တန်ဖိုထားတဲ့မိဘနဲ့ တန်ဖိုးဖြတ်တဲ့မိဘ
လူစဉ်မီ
လူတန်းဝင်တဲ့ လူတစ်ယောက်လို့ သတ်မှတ်နိုင်ဖို့အတွက် ယေဘုယျလိုအပ်တဲ့
အရည်အချင်းက စိတ်ကောင်းရှိဖို့ ဖြစ်တယ်ဆိုတာ လူတိုင်း တညီတညွတ်
လက်ခံထားတဲ့ စံ ဖြစ်ပါတယ်။ စိတ်ကောင်းရှိဖို့အတွက် စိတ်ကောင်းထာတတ်ဖို့
အရေးကြီးပါတယ်။
စိတ်ကောင်းထာတတ်အောင် အခြေခံ ခိုင်ခိုင်မာမာ တည်ဆောက်ဖို့အတွက် ပထမဆုံး
အရေးကြီးတာက သပ္ပုရိသသံသေ၀ သူတော်ကောင်း၊ မိတ်ကောင်းဆွေကောင်းတို့နဲ့ ပေါင်း
သင်းဆက်ဆံမိဖို့ အရေးကြီးတယ်ဆိုတာကို မြတ်စွာဘုရားရှင်က
အ၀ိဇ္ဇာသုတ်(အံ.၃.၃၄၈) မှာ ဟောညွန်ခဲ့ပါတယ်။
ဒီဟောညွန်ချက်အတိုင်း လူတစ်ယောက်ရဲ့ ဘ၀ကို စဉ်းစားကြည့်မယ်ဆိုရင် လူ့ဘဝ
ရောက်လာတဲ့ လူကလေးတစ်ယောက် အတွက် ပထမဆုံး ပေါင်းသင်းဆက်ဆံရတဲ့ လက်ဦး ဆရာ
မိဘနှစ်ပါးတို့ဟာ အဲဒီလူကလေးရဲ့ ဘ၀တစ်လျှော်ကလုံးအတွက် အရေးကြီးဆုံးအခန်း
ကဏ္ဍက ပါဝင်နေတယ်ဆိုတာကို သဘောပေါက်ကြ ရမှာပါ။
မိဘများအနေနဲ့ ကိုယ့်ကိုယ်ကို ပြတ်ပြတ်သားသား ပီပီပြင်ပြင် ဆန်းစစ်ပြီး
မေးခွန်းထုတ် သင့်တာကတော့ "သားသမီးအပေါ်မှာ မေတ္တာစစ် မေတ္တာမှန်နဲ့
တန်ဖိုးထား မြတ်နိုးကြမှာလား ကိုယ်ရေး ကိုယ်တာ ကိုယ်ကျေနပ်မှု
ကိုယ့်အကျိုးစီးပွားအတွက် တန်ဖိုဖြတ်ပြီး အသုံးချကြ မှာ လား" ဆိုတဲ့
အချက်ပါပဲ။ မေတ္တာသုတ်မှာ မြတ်စွာဘုရားရှင် ဟောပြတာကတော့ စစ်မှန်တဲ့ မိဘ
မေတ္တာဆိုတာ သားသမီးအတွက် အသက်ကိုတောင် ပေးစွန့်ရဲတယ် ဆိုတဲ့ ဗြဟ္မစိုရ်
စိတ်ထား ရှိနိုင်သူများ ဖြစ်တယ်။ ဒီလို စိတ်ထားရှိတဲ့ မိဘများဟာ ဗြဟ္မာနဲ့
တစ်ဂိုဏ်းတည်း ထားလောက် အောင် မြင့်မြတ်သူ ကျေးဇူးကြီးမားသူများ
ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကနေ့ မိဘအများစုရဲ့ စိတ်ထားကို ပေါ့ပေါ့တန်တန် အမှတ်တမဲ့နဲ့ "မိဘဆိုတာ
ကိုယ့် သားသမီး ကိုယ်ချစ်တာပေါ့။ တန်ဖိုးထား မြတ်နိုးတာပေါ့"လို့
မထင်ပါနဲ့။ တကယ့်စိတ် ထားဆို တာ လုပ်ဆောင် ချက်များနဲ့ အကောင်အထည်ဖော်ပြရဲ
ဖြစ်ပါတယ်။ တစ်နည်း ပြောရရင်တော့ တမင်တကာ ရုပ်ပြဟန်ဆောင်မှုမျိုး မဟုတ်တဲ့
လက်တွေ့လုပ်ဆောင်ချက်များ ဟာ လုပ်ဆောင် သူရဲ့ စိတ်သဘောထား အမှန်ကို
ဖော်ပြနေခြင်းဖြစ်ပါတယ်။ လူတို့ရဲ့ ကာယကံ ၀စီကံဆိုတာ မနောကံရဲ့ သရုပ်ဆောင်း
ဖြစ်တယ်ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ အဘိဓမ္မာနည်းအတိုင်း ပါပဲ။
မိမိရဲ့ အတွေ့အကြုံလေးတစ်ခုကို ပြောချင်ပါတယ်။ ဘိုးဘွားစဉ်ဆက် ကျောက်မျက်
ရတနာလုပ်ငန်းနဲ့ ချမ်းသာတဲ့ မိသားစုမှာ သမီးလေးက ဉာဏ်ပညာ ထက်မြက်ပါတယ် ။
ဆယ်တန်းမှာ သုံးဘာသာဂုဏ်ထူးနဲ့ အောင်မြင်တယ်။ အဲဒီတုန်းက
ဆရာဝန်သင်တန်းတက်ဖို့ အတွက် သတ်မှတ်ထားတဲ့ အမှတ်မီတယ်။ ဒါပေမဲ့ ကလေးမလေးက
ငယ်ငယ်ကတည်းက တွေ့မြင်နေရတဲ့ ကျောက်မျက်ရတနာလေးတွေအတွက်ဖော်ပြီး
အရောင်ဖြထွက်အောင်လုပ် တာ ကို စိတ်ဝင်စားခဲ့တာဆိုတော့ ပညာကလေး
အထိုက်အလျောက် သင်လာတဲ့အခါ ဒါဟာ ရူပဗေဒပညာရပ်ပဲဆိုတာ သဘောပေါက်လာတယ်။
ဒါကြောင့် သူက ရူပဗေဒကို ထွန်းးထွန်း ပေါက်ပေါက် ဖြစ်အောင် လေ့လာချင်တယ်။
တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတွေ ဖြည့်ရတဲ့အခါတော့ မိဘများက ဆွေထဲမျိုးထဲမှာ
ဆရာဝန်ဆိုတာ မထွန်းပေါ်ခဲ့ဖူးသေးတဲ့အတွက် ဆရာဝင်သင်တန်း တက်စေချင်တယ်။ သမီး
ကလည်း သူဝါသနာမပါတဲ့ ဘာသာရပ်ကို မတက်ချင်ဘူး။ နောက်ဆုံးတော့ ဆရာဝန်ဖြစ်မှ
ဂုဏ်ရှိတယ်ဆိုပြီး သမီးလေးကို အတင်းအကျပ်ပဲ ဆေးတက္ကသိုလ် ပို့လိုက်ပါတယ်။
တိုတိုပြောရရင်တော့ ဆေးတက္ကသိုလ် ဒုတိယနှစ်မှာ(ထင်ပါတယ်) ဖားကို လက်တွေ့
ခွဲရတဲ့အခါ ဖားလည်း မကိုင်ရဲဘူး နောက်ဆုံး သူများအကူအညီနဲ့ ခွဲနိုင်အောင်
စီစဉ်ပေးလို့ ခွဲ မယ်လုပ်လိုက်တုန်း ဖားက ရုန်းကန်သလို လှုပ်တာကိုကြည့်ပြီး
လန့်ဖျပ် သတိမေ့သွားရာက ဒီ ပညာကို ဘယ်လိုမှ ဆက်သင်ခိုင်းလို့ မရတော့ဘူး။
ဒါနဲ့ ဆေးတက္ကသိုလ်က ထွက်လိုက်ပြီး ဘွဲ့ရဖို့အတွက် စာပေးစာယူ
(အဝေးသင်)နဲ့ပြန်စရတော့ ကျောင်းနေဖက်တွေထက် သုံးနှစ် လောက် နောက်ကျပြီးမှ
သူဘယ်လိုမှ ၀ါသနာ မပါတဲ့ ဘာသာရပ် (ဒဿနိက ထင်ပါတယ်)နဲ့ ဘွဲ့ရသွားတယ်။
အဲဒီကလေးမလေးဟာ အရင်က သွက်လက်ဖျပ်လက်သလောက် ခုတော့ ငူတူတူ ငိုင်
တိုင်တိုင်ကလေးကိုဖြစ်လို့၊ ဘာအလုပ်မှလည်း ဟုတ်တိပတ်တိ မလုပ်ဘူး။
သူ့ကိုပြောလိုက်ရင် သူဘ၀အတွက် သူဝါသနာပါတဲ့ပညာကို မသင်ခဲ့ရလို့
ဘာမှမလုပ်တတ်ဘူး။ သူဘ၀ကို မိဘ တွေက ကြိုက်သလို စီမံခဲ့တာဖြစ်လို့ သူ့ဘဝ
ပြည့်စုံဖို့အတွက် မိဘများမှာသာ တာဝန်ရှိတယ် ဆိုပြီး တဇောက်ကန်း တယူသန်ကလေး
ဖြစ်သွားပါတော့တယ်။
အဲဒီမိဘတွေက သားသမီးရဲ့ အကျိုးကို တကယ်လိုလားပြီး သားသမီးကို
ချစ်ခင်မြတ်နိုး တန်ဖိုးထာကြသူတွေလား။ သားသမီးကို လူသုံးကုန်၊ ရုပ်ဝတ္ထုလို
သဘောထားပြီး ကိုယ့် အတွက် ဂုဏ်တူဂုဏ်ပြိုင် ၀ါကြွားစရာပစ္စည်းအဖြစ်နဲ့
တန်ဖိုဖြတ် အသုံးချလိုက်ကြသူတွေ လိုပဲ ဆိုရမလား ဆိုတာ စဉ်းစားကြည့်ဖို့
ပြောတာပါ။
ဘယ်အရာမဆို တန်ဖိုးထားတတ်သူအတွက် တန်ဖိုးထားသလောက် တန်ဖိုးဖြတ်လို့
မရနိုင်အောင် တန်ဖိုးတက်နေစမြဲဖြစ်ပြီး တန်ဖိုး ဖြတ် လိုက်တာနဲ့
တစ်ပြိုင်နက် တန်ဖိုးက ပြတ် သွားတာပါ။ တန်ဖိုး ပြတ် တယ်ဆိုတာ
စဉ်းစားကြည့်ရင် ကိုယ့်အတွက်တန်ဖိုး ပျက်သွားခြင်း ပါပဲ။ အဘိုးအဘွားတို့
ထိမ်းမြား လက်ထပ်ခဲ့စဉ်က ဓာတ်ပုံတစ်ပုံ ဒါမှမဟုတ် အဲဒီခေတ်က မိသားစု
ဓာတ်ပုံတစ်ပု့ဟာ ကုန်ကျမှု တန်ဖိုးအရ ဘာမှ ပြောပလောက်မယ်မဟုတ်ပါဘူး။
ဒါပေမဲ့ အဲဒီ မျိုးနွယ်စဉ်ဆက်ကို တန်ဖိုးထားသူ အတွက်ကတော့
ဒီဓာတ်ပုံဟာဘာနဲ့မှ နှိုင်း ယှဉ်ပြီး တန်ဖိုးဖြတ်လို့ မရနိုင်သလို ဘယ်လောက်
တန်ဖိုး ကြီးပါတယ်ဆိုတဲ့ ရတနာမျိုးနဲ့မှ လဲလှယ်နိုင်မှာလည်း မဟုတ်ပါဘူး။
တကယ်လို့ အဲဒီပုံဟာ ဓာတ်ပုံဆိုတာ ပေါ်ဦးစခေတ်လောက်က လက်ရာဖြစ်လို့ တစ်စုံ
တစ်ယောက်က မတန်တဆ ဈေးကြီးပေးဝယ်လို့ ရောင်းပစ်လိုက်ပြီဆိုပါစို့၊ အဲဒါ
တန်ဖိုးဖြတ် လိုက်တာပါပဲ။ ကိုယ့်အတွက် တန်ဖိုးလည်း ပြတ်သွားတာပါပဲ။ အဲဒီ
ရောင်းလို့ရတဲ့ ပိုက်ဆံတွေ သုံးပစ်လို့ ကုန်သွားတဲ့အခါ ကိုယ့်အတွက်
တန်ဖိုးလုံးဝ ပျက်စီးသွားပြီလို့လည်းပဲ ဆိုရတော့မှာ ပါ။
တန်ဖိုးထားတတ်သူက တစ်ဖက်သား(အရာဝတ္ထု)ကို တန်ဖိုးတက်စေသူဖြစ်ပြီး တန်ဖိုး
ဖြတ်သူဟာ တန်ဖိုးပြတ်စေသူ(တန်ဖိုးဖျက်သူ)ဖြစ်သလို တတ်ဖိုးဖြတ်ခြင်းကို
ခံရသူ (ခံရတဲ့ အရာဝတ္ထု)ဟာလည်း တန်ဖိုးပျက်သွားသူ ဖြစ်သွားပါတယ်။
အဆိုးဆုံးကတော့ တကယ့် တန်ဖိုးအမှန်ကို မသိဘဲ ကိုယ့်အကြိုက် ကိုယ့်သဘောနဲ့
တန်ဖိုးဖြတ်ခြင်းနဲ့ ကိုယ့်တန်ဖိုးကို ကိုယ်နားမလည်ဘဲ သူတစ်ပါး
တန်ဖိုးဖြတ်တာကို လက်ခံအတည်ပြုခြင်းပါပဲ။ အထက်မှာ ပြောခဲ့ တဲ့ မိန်းကလေးကို
နိုင်ထက်စီးနင်း တစ်ဖိုးဖြတ်ခံရသူများအဖို့တော့ ကံဆိုးမိုး မှောင်ကျ ခြင်း
လိုတောင် ဆိုနိုင်ပါလိမ့်မယ်။
ကိုယ့်တန်ဖိုး ကိုယ်နားလည်တန်ဖိုးထားရမှန်း မသိတဲ့အတွက် တစ်စုံတစ်ယောက်က
တန်ဖိုးဖြတ်ခံရခြင်းကသာ မူလတန်ဖိုးကို ပျက်စေတာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်က
အထင် ကြီး အလေးထားတဲ့ တန်ဖိုးကို အဟုတ်ထင်ပြီး ခေတ်စနစ်ပတ်ဝန်းကျင်
ရေးစီးထဲ မျှောပြီး မျောနေသူများဟာလည်း ကိုယ့်တန်ဖိုး
ကိုယ်ဖျက်ဆီးနေသူများလို့ပဲ ဆိုရမှာပါ။ ဥပမာ ဒီနေ့ လူငယ်တော်တော်များများ
မျောပါနေတဲ့ ပတ်ဝန်းကျင်က ဆရာဝန်ကို အထင်ကြီးမယ်ဆိုရင် ဆရာဝန်ဖြစ်ဖို့
ကြိုးစားတာတို့၊ သင်္ဘေားကို အထင်ကြီးတယ်ဆိုရင် သင်္ဘားဖြစ်အောင် ကြိုးစား
တာတို့ စတာမျိုးတွေပေါ့။
ပြီးတော့ တန်ဖိုးကို အကဲခတ်လို့မရသေးတဲ့ ကလေးငယ်တွေကို ခေတ်ကာလတ်ဖိုး
ရေစီးထဲ မျှော်ဖို့ ကြိုးစားကြသူများလည်း အလားတူ တန်ဖိုးဖျက်သူများလို့ပဲ
ဆိုရမှာပါ။ ပန်းချီ ဆရာ ပေါ်ဦးသက်ရှိစဉ်က သူ့ဆီမှာ သရုပ်ဖော်ပုံရေးပေးဖို့
လာအပ်တဲ့ ကလေးကဗျာ တွေထဲမှ လူလေးကြီးရင် ဘာလုပ်မလဲ ဆရာဝန်ကြီးလား၊
အင်ဂျင်နီယာကြီးလား စတဲ့ ခေတ် ကာလမှာ လူတွေ အထင်ကြီးတဲ့ ပညာရပ်တွေနဲ့
မေးခွန်းပုံစံ ကဗျာတစ်ခုကို ဖတ်ပြီး ဒီ စာရေး ဆရာ နှုတ်မငြိမ်လက်မငြိမ်နဲ့
တယ်ဖောက်ပြန်ပါလားကွာ၊ လူလေးကြီးရင် သူဝါသနာပါရာ သူလုပ် မှာပေါ့၊
ဘာဖြစ်လို့ လူတွေ အရူးထတဲ့ ဂုဏ်တု ဂုဏ်ပြိုင်တွေနဲ့ ကလေးတွေကို ဖျက်ဆီး နေရ
တာလဲ ဆိုပြီး မည်တမ်းသတဲ့။ သူ့သားက အဲဒါ ဖေဖေ့သူငယ်ချင်း ကဗျာဆရာ ရေးတာဗျ
လို့ ပြောလိုက်တော့ ဒီကောင် ဘာဖြစ်လို့များ ဒီလောက်
ဖောက်ပြန်သွားပါလိမ့်လို့ ရယ်ပြီး ညဉ်းလိုက်သတဲ့။
ကိုယ့်တန်ဖိုးကိုယ် အစစ်အမှန်သပြီး ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့
ပုဂ္ဂိုလ်များကျတော့ ပတ်ဝန်းကျင်က တ်ဖိုးဖြတ်တာကို လက်မခံဘဲ
ကိုယ့်တန်ဖိုးကို အမှန်အကန် တိုးတက်အောင် ကြိုးစားပြီး တန်ဖိုးဖြတ်သူတွေ
မခန့်မှန်းနိုင်လောက်အောင် တန်ဖိုးတက်သွားနိုင်ပါတယ်။
အထင်ရှားဆုံး သာဓကတစ်ခုကတော့ ဘုရားလောင်တော် သိဒ္ဓတ္ထ မင်းသားပါပဲ။
ဟုတ်ပါတယ်။ အလောင်းတော် မင်းသားဟာ ပဋိသန္ဓေစပြီး တည်နေကတည်းက အုံဖွယ်တူး
ခြားတဲ့ဖြစ်ရပ်တွေနဲ့ ပတ်ဝန်းကျင်တစ်ခွင်လုံးကို ရိုက်ခတ်ကျော်ကြားခဲ့သလို
မွေးဖွားလာတဲ့ အခါမှာလည်း သာမန်ယောင်္ကျားတို့ထက် လွန်ကဲထူးခြားတဲ့
ရုပ်ဆင်းအင်္ဂါလက္ခဏာများနဲ့ပြည့်စုံ သူဖြစ်လို့ သူ့ခမည်းတော်
သုဒ္ဓေါဒနမင်းကြီးက မင်းဆရာဖြစ်တဲ့ ဟူးရားပုဏ္ဏားတွေကိုခေါ်ပြီး မေးတဲ့အခါ
အကြီးဆုံးပုဏ္ဏား သုံးလေးဦးလောက်က လောကနယ်မှာနေရင် စကြ၀တေး မင်းဖြစ်မယ်။
ဓမ္မနယ်ပယ် မွေ့လျော်ပြီး ကြိုးစားမယ်ဆိုရင် သဗ္ဗညုဘုရားစစ်ဖြစ်မယ်လို့
ဟောကြားကြပါတယ်။ သုဒ္ဓေါဒနမင်းကြီးက ဘုရင်ဆိုတော့ ဘုရင့်အသိအတိုင်း ဧကရာဇ်
စကြာမင်းကြီး ဖြစ်စေရမယ်လို့ သားတော်ကို တန်ဖိုးဖြတ်လိုက်ပါတယ်။
သူတန်ဖိုးဖြတ်တဲ့အတိုင်း ဖြစ်လာစေဖို့အတွက် သားတော်လေးကို
ခမ်းနားကြီးကျယ်တဲ့ နန်းတော်ကြီးတွေ ဇိမ်ခံစရာအမျိုးမျိုးတွေ
ဖန်တီးပေးရုံမက သံယောဇဉ် အမြစ်တွယ်အောင်ဆို ပြီး အသက် ၁၆နှစ်အရွယ်မှာ
ယသောဓရာ ဆိုတဲ့ အလှမယ်မင်းသမီးလေးနဲ့ လက်ထပ်ပေးပါ တယ်။ တခြားငြိတွယ်စရာ
ချောလှငယ်ရွယ်တဲ့ မောင်းမ မိဿံတွေနဲ့ပါ ၀န်းရံပြီး သံယောဇဉ် အထပ်ထပ်နဲ့
တုတ်ချည်ပြီး သူ့အလိုကျ ဖြစ်လောအောင် ကြိုးစားတာပါ။
အမှန်ကတော့ သုဒ္ဓေါဒနမင်းကြီးက သားတော်ကို မချစ်လို့တော့ မဟုတ်ပါဘူး။ အလွန်
ချစ်တာပါပဲ။ ဒါပေမဲ့ သူ့ဘ၀ သူ့ပတ်ဝန်းကျင်မှာက ဘုန်းတန်ခိုးကြီးမားတဲ့
ရှင်ဘုရင်ဆိုတာ သူ့ ခေတ်သူ့အခါမှာ စည်းစိမ်ချမ်းသာ အကြီးမားဆုံးဆိုတော့ သူ
သိသလောက် တန်ဖိုးအကြီးဆုံး ဆိုပြီး တန်ဖိုးဖြတ်လိုက်တာပါပဲ။
ဒါပေမဲ့ လောကသားတို့ ကံကောင်းတာက သိဒ္ဓတ္ထမင်းသားဟာ သူတို့ထင်သလို
တန်ဖိုးအဖြတ်ခံတဲ့ ခပ်ညံ့ညံ့အမျိုးအစားထဲက မဟုတ်ဘဲ ပါရမီဓာတ်ခံ
အပြည့်ရှိတဲ့ ယောင်္ကျား ကောင်း ယောင်္ကျားမြတ်ပီပီ ပတ်ဝန်းကျင်က
ဖြတ်တဲ့တန်ဖိုးကို လက်မခံဘဲ သူ့တန်ဖိုးသူ အလေးထား ရုန်းထွက်ခဲ့လို့သာ
လောကအားလုံးမှာ တန်ဖိုးဖြတ်လို့မရတဲ့ အနှိုင်းမဲ့ ဗုဒ္ဓအဖြစ်
ရောက်ရှိခဲ့ပြီး ဒီနေ့အထိ သံသရာခရီးသွား ဒုက္ခနယ်သားအားလုံးရဲ့
ကိုးကွယ်အားထားရာ အဖြစ် ရပ်တည်နေနိုင်တာပါ။
ပြောလိုရင်းကတော့ မိဘဆိုတာ သားသမီးတို့ ပတမဆုံး တွေ့ဆုံပေါင်းသင်းရတဲ့
ပုဂ္ဂိုလ် များဖြစ်တဲ့အတွက် သပ္ပုရိသ ဆိုတဲ့ စိတ်ကောင်း စေတနာကောင်းရှိသူ၊
မေတ္တာတရားအစစ် အမှန် ကြီးမားသူ၊ သားသမီးတို့ရဲ့ အကျိုးစီးပွားစစ်စစ်ကို
လိုလားသူတွေ ဖြစ်ကြဖို့ပါ။ သားသမီး ကို အသုံးချပစ္စည်းလို သဘောထားပြီး
တန်ဖိုးမဖြတ်မိကြစေဖို့ အထူးသတိပြုမှာပါ။
ဒီနေ့
လူအသိုင်းအ၀န်းမျာ ဒီထက်ပိုပြီး အံ့သြစရာကောင်းတဲ့ ဆိုးဝါးမှုတွေကတော့
သားသမီး တို့ကို ကုန်သွယ်ပစ္စည်းလို သဘောထားပြီး ကိုယ်ကျိုးစီးပွား
ကိုယ့်ဂုဏ်သိက္ခာအတွက် စီးပွား ဖြစ် ဇွက်အတင်း ထိမ်းမြားလက်ထပ်ပေးကြတဲ့
ကိစ္စမျိုးပါပဲ။
တစ်သက်မှာတစ်ခါသာ ဆုံးဖြတ်ရမယ့် အိမ်ထောင်ရးလို ကိစ္စမျိုးမှာ တစ်သက်လုံး
အတူလက်တွဲနေထိုင်သွားကြရမယ့် သားသမီးတို့ရဲ့ စိတ်ဆန္ဒကို လုံးဝ ထည့်မတွက်ဘဲ
ကိုယ် ကျိုးကိုယ်စီးပွားနဲ့ ကိုယ့်ဂုဏ်သိက္ခာအတွက်သာ ကြည့်ပြီး တန်ဖိုးဖြတ်
အသုံးချသွားကြတဲ့ မိဘ တို့ရဲ့ မေတ္တာဆိုတာ မြတ်စွာဘုရားရှင်က ဗြဟ္မာ နဲ့
နှိုင်းပြီး ချိုးကျူးခဲ့တဲ့ မေတ္တာမျိုး ဟုတ်ပါရဲ့ လား။ မိကောင်းဖခင် ဆိုတဲ့
ဂုဏ်နဲ့ စည်းစိမ်း ဥစ္စရှင် ဆိုတဲ့ ဂုဏ်သိက္ခာနှစ်မျိုးမှာ မိဘတို့ အလေးထား
ရွေးချယ် ရမယ့်ဂုဏ်ဟာ ဘယ်ဂုဏ်လဲဆိုတာ အလေးအနက် စဉ်းစားရွေးချယ် ကြဖို့ပါ။
ဒီလိုပြောလိုက်တဲ့အတွက် သားသမီးတို့အရေးမှာ မိဘတို့က ဘာမှ ၀င်ရောက်စွပ်ဖက်
ခြင်း မပြုရဘူးလို့တော့ မယူဆသင့်ပါဘူး။ မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်
စတဲ့ မိဘ၀တ္တရားတွေ ရှိတယ်ဆိုတာ အားလုံးသိပြီးသားပါပဲ။ ကောင်းရာကိုညွှန်လတ်
ဆိုတဲ့ နေရာ မှာ အဲဒီ ကောင်းရာ ဆိုတာ ကိုယ်ကောင်းဖို့ ကိုယ်ကျေနပ်ဖို့
ဆိုတဲ့ စိတ်မထားဘဲ သူတို့အတွက် ကောင်းဖို့ဆိုတဲ့ မေတ္တာစိတ် သန့်သန့်ကလေး
မွန်မွန်မြတ်မြတ်ထားကြဖို့ပါ။ ကောင်း ဆိုတဲ့ နေရာမှာလည်း တစ်ကိုယ်ရေ
စိတ်ချမ်းသာရေး လောကရေး ဓမ္မရေး ဘက်စုံကောင်း ဖြစ်ဖို့ မျှမျှ တတ
ညွှန်ပြနိုင်ဖို့အရေးကြီးပါတယ်။
အဲဒီလိုညွှန်ပြနိုင်မှသာ သူတော်ကောင်းနဲ့ ပေါင်းသင်းမှီဝဲမှု ပြည့်စုံသူမှာ
သူတော်ကောင်း စကား ကြားနာခွင့်ရတယ်ဆိုတဲ့ မြတ်စွာဘုရား အဆုံးအမတော်နဲ့
ကိုက်ညီမှာပါ။ သူတော် ကောင်းဆိုတာ သူတော်လာစေဖို့အတွက် ကိုယ်ဘက်က
စိတ်ကောင်း စေတနာကောင်း ထားတတ်သူကို ခေါ်တာပါ။ သူတို့ရဲ့ ပါရမီဓာတ်ခံ
မျိုးစေ့ကလေးတွေ လောင်းရိပ်မဲ့ နှောင်ကြိုးမဲ့ ပေါက်ရောက်ရှင်သန်ခွင့်
ပေးရမှာ ဖြစ်ပါတယ်။ သူတော်မှ ကိုယ်ကောင်းမယ်ဆိုတဲ့ အတ္တသမား မျိုး
မဖြစ်စေရပါဘူး။
သူတော်ကောင်းစစ်ရဲ့စကားကို ကြားနာရမှုပြည့်စုံရင် ယုံကြည်မှု သဒ္ဓါတရား
ခိုင်မြဲတယ် လို့ ဆိုပါတယ်။ ယုံကြည်တယ်ဆိုတာ လောကရေးရာအရ အလေးထား
လေးစားထိုက်တဲ့ မိဘဆရာသမားတို့ရဲ့ ဂုဏ်ကျေးဇူးကို ယုံကြည်ခြင်း၊
ရတနာသုံးပါးနဲ့ ကံကံရဲ့ အကျိုးကို ယုံ ကြည်ခြင်း၊ ကိုယ့်အရည်အချင်းနဲ့
ကိုယ်စွမ်းကိုယ်စတို့ကို ယုံကြည်ခြင်းစတဲ့ ယုံကြည်သင့်၊
ယုံကြည်ထိုက်သမျှကို ယုံကြည်တဲ့စိတ် ထက်သန်လာမယ်လို့ ဆိုလိုတာပါ။
ယုံကြည်မှုနဲ့ ပြည့်စုံသူများဟာ အရာရာကို ယောနိသောမနသိကာရနဲ့ စိတ်ကောင်းထား
တတ်တဲ့ လူကောင်းသူကောင်းများ ဖြစ်နိုင်ပါသတဲ့။ အဲဒါ မြတ်ဗုဒ္ဓအလိုတော်ကျ
မိဘတိုင်းက သားသမီးတို့ရဲ့ အမြင့်ဆုံးဘ၀ကို တည်ဆောက်ပေးခြင်းပဲ ဖြစ်ပါတယ်။
မိကောင်းဖခင် ပီသကြပါစေ
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)