အခြေတိုးမြင့် ကျန်ကောင်းသင့်၏
လူ့ပြည်လောက လူ့ဘဝကား အိုရနာရ သေရဦးမည် မှန်ပေသည်တည်း..။
ဆရာဇော်ဂျီရဲ့ အလွန် လူကြိုက်များတဲ့ ကဗျာလေးပါ။ မှန်ပါတယ်၊ လူ့ပြည်လောက
လူ့ဘဝကို ရောက်လာကြသူတိုင်း အိုကြရမယ်၊ နာကြရမယ်၊ သေကြရမယ်။ လူ့ဘဝ
လူ့ခန္ဓာကိုယ်ကြီးကို စတင်ပိုင်ဆိုင်ကထဲက နေ့စဉ်နဲ့အမျှ သေခြင်းတရားဆီသို့
ခရီးဆက်နေကြရတာပါ။ လူကသာ လောကီအာရုံ ကာမဂုဏ်တွေနဲ့ ပျော်မြူးပြီး
မေ့လျှော့နေပေမဲ့ နာရီ မိနစ် စက္ကန့်တွေက လူ့သက်တမ်းကို
အစဉ်မပြတ်နှုတ်ယူနေပါတယ်။ လူတွေကသာ အနားယူ အိပ်စက်နေပေမဲ့ သေခြင်းတရားဆီသို့
ဦးတည်လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေကတော့ အနားယူတယ်လို့ မရှိပါဘူး။
တစ်မိနစ်/တစ်နာရီလေး အချိန်ကုန်သွားတိုင်း ကိုယ်နေရမည့် ကိုယ့်သက်တမ်းထဲက
တစ်မိနစ်/တစ်နာရီ နှုတ်ယူသွားပါပြီ။
အဲဒီလိုပါပဲ နေ့ရက်လတွေ နှစ်တွေကုန်သွားတိုင်း ကုန်သွားတိုင်း ကိုယ်နေရမည့်သက်တမ်း ထဲက နေ့တွေ ရက်တွေ လတွေ နှစ်တွေကို နှုတ်ယူသွားနေတာပါပဲ။ လယ်တီဆရာတော်ဘုရားကြီးက ဆုံးမ ထားတယ်လေ။ တစ်နေကွယ် သေနယ်သို့ တစ်ခါကူး မေ့လျှော့ကာ သေဘူးထင်လိုက်ပါနဲ့ နေကွယ်တာ အချိန်များရင်ဖြင့် သေနယ်ရွယ်ရွာ တစ်ကြိမ်သွားရမယ် တားမရဘူး-တဲ့။ လူတိုင်းလူတိုင်း ငြင်းဆိုခွင့် ရှောင်လွှဲခွင့်မရှိသော သေခြင်းတရားဆိုတာ ဟိုးအတီတေကာလ အစမထင်သံသရာထဲက ရှိနေခဲ့တာပါ။
သို့ပြီတကား သင်ဖွားသောမြေ သင်တို့မြေသည် အခြေတိုးမြင့် ကျန်ကောင်းသင့်၏-တဲ့။ လူတိုင်းလူတိုင်း နိယာမသဘောအရ သေဆုံး သွားကြပေမဲ့ သူတို့မွေးဖွားရာဒေသ၊ သူတို့မွေးဖွားရာနိုင်ငံနှင့် လူမျိုးအတွက် တိုးတက်ဖွံ့ဖြိုးအောင်၊ ငြိမ်းချမ်းသာယာအောင် ဆောင်ရွက် ခဲ့ကြတဲ့သူတွေကတော့ အလွန့်အလွန်ကို နည်းပါးလှပါတယ်။
ဘဝပေးအခြေအနေအရ လူသားတစ်ဦးရယ်လို့ မွေးဖွားလာခဲ့ကြပြီ။ မိဘတွေက ကျွေးမွေးပြုစု ယုယမှုကြောင့် လူလားမြောက်ခဲ့ပါပြီ။ ဆရာသမားတွေရဲ့ သွန်သင်ညွှန်ပြ ဆုံးမမှုကြောင့် အသိဉာဏ်တွေ လည်း ဖွံ့ဖြိုးတိုးတက်လာခဲ့ပါပြီ။ လူ့လောကကြီးထဲမှာ ပီပီပြင်ပြင် လူသားရယ်လို့ ဖြစ်လာတဲ့အခါမှာ အဲဒီ လူသားလေးက လူ့ပတ်ဝန်းကျင်ကို ဘယ်လိုငြိမ်းချမ်းသာယာအောင် ဆောင်ရွက်ခဲ့ပြီးပြီလဲဆိုတာ ကိုယ့်ကိုယ်ကိုလည်း ပြန်မေးကြည့်ရမယ်။ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း အကဲခတ်ကြည့်ရမယ်။
ငါက လူ့လောကအတွက် ဘယ်လောက်အသုံးကျသလဲ။ ငါဆိုတဲ့ လူသားတစ်ယောက် မွေးဖွားလာ တဲ့အတွက် ငါ့မိသားစု တိုးတက်ကြီး ပွားအောင် ငါဆောင်ရွက်နိုင်ခဲ့ပြီလား။ ကောင်းကျိုးတစ်ခုခု ပြုပေးနိုင်ခဲ့ သလား။ ငါတို့ရပ်ရွာ ငါတို့နိုင်ငံကြီး သာယာချမ်းမြေ့အောင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီလား။ ကောင်းကျိုးတစ်ခုခု ပြုခဲ့ပြီးပြီလား။
ဒါမှမဟုတ် ငါဆိုတဲ့ လူသားတစ်ယောက် လူ့လောကထဲကို ရောက်လာတဲ့အတွက် ငါ့မိသားစုတွေ ဆုတ်ယုတ်ပျက်စီး ဒုက္ခတွေ အကြီးအ ကျယ်ရောက်ခဲ့သလား။ ငါတို့ရပ်ရွာ ငါတို့နိုင်ငံတော်ကြီးမှာလည်း ငါဆိုတဲ့ လူသားတစ်ယောက်ကို လက်ခံထားတဲ့အတွက် ဆုတ်ယုတ် ပျက်စီးပြီး ဒုက္ခတွေ အကြီးအကျယ် ရောက်ခဲ့သလားဆိုတာကို စဉ်းစားဝေဖန်သုံးသပ်ရပါမယ်။
စဉ်းစားဝေဖန်သုံးသပ်ပြီး ကိုယ့်မိသားစု တိုးတက်ကြီးပွားအောင် သာယာချမ်းမြေ့အောင် ဆောင်ရွက်နိုင်သူဖြစ်ဖို့ ကြိုးစားရပါလိမ့်မယ်။ အဲဒီကနေ တစ်ဆင့်တက်ပြီး ကိုယ့်ရပ်ရွာ ကိုယ့်တိုင်းပြည်နဲ့ လူမျိုးအတွက် တိုးတက်ကြီးပွားအောင် သာယာချမ်းမြေ့အောင် လုပ်ဆောင် ရပါလိမ့်မယ်။ လူ့လောကထဲကို ရောက်ရှိလာပြီး လူ့လောကကောင်းကျိုးကိုမှ မဆောင်ရွက်ရင် လူသားပီသတဲ့လူ မဖြစ်နိုင်ပါဘူး။
ကမ္ဘာတစ်လွှား ဘယ်နိုင်ငံကိုပဲကြည့်ကြည့် သန့်ရှင်းရေး အလုပ်သမားကနေ သမ္မတကြီးအထိ လူမှန်လျှင် လူ့တာဝန်ဝတ္တရားတွေကို မသွေမတိမ်း ထမ်းဆောင်ရမှာပါ။ ဟိုးရှေးရှေးတုန်းက လူသားတွေက လူ့လောကကြီး အကျိုးရှိရာ အကျိုးရှိကြောင်းကို ဆောင်ရွက်ခဲ့ကြလို့ ယနေ့ခေတ်လူသားတွေမှာ အဆင်ပြေပြေ လွယ်လွယ်ကူကူ သက်တောင့်သက်သာ သွားလာလှုပ်ရှားနိုင်ခဲ့ကြပါတယ်။
သိပ္ပံပညာရှင်များက လူသားတွေအတွက် အကျိုးရှိစေမည့် လျှပ်စစ်မီးတွေ၊ အင်ဂျင်စက်တွေ၊ ကား ရထား လေယာဉ်တွေ စသည် စသည် တီထွင်ဖန်တီးခဲ့ကြလို့ နောက်လာနောက်သား ခေတ်လူများဟာ အရာရာတိုင်းမှာ လွယ်လင့်တကူ ချောချောမွေ့မွေ့ သက်တောင့်သက်သာ လျှင်လျှင်မြန်မြန် သွားလာလှုပ်ရှား နိုင်ခဲ့ကြတယ်။ ကောင်းကျိုးချမ်းသာများနှင့် ပြည့်စုံခဲ့ကြတယ်။
လူ့လောကကောင်းကျိုးကို လိုလားကြတဲ့ ပညာရှင်တွေက လူ့လောကကောင်းကျိုးအတွက် စက်ပစ္စည်း အမျိုးမျိုး တီထွင်ကြံဆပြီး လူ့လောကကြီးမှာ သူတို့အတွက် သမိုင်းမှတ်တိုင်တွေ စိုက်ထူထားခဲ့ကြတယ်။ မြန်မာပြည်ဖွား နိုင်ငံသားတို့ကကော သင်တို့မွေး ဖွားရာဒေသမှာ မှတ်မှတ်ရရ ကောင်းကျိုးပြုခဲ့ကြပြီးပြီလား။ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးအတွက် အုဋ္ဌ်တစ်ချပ် သဲတစ်ပွင့်ပဲဖြစ်ဖြစ် မှတ်မှတ်ရရ ကောင်းကျိုးတစ်ခုခု ပြုခဲ့မှသာ သမိုင်းပေးတာဝန်ကျေသူ လူသားဆန်သူ ဖြစ်ပါလိမ့်မယ်။
သင်၏မျိုးသား စာစကားလည်း ကြီးပွားတက်မြင့် ကျန်ကောင်းသင့်၏-တဲ့။ ကိုယ့်ဘာသာစကား ကိုယ့်ယဉ်ကျေးမှုဆိုတာကလည်း တကောင်းခေတ်၊ ပျူခေတ်၊ ပုဂံခေတ်တွေကနေ စပြီး အစဉ်အဆက် ထွန်းကားလာခဲ့တာပါ။ ယခုခေတ်ရောက်မှ အခြားဘာသာစကားတွေကို မသင်ရင်မဖြစ်လို့ သင်ကြားရာကနေ ကိုယ့်ဘာသာစကားကို တန်ဘိုးထားရကောင်းမှန်းမသိတဲ့ အဖြစ်သို့ ရောက်ရှိနေခဲ့ပါပြီ။ အထူးသဖြင့် နိုင်ငံရပ်ခြား တိုင်းတစ်ပါးကိုရောက်နေတဲ့ အချို့မြန်မာများနှင့် သူတို့ကနေ ပေါက်ဖွားလာကြတဲ့ မျိုးဆက်သစ် တွေမှာ မြန်မာစာနဲ့ပတ်သက်လို့ တော်တော်လေးကို အားနည်းလာတာကို တွေ့နေရပါတယ်။ ဒို့တော့ကွာ မြန်မာစကားကို မေ့တေ့တေ့တောင်ဖြစ်နေပြီလို့ ပြောရတာကိုပဲ တစ်လွဲဆံပင်ကောင်း ဂုဏ်ယူ နေကြပါ သေးတယ်။ မြန်မာလူမျိုးဖြစ်ပြီး မြန်မာစကား မြန်မာစာကို ကောင်းကောင်းမပြော တတ်တာကမှ ရှက်စရာကောင်းတာပါ။ ကိုယ်တိုင်ကမှ မြန်မာလိုကောင်းကောင်းမတတ်ရင် ကိုယ့်မျိုးဆက်သစ်တွေကို မြန်မာလို ကောင်းကောင်းရေးတတ် ဖတ်တတ်အောင် ဘယ်လိုသင်မလဲ။ ဒီလိုနဲ့ ဘာသာစကားကော လူမျိုးကောဟာ တိမ်ကောပပျောက်ကုန်တော့ဖို့ပဲ ရှိပါတော့တယ်။ ဆရာ ဇော်ဂျီတို့ဖြစ်စေချင်တဲ့ ကိုယ့်ယဉ်ကျေးမှု ကိုယ်ဘာသာစကား တိုးတက်ထွန်းကားဖို့ မျိုးချစ်လူငယ်တွေကတော့ အစွမ်းကုန်ကြိုးစား နေကြပါတယ်။
သင်ဦးချ၍ အမျှဝေရာ စေတီသာနှင့် သစ္စာအရောင် ဉာဏ်တန်ဆောင်လည်း ပြောင်လျှက်ဝင်းလျှက် ကျန်စေသတည်း-တဲ့။ ဟုတ်တယ် ငါတို့ ဘိုးဘွားဘီဘင်လက်ထက်က ရွာဦးထိပ်မှာ ကျောင်းကန်ဘုရားစေတီ တွေ အစဉ်အဆက် တည်ထားကိုးကွယ်ခဲ့ကြတယ်။ အမှတ်တရ သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူထားတဲ့ နေရာ တိုင်းမှာ စေတီပုထိုး တန်ခိုးကြီးဘုရားတွေ တည်ထားကိုးကွယ်ခဲ့ကြတယ်။ တော တန်းတောင်တန်း မြစ်ကမ်း တစ်လျှောက် မြင်သာတဲ့နေရာတိုင်းမှာ စေတီပုထိုးတော်များဖြင့် နိုင်ငံတော်ကို အလှဆင်ခဲ့ကြတယ်။
အဲဒီလို စေတီပုထိုးတွေ တည်ထားကိုးကွယ်တဲ့အတွက် ငါတို့တိုင်းပြည်နဲ့ ငါတို့လူမျိုးအတွက် ဘာအကျိုးထူးသလဲလို့ မေးစရာရှိပါတယ်။ မြင့်မြတ်တဲ့နေရာတိုင်းမှာ တည်ထားကိုးကွယ်တဲ့ စေတီပုထိုးတွေကို ဘဝအတွက် ရုန်းကန်လှုပ်ရှားသွားလာနေတဲ့ လူသားတွေအတွက် စိတ်ထဲကနေမှန်းဆ ရှိခိုးပူဇော်နိုင်တယ်။ အဲဒီလို ရှိခိုးပူဇော်ခြင်းဖြင့် စိတ်နှလုံးချမ်းမြေ့ပြီး အစစအရာရာ အဆင်ပြေနိုင်တယ်။ ဗုဒ္ဓဘာသာ တိုင်းပြည်ဖြစ်တဲ့အတွက် မြတ်ဗုဒ္ဓ၏ အဆုံးအမ သာသနာတော်နှင့်အညီ တပည့်သား သံဃာတော်တွေက သူတော်ကောင်းတရားထွန်းကားအောင် တပည့်အဆက်ဆက်သို့ သင်ကြားပို့ချပေးခဲ့ကြတယ်။ ဒကာ ဒကာမတွေကို ဟောပြောဆုံး မပြီး လူသားတွေရဲ့ နှလုံးသားထဲသို့ အရောက်ပို့ခဲ့ကြတယ်။
ငါတို့ ဘိုးဘွားဘီဘင်လက်ထက်ကထဲကနေ ယနေ့တိုင်အောင် ငါတို့လူမျိုးတွေဟာ မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ အေးအေးချမ်းချမ်း သာသာယာယာ နေထိုင်လာခဲ့ကြတာပါ။ မိဘဘိုးဘွားတွေကလည်း သားသမီးမြေးမြစ်တွေကို မြတ်ဗုဒ္ဓတရားတော်နှင့်အညီ သွန်သင်ဆုံးမ ဖေးမကူညီခဲ့ကြတယ်။ သားသမီးတွေ အရွယ်ရောက် လူလားမြောက်လို့ အိမ်ထောင်ကျသွားရင်တောင်မှ မိအိုဖအိုတွေက ငါတို့ရင် သွေးငယ်တွေကို ထိန်းကျောင်းပဲ့ပြင် သွန်သင်ဆုံးမ ငယ်စဉ်ကထဲက နှလုံးသားထဲကို သူတော်ကောင်းတရားတွေ ထည့်ပေး ခဲ့ကြတယ်။ ငါတို့ကလည်း ငါတို့ရဲ့ မိဘတွေကို အသက်ထက်ဆုံး ပြုစုစောင့်ရှောက်ခဲ့ကြတယ်။ တစ်ဦးနဲ့ တစ်ဦး ဖေးမကူညီ ချစ်ခင်တွယ်တာ မေတ္တာစမ်းရေ အဆက်မပြတ် တသွင်သွင်စီးဆင်းနေတဲ့ ငါတို့မိသားစု ငါတို့မြို့ရွာ ငါတို့နိုင်ငံဟာ ဘယ်လောက်အေးချမ်းခဲ့သလဲဆိုတာ အားလုံးသိကြမှာပါ။
ငါတို့ဟာ သားရေးသမီးရေး စီးပွားရေးအတွက် နေ့စဉ်နဲ့အမျှ လှုပ်ရှားရုန်းကန်နေရလို့ သံဃာတော်တွေက ငါတို့အတွက် တစ်ဖက်တစ်လမ်းက တရားတော်နှင့်အညီ ကူညီစောင့်ရှောက်ပေးခဲ့ကြတယ်။ ငါတို့ကလည်း ငါတို့ တတ်နိုင်တဲ့ဘက်က သံဃာတော်တွေကို ပစ္စည်းလေးပါးနဲ့ ပံ့ပိုးကူညီလှူဒါန်းသလို သံဃာတော်တွေဘက် ကလည်း ငါတို့စိတ်နှလုံး ငြိမ်းချမ်းသာယာအောင် တရားနည်းလမ်းတွေပေးခဲ့ကြတယ်။ အချိန်ရှိခိုက် လုံ့လစိုက် ပြီး အနှစ်သာရအရှိဆုံး ဝိပဿနာတရား ကြိုးစားအားထုတ်ဖို့ကိုလည်း လမ်းညွှန်တော်မူကြတယ်။ သစ္စာလေး ပါး မြတ်တရားကို ပိုင်းချားထင်ထင် သိမြင်အောင် ငါတို့ကို သွန်သင်ညွှန်ပြ ဆုံးမခဲ့ကြတယ်။
ငါတို့သေသွားခဲ့ရင် ငါတို့ဦးချ၍ အမျှဝေရာ စေတီသာနှင့် သစ္စာအရောင် ဉာဏ်တန်ဆောင်တွေဟာ ရှေးရိုးအစဉ်အလာအတိုင်း ပြောင် လျှက်ဝင်းလျှက် ကျန်ခဲ့ကြမှာလား။ ဒါမှမဟုတ် ရှေးကထက်ပိုပြီး တိုးတက် ထွန်းလင်းတောက်ပနေမှာလား။ သို့တည်းမဟုတ် တစ်ဖြည်းဖြည်းနဲ့ ဆုတ်ယုတ်ပျက်စီးသွားကြမှာလားဆိုတာ ကို သေသေချာချာ စဉ်းစားဝေဖန်သုံးသပ်ကြဖို့ လိုပါလိမ့်မယ်။
ငါတို့ဘိုးဘွားဘီဘင်လက်ထက်ကထဲက အစဉ်အလာကောင်းခဲ့တဲ့ ငါတို့ အမျိုးဘာသာသာသနာနဲ့ ငါတို့တိုင်းပြည်ကြီးကို ငါတို့ရဲ့ မျိုးဆက်သစ်တွေလက်ထဲကို ဝကွက်အပ်ထားခဲ့ရမှာပါ။ ဒီတော့ ငါတို့မျိုးဆက် သစ်တွေဟာ အရာရာတိုင်းမှာ ထူးချွန်ထက်မြက်သော လူတော်လူကောင်းတွေဖြစ်ဖို့၊ ငါတို့တိုင်းပြည်နဲ့လူမျိုး ဘာသာသာသနာကို သစ္စာရှိရှိ ချစ်မြတ်နိုးသူတွေဖြစ်ဖို့ အထူးလိုအပ်ပါတယ်။
အဲဒီလို မျိုးဆက်သစ်တွေ အများကြီး မွေးထုတ်ပေးနိုင်မှသာ ငါတို့ ဘိုးဘွားဘီဘင်လက်ထက် အစဉ်အလာမပျက် တည်ထားကိုးကွယ် ခဲ့ကြတဲ့ စေတီပုထိုးတွေ ကျောင်းကန်ဘုရားတွေဟာ အစဉ်အဆက် တိုးတက်ထွန်းလင်းတောက်ပနေမှာပါ။ ရှေးကထက်ပိုပြီး ဆန်းပြား ခမ်းနားတဲ့ စေတီပုထိုးတွေ ကျောင်းကန် ဘုရားတွေလည်း အများကြီးပေါ်ပေါက် လာဦးမှာပါ။ ငါတို့ နိုင်ငံကြီးကိုလည်း ဗုဒ္ဓတရားတော်နှင့်အညီ ချမ်းမြေ့သာယာ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်နေကြမှာပါ။
အဲဒီလို သားစဉ်မြေးဆက် လက်ဆင့်ကမ်းနည်းစနစ်ဖြင့် တစ်ခေတ်ထက်တစ်ခေတ် ပို၍ပို၍ တိုးတက်ကောင်းမွန်လာသော စေတီပုထိုး တိုင်းပြည်နဲ့လူမျိုးတွေ ဖြစ်လာအောင် ငါတို့အားလုံးက ဝိုင်းဝန်းကြိုးစားကြပါစို့-ဟု တိုက်တွန်းရင်း…။
အရှင်ဇ၀န (ကုန်းဇောင်း)
ဧပြီ ၂၈၊ ၂၀၁၃