Monday, May 13, 2013

စကားလုံးများရဲ့ ရာဇ၀င်


 စကားလုံးများရဲ့ ရာဇ၀င် 
 
နှုတ်ချို လျှိုတစ်ပါး စကားကို ကြားဖူး သိဖူးနေပါလိမ့်မယ်။ ဘာကြောင့် ဒီစကားကို တွင်တွင်ကျယ်ကျယ်
 ပြောကြပါသနည်း မေးခွန်းပေါင်းများစွာကို မေးဖို့ လူသားတွေ မေ့လျော့နေပါလိမ့်မယ်။ အဲ့ဒီထဲမှာ ကျွန်မလည်း တစ်ယောက်အပါအ၀င်ပါပဲ။ နေ့တစ်နေ့ရဲ့ အချိန်တိုင်းဟာ ကျွန်မအတွက် အရေးကြီးသလို ကျွန်မနဲ့ ဆက်နွယ်ပတ်သက်သူ                     နေသူတွေအတွက်လည်း အရေးကြီးပါလိမ့်မယ်။ 

 သို့အတွက် သူတို့ကို ကျွန်မပေးသောအရာများသည် တန်ဖိုးရှိရန်လိုပါလိမ့်မည်။ တန်ဖိုးရှိခြင်းထက် သူတို့ လက်တွေ့ဘ၀နယ်ပယ်တွင် မြူတစ်မှုန်စာလောက် အရေးပါဖို့ပိုအရေးကြီးပါသည်။ သို့အတွက် ကျွန်မဘက်က အတတ်နိုင်ဆုံး ကျိုးစားနေပါသည်။ 

                  ကျွန်မပြောသောအခါ စကားတစ်ခွန်းသည် လူတစ်ယောက်အတွက် ဘယ်လောက်ထိ ရေးပါသလဲဆိုသည်ကို စဉ်းစားပါသည်။ စကားမြှားတံသည် လူတစ်ယောက်၏ ရင်ကို တည့်တည့်ခွင်းနိုင်သော တစ်ခုတည်းသောလက်နက်မဟုတ်ပါလား။ သို့အတွက် မြားချက်ထိသူများ ခံရခက်သော မြားချက် မဖြစ်စေလိုသည်မှာ ကျွန်မ၏ ဆန္ဒအမှန်ပင်ဖြစ်ပါသည်။
 
 တစ်ခါတစ်ရံတွင် မြားချက်စိမ်းစိမ်းများဖြင့် သူတို့၏စိတ်ကို နှိုးဆွပေးရသည်။ တစ်ခါတစ်ရံတွင် ထိရုံလောက်သာ မြားချက်များဖြင့် သတိပေးသည့်သဘောမျိုးလည်း ပစ်ခွင်းရတတ်သည်။ မည်သို့ပင်ဆိုစေ ကျွန်မပစ်လွှတ်လိုက်သော မြားချက်၏ အတိမ်အနက်ကို ကျွန်မသိသည်။ ကျွန်မတာဝန်ယူနိုင်သည်လေ။

                      တစ်ခါတစ်ရံတွင် အရှိန်အတိမ်အနက် မသိသော မြားချက်များ ကျွန်မရင်ကို လာစိုက်ဖူးသည်။ နှုတ်ရန်သိလျှက် အခံခက်သည့် မြားချက်မျိုးပင်။ ထိုမြားချက်များသည် ကျွန်မ၏ စိတ်အစဉ်ကို သေးငယ်ဆုံး ရေစက်အဖြစ် ပျောက်ကွယ်စေသည်။ အကြီးမားဆုံးပူလောင်ခြင်းမျိုးဖြင့် လောင်ကျွမ်းစေလေသည်။ ရင်အစုံသည် နာကျင်ခံခက်လှသည်။
 
 သို့သော် တဖက်ကတော့ သူ့အတွက် အသေးငယ်ဆုံးသော ခံစားချက်လည်းဖြစ်မည် ခံစားချက် မပါသော ခံရခက်စကားမျိုးပြောခြင်းလည်းဖြစ်ချင်ဖြစ်မည် မည်သို့ပင်ဆိုစေ ထိုမြားချက်ကြောင့် လူတစ်ယောက်နှလုံးသွေးတို့ ခဏတာ ဆူပွက်ခဲ့ရသည် မဟုတ်ပါလား။ စကားလုံးတွေကြောင့် ချစ်ခင်ခဲ့ရသည်။ စကားလုံးများကြောင့်ပင် စစ်ခင်းခဲ့ရသည်။ စကားလုံးများကြောင့် ဘ၀တွေ တိမ်းစောင်းခဲ့ရသည်။ 
 
 စကားလုံးများကြောင့်ပင် တစ်ယောက်နှင့်တစ်ယောက် ဆုံဆည်းခဲ့ရသည်။ စကားလုံးများကြောင့် ကွေကွင်းခဲ့ရသည်။ စကားလုံးများကြောင့် ကျရှုံးခဲ့ရသည်။ စကားလုံးများကြောင့် အောင်မြင်မှုရရှိခဲ့ကြသည်။ ထို့ကြောင့် မိမိပြောသော စကားသည် မိမိအတွက်သာမကပဲ အများအတွက် မိမိပတ်ဝန်းကျင်အတွက်ပါ အရေးကြီးပါသည်။ အရေးကြီးခြင်းထက် မိမိစကားလုံး၏ အတိမ်အနက်ကို မပြောခင် သေချာချင့်ချိန်စဉ်းစားသင့်သည်။ စကားလုံးများကြောင့် ရာဇ၀င်သည် ယနေ့ထိတိုင် တည်မြဲနေလေသည်။ 

                      စကားပြောကောင်းခြင်းထက် စေတနာပါသော စကားများကိုသာ ပြောဆိုသင့်သည်။ ကောင်းအောင်ပြောခြင်းထက် အကောင်းကို ပြောခြင်းက ပိုပြီးသင့်တင့်သည်ဟု ခံစားမိသည်။ သို့အတွက် ကျွန်မနှင့် ဆက်စပ်သော သူများကိုလည်း စေတနာပါသော စကားများကိုသာပြောစေလိုသော ဆန္ဒတစ်ဆုံဖြစ်ပေါ်လာခြင်းကြောင့် အကောင်းပြောသူများဖြစ်စေရန် ရေးသားလိုက်ရခြင်းပါ။
 
 လောက တခဏ တွေ့ဆုံရချိန် ဘ၀တစ်ဆစ်ချိုးလေး အတွင်းမှာ နှုတ်ချိုချစ်ခင် အပြစ်မမြင်တတ်သူများ ဖြစ်စေလိုသော ဆန္ဒများစွာဖြင့်....
Grace: