Thursday, December 12, 2013

မချစ် မမုန်း အကောင်းဆုံး


မချစ် မမုန်း အကောင်းဆုံး

“ချစ်သောသူတို့နှင့်လည်း မပေါင်းလင့်၊ မုန်းသောသူတို့နှင့်လည်း မပေါင်းလင့်၊ ချစ်သောသူတို့ကို မမြင်ရခြင်းသည် ဆင်းရဲ၏၊ မုန်းသောသူတို့ကို မြင်ရခြင်းသည်လည်း ဆင်းရဲ၏၊ ထို့ကြောင့် လူကိုဖြစ်စေ ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလန်းခြင်းကို မပြုရာ၊ ချစ်ခင်စွဲလန်းဖွယ်တို့နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း၊ ချစ်ခြင်းမုန်းခြင်း မရှိသောသူတို့အား အနှောင်အဖွဲ့တို့သည် မရှိကြကုန်“ (ဓမ္မပဒ၊ ပိယ၀ဂ်၊ တယောဇန ပဗ္ဗဇိတ၀တ္ထု)

ဤစကားတော်သည်ကား မြတ်စွာဘုရားရှင်တော်မြတ် နှုတ်တော်မှထုတ်ဖော် ဟောကြားတော် မူခဲ့သည် တရားမြတ်ဖြစ်ပါ၏။ အချစ်အမုန်းကို အရှင်းဆုံးဖြစ်အောင် တိုတိုနဲ့ လိုရင်းရောက်စေသည့် တရားစကားဖြစ်၏။ အချစ်အမုန်းရှိလျှင် ဆင်းရဲရှိနေမည်ဖြစ်သောကြောင့် မချစ်မမုန်းဘဲ နေနိုင်ခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း မိန့်တော်မူထား၏။ အချစ်ရှိလျှင် အပြစ်ရှိတတ်သကဲ့သို့ အမုန်းရှိလျှင်လည်း အရှုံးရှိတတ်ပြန်၏။ ချစ်လျှင်လည်း မကောင်း၊ မုန်းလျှင်လည်း မကောင်းသည့် လောကကြီးတွင် မချစ်မမုန်းခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါ၏။

မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးတော်မူစဉ်က ဖြစ်ပါ၏။ သာဝတ္ထိပြည်ရှိ မိသားစုတစ်စုသည် မိသားစုလိုက် သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့ကြ၏။ ရှေးဦးစွား သားဖြစ်သူသည် ရဟန်းဘ၀ကို ရယူခဲ့၏။ ထို့နောက် ဖခင်ကြီးသည်လည်း သားနောက်လိုက်ကာ ရဟန်းပြုခဲ့၏။ လင်ယောက်ျားနှင့် သားမရှိတော့သဖြင့် မိခင်ဖြစ်သူသည်လည်း ဘိက္ခုနီမအဖြစ်ဖြင့် သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့တော့၏။ ထိုမိသားစု၏ သံယောဇဉ်ကား ကြီးမားလှ၏။ လူ့ဘ၀မှာပင် တစ်ဦးနှင့်တစ်ဦး သံယောဇဉ် ရှိကြသည်မဟုတ် သာသနာ့ဘောင် ရောက်လာချိန်အထိ သံယောဇဉ်က မပြတ်လှ။ ထို့ကြောင့် သူတို့သုံးဦးသည် တစ်ကျောင်းတည်းတွင် အတူစုပြီး နေထိုင်ကြ၏။

ထိုသူတို့၏ နေထိုင်သည့်ကျောင်းသည် သူတို့၏လူ့ဘ၀က အိမ်သဖွယ်ဖြစ်နေတော့၏။ အတူတကွ စားခြင်းသောက်ခြင်း စကားပြောခြင်းဖြင့်သာ အချိန်ကုန်နေကြ၏။ တစ်ကျောင်းတည်းတွင် မိသားစုလိုက် အတူတကွနေထိုင်ပြီး တရားအားမထုတ်ဘဲ အချည်းနှီး အချိန်ကုန်နေကြသည့်အပြင် အခြားသီတင်းသုံးဖော်များကိုပင် အနှောက်အယှက် ဖြစ်စေတော့၏။ ထို့ကြောင့် ရဟန်းတော်အချို့မှ ထိုအကြောင်းကို မြတ်စွာဘုရားရှင်အား လျှောက်ထားလိုက်၏။

ထိုအခါ ဘုရားရှင်မှ ထိုသူများအား ရှေ့တော်သို့ ခေါ်တော်မူပြီး “သင်တို့သည် သာသနာ့ဘောင်သို့ ၀င်ရောက်လာပြီး ထိုကဲ့သို့ အိမ်ထောင်စုတစ်စု အနေမျိုးဖြင့် အတူတကွ အချိန်အကြာကြီး နေထိုင်ခြင်းကို မပြုသင့်ကြောင်း၊ ချစ်ခင်သူများကို မမြင်ရခြင်း၊ မချစ်မနှစ်သက်သူများကို မြင်နေရခြင်း နှစ်မျိုးလုံးသည် ဒုက္ခဆင်းရဲ့ကိုသာ ဖြစ်စေကြောင်း၊ ထို့ကြောင့် သင်တို့သည် မည်သည့်သတ္တ၀ါ၊ မည်သည့်အရာဝတ္ထုအပေါ်ကိုမျှ တွယ်တာမှု သံယောဇဉ် မထားသင့်ကြောင်း“ စသည်ဖြင့် တရားစကား မိန့်ကြားတော်မူခဲ့၏။ ဒေသနာတော်အဆုံးတွင် ထိုမိသားစု သုံးဦးသည် သေတာပတ္တိဖိုလ်သို့ မျက်မှောက်ပြုသွားကြ၏။

မှန်၏။ ချစ်ခြင်း၊ မုန်းခြင်းဟူသည် တွယ်တာမှု သံယောဇဉ်ကြောင့် ဖြစ်၏။ တွယ်တာမှု သံယောဇဉ်၏ သဘောကား ထိုသံယောဇဉ်ကို မဖြတ်နိုင်သေးသမျှ ဆင်းရဲဒုက္ခကိုသာ ဖြစ်စေတော့၏။ လူဖြစ်စေ ရဟန်းဖြစ်စေ သံယောဇဉ် ဖြစ်မိပြီဆိုလျှင် ပူလောင်ဆင်းရဲကိုသာ ဖြစ်စေ၏။ အချို့က ချစ်ခြင်းကိုသာ သံယောဇဉ်ဟု ထင်မှတ်နေကြ၏။ စင်စစ် မုန်းခြင်းသည်လည်း သံယောဇဉ် တစ်မျိုးပင်ဖြစ်၏။ စာပေက ထိုအမုန်းသံယောဇဉ်ကို ပဋိဃသံယောဇဉ်ဟု ဆို၏။ တစ်စုံတစ်ယောက်ကို ချစ်မိပြီ သံယောဇဉ်ဖြစ်မိပြီဆိုလျှင် အချိန်ပြည့် ထိုသူ့ကိုသာ သတိရနေတတ်၊ ထိုသူ၏အကြောင်းကိုသာ စဉ်းစားနေတတ်၊ ထိုသူနှင့်ပတ်သက်သည်များကိုသာ မြင်ယောင်နေတတ်မိ၏။ ဤသဘောကား အချစ်သံယောဇဉ်ကြောင့် ဖြစ်သည့်သဘောဖြစ်၏။

ထို့အတူပင် တစ်စုံတစ်ယောက်ကို မုန်းမိပြီဆိုလျှင်လည်း ထိုသူ့အကြောင်း၊ ထိုသူနှင့်ပတ်သက်သည့် သတင်းစကား၊ ထိုသူမည်သို့မည်ပုံဖြစ်သည်၊ ထိုသူသည် မိမိအပေါ် မည်သိုမည်ပုံ ပြုမူဆက်ဆံ ပြောဆိုခဲ့သည် စသည်တို့ကိုသာ မကြာခဏ သတိရနေမိ၏။ ထို့ထက်ဆိုးသည်ကား ထိုသူသည် အခြားတစ်နေရာတွင် မိမိထက်အောင်မြင်နေသည်၊ မိမိထက်သာနေသည် စသည့်အသံများကြားရလျှင် ပို၍ပင် မခံချိမခံသာဖြစ်ကာ သူ့အပေါ် မကောင်းသည့်စိတ်ထားများဖြင့်သာ တစိမ့်စိမ့်တွေးတော မြင်ယောင်နေမိတော့၏။

ဤသည်မှာလည်း အမုန်းသံယောဇဉ်၏ သဘောပင်ဖြစ်၏။ မည်သည့် သံယောဇဉ်ဖြစ်ဖြစ် နောက်ဆုံး မိမိရလိုက်သည့် အကျိုးရလာဘ်သည်ကား ဆင်းရခြင်းတစ်ခုတည်းပင် ဖြစ်၏။ အချစ်သံယောဇဉ်ကြောင့် ချမ်းသာမှုကို ဖြစ်စေသည်၊ အမုန်းသံယောဇဉ်ကြောင့် ပီတိဖြစ်ရသည်ဟူသည် မရှိလှပေ။ ချစ်ခြင်းမုန်းခြင်း နှစ်ခုလုံး၏ အဆုံးသည်ကား ဆင်းရဲခြင်းသာ နိဂုံးဖြစ်နေပေ၏။ ထို့ကြောင့် မချစ်မမုန်းအကောင်းဆုံးဟု ဆိုခြင်းဖြစ်ပါ၏။

စင်စစ် ချစ်ခြင်းမုန်းခြင်း နှစ်ခုလုံးသည် သစ္စာသဘောဖြင့် ကြည့်လျှင် ဒုက္ခသစ္စာချည်းသာ ဖြစ်၏။ ဆင်းရဲကြောင်း အမှန်တရားသာ ဖြစ်၏။ မြတ်ဗုဒ္ဓက “အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော= မချစ်မနှစ်သက်သော သူများ၊ မဖြစ်မနှစ်သက်သော အရာများနှင့် အတူတကွ ပေါင်းသင်းနေထိုင်ရခြင်း“ သည်ဒုက္ခဖြစ်သကဲ့သို့ “ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော= ချစ်ခင်နှစ်သက် စုံမက်သူများ၊ ချစ်ခင်နှစ်သက်သော အရာများနှင့် သေကွဲရှင်ကွဲ ကဲရခြင်း“သည်လည်း ဒုက္ခပင်ဖြစ်ကြောင်း ဟောတော်မူ၏။ ထို့ကြောင့် မည်သည့်အရာ၊ မည်သည့်ပုဂ္ဂိုလ်ကိုမျှ တွယ်တာမှုမဖြစ်စေဘဲ မချစ်မမုန်း နေနိုင်အောင် ကြိုးစားသင့်ကြောင်း မိန်ကြားတော်မူခြင်း ဖြစ်၏။

ဘုရားရှင်၏ ထိုမိန့်တော်မူချက်သည် အမှန်ပင်ဖြစ်၏။ တွယ်တာမှု သံယောဇဉ်သည် ပူလောင်မှုကို ဖြစ်စေတတ်၏။ ပူလောင်မှုဖြစ်ပေါ်လာခြင်းသည် ချစ်ခြင်း၊ မုန်းခြင်းကြောင့်ဖြစ်၏။ အချစ်သံယောဇဉ်ဖြစ်စေ၊ အမုန်းသံယောဇဉ်ဖြစ်စေ သံယောဇဉ်ဖြစ်လာလျှင် နောက်ဆက်တွဲအဖြစ် ပူလောင်မှုသဘောက ပါလာပြီးဖြစ်၏။ ချစ်သဖြင့် ပူလောင်ရသကဲ့သို့ မုန်းသဖြင့်လည်း ပူလောင်ရ၏။ ဤနေရာတွင် အချစ်နှင့် မေတ္တာကို ကွဲပြားစွာ နားလည်သဘောပေါက်ရန် လိုအပ်၏။ တွယ်တာမှု တဏှာကြောင့် ဖြစ်ပေါ်လာသည့် ချစ်ခြင်းသည် ကာမရာဂဦးစီးသဖြင့် ပူလောင်စေ၏။ မေတ္တာ၏ ချစ်ခြင်းသည်ကား တွယ်တာမှု ကာမရာဂမပါ သူတပါးတို့၏ အကျိုးကိုလိုလာခြင်း စေတနာသက်သက်သာ ဦးစီးသဖြင့် အေးမြစေ၏။

အမုန်းသည်ကား မေတ္တာ၏ ဆန့်ကျင်ဘက်ဖြစ်သဖြင့် အမြဲတစေ ပူလောင်စေလေ၏။ သေချာတွေးကြည့်လိုက်လျှင် တွယ်တာမှု တဏှာသံယောဇဉ်ကြောင့် ဖြစ်ပေါ်လာသည့် ချစ်ခြင်းမုန်းခြင်းသည် အေးမြမှုကို မဖြစ်စေနိုင်သည်မှာ သေချာလှ၏။ သူတပါးအကျိုးကို လိုလားသည့် စေတနာကြောင့် ဖြစ်ပေါ်လာသည့် မေတ္တာသည်ကား အေးမြမှုကိုဖြစ်စေ၏။ ပီတိတရား တိုးပွားစေ၏။ ထို့ကြောင့် တွယ်တာမှုနှင့်တကွ ဖြစ်သည့် ချစ်ခြင်းအစား တွယ်တာမှုမပါ အကျိုးလိုလားမှု သက်သက်သော စေတနာနှင့်တကွဖြစ်သည့် မေတ္တာတရား များများပွားရန် လိုအပ်ပေ၏။

သို့သော် တွယ်တာမှု သံယောဇဉ် မကင်းသေးသည့် လောကကြီးတွင် ထိုသို့ မချစ်မမုန်းနေနိုင်အောင် ကြိုးစားရန်မှာ လွယ်ကူသည့် အလုပ်မဟုတ်ပေ။ အလွန်သဒ္ဓါတရား အားကောင်းပြီး အထူးကြိုးစား လေ့ကျင့်မှသာ ပြုပြင်လာနိုင်ကြမည် ဖြစ်၏။ ပြုပြင်ကြည့်မည်ဟူသည့် စိတ်ထားလေး ဖြစ်ရန်ရှေးဦးစွား ကြိုးစားသင့်၏။ မည်သည့်အရာမျှ မလုပ်သည်ထက်စာလျှင် အနည်းငယ်စလုပ်ကြည့်သည်က ပို၍ အကျိုးသက်ရောက်မှု ရှိစေ၏။ အဓိက အရေးကြီးသည်မှာ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အရာ ၀တ္ထုအပေါ်ကိုမျှ သံယောဇဉ်မပိုမိကြရန် လိုအပ်၏။ အချစ်လည်းမပို အမုန်းလည်း မပိုရန် လိုအပ်လှ၏။ အချစ်ပိုလျှင် အပြစ်ပိုလာနိုင်သကဲ့သို့ အမုန်းပိုလျှင်လည်း အရှုံးပိုလာတတ်၏။ အချစ်ကြီးလျှင် အပြစ်ကြီးတတ်သကဲ့သို့ အမုန်းထူးလျှင်လည်း အရှုံးထူးတတ်၏။

ဤနေရာတွင် စာဖတ်သူများအနေဖြင့် မိမိတို့၏ ကိုယ်တွေ့လေးများဖြင့် ချိန်ထိုးကာ စဉ်းစားဆင်ခြင်နိုင်ကြ၏။ မိမိက တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုကို ချစ်ခင်တွယ်တာမိသည့်အခါ ထိုသူထိုအရာ ၀တ္ထုအပေါ်တွင် မိမိစိတ်တိုင်းကျ ဖြစ်စေလိုသည့် သဘောများ ဖြစ်ပေါ်လာတတ်၏။ မိမိလိုချင်သည့် ပုံစံလေးများ ပေါ်ပေါက်စေလို၏။ မိမိနေထိုင်စေချင်၊ ပြောစေချင်၊ လုပ်ကိုင်စေချင်သည့် ပုံစံများကို မျှော်လင့်လာတတ်၏။ သို့သော် ထိုသို့ ဖြစ်မလာခဲ့။ အရာရာမမြဲခြင်း၊ မိမိအလိုအတိုင်း မဖြစ်ခြင်းဟူသော သဘောတရားကို ထည့်မစဉ်းစားမိသဖြင့် ဖြစ်စေချင်သည့်အတိုင်း ဖြစ်မလာသည့်အခါ ချစ်မိရာမှ အမုန်းဖြစ်လာတတ်၏။ အမုန်းဖြစ်လာလျှင် အပြစ်လည်း ဖြစ်လာလေ့ရှိတတ်၏။ ထိုအခါ အချစ်ကြီးလေ အမျက်ကြီးလေဖြစ်လာတတ်ပြီး အမျက်ကြီးလေ အပြစ်ကြီးလေလည်း ဖြစ်လာတတ်၏။ အချစ်ကြီးသဖြင့် အပြစ်ကြီးသည့် သဘောပင်ဖြစ်၏။

ဤသည်မှာ ချင်ခင်ခြင်းဟူသည့် တွယ်တာမှုကြောင့်ပင်ဖြစ်၏။ ထို့အတူ တစ်စုံတစ်ယောက် တစ်စုံတစ်ခုကို မုန်းမိပြီဆိုလျှင်လည်း ထိုအမုန်းသံယောဇဉ်ကြောင့် ထိုသူများထိုအရာများ၏ ပျက်ဆီးကြောင်းကိုသာ တွေးတောကြံစည်လာတတ်ကြ၏။ ထိုသူထိုအရာများနှင့် ပတ်သက်သည့် မကောင်းသည့် အကုသိုလ် အတွေးများကိုသာ မကြာမကြာဖြစ်ပေါ်စေပြီး ထိုစိတ်နှင့်ပင် တိုက်ဆိုင်တိုင်း၊ ကြုံကြိုက်တိုင်း နှိမ့်ချပြောဆို ပုတ်ခပ်မိစေတတ်၏။ စိတ်၏သဘောကလည်း အခက်သားပင်။ မုန်းမိပြီဆိုလျှင် ထိုသူဘာလုပ်လုပ်၊ ဘာပြောပြော မကောင်းဘက်ကသာ တွေးတောထင်မြင် နေတတ်၏။

ထိုသို့ မကောင်းအမြင် မကောင်းအတွေး ရှိနေသည့်အခါ မိမိကိုယ်တိုင်လည်း စိတ်မကြည်လင်ဖြစ်ပြီး ထိုမကြည်လင်သည့် စိတ်ကြောင့်ပင် ပြောဆိုလုပ်ကိုင်သည့် အရာများသည်လည်း မကြည်လင် မသန့်ရှင်းဖြစ်ကာ အမှားတွေသာ ဆက်တိုက်ဖြစ်စေတော့၏။ အမှားများလာပါက ကောင်းကျိုးသက်ရောက်မှု နည်းလာတတ်၏။ အကျိုးနည်းလာလျှင် တစ်ဖြည်းဖြည်း အရှုံးပေါ်လာတတ်၏။ အမှားများလေ အကျိုးနည်းလေဖြစ်ပြီး အကျိုးနည်းလာသည်နှင့်အမျှ အရှုံးများလာမည်ဖြစ်၏။

ထိုအရှုံးသည် ယခုဘ၀၌ပင် ရှုံးခြင်းဖြစ်လျှင်ကား ဖြေနိုင်သေး၏။ ဘ၀သံသရာအထိ ရှုံးလာမည်ဆိုပါက ဘ၀သည် စုန်းစုန်းမြုပ်လေတော့မည် ဖြစ်၏။ မြုပ်ပါများလျှင် ပြန်၍နှုတ်ရန် ခက်လာတတ်၏။ အောက်ဆုံးအထိ မြုပ်သွားမည်ဆိုလျှင်ကား နှုတ်ရန်အလွန် ခဲရင်းသွားစေလေတော့၏။ ထိုအခါ အထက်နှင့်လည်း ပို၍ပင် ဝေးဝေးသွားစေလေတော့၏။ အောက်ဆုံးနှင့် အထက်ဆုံးအဖြစ် အလွန်အလှမ်းကွာဝေးသွားတတ်၏။ စာစကားနှင့် ပြောလျှင်ကား အ၀ိစီနှင့် နိဗ္ဗာန်ဝေးသွားသကဲ့သို့ပင် ဖြစ်၏။ ဤသည်မှာ အမုန်းကြီးသဖြင့် အရှုံးကြီးသွားခြင်း သဘောပင်ဖြစ်၏။ ထို့ကြောင့် အပြစ်မကြီးရန်နှင့် အရှုံးမကြီးရန်အတွက် မချစ်မမုန်း အကောင်းဆုံးဟု ဆိုခြင်းဖြစ်ပါ၏။

အချုပ်အားဖြင့် တွယ်တာမှု တဏှာကြောင့် ဖြစ်ပေါ်တတ်သည့် ချစ်ခြင်းမုန်းခြင်းသည် သတ္တ၀ါတို့အား ငြိမ်းအေးမှုကို မဖြစ်စေဘဲ ပူလောင်မှုကိုသာ ဖြစ်စေသဖြင့် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အရာအပေါ်ကိုမျှ အနှောင်အဖွဲ့မဖြစ်မိကြရန် လိုအပ်လှ၏။ ချစ်သဖြင့် ဒုက္ခဖြစ်ကြရသကဲ့သို့ မုန်းသဖြင့်လည်း ဒုက္ခဖြစ်တတ်၏။ ချစ်သဖြင့် အပြစ်ဖြစ်ကြသကဲ့သို့ မုန်းသဖြင့်လည်း အရှုံးဖြစ်တတ်ကြ၏။ အပြစ်ဖြစ်လျှင် အရှုံးဖြစ်တတ်သည်မှာ ဓမ္မတာဖြစ်၏။ ဤသည်မှာ အချစ်အမုန်းကြောင့် ဖြစ်ပေါ်လာသည့် အပြစ်အရှုံးပင် ဖြစ်၏။ အပြစ်သည် အကုသိုလ်ဖြစ်ပြီး အရှုံးသည် အကုသိုလ်၏ အကျိုးဖြစ်၏။ ထိုသဘော၏ အခြေခံအကြောင်းသည် တွယ်တာမှုတဏှာကြောင့် ဖြစ်၏။

ထို့ကြောင့် တိုတောင်းလှသည့် ဘ၀အခိုက်အတန့်တွင် ပူလောင်မှုကို ဖြစ်ပေါ်စေတတ်သည် တဏှာ၊ ထိုတဏှာကြောင့် ဖြစ်ပေါ်စေသည့် ချစ်ခြင်း၊ မုန်းခြင်းကို သတိဖြင့် ဆင်ခြင်ကာ နေရသည့်အခိုက် အကောင်းဆုံးနေနိုင်စေရန် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အရာအပေါ်မျှ အနှောင်အဖွဲ မဖြစ်စေဘဲ မချစ်မမုန်းစနစ်ကို ကျင့်သုံးကြခြင်းဖြင့် အကောင်းဆုံး နေနိုင်အောင် ကြိုးစားသင့်ပါကြောင်း…

ဘုန်းဘုန်း ဦးဝိစိတ္တ