Friday, December 27, 2013

မောနေယျ နဲ့ ခဏတာ


မောနေယျ နဲ့ ခဏတာ 

တစ်နေ့ က မိမိအလွန်လေးစားရတဲ့ ဆရာ ဂုရုကြီးဆီကို သုံးနာရီလောက်ကြာအောင် အလည်သွားဖြစ်ခဲ့ပါတယ်။ ဆရာ ဂုရုကြီးကတော့ အမိနိုင်ငံမှာ မလုပ်ဖူးခဲ့တဲ့ ချက်ခြင်း၊ ပြုတ်ခြင်းကိစ္စတွေနဲ့  အလုပ်တွေ ရှုပ်နေတော့တာပါ။ မိမိလည်း ရောက်တုန်းရောက်ခိုက် ချက်နည်းပြုတ်နည်း ခြောက်ရာကျော်ထဲက နှစ်ခုကို ထုတ်ပြပြီး ဂုရုကြီးကို အံ့အားသင့်စေချင်လို့ ရောက်တာနဲ့  “ဂုရုကြီး တပည့်ကျော်ကိုပဲ လက်ပြောင်းပေးပါ” ဆိုပြီး ဂုရုကြီး ကိုင်ထားတဲ့ ယောင်းမ နှစ်ချောင်းကို လက်တစ်ဖက် တစ်ခုစီ ကိုင်ပြီး ပညာခန်းပြပါတော့တယ်။

ချက်ပြုတ်ပြီးတော့ ဂုရုကြီးရဲ့ စာကြည့်စားပွဲနေရာလေးမှာ မိမိလည်း နေရာယူလိုက်တာပါ။ ဂုရုကြီးကတော့ ဘယ်ပျောက်သွားလဲ မသိပါ။ မိမိလည်း ဂုရုကြီးကို စောင့်ရင်း စားပွဲပေါ်က စာအုပ်များ စတင် မွှေနှောက်ပါတော့တယ်။ နောက် ဆယ့်ငါးမိနစ်လောက်ကြာမှ ဆရာဂုရုက ငရုပ်သီးထုပ်ဆွဲပြီး အခန်းထဲကို ၀င်လာတာတွေ့ ရပါတယ်။ ငရုပ်သီး ဘယ်ထဲ ထည့်ဖို့လည်းတော့ မသိပါ။ မိမိချက်ထားတဲ့ ဟင်းတွေထဲကတော့ လုံဝထည့်စရာ မလိုတော့ပါ။ ဘာလို့ လည်းဆိုတော့ မိမိ အထင် အတော်စားကောင်းနေတယ် ထင်လို့ ပါ။ ကောင်းရမယ်လေ သဘာက ရင့်နေပြီပဲဟာ။

ဂုရုကြီးက “ ကဲ မောင်မော်ကွန်း (မင်းမော်ကွန်းမဟုတ်) ဘာမေးမလို့ လဲ၊ မေးစရာတော့ ရှိလာပြီနဲ့ တူတယ်၊ မေးစေဗျာ” တဲ့ “သိရင်တော့ ချက်ချင်းဖြေရတာပ၊ မသိရင်တော့ ရရာနေရာက ရှာလိုက်ကြဦးစို့” တဲ့၊ ပြောရဦးမယ် မိမိကို ဂုရုကြီးက အိန္ဒိယရောက်တာ နှစ်လလောက်ကြာတာနဲ့  မသိတာမေးစေ ဆိုပြီး အခွင့်ထူးတစ်ခု ပေးထားတော့တာပါ။ ဘာလို့ လည်းဆိုတော့ မိမိက အမေးမြန်းထူလို့တဲ့။ တွေ့ တာနဲ့ မေးတော့တာပဲတဲ့၊ အဲဒီတော့ ဂုရုကြီး မထူးစိတ်ပိုက်ပြီး မေးလိုရာမေး ခွင့်ထူးပေးထားတော့တာပါ။

မိမိကလည်း အမေးမြန်း ထူပုံက ဇနဲ့ လာတာလို့ ပဲ ပြောရမှာပါ။ မိမိ ဘကြီးက အမေးမြန်း တော်တော်ထူတာပါ။ သူထူပုံကလည်းတစ်မျိုး၊ လူပေါ်၊ လူဇော်ပြီး မေးမြန်းထူတဲ့လို့ ပြောရမလားပဲ။ ရွာမှာ သူ့ အိမ်ရှေ့ က ဖြတ်လာတဲ့သူ မေးလို့ ရမယ့် ဝေနေယျ သတ္တ၀ါ အားလုံး အိမ်ရှေ့ စားပွဲကုလားထိုင်မှာ ထိုင်ခိုင်းပြီး ရပ်ရေး၊ ရွာရေး မေးတော့တာပါ။ သူကတော့ အိမ်ထဲက အိမ်ပြင် မထွက်ပါဘူး။

ရွာကလူတွေကလည်း ဘကြီးကို ငယ်ငယ်က ကတည်းက ချစ်ကြောက်ရိုသေ ဖြစ်ခဲ့ကြတာဆိုတော့ ဘကြီးအမေးမြန်း ထူသမျှ အကုန် ဒုက္ခခံရတော့တာပါ။ ကြာလာတော့ အိမ်ရှေ့ မှာ သိပ်ဖြတ်မလျှောက်ရဲကြတော့ပါဘူး။ မလွှဲသာလို့ လျှောက်ရမယ်ဆိုရင်တော့ ဘကြီး ရှိ၊မရှိ စုံးစမ်းပြီး ရန်သူချောင်းသလို အလစ်သုတ်ကြရတော့တာပါ။ မိမိလည်း သူ့ ဇ၊ သူ့ ဝါသနာ ပါလာတယ်ထင်တာပါပဲ။ ဗီဇ ဆိုတာ ဘဆီကလာတယ်ဆိုလား။

အခုလည်း ဂုရုကြီး ပေးထားတဲ့ ခွင့်ထူးကို စပြီး အသုံးချလိုက်ပါတော့တယ်။ ဂုရုကြီးရေ ဖြေပေတော့.....။

တပည့်တော် မောနေယျအကျင့်ဆိုတာ သိချင်လို့ ၊ အဲဒါပြောပြပါလား။ စသဖြင့်၊ စသဖြင့် သိချင်တာလေးတွေ၊ မမှီတာလေးတွေ မေးလိုက်ပါတော့တယ်။ ဂုရုကြီးကတော့ မောနေယျ အကျင့်နဲ့ ပတ်သက်လို့  သိသမျှ အိပ်သွန်ဖာမှောက် ပြောချလိုက်တော့တာပါ။ ဒီလို ဒီလို .........။

တို့ ဘုရားရှင် သာသနာမှာ ရဟန္တာ၊ ရဟန္တာမတွေ အမြောက်အမြား ပေါ်လာခဲ့တယ်ကွ။ အဲဒီထဲမှာ ဧတဒဂ်ရ တဲ့ သူတွေလည်း အများကြီးပေါ့ကွာ၊ ဧတဒဂ်ရ တဲ့ သူဆိုတာ တို့ ဘုရားရှင်ကလွဲပြီး၊ အမြတ်ဆုံး ဆိုတဲ့ ဂုဏ်ထူးဆောင် ဘွဲ့ တံဆိပ်တော်ကြီးပေါ့။

သာဓက ပြောရရင်တော့ ပညာအရာမှာ ရှင်သာရိပုတ္တရာ၊ တန်းခိုးအရာမှာ ရှင်မောဂ္ဂလာန်၊ အသိဥာဏ်စိတ်နဲ့ ၊ ရုပ်ကိုဖန်ဆင်းတဲ့နေရာမှာ စူဠပန္တက စသည့်ပေါ့ကွာ၊ အများကြီးပဲ။ ရဟန္တာမတွေလည်း ရှိသေးတယ်၊ ပညာအရာမှာဆိုရင် ခေမာဘိက္ခုနီမ၊ ဓမ္မကထိကနေရာမှာ တန်ခိုးအရာမှာ ဥပလ၀ဏ် အများကြီးပေါ်ပေါက်ခဲ့တယ်။ အဲဒါလေးလည်း သိသင့်တယ်ထင်လို့ ၊ ထားတော့...။

မောနေယျအကျင့်ဆိုတာ တစ်သာသနာမှာ တစ်ယောက်ထဲပေါ်တက်တဲ့ အကျင့်မျိုးကွ၊ အလွန်ကျင့်ဘို့ ခဲယဉ်းတယ်။ ရှေးဆုတောင်း ပါရမီရှိတဲ့ သူမှ ကျင့်နိုင်တဲ့ အကျင့်မျိုးပါ။ ဘုရားရှင် ဓမ္မစကြာတရား ဟောပြီးလို့ သီတင်းတစ်ပတ် အကြာလောက် အရှင်နာဠက ဆိုတဲ့ သူဟာ ဘုရားရှင်ကို လာဖူးတယ်။ ပြီးတော့ ဘုရားရှင်ထံက မောနေယျအကျင့်ကို တောင်းတော့တာပဲ။ အတိုချုပ်ပြောရရင် (ဆွမ်းစားချိန်းနီးလို့ ထင်ပါရဲ့) တကယ့်ပြင်းထန် ရဲရင့်တဲ့ အကျင့်နဲ့  ခုနှစ်လလောက် ကျင့်လိုက်လို့  ပရိနိဗ္ဗာန် ပြုသွားတယ်ပေါ့ကွာ။ ဒါက ဒီအကျင့်ကို ကျင့်ခဲ့တဲ့ အရှင်နာဠက အကြောင်းတစ်စေ့၊ တစ်စောင်း......။


မောနေယျ အကျင့် ကျင့်တဲ့သူဆိုတာ မိမိအပေါ်မုန်းတဲ့သူကိုလည်း မုန်းစိတ်ပြန်မထားရဘူး၊ ချစ်တဲ့သူကိုလည်း ချစ်စိတ်ပြန်မထားရဘူး၊ ဆိုလိုတာက မိမိအပေါ် မုန်းသူ၊ ချစ်သူ ရှိလင့်ကစား မုန်းစိတ်၊ ချစ်စိတ်မထားဘဲနဲ့ ၊ တူမျှတဲ့ စိတ်နဲ့ ပြန်ထားရတာပဲ။ မိမိလည်း ဂုရုကြီးဖောက်သည်ချသမျှ အေးဆေး နားထောင်လာခဲ့တာ၊ ဒီအချက်ကို စသိတော့မှပဲ အံ့အားသင့်တဲ့သဘောနဲ့ ပြန်မေးလိုက်တော့တာပါ။

 ဟာ..ဒါဆို ရန်သူတောင်မှ မေတ္တာထားရမယ့်ဆိုတဲ့ သဘောပေါ့။ ဟုတ်လား ဂုရုကြီး။ ဂုရုကြီးကတော့ အေးဆေးတည်ငြိမ်စွာပဲ အေး ဟုတ်တယ်ဆိုပြီး တပည့်ကျော်ကို ခေါင်းညိမ့်ပြလိုက်တော့တာပါ။ ထူးပေစွ... မှတ်ထိုက်ပါပေစွ....ကျင့်ရခက်လိုက်ပါပေစွ......။

နောက်အကျင့်က မီးလျှံနဲ့ တူတဲ့ အာရုံငါးပါးကို ထိန်းတာပဲ၊ မင်းပဲ စဉ်းစားကြည့်ပေါ့ကွာ၊ အာရုံးငါးပါးထိန်းနိုင်ဖို့ဆိုတာ လွယ်တာမှတ်လို့။ မိမိလည်း ဟုတ်ပ ဆရာဂုရုကြီး၊ မှတ်လိုက်ပေတော့ နောက်တစ်ချက်။ ကျင့်ရတာ အတော်ခက်တာပဲ။

နောက် အကျင့်တစ်ခုက ပုထုဇဉ်တွေမှာ အများဆုံး ဖြစ်တတ်တဲ့ စိတ်ပဲ၊ မရသေးတာ လိုချင်တဲ့ စိတ်တွေ၊ ပြီးတော့ ရပြီးသားကို မရောင့်ရဲနိုင်တဲ့ လောဘစိတ်တွေ ဖြစ်တက်တယ်။ ဒီ ပစ္စယာတဏှာ ဆိုတာလည်း စွန့် ရဲတဲ့ စိတ်မျိုးရှိရတယ်။ မိမိတော့ မှတ်မှတ်၊ အကုန်မှတ်ပဲ။ လိုချင်တဲ့ စိတ်တွေ၊ မရောင့်ရဲနိုင်တဲ့ လောဘစိတ်တွေ၊ ကိလေသာကြောင့်ဖြစ်တဲ့ ပူပန်မှုစိတ်တွေ စွန့် ပေရော... စွန့် ကြပေရော.....။


ပြီးတော့ မောနေယျအကျင့် ကျင့်တဲ့သူဆိုတာ လူသားကင်းတဲ့ တောထဲမှာပဲ နေရတာတဲ့၊ တစ်ကိုယ်တည်းနေပြီးတော့ လောကုတ္တရာ ဈာန်နဲ့ ပျော်နေရတာ။ ကဲ.... ငါရော သူရော ဒါလည်းပဲ မှတ်ကြ၊ မှတ်ကြ။ ဂုရုကြီးက ပြောရတာ မောလို့ ထင်ပါတယ်။ ရေသန့် ဘူးကို ဖွင့်ပြီး ရေခဏ ဘုဉ်းပေးတော့တာပါ။ မိမိလည်း စိတ်ထဲမှာတော့ လူသားကင်းတဲ့ အရပ်မှာနေရမယ်ဆိုတဲ့ ဒီအကျင့်ကို ကိုယ့်စိတ်နဲ့ ပြန်စစ်ကြည့်တော့တာပါ။

တကယ်တမ်းပြောရရင် မိမိ အဖို့ ကျင့်ဖို့  မလွယ်.. မ၀ဆွဲ ယသက် မလွယ်ပါပဲ။ ဘာလို့ လဲဆိုတော့ တစ်ယောက်ထဲနေဖို့ မပြောနဲ့  စာမေးပွဲ ပြီးရင် မြန်မာပြည်ကို ဒုံး ဒုံး ပြန်ဖို့ တွေးထားတဲ့ စိတ်သာ ကြည့်အုံး။ မကုန်နိုင်တဲ့ သံယောဇဉ် အဟောင်း၊ အဟောင်းတွေ၊ ထပ်ထပ်ချည်ခံနေတဲ့ သံယောဇဉ် အသစ်အသစ်တွေကြောင့် ဘယ်လို မှကို မဆိုင်...။ ပြီးတော့ရှိသေးတယ်။

မိမိရဲ့ မစို့ မပို့ သိတဲ့ အသိတွေလေးတွေ မျှဝေချင်လို့ ဆိုပြီး ဆရာ ထုဆစ်ပေးထားတဲ့ ဘလောဂ်လေးတစ်ခု။ ဒီဘလောဂ်ကို လာရောက်လည်ပတ်သူတွေကိုပဲ တစ်နေ့ ၊ တစ်နေ့  ရေတွက်နေတာက အလုပ်တစ်ခုဖြစ်နေတာပါ။ သနားကရုဏာ ကြီးမားစွာ လာလည်တဲ့ သူတွေကို လည်း သံယောဇဉ် ကတွယ်မိပြန်တော့.....။ ဝေးပြီးပေါ့....။

ဂုရုကြီးကတော့ အမောပြေပြီလားတော့ မသိပါ။ ဆက်ပြီးပြောတော့တာပါ။ ပိုဆိုးတာက လူသူ ပရိသတ်နဲ့ လည်း မရောနှောရဘူး။ တရားလည်းမဟောရဘူးတဲ့။ သစ်တစ်ပင်၊ ၀ါးတစ်ပင်ရိပ်မှာ မလျောင်းမစက်၊ တစ်ဝက်ထိုင်တဲ့ အကျင့်နဲ့ ထာဝရနေရမယ်တဲ့။ ကြည့်အုံး အပေါ်က အချက်ထက်ကို ကျင့်ဖို့ မလွယ်ကိန်းဆိုက်ပြီ။ ဟုတ်တယ်လေ၊ တောထဲ၊ တောင်ထဲနေတယ်ပဲ ထားပါအုံး။ မလျောင်း၊ မစက်ထာဝရ နေဘို့ ကိစ္စဆိုတာကတော့ မလွယ်တာ ထပ်တိုးပြန်ပြီ။ ကဲ..ကဲ အတို ချုပ်ပြောစို့ ။ တော်ကြာနေ ဆွမ်းစားချိန်ကျော်သွားအုံးမယ်။ ဂုရုကြီး မိမိလက်ရာကို အတော်စားချင်ဟန်တူတယ်။( ကြုံကြွား)

အကြောင်းကြောင်းကြောင့် ရွာကို ၀င်ရင်လည်း ကမ္မဌာန်းတရားမှာပဲ အာရုံပြုထားရမယ်။ ဆွမ်းစားပင့်ရင်လည်း လက်မခံရဘူး၊ ကိုယ့် အတွက် ဆိုပြီး ယူလာတဲ့ ဆွမ်းကိုလည်း လက်မခံရဘူး။ နိမိတ်ပြပြီး အစားအစာနဲ့ ၊ အ၀တ်တန်ဆာ ရှာတာမျိုးလည်း မလုပ်ရဘူး။ သပိတ်ပိုက်ပြီးသွားရင် နည်းနည်းလှုလို့ လည်း အပြစ်မတင်ရဘူး။ ကုန်ကုန်ပြောမယ်။ ဘယ်ပုံ၊ ဘယ်နည်းနဲ့ လှူလှု မထေမဲ့မြင် မပြုရဘူး။ ရလာတဲ့ ပစ္စည်းပေါ်မှာလည်း ဖောက်ပြန်တဲ့ စိတ်လုံးဝမရှိရဘူး၊ ရ၊ မရ ဖြစ်ခြင်းပ်ါမှာ ဘယ်လို မှ ဖောက်ပြန်လို့ မရဘူးတဲ့ ဆိုပြီး ဂုရု ကြီးရေသန့် ဘူးကို ဒုတိယမ္ပိ ထပ်ဆွဲပါတော့တယ်။

မိမိရဲ့ အတွေးမှာတော့ ဒီလို မလွယ်တဲ့ အကျင့်ဖြစ်လို တစ်သာသနာမှာ တစ်ယောက် ပေါ်ခဲတယ်ဆိုတာရယ်၊ သာမန်ယုံကြည်ချက်၊ သာမာန်စိတ်ထားလေးနဲ့ တော့ ဘယ်လိုမှ လုပ်လို့ မရနိုင်ဘူးဆိုတာရယ်၊ ကျင့်နိုင်ခဲ့သော အရှင်နာဠကမထေရ်ကို အကြိမ်ကြိမ်၊ အားကျ သာဓုခေါ်မိတဲ့ စိတ်တွေပဲ ဖြစ်နေပါတော့တယ်။ ပြီးတော့... ပြီးတော့.......။

ဂုရုကြီးက ကဲ..... မောင်မော်ကွန်း ဒီနေ့ တော့ ဒီမှာ ဘုဉ်းပေးသွားပေရော...တဲ့။ ကောင်းပေစွ။ မျှော်လင့်ပါပေစွ..။ စားကြမယ်ဟေ့...။ မကောင်းတကောင်း...။

စိတ်ထဲမှာ အတွေးနုနုလေးတွေနဲ့  သိနိုင်သမျှ နယ်ချဲ့ကာ အိန္ဒိယရဲ့ ယောနိသော မနသိကာရ ထမင်းဝိုင်းလေးဆီ သို့  ရောက်အောင်သွားခဲ့ပါတော့တယ်။

ဂုရုကြီးရေ..........မေးတာဖြေပေးသမျှ............သာဓု...သာဓု......သာဓု

မော်ကွန်းသစ်