Sunday, December 15, 2013

ချည်နှောင်မဆုံးတဲ့ ဒီနှောင်ကြိုး

“ ချည်နှောင်မဆုံးတဲ့ ဒီနှောင်ကြိုး ”

သူတော်ကောင်းတို့-
ကမ္ဘာလောကကြီးမှာ သွားလာနေထိုင် ကျက်စားနေကြတဲ့ သတ္တ၀ါတိုင်းဟာ မိမိတို့ဆိုင်ရာ အနှောင်အဖွဲ့လေးတွေ ကိုယ်စီရှိကြပါတယ်..၊ အဲဒီအနှောင်အဖွဲ့လေးတွေကို ဘယ်သူပြုလုပ် ပေးကြသလဲဆိုလို့ရှိရင် ကိုယ်ကိုယ်တိုင်ပဲပြုလုပ်ကြတာဖြစ်ပါတယ်၊ မိမိပြုလုပ်တဲ့ အဲဒီအနှောင် အဖွဲ့ နှောင်ကြိုးလေးတွေထဲက ဘယ်သူမှလွတ်အောင် မရုန်းနိုင်ကြဘူး။ ဥပမာနဲ့ပြောရမယ်ဆိုရင် ပင့်ကူကလေးတွေဟာ ပင့်ကူအိမ်ကို (ပိုက်ကွန်ကို) သူတို့ကိုယ်တိုင် သူတို့ရဲ့အမျှင်တွေနဲ့ ဖွဲ့စည်း ပြုလုပ်ကြတယ်။

မိမိပြုလုပ်တဲ့ ပိုက်ကွန်ကနေ မရုန်းထွက်နိုင်ဘဲ အပေါ်ရောက်အောက်ရောက်နဲ့ လှည့်ပတ် ပြီးတော့သာ အချိန်ကုန်နေတယ်။ နောက်ဆုံးတော့ ဘေးအန္တရာယ်တွေနဲ့တွေ့ပြီး ပင့်ကူ ချည်မျှင် ပိုက်ကွန်ထဲမှာပဲ ဘ၀ဆုံးခဲ့ကြရတယ်။ ဒါကြောင့်မို့ နှောင်ကြိုးလေးတွေဖြတ်နိုင်အောင် သူတော်စင်တို့ ကြိုးစားကြရမယ်..။ သံယောဇဉ်ဆိုတာ သံယောဇန-လို့ခေါ်တဲ့ ပါဠိပုဒ်ကလာတဲ့ ပါဠိသက်စကားပဲ ဖြစ်ပါတယ်။

ကြိုးကဲ့သို့နှောင်ဖွဲ့အပ်သောတရား(နှောင်ကြိုး)လို့ပဲ မှတ်ထားလိုက်ပါ။ ဘာတွေကို နှောင်ဖွဲ့သလဲ ဆိုရင် သံသရာဝဋ်ကမလွတ်နိုင်အောင် ဇနီးမယား သမိးသားနဲ့ စီးပွားဥစ္စာတွေပေါ်မှာ စွဲလန်းမှု တဏှာနဲ့ နှောင်ဖွဲ့တာပါပဲ..။

ဒီနေရာမှာ သံယောဇဉ်ဆယ်မျိုးထဲမှာပါတဲ့ ကာမရာဂသံယောဇဉ်ကိုပဲ ရှင်းပြပါမယ်။ ကာမရာဂ ဆိုတာ နှစ်သက်စွဲလန်းစရာကောင်းတဲ့ အာရုံလေးတွေကို တွယ်တာမက်မောနေတယ်လို့ အဓိပ္ပါယ် ရပါတယ်။ ဒါကြောင့် သံယောဇဉ်ကြိုးလေးတွေကို ဖြတ်ဖို့ဆိုတာ လွယ်လွယ်လေးတော့ ရမှာ မဟုတ်ပါဘူး။

သံယောဇဉ်နှောင်ကြိုးလေးတွေကို ဖြတ်နိုင်ဖို့ဆိုတာ ပါရမီဥာဏ် သံဝေဂဥာဏ် ရင့်သန်ဖို့ လိုအပ်ပါတယ်။ သံဝေဂဥာဏ်မရမချင်း လူတိုင်းလူတိုင်းဟာ ကာမဂုဏ်အာရုံထဲမှာပဲ ပျော်မွေ့ နေကြပါတယ်…။ နှောင်ကြိုးတွေထဲက လွတ်ချင်စိတ်လုံးဝ မရှိတော့ဘူး..။ ကိုယ့်ကိုယ်ကိုလည်း နှောင်ကြိုးတွေထဲမှာ မိနေပါလားလို့ သတိမထားမိတော့ဘူး။

သံဝေဂဥာဏ်ပါရမီဥာဏ်တွေရင့်သန်လာပြီ ဆိုရင်တော့ အာရုံငါးပါးကာမဂုဏ်တရားတွေကို မမက်မောတော့ဘူး၊ မတွယ်တာတော့ဘူး။ ဒါ့ကြောင့် သံဝေဇနိယေသု ဌာနေသု သံဝေဂေါ နာမ ဘ၀ိတဗ္ဗော လို့ မြတ်ဗုဒ္ဓ ဟောကြားခဲ့ခြင်းဖြစ်တယ်။ အဓိပ္ပာယ်ကတော့ သံဝေဂဖြစ်ထိုက်တဲ့ အကြောင်းတွေနဲ့ တွေ့လာရင် ကြောက်ရွံ့ထိတ်လန့် သံဝေဂဥာဏ် ဖြစ်အောင် ကြိုးစားရမယ်။ မဃဒေ၀မင်းကြီးဟာ ဆံဖြူတစ်ပင်မိမိခေါင်းမှာတွေ့တာနဲ့ ငါကိုသေမင်းသတိပေးနေပြီ ဟု သံဝေဂ ရပြီး တောထွက်ပြီး တရားအားထုတ်ခဲ့ပါတယ်။ အဲဒါမျိုးကို သံဝေဂဥာဏ်လို့ ခေါ်တာပါပဲ။

ဒါ့ကြောင့် သူတော်စင်တို့တတွေ သတိသံဝေဂဥာဏ်လေးတွေ ဖြစ်ပေါ်လာအောင် မြတ်ဗုဒ္ဓက ပိဋကတ်သုံးပုံမှာ ဥပမာများစွာပေးပြီး ဟောထားတာတွေရှိပါတယ်။ အဲဒီ ဥပမာများစွာထဲက ငှက်တွေနဲ့
ဥပမာပေးပြီးဟောကြားထားတာရှိပါတယ်။ ဒီအကြောင်းလေးတွေကို ရှင်းပြပါရစေ..။

အာကာဝေဟင် ထက်ကောင်းကင်မှာ ပျော်ကာကျက်စား ပျံဝဲသွားလာနေကြတဲ့ ငှက်ကလေး တွေကို လေးမျိုးလေးစားခွဲလိုက်မယ်။

♦ ပထမအမျိုးအစားငှက်တွေကတော့ ဥခွံအတွင်းပေါက်ခါစ အရွယ်မှစ၍ ကြီးပြင်းလာပြီး သေဆုံးသည့်တိုင်ကာလအောင် နှောင်အိမ်ထဲမှာပဲ နေသွားရတဲ့ငှက်တွေပါပဲ..။ ဒီငှက်တွေက တစ်ဘ၀လုံးလုံး လွတ်လွတ်လပ်လပ်နေမသွားရရှာဘူး အချုပ်အခြယ်နှောင်အိမ်ထဲမှာပဲ စိတ် မွန်းကြပ်စွာ နေသွားရတဲ့ ငှက်တွေပါ။

♦ ဒုတိယငှက်အမျိုးအစားတွေကတော့ ငယ်ရွယ်ချိန်မှာ နှောင်အိမ်ထဲမှာနေရပြီး အရွယ် ရောက်လာတဲ့အခါ နှောင်အိမ်မှ လွတ်မြောက်အောင် ကံ,ဥာဏ်,၀ီရိယတွေနဲ့ ကြိုးစားမှုကြောင့် ဘ၀နှောင်အိမ်က လွတ်မြောက်သွားတဲ့ ငှက်ကလေးတွေလို့ မှတ်သားထားပါ။

♦ တတိယအမျိုးအစားငှက်တွေကတော့ ငယ်ရွယ်ချိန်မှာ နှောင်အိမ်ထဲမှာမနေရဘဲ လွတ်လွတ် လပ်လပ် ပျံသန်းသွားလာနေထိုင်ရပါတယ်။ အသက်အရွယ် အိုမင်းလာတဲ့အခါကြမှ မုဆိုး ထောင်ချောက် နှောင်အိမ်ထဲမှာ ဖမ်းမိခံရပြီး ဘ၀နိဂုံး ချုပ်သွားရတဲ့ ငှက်ကလေးတွေလို့ မှတ်ပါ…။

♦ နောက်ဆုံးစတုတ္ထအမျိုးအစားငှက်တွေကတော့ ငယ်ရွယ်စဉ်အခါတုန်းကစ၍ အသက်အရွယ် အိုမင်းသည့်ကာလတိုင်အောင် နှောင်အိမ်ထဲမှာ မနေရဘဲ ကောင်းကင်ပြင်မှာ လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး ချမ်းမြေ့စွာ ပျံသန်းသွားလာနိုင်တဲ့ ငှက်ကလေးတွေပါ။ ဒီငှက်အမျိုးအစားကတော့ အကောင်းဆုံးပါပဲ။

အထက်ကဖော်ပြခဲ့တဲ့ ငှက်အမျိုးအစားတွေလိုပဲ ကမ္ဘာလောကကြီးမှာ နေထိုင်ကြတဲ့ လူသားတွေ လည်း လေးမျိုးလေးစားရှိကြပါတယ်-
ပထမအမျိုးအစားလူတွေက ဘယ်လိုလူတွေလဲဆိုရင် ငယ်ရွယ်ချိန်မှစပြီး မိဘ,ညီ,အစ်ကိုမောင်နှမ ဆွေမျိုး သူငယ်ချင်းအပေါင်းအသင်း ချစ်သူတွေနဲ့ ချစ်ခြင်းတွေဖလှယ်ကာ ပျော်မွေ့ကာ ကာမအာရုံတွေထဲမှာ အနှောင်အဖွဲ့ခံနေရပါတယ်။

အရွယ်ရောက်လာတော့လည်း ချစ်ရတဲ့ သူတွေနဲ့ချစ်ရ၊ နောက်ပြီးတော့ မယားချစ်,သားချစ်,မြေးချစ်,မြစ်ချစ်စသဖြင့် အချစ်ထဲကကို မလွတ်နိုင်ဘဲ အချစ်တွေပတ်လည်ဝိုင်း အချစ်တွေနဲ့နှောင်ဖွဲ့ခံရပြီး အဲဒီအချစ်ဆိုတဲ့ သံယောဇဉ်ကြိုးတွေကနေ မလွတ်နိုင်ဘဲ တစ်ဘ၀တာ အချိန်ကုန်ခဲ့ရပါတယ်။
ဒါကြောင့် ဒီလိုအချစ်တွေနဲ့ အနှောင်ဖွဲ့ခံရပြီး ဘ၀နိဂုံးချုပ်သွားတဲ့သူတွေ ဟောဒီ သတ္တလောကကြီး ထဲမှာ အများကြီး မရေမတွက်နိုင်လောက်အောင် များပြားလှပါတယ်။

♦ ဒါကြောင့် အချစ်ဆိုတာ ဘာနဲ့တူသလဲဆိုရင် အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက “အချစ်အချစ် ၊ ချစ်တိုင်းချစ်၍ ၊
ချစ်လေချစ်လေ ၊ ချစ်မပြေတည်း ၊
ဆားငန်ရေနောက် ၊ငတ်တိုင်းသောက်က ၊
သောက်လေသောက်လေ ၊ ငတ်မပြေသို့ ၊
ပေမအရာ ၊ တဏှာဖွဲ့ရစ် ၊ ထိုအချစ်လည်း ၊
ချစ်လျှင်ပျော်နိုး ၊ ချစ်စပျိုးသည် ၊
ချစ်ရိုးချစ်စဉ် ချစ်လမ်းတည်း”ဟု ရေးသားခဲ့ပါတယ်။

♦ အချစ်ဆိုတာ ဘာနဲ့တူသလဲဆိုရင် ဆားငန်ရေနဲ့တူတယ်။ ဆားငန်ရေဆိုတာ ငတ်လို့သောက်ရင် မ၀နိုင်ဘဲ သောက်လေသောက်လေ ငတ်မပြေဖြစ်ရပါတယ်။ အချစ်ဆိုတာဟာလည်း ချစ်မိရင် ချစ်လို့ပင်မ၀နိုင်အောင် ၊ ချစ်လေချစ်လေ ချစ်မပြေဖြစ်ရပါတယ်။ ဒါကြောင့် အဲဒီအချစ်တွေနဲ့သာ ဘ၀တစ်ခုကို ကုန်ဆုံးသွားရင် ဘ၀ဟာ သံသရာအတွက် ကုသိုလ်ရေးဓမ္မအရေးတွေကို မလုပ်လိုက်ရလို့ တန်ဘိုးမရှိတဲ့ဘ၀ အနှစ်သာရမရှိတဲ့ဘ၀ ဖြစ်သွားရမှာပါပဲ။

တန်ဘိုးရှိတဲ့ဘ၀ဖြစ်အောင် ကုသိုလ်အလုပ်တွေကို ကြိုးစားပြုလုပ်ရပါမယ်။ အခုပြောပြီးတဲ့ ပထမလူအမျိုးအစားတွေက ငယ်ရွယ်စဉ်မှ သေသည့်ကာလတိုင်အောင် အချစ်ဆိုတဲ့ ကာမဂုဏ် အနှောင်အဖွဲ့တွေနဲ့ နှောင်ဖွဲ့ခံရပြီး ဘ၀နိဂုံးချုပ်လို့ ပထမငှက်အမျိုးအစားနဲ့ တူတယ်လို့မှတ်ပါ။

♦ ဒုတိယအမျိုးအစားလူတွေကတော့ ငယ်ရွယ်စဉ်မှာ သံယောဇဉ်ကြိုးတွေ အနှောင်ဖွဲ့ခံရပြီး အသက်အရွယ်ကြီးလာတဲ့အခါမှာ သတိသံဝေဂတွေရပြီး ကာမဂုဏ်အာရုံတွေကို စွန့်ခွာ အမျိုးသားဆိုရင်လည်း မြင့်မြတ်သောရဟန်းဘောင်သို့ အမျိုးသမီးတွေဆိုရင်လည်း သီလရှင်၊ ယောဂီဘ၀သို့ ကူးပြောင်းကာ ပရိယတ် ပဋိပတ်တရားတွေကို ကြိုးစားနာယူမှတ်သားပြီး တရားအားထုတ်လို့ ငြိမ်းချမ်းမှုရသွားတဲ့သူတွေပေါ့..။

သူတို့တွေဟာ သာသနာ့ဘောင် ရောက်တဲ့အခါ သံယောဇဉ်အနှောင်အဖွဲ့တွေကို ကြိုးစား ဖြတ်တောက်ပြီး ဘ၀တစ်ခုကို ဓမ္မဖြင့် အေးချမ်းစွာ နေထိုင်ပြီး နိဂုံးချုပ်သွားတဲ့အတွက် ငယ်ရွယ်စဉ်မှာ အနှောင်အဖွဲ့ခံရသော်လည်း အသက်ကြီးတဲ့အခါမှာ အနှောင်အဖွဲ့တွေက လွတ်သွားလို့ ဒုတိယငှက် အမျိုးအစားနဲ့ တူတဲ့သူတွေပါပဲ…။

♦ နောက်တတိယအမျိုးအစားလူတွေကတော့ ငယ်ရွယ်စဉ်အချိန်ကစ၍ သံယောဇဉ် အနှောင် အဖွဲ့ကင်းရာ သာသနာ့ဘောင်မှာ ပျော်ရွင်စွာ နေထိုင်ပြီး ပရိယတ်စာပေတွေကို ကြိုးစား သင်ယူကြပါတယ်..။ နောက်အရွယ်ရောက်လာတော့ ပျိုမြစ်နုနယ်လှသွေးကြွယ်တဲ့ ရူပါရုံရှင် မိန်းမပျိုလေးတွေရဲ့ ၀ိသဘာဂအာရုံတွေကို စက္ခုနြေ္ဒမစောင့်စည်းပဲကြည့်မိပြီး တပ်မက် စွဲလမ်းသွားတယ်…။ စိတ်ကိုဆုံးမနိုင်စွမ်း မရှိတော့ဘဲ စိတ်အလိုလိုက်ကာ လူ့ဘောင်လောကကို ပြန်လည်ကူးပြောင်းသွားခဲ့ကြတယ်။ နောက်တော့ အိမ်ရာတည်ထောင်လူတို့ဘောင်ထဲမှာဘဲ ဇနီးမယားသမီးသားတွေနဲ့ အနှောင်ဖွဲ့ခံသွားရပါတယ်။ အဲဒီသူတွေကတော့ ရဟန်းလူထွက် (ဘုန်းကြီးလူထွက်) သီလရှင်လူထွက်တွေပဲ ဖြစ်ပါတယ်..။

♦ ငယ်ငယ်တုန်းကတော့ အနှောင်အဖွဲ့တွေ လွတ်လို့ နောက်မှသံယောဇဉ်အနှောင်အဖွဲ့တွေခံရပြီး မလှုပ်နိုင် ရုံးမထွက်နိုင်ဘဲ ဘ၀ကို ကာမဂုဏ်ရေယဉ်ကြော အမျှောခံကြတဲ့သူတွေပဲ ဖြစ်ပါတယ်။
ဘုန်းကြီးလူထွက်၊ သီလရှင်လူထွက်တွေကိုတော့ အပြစ်ပြောလို့ မဖြစ်ဘူးထင်မိတယ်..။

ကာမဘုံသားသတ္တ၀ါတွေဆိုတော့ ကာမအာရုံကိုခုံမင်မက်မောတာ သဘာဝတရားဖြစ်နေလို့ပါပဲ။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ပါရမီကုန်သွားတယ်လို့ပဲ ပြောမှ သင့်တော်ပါလိမ့်မယ်။ ပုထုဇဉ်လူတွေဟာ ကာမဂုဏ်တရားတွေရဲ့ ဆွဲဆောင်မှု ခံရပြီဆိုရင် ကာမဂုဏ်ရေယဉ်ကြောမှာ မျောသွားရတဲ့ လူတွေကများပါတယ်..။

ဒါ့ကြောင့် အသက်ကြီးမှ လူထွက်သွားတဲ့ ငှက်ပစ်တောင်ဆရာတော်ကြီးက--
”ပုထုဇဉ်ဓလေ့ မတွေ့မှရွံတယ်
တွေ့မိလျှင်ခင်တွယ် တကယ်ပင်အမြဲ
မြာအလှ၌ သူမွေ့လျှင် ဘိက္ခုပင်ထွက်လိမ့်မမြဲ
ကိလေသာရှိသူမှန်လျှင် ထိမခံလွယ်မြဲ
ငြိပြန်လျှင် တပ်စွဲကာမို့ ဖယ်လို့လည်းမရပေါင်
ဝီစိဆိုလျှင် အောက်ငရဲကိုလ နှစ်ယောက်တွဲကျရမရှောင်
မေထုနရာဂမှောင်လျှင် ကာမဘောင် ရှောင်မကွင်းနိုင်ဘူး
မောင်ပဉ္စင်းလူငယ်သော် ထွက်ပေလိမ့်နော်
မိန်းမကလာခေါ်လျှင် ငါဆရာတော်ပင် ထွက်ရချည်လေး ” ဟူ၍ ရေးသားထားခဲ့ပါတယ်..။
လောကမှာ ကာမဂုဏ်တရားတွေကို စွန့်လွတ်ပြီး သာသနာ့ဘောင်မှာ တစ်သက်လုံးနေနိုင်ဖို့ဆိုတာ ကြိုးကြိုးစားစားဖြင့် မိမိစိတ်ကို ဆုံးမပြီး နေရမှာ ဖြစ်ပါတယ်…။

ယခုနောက်ဆုံး စတုတ္ထလူအမျိုးအစားကတော့ ငယ်ရွယ်စဉ်အချိန်မှစ၍ သံယောဇဉ်အနှောင်အဖွဲ့ ကင်းလွတ်ရာ သာသနာ့ဘောင်မှာ ပရိယတ်ပဋိပတ်အလုပ်ဖြင့် ပျော်မွေ့ အသက်အရွယ် ကြီးလာပြန်တော့လည်း ငြိမ်းငြိမ်းချမ်းချမ်းတရားအလုပ်အားထုတ်ပြီး ဆရာတော်ကြီးတွေဖြစ် အမျိုးသမီးတွေဆိုရင်လည်း ဆရာလေးဆရာကြီးတွေဖြစ်ပြီး ဘ၀ကို သံယောဇဉ်ကြိုး နှောင်ဖွဲ့ မခံရဘဲ ငြိမ်းချမ်းစွာ ဘ၀တစ်ခုကို အဆုံးသတ်သွားအောင်နေထိုင်သွားကြလို့ စတုတ္ထငှက် အမျိုးအစားနဲ့တူကြတဲ့သူတွေလို့ ပြောလို့ရတာပေါ့..။

သူတော်အပေါင်းတို့ သဘောပေါက်နားလည်းကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်..။ ဒါ့ကြောင့် မိမိကိုယ်ကို အထက်ကဖော်ပြခဲ့တဲ့ လူလေးမျိုးထဲမှာ ဘယ်အမျိုးအစားထဲ ပါဝင်သလဲဆိုတာ ထပ်တလဲလဲ စဉ်းစားပါ..။ အဖြေထုတ်ပါ။ စတုတ္ထလူအမျိုးအစားကတော့ အကောင်းဆုံးပါပဲ။ ဒါ့ကြောင့် မိမိတို့ဘ၀ကိုလည်း သံယောဇဉ်အချစ်ကြိုးတွေ တစ်သက်လုံး တစ်ဘ၀လုံး ရစ်ပတ်မခံရအောင် ကြိုးစားကြပါ။ ငါ့တို့တော့ ဒုတိယ စတုတ္ထလူအမျိုးအစားတွေဖြစ်အောင် ကြိုးစားကြမယ်..။

ဒါမှ သံယောဇဉ်အနှောင်အဖွဲ့ကလွတ်တဲ့ နှောင်ကြိုးကင်းတဲ့ ၀ိမုတ္တိရသလို့ခေါ်သော နိဗ္ဗာန်ချမ်းသာကို သံသရာတိုတိုနဲ့ မျက်မှောက်ပြုနိုင်ကြမှာ ဖြစ်တယ်….စသဖြင့် မိမိစိတ်ကို ဆုံးမပြီး ကုသိုလ်အလုပ်နောက်မဆုတ်ဘဲ ကြိုးစားပြုရမယ်။ ဒီလို အသိဥာဏ်တွေဝင်ပြီး ယခု အချိန်က စတင်၍ သံယောဇဉ်နှောင်ကြိုးတွေ ဖျက်တောက်နိုင်အောင် ကြိုးစားကြပါစေလို့ ပတ္ထနာအောင်ဆု ပြုလိုက်ပါရစေ။


သတ္တ၀ါခပ်သိမ်း တရားကိန်း အေးငြိမ်းချမ်းသာရှိပါစေ။
- [အရှင်ကုသလ (ဇလွန်) နပသတက္ကသိုလ်]