ချစ်ခြင်းဖြင့် ခွင့်လွှတ်မှ အတူတကွ နေလို့ရ
ဧကစာရီ ကျင့်သော တောပျော် ရသေ့ ရဟန်းမှ
တစ်ပါး လူဆိုသည်မှာ တစ်ဦး တစ်ယောက်တည်း ရပ်တည်ခြင်းငှာ မဖြစ်နိုင်။
အသိုင်းအဝိုင်းနှင့် ဖေးမသူနှင့် ဆိုသလို အထောက်အပံ့တွေ ရှိနေမှ
ရှင်သန်နိုင်၏။ တောပျော် ရဟန်းသည်ပင် တစ်ပါးတည်း ဆိုသော်ငြား ကျင့်ကြံသော
တရားကို အဖော်ပြုရင်းဖြင့် သဘာဝက ပေးသော သစ်ပင်၊ ဝါးပင်၊ သစ်ဥသစ်ဖု တို့ကို
အမှီပြု ရပါသေးသည်။
ဗုဒ္ဓဟောတော် မူသော ခန္ဓာငါးပါး၊ ရုပ်နာမ်
နှစ်ပါးသည်လည်း ခွဲထား၍ မရ၊ အပြန်အလှန် ကျေးဇူးပြုရင်း အတူတကွ ဖြစ်တည်
နေသလို မိသားတစ်စု၊ ရွာတစ်ရွာ မှသည် ကမ္ဘာကြီး တစ်ခုလုံးက လူသား သန်း ၆ဝဝဝ
တို့သည် အသားအရောင်၊ ကိုးကွယ်သည့် ဘာသာ၊ လူမျိုးစသည်ဖြင့် အမည်နာမ
ကွဲနေသော်လည်း လူချင်း အတူတူ ဟူသော အချက် အပေါ် ကမ္ဘာ့ရွာကြီးတွင် အတူတကွ
နေထိုင် ကြရသည်။ ပေါင်းသင်း ဆက်ဆံ ကြရသည်။
လူ့ရွာမှ လူသားတွေ အတူတူ နေကြသော အခါ
စရိုက်၊ အကြိုက်၊ ယဉ်ကျေးမှု တွေလည်း မတူပြန်တော့ အတူတူ နေလို့ရအောင်
ဘယ်လိုညှိနှိုင်းမလဲ၊ ပူးပေါင်းမလဲ စသည့် ကိစ္စကို မစဉ်းစားလျှင် ကမ္ဘာကြီးက
မငြိမ်းချမ်းနိုင်ပါ။ ငြိမ်းချမ်းရေးကို ဗဟိုပြု၍ ဖွဲ့စည်းထားသော ကမ္ဘာ့ ကုလ
သမဂ္ဂ အဖွဲ့ချုပ်ကြီး ၌ပင်လျှင် အဖွဲ့ဝင် မဖြစ်သေးသော နိုင်ငံများ ရှိနေ
ပါသေးသည်။ပါလက်စတိုင်း ဒေသ သည် လေ့လာသူ အဖြစ်သာ တွေ့ရှိ ရပါသည်။ UN
အဖွဲ့ကြီးမှာမူ သုံးချက် ရှိပါသည်။(၁) ငြိမ်းချမ်းရေး၊ (၂) ညီညွတ်ရေး၊ (၃)
အတူတကွ ပူးပေါင်း နေထိုင်ရေး ဟူ၍ ဖြစ်ပါသည်။
ကမ္ဘာ့ ငြိမ်းချမ်းရေး အဖွဲ့ချုပ်ကြီး
ရှိနေလျက် နိုင်ငံ အသီးသီးတွင် စစ်မီးတွေ ငြိမ်းကြပြီလား။ ဘုရားရှင်
လက်ထက်က ဂုရုတိုင်းလို သပ္ပါယတွေ မျှပြီး အေးချမ်း သာယာ နေပြီလား။
ငြိမ်းချမ်းရေး နိုဗယ်ဆုတွေ နှစ်စဉ် ချီးမြှင့်ပေးပြီး ဆောင်ရွက်နေ
သည့်ကြားထဲက စစ်ပွဲကြောင့် သေခဲ့ရသည့် လူ့အသက်တွေဟာ လစ်ဗျားနိုင်ငံမှာ
ရှစ်သောင်း၊ ဆားဗီးယား နိုင်ငံမှာ နှစ်သောင်း၊ ကမ္ဘောဒီးယား၊ ကိုရီးယား၊
ဗီယက်နမ် စစ်ပွဲ တွေမှာလည်း သေဆုံး ရသူ တွေဟာ ကိန်းဂဏန်း အမြောက်အမြား
တွေ့ရှိ ရပါသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင်က နယ်ချဲ့
လက်အောက်မှာ တိုင်းရင်းသား တွေ လူမျိုးစွဲ၊ ဘာသာစွဲ၊ ဒေသစွဲ၊ အစွဲသန်
ခဲ့ကြ၍ ''တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ဒို့အရေး'' မကြွေးကြော်
နိုင်ခဲ့ပေ။ ညီညွတ်ရေး ရှိမှ အတူတကွ ပူးပေါင်း နေနိုင် မည်ဟု မသိမြင်
နိုင်လောက်အောင် ဖြစ်ရသည်မှာ ဘာကြောင့်လဲ..။ မေတ္တာ မထား နိုင်ကြလို့ပါ။
မေတ္တာကို ဘယ်တော့မှ မမုန်းခြင်း ဟုလည်း အဓိပ္ပာယ် ဖွင့်နိုင်ပါသည်။
အမုန်းဆိုတာ အမှားပါဟု ဆရာကြီး တက္ကသိုလ် ဘုန်းနိုင် ဟောပြော ခဲ့သည်ကို
ကျွန်တော် မှတ်သား ခဲ့ရပါ၏။ အမုန်းတရားကို နှလုံးသားမှာ ကိုးကွယ် လာကြသည့်
အခါ ခွင့်လွှတ် နိုင်စွမ်းတွေ ကုန်ပြီ။ ထိုအခါ ငြိမ်းချမ်းရေးနှင့်
ဝေးနေရသည့် အနေ အထားတွေ ဖြစ်ကုန်၏။
မြန်မာ့မြေ ကမ္ဘာ့ မြေပေါ်မှာ ရွှေကွပ်
ထားသော လူမျိုး မရှိပါ။ မြတ်ဗုဒ္ဓသည် သာကီဝင် မျိုးတို့က မိမိ အမျိုးသာ
မြတ်၏ ဟူ၍ အမျိုးဂုဏ် တက်နေသဖြင့် ကိုယ်တော်တိုင် ဆွမ်းခံပြ၏။
ဝေရဉ္ဇာပြည်မှာ မြင်းစားသည့် ဂျုံကြမ်းများကို ဘုဉ်းပေးပြတော် မူခဲ့၏။
လူသားစစ်စစ် ပီသကြောင်း၊ အမျိုးစွဲ၊ အယူစွဲ တွေကို ချွတ်ပစ်ရမှာ
ဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ ဖော်ထုတ် ပြခဲ့၏။ ဗုဒ္ဓသည် ဤသို့ အမျိုး ခွဲခြား
ဆက်ဆံခြင်းကို မလိုကြောင်း ပြခဲ့သည်။
ယောက်ျား၊ မိန်းမဟူ၍ ခွဲခြား ဆက်ဆံလာလျှင်
မိဘကို စော်ကားသည် မည်၏။ ယောက်ျား တစ်ယောက်၊ မိန်းမ တစ်ယောက်တည်းနှင့်
လူသား တစ်ယောက် မွေးဖွား၍ မရပါ။ ကိုယ့်မိဘက လွဲ၍ သူစိမ်း ယောက်ျား၊
မိန်းမတို့ အပေါ် မေတ္တာ လွှမ်းခြုံနိုင်သော၊ စာနာနိုင်သော သံသရာ ဘဝ အဆက်ဆက်
အမျိုးများဟု သိထား ယုံကြည် သူတို့သည်ကား ယောက်ျား ဖြစ်ဖြစ်၊ မိန်းမ
ဖြစ်ဖြစ် မြင့်မြတ်သူ ပါတည်း။ ဗြဟ္မာ့ပြည်မှ လွဲ၍ လူ့ပြည် နတ်ပြည်မှာတော့
ယောက်ျား ဘဝချည်း၊ မိန်းမ ဘဝချည်း နေ၍မရ၊ ကျား၊ မ မဟူချစ်ခြင်း၊ ခင်ခြင်း၊
မြတ်နိုးခြင်းဖြင့် ဖွဲ့နှောင်၍ တစ်ဦးနှင့်တစ်ဦး အပြစ်မယူဘဲ
ခွင့်လွှတ်ခြင်းများနှင့် ခိုင်မြဲလေမှ လူသားတို့ဘဝ၊ မိသားစုဘဝ၊
နိုင်ငံသားတို့ ဘဝ ချိုမြမည် ဖြစ်ပါသည်။
အိမ်ထောင်တစ်ခု၊ မိသားစု တစ်စု
အတွင်းမှာလည်း အတူတကွ ယှဉ်တွဲ နေထိုင်ကြဖို့ ပထမ ချစ်ခြင်း မေတ္တာကို
တည်ဆောက်ရန် လို၏။ မေတ္တာ တောင်ထုတွေ ထူထပ်လာလျှင် အမုန်းတွေဝေး၊
နားလည်မှုတွေ ပေးလာ ကြပါလိမ့်မည်။ မိသားစု အချင်းချင်း မတော်တဆ အမှားများ
ရှိခဲ့လျှင်လည်း မေတ္တာ သမားက ဝန်ခံရဲ ပါ၏။ အပြစ် မကင်းသူတိုင်း
မတောင်းပန်ကြ၊ ဝန်မခံကြဘူး ဆိုသော် ဘယ်အခါမှ ယှဉ်တွဲ နေထိုင်၍ မရ။ အတူ
ယှဉ်တွဲ၍ မနေနိုင်သမျှ ကာလပတ်လုံးတွင် မိသားစု ဘဝသည် စိတ်ပျက်စရာ၊ ငြီးငွေ့
စရာကြီး ဖြစ်သွားမှာပါ။ အမှန်က မိသားစု တစ်စုမှ မဟုတ်ပါ။ လောကမှာ ဖြစ်ပျက်
နေသမျှ အရာ အားလုံးသည် ဘာမှမဟုတ်၊ စက်ဆုပ်စရာ၊ စိတ်ပျက်စရာ၊ ငြီးငွေ့
စရာကြီး ပါဟု ဘုရားရှင်က ရှင်အာနန္ဒာကို ဟောကြား ဖူးပါသည်။
လူသား အချင်းချင်း ပြည်ထောင်စုသား
အချင်းချင်း မှာလည်း စုပေါင်း ညီညာမှု မရှိလျှင် ဘယ်မှာ ငြိမ်းချမ်း
အံ့နည်း။ လူဆိုသည်ကား တစ်ဦး တစ်ယောက်တည်း ခွဲထွက် မနေသာ သည်မို့ အတူ
လက်တွဲ နေလို့ရအောင် ခန္တီတရား၊ မေတ္တာတရား လက်ကိုင်ထား၍ ခွင့်လွှတ်ကြရန်၊
နားလည် ပေးကြရန်သာ လိုသည်။ ထိုအခါ ပြည်ထောင်စု သားတွေ စည်းရုံး လာကြမည်။
ဗုဒ္ဓ၏ ''သမဂ္ဂါနံ တပေါ သုခေါ'' ဟူသော တရားတော် အတိုင်း စည်းလုံး
ညီညွတ်ကြသည့် ပုဂ္ဂိုလ်တို့၏ လုပ်ရပ်များ သည် ချမ်းသာမှုကို ပေးမှာ ဧကန်မလွဲ
ပါတည်း။
တစ်အိမ်တည်းမှ မိသားစု လေးငါးယောက်၊
နိုင်ငံတစ်ခု၊ ကမ္ဘာကြီး တစ်ခုမှ လူသန်းပေါင်း များစွာလည်း ချစ်ခြင်း၊
ညီညွတ်ခြင်း၊ ခွင့်လွှတ်ခြင်း မရှိကြသော အခါ အတူ ယှဉ်တွဲ နေထိုင်လို့
မရနိုင်။ မိသားစု တစ်စု၊ နိုင်ငံ တစ်ခု၊ ကမ္ဘာ တစ်ခု ငြိမ်းချမ်းရန်၊
ညီညွတ်ရန်၊ အတူယှဉ်တွဲ နေနိုင်ရန်၊ ခန္တီမေတ္တာ အခြေခံ ထားဖို့ပါပဲ။
လူ့ဘဝနှင့် ပတ်သက်သော ဤနှစ်ချက်ကို သီတဂူ ဆရာတော်ကြီးက အင်္ဂလိပ်လို ပြောသွား
သည်ကို ခံစားနိုင်ရန် မျှဝေလိုက်ပါသည် -
၁. You must be aware yourself to be smallness.
မင်းရဲ့သေးသိမ်ပုံ လေးကို သတိပြုပါ။
၂. You must be aware yourself to potentially of greatness.
မင်းရဲ့ကြီးကြီး ကျယ်ကျယ် ဖြစ်နိုင်ခွင့်တွေကိုလည်း သတိပြုပါတဲ့။
ကြီးကျယ် မြင့်မြတ်စွာ ပွင့်ထွန်း လာသော
မြတ်ဗုဒ္ဓကြောင့် သတ္တဝါများ ချမ်းသာ ရ၏။ ဗုဒ္ဓ ဟောကြားသော တရားများကို ကြားနာ
မှတ်သား ကျင့်ကြံ ရသောကြောင့် သတ္တဝါများ ချမ်းသာပြန်၏။ အရိယာ သံဃာတော်
တို့၏ ညီညွတ်မှု ကြောင့်လည်း ချမ်းသာကြ၏။ ထို့အတူပါပဲ ကိုယ်ရောစိတ်ပါ ညီညွတ်
ကြသည့် လူတို့၏ အလုပ် သည်လည်း ချမ်းသာ၏ ဟူ၍ ဗုဒ္ဓ ဟောပြော ထားရာ ယနေ့ခေတ်
ဖြစ်ပျက်နေသည့် အနေ အထားများ အတွက် အထူး လိုအပ်လှ၏။
လူဆိုသည်မှာ တစ်ဦး တစ်ယောက်တည်း ခွဲထွက်
မနေသာ၍ အစဉ်မပျက် အစဉ်အဆက် တရား မျှတစွာ၊ ညီညွတ်စွာ၊ ငြိမ်းချမ်းစွာ
လက်တွဲ နေထိုင ကြမည် ဆိုလျှင် ကျွန်တော်တို့ နိုင်ငံသည် ဆိုဗီယက်လို
ပြည်ထောင်စုကြီး ပြိုကွဲ သွားစရာ မရှိပါ။
ဆက်လက်၍ ဆရာတော် ဦးသေဋ္ဌိလ၏ ကပ္ပလီ
အမျိုးသားနှင့် ဂျပန် မလေး တို့၏ မေတ္တာ ဇာတ်လမ်းနှင့် အင်ဒိုနီးရှား
နိုင်ငံမှ ဇရာအို အဘွားအိုနှင့် အိန္ဒိယ နိုင်ငံသား လူငယ်လေးတို့ အကြောင်း
မျှဝေပေးရင်း စဉ်းစားပြီး ခံစား ကြည့်ကြပါစို့။ အရပ်က ခြောက်ပေ၊ အသားက
မည်းမည်း ကပ္ပလီနှင့် အရပ် လေးပေရှိ ဂျပန်မလေး တို့ အမှန်တကယ် ပေါင်းသင်း
ခဲ့သည့် ဇာတ်လမ်း ရှိခဲ့သည်။ ဤအကြောင်း ဆရာတော်က မေတ္တာနှင့် ပတ်သက်၍
ဟောကြားချက်တွင် ထည့်သွင်း ပြောခဲ့သည်။ ထိုကပ္ပလီ နှင့် ဂျပန် မလေး တို့သည်
အသား အရောင် လူမျိုး အရောင် အပေါ်၌ ပေါင်းသင်း နေကြသည် မဟုတ်။ ချစ်ခြင်းဟု
ဆိုအပ်သော မေတ္တာ တရား အပေါ်မှာ လက်တွဲပါ၏။ ချစ်ခင် လာသောအခါ မတူညီ တာလေးတွေ
ဘေးဖယ်ပြီး နှစ်ကိုယ် ယှဉ်တွဲ၍ အတူ တွဲနေလို့ ရခြင်း ဖြစ်သည်။
နောက်ဇာတ်လမ်း တစ်ပုဒ်က အင်ဒိုနီးရှား
နိုင်ငံမှာ အသက် ကိုးဆယ် အရွယ် အဘွားအိုနှင့် အသက် သုံးဆယ်ခန့်
လူငယ်လေးတို့ မင်္ဂလာ ရက်မြတ် လက်ထပ် မင်္ဂလာပွဲ ဆင်နွှဲပြီး ပေါင်းသင်း
နေထိုင်လျက် ရှိသည်။ ထို့အတူ မူးယစ်ဆေး စွဲနေသော သူ၏ ခင်ပွန်း ထောင်မှ
လွတ်လာလို့ ပျော်ရွှင် ကြည်နူးနေသော ဇနီးသည်ပုံကို မြဝတီ သတင်းစာမှာ
ကျွန်တော် တွေ့မြင် ခဲ့ရပါသည်။ သူတို့ဘဝ ပေါင်းစပ် ဖလှယ်ဖို့ အရေး အသက်
အရွယ်နှင့် မဆိုင် မြတ်နိုးခြင်းနှင့် ဆိုင်၏။ အချစ်မှာ သက္ကရာဇ် မရှိသလို
မေတ္တာမှာ ပြစ်ခွာ တာလည်း မရှိပါ။
ကမ္ဘာမြေပေါ်မှာ ဆိုဗီယက် ပြည်ထောင်စုကြီး
အတူယှဉ်တွဲ နေမရ သဖြင့် ပြိုကွဲ ခဲ့ရလေပြီ။ ဘာကြောင့်လဲ ဆိုသည်မှာ
ရှင်းနေပါသည်။ ကိုရီးယား ကလည်း တောင်မြောက် ဖြစ်ကုန်၏။ ကျွန်တော်တို့
နိုင်ငံသည်လည်း ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖြစ်ပါသည်။
တိုင်းပြည်သား အချင်းချင်း ငြိမ်းချမ်းရေး၊ စည်းလုံး ညီညွတ်ရေး၊ အတူတကွ
လက်တွဲ နေထိုင် နိုင်ရေးကို အလေးအနက် ခံယူပြီး ဆရာ သုမောင် ပြောသလို
နိုင်ငံသစ်၏ ခြေလှမ်း အစမှာပဲ စည်းလုံးညီညွတ် ကြ၍ အတူတကွ လက်တွဲ နေထိုင်
ကြပါစို့ ဟူ၍ ပြန်လည်မျှဝေ ရေးသား တင်ပြ လိုက်ရပါသည်။ ။
ဆာယာလှမြင့်