Monday, May 27, 2013

အချစ်က အရာရာကို အကောင်းဆုံးဖြစ်စေသည်


 အချစ်က အရာရာကို အကောင်းဆုံးဖြစ်စေသည် 

ကမ္ဘာကြီးက ကျယ်ပြန့်သလို အချစ်ကလည်း ကျယ်ပြန့်လှသည်။ ပင်လယ်ကြီးက နက်ရှိုင်းသလို အချစ်ကလည်း နက်ရှိုင်းလှ၏။ ကမ္ဘာဦး ကတည်းက စခဲ့သော အချစ်သည် ကမ္ဘာဆုံးသော်လည်း မဆုံးနိုင်ချေ။ သံသရာမဆုံးသရွှေ့ အချစ်က မဆုံးနိုင်ပါ။ သံသရာဆုံးမှသာ အချစ်ကဆုံးတော့မည်။

ချစ်တဲ့စိတ်ကြောင့် မုန်းစိတ်လည်းဖြစ်ရ၏။ အချစ်သည် ခက်ခဲ၊ နက်နဲ၊ ရှုပ်ထွေးလှ၏။ အချစ်တွင် စိတ်အမျိုးမျိုး၊ စေတနာ အမျိုးမျိုး ပါဝင်ပါသည်။ ကိုယ်ချင်းစာမှု၊ ဂရုတစိုက်ရှိမှု၊ ခင်မင်မှု၊ ကိုးကွယ်မှု၊ ရက်ရောမှု၊ လေးစားမှု၊ တန်ဖိုးထားမှု၊ စာနာမှု၊ ကြင်နာမှု၊ မြတ်နိုးမှု၊ ကြည်ညိုမှု၊ လိုက်လျောမှု၊ ခွင့်လွှတ်မှု၊ အနာခံမှုတို့သည် အချစ်ဟူသော ဝေါဟာရမှာ သာအကျုံးဝင်ပါသည်။

အချစ်ဟူသည် လူတိုင်းနှင့်သက်ဆိုင်သလို လူတိုင်းလည်း စိတ်ဝင်စားပါသည်။ အခြားသူတစ်ယောက်၏ ပျော်ရွှင်မှု၊ ချမ်းသာမှုတို့သည် မိမိ၏ ပျော်ရွှင်မှု၊ ချမ်းသာမှုကဲ့သို့ပင် အရေးကြီးပါလားဟု နားလည်ခံစားတတ်သူ၏ နှလုံးသား၌သာ လျှင်ချစ်ခြင်းတရားက ပေါက်ဖွားနိုင်ပါသည်။ တစ်ကိုယ်ကောင်းစိတ်ရှိသူ၌ ချစ်စိတ်မရှိနိုင်ပါ။ တစ်ကိုယ်ကောင်းစိတ် မရှိသူ၌သာ ချစ်စိတ်က ပွင့်လန်းနိုင်ပါသည်။

အချစ်သည် ရယူခြင်းမဟုတ်၊ ပေးဆပ်ခြင်းသာဖြစ်သည်။ ပိုင်ဆိုင်လိုခြင်းမဟုတ်၊ ပိုင်ဆိုင်စေလိုခြင်းသာဖြစ်သည်။ သိမ်းပိုက်လိုခြင်းမဟုတ်၊ စွန့်လွှတ်ခြင်းသာဖြစ်သည်။ အသာစံခြင်းမဟုတ်၊ အနာခံခြင်းသာဖြစ်သည်။ အချစ်ဟူသည် ပေးကမ်းခြင်းအလျဉ် တသွင်သွင်စီးဆင်းနေပါသည်။

သစ်ပင်မှာအမြစ် လူမှာအချစ်´ဟုဆိုကြပါသည်။ သစ်ပင်ဟူသမျှ အမြစ်နှင့်ကင်း၍ မရသလို သတ္တ၀ါဟူသမျှ အချစ်နှင့် မကင်းနိုင်ကြပါ။ ဤအချစ်ကတော့ ရောထွေးနေ၏။ အချစ်ရှိနေ၍ လောကဟူ၍ ရှိနေခြင်းဖြစ်သည်။ အချစ်မရှိလျှင် လောကဟူ၍ မရှိနိုင်တော့ပါ။ လောက၌ လူတိုင်း သူ့အရွယ်နှင့်သူ တစ်ခုခုကိုတော့ ချစ်နေကြပါသည်။

 မွေးကင်းစ ကလေးငယ်သည် မိခင်နို့ရည်ကိုချစ်၏။ စားတတ်၊ သောက်တတ်လာတော့ အစား၊ အသောက်ကိုချစ်၏။ ကစားတတ် လာတော့ ကစားစရာအရုပ်လေးများကိုချစ်၏။ ကျောင်းစနေတော့ ကျောင်းနေဖက်သူငယ်ချင်းများကိုချစ်၏။ အိမ်မှာနေ တော့မိဘ၊ ညီအစ်ကို၊ မောင်နှမတွေကိုချစ်၏။

သီးချိန်တန်၊ ပွင့်ချိန်တန်တော့ အသွင်မတူသူ တစိမ်းတို့ကို ချစ်တတ်လာ၏။ နောက်မိသားစုဘ၀ကို ပိုင်ဆိုင်လာတော့ မိသားစုကို ချစ်ရပြန်၏။ အချစ်ကို အကြမ်းဖျင်းခွဲလိုက်လျှင် မီးနှင့်တူသောအချစ်၊ နေနှင့်တူသောအချစ်၊ လနှင့်တူသော အချစ်ဟု သုံးမျိုးရှိပါသည်။ မီးနှင့်တူသောအချစ်သည် တစ်ထောင့်ငါးရာအချစ်ဖြစ်ပြီး ပူလောင်သောအချစ်ဖြစ်ပါသည်။ နေနှင့်တူသောအချစ်သည် မိဘချစ်၊ သားသမီးချစ်၊ သံယောဇဉ်အချစ်ဖြစ်ပြီး နွေးထွေးသောအချစ်ဖြစ်ပါသည်။

 လနှင့်တူ သောအချစ်သည် ငါးရာနှစ်ဆယ့်ရှစ်အချစ်ဖြစ်ပြီး အေးမြသောအချစ်ဖြစ်ပါသည်။ ဤအချစ်သုံးမျိုးသည် တစ်မျိုးနှင့် တစ်မျိုး ရောထွေးနေပါသည်။ သီးသန့်လည်းရှိပါသည်။ အပူသက်သက်လည်းရှိပါသည်။ အအေးသက်သက်လည်း ရှိပါသည်။ အပူ၊ အအေးရောထွေး၍လည်း ရှိပါသည်။ အချစ်ကြောင့် လောကကြီးသာယာစိုပြေနေပါသည်။

လောကထဲက မထွက်နိုင်သေးသော လောကီသားတစ်ယောက်အတွက် ချစ်ရမည့်တာဝန်ရှိပါသည်။ မိသားစုရှိလျှင် မိသားစုကိုချစ်ရမည်။ အလုပ်တစ်ခုခုလုပ်နေလျှင် ထိုအလုပ်ကိုချစ်ရမည်။ ချစ်ရမည့်တာဝန်ရှိလျက် မချစ်ခဲ့လျှင် တာဝန် ပျက်ကွက်ခြင်းပင်ဖြစ်သည်။ အချစ်ထဲတွင် မိဘအချစ်ကသာ စံထားလောက်ပါသည်။ မိဘတို့သည် သူတို့အချစ်နှင့် သားသမီးများကို အကောင်းဆုံးဘ၀ဖြစ်အောင် ပုံဖော်ပေးကြပါသည်။ မိဘအချစ်နှင့် သားသမီးများဘ၀အတွက် အရာရာကို အကောင်းဆုံးဖြစ်စေပါသည်။

လူတိုင်းတွင် တာဝန်ကိုယ်စီ၊ အလုပ်ကိုယ်စီ ရှိကြပါသည်။ ကိုယ့်တာဝန်၊ ကိုယ့်အလုပ်ကို ချစ်မြတ်နိုး၍ အကောင်းဆုံး ဖြစ်အောင် လုပ်ကြရပါမည်။ ကိုယ့်လုပ်ငန်းတွင် ကိုယ်တာဝန်ရှိတာကို အကောင်းဆုံးလုပ်ဆောင်ပေးရပါမည်။ အချစ်သည်တာဝန်ကျေခဲ့လျှင် အရာရာကို အကောင်းဆုံးပုံဖော်ပေးပါလိမ့်မည်။

ဤစာကိုဖတ်ပြီး သူငယ်ချင်းတို့လည်း အချစ်အကြောင်းကိုခွဲခြားသိမြင်နိုင်လိမ့်မည်ဟု ထင်ပါသည်။  အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်) ရေးသားထားခြင်းမှ တချို့တ၀က်ကို ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။

ယု