Wednesday, May 15, 2013

လူ့ဘုံကို နောက်ဆုံးလာသူနှင့် သွားချည် လာချည် ဖောက်သည်များ

 
လူ့ဘုံကို နောက်ဆုံးလာသူနှင့် သွားချည် လာချည် ဖောက်သည်များ


မှတ်မှတ်ရရ ၂၀၁၃-ခု၊ ဧပြီလ (၁၃)ရက်၊ မြန်မာတို့ရဲ့ သင်္ကြန်အကြိုရက်က တောင်ငူမြို့၊ သာသနာ့ဝိဟာရီ၊ ရွှေဆံတော်(မရမ်းကျောင်း)တိုက်မှာ သင်္ကြန်တွင်း “ဓမ္မစကြာအဓိပ္ပာယ် သင်တန်း”စတဲ့နေ့ ညပိုင်းပေါ့။ တပည့်ဖြစ်တဲ့ ဦးဇင်းမောင်ဝါက ဖုန်းဆက်လာတယ်။ USA-L.A က ကိုမျိုးဆီက အီးမေးလ်လာလို့တဲ့။ L.A ကလာတာဆိုတော့ ဒီမှာ ဧပြီ ၁၃ ရက်ဆိုရင် သူတို့ဆီမှာတော့ ဧပြီ – ၁၂ ရက် ဖြစ်ပါလိမ့်မယ်။ “ဘာအကြောင်းကိစ္စပါလိမ့်”ဆိုတော့ “ဒေါက်တာမောင်မောင်ဦး ဧပြီ ၁၁ ရက်ညက ဆုံးသွားလို့တဲ့ ဘုရား၊ အသဲ ရောဂါခွဲစိပ်ကုသရာက အဆင်မပြေဖြစ်ပြီး ဆုံးသွားတာလို့ ပြောပါတယ်”တဲ့။

            L.A က ဒေါက်တာမောင်မောင်ဦးဆိုတာ  မနှစ်(၂၀၁၂-ခု) စက်တင်ဘာလကမှ မိမိရဲ့ မျက်စေ့ အတွင်း တိမ်ကို လေဆာနဲ့ ကုသဖို့အတွက် အစစစီစဉ်ပြီး ကုန်ကျစရိတ်ပါ အားလုံး ကုသိုလ်ပြုခဲ့သူပါ။

            လွတ်သွားတဲ့ငါး ကြီးတယ်လို့ ပြောတာမဟုတ်ပါဘူး။ လောကမှာ ဥပဓိရုပ်ရယ်၊ စေတနာရယ်၊ မျက်နှာထားရယ်၊ ပြောဆိုဆက်ဆံပုံရယ် အားလုံး “ကံသုံးပါးလုံး” ဆိုပါတော့၊ အဲဒီလို ညီညွတ်သူ အလွန် ရှားပါတယ်။ ဒေါက်တာ မောင်မောင်ဦးက အဲဒီလို ရှားပါးပုဂ္ဂိုလ်ထဲမှာ တစ်ဦးအပါအဝင်ပဲဆိုတာ  L.A မှာရှိကြတဲ့ မြန်မာအသိုင်းအဝိုင်းကသာမက ပညာရပ်ချင်းဆက်စပ်တဲ့ လူမျိုးခြားများကပါ အသိအမှတ်ပြုပြီး လေးစားခြင်း ခံရသူပါ။

            မနှစ်က မိမိရဲ့ မျက်စေ့ကို ကုသပေးတဲ့ဆရာဝန်က ဗီယက်နမ် အမျိုးသမီးပါ။ ဗုဒ္ဓဘာသာလဲ ဟုတ်ဟန် မတူ ပါဘူး။ လေးစားပြူငှာ ဆက်ဆံပေမယ့် ဗုဒ္ဓဘာသာထုံးစံအတိုင်း လက်အုပ်ချီ ဂါရဝပြုတာမျိုးတော့ မရှိလို့ပါ။ ဒါပေမယ့် အဲဒီဆရာဝန်မက မိမိကို ကုသပေးရာမှာ ဆေးရုံက ခွဲစိတ်ခန်း အသုံးပြုခ သက်သက်ကိုသာ ပေးရ တယ်။ သူ့ရဲ့ ပညာရပ် လုပ်အားခအားလုံး အခမဲ့ကူညီတာပါတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဒေါက်တာ မောင်မောင်ဦး ကလဲ သူ့ကို အကြိမ်ကြိမ်ကူညီခဲ့တဲ့ ကျေးဇူးရှိလို့ပါတဲ့။

            အခု မိမိကြားရတဲ့ သတင်းထဲက “ဒေါက်တာမောင်မောင်ဦး”ဆိုတာ အဲဒီဆရာဝန်ဖြစ်မှာပဲလို့ ကြားလိုက် ကတည်းက ထိတ်ခနဲ စိုးရိမ်မှုနဲ့အတူ ထင်မှတ်လိုက်မိပါတယ်။ ဒါပဲဖြစ်မှာပါပဲလို့ လုံးဝလောက်နီးပါး သိနေပြီး ပေမယ့် ပုထုဇဉ်တို့ရဲ့ ဆန္ဒာဂတိက တယ်အလျှော့မပေးလိုက်ချင်ဘူး။ “ပြောမှား ကြားလွဲသာ ဖြစ်ပါစေ” ဆိုတဲ့ ဆန္ဒာဂတိက အမှန်တရားကို ဗြောင်ငြင်းဆန်ရင်းပဲ ဇွတ်အတင်းကြီးကို ဖြစ်လာနေတယ်။ ဒါနဲ့ “ဘယ် ဒေါက်တာ မောင်မောင်ဦးလဲဟ”လို့ ပြန်ပြောမိလိုက်တယ်။ လွဲစေချင်လွန်းလို့သာ ပြောရတာပါ။ မလွဲနိုင်ဘူးဆိုတာ တော့လဲ သိနေပြီးသားပါ။ နောက်ဆုံးတော့လဲ အမှန်ပါပဲ။ “ဆရာတော်ကို မျက်စေ့ကုသဖို့ ကုသိုလ်ယူတဲ့ ဆရာဝန် လေ”တဲ့။

            သာမန်အချိန်တွေမှာ “သင်္ခါရတရားဆိုတာ “ကွေးသောလက်မဆန့်မီ”တွေ ဘာတွေ အပြောသန် ခဲ့ပေ မယ့်၊ အဲဒီအချိန်မှာ မိမိတုံ့ပြန်လိုက်မိတဲ့ အာမေဍိတ်စကားကတော့ ထွက်ရိုးထွက်စဉ် “အော် ..ဟုတ်လား”ဆိုတဲ့ သံဝေဂလေသံ ကလေး မဖြစ်ခဲ့ပါဘူး။ ဘယ်လိုမှ ကြိုတင်စဉ်းစားမှုမပါတဲ့ “ဟာ ..ကွာ” ဆိုတဲ့ ပေါက်ကွဲ ထိရှတဲ့ အသံပါပဲ။

            နောက်နေ့မှာတော့  L.A မြန်မာအသုံးအဝိုင်းကလဲ “အစားထိုး မရနိုင်တဲ့ ဆုံးရှုံးနစ်နာမှုကြီး”အဖြစ်နဲ့ အမေရိကန်မှာ မြန်မာဘာသာနဲ့ထုတ်တဲ့ “နေပြည်တော်သတင်းစာ”ရဲ့ အယ်ဒီတာမှတ်ချက်ကိုလဲ အင်တာနက်မှာ တွေ့ရပါသတဲ့။

            လူတစ်ယောက်သက်ရှိဘဝတစ်ခုကို စွန့်ခွါပြောင်းလဲသွားတာနဲ့ ပတ်သက်လို့ ရှေးလူကြီးသူမများ သုံးစွဲတဲ့ “ဆုံးပါးတယ်”ဆိုတဲ့ စကားက အခုမှ အဓိပ္ပာယ်ပိုလေးနက်လာသလို ခံစားလိုက်ရပါတယ်။ “ဆုံးပါးတယ်”တဲ့။ ဟုတ်ပါတယ်၊ L.A ရောက် မြန်မာအသိုင်းအဝိုင်းအတွက်သာမကပါဘူး အားလုံးအတွက် ဆုံးရှုံးမှုကြီးတစ်ခုလို့ပဲ ခံစားရပါတယ်။ တရားနဲ့ဝေးလှလို့တော့ မဟုတ်ပါဘူး။ 

 ဒါပေမယ့် နှစ်ပိုင်းတောင် မကြာသေးတဲ့ လွန်ခဲ့တဲ့ နှစ်ဝက် လောက်ကမှ မိမိရဲ့ကျန်းမာရေးအတွက် ကြောင့်ကြစိုက်ဆောင်ရွက်ပေးခဲ့တဲ့ ဆရာဝန်တစ်ဦး။ အသက်အရွယ် အားဖြင့်လဲ လူလတ်ပိုင်းသာသာ အရွယ်ကောင်းဆိုတော့ ဘာပဲဖြစ်ဖြစ် ဒီအရွယ်ဆိုတာ “ဆန့်တဲ့လက်တွေလဲ အကြိမ်ကြိမ်ကွေးနိုင်၊ ကွေးတဲ့လက်တွေလဲ အကြိမ်ကြိမ်ဆန့်နိုင်သင့်သေးတယ်”ဆိုတဲ့ ဆန္ဒာဂတိ၊ မောဟာဂတိ တို့နဲ့ အတူ ဆင်ခြင်ဆင်လက် ပေးချင်တဲ့စိတ်က လွှမ်းမိုးနေပြန်ပါတယ်။

            စာရေးဆရာမ မိုးမိုး(အင်းလျား)ကွယ်လွန်စဉ်က ကဗျာဆရာကြီး(ဦး)တင်မိုးက -
            “ချစ်သူတို့ သက်တမ်းတိုလှ၏၊
          မုန်းသူတို့ သက်တမ်းရှည်လှ၏၊ 

          ကြေကွဲ၍ မဆုံးပါ”လို့ မှတ်ချက်ချခဲ့ဖူးပါတယ်။ သူ့မှတ်ချက်စကားက ကြေကွဲမှုနှစ်ခုကို လှစ်ပြနေပုံ ရပါတယ်။ “ချစ်သူတို့ သက်တမ်းတိုလှတဲ့အတွက်လဲ ကြေကွဲ၍မဆုံးပါ၊ မုန်းသူတို့ သက်တမ်း ရှည်နေကြတဲ့ အတွက်လဲ ကြေကွဲ၍ မဆုံးပါ”လို့ ဆိုချင်တဲ့သဘောဖြစ်တယ်ဆိုတာ သူနဲ့တရင်း တနှီးနေခဲ့ကြသူတွေ၊ သူ့ရဲ့ နိုင်ငံအပေါ်၊ ပြည်သူ့အပေါ်၊ မိတ်ဆွေသင်္ဂဟတွေအပေါ်ထားရှိတဲ့ စိတ်ဓာတ်ကို သိသူတွေ အားလုံးက သဘော ပေါက်ကြပါလိမ့်မယ်။

            မိုးမိုး(အင်းလျား)ရဲ့ အသုဘပို့ပြီး နောက်နှစ်ရက်လောက်မှာ မိမိရှိနေတဲ့ ပုဇွန်တောင်ဘူတာနားက ကျောင်းတိုက်ကို သူရောက်လာတော့ ဒီမှတ်ချက်စကားလေးတွေနဲ့ ပတ်သက်ပြီး စကားစပ်မိကြသေးတယ်။ မိမိ ကောက်ချက်ချသလိုပဲ ကြေကွဲခြင်းနှစ်မျိုးထဲက မုန်းသူတို့ သက်တမ်းရှည်ကြလို့ ပြည်သူ့အတွက် သူခံစားချက် တွေကိုလဲ တံတွေးတွေ နင်,သီး၊ မျက်ရည်နဲ့နှပ်တွေလဲ ကျလာတဲ့အထိ ဒေါနဲ့မောနဲ့ ပြောပြနေပါ တယ်။

            သူ့ဒေါသ ပြေရာပြေကြောင်းအဖြစ်နဲ့ မိမိက “ဘာဖြစ်လို့ ချစ်သူတို့ သက်တမ်းတိုကြပြီး မုန်းသူတို့ သက်တမ်း ရှည်ကြရတယ်ဆိုတာ ဆရာဂျမ်း ကြားဖူးလား”လို့ မေးလိုက်တော့ “မှတ်မှတ်ရရ မကြားဖူးပါဘူး၊ ဦးဇင်း ဘယ်လို ကြားဖူးလို့တုန်း”တဲ့။

            မိမိက မိမိရဲ့ မိခင်ဘက်မှာ မောင်နှမငါးယောက်ရှိတယ်။ အကြီးဆုံး အစ်မကြီးက “ဒေါ်အကြီးမ”တဲ့။ အညာကြေးလက် မိဘတွေရဲ့ခေါ်ရိုးခေါ်စဉ်ကနေ အမည်တွင်သွားပုံရပါတယ်။ မိမိတို့ကလဲ အကြီး(ဂျီး)လို့ပဲ ခေါ်ပါတယ်။ အဲဒီအောက်က ဦးကြီးနှစ်ယောက်၊ အဲဒီအောက်မှာ အမေ၊ အမေ့အောက် အငယ်ဆုံးက ဦးလေးပါ။ 

            ဦးကြီးနှစ်ယောက်ထဲက အကြီးက လူပျိုကြီးဖြစ်လို့ မိမိတို့ မိသားစုနဲ့ပဲ အတူတူနေပါတယ်။ အငယ်တုန်းကမို့ မိသားစုအရေးတွေကို အပြည့်အစုံတော့ နားမလည်လှပါဘူး။ နားစွန်နားဖျား ကြားဖူး သလောက်တော့ အမေတို့ရဲ့ အဖေက နတ်မောက်အရှေ့လက်မှာ အတော်လေးဩဇာရှိတဲ့ သူကြီးဖြစ်လို့ ဓားမ ဦးချ ကိုယ့်လယ်ယာကို ထွင်ရတဲ့ ခေတ်မှာ မြေကောင်း ယာကောင်းတွေ အတော်ပိုင်ဆိုင်ပါသတဲ့။ 

အဲဒီ အဖိုးအဖွားတွေ ဆုံးပါးပြီးလို့ အမွေခွဲကြတဲ့အခါ အကြီးဆုံးလဲဖြစ်၊ အိမ်မှာလဲ အတွင်းပစ္စည်း (ရွှေငွေ လက်ဝတ် လက်စား) တွေကို ထိန်းသိမ်း၊ တောထဲက လယ်ယာမြေ တွေကိုလဲ စီမံခွင့်ရတဲ့ ကြီးတော်ကြီးက သူ့လက်ဝယ် သိမ်းထားတဲ့ လက်ဝတ်လက်စားတွေကိုလဲ အငယ်တွေကို(သူတို့ ဝတ်ဆင်ထားပြီးကလွဲလို့)ဘာမှ ခွဲမပေးဘူး။ လယ်ယာမြေတွေကိုလဲ သူကြိုက်သလို မြေကောင်း ယာကောင်းတွေကို ယူပြီးမှ အငယ်တွေကို ကျန်တာ ခွဲဝေပေးတယ်လို့ ပြောသံကြားဖူးပါတယ်။ 

            အဲဒါတွေကတော့ မျက်မြင်ကိုယ်တွေ့ မဟုတ်လှပါဘူး။ မိမိတို့ လူမဖြစ်မီက ဖြစ်ပျက်ခဲ့တာတွေပါ။ မိမိတို့ သိမှီတဲ့ အချိန်မှာတော့ ကြီးတော်ကြီးဟာ သူ့မိသားစုအပေါ်မှာရော၊ ဆွေမျိုးသားချင်းအပေါ်မှာရော၊ ရပ်ရွာ ပတ်ဝန်းကျင် အပေါ်မှာရော အတော်ဆိုးပါတယ်။ ထားပါတော့။ ကြီးတော်ရဲ့ အတင်းအဖျင်းကို ပြောလိုရင်း မဟုတ်ပါဘူး။ ဒါနဲ့ ပတ်သက်လို့ မိမိတို့နဲ့အတူနေတဲ့ ဦးကြီးလူပျိုကြီးရဲ့ မှတ်ချက်စကားပါ။

            ဦးကြီးက “တို့ မောင်နှမတတွေထဲမှာတော့ “အကြီးမကြီး”က အသက်အရှည်ဆုံး ဖြစ်လိမ့်မယ်ဟေ့၊ သူက မနုဿပစ္ဆိမဘဝိကကြီးဟ”တဲ့။ အဲဒီတုန်းက “မနုဿပစ္ဆိမဘဝိက”ဆိုတဲ့စကားကို သဘောမပေါက်ပါဘူး။ ကြီးမှ သဘောပေါက်တယ်။ သံသရာခရီးမှာ ဒီဘဝနောက်ဆုံးလို့ဆိုရမယ့် ရဟန္တာအရှင်မြတ်တွေကို “ပစ္ဆိမဘဝိက ပုဂ္ဂိုလ်”လို့ ခေါ် ပါသတဲ့။ “ဒါဟာ သံသရာမှာ နောက်ဆုံးဖြစ်တဲ့ ဘဝပဲ။ 

 ဒီဘဝပြီးရင် ဘဝသံသရာပြန်လာစရာ အကြောင်းမရှိတော့တဲ့ တကယ့် “ပစ္ဆိမဘဝိကအစစ်” ပေါ့။ ကြီးတော်ကြီးကတော့ သံသရာခရီးဆုံးတဲ့ “ပစ္ဆိမ ဘဝိကအစစ်”တော့ မဟုတ်ပါဘူး။ ဒီတစ်ကြိမ်ဟာ လူ့ပြည်ကို နောက်ဆုံးလာခြင်းပဲ။ နောက်နောင်သုဂတိလူ့ဘုံကို လုံးဝလာစရာအကြောင်း မရှိတော့လို့ “မနုဿ ပစ္ဆိမဘဝိက”လို့ ခေါ်တာတဲ့။

            ဦးကြီးပြောပြတာကတော့ – “မကောင်းမှုဒုစရိုက်တွေကို မကြောက်မရွံ့ လက်ရဲဇက်ရဲ လုပ်ဝံ့တဲ့လူတွေဟာ နောက်ထပ် လူ့ပြည်ကို လာနိုင်ဖို့ အခွင့်အလမ်းမရှိတော့လို့ မနုဿပစ္ဆိမဘဝိကတွေ”လို့ ခေါ်တာတဲ့။ ဒီလို လူမျိုးတွေဟာ နောက်တစ်ကြိမ် လူ့ပြည်လာခွင့် မရှိတော့တဲ့အတွက် အခုဖြစ်ခိုက်ဘဝမှာ သက်တမ်းပြည့် နေခွင့်ရ ကြလို့ အလွန် အသက်ရှည်တတ်ကြတယ်လို့ ပြောပါတယ်။

            ဦးကြီးရဲ့စကားအရဆိုရင်တော့ “လူ့ပြည်ကို နောက်ဆုံးလာခွင့်ရသူတို့ သက်တမ်းရှည်ကြတယ်။ လူ့ပြည် ကို သွားချည် ပြန်ချည် ဖောက်သည်လို နေခွင့်ရသူတို့ သက်တမ်းတိုကြတယ်”လို့တောင် ဆိုရမလိုလိုပဲဗျာလို့ ပြောပြလိုက်တယ်။
            ဆရာဂျမ်းက စိတ်နည်းနည်း ပြေသွားသလိုရှိပေမဲ့ လုံးလုံးတော့ ပြေပုံမရသေးဘူး။ “ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ မုန်းသူတွေ သက်တမ်းရှည်နေတာဟာ ပြည်လည်းနာ၊ မြေလည်း နာ၊ ရင်လည်းနာရသလို ချစ်သူတွေ သက်တမ်း တိုကြတာဟာလည်း ပြည်နာ၊ မြေနာ၊ ရင်နာကြရတာပါပဲ”လို့ ပြောရင်း တွေတွေကြီးငေးနေပါတယ်။

            ဟုတ်ပါတယ်။ သူပြောသလိုပဲ တိုင်းပြည်အတွက်လည်း နစ်နာပါတယ်။ ကျန်ရစ်သူ အားလုံးအတွက်လည်း နစ်နာပါတယ်။ အကြင်နာများသူများအတွက်တော့ ရင်နာစရာလည်း များတာပါပဲ။ အဲ .. မြေကြီးအတွက်ကတော့ ဂုဏ်ယူစွာ ထမ်းထားခွင့်ရတဲ့ လူတော်တစ်ယောက်ကို ထွေးပိုက်ခွင့်ရသွားတယ်လို့သာ ဆိုရမယ် ထင်ပါရဲ့။


            မြတ်စွာဘုရားရှင်ကတော့ “မုန်းသူ”လို့ အများက သတ်မှတ်ခံရတဲ့ ပုဂ္ဂိုလ်တွေကို “ဒွါဂတ (ဒု+အာဂတ) = လာခြင်းဆိုးသူတွေ”တဲ့။ ဒီလိုပုဂ္ဂိုလ်တွေဟာ “အာဂတေ သောကော = ရောက်လာခြင်းက ဝမ်းနည်းစရာ။ ဂတေ အာနန္ဒော = ခွါခွဲရတာက ဝမ်းသာစရာ ပါပဲ”တဲ့။ ကဗျာဆရာ မင်းမော် ပြောတဲ့ “ငါတို့လူ့ပြည်၊ သင်းမနေလျှင်၊ ဇေပဲ မဟုတ်လား သူငယ်ချင်း”ဆိုတဲ့ လူစားမျိုးပေါ့။

            “ချစ်သူ”လို့ သတ်မှတ်ခံရသူတွေကိုတော့ “သွာဂတ(သု+အာဂတ)= လာခြင်းကောင်းသူတွေ”တဲ့။ ဒီလို ပုဂ္ဂိုလ်တွေဟာ “အာဂတေ အာနန္ဒော = ရောက်လာခြင်းက ဝမ်းသာစရာ။ ဂတေ သောကော = ခွဲခွါခြင်းက ဝမ်း နည်းစရာ” ဖြစ်တယ်လို့ မှတ်ချက်ချပါတယ်။ 

            နိုင်ငံရေးအဘိဓမ္မာပညာရှင်တစ်ဦး ပြောသလိုပဲ “နေတုန်းမှာ သစ်ရွက်ကလေး တစ်ရွက်လို အရိုးဆုံး နေထိုင်ခဲ့ပေမဲ့ သေဆုံးတဲ့အခါမှာတော့ သစ်ပင်ကြီးတစ်ပင် လဲကျသွားသလို ပတ်ဝန်းကျင်ကို ရိုက်ခတ် သွား စေတယ်” ဆိုတာ ဒီလို ပုဂ္ဂိုလ်မျိုးပဲ ဖြစ်မှာပါ။

            “အလိမ္မာကင်းကွာပြီး အသက်ရာကျော် ရှည်ရတာထက် အလိမ္မာနဲ့ပြည့်စုံပြီး တစ်နေ့တစ်ညဥ့် အသက်ရှည် ရတာက အဆထောင်ရာမက သာတယ်”ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမအရ ကြည့်မယ်ဆိုရင်တော့ “ဒီလို ပုဂ္ဂိုလ်မျိုးတွေမှ တကယ့်လူဖြစ်ကျိုးနပ်တဲ့ ပုဂ္ဂိုလ်တွေ”လို့ ဆိုရမှာဖြစ်ပါတယ်။

            နောက်ဆုံး ပရိနိဗ္ဗာန်ပြုခါနီးမှာ မြတ်စွာဘုရားရှင်က အရှင်အာနန္ဒာကို -”အနစ္ဆရိယံ ခေါ ပန ဧတံ အာနန္ဒ၊ ယံ မနုဿဘူတော ကာလံ ကရေယျ = အာနန္ဒာရယ် လူရယ်လို့ ဖြစ်လာရပြီးရင် သေတာဟာ အဆန်းတကျယ် မဟုတ်ပါဘူး”လို့ မိန့်ကြားပါတယ်။ “သေတာဟာ မဆန်းဘူး” ဆိုရင်၊ ဘာက ဆန်းသလဲဆိုတော့ – နေတာဟာ ဆန်း ပါတယ်။ နေစဉ်ကာလမှာ “အဆထောင်ရာမကသာအောင်”နေခဲ့သူဟာ အသက် တိုသည်ဖြစ်စေ၊ ရှည်သည် ဖြစ်စေ  အမြဲအဆထောင်ရာ တန်ဖိုးရှိနေမှာပါ။

            သေမျိုးတွေဖြစ်လို့ သေကြရပေမယ့် တန်ဖိုးရှိရှိနေပြီး တန်ဖိုးရှိရှိနဲ့ လောကကို နှုတ်ဆက်ထွက်ခွါသွားခွင့် ရတယ် ဆိုတာဟာ နိုင်ငံ၊ လူမျိုး၊ ဆွေမျိုးမိတ်သင်္ဂဟအားလုံးအတွက် ဂုဏ်ယူစရာလို့ပဲ တွေးဖြေကလေးနဲ့ ဖြေကြ ရတော့မှာပါ။
လူ့ဘုံမှာ လူကျိုးဆောင်ဖို့အတွက် ဒေါက်တာမောင်မောင်ဦး အမြန်ပြန်လာပါ။

(၁၁.၄.၂၀၁၃ နေ့က ကွယ်လွန်သွားတဲ့ ဒေါက်တာမောင်မောင်ဦးအတွက် (၁)လပြည့် အမှတ်တရ) 
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)