Friday, May 17, 2013

သင့်ဘဝကိုမပြောင်းတဲ့ အသက်မွေးဝမ်းကျောင်းမှာ သင့်ဘဝကို မရောင်းပါနဲ့



                 "သင့်ဘဝကိုမပြောင်းတဲ့ အသက်မွေးဝမ်းကျောင်းမှာ သင့်ဘဝကို မရောင်းပါနဲ့"


အထူးသဖြင့် အခုလို နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှာ မိဝေးဖဝေး၊ ဆွေဝေးမျိုးဝေး၊ တချို့လင်ဝေး၊ မယားဝေး၊ သားဝေး၊ သမီးဝေး လာရောက်လုပ်ကိုင် ဝင်ငွေရှာနေသူတွေ အနေနဲ့ ကျွန်တော်တို့ရဲ့အတတ်ပညာတွေ၊ ခွန်အားတွေ၊ ကျွန်တော်တို့ရဲ့ အနုပျိုဆုံး၊ အသန်စွမ်းဆုံး၊ အကောင်းဆုံးအချိန်တွေ စတဲ့ ကျွန်တော်တို့ရဲ့ဘဝတွေကိုတင် ကျွန်တော်တို့ အသက်မွေးဝမ်းကျောင်း အတွက် ကျွန်တော်တို့ ရောင်းချထားကြတာဟာ မဟုတ်ပါဘူး။ 


အမေ့အိမ်ရဲ့အဝေးမှာ အမေ့အိမ်ကို ငေးနေတဲ့ သားအတွက်၊ သမီးအတွက် ပူပင်သောက စိတ်မချတဲ့ မိခင်တစ်ယောက်ရဲ့ ဗျာပါဒတွေ၊ ဖခင်တစ်ယောက်ရဲ့ လူမသိ၊ သူမသိ တရိရိ လွမ်းဆွတ်တမ်းတ သတိရမှုတွေ၊ အိုကြီးအိုမမှ သားသမီးရဲ့ အနီးကပ်ပြုစုမှု မခံရ ကသီလင်တ နိုင်နေကြတာတွေ၊ ကိုယ့်သမီး၊ ကိုယ့်သားကို ခွဲထားခဲ့ရတဲ့ သူတွေအတွက်ဆိုရင် မိဘရဲ့ အနီးကပ် ပြုစုယုယကြင်နာမှု ငတ်မွတ်ရှာတဲ့ ကလေးတစ်ယောက်ရဲ့ စိတ်အလိုမကျမှု၊ စိတ်အလိုမပြည့်ဝမှု စတဲ့ တစ်သက်လုံးစာ သေရာ ပါသွားတော့မယ့် စိတ်ဒဏ်ရာတွေ၊ (ကျန်နေခဲ့ရတဲ့ ကလေးတင်မဟုတ်ပါဘူး။ ဝေးနေကြရတဲ့ လူကြီးတွေ၊ ခုလို ရပ်ဝေမြေခြား တိုင်းတစ်ပါးမှာ ရောက်နေကြတဲ့ ကျွန်တော့် ပတ်ဝန်းကျင်က မိတ်ဆွေ တော်တော်များများခမျာ စိတ်ကျန်းမာရေး ဒေါင်ဒေါင်မမြည်ကြ ရှာပါဘူး) ဒါ့အပြင် နိုင်ငံတော်ရဲ့ လုပ်အား ဆုံးရှုံးမှုတွေ၊ ဦးနှောက်ယိုစီးမှုတွေ စတဲ့ စတဲ့ အရာတွေကိုပါ ရောင်းချထားကြ ရတာပါ။ 

ကျွန်တော်တို့ အသက်ရှင်ရပ်တည်နိုင်ရုံ၊ စားဝတ်နေရေး ချောင်လည်စေရုံမျှ သာ အထောက်အပံ့ ဖြစ်စေပြီး ကျွန်တော်တို့ရဲ့ဘဝကို သူမတူ တစ်မူထူး အောင် ပြောင်းလဲစေနိုင်စွမ်း မရှိတဲ့ အဲဒီလို အသက်မွေးဝမ်းကျောင်း အတွက် ကိုယ့်ဘဝ (အထူးသဖြင့် ဘဝရဲ့ ဆီဦးထောပတ်ကာလ) နဲ့တကွ စောစောက ပြောခဲ့တဲ့ ဘဝနဲ့ နောက်ဆက်တွဲ တခြားလူတွေရဲ့ ဘဝတွေကိုပါ ဒွန်တွဲ ရောင်းချထားကြရတာ ထိုက်တန်ပါရဲ့လား။

"လူအမြောက်အမြားဟာ ၂၅ နှစ်သားမှာ သေဆုံးသွားကြပြီး အသက် ၇၅ နှစ် မပြည့်မချင်း ဂူမသွင်း မြေမမြှုပ်ကြဘူး" တဲ့။ ချောက်ချားတုန်လှုပ်ဖွယ် အမှန်တရားကို ဘင်ဂျမင်ဖရင်ကလင်က ပြောကြား ခဲ့ပါတယ်။

လူသားမှာ အရေးအကြီးဆုံး တရားဟာ သစ္စာတရားပါ။ အဲဒီ အရေးအကြီးဆုံးသော သစ္စာတရားတကာ သစ္စာတရားတွေ အနက်မှာ မိမိ ကိုယ်ကိုယ်သစ္စာရှိမှုဟာ အရေးအကြီးဆုံးပါ။ ဘာဖြစ်လို့လဲ။ မိမိကိုယ်ကိုယ်မှ သစ္စာမရှိတဲ့ သူတစ်ယောက်ဟာ သူတစ်ပါးအပေါ်မှာ သစ္စာစောင့်သိဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် သစ္စာရှိတယ်ဆိုတာ ဘာလဲ ...။
ကိုယ့်ရဲ့ယုံကြည်မှုတွေ၊ ကိုယ့်ရဲ့တန်ဖိုးတွေ၊ ကိုယ့်ရဲ့အိပ်မက်တွေ၊ ကိုယ့်ရဲ့ ဝါသနာတွေ၊ ကိုယ့်ရဲ့ ဖြစ်နိုင်စွမ်းတွေ အပေါ်မှာ သစ္စာရှိတာဟာ ကိုယ့်ကိုယ်ကိုယ် သစ္စာရှိတာပါပဲ။

ပိတုန်းတွေဟာ သူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံအရ ပျံလို့ရစရာအကြောင်း မရှိပါဘူးတဲ့။ ဒါပေမဲ့ သူတို့ဟာ ပျံလို့မရဘူး ဆိုတာကို မသိခဲ့တဲ့အတွက်၊ တစ်နည်းအားဖြင့် သူ့တို့ခန္ဓာဗေဒရဲ့အားနည်းချက်ကို မသိဘဲ ပျံနိုင်တယ်လို့ပဲ ယုံကြည်တဲ့အတွက် ဒီကနေ့ ကမ္ဘာနဲ့အဝန်းက ပိတုန်းတွေဟာ ပျံသန်းနေကြ ပါတယ်။

မျက်မှောက်ခေတ် သတ္တဝါတွေထဲမှာ ခွန်အားအကြီးဆုံး ဆိုတဲ့ ဆင်၊ ဧရာမသစ်ပင်ကြီးတွေ ကိုပါ တွန်းလှဲနိုင်တဲ့ ဆင်ဟာ သူ့ ခွန်အားနဲ့ ယှဉ်လိုက်ရင် အင်မတန်သေးငယ်တဲ့ သံကြိုးလေးမှာ မရုန်းကန်ဘဲ ငြိမ်ခံနေတာ မလွတ်မြောက်ချင်လို့တော့ မဟုတ်လောက်ဘူး။ အဲဒီသံကြိုးလေးဟာ သူရုန်းလိုက်ရင် ပြတ်သွားမယ်ဆိုတာ သူမသိလို့ပါတဲ့။ တစ်နည်းအားဖြင့် အဲဒီသံကြိုးလေး ကို သူမဖြတ်တောက် နိုင်ဘူး၊ မလွတ်မြောက်နိုင်ဘူးလို့ ယုံကြည်နေလို့ပါ။ ပိတုန်းတွေရဲ့အဖြစ်နဲ့ ဆင်တွေရဲ့ အဖြစ် ဒါတွေဟာ ကိုယ့်ယုံကြည်မှုကြောင့် ကိုယ်ဖြစ်ကြတာ တွေချည်းပါပဲ။

(Gothe) ဂျိုသီးက ပြောတယ်။ လူတစ်ယောက်ကို သူဖြစ်နေရှိနေတဲ့ အတိုင်း ဆက်ဆံရင် သူဟာ အဲဒီသူ ဖြစ်နေရှိနေတဲ့ အနေအထားမှာပဲ ရပ်တန့်ကြွင်းကျန် နေလိမ့်မယ်တဲ့။ သူ့ကိုသူ ဖြစ်နေရှိနေတဲ့ အနေအထား အတိုင်း မဆက်ဆံဘဲ သူဖြစ်သင့်ရှိသင့်တဲ့၊ သူရောက်ရှိနိုင်တဲ့ အနေအထား အတိုင်း ပြောဆို ဆက်ဆံပေးလိုက်ရင် အဲဒီလူဟာ သူဖြစ်သင့် ရှိသင့်တဲ့၊ သူရောက်ရှိနိုင်တဲ့ အခြေအနေ၊ ဘဝအနေထားကို ရောက်လာလိမ့်မယ်တဲ့။

ကျွန်တော်တို့ ကိုယ်စီကိုယ်င ဖြတ်သန်းလာကြတဲ့ ကိုယ့်ဘဝကို ပြန်ကြည့်ပါ။ လူတစ်ယောက်ယောက်ရဲ့ ကိုယ့်အပေါ် ယုံကြည်မှု၊ အားထားမှု၊ အထင်ကြီးမှု စတဲ့ အထင်အမြင်၊ ဆက်ဆံမှု တစ်ခုခုကြောင့် ကိုယ့်ဘဝပြောင်းလဲ ခဲ့တာမျိုးတွေ ရှိခဲ့သလား။ ကျွန်တော့်မှာတော့ ရှိခဲ့ပါတယ်။ ဒီကမိတ်ဆွေတွေ မှာလည်း ရှိကြမယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါကြောင့် သူတစ်ပါးကို ကူညီ ချင်တယ်၊ အများအကျိုး ဆောင်ချင်တယ်ဆိုရင် အထွေအထူး ဝေးဝေးလံလံ စဉ်းစားနေစရာ မလိုပါဘူး။ ပစ္စည်းဥစ္စာတွေ လှူနေတန်းနေ၊ ပေးကမ်း ထောက်ပံ့နေမှ မဟုတ်ပါဘူး။ လှူဒါန်းပေးကမ်း ထောက်ပံ့နေတာလည်း ကောင်းပါတယ်။ လိုအပ်ပါတယ်။ 


အလွယ်အကူဆုံးနဲ့ အထိရောက်ဆုံး ဖြစ်ပြီး တကယ့်ဘဝတွေကို ပြောင်းစေတဲ့ ကူညီမှုကတော့ ကိုယ်နဲ့ဆုံတွေ့၊ ဆက်ဆံ သမျှ တစ်ဦးချင်း တစ်ယောက်ချင်းစီ တိုင်းကို သူတို့ကိုယ်စီကိုယ်င ဖြစ်နေရှိနေ ကြတဲ့အတိုင်း မဆက်ဆံဘဲ၊ သူတို့ ဖြစ်သင့် ဖြစ်ထိုက်တဲ့၊ ဖြစ်လာနိုင်တဲ့ အတိုင်း အသိအမှတ်ပြု ဆက်ဆံပေးနေတာပါပဲ။ အထူးသဖြင့် မိဘတွေ၊ ဆရာတွေ ဟာ ကိုယ့်သားသမီးတွေ၊ ကိုယ့်ကျောင်းသားတွေကို အဲဒီလို ဆက်ဆံနိုင်ဖို့ အသိစိတ်ရှိရှိ မြင့်မားတဲ့ သတိတရားနဲ့ ကြိုးစားလေ့ကျင့် ဆက်ဆံသွားကြဖို့ ဒီနေရာကနေ တိုက်တွန်းလို ပါတယ်။ 

ထားတော့ သူတစ်ပါးကို ဘယ်လို ဆက်ဆံမလဲ ဆိုတာ။ ဒီကနေ့ ဒီနေရာမှာ ကျွန်တော်အဓိက ပြောချင်တာက ကိုယ့်ကိုယ်ကိုယ် ဘယ်လို ဆက်ဆံမလဲပဲ။ စောစောကပြောခဲ့တဲ့ အတိုင်းပဲ ကိုယ့်ကိုယ်ကိုယ် လက်ရှိဖြစ်ရှိနေတဲ့အတိုင်း မဆက်ဆံဘဲ ကိုယ်တကယ် ဖြစ်သင့်၊ ရောက်သင့်တဲ့အတိုင်း၊ ကိုယ်တကယ် ဖြစ်နိုင်၊ ရောက်နိုင်တဲ့ အတိုင်း၊ ကိုယ်တကယ် ဖြစ်ချင်၊ ရောက်ချင်တဲ့အတိုင်း ကိုယ်ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြု ပြောဆိုဆက်ဆံရပါမယ်။

တကယ်တော့ ကျွန်တော်တို့ တစ်ဦးချင်း၊ တစ်ယောက်ချင်းစီ တိုင်းဟာ မြို့မငြိမ်းပဲ၊ ပေါ်ဦးသက်ပဲ၊ လီယိုနာဒိုဒါဗင်ချီ၊ ဘီအိုဗင်၊ ဗင်းဆင့်ဗင်ဂိုးပဲ။ ဒါပေမဲ့ ဘာဖြစ်လို့ ကျွန်တော်တို့ တော်တော်များများဟာ ဒီကနေ့ မြို့မငြိမ်း မဖြစ်ဘဲ၊ ပေါ်ဦးသက်မဖြစ်ဘဲ သူလိုကိုယ်လို သာမြင်ညောင်ညဖြစ်နေ ကြသလဲ။ ကျွန်တော်တို့ မိဘတွေက၊ ကျွန်တော်တို့ ပတ်ဝန်းကျင်က ကျွန်တော်တို့ကို မြို့မငြိမ်းမှန်းမသိခဲ့လို့၊ ပေါ်ဦးသက်မှန်း မသိခဲ့လို့၊ မြို့မငြိမ်းအဖြစ် မဆက်ဆံခဲ့လို့၊ ပေါ်ဦးသက်အဖြစ် မဆက်ဆံခဲ့လို့ပါပဲ။ အထူးသဖြင့် ကျွန်တော်တို့ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ် မြို့မငြိမ်းမှန်း၊ ပေါ်ဦးသက်မှန်း မသိခဲ့ဘဲ သူလိုကိုယ်လို သာမြင်ညောင်ညလို့ သိမှတ်ယုံကြည် လက်ခံကျင့်ကြံ နေထိုင်ခဲ့လို့ပါပဲ။

ကျွန်တော်တို့ ကိုယ်စီကိုယ်င ဒီကနေ့ ရောက်ရှိနေကြတဲ့ ဘဝအနေ အထားဟာ ကျွန်တော်တို့ ကိုယ်စီကိုယ်ငရဲ့စိတ်ထားနဲ့ ထိုက်တန်တဲ့အနေ အထား၊ သဟဇာတဖြစ်တဲ့ အနေအထား၊ သပ္ပာယမျှတဲ့ အနေအထားပါပဲ။

အဲဒီတော့ ဒီကနေ့ ကိုယ်ရောက်နေတဲ့ ဘဝအနေအထားကို ကိုယ် ကျေနပ်အားရရဲ့လား။ ကိုယ်စိတ်တိုင်းကျ ဖြစ်ရဲ့လား။ "ဟုတ်တယ် ဒါ ငါလိုချင်တဲ့ ဘဝပဲ။ ငါ တစ်သက်လုံး ကြိုးပမ်းရုန်းကန် တည်ဆောက်လာတာ ဒီဘဝမျိုး အတွက်ပဲ။ ငါ ကြိုးပမ်း အားထုတ်ခဲ့ရတာတွေဟာ တကယ့်ကို ထိုက်တန်တယ်" လို့ ခံစားရသလား။

ကျေနပ်အားရတယ်။ စိတ်တိုင်းကျတယ်။ ထိုက်တန်တယ်လို့ ခံစား နေရတယ်ဆိုရင် ကျွန်တော်လည်း ဆက်ပြောစရာ မလိုတော့ဘူး။ စာဖတ်သူ တွေလည်း ဆက်ဖတ်နေစရာ မလိုတော့ဘူး။
အကယ်၍ ကိုယ်ရောက်ရှိနေတဲ့ ဘဝ၊ ကိုယ်ဖြစ်နေတဲ့ အနေအထား ကို မကျေနပ်ဘူး၊ စိတ်တိုင်းမကျဘူး ဆိုရင်တော့ ဒီဘဝကို ပြောင်းလဲအောင် လုပ်ကြရမယ်။ စောစောက ပြောခဲ့တယ်။ ကျွန်တော်တို့ ကိုယ်စီကိုယ်ငဟာ ကိုယ့်စိတ်နဲ့ ထိုက်တန်တဲ့ဘဝ၊ ကိုယ့်ဘဝအမြင်၊ ကိုယ့်လောက အမြင်နဲ့ ထိုက်တန်တဲ့၊ ဆီလျော်တဲ့ဘဝမှာ ရောက်ရှိနေကြတာ ဖြစ်တယ်။ ဒါကြောင့် ဘဝပြောင်းဖို့ ဆိုရင် စိတ်ပြောင်းမှဖြစ်မယ်။ ဘဝအမြင်ပြောင်းမှ ဖြစ်မယ်။ လောကအမြင် ပြောင်းမှဖြစ်မယ်။

ဒီကနေ့ ကျွန်တော်တို့ ရရှိထားတဲ့ဘဝ၊ ရောက်ရှိနေတဲ့ဘဝ ဆိုတာ တကယ်တော့ မနေ့ မနေ့တွေက ကျွန်တော်တို့ ရွေးချယ်ခဲ့တာတွေရဲ့ အကျိုး ဆက်ရလဒ်တွေပဲ။ သံသရာကို ယုံကြည်တဲ့သူတွေ အနေနဲ့ဆို ဒီဘဝ ဒီခန္ဓာ ဆိုတာ ဟိုးအတိတ် ဘဝဘဝ များစွာမှာ ကိုယ်ရွေးချယ် ပြုလုပ်ခဲ့တာတွေ၊ ကိုယ်ရွေးချယ် ပြောဆိုခဲ့တာတွေ၊ ကိုယ်ရွေးချယ်တွေးတော ခဲ့တာတွေရဲ့ အကျိုးဆက်ရလဒ်ပေါ့။ ဒါဆို ဒီကနေ့ ကိုယ်ရောက်နေတဲ့၊ ကိုယ်ရတဲ့ဘဝကို မကြိုက်ဘူး၊ မနှစ်သက်ဘူး၊ ဒီထက်ကောင်းတဲ့ ဘဝကို ရချင်၊ ရောက်ချင်တယ် ဆိုရင် ဒီထက်ကောင်းတဲ့ ရွေးချယ်ချက်တွေ လုပ်မှဖြစ်မယ်။ ဒီထက်ကောင်းတဲ့ အတွေးတွေကို ရွေးချယ်တွေးတောရမယ်။ ဒီထက်ကောင်းတဲ့ အပြောတွေကို ရွေးချယ်ပြောရမယ်။ ဒီထက်ကောင်းတဲ့ လုပ်ဆောင်ချက်တွေကို ရွေးချယ် လုပ်ဆောင်ရမယ်။

အဲလ်ဘတ်အိုင်စတိုင်းက ပြောတယ်။ လုပ်ရိုးလုပ်စဉ် လုပ်လေ့လုပ်ထ ရှိတဲ့ အရာကို ထပ်ခါတလဲလဲ ပြန်လုပ်နေရင်း မတူထူးခြားတဲ့ ရလဒ်ကို မျှော်လင့်တာဟာ သွက်သွက်ခါ ရူးသွပ်မိုက်မဲမှုပဲတဲ့။ မတူကွဲပြားတဲ့ ရလဒ်၊ မတူကွဲပြားတဲ့ဘဝကို လိုချင်တယ်ဆိုရင် တွေးရိုးတွေးစဉ်၊ မြင်ရိုးမြင်စဉ်၊ ထင်ရိုးထင်စဉ် (ထင်တာက မြင်တာထက် ပိုဆိုးတယ်နော်)၊ လုပ်ရိုးလုပ်စဉ် တွေနဲ့ မတူကွဲပြားတဲ့ တွေးတောမှုကို တွေးတောရမယ်။ မတူကွဲပြားတဲ့ လုပ်ဆောင်မှုကို လုပ်ဆောင်ရမယ်။ ဒီကနေ့ ကျွန်တော်တို့ လောကကို မြင်ပုံတွေ၊ ဘဝကိုမြင်ပုံတွေ၊ ကျွန်တော်တို့ရဲ့ သက်ဝင်ယုံကြည်မှုတွေ၊ အပြုအမူတွေ၊ အလေ့အထတွေဟာ ကျွန်တော်တို့ကိုယ်တိုင် ရွေးချယ်ထားတာတွေချည်း ရာနှုန်းပြည့် မဟုတ်ပါဘူး။ 


ကျွန်တော်တို့ ငယ်စဉ်ဘဝ ကြီးပြင်းခဲ့ပုံတွေ၊ ကျွန်တော်တို့မိဘတွေက ကျွန်တော်တို့အပေါ် ဆက်ဆံခဲ့ ပုံတွေ၊ ကျွန်တော်တို့ တက်ခဲ့တဲ့ကျောင်း၊ ကျွန်တော်တို့ ပေါင်းခဲ့တဲ့ မိတ်ဆွေတွေ၊ ကျွန်တော်တို့ ဖတ်ခဲ့တဲ့စာတွေ၊ ကျွန်တော်တို့ ပတ်ဝန်းကျင်က လက်ခံ ကျင့်သုံးတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာတွေ၊ ကျွန်တော်တို့ ကိုးကွယ် ယုံကြည်တဲ့ ဘာသာတရားရဲ့အဆုံးအမ၊ စည်းမျဉ်းစည်းကမ်းတွေ စသဖြင့် စသဖြင့်သော အရာတွေရဲ့ လွှမ်းမိုးပုံသွင်းခြင်းက အဓိကအကြောင်းရင်း ဖြစ်နေတာ ငြင်းလို့မရဘူး။ 

ဒါကြောင့် ကျွန်တော်တို့ ဘဝပြောင်းဖို့ဆိုရင် ဘဝအမြင် ပြောင်းဖို့လိုတယ်။ ဘဝအမြင်ပြောင်းဖို့ဆိုရင် အပေါင်းအသင်း၊ ပတ်ဝန်းကျင် ပြောင်းဖို့ပါလိုတယ်။ လက်ရှိ ကိုယ်ပေါင်းနေတဲ့ အပေါင်း အသင်း၊ ကိုယ်ကျင်လည်နေတဲ့ ပတ်ဝန်းကျင်ဟာ ကိုယ်ပြောင်းလဲချင်တဲ့ ဘဝကို ရောက်ရှိဖို့အတွက် လိုအပ်တဲ့ဘဝအမြင် ပြောင်းလဲဖို့မှာ အထောက် အကူဖြစ်ရဲ့လား။ အထောက်အကူ မဖြစ်တာထက် အနှောင့်အယှက် အဟန့်အတား အပိတ်အပင် ဖြစ်နေရင်တော့ အဲဒီပတ်ဝန်းကျင်ကနေပါ ပြောင်းမှဖြစ်မယ်။

“ပျမ်းမျှနိယာမ” မှာ (Jim Rohn) ဂျင်မ်ရွန်က ပြောထားတယ်။ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား၊ စာရိတ္တ၊ ဘဝအမြင်၊ ဥစ္စာဓနကြွယ်ဝမှု စတာတွေဟာ သူ စွဲစွဲမြဲမြဲ တွဲလေ့ရှိတဲ့၊ ပေါင်းလေ့ရှိတဲ့ သူငယ်ချင်းမိတ်ဆွေ ငါးယောက်ရဲ့ စိတ်နေစိတ်ထား၊ စာရိတ္တ၊ ဘဝအမြင်၊ ဥစ္စာဓနကြွယ်ဝမှုတွေ စုစုပေါင်းကို (၅) နဲ့ ပြန်စားတာနဲ့ အချိုးကျညီမျှတယ်တဲ့။ အတိအကျ မဟုတ်ရင်တောင် အဲဒီအနီးအနား ပတ်ဝန်းကျင်မှာပဲ ရှိနေမှာ သေချာပါ တယ်။ “မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါ” လို့လည်း ဆိုရိုးရှိတာကိုး။

ဂျွန်အက်ဖ်ကနေဒီက ပြောပါတယ်။ "မမေးနဲ့" တဲ့။
မင်းနိုင်ငံက မင်းကို ဘာလုပ်ပေးမလဲ။
"မမေးနဲ့"တဲ့။
မင်းမိဘက မင်းကို ဘာလုပ်ပေးမလဲ။
"မမေးနဲ့"တဲ့။
မင်းပတ်ဝန်းကျင် အသိုင်းအဝိုင်းက မင်းကို ဘာလုပ်ပေးမလဲ။
"မမေးနဲ့"တဲ့။
မင်းက မင်းနိုင်ငံ၊ မင်းမိဘ၊ မင်းပတ်ဝန်းကျင် အသိုင်းအဝိုင်းကို ဘာလုပ်ပေးမလဲ။
"အဲဒါကိုပဲ မင်းမေးပါ"တဲ့။

"လောကမှာ ကိုယ်မြင်ချင်တဲ့ အပြောင်းအလဲ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်စေပါ"လို့ မဟတ္တမဂန္ဒီက တိုက်တွန်းပါတယ်။


 (ဇေယျာထက်)