Wednesday, December 4, 2013

ဝိဇ္ဇာ+စရဏ

ဝိဇ္ဇာ+စရဏ

ဝိဇ္ဇာ = သိမြင် တတ်မြောက်မှု
စရဏ = လိုက်နာ ကျင့်သုံးမှု
ဤအရာ၌ တင်ပြလိုသော ဝိဇ္ဇာစရဏ-ကား အများဆိုင် ဝိဇ္ဇာစရဏဖြစ်၏၊

ဘယ်ပုဂ္ဂိုလ် ဘယ်သတ္တဝါမဆို အသိ, အကျင့်နှစ်မျိုးလုံး လိုအပ်သည်။ အဆင့်မြင့်သော လူနတ် တို့ကို မဆိုထားနှင့် အဆင့်နိမ့်သော အပါယ်ဘုံသား တိရစ္ဆာန်များပင် သိတတ်မှု၊ လိုက်နာကျင့်သုံးမှုများ လိုအပ်သည်။ သိတတ်မှု၊ အလိုက်သိမှု၊ နားလည်မှု မရှိသော တိရစ္ဆာန်များနှင့် ပြောသည့်အတိုင်း၊ ခိုင်းသည့်အတိုင်း၊ ညွန်ကြားထားသောသည့် အတိုင်း၊ မလိုက်နာ မကျင့်သုံးသော တိရစ္ဆာန်များကို မည်သူကမျှ မကြည်ဖြူ၊ လက်မခံ လိုကြ၊ တိရစ္ဆာန်ချစ်သောသူများပင် မသိတတ်၊ မလိုက်နာတတ်သော တိရစ္ဆာန်များကို မချစ်ကြတော့ပေ။

အိပ်ရာပေါ်၊ ခေါင်းအုံးပေါ် စသည်၌ ကျင်ကြီး ကျင်ငယ်စွန့်သော တိရစ္ဆာန်များ၊ စားဦး စားဖျားနှင့် အမြတ်တနိုးထားသော စားဖွယ် သောက်ဖွယ် အသုံးအဆောင်များကို ခိုးစား တတ် ဖျက်ဆီးတတ်သော တိရစ္ဆာန်များမှာ အများ၏ အော့ကြောလန်ခံရ၏၊ သည်းခံ ခွင့်လွှတ်နိုင်သူများပင် သည်းမခံ နိုင်ကြ၊ ခွင့် မလွှတ်နိုင်ကြ။

ဤသည်ကို ထောက်ရှုခြင်းအားဖြင့် တိရစ္ဆာန်များ၌ပင် သိတတ်မှု လိုက်နာကျင့်သုံးမှုများ လိုအပ်သေး လျှင် လူပုဂ္ဂိုလ်များ၌ကား အထူးပြောဖွယ်ရာ မလိုတော့ပေ။
လူ - ဟူသော ဝေါဟာရကို ပါဠိဘာသာ၌ မနုဿ - သိတတ်သူ စိတ်ထားမြင့်မြတ်သူ - ဟု သုံးနှုန်းထားသည်။

လူတိုင်း သိတတ်သူ အသိညဏ် ရှိသူဟုကား မဆိုနိုင်ပေ။ သင်ယူမှတ်သားမှ သိတတ် သူဖြစ်မည်။ မသင်ယူမမှတ်သားလျှင် သိတတ်သူ မဖြစ်နိုင်ပေ။ သင်ဆရာ မြင်ဆရာအားလုံးထံမှ လိုအပ်သော အသိပညာ အတတ်ပညာများကို သင်ယူ မှတ်သား ရမည်။

သင်ယူခြင်း၏ ရည်ရွယ်ချက်ကား တတ်သိရန်ဖြစ်သည်။ တတ်သိခြင်း၏ ဦးတည်ချက် ကား ကျင့်သုံးရန်ဖြစ်သည်။ ကျင့်သုံးခြင်း၏ ပန်းတိုင်ကား အကျိုးရရန်ဖြစ်သည်။ လိုအပ်သော အကျိုးကို မကျင့်သုံးလျှင် မရနိုင်ပေ။ လိုရင်းပန်းတိုင် လှမ်းကိုင်နိုင်ဖို့ သိရုံမျှနှင့် မပြီး၊ လိုက်နာ ကျင့်သုံးမှ ပြီးစီးနိုင်မည်။

အသိမခက် အကျင့်ခက်
တချို့က တတ်သိရုံနှင့် ပြည့်စုံသည်ဟု ထင်နေကြသည်။ ဆရာဝန်ဘွဲ့ရယူ ထားခြင်း သည် ဆေးကုသရန် ကျန်းမာရေးအတွက် အထောက်ကူပြုရန်ဖြစ်သည်။ ဆေးကုသမှု လည်းမရှိ ကျန်းမာရေးအတွက်လား အထောက်ကူမပြုသော ဆရာဝန်များသည် ဆရာ ဝန်ဘွဲ့ရရန် သင်ကြားရကျိုးမနပ်သော ဆရာဝန်များဖြစ်သည်။ ထိုအတူ ဓမ္မာစရိယဘွဲ့၊ ဘီအေဘွဲ့စသော ဘွဲ့ထူးဂုဏ်ထူးရရှိသူများလည်း မိမိတတ်သိမှုဆိုင်ရာ၌ ကျင့်သုံးမှု မပါလျှင် အချည်းနှီးသာ ဖြစ်သည်။

“ရေမရှိကန်၊ ဆန်မဲ့စပါး
တရားမဲ့ မင်း၊ ခိုးကင်းသည့် မီး ၊
ဤလေးသီးကား၊ ချည်းနှီးမျှသာ၊
လူမှာ တစ်စိ၊ အကျိုးမရှိဘူး ”
ဟူသော မဃဒေဝလင်္ကာ စကားကဲ့သို့ အကျိုးမပြီးသော အရာများဖြစ်သည်။ ဆေးစာ သက်သက်ဖြင့် ရောဂါမပျောက်ကင်းနိုင်၊ ဆေးဖော်စားမှသာ ရောဂါပျောက်ကင်း နိုင်မည်။
တင်ပြလိုရင်းကား -
“တတ်သိရုံနှင့် မပြီး၊ တတ်သိထားသော ပညာရပ်ပေါ် လိုက်နာ ကျင့်သုံးဖို့ လိုသေးသည်”
ဟုဖြစ်သည်။

ဘာသာရေးနယ်ပယ်၌
သိရုံဖြင့် ကျေနပ်နေသူ
လိုက်နာကျင့်သုံးဖို့ ဝန်လေးနေသူ
အသိတခြား အကျင့်တခြား ဖြစ်နေသူ
ပြောရုံသာ ပြော၍ လက်တွေ့ အလုပ်မလုပ်သူများ တော်တော်များများ တွေ့ရသည်။

မြတ်စွာဘုရားသည် -
(၁) ပရိယတ္တိ - သိအောင်သင်ကြားမှု
(၂) ပဋိပတ္တိ - လိုက်နာကျင့်သုံးမှု
(၃) ပဋိဝေဓ - လိုက်နာကျင့်သုံးမှု၏ ရလဒ် ထိုးထွင်းသိမြင်မှု ဟူ၍ သာသနာသုံးရပ် ခွင့်ပြုခဲ့သည်။

ပဋိဝေဓ အတွက် ပဋိပတ်လိုအပ်ပေသည်။ ပဋိပတ် အတွက် ပရိယတ် လိုအပ်သည်။ မြတ်စွာဘုရားသည်ပင် အသိဥာဏ် ဝိဇ္ဇာ၊ အကျင့်စရဏ တို့ကြောင့် ဝိဇ္ဇာစရဏ သမ္ပန္နဂုဏ်နှင့်ပြည့်စုံပြီး တစ်လောကလုံး၏ အပူဇော်ခံထိုက်ခဲ့သည်။

အသိဥာဏ် ဝိဇ္ဇာ၊ အကျင့် စရဏ ၂-မျိုးလုံးနှင့် ပြည့်စုံသောကြောင့် ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်တော် ရရှိသည်ကို အထောက်အထားပြု၍ အသိသက်သက်နှင့် မပြီး၊ လိုက်နာကျင့် သုံးဖို့လည်း လိုအပ်သေးကြောင်း သိသာသည်။

ဝိဇ္ဇာနှင့် စရဏ မကင်းနိုင်သလို ပရိယတ်နှင့် ပဋိပတ်လည်း မကင်းသင့်သော အရာဖြစ် သည်။ ပရိယတ်မပါလျှင် ပဋိပတ်မပြည့်စုံနိုင်၊ ပဋိပတ်မပါလျှင်လည်း ဦးတည်ချက် ပျောက်နေသော ပရိယတ်သာဖြစ်မည်။ ပရိယတ်နှင့် ပဋိပတ်သည် တစ်ခုနှင့် တစ်ခု မကင်းသင့်သော အရာဖြစ်သော်လည်း အဓိကနှင့်သာမည ခွဲဖို့တော့ လိုအပ်သည်။

၁။ စာသင်တိုက်များ၌ ပရိယတ်က အဓိက၊ ပဋိပတ်က သာမည။
၂။ ရိပ်သာ တရားတိုက်များ၌ ပဋိပတ်က အဓိက၊ ပရိယတ်က သာမည ဖြစ်ရမည်။
ပရိယတ် ပဋိပတ် ၂-မျိုးလုံးကို အဓိကထားလျှင် ထွန်းထွန်းပေါက်ပေါက် အောင်မြင်နိုင် မည်မဟုတ်။
ပရိယတ်သင်ချိန်၌ ပဋိပတ်မကင်းရုံ သာမန်ထား၍ ပရိယတ်ကိုသာ အဓိကထား သင်ကြားရမည်။ ပဋိပတ်ကျင့်ချိန်၌လည်း ပရိယတ်မကင်းရုံ သာမန်ထား၍ ပဋိပတ် ကိုသာ အဓိကထားကျင့်ကြံရမည်။ သို့မှသာ အဓိကဦးတည်ချက် ပိုမိုထိရောက် အောင်မြင်နိုင်မည်။

ညီအစ်ကို နှစ်ယောက်
ပရိယတ်နှင့် ပဋိပတ်သည် မကင်းနိုင်သော ညီအစ်ကိုနှစ်ယောက်ဖြစ်သည်။ ကိုင်း ကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသလို တစ်ခုနှင့်တစ်ခု အချင်းချင်း မှီတွယ်နေသည်။ ပရိယတ် သမားကလည်း ပဋိပတ်သမားကို မပုတ်ခတ်သင့်၊ ပဋိပတ်သမားကလည်း ပရိယတ် သမားကို မပုတ်ခတ်သင့်၊ အချင်းချင်း မုဒိတာပွါး အားပေးကြမှသာ သာသနာပြုရာ ရောက်မည်။

ပရိယတ် ပဋိပတ် စွယ်စုံ
ယခုအခါ ရန်ကုန် မဟာစည်ရိပ်သာကြီး၌ နာယက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော မြစ်သားဆရာတော် ဘဒ္ဒ န္တဝါသဝ- မထေရ်မြတ်ကား ပရိယတ် ပဋိပတ်စွယ်စုံ တတ် ဆရာတော်ကြီး တစ်ပါးဖြစ်သည်။

ပရိယတ်ကျွမ်းကျင်မှုကို-
၁။ သာသနဓဇ သိရီပဝရ ဓမ္မစရိယ ဘွဲ့ရထားခြင်း
၂။ လျှမ်းလျှမ်းတောက် ပါဠိတက္ကသိုလ်ကြီးများဖြစ်သည့် ရန်ကုန် အလယ်တောရစာ သင်တိုက်၌ (၈)နှစ်၊ စစ်ကိုင်း ရတနာ့ ဗိမာန်စာသင်တိုက်၌ (၅)နှစ်၊ စာပေပို့ချခြင်း တို့ဖြင့် တိုင်းတာကြည့်နိုင်သည်။

ပဋိပတ် ကျွမ်းကျင်မှု ကိုကား-
ကျေးဇူးရှင် ကမ္ဘာ့သာသနာပြု ဆဋ္ဌသင်္ဂီတိပုစ္ဆက မဟာစည်ဆရာတော်ဘုရားကြီးထံ၌ သတိပဋ္ဌာန်ဝိပဿနာတရားများ နည်းခံ အားထုတ်ခဲ့ခြင်း
မြစ်သားမြို့၊ တည်းတော်ရာ သာသနာ့ရိပ်သာသို့ မဟာစည်ဆရာတော်ဘုရားကြီးကိုယ် တိုင် ရွေးချယ်စေလွှတ်ပေးခဲ့ခြင်း ၁၃၄၀-ခုနှစ်မှ ယနေ့အထိ မြစ်သားရိပ်သာ၌ အောင်မြင်စွာ သာသနာပြုနေခြင်း ယခုအခါ ရန်ကုန်မဟာစည်သာသနာ့ ရိပ်သာကြီး၏ နာယကဥက္ကဋ္ဌ ဖြစ်နေခြင်းတို့က သက်သေခံနေသည်။

ကိုယ်ကျိုး သူ့ကျိုးပြီးစေသူ
မြစ်သား ဆရာတော် ဘုရားကြီး ဘဒ္ဒ န္တဝါသဝ မထေရ်မြတ်သည် ဆရာသမားများထံ ပရိယတ္တိနည်း ပဋိပတ္တိနည်း များကို ပေါက်ပေါက် မြောက်မြောက် နည်းခံသင်ကြားခဲ့ရုံ မက မိမိကိုယ်တိုင် သတိပဋ္ဌာန်ဝိပဿနာနည်းများကို ကျင့်သုံးခဲ့ခြင်းဖြင့် ကိုယ်ကျိုးကို လည်း ပြီးစေခဲ့သည်။
တဖန် စာသင်တိုက်ကြီးများ၌ ပါဠိတက္ကသိုလ်ကထိက အဖြစ်ဖြင့် ၁၀-နှစ်ကျော် စာချ ပေးခဲ့ခြင်း မြစ်သားရိပ်သာ ရန်ကုန် မဟာစည်ရိပ်သာကြီးတို့၌ ဝိပဿနာတရားများ ပြသပေးခြင်းတို့ဖြင့် အများအကျိုးကိုလည်း ပြီးစေခဲ့သည်။

ထိုကြောင့် အသိရော အကျင့်ပါ ပရိယတ် ပဋိပတ် စွယ်စုံရ ပုဂ္ဂိုလ်၊ ကိုယ်ကျိုး သူ့ကျိုး ၂-မျိုး ပြီးစေသော ထိပ်တန်းစာရင်းဝင် သာသနာ့အာဇာနည် ပုဂ္ဂိုလ်ဖြစ်ကြောင်း ဤ ဆောင်းပါးဖြင့် မြစ်သားဆရာတော်အား ဂုဏ်ပြုပူဇော်အပ်ပါသတည်း။ ။

ဆရာတော် ဦးတိလောကာဘိဝံသ
 ( မဟာစည်သာသနာ့ရိပ်သာ ငွေရတုနှင့် ဂုဏဝိသိဋ္ဌပူဇာစာစောင်မှ)