Tuesday, May 21, 2013

မေတ္တာစစ်သည်တော်


မေတ္တာစစ်သည်တော်
 
တစ်ချိန်က ဂျပန်စစ်တပ်ရဲ့တပ်ဖွဲ့တစ်ခု စစ်လေ့ကျင့်ခန်းလုပ်ဖို့ နေရာရှာလိုက်တဲ့အခါ  ဆရာတော် “ဂတ်ဆန်” ရဲ့ ကျောင်းကို ရွေးချယ် လိုက်ကြတယ်လို့ ဆိုတယ်။

       အများအားဖြင့်တော့ “ဇင်” ဘုန်းတော်ကြီးတွေဆိုတာ အသားစား ရှောင်ကြဉ်ကြတာဖြစ်လို့  ကျောင်းထဲ ရောက်လာတဲ့ စစ်ဗိုလ်၊ စစ်သားတွေ အသားဟင်းချက်စားမှာကို လိုလားဟန် မတူပါဘူး။ ဒါကြောင့်လည်း ဆရာတော်  “ဂတ်ဆန်”က သူ့စားဖို ချောင်သမားကို စစ်ဗိုလ်စစ်သားတွေ ကျောင်းထဲမှာ စခန်းချခိုက် စားမယ့် အစားအစာအဖြစ် အသားမပါတဲ့ သက်သတ်လွတ် ချက်စားကြဖို့ အပြောခိုင်းလိုက်ပါတယ်။

    ဒီတော့ စစ်သားတွေက အသားစုံစားကြသူများဖြစ်လို့ ဆရာတော်အပေါ် မကျေမနပ် ဖြစ်လာကြတယ်။ ဆရာတော် စကားကို နားမထောင် နိုင်ကြောင်း ပြောကြဆိုကြရင်း စစ်ဗိုလ်တစ်ယောက် ဆရာတော်ထံ ရောက်လာပြီး “ကိုယ်တော် တပည့်တော်တို့ကို ဘယ်လိုလူတွေ ထင်နေလဲ။ တပည့်တော်တို့က တိုင်းပြည်အတွက် အသက်ကို လှူထားတဲ့ စစ်သားတွေ၊ စစ်သားဆိုတာ အားရှိအောင်တော့ စားရမှာပဲ။ ဆရာတော်အနေနဲ့ ဟိုဟာ မစားနဲ့၊ ဒီဟာ မစားနဲ့ဆိုပြီး ပိတ်ပင်ဖို့ မလိုဘူး ထင်တယ်” လို့ သာမန်လေသံမျိုး မဟုတ်ဘဲ ရန်ထောင်သံလေးစွက်ပြီး ပြောလိုက်တယ်။

   ဆရာတော် “ဂတ်ဆန်” ကလည်း ခက်ထန်ထန် ပြန်ပြောလိုက်ပုံက “မင်းတို့ကရော တို့ကို ဘယ်လိုပုဂ္ဂိုလ်တွေလို့ ထင်နေကြလဲ။ အေး ငါတို့က သတ္တ၀ါ အားလုံးကို ဒုက္ခတွင်းက ကယ်တင်ဖို့ ကြိုးစားနေကြတဲ့ မေတ္တာရှင်စစ်သားတွေကွ”တဲ့။

   အကြောင်းအရာ အဖြစ်အပျက်ကတော့ ခပ်တိုတိုပါပဲ။ ဒါနဲ့စပ်ပြီး ၁၉၈၈ လောက်ကစလို့ ကျုပ်စဉ်းစားမိတာကို ပြောပြ ချင်တယ်။ စိတ်ကူးတော့ စိတ်ကူးပဲ။ လက်တွေ့မှာ ဖြစ်နိုင်တာတွေ၊ ဖြစ်နေတာတွေ ရှိနေခဲ့ဖူးပါတယ်။

   ဥပမာ ခပ်ကျဉ်းကျဉ်း လမ်းကြောင်းတစ်ခုပေါ်မှာ အရှေ့ဘက်က လာတဲ့လူနဲ့ အနောက်ဘက်က လာတဲ့လူ နှစ်ယောက်သား  ထိပ်တိုက် တွေ့ဆုံကြပြီ ဆိုပါတော့။ တစ်ယောက်က မုချ ဘေးဖဲ့ရှောင်ပေးရတော့မယ်။ ရှောင်ပေးတဲ့သူက လမ်းချောကို စွန့်ပြီး ခရောင်းပေါ်ကို ရောက်သွားတော့မယ်။ အရှေ့ဘက်ကလူမှာ ဘာမှမပါ လက်ဗလာချည်းရယ်၊ အနောက်ဘက် လူရဲ့လက်ထဲမှာ တုတ်တိုတစ်ချောင်းပါလာတယ်။ 

    သူတို့နှစ်ယောက် သူရှောင် ကိုယ်ရှောင် ငြင်းခုံကြပြီဆိုရင် ဘယ်သူပိုပြီး လေသံပြင်းမလဲ။ တုတ်ပါတဲ့ သူက အော်ကြီးဟစ်ကျယ် လုပ်လာရင် လက်ဗလာသမားက လျော့ရတော့မှာ သေချာတယ်။ ဆိုကြပါစို့ တကယ်လို့ အရှေ့ဘက်က လူက ဓားထမ်းလာတယ်ဆိုရင် တုတ်သမားက အလျော့ပေးရတော့မယ်။ နောက်တစ်ဆင့် အနောက်ဘက်က လူက သေနတ်ကြီးထမ်းလာတယ်ဆိုရင် ဓားသမားခမျာ ဝေးဝေးက ရှောင်တော့မှာ ဖြစ်တယ်။ ဒါက အသေးစား သတ္တ၀ါလေးတွေက အစ လက်နက်စကြာရှင် နိုင်ငံကြီးတွေ အထိ ကျင့်သုံးလာကြတဲ့ အစဉ်အလာ ကြီးလို ဖြစ်နေတယ်။

    နောက်တစ်မျိုးက လက်နက်မပါတာချင်းတူရင် ပါဝါသာသူက အနိုင်ယူတတ်တာကို ပြောကြည့်လိုပါတယ်။ ဆယ်အိမ်ခေါင်းသားနဲ့ ရွာသူကြီးသား စက်ဘီးချင်း ထိပ်တိုက်ဆုံနေရင် ဆယ်အိမ်ခေါင်းသား ဆင်းရှောင်ပေးမှာ ဖြစ်လောက်တယ်။ ရွာသူကြီးသားလေး ဆိုင်ကယ်စီးပြီး မြို့ကိုတက်လာ တဲ့အခါ မြို့နယ်မှူးသားဆိုင်ကယ်နဲ့ ငြိကြပြီဆိုတဲ့အခါ မျိုးကျတော့ အဖေတွေရဲ့ ပါဝါတွေ ပါလာမှာ ဖြစ်ပါတယ်။ ဆယ်အိမ်ခေါင်းသားအပေါ် အနိုင်ယူခဲ့သမျှ မြို့နယ်မှူး သားနဲ့တွေ့တော့ သူကြီးသား အစွယ်ကျိုးသွားမှာ ဖြစ်တယ်။ ဒါမျိုးတွေက ကျုပ်တို့ဆီမှာ ကြောက်ကျင့်ကို ပါနေကြပါပြီ။

    လက်နက်အားကိုး အရှိန်အ၀ါအားကိုးနဲ့ ကိုယ့်ထက်အားသေးသူ၊ ကိုယ့်အောက် အရှိန်အ၀ါနိမ့်သူလို့ ယူဆခံရတဲ့ လူတွေအပေါ် ခြိမ်းခြောက်၊ အနိုင်ကျင့်၊ ရသင့်တဲ့ အခွင့်အရေးထက်ပိုယူ၊ တခြားလူ့အခွင့်အရေးကို ပိတ်ပင် စတာတွေက လူ့လောကရဲ့ငြိမ်းချမ်းသာယာမှုကို ရုပ်လုံးမပေါ် နိုင်အောင် တစ်စစီ ကျိုးပျက်ဖို့ ချိုးဖျက်နေကြတာဖြစ်တယ်။ လောကကို အလှဆင်လိုတဲ့ တကယ့် သတ္တိခဲတွေကတော့ လက်နက်နဲ့ အရှိန်အ၀ါကို တွန်းလှန်ပြီး ထောင်တန်းနဲ့ အသက်စွန့်ခြင်းဆိုတဲ့ ဆုလာဘ်တွေကို ပွေ့ပိုက်သွားကြတာ ဖြစ်တယ်။

   ဇာတ်လမ်းမှာ ပါဝင်ကြတဲ့ စစ်သားတွေနဲ့ ဘုန်းတော်ကြီး “ဂတ်ဆန်”ဆိုတာ ဂျပန်လူမျိုးတွေပါ။ ဂျပန်စစ်သား ဆိုတာ တိုင်းပြည်နဲ့လူမျိုးကို ချစ်တဲ့ နေရာမှာ ဥစ္စာစည်းစိမ်လောက် မဆိုထားနဲ့၊ အသက်ကိုတောင် စွန့်ပြီး ချစ်တဲ့ လူမျိုးတွေပါ။ ကမ္ဘာပေါ်ရှိ တခြားလူမျိုးတွေ လိုက်မီဖို့ဆိုတာ ခဲယဉ်းပါတယ်။
ဒါကြောင့်လည်း သူတို့ရဲ့ မျိုးချစ်စိတ်ဓာတ်ကို ဂုဏ်ယူပြောကြားကြတာဖြစ်လို့ အပြစ်လို့ ပြောစရာ မလိုပါဘူး။

   ကျုပ်တို့ဆီမှာလည်း နယ်ချဲ့နဲ့ ဖက်ဆစ်ကို တော်လှန်ခဲ့ကြတဲ့အချိန်က စစ်ဗိုလ်စစ်သားတွေရဲ့ နိုင်ငံချစ်စိတ်ဆိုတာ ဂျပန်တွေထက် ပိုရင်သာ ပိုမယ်၊ မလျော့ဘူးဆိုတာတော့ သေချာတယ်။

   ဘုန်းတော်ကြီးတွေ ဆိုတာကတော့ ပုဂ္ဂိုလ်ရေး တွယ်တာမှုတွေကို စွန့်လွှတ်ထားသလို သူတို့ရဲ့ မေတ္တာကိုလည်း နယ် စည်းမခြား လွှတ်ပေးထား သူများ ဖြစ်တယ်။ ဗုဒ္ဓကိုယ်တော်မြတ် မေတ္တသုတ်မှာ ဟောခဲ့တာ ရှိပါတယ်။ “မိခင်သည် တစ်ဦးတည်းသော ရင်သွေးကို အသက်ရှင်မှုအတွက် စောင့်ရှောက်သကဲ့သို့ ရဟန်းဆိုတာ ပရိမာဏဖြစ်တဲ့ ငါ့လူမျိုး၊ ငါ့နိုင်ငံဆိုတဲ့ ကွက်ကြည့်တာမျိုး မဖြစ်စေဘဲ အကန့်အသတ်မဲ့ အပရိမာဏ မေတ္တာမျိုးနဲ့ သတ္တ၀ါအားလုံးအပေါ် လွှမ်းခြုံတဲ့ မေတ္တာစိတ်ကို ပွားများရမယ်”တဲ့။

    ဂျပန်စစ်သားက ဂျပန်လူမျိုးကို ချစ်သလို၊ ဘုန်းတော်ကြီး “ဂတ်ဆန်”ကလည်း မလျော့သော ချစ်ခြင်းနဲ့ ချစ်မှာပါ။ ဘုန်းတော်ကြီးက သူ့လူမျိုးကိုသာ ကွက်ချစ်တတ်တဲ့ အကန့်အသတ်ရှိတဲ့ မေတ္တာမျိုး မဟုတ်ဘဲ သတ္တ၀ါအားလုံးကို တစ်သားတည်းထားပြီး ချစ်နိုင်တဲ့ အကန့်အသတ်မဲ့ မေတ္တာမျိုး ဖြစ်ပါတယ်။ 

    မေတ္တာတရား နှစ်မျိုးကို ချိန်ခွင်မှာ တင်လိုက်ရင် ဘုန်းတော်ကြီးရဲ့ မေတ္တာက စစ်သားမေတ္တာထက် အဆမတန် အချိန်စီးသွားမှာ ဖြစ်ပါတယ်။ မေတ္တာ အားကောင်းလာပြီဆိုရင် ပညာလည်း အားကောင်းလာတာ ဖြစ်ပါတယ်။ အထူးပြောလိုတာက ပညာဆိုတာ ဗဟုသုတများတာကို ဆိုလိုတာ မဟုတ်ပါ။

    မေတ္တာဆိုတာမှာလည်း သမီးရည်းစား၊ လင်မယားချစ် စတာတွေကော မေတ္တာမဟုတ်ပါလားလို့ဆိုရင် အားနာပါးနာ ဟုတ်ပါတယ်လို့တော့ ပြောပါရစေ။ အဲဒီမေတ္တာက မြန်မာစကားနဲ့ဆို “ချစ်တယ်” လို့ သုံးကြတာ ဖြစ်တဲ့အတွက် ကောင်းပါတယ်။ ဒါပေမဲ့ “အကြိုက်”နဲ့ မှားတတ်တယ်။ “ချစ်တယ်”ဆိုတာ အကြင်နာ၊ စေတနာခြင်း ဆက်သွယ်မိတာပါ။ “ကြိုက်တယ်”ဆိုတာက ရုပ်ပစ္စည်းကို သဘောကျတာ၊ တပ်မက်တာ ဖြစ်ပါတယ်။ တစ်ခါတရံ “အကြိုက်”က မေတ္တာခြုံလွှာလေးနဲ့ ပုံဖျက်ပြီး ရောက်လာ တတ်ပါတယ်။

    အထက်က စကားကို ပြန်ကောက်ပါမယ်။ မေတ္တာ အားကောင်းသူမှာ ပညာလည်း အားကောင်းလာပါတယ်။ ပညာအားကောင်းသူမှာ သတ္တိလည်း ထက်မြက်လာတတ်ပါတယ်။ သတ္တိကို မိုက်ရူးရဲဆိုတာနဲ့တော့ မရောပါစေနဲ့။ အကောင်းနဲ့အဆိုး ယှဉ်လာရင် အကောင်းဘက်က၊ တရားနဲ့ မတရား ယှဉ်လာရင် တရားတဲ့ဘက်က၊ အမှန်နဲ့အမှား ယှဉ်လာရင် အမှန်ဘက်က ပြတ်ပြတ်သားသား မကြောက်မရွံ့ ရပ်တည်နိုင်တဲ့ သဘောကို သတ္တိလို့ ဆိုရမှာပါ။ လက်နက်အင်အား၊ အာဏာပါဝါတွေနဲ့ ဖိပြီး အဆိုးကို အကောင်း၊ အမှားကို အမှန်၊ မတရားကို တရားသည် ထင်အောင် လှည့်ဖျားလိမ်ညာမှုမျိုးကို အရေခွံခွါပြီး သိနိုင်တဲ့ စွမ်းရည်မျိုးကိုလည်း သတ္တိတစ်မျိုးလို့ ဆိုနိုင်မယ် ထင်ပါတယ်။

   ဒီနေရာမှာ ဘ၀နှစ်မျိုး ဆက်စပ်မှု ဆီလျှော်တဲ့အတွက် ဇာတ်လမ်းတစ်ခု ထပ်ပြီး တင်ပြလိုက်ပါဦးမယ်။ ဇာတ်လမ်းခေါင်းစီးက-
နတ်ရွာတံခါး“နိုဘူရှီ”အမည်ရှိတဲ့ စစ်သားတစ်ဦး ဆရာတော် “ဟာကူအင်” ထံ ရောက်လာပြီး မေးခွန်းမေးခဲ့ပါတယ်။ မေးခွန်းကတော့
“အရှင်ဘုရား နတ်ပြည်နတ်ရွာဆိုတာနဲ့ ငရဲပြည်ဆိုတာ တကယ်တော့ ရှိပါရဲ့လား”တဲ့။ ဒီတော့ ဆရာတော်က စုံစမ်းတဲ့သဘောနဲ့ “မင်းက ဘာလဲ” လို့ မေးလိုက်တော့ စစ်သားက “တပည့်တော် ဆာမူရိုင်း ဖြစ်ပါတယ်ဘုရား”တဲ့။ 

     “အော် .. မင်းက စစ်သားတစ်ယောက်ပဲ”လို့ ပြောပြီး ဆရာတော် “ဟာကူအင်”က အံ့သြတဲ့ ပုံမျိုးနဲ့ ဆက်ပြီး မေးပြော ပြောလိုက်တာက “ဒီလိုဆို မင်းအစောင့်အရှောက်အဖြစ်နဲ့ ခစားနေရတဲ့သူက ဘယ်လိုလူမျိုးလဲ၊ မင်းမျက်နှာ ကြည့်ရတာကတော့ သူတောင်းစားနဲ့ တူသလိုပဲ”တဲ့။ တမင်စိတ်ကို ဆွပေးလိုက်တာ ဖြစ်ပါတယ်။

ဒီတော့ ဆာမူရိုင်းကြီး စိတ်တွေ တအားဆိုးလို့ ဓားရိုးကို ဆုပ်ကိုင်ပြီး ဓားအိမ်ကထုတ်ဖို့ တစ်ဆဆ ဖြစ်နေပါတော့တယ်။
ဆရာတော်ကလည်း မကြောက်မရွံ့ ဆက်ပြောလိုက်ပုံက “ဟေ့ကောင်လေး ငါ့ခေါင်းကို ဖြတ်မယ့် မင်းဓားသွားကလည်း တုံးလွန်းမနေ ဘူးလား” ဆိုတော့ ဆာမူရိုင်းကြီး ဓားကို ဆွဲထုတ်လိုက်ပါတယ်။

ဒီအချိန်မှာပဲ “ အေး … မင်း သေချာမြင်အောင် ကြည့်၊ အဲဒါ မင်းအတွက် ငရဲပဲ”လို့ ဆရာတော် ပြောလိုက်အပြီးမှာ ဆာမူရိုင်းကြီး အသိဥာဏ်ဝင်ပြီး နားလည်သွားပုံက “ အော် .. ငရဲဆိုတာ ဒါပါလား”တဲ့။ နောက်တော့ သူ့ဓားကို ဓားအိမ်ထဲ ပြန်သွင်းပြီး ဆရာတော်ကို လက်အုပ်ချီရင်း “တပည့်တော် နားလည်ပါပြီဘုရား။ တပည့်တော်ကို ခွင့်လွတ်ပါ”လို့ လျှောက်လိုက်တော့ ဆရာတော်က “အေး .. အခုဆို မင်းအတွက် နတ်ပြည်ပဲ”တဲ့။

ကမ္ဘာပေါ်ရှိ “ဆာမူရိုင်းအားလုံး လူသတ်လက်နက်ကို ဘေးမှာချပြီး နတ်ရွာစံများ ဖြစ်နိုင်ကြပါစေ” …..။

အရှင်ဆန္ဒာဓိက(နတ်မှီတောရ)