ဗုဒ္ဓ၏ ထမင်းချက်နည်း
စိတ်သည်ဆုံးမရန်အလွန်ခက်၏။ အလွန်လျင်မြန်၏။ ရောက်ချင်ရာသို့ေ၇ာက်တတ်၏။ ထိုစိတ်ကိုယဉ်ကျေးအောင်ဆုံးမနိုင်လျှင်ကောင်း၏။ ယဉ်ကျေးသောစိတ်သည် ချမ်းသာကိုဆောင်နိုင်၏။
စိတ်ဟူသည်ယဉ်ကျေးအောင်ဆုံးမရန်အလွန်ခက်၏။ စိတ်ကိုသူ့အလိုအတိုင်း အထိန်းအကွပ်မရှိဘဲလွှတ်ပေးခြင်းအားဖြင့်လည်းဆုံးမရန်မသင့်။ ထိုသို့ ဆုံးမသော နည်းသည်မှန်ကန်သောနည်းမဟုတ်။ ထိုနည်းဖြင့် စိတ်ကို ဆုံးမခြင်းဖြင့် စိတ်သည် ယဉ်ကျေးမလာဘဲပို၍ရိုင်းသွားမည်ဖြစ်၏။
ပို၍ရိုင်းသည်နှင့် အမျှပို၍လည်း ထကြွ သောင်းကျန်းလာမည်ဖြစ်၏။ ထိုကြောင့်ထိုဆုံးမနည်းသည် (အစွန်း) ရောက်သော ဆုံးမနည်းဖြစ်၏။ ထိုသို့သောအစွန်းရောက်ဆုံးမနည်းကို ကာမသုခလ္လိကနုရောဂနည်းဟုဆိုရ၏။
စိတ်ကိုယဉ်ကျေးလာအောင်အတင်းအဓမ္မဖိနှိုပ်ချုပ်ချယ်ပြီးဆုံးမ၍လည်းမရ။ ထိုသို့ အတင်းအဓမ္မဖိနှိုပ်ချုပ်ချယ်ဆုံးမလိုက်ပါကလည်း ထိုသို့ဆုံးမခြင်းသည်စိတ်၏ သဘာဝ ကိုတိုက်ခိုက်ရာရောက်၏။ အမှန်အားဖြင့်သဘာဝသည် အတိုင်းမသိကြီးမားသော စွမ်းအင်ရှိ၏။ ထိုကြောင့် သဘာဝကို တိုက်ခိုက်လျှင် တန်ပြန်သက်ရောက် (အား) ၏ နိယာမအရ သဘာဝကလည်းပြန်လည် တိုက်ခိုက်လာမည်ဖြစ်သည်။
ထိုအခါ စိတ်သည် ယဉ်ကျေးမလာသည့်အပြင်ကသောင်းကနင်းဖြစ်လာမည်ဖြစ်၏။ ကသောင်းကနင်းဖြစ်ခြင်း ဟူသည်မှာစိတ်၌ရောဂါရခြင်းပင်ဖြစ်၏။ စိတ်၌ရောဂါရလျှင် စိတ်ဝေဒနာရှင် စာရင်းသို့ေ၇ာက် သွားနိုင်၏။ဤနည်း သည်လည်းမှန်ကန်သော နည်းမဟုတ်။ အစွန်းေ၇ာက်သော နည်းသာလျှင်ဖြစ်၏။ ထိုနည်းသည် အတ္တကိလမထာနုရောဂအတွင်းဝင်၏။
ထိုကြောင့်စိတ်သည်ဆုံးမရအလွန်ခက်သောစိတ်ဖြစ်ပါ၏။ ထိုစိတ်ကိုယဉ်ကျေးအောင်ဆုံးမရာ၌ မဇ္ဈိမပဋိပဒါကျဖို့လို၏။ မဇ္ဈိမပဋိပဒါကျ ပါမှလည်း ဆုံးမနည်းမှန်ကန်ပြီး စိတ်သည် ယဉ်ကျေး လာမည်ဖြစ်၏။
မဇ္ဈိမပဋိပဒါကျသော ဆုံးမနည်းကိုထမင်းချက်သည်နှင့်ဥပမာပြနိုင်၏။
စိတ်က ဆန်၊သဒ္ဓါက အိုး၊သမာဓိက ရေ၊၀ီရိယက မီး၊သတိက ယောက်မ၊
ပညာက ထမင်းချက်သူ၊ဒါန သီလ ဘာဝနာက ဖိုခုံလောက်သုံးခု။
ထမင်းနပ်မှ အာဟာရဖြစ်သလို၊စိတ်ယဉ်ကျေးမှချမ်းသာ၏။
ထိုကြောင့်ဆန်နှင့်တူသောစိတ်ကို
အိုးနှင့်တူသောသဒ္ဓါ၌ထည့်ရ၏။ ထိုနောက်ရေနှင့်တူသောသမာဓိကိုအလောတော်ထည့်ရ၏။ ဒါန သီလ ဘာဝနာတည်းဟူသော ဖိုခုံလောက်သုံးခုပေါ်၌တင်ရ၏။ မီးနှင့်တူသောဝီရိယကို
ရေနှင့်လိုက်အောင်ထိုးရ၏။ ယောက်မနှင့်တူသောသတိနှင့်မပြတ်မွှေရ၏။ ချက်သူနှင့် တူသောပညာက နပ်သည်မနပ်သည်ကိုကြည့်ရ၏။ နပ်သောထမင်းသည်သာ အာဟာရိုဖြစ်စေနိုင်သလို၊ယဉ်ကျေးသောစိတ်သည်သာချမ်းသာကိုဖြစ်စေနိုင်၏။
စိတ်ကိုယဉ်ကျေးအောင်ဆောင်ရွက်ရာတွင်ဣနြေ္ဒငါးပါးညီညွတ်အောင်ထားရ၏။
သဒ္ဓါနှင့်ပညာကတစ်တွဲ။
ဝီရိယနှင့်သမာဓိကတစ်တွဲ။
သတိကမူအားလုံးအပေါ်၌ရှိရ၏။
သတိဟူသည်ပိုသည်မရှိ၊လိုသည်သာရှိ၏။
သဒ္ဓါနှင့်ပညာတို့ကအပိုအလိုရှိတတ်၏။ ထိုကြောင့်အပိုအလိုမရှိ
မျှအောင်ဆောင်ရွက်ရ၏။
ထိုသို့ဆောင်ရွက်မှသာစိတ်သည်ယဉ်ကျေးမည်ဖြစ်၏။
ဣနြေ္ဒငါးပါးမျှအောင်ဆောင်ရွက်ရာတွင်ကိုယ်ကျင့်သီလကိုဖြူစင်အောင်ရှေ့ဦးစွာစောင့်ထိန်းရ၏။
ထိုနောက်မှပညာမဂ္ဂင်အုပ်စုနှင့် သမာဓိမဂ္ဂင်အုပ်စုတို့ကိုပွါးများရ၏။ အကြိမ်များစွာပြုရ၏။
ကြိမ်ဖန်များစွာပြုလုပ်ပြီးသောအခါ ကိုယ်ကျင့်တ၇ား ဆိုင်ရာ သီလမဂ္ဂင်အုပ်စုသည်ခိုင်ခိုင်မာမာ
ပေါ်ပေါက်လာမည်ဖြစ်၏။ ထိုအခါ ဒုစရိုက်မှုအားလုံးချုပ်ငြိမ်း သွားမည်ဖြစ်၏။ ဤသဘောကို မဇ္ဈိမပဋိပဒါကျသော ဆုံးမနည်းဟုဆို၏။
ဣနြေ္ဒ ငါးပါးနှင့်ပတ်သက်သောဆရာတော်ကြီးများ၏လင်္ကာများ
မဟာစည်ဆရာတော်။ သဒ္ဓါလွန်ကဲ၊ ပညာနည်း၊ အလွဲကြည်ညို၏။ ပညာများပြား၊ သဒ္ဓါရှား၊ အမှားဖြစ်တတ်၏။ သမာဓိပြင်း၊ ဝီရိယကင်း၊ အပျင်းဖြစ်တတ်၏။ ဝီရိယများ၊ သမာဓိပါး၊ စိတ်ထားပျံ့လွင့်၏။ သတိကိုကား၊ မြဲစွာထား၊ လွန်ငြားမရှိပေ။ ဣနြေ္ဒငါးအင် စုံလင်ပြည့်ဝ တရားရ။
ပညာလွန်တော့လွဲတတ်တယ်။
သတိကိုကမြဲစွာထား၊လွန်ငြားမရှိပေ၊
သဒ္ဓါ၊ပညာချိန်ခွင်လျှာ။(မာဃဒေဝ)။
သဒ္ဓါအားသည်၊ပညာနည်းက၊အရည်းမည်ခါ၊ယူမိစ္ဆာ၌၊
သဒ္ဓါလေးမြတ်၊ဆည်းကပ်တတ်၏၊ ပရမတ်အရာ၊မလိမ္မာဘဲ၊
သဒ္ဓါနုံ့နည်း၊ပညာကဲလည်း၊အလွဲပြေးဝင်၊အမြင်ယွင်းစွ၊တိမ်းပါးကြလျက်၊
မီးပြသမား၊တွင်းကျွံမှားသို့ဆယ်ပါးကောင်းမှု၊
လှူဝတ္ထုကို၊စွန့်ပြုမလွှတ်၊
စိတ္တုပါဒ်မျှ၊ ဒါနအလှူ၊မြောက်သောဟူ၍အယူဖောက်လွှဲ၊ မိစ္ဆာစွဲ၏။
သဒ္ဓါ၊ပညာ၊သမာဝီရိ၊စောင်းနှယ်ညှိ၍၊ ညီဘိသော်ကား၊ကျိုးထင်ရှား၏
သဒ္ဓါလွန်လျှင်ကွန့်သည် ပညာလွန်လျှင်ဆွံသည်၊
ဝီရိယလွန်လျှင်ပြန့်သည်၊ သမာဓိလွန်လျှင်တွန့်သည်၊
သတိသာလျှင်လွန်သည်မရှိ။
သဒ္ဓါနှုံဆွန်၊ ပညာလွန်သော်၊ဝင်္ကန်ကောက်ကျစ်၊ ကျိုးမဖြစ်ဘူး။
ပညာမဖက် သဒ္ဓါနက်က ဆင်းရဲ၏။
သတိလက်လွတ်
ငှက်တောင်ကျွတ်။
သတိမမူဂူမမြင်။
ဥာဏ်ရှိယောကျာ်း၊ မှားလတ်သောအခါ၊
ဆေးလွန်ရာသို့၊ ဆရာနောက်ဆက်အကုခက်၏။
ဒီပဲရင်းဆရာတော်။ ပညာဥာဏ်များ၊
သဒ္ဓါပါး၊ အမှားဖြစ်တတ်သည်။
ပညာဥာဏ်နည်း၊ သဒ္ဓါကဲ၊ အလွဲဖြစ်တတ်သည်။
အရှင်နန္ဒမာလာဘိဝံသ။
သဒ္ဓါကိုပညာစောင့်မှလမ်းဖြောင့်မည်။
ကျမ်းကိုး
ဦးရွှေအောင်၏ဓမ္မပဒ။ စာ ၃၂၉-၃၃၀။