ကိုယ့်ကိုယ်ကိုသာ စိစစ်ပါ
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် ရာဇဂြိုလ်ပြည် ဝေဋုဝန်ကျောင်းတိုက်မှာ သီတင်းသုံးတော်မူခိုက်ဖြစ်ပါတယ်။ အဲဒီ သုပ္ပဗုဒ္ဓ လို့ခေါ်တဲ့ နူနာရောဂါစွဲကပ်နေပြီး လူတော်ထဲမ၀င်ဆံ့နိုင်အောင် ရောဂါစွဲကပ်နေသူဖြစ်ပါတယ်။ ဘာလို့ ဒီလိုဖြစ်သလည်း ဆိုရင် တစ်ခုသောဘ၀မှာ ရသိခိလို့ခေါ် ပစ္စေက ဗုဒ္ဓါအရှင်သူမြတ်ကို တံတွေးနဲ့ထွေးပြီး ရိုင်းပြစွာ ပြုမူခြင်း အကုသိုလ်အလုပ်ကို ပြုလုပ်ခဲ့မိပါတယ်း သီလ၊ သမာဓိ၊ ပညာတွေနဲ့ ပြည်စုံတဲ့ မပြစ်မှားသင့်တဲ့ ပစ္စေက ဗုဒ္ဓါ အရှင်သူမြတ်အပေါ်မှာ ရိုင်းပျစွာ ပြစ်မှားစော်ကားတဲ့ သူ့ရဲ့ လုပ်ရပ် အကုသိုလ်က သူ့ကို ငရဲမှာ နေရာချပေးခဲ့ပြီး ဆင်းရဲ ဒုက္ခတွေ ခံစားစေခဲ့ပါတယ်။
သူဟာငရဲမှာ ဆင်းရဲဒုက္ခတွေ အချိန်ကာလကြာမြင့်စွာ ခံစားခဲ့ရပြီး လူပြန်ဖြစ်လာရပြန်တော့ အဲဒီ အကုသိုလ်ကံရဲ့ အကျိုးဆက် အနေနဲ့ နှုနာရောဂါကို ခံစားရတာဖြစ်ပါတယ်။ အဲဒီ လို ရောဂါကြီးနဲ့ နေခြင်းဆိုးတွေနဲ့နေခဲ့ရပြီး ဘ၀နိဂုံးချုပ် သေရတော့လည်း သူဟာ ဘုရားကျောင်းတော်ကအပြန် လမ်းခုလတ်မှာ နွားမတစ်ကောင်ရဲ့ အသေ ဝှေ့သတ်တာကို ခံရပြီး သေခဲ့ရပါတယ်။
ဒီလို သုပ္ပဗုဒ္ဓနှုနာရောဂါသည်ကြီး နွားမဝှေ့သတ်ခံရခြင်း ဆိုတဲ့သေခြင်းဆိုးနဲ့သေရခြင်းကလည်း အတိတ်ဘ၀က သူဌေးသားလေးယောက်ရှိခဲ့ကြတယ်။ အဲဒီ သူဌေးသားလေးယောက်ဟာ ပြည်တန်ဆာမ တစ်ယောက်ကို မြို့အပြင် ဥယျာဉ်ကို ခေါ်ပြီး တစ်နေကုန်ပျော်ပါးခဲ့ကြတယ်။ ညနေပြန်ဖို့ အချိန်ရောက်လာတော့ သူဌေးသားလေးယောက်က ဥယျာဉ်ထဲမှာ သူတို့မှ တစ်ပါးအခြားဘယ်သူမှ မရှိတာကို အခွင့်ကောင်းယူပြီး ပြည်တန်ဆာမကို သတ်၊ အခပေးထားငွေ တစ်ထောင်နဲ့ လက်ဝတ်လက်စားတွေကို လုယူခဲ့ကြပါတယ်။
ပြည်တန်ဆာမက အသတ်ခံရနေတုန်းမှာ နောင်ဘ၀တွေ မှာ ငါဟာ ဘီလူးမ ဖြစ်ပြီး ငါကိုသတ်တဲ့ ဟောဒီလေးယောက်လုံးကို လက်စားချေသတ်ဖြတ်နိုင်ရပါလို၏လို့ ဆုတောင်းလိုက်တယ်။ သုပ္ပဗုဒ္ဓဟာ အဲဒီတုန်းက သူဌေးသားလေးယောက်ထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်ခဲ့တာပါ။
သုပ္ပဗုဒ္ဓ ဟာ သူဘ၀ဖြစ်စဉ်ထဲကနေပြီး သူကိုသူ အကောင်းဆုံး ဖြစ်အောင် အမြတ်ထုတ်နိုင်ခဲ့တာ တစ်ခုတော့ရှိပါတယ်။ ဒီလိုပါ...တစ်နေ့ လှည့်လည်သွားလာ တောင်းရမ်းစားသောက်ရင်း ဘုရားရှင်ရဲ့ တရားပွဲနဲ့ ကြုံခဲ့ပါတယ်။ တရားနာ ပရိသတ်တွေလည်းအများအပြားပါ။ သူဟာ တရားကလည်းနာချင်၊ ပရိသတ်ထဲလည်း မ၀င်ရဲတာနဲ့ ပရိသတ် ခပ်လှမ်းလှမ်းအစွန်တစ်နေရာရာကပဲ တရားတော်ကို အာရုံစိုက်နာကြားနေခဲ့ပါတယ်။ တရားပွဲပြီးဆုံးသွားချိန်မှာတော့ သုပ္ပဗုဒ္ဓဟာ သောတာပန်အရိယာပုဂ္ဂိုလ်ဖြစ်သွားပါတော့တယ်။ သောတာပန်ဆိုတော့ အပယ်တံခါးပိတ်သွားပြီပေါ့။
အဲဒီ သူရထားပြီးတဲ့ အပယ်ပိတ်တရားကို ဘုရားရှင်ထံလျောက်ထားချင်ပေမဲ့ ပရိသတ်မရှင်းသေးလို့ မလျောက်ထားနိုင်သေးပဲ မြတ်စွာဘုရားရှင် ကျောင်းတော်ပြန်ကြွတော်မူမှ ကျောင်းမှာ လိုက်လျောက်မယ်လို ကြံစည်ပြီး လိုက်ပါလာခဲ့ပါတယ်။ အဲဒီ အချိန်မှာ သိကြားမင်းက သုပ္ပဗုဒ္ဒရဲ့တရားကို စမ်းသပ်လိုတာနဲ့ သုပ္ပဗုဒ္ဓအနားဆင်းလာပြီး သုပ္ပဗုဒ္ဓ သင်ဟာ ဆင်းရဲ မွဲတေ အထီးကျန်သူနေသူတစ်ယောက်ပဲ သင်ဘုရားရှင်ကို ဘုရားအစစ်မဟုတ်ဘူး၊ ဘုရားတရားတော်ကို တရား အစစ်မဟုတ်ဘူး၊ သံဃာတော် အရှင်မြတ်တွေကိုလည်း သံဃာအစစ်မဟုတ်ဘူးလို့ ပြောစမ်းပါ၊ အဲဒီလိုပြောမယ်ဆိုရင် သင့်ကို ဒီဘ၀ စားမကုန်နိုင်လောက်အောင် စည်းစိမ်ချမ်းသာတွေ ငါ့ပေးမယ် လို့ ခိုင်းပါတယ်။
ဒီအခါ သုပ္ပဗုဒ္ဓက ဟယ်...သိကြားယုတ်၊ ငါ့မှာ သဒ္ဓါတရား၊ သီလတရား၊ သုတတရား၊ စာဂတရား၊ ပညာတရား၊ ဟိရီတရားနဲ့ သြတ္တပ္ပတရားဆိုတဲ့ သူတော်ကောင်းတရားတွေရှိတယ်။ ငါဟာအဲဒီ သူတော်ကောင်းတရားတွေနဲ့ အချမ်းသာကြီး ချမ်းသာနေတယ်။ သင်ထင်သလို ငါဟာ ဆင်းရမဲတေ အထီးကျန်နေသူ တစ်ယောက်မဟုတ်ဘူး လို့ ပြောဆိုကာ သိကြားမင်းကို ငေါက်ငမ်းထုတ်လိုက်တယ်။
သိကြားမင်းလည်း သုပ္ပဗုဒ္ဓအနားကနေ ပျောက်သွားပြီး၊ ကျောင်းတော်ကို ပြန်ရောက်တော်မူပြီးဖြစ်တဲ့ ဘုရားရှင်ထံမှာ အကျိုးအကြောင်းသွားရောက် လျောက်ထားတဲ့အခါ ဘုရားရှင်က သိကြားမင်း၊ သင်တစ်ဦးတည်းမျှကိုမဆိုထားနဲ့ သင့်လို့ သိကြားမင်းမျုးတစ်ရာမက တစ်ထောင်လောက် ဆင်းလာပြီး အဲဒီလို ပြောဆိုခိုင်းမယ်ဆိုရင်တောင် သုပ္ပဗုဒ္ဓဟာ သင်တို့ပြောခိုင်းတဲ့ စကားမျိုးကို ပြောမှာ မဟုတ်ဘူးလို့ မိန့်တော်မူလိုက်ပါတယ်။
အဲဒီ ဘ၀က သေတော့ နွားမဝှေ့လို့ သေရတယ်ဆိုတော ရှေ့မှာပြောခဲ့ပြီးပါပြီ။ သေပြီးတဲ့နောက် တာဝတိံသာနတ်ပြည်မှာ နတ်သားဖြစ်သွားပါတယ်။
မြတ်စွာဘုရားရှင်က ဥာဏ်ပညာမရှိကြတဲ့ လူမိုက်တွေဟာ ဆိုးဝါးလှတဲ့၊ မကောင်းကျိုးပေးတတ်တဲ့ အကုသိုလ်အလုပ်တွေကို လုပ်ကြပြီး ကိုယ်ကိုယ်ကို ရန်သူအဖြစ်နဲ့ သွားလာလှည့်လည်နေကြတယ်လို့ ဟောကြားခဲ့ပါတယ်။ လူအများစုက ရန်သူဆိုရင် ကိုယ်ကိုယ်ကို ချန်ထားပြီး အပြင်က တခြားသူတွေကသာ ဘယ်သူငါ့ရန်သူလည်းရှာဖွေတတ်ကြပါတယ်။
မိတ်ဆွေဆိုရင်လည်း ဒီလိုပါပဲ ကိုယ်ကိုယ်ကိုချန်ထားပြီးရှာဖွေကြတယ်။ တကယ်တော့ မိမိကိုယ်တိုင်သာ သည်ပင် မိမိအတွက် ကြောက်စရာအကောင်းဆုံးရန်သူကြီးဖြစ်နိုင်သလို၊ ချစ်စရာအကောင်းဆု့း မိတ်ဆွေလည်းဖြစ်နိုင်တယ်ဆိုတာ သတိထားမိသူနည်းပါလှပါတယ်။
တခြားရန်သူတစ်ယောက်ဟာကိုယ်ကို အပါယ်လေးပါးကျတဲ့အထိ ဒုက္ခမပေးနိုင်ပါဘူး။ သူက ကိုယ်ကို အပ္မါယ်လေးပါးကျတဲ့အထိ ဒုက္ခပေးချင်တယ။် ပေးနေတယ်ဆိုအုန်းတော့ ကိုယ်က ကောင်းရင်၊ သူပေးသမျှ ဒုက္ခ ကိုယ်က မယူရင် သူကျစေချင်တာ မကျပါဘူး။ တခြားရန်သူက ကိုယ့်ကို ဒုက္ခပေးရင် အပေါ်ရံ သာမည လေးလောက်သာ ပေးနိုင်ပါတယ်။
မိမိကိုယ်တိုင်သာ ရန်သူမဖြစ်အောင် နေတတ်ဖို့ လိုပါတယ်။သံသရာမှာ မိမိကောင်းကျိုးချမ်းသာတွေဖြစ်စေနိုင်တဲ့ ကောင်းမှုကုသိုလ်တွေ လုပ်ရ င်း ကိုယ်ကိုယ်ကို မိတ်ဆွေဖွဲ့ပြီးနေလိုက်ကြပါဆိုလို့ ကြောင်းကျိုးဆင်ခြင်ရင်း...လိုက်တွန်းလိုက်ရပါတယ်။