ထိပ်တိုက် ရင်ဆိုင်ရတိုင်း၊ အထူးသဖြင့် အဖေက သားကို အပြစ်ဆိုတိုင်း၊ ဆူငေါက်တိုင်း
မှားမှားမှန်မှန် သားဘက်က ကြံ့ကြံ့ခံကာ အမြဲ ရပ်တည်ပေးသူမှာ အခြားသူ မဟုတ်။ အမေပင်တည်း။
ထို့ကြောင့် အမေဆိုသည်ကို နှိုင်းပြစရာအတွက် စကားလုံး ဥပမာ ရှာ၍ မရနိုင်ပါပေ။
‘ဆိုဖီယာလောရင်’
ဆိုသော အမျိုးသမီးကြီးတစ်ဦးက ပြောဘူး၏။ "သင်ဟာ မိခင်တစ်ယောက် ဖြစ်နေတယ်ဆိုရင်
သင့်အတွေးထဲမှာ ဘယ်သော အခါမှ တစ်ယောက်ထဲ အတွက် ဆိုတာ မရှိနိုင်ပါဘူးတဲ့။ မိခင်ဆိုတာ
အမြဲတမ်း နှစ်ယောက်အတွက် တွေးတတ်တယ်။ တစ်ယောက်က သူကိုယ်တိုင်အတွက်နဲ့ နောက်တစ်ယောက်ကတော့
သူ့ရဲ့ သားသမီးများအတွက်ပါ"တဲ့။
မိမိတို့
သား သမီးများကရော ထိုသို့တွေးဘူးပါသလား။ အမေများ တွေးသလို နှစ်ယောက် အတွက်များ တွေးခဲ့ဘူးပါသလား။
မြတ်နိုးနှစ်သက်သော အရာတစ်ခုကို ကိုယ့်အတွက် စဉ်းစားသောအခါ "ဒါလေးကိုတော့ ဒို့အမေလည်း
နှစ်သက် မှာပဲ။ ဒီအစားအစာတော့ အမေ အရမ်းကြိုက်မှာပဲ"ဟု အမေ့အတွက်ဆိုသော အတွေး
ဘယ်နှစ်ခါများ သားသမီးများက တွေးခဲ့ဖူးပါသလဲ။ ပြန်လည် စဉ်းစား ကာ မိဘမေတ္တာ၏ အရေးပါမှုကို
အချိန်မနှောင်းခင် နားလည်သင့်ပါ၏။
အမေက နူးညံ့စေ၊
အဖေက ကျားကျားယားယားဖြစ်စေ
အမေကာ
သားကို နူးညံ့သိမ်မွေ့အောင်၊ ညှာတာ သနားတတ်အောင်
သင်ပေးခဲ့၏။ အဖေက ယောက်ျားပီပီ ကျားကျားယားယား ဖြစ်စေအောင် သင်ပေး၏။ ကျောင်းအားချိန်တွင်
အဖေကို ကူညီကာ တောင်သူလယ်ယာ လုပ်ငန်းကိုလည်း ဝင်ရောက် လုပ်ကိုင်ခဲ့ရ၏။ တောင်သူ လုပ်ငန်းဖြစ်၍
နွားများနှင့် အမြဲအတူတကွ လုပ်ကိုင်ရသောအခါ မိမိ၏ မေတ္တာ ကရုဏာထား သနားတတ်သော စိတ်ဓာတ်ကြောင့်
နွားများအပေါ်တွင်လည်း ညှာတာ သနားစိတ် ဝင်မိတတ်၏။
ထိုသို့ဖြစ်နေသော မိမိကို အဖေရှုမြင်သည်ကား ပျော့ညံ့သည်တဲ့။ ယောက်ျာဆိုတား ကျားကျားယားယား
ရှိရမည်၊ ကြမ်းသင့်က ကြမ်းရမည်တဲ့။ အဖေ၏ ဆိုလိုရင်းကို သဘောပေါက်သော်လည်း မိမိသည် ထိထိုညှာတာ သနားသောစိတ်ကို မပြောင်းလဲနိုင်ခဲ့ပါပေ။ အမေက
မေတ္တာ ကရုဏာထား သနားတတ်အောင် သင်ပေးခဲ့၏။
အဖေက
လိုအပ်လျှင် ကြမ်းသင့်က ကြမ်းရမည်ဟုဆို၏။ ထိုမတူညီသော နည်းလမ်း (၂)မျိုးတွင် မိမိ လိုက်နာကျင့်သုံးမိသည်ကား
အမေ၏ အယူအဆသာတည်း။ အဖေ့ကို အားနာ မိသော်လည်း ထိုကိစ္စအတွက် မိမိနောင်တ မရမိပါပေ။ ထိုနည်းလမ်း(၂)မျိုး
သည် တစ်ပြိုင်နက် လိုက်နာလုပ်ကိုင်၍ ရနိုင်သည်မဟုတ်ပါပေ။ တစ်ခုလို ချင်လျှင် ကျန်တစ်ခုကို
စွန့်လွှတ်ရမည်သာတည်း။ ထို(၂)မျိုးတွင် မိမိကိုယ်တိုင် သဘောကျနှစ်ခြိုက်သော အမေသင်ပေးသည့်
လမ်းကိုသာ ရွေးခဲ့မိပါသည်။ အဖေက လောကအကြောင်း၊ လူတွေအကြောင်း၊ အလုပ်အကြောင်း၊ တောင်
သူလယ်သမားဘဝအကြောင်း စသည်တို့ကို စနစ်တကျ သိစေရန် ငယ်စဉ်က ပင် လေ့လာစေခဲ့၏။ သင်ယူစေခဲ့၏။
လက်တွေ့လုပ်စေခဲ့ပါသည်။
ဤသည်ပင်
မိမိဘဝ တစ်ဆစ်ချိုးပြောင်းကာ လူ့ဘောင်ကို ခွါရှောင်၍ ရဟန်းဘဝကို ရောက်စေခြင်း၏ အခြေခံ
အကြောင်းပင် ဖြစ်ပါ၏။ မိမိ သာသနာ့ဘောင်သို့ ကူးပြောင်းသွားသောအခါ ရွာသူရွာသားတို့ကြားဝယ်
“ဒီကိုယ်တော်ကတော့ လူပြန်ထွက်မှာ မဟုတ်တော့ဘူး။ လူ့ဘဝအကြောင်း၊ တောင်သူလယ်ယာ လုပ်ငန်းအကြောင်း
ကောင်းကောင်းသိပြီး ထွန်ထောင်ပြီးမှ သာသနာ့ဘောင် ဝင်သွားလို့” ဟူ၍ ပြောစရာ စကားတစ်ခု
ကျန်ရစ်ခဲ့ပါသတဲ့။
အမေရည်မှန်း
ရှင်ရဟန်း
ထိုသို့သော
သားသည် လောကလူ့ဘောင်ကို ခွါရှောင်၍ ရှင်ရဟန်းပြုကာ သာသနာ့ဘောင်ကို ဝင်ရောက်လာခဲ့သောအခါ
အမေအဖေ အစ်မညီမများ၏ မိမိအပေါ်ထားသော မေတ္တာတရားကို များစွာ နားလည်ခဲ့ရပါ၏။ အထူးသဖြင့်
တစ်ဦးတည်းသော သားပေါ် မျှော်လင့်ချက်များစွာ ထားရှိခဲ့သော အဖေ့ မေတ္တာကို များစွာအားနာရသလို၊
အမြဲတမ်း သားကို အရိပ်တစ်ကြည့်ကြည့်ဖြင့် ဝမ်းသာခြင်းပီတိဖြင့် တင်းတိမ်နေခဲ့သော အမေကိုလည်း
ခွဲခွါလာရသည်မှာ အမှန်ပင် စိတ်မချနိုင်ခဲ့ပါပေ။
သို့ဖြစ်၍
ရှင်ရဟန်းဘဝဖြင့် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ဣစ္ဆာသယ ကျောင်းတိုက်၊ ရွာမပရိယတ္တိ
စာသင်တိုက်များတွင် ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း တို့ကိုလည်းကောင်း၊ နိုင်ငံတော်
ပရိယတ္တိ သာသနာ့တက္ကသိုလ်တွင် သာာသနတက္ကသီလ ဓမ္မာစရိယ B.A. (Buddhism) ဘွဲ့၊ သာာသနတက္ကသီလ
မဟာဓမ္မာစရိယ M.A.(Buddhism)ဘွဲ့ တို့ကို လည်းကောင်း ရယူစဉ်က စားမေးပွဲဖြေပြီးတိုင်း
နွေရာသီ ကျောင်းပိတ်စဉ်ဝယ် သူငယ်ချင်းများက သူတို့ရပ် သူတို့ဒေသဆီသို့ အလည်ခေါ်သည်ကိုပင်
မလိုက်နိုင်ဘဲ၊ အမေ့မေတ္တာ နားလည်သောသားဖြစ်၍ အမေ့ဆန္ဒကို ဖြည့်ဆီး ပေးသောအနေဖြင့် အမေတွေ့မြင်ချင်သော
သားရဟန်း တစ်ခြား ဘယ်အရပ် ကိုမျှ မသွားဘဲ အမေ့ရွာ အညာဒေသကိုသာ အမြဲ ပြန်လာခဲ့သည်မှာလည်း
မိသားစု အားလုံးလည်းအသိပါ။ အမေလည်း ပီတိဖြစ်ကာ ဝမ်းသာခဲ့တာ မြင်ရတော့ သားရဟန်း ရွာပြန်လာရကျိုး
နပ်တယ်လို့ မှတ်ယူခဲ့ပါတယ်အမေ။
ဒေသ အကွာအဝေးကို
ကျော်လွန်နိုင်သော အမေ့မေတ္တာ
မိမိသည်
ရန်ကုန်တက္ကသိုလ်တွင် ကျောင်းတက်စဉ်က ဖြစ်စဉ် သာဓက လေးပင် ဖြစ်ပါ၏။ တစ်နေ့တွင် အစားမှား၍ထင့်၊
တစ်ညလုံး အထက်လှန် အောက်ရှော ဖြစ်တော့သည်။ အန်လိုက် ဝမ်းသွားလိုက်ဖြစ်ကာ (၅)ကြိမ် မြောက်သောအခါတွင်
ခန္ဓာကိုယ်လည်း မျှော့မျှော့သာ ကျန်တော့သည်။ မနက် လင်းလျှင် သူငယ်ချင်း (၂)ယောက်၏ ပခုံးပေါ်ကို
တွဲကာမှီခိုလျှက် တက္ကသိုလ် ဆေးရုံသို့ ပြေးရတော့သည်။ ဆရာဝန်က အကျိုးအကြောင်း မေးမြန်းကာ
“စိုရိမ်စရာ မလိုကြောင်း၊ ဆေးသွင်းပြီး တစ်ရက်လောက် အနားယူလိုက်လျှင် ပျောက်သွားမည်
ဖြစ်ကြောင်း” ပြော၍ ထိုဆေးရုံတွင် တစ်ရက်တစ်ည နေကာ ဆေးကုသခံခဲ့ရပါ၏။
နောက်တစ်နေ့ ဆေးရုံကုတင်ပေါ်တွင် အနားယူနေရာမှ မျက်စိ
ဖွင့်ကြည့် သောအခါ တွေ့လိုက်ရသော မြင်ကွင်းကား မယုံနိုင်အောင်ပါတည်း။ မိမိအိပ် နေသော
ဆေးရုံကုတင်ဘေးတွင် စောင့်ရှောက်ပေးနေသူကား အခြားမဟုတ် ပါပေ။ ရွာမှ လိုက်လာသော အမေပင်တည်း။
“အမေ
ဘယ်လိုလုပ် သား ဆေးရုံတတ်နေတာ သိသလဲ” ဟူသော အမေးကို အမေ အဖြေပေးသည်ကား “အိပ်မက်ထဲတွင်
သားဆေးရုံ တတ်နေရ သည်ကို ထင်ထင်ရှားရှား မြင်မက်၍ လိုက်လာခဲ့ခြင်းပါ”တဲ့။
မိမိသည်
အမေ့ရွာမှ ထွက်လာကာ ရန်ကုန်မြို့တွင် နေထိုင်စဉ် (၁ဝ)နှစ် ကျော် ကာလအတွင်း တစ်ခါမျှ
ဆေးရုံ ဆေးခန်း မရောက်ဘူးခဲ့ပေ။ ယခုမူ သားဆေးရုံ တတ်ရ၍ အမေရန်ကုန်လိုက်လာခြင်းသည် ဖြစ်ရိုးဖြစ်စဉ်ဟု
ဆိုသော် ဆိုနိုင်ပါ၏။ သို့သော် မိမိ ဆေးရုံတတ်ရသည်မှာလည်း ခဏသာဖြစ်၍ မည်သူ့ကိုမျှ အကြောင်းမကြား၊
အသိ မပေးခဲ့ပါပေ။ ခရီးမိုင်ပေါင်းများစွာ ဝေးကွာသော ရွာမှ အမေကို အကြောင်းကြားရန်မှာမူ
သာ၍ပင် မစဉ်းစားမိ သော အကြောင်း ဖြစ်ပါ၏။ သို့သော် ထိုမိုင်(၄ဝဝ)ကျော်မျှ ကွာဝေးသောရွာမှ
အမေက မည်သူကမှ အကြောင်း မကြားသော်ငြားလည်း သိရှိကာ သားထံ အပြေးရောက်လာခဲ့ပြီကောလေ။
ဤနေရာတွင်
ဘာကြောင့် ညာကြောင့် စသည်ဖြင့် လူအမျိုးမျိုးတွင် အမြင်အမျိုးမျိုး၊ သုံးသပ်ချက်အမျိုးမျိုး
ရှိနိုင်သော်လည်း မိမိအမြင်အရ ပြောရလျှင် သားအပေါ်ထားသော အမေ့မေတ္တာ၏ အစွမ်းကြောင့်ပါတည်း။
အမေ့မေတ္တာသည် အလှမ်းဝေးကွာ နေသော်လည်း သားအပေါ်တွင် အမြဲတမ်း အကျိုးသက်ရောက်နေသောကြောင့်
သား၏အခြေအနေကို အမေဖြစ်သူက အစစအရာရာ သိရှိနိုင်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် မိခင်မေတ္တာသည်
သားနှင့် မိုင်(၄ဝဝ)ကျော် ကွာဝေးနေစေကာမူ မိမိသား ဘာဖြစ်နေသည် ဆိုသည်ကို သိရှိနိုင်သည်သာတည်း။
ဤသည်ပင် မိခင်မေတ္တာ၏ နေရာဒေသ အကွာ အဝေးကိုလည်း ကျော်လွန်နိုင်ကြောင်းကို ပြဆိုသော သက်သေသာဓကပင်
မဟုတ်ပါလော။
ဆက်ပါဦးမည်...............
အရှင်ဥက္ကံသ သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A. (Buddhism)