Monday, December 2, 2013

ချိန်ခွင်ညှာ



ချိန်ခွင်ညှာ

အီဗောလျူရှင်း သီအိုရီ အရ ကမ္ဘာလောက ဟာ တစ်စတစ်စ တိုးတက် လာတယ်လို့ ဆိုကြတယ်။ ကမ္ဘာလောက ဟာ ဒွန္ဒ နည်းအရ၊ ဒိုင်ယာ လက်တိကယ် နည်း အရ တိုးတက် လာတာ ဖြစ်တယ်။ အရာဝတ္ထု မှန်သမျှ ဆန့်ကျင်ဘက် သဘောတရား နှစ်ခု ဆက်စပ် နေ တာ ဖြစ်တယ်။ ဒွန်တွဲ နေတာ ဖြစ်တယ်။ နေ့ဖြစ်လာတယ် ဆိုရင် ည ရောက် မလာဘဲ မနေ ဘူး။ နံနက်ချိန် ဖြစ်လာရင် ညနေ ရောက် ကို ရောက်လာရမယ်။ နံနက်ချိန် ဟာ ညနေချိန်ကို ခေါ်ဆောင် လာတယ်။ ညနေချိန် ရောက်လာဖို့ ၁၂ နာရီ လောက်သာ စောင့်ရ လိမ့်မယ်။ ဇာတိ ဖြစ်လာရင် မရဏ ကပ်ပါလိမ့်မယ်။

ယေဘုယျ အားဖြင့် မရဏ ရောက်လာဖို့ နှစ်ပေါင်း ခုနှစ်ဆယ် လောက် စောင့်ချင် စောင့် နေရလိမ့်မယ်။ နံနက်ချိန် အပြီး မှာ ညနေချိန် ရောက် လာတာဟာ၊ ဇာတိနှင့် အတူ မရဏ ကပ် ပါလာတာ ဟာ ဆန့်ကျင်ဘက် သဘော တရား နှစ်ခု ပေါင်းစပ် နေ တာ ဖြစ်တယ်။ ဒွန္ဒသဘော၊ ဒိုင်ယာလက်တိကယ် သဘော အတွင်း ငုပ်နေတာ ဖြစ်တယ်။အဲဒီနည်း အတိုင်း ပဲ အလင်းရောင် မှာ အမှောင် ပေါ်လာတယ်။
သုခ နဲ့အတူ ဒုက္ခ ကပ်ပါလာတယ်။ က လို့မပြီးခင် ပူဆွေး စရာ၊ သောက ဖြစ်စရာ အကြောင်းက စောင့်နေတယ်။ ပြုံးလို့ လက်စ မသပ်ခင်၊ မျက်ရည်က အဆင်သင့် ဖြစ်နေပြီ။မျက်ရည် ကို ဖိတ်မန္တကပြုလာတာ တခြားမဟုတ်ဘူး။ အပြုံး……အပြုံး….။

ဆန့်ကျင်ဘက် သဘောတရား နှစ်ခု ထဲက ဘယ် သဘောတရား ကိုမှ မလိုက်ဘဲ ကြားနေရင်၊ ဒါက အပြုံး၊ ဒါက မျက်ရည် ဆိုတာကို သိပြီး မိမိ ကိုယ်ကို အပြုံး နှင့်လည်း မ ဆက်စပ် စေဘဲ၊ မျက်ရည်နှင့်လည်း မဆက်စပ်စေဘဲ၊ တတိယလူ “သာဒ့်ပါစင်” အဖြစ်ရှိနေရင်၊ ခပ်လှမ်းလှမ်း က ကြည့်ရှု အကဲခတ် နေရင် အဲဒီနေ့မှာ နှိုးကြားမှု ဖြစ်ပေါ်လာပြီး၊ အပ္ပမာဒ တရား ဖြစ်ပေါ် လာပြီး သဘောတရား နှစ်ခု ကို တစ်ခုစီ ခွဲခြားမြင်နေမှာ မဟုတ်တော့ဘူး။မျက်ရည် ထဲမှာ အပြုံး ကို မြင်နေရလိမ့်မယ်။ အပြုံးထဲမှာ မျက်ရည် ပေါ် လာလိမ့် မယ်။ ဆန့်ကျင်ဘက် သဘောတရား နှစ်ခု ဒွန္ဒသဘော တရား နှစ်ခု၊ ဒိုင်ယာလက်တိကယ် သဘောတရား နှစ်ခု ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။

နံနက် လည်း ညနေ ဖြစ်လာမယ်။ နံနက်တိုင်း ညနေ ဖြစ်လာမယ်။ ဥစ္စာဓန ကြွယ်ဝ ချမ်းသာမှု မှာ အထီးကျန် ဘဝ ပုန်းကွယ် နေတဲ့ အတွက် ဥစ္စာဓန ကြွယ်ဝ ချမ်းသာသူများ အလွန် တရာ ထိတ်လန့် ကြောက်ရွံ့ နေတာ ဖြစ်တယ်။ ဆင်းရဲ မှာ စိုးရိမ် ကြောင့်ကြ တာဟာ ဥစ္စာဓန နှင့် အတူ ကပ်ပါလာတယ်။ အချစ် မှာ အမုန်း မျိုးစေ့ ဗီဇ စိုက်ပျိုး ထားပြီ။အဲဒါကြောင့် ချစ်သူတွေ တစ်ယောက် နဲ့တစ်ယောက် သံသယ မျက်လုံး နှင့် ကြည့်နေကြတာ မဟုတ်လား။ အဲဒါကြောင့် ချစ်သူတွေ နီးတကျက်ကျက် ဖြစ်နေတာ။

အမုန်းတရား ဆိုတာ ရန် မီးပွား စေတတ်တဲ့ အရာ ဖြစ်တယ်။ ဘဝတစ်သက်တာ ဆိုတာ မီးတောက်မီးညွှန့် ဘယ်ဘက် ကနေ ညာဘက်၊ ညာဘက်ကနေ ဘယ်ဘက် ပြောင်းတဲ့ သဘောသာ ဖြစ်တယ်။ လူ့ဘဝ ဟာ ဖြစ်ခြင်း နှင့် ပျက်ခြင်း ကြား ထဲမှာ ယိမ်းထိုးနေ တာ ဖြစ် တယ်။ ဒါပေမယ့် မိမိတို့၏ အတွင်း သန္တာန် ထဲမှာ နှိုးကြားမှု ကိန်းအောင်း နေ တယ်။ အပ္ပမာဒတရား အခြေခံ ရှိနေတယ်။ အဲဒီ နှိုးကြားမှု နှင့် အဲဒီ အပ္ပမာဒ တရားနှင့် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရား နှစ်ခု ကို သုံးသပ် ကြည့် လို့ ရတယ်။အဲဒီလို သုံးသပ် ကြည့်လို့ ရတဲ့ အဆင့် ရောက်ရင် တရားအမြင် အတွက် တံခါးပွင့် လာလိမ့်မည်။

ဒါကြောင့် ဒုက္ခ ကြုံတွေ့ လာတဲ့အခါ ပြာယာခတ် မသွားသင့်ဘူး။ နံနက်ခင်း ရောက်လာရင် ညနေ ရောက်လာမှာ မဟုတ်ဘူး လို့ မထင်မှတ် ပါနဲ့။ ညနေ ရောက်လာရင် နံနက် ရောက် လာ မှာ မဟုတ်ဘူး လို့ မထင်မှတ်ပါနဲ့။ ဒုက္ခ ရောက်လာတဲ့ အခါ ဒုက္ခ နှင့် အတူ သုခ ကပ်ပါ လာတာ ကို သတိ မပြုဘဲ မနေ ပါနဲ့။ ဒုက္ခ လာရင် သုခ လည်း လာမယ် ဆိုတာ တွက်ထားရမယ်။ ဂယောင် ချောက်ချား ဖြစ် မသွားပါနှင့်။ အဲဒီလို သဘောထား တာဟာ ဘာဝနာ ပွားများခြင်း ဖြစ်တယ်။

ဆန့်ကျင်ဘက် သဘောတရား နှစ်ခု က ကျော်လွန် သွားရင် ငြိမ်းချမ်းမှု ဖြစ်စေလိမ့်မယ်။ ဆန့်ကျင်ဘက် သဘော တရား နှစ်ခု ကို ထိန်းထား ရလိမ့်မယ်။ ဆန့်ကျင်ဘက် နှစ်ခု ဖြစ် တဲ့ ချိန်ခွင်ရွက် နှစ်ခု ကြားထဲက ချိန်ခွင်ညှာ ကို တန်းတန်းမတ်မတ် ဖြစ်နေအောင် လုပ်ထား ရလိမ့်မယ်.။

………………………………
ပါရဂူ
အမှတ်(၁၄၁) – ဧပြီလ -၂၀၀၅ ခုနှစ်ထုတ် စတိုင်သစ် မဂ္ဂဇင်း