Wednesday, May 1, 2013

သင့်တင့်လျှောက်ပတ်သောအခါ တရားရှာ


သင့်တင့်လျှောက်ပတ်သောအခါ တရားရှာ

 
ဥပုသ်စောင့်သွား တရားနာခေါ်
မလိုက်နိုင်သေး ဖြေးဖြေးပေါ့နော်
သားနှင့်သ္မီး ပစ္စည်းနှင့်ပျော်
အဲဒါလည်း ငါပဲ ငါပဲနော်....။

ဒါနသီလ ပြုလုပ်ကာခေါ်
မလိုက်နိုင်သေး ဖြေးဖြေးပေါ့နော်
မြေးထိန်း မြစ်ထိန်း ပစ္စည်းနှင့်ပျော်
အဲဒါလည်း ငါပဲ ငါပဲနော်....။

ဘာဝနာရှုပွား တရားနာခေါ်
မလိုက်နိုင်သေး ဖြေးဖြေးပေါ့
အိုးထိန်း အိမ်ထိန်း ပစ္စည်းနှင့်ပျော်
အဲဒါလည်း ငါပဲ ငါပဲနော်....။

ဒီဆောင်ပုဒ်လေးတွေအတိုင်းပါပဲ.....
အရာရာတိုင်းဟာ...နိစ္စ သုခ အတ္တလက္ခဏာတိုနှင့် မဖြစ်ကြပါပဲ....
အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးပါးမှာ ဖြစ်ကြသလို မြင်တတ်သော အမြင် ကြည့်တတ်သော အကြည့်  ကျင့်တတ်သော အကျင့်နှင့် ဘယ်နေရာ ရောက်ရောက် ဘာကိုကြည့်ကြည့် တကယ်လိုအပ်တာကတော့ ယောနိသော မနသိကာရနှင့် ကျင့်တတ်သော အာစာရတို့သာ အရေးကြီးပါတယ်....။

ဘာကြောင့်လည်းဆိုတော့....
ရှေးတုန်းက တိုင်းပြည် တစ်ပြည်မှာ ဘုရင်တစ်ပါးရှိပါတယ်.... အဲဒီ ဘုရင်က သူ၏ မိဖုရား နေထိုင်ရာ အခန်းကို ရောက်လာပါတယ်။ မိဖုရားကြီးကလည်း ရှင်ဘုရင် ကြွလာလို့ နေရာထိုင်ခင်းတွေ ပြင်ဆင်လို့ ဘုရင် သီတင်းသုံးဖို့ နေရာလေးပေးပါတယ်။

ပြီတော့ မိဖုရားကြီးက သူမ သွေးလက်စ သနပ်ခါးကို ဆက်ပြီး သွေးနေပါတယ်။ ဘုရင်ကြီးက မိဖုရားကြီးကို ကြည့်နေပါတယ်။

သို့သော် ဘုရင်ကြီး မိဖုရားကို ကြည့်နေသည့်အချိန်မှာ မိဖုရား သနပ်ခါးသွေးသည့်အတွက်ကြောင့် လက်မှာ ဝတ်ထားသော လက်ကောက်များက တချွင်ချွင် အသံထွက်နေတာကို ဘုရင်ကြီး သတိထားမိသွားပါတယ်။


ဒီလိုနဲ့ မိဖုရားကြီး လက်မှ လက်ကောက်များ အသံမြည်တာ ကြာလာတော့ ဘုရင်ကြီး သံဝေဂရလာပါတယ်။ ဒါနဲ့ ဘုရင်ကြီးလည်း ယောနိသော မနသိကာရနှင့် သတိတရားတွေ ပေါင်းစပ်လို့ ဘာဝနာတရား စီးဖြန်းလိုက်တာ မကြာခင် မီးလောင်ပြင်မှာ ပွင့်လာသော ဘဝငြိမ်းချမ်းရေး ပန်းတစ်ပွင့် ဖြစ်လာသလို ဘဝစစ်မြေပြင်မှာ အောင်မြင်သော အရဟတ္တ သူရဲကောင်းဖြစ်သွားခဲ့ပါတယ်။

ဒါကြောင့် ဘယ်နေရာ ဘယ်ဒေသ ဘယ်လို အခြေနေနှင့် ဘယ်လို မြင်ကွင်းတွေ မြင်လာ မြင်လာ၊ ဘယ်လို ကြားသိမှုတွေ ကြားလား၊ ကြားလားသမျှ အပေါ်မှာ ယောနိသော မနသိကာနှင့် သတိတရားသာ အရေးပါ အရာရောက်သော တရားဖြစ်ပါတယ်လို့ ပြောကြားရင်း ဒကာ ဒကာမ မိတ်ဆွေသင်္ဂဟတွေကို လက်ဆောင်ပေးခဲ့ပါတယ်....။

အားလုံး ကျန်းမာ ချမ်းသာစွာဖြင့် ဘဝမီးလောင်ပြင် ပွင့်သော ငြိမ်းချမ်းရေး ပန်းပွင့်များ ဖြစ်ကြပါစေ....

ဓမ္မမိတ်ဆွေ

အရှင်ပုညဝံသ (ခ) တက္ကသိုလ်မြတ်မင်း