ခြင်းတောင်းကြီး ပြန်ယူခဲ့နော်
ဒီနေ့ သူတို့လေးတွေကို “မိဘလုပ်ကျွေးခြင်းမင်္ဂလာ” အကြောင်း
ပြောပြရမည့်နေ့ပါလား။ “ကြွေးဟောင်းလည်း ဆပ်၊ ကြွေးသစ်လည်းချ” သည့်
ဘုရားလောင်း ကျေးမင်းဇာတ်က စိတ်ထဲမှာ ပေါ်လာသည်။ အကြွေးသဘော မဟုတ်ဘဲ၊ သိအပ်၊
ခံစားအပ်၊ တုံ့လှယ်အပ်သော နိယာမဓမ္မအဖြစ် နားလည်အောင် ပြောပြချင်လှသည်။
ဒါမှ ကျေးဇူးအလှကို မြင်နိုင်မည်၊ မဲပြာ ပုဆိုးနှင့်တော့ သူတို့လေးတွေကို
မဆွဲဆောင်နိုင်။
ဝတ္တရားဆိုတာထက်၊ အလှတရားအဖြစ် နားလည် တုံ့ဆပ်ခြင်းက ပို၍
လေးနက်ခမ်းနားကြောင်းကို သိစေချင်သည်။ ထိုအလှကို စာနာခြင်းဖြင့်သာ
နားလည်ခံစားနိုင်ကြမည်။ တလောက “နံရံကပ်ပိုစတာ” လေးတစ်ခုကို ဖတ်လိုက်ရသည်၊
“ငါအိုသောအခါတဲ့”။
မိအို၊ ဖအိုများကို စာနာဖို့အရေး၊ ထိမိသော
သတိပေးမှုလေးများပင်၊ မည်သူ၏ လက်ရာမှန်း မသိရပေမင့် သာဓုအကြိမ်ကြိမ်
ခေါ်မိသည်၊ ဖတ်သူ့ရင်ကို ထွင်းနိုင်ပေစွ၊ စာမြည်းအဖြစ် ပြရလျှင် “ခေတ်သစ်
နည်းပညာ သစ်တွေကို နားမလည်တဲ့အခါ မလှောင်ပါနှင့်၊ ငယ်ငယ်တုန်းက
“ဘာကြောင့်ဆိုတဲ့” မေးခွန်းတွေကို အကြိမ်ကြိမ် ဖြေပေးခဲ့တာ သတိရပါ” တဲ့၊
ဒီစာစုထဲက သဘောထားလေးတွေ ပြန့်နှံ့စေချင် လှပါဘိ၊
ဟော .. ငြင်းသံ၊ ခုံသံနှင့် သူတို့လေးတွေ ရောက်လာကြပြီ၊ ကောင်းမြတ်ထွန်း ဦးဆောင်တဲ့ ယောက်ျားလေး တသိုက်၊ သူငယ်မတွေကော -
“လာကြပြီလား၊ ညီမလေးတွေကော”
“စောင်းတန်းထိပ်မှာ ကျန်ခဲ့တယ် ဘုန်းဘုန်း၊ ဟို … ပိုက်ဆံတောင်းတဲ့ အဖွားကြီးနားမှာ ကြည့်နေကြ တယ်”
အင်း … ဒါမိန်းကလေးတွေရဲ့ဗီဇပဲ၊ သနားမယ်၊ ကြင်နာမယ်၊ သိပ်မကြာလိုက်၊ ညီမလေးယောက် တက်လာ ကြသည်၊ ရောက်သည်နှင့် …
“ဘုန်းဘုန်း အဖွားကြီးသနားပါတယ် … ပိုက်ဆံကလည်း မရဘူး၊ ဖျားလည်းဖျားနေတယ်၊ အဲဒါ နွယ်နီတို့ ဝိုင်းပေး ခဲ့ကြတယ်”
“အေး … အေး ကောင်းတာပေါ့ကွယ် … ထိုင်ကြ … ထိုင်ကြ”
“ယမင်းတို့ ဖွားဖွားအရွယ်ပဲရှိမယ် … သူ့မှာ သားသမီး ကျောထောက်နောက်ခံ မရှိဘူးလားမသိဘူးနော် ဘုန်းဘုန်း”
“မပြောတတ်ပါဘူးကွယ်”
လမ်းတွေမှာ၊ ဘုရားစောင်းတန်းမှာ ခုလို ကိုးရာမဲ့
ရွယ်အိုတို့ကိုမြင်တိုင်း ကိုယ်တိုင် ထိုမေးခွန်းကို ပြုမိရမြဲ၊ သားသမီး
မရှိဘူးလား၊ အိမ်ထောင်မပြုခဲ့သော ကိုယ်တည်းလား၊ ဆွေမျိုးမဲ့လား၊ သို့မဟုတ် …
ရှိလျက်နှင့် … စသည့်မေးခွန်းတို့ ဆင့်ရမြဲ၊
“ရှိလည်းတချို့ ဖြစ်တာပါပဲ၊ သားတို့အိမ်နားက ကို(….) ဆိုတဲ့လူဆို သူ့အမေကြီးပစ်ထားတာ၊ လာရင်လည်း အော်နေ၊ ဆူနေတာဘဲ”
ရန်နိုင်ထွန်း၏ ကိုယ်တွေ့စကား၊ ဟုတ်လောက်သည်။ တချို့သောသူတို့သည်
“သားမယားကို လုပ်ကျွေးမွေးမြူခြင်း မင်္ဂလာမှာ ထက်သန်သလောက်၊ မိဘကို
လုပ်ကျွေးစောင့်ရှောက်ခြင်းမင်္ဂလာ” ကိုမူ ယွင်းချွတ်လွယ်ကြသည်။ စုန်ရေ၏
အလျဉ်နှင့် ဆန်ရေ၏ အဟုန်တို့သည် မညီနိုင်။
မည်သို့ဆိုစေ၊ လူအိုလူမင်းတို့ကိုလည်း “ကိုယ့်အားကိုယ်ကိုးသောအလေ့ကို
လျှော့မချစေချင်၊ “မြန်မာ အို၊ ကျောင်းကြို၊ ကျောင်းကြား” ဆိုသည့် စကားကို
“အချင်းချင်း တွေ့ဆုံကြခြင်း” ဖြင့် အစားထိုးသင့်ကြသည်။
ရိပ်သာများ
ဥပုသ်ကျောင်းများသို့ သွားရောက်လေ့ရှိသည်မှာ ကုသိုလ်ရေးသက်သက်ဖြစ်၍
လောကီကိစ္စ လူမှုရေးများ ဆွေးနွေး နှီးနှောရန်၊ ဘာသာတူ ဘာသာခြား
အားလုံးပါဝင်နိုင်သည့် တစ်ပါတ်တစ်ကြိမ်စသည် ဆုံစည်းမှုရှိနိုင်လျှင်
ကောင်းပေမည်၊ အချင်းချင်း ဖေးမရိုင်းပင်းခြင်းဖြင့် မိမိတို့၏
နေညိုဆည်းဆာသည် ပို၍ တောက်ပလာနိုင်ပေသည်၊ “ဇရာ ဒုဗ္ဗလ” နေရာမှာ “ဇရာ သမဂ္ဂ”
ဖြင့် အစားထိုးကြမည်။ သူတို့နိုင်ငံတွေမှာဆို ပင်စင်နာများကလာပ်မှသည်
လေဖြတ်ခံယောက်ျားများ၏ ဇနီးများကလာပ်လို အဖွဲ့မျိုးထိရှိသည်တဲ့၊
လိုလားအပ်တဲ့ ဓလေ့ပေပဲ၊ သည်မှာ ကူးစက်စေချင်လှပါဘိ၊
“ဘုန်းဘုန်း အဲဒီလိုလူမှာကော အပြစ်မရှိဘူးလား”
အတွေးလျင်ကို ကောင်းမြတ်ထွန်း၏ မေးခွန်းက တန့်စေသည်၊ ခုနက “ပုတ္တဒါရဿ
မင်္ဂလာ” အားကောင်းပြီး “မာတာပိတု ဥပဋ္ဌာန မင်္ဂလာ” ချို့တဲ့ သူကို မေးကြောင်း
အမှတ်ရသည်။
“ရှိတာပေါ့ ကိုကောင်းရဲ့၊ ခုဘဲသားတို့ အဲဒီလူကို ကဲ့ရဲ့နေကြပြီ
မဟုတ်လား၊ ယဉ်ကျေးတဲ့ လူအသိုင်းအဝိုင်းက ကျေးဇူးမဲ့သူအဖြစ်
အထင်အမြင်သေးကြမယ်၊ လောကဝတ်မကျေတော့ အနေခက်၊ ဓမ္မဝတ် မကျေတော့ အသေခက်ဆိုတာ
ဓမ္မတာပဲ သားရဲ့”
“နောက်ပြီး သားတို့ကြားဖူးသားဘဲ၊ တန်ပြန် သက်ရောက်မှု နိယာမဆိုတာလေ”
မောင်နှမတစ်စု အနားတိုးလာပြီး နေရာယူကြရင်း နားစွင့်နေကြဟန် တွေ့ရ၍ …
“ကောင်းတာလုပ်ထားမှ ကောင်းကျိုးက သက်ရောက်မှာ၊ ပေးမှာ၊ လုပ်မထားတဲ့ ဝတ္တရားချို့သူမျိုးကို ဘယ်က ကောင်းကျိုး သက်ရောက်နိုင်ပါ့မလဲကွယ်”
ဘုရားလက်ထက်က ပုဏ္ဏားကြီးနဲ့ သားသုံးယောက်ဇာတ်က ခေါင်းထဲပေါ်လာပေမင့်၊
ပို၍ လတ်ဆတ်မယ် ထင်သည့် (ဇာတကကို မှီးဟန်ရှိသည့်) ဂျပန်ပုံပြင်လေးကို
ရွေးလိုက်ကာ “ဒီလိုပဲ မကောင်းတာလုပ်ထားရင်လဲ မကောင်းမှုက
သက်ရောက်လာတာဘဲကွဲ့၊ ကိုယ်က ပေးရမည့်အချိန်မှာ တာဝန်မဲ့ခဲ့ရင်၊
ကိုယ်ယူရမည့် အချိန်ကျလည်း တာဝန်မဲ့ခံရမှာပဲ၊ တခါတုန်းက မိသားစုတစ်စုမှာ
အဖိုးအိုကြီးတစ်ယောက်လည်း ပါဝင်ပါသတဲ့၊ အဲဒီအဖိုးအိုကြီးဟာ အသက်ကကြီးလာတော့
စားရာသောက်ရာမှာလည်း ဟန်မရ၊ စကားပြောရာလည်း ဝင်ပါဆိုတော့ နေရာတကာမှာ
ရှုပ်တယ်လို့ မြင်လာကြသတဲ့၊ အဲဒါကြောင့် သူရဲ့ချွေးမဖြစ်သူက မသက်ကြည်ဘူးတဲ့၊
ဒီတော့ အဖိုးကြီးရဲ့ သားဖြစ်သူ ကလည်း သူဇနီးက မသက်ကြည်တော့ သူကလည်း
မကြည်ဖြူတော့ဘူးတဲ့၊”
“မေမေနဲ့ ဖွားဖွားနဲ့လည်း စကားများတယ် ဘုန်းဘုန်း”
“ဟဲ့ … ညီညီဝေထွန်း”
“အေး … အေး နောက်မဖြစ်အောင် ပြောရမှာပေါ့ကွယ်၊ ကဲ … ဆက်ရအောင်၊
အဲဒီလို အဖိုးကြီးကို မလိုလား ကြတော့ စွန့်ပစ်ကြဖို့ လင်မယားနှစ်ယောက်
တိုင်ပင်ကြပါသတဲ့၊ အဖိုးကြီးကို ခြင်းတောင်းထဲထည့်ကာ ပစ်လိုက်ကြဖို့
ဆုံးဖြတ်ပြီး အစီအစဉ်အတိုင်း လုပ်နေကြတာကို သူတို့ရဲ့ သားငယ်လေးက မြင်တော့
“ဘာလုပ်မလို့လဲ အဖေလို့” မေးတဲ့အခါ “ဒီအဖိုးကြီးကို ခြင်းတောင်းထဲ ထည့်ပြီး
သွားပစ်မလို့” လို့ ပြောလိုက်ပါသတဲ့။”
“တော်တော်ဆိုးတာဘဲ”
“ရက်စက်တယ်”
မောင်နှမတွေထဲက ထွက်ပေါ်တဲ့ အသံလေးတွေ၊ ဘယ်သူဆီက ထွက်လာသည်ဖြစ်စေ၊
ဒီအသံလေးဟာ သူတို့လေးအားလုံးကို ကိုယ်စားပြုမှာပါဟု တွေးရင်း စကားကို
ဆက်လိုက်သည်၊
သူ့အဖေရဲ့ စကားကိုလည်းကြားရော သားကလေးက “အဖေ ဒါဆိုရင် ခြင်းတောင်းကြီး
ပြန်ယူခဲ့နော်” လို့ မှာလိုက်ပါသတဲ့ “ဘာလုပ်မလို့လဲ သားရဲ့” လို့ သူ့အဖေက
ပြန်မေးတော့ “သားအလှည့်ကျရင်လည်း အဖေ့ကို ထည့်ရဦးမှာလေ” လို့
ဖြေလိုက်ပါသတဲ့။
အဲဒီတော့မှ ဖခင်ဖြစ်သူဟာ အသိတရား ရသွားရောတဲ့။ အကြံဆိုးကို မလုပ်ကြတော့ဘူးတဲ့။
ပုံပြင်ဆုံးတော့ မောင်နှမတတွေ ပြုံးနေကြသည်။ ကြည်ကြည်နူးနူး
အပြုံးလေးများ၊ ဒီအပြုံးလေးတွေ ထာဝရ ဆင်နိုင်ကြပါစေလို့ ရင်မှာ
ဆန္ဒပြုနေမိသည်လေ။
နတ်စည်
မေ ၇၊ ၂၀၁၃