အမေ့အိမ်(သီရီဂေဟာ)
လောကထဲရှိ လူသားတိုင်း အမေရှိကြသလို ကျက်သရေ မင်္ဂလာအပေါင်း ခညောင်းသော သီရိဂေဟာခေါ်
အမေ့အိမ်လည်း ရှိကြသည်သည်သာ။ ကြိုးစားမှုအလီလီ၊ တိုးတတ်မှုအထွေထွေ၊ ပြောင်းလဲမှုအဖုံဖုံတို့ကြောင့်
အမေ့အိမ်နှင့် ဝေးကွာနေကြရပေမဲ့ လူတိုင်း၏ နှလုံးသားမှာ မမေ့နိုင်စရာ၊ အမြဲတမ်း သတိရစရာ
နေရာအဖြစ် အမေ့အိမ်က ထာဝရ တည်ရှိနေသည်သာတည်း။
ဘ၀ပေး အခြေအနေကြောင့် နိုင်ငံရပ်ခြား တိုင်းတစ်ပါးသို့ ရောက်နေသူဖြစ်သော်လည်း မိမိနှလုံးသားဝယ် နေရာယူနှင့်သော အမေ့အိမ်ကား ဘယ်သောအခါမျှ ပျောက်ပျယ် မသွားခဲ့ပေ။ ခေတ်မှီပါသည်ဆိုသော နေရာ၊ တိုက်တာ၊ အသုံးအဆောင်များနှင့် အသုံးအဆောင် ပစ္စည်းများကို သုံးဆောင် ခံစားနေရစေဦးတော့ အမေ့အိမ်၏ ရိုးရှင်းမှု နွေးထွေးမှု သာယာချမ်းမြေ့မှု ဟန်ဆောင်ခြင်းကင်းမှုကိုကား တုပနိုင်ဦးမည် မဟုတ်ပါပေ။ အကောင်းဆုံးဆိုသော ဟိုတယ်မှ စားသောက်ဖွယ်ရာများ စားသောက်နေရသော်လည်း အမေ့အိမ်၏ ပဲဟင်း ချဉ်ပေါင်းဟင်းနှင့် အညာငါးပိထောင်းတို့ကို တမ်းတနေမိမြဲပင်။ ခေတ်မီလှသည့် ကားကောင်းကြီးများ၊ လေယာဉ်များနှင့် အမြန်ဆုံးဆိုသော ကျည်ဆန်ရထားတို့်ကို စီးနေရစဉ်သော်မှလည်း ငယ်စဉ်တောင်ကျေး ကလေးဘ၀က အမေ့လက်ကိုတွဲကာ ခုန်ပေါက် ပြေးလွှား ဆော့ကစား ခဲ့သော ရွာလမ်းကလေးသည်သာ မိမိနှလုံးသားဝယ် ထာဝရ နေရာယူဆဲပါတည်း။
အမေ့အိမ်သည် ထန်းရွက်မိုး ၀ါးထရံကာထားကာ ခေတ်မှီ အသုံးဆောင် ပစ္စည်းဆို၍ ဘာတစ်ခုမျှ မရှိသည့် သာမန်အိမ်ကလေးမျှသာ ဖြစ်သော်လည်း သား သမီးများအတွက်မူ ထိုအိမ်သည် ဘုရင့်နန်းတော်အလား ခမ်းနားထည်ဝါလှပါ၏။ အမေ့အိမ်တွင် ရာသီဥတုကို အန်တုရန် ပန်ကာ၊ အဲယားကွန်း တစ်ခုမျှ မရှိပါပေ။ သို့သော် ထိုအိမ်တွင် နေခဲ့ရစဉ်က ပူသည်ဟု တစ်ခါမျှပင် မထင်ခဲ့ပေ။ အပြင်မှ အလုပ်အကိုင်လုပ်၍ ဖြစ်စေ၊ ကျောင်းတတ်ရာမှဖြစ်စေ၊ ပြန်လာစဉ် အိမ်ရောက်သည်နှင့် အမေ့မေတ္တာရိပ်၊ အမေ့အကြင်နာ အပြုံးမျက်နှာကြောင့် အေးမြသွားမြဲပင်။ ပင်ပန်းမှုများ ပြေပျောက်သွားမြဲပင်တည်း။
လူတိုင်းအိမ် ရှိကြသည်သာ။ သို့သော် ထိုအိမ်တိုင်းသည် ဘ၀မှာ မမေ့နိုင်စရာ သီရိဂေဟာ အိမ်မျိုးတော့ ဖြစ်နိုင်မည် မဟုတ်ပေ။ အမေရှိသော အိမ်သည်သာ သားသမီးများအတွက် မမေ့နိုင်စရာ သီရိဂေဟာ ဖြစ်နိုင်သည်သာ။ အိမ်သက်သက်သည် သာမန်အိမ်မျှသာ ဖြစ်၏။ ထိုသာမန်ဖြစ်သော အိမ်တွင် အမေ၏ မေတ္တာ ကရုနာ မုဒိတာ ဥပေက္ခာ ဂုဏ်တို့ဖြင့် ပေါင်းစပ်လိုက်သော အခါတွင်မှသာ အိမ်၏ဂုဏ်သည် ထက်မြတ် တိုးတတ်လာကာ သီရိဂေဟာ အမည်ရလာခြင်း ဖြစ်ပါသည်။ အမေ၏ အနှိုင်းမဲ့ ဂုဏ်အရည်အချင်းများက ထိုအိမ်ထဲမှာ ရှိနေသောကြောင့်သာ မူလက သာမန်အိမ်ကလေးသည် သာယာ ပျော်ရွှင်ဖွယ်ရာ ဖြစ်နေရခြင်းပါ။ ထို့ကြောင့် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံလာ၍သာ သီရီဂေဟာဟု ခေါ်တွင်ကြခြင်း ဖြစ်ပါသည်။ အကယ်၍ ထိုအိမ်တွင် အမေအဖေတို့ မရှိကြတော့သောအခါတွင်မူ မိဘတို့၏ အနှိုင်းမဲ့ မေတ္တာရိပ်များ၊ ကရုဏာ အကြင်နာ အငွေ့အသက်များ၊ မုဒိတာ ပျော်ရွှင် ချမ်းမြေ့ဖွယ်ရာများ ဆိတ်သုန်း ပျောက်ကွယ်သွားကြပေလိမ့်မည်။ ထိုရောအခါ ထိုအိမ်သည်လည်း သီရိဂေဟာ အမည်ရတော့မည် မဟုတ်ပါပေ။
အိမ်ကို ပါဠိလို ‘ဂေဟ’ ခေါ်၍ ချစ်ခြင်း မေတ္တာ ကာမဂုဏ် အာရုံတို့၏ တည်ရာ၊ နေထိုင်နားခိုရာ နေရာဟု ဆိုလို၏။ ‘ဂေဟဿိတပေမ’ ဟူသည် ထိုအိမ်တွင် နေထိုင်သူ ဇနီး ခင်ပွန်းတို့သည် အချင်းချင် ၁၅၀၀ အချစ် မေတ္တာတို့ဖြင့် ရစ်ပတ် နှောင်ဖွဲ့ထားခြင်းပင်တည်း။ အိမ်ထောင်ဟူသည် ဇနီး ခင်ပွန်းတို့ လင်မယား နှစ်ဦး အချင်းချင်း ၁၅၀၀ အချစ် မေတ္တာတို့ဖြင့် အထပ်ထပ် ရစ်ပတ် ချည်နှောင်ထားကာ ရုန်းထွက်ရန် မလွယ်ကူလောက်အောင် ပိတ်လှောင် ကာဆီးထားသော နေရာဟု ဆိုလိုပါသည်။
အိမ်ဟူသည် အမိုး အကာရှိရုံနှင့် အိမ်ဟု သတ်မှတ်နိုင်မည် မဟုတ်ပေ။ သည်အိမ်ထဲသို့ ၀င်လိုက်လျှင် အေးမြမှု နွေးမှုတို့ ရှိပါမှ့ အိမ်အမည်နှင့် လိုက်ဖက်ပေလိမ့်မည်။ တစ်ချို့အိမ်တွင် ‘သီရိဂေဟာ’ ဟူသော ဆိုင်းဘုတ်လေး ချိတ်ဆွဲထားကြ၏။ ထိုသို့ ဆိုင်းဘုတ် ချိတ်ဆွဲထားရုံနှင့် တကယ် ကျက်သရေရှိ၍ အေးချမ်းသော့ အိမ်ဖြစ်ရော့လားဟု မေးလျှင် မသေချာဟုသာ ဖြေဆိုရပေမည်။ တချို့အိမ်သည် သီရိဂေဟာဟူသော ဆိုင်းဘုတ် ချိတ်ဆွဲ မထားသော်လည်း တကယ် ကျက်သရေရှိနေကြ၏။ တချို့အိမ်သည် သီရိဂေဟာဟူသော ဆိုင်းဘုတ် ချိတ်ဆွဲထားသော်လည်း အမှန် တကယ် ကျက်သရေမရှိ ငြိမ်းချမ်းမှုနှင့် တူတာဆို၍ တစ်စုံတစ်ခုမျှ ရှာမရချေ။ အမှန်တကယ် နွေးထွေး ငြိမ်းချမ်းမှု ဆိုသည် အပြင်ပန်း ဆိုင်းဘုတ်လေး ချိတ်ဆွဲထားရုံမျှနှင့် အလိုလိုဖြစ်ပေါ်လာသည် မဟုတ်ပေ။
တစ်ချို့သော အိမ်သည်ကား ခမ်းနားထည်ဝါစွာ တည်ဆောက်ထား၏။ နေချင်စဖွယ် တန်ဖိုးကြီး အသုံးအဆောင် ပစ္စည်းအမျိုးမျိုးတို့ဖြင့် တန်ဆာဆင်ထားကြ၏။ ပန်းအမျိုးမျိုးတို့ဖြင့် ဥယျာဉ်သဖွယ် မွမ်းမံထားကြ၏။ ထိုသို့ အမျိုးမျိုးအဖုံဖုံ တန်ဆာဆင်ရုံမျှဖြင့်လည်း အမှန်တကယ် နွေးထွေး ငြိမ်းချမ်းမှုများ အလိုလိုဖြစ်ပေါ်လာမည် မဟုတ်ပေ။ ဆိုလိုသည်မှ တကယ်နွေးထွေး ငြိမ်းချမ်းမှုဟူသည်မှာ အပြင်ပန်းနှင့်မဆိုင် အတွင်းစိတ်ခံစားမှု မေတ္တာ အကြင်နာ ကရုဏာ တရားတို့နှင့် သက်ဆိုင်ပေသည်။

တစ်ခါတစ်ရံ သူတစ်ပါးအိမ်တွင် ထမင်းဖိတ်ကျွေး၍ သွားစားသောအခါတွင် “ကိုယ့်အိမ်လို
သဘောထားစားနော်” ဆိုသောစကား ပြောကြားသည်ကို ကြားဖူးကြပေလိမ့်မည်။ ထိုစကား၏ အဓိပ္ပါယ်သည်
ကိုယ်အိမ်မှာ စားသလို လွတ်လွတ် လပ်လပ်စားပါ၊ အားနာစရာ မလို၊ ငါအစားများလို့ သူက တစ်မျိုးမြင်မလား၊
သူက တစ်မျိုးထင်မလား စသည်စသည် သို့လော သို့လော ငဲ့ကွက်စရာမလို ထည့်တွက်စရာ မလိုဟု ဆိုလိုပါသည်။ ထိုသို့ အဘယ်ကြောင့် စဉ်းစားကြ၊ ထင်ကြသနည်း။ မိမိအိမ် မိသားစုတွင်
ဟန်ဆောင်စရာမလို၊ ရင်ထဲ ရှိသည့်အတိုင်း၊ စိတ်ထဲရှိသည့်အတိုင် ပြောကြ၏။ ဒေါသဖြစ်လျှင်လည်း
ဒေါသဖြင့်ပင် အော်ကြ ဟစ်ကြ၏။ မေတ္တာဖြစ်လျှင်လည်း ရီကြ မောကြ ပျော်ရွှင်ကြမြဲပင်။
အပြင်တွင်မူ လူတိုင်းသည် ရင်ထဲ စိတ်ထဲတွင် ဒေါသဖြစ်လျှင်သော်မှ ဟန်ဆောင်ကာ ပြုံးချိုစွာ နှုတ်ဆက်လေ့ ရှိကြပါ၏။ “လာလည်တာ ၀မ်းသာစွာ ကြိုဆိုပါ၏” ဆိုသော်လည်း စိတ်ထဲကမူ လက်မခံလိုကြပေ။ စသည်စသည် လူမှုပတ်ဝန်းကျင်သည် ဟန်ဆောင်မှုတွေနဲ့သာ ဖုံးလွှမ်းနေကြ၏။ ဤသည်ကိုပင် လောက ယဉ်ကျေးမှုဟု ဆိုကြ၏။ အကယ်၍ သင်သည် ထိုသို့သော ယဉ်ကျေးမှုကို မလိုက်နာလို ရင်ထဲ စိတ်ထဲရှိတိုင်း ပြောမည် ဆိုပါကလည်း လောက ယဉ်ကျေးမှုကို နားမလည်သော လူ့ခွစာဟု သမုတ်ကြပေလိမ့်မည်။
သို့သော်လည်း ထိုသို့ ဟန်ဆောင်မှုတွေနဲ့သာ ဖုံးလွှမ်းနေကြသော ဤလောကကြီးတွင် ဟန်ဆောင်မှုကင်းရာ နေရာတစ်ခု အမှန်တကယ် ရှိနေပါ၏။ ထိုနေရာကား အခြားမဟုတ်၊ အမေ့အိမ်ပင် ဖြစ်ပါသည်။ မှန်ပါသည်။ ဟန်ဆောင်မှုတို့ဖြင့် မွှမ်းထုံ ချယ်သထားသော လောကယဉ်ကျေးမှုထဲ ကျင်လည်နေကြသော သားသမီးတိုင်းသည် အမေ့အိမ်သို့ ပြန်ရောက်လျှင် ဟန်ဆောင်မှုတို့ ကွာကျမြဲ။ ပကတိ ကလေးအသွင် ဖြူစင်နေမြဲ။ ရိုးသား စင်ကြယ်နေမြဲပင်တည်း။ ထိုသို့ အဘယ့်ကြောင့် ပြောင်းလဲသွားကြသနည်းဟူမူ အမေ့အိမ်ဟူသော မေတ္တာအရိပ်အောက်သို့ ခိုလှုံဝင်ရောက်ရခြင်း၏ အကျိုးကျေးဇူးကြောင့်ပင် ဖြစ်ပါသည်။
လူအမျိုးမျိုး နိုင်ငံ အထွေထွေ ရှိလေသည့်အတွက် အိမ်၏ အနက်အဓိပ္ပါယ်သည်လည်း အမျိုးမျိုး အဖုံဖုံ ကွဲပြားနိုင်ပါ၏။ ဆိုလိုချက် မတူနိုင်သလို၊ နားလည် သဘောပေါက်မှုလည်း ခြားနားစွာ ရှိနိုင်သည်သာ။ သို့သော် ထိုအိမ်သည် သားသမီးတိုင်းအတွက် နွေးထွေးမှု၊ ကြင်နာမှု၊ အချစ် မေတ္တာ၊ အကြင်နာ၊ စေတနာတို့ဖြင့် ပြည့်နှက်နေသော မိဘတို့၏ အရိပ် အာဝါသလေးကိုပင် အိမ်ဟု ခေါ်တွင်ရပေမည်။ စိန် ရွှေ ငွေ စသော တန်းဖိုးကြီး ရတနာပစ္စည်းများနှင့် ဂုဏ်ပကာသန၊ အတ္တ မာန ဟန်ဆောင်မှုတို့မှ လွတ်ကင်းနေသော နေရာလေးတစ်ခုပင် ဖြစ်ပါသည်။.ဤသို့သော သဘော အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်တွင်မူ ကန့်ကွက်မည့်သူ မရှိ၊ အားလုံး သဘောတူ လက်ခံကြပေလိမ့်မည်။
ဘုရားရှင်ကိုယ်တော်တိုင် မိဘမေတ္တာ၏ အေးမြပုံကို အရိပ်နှင့် ခိုင်းနှိုင်းကာ ဟောကြားတော်မူခဲ့၏။ သစ်ပင်၏ အရိပ်သည် ခရီးပန်လာသူ ခရီးသွားတို့အတွက် အေးမြစေ၏။ ချွေးတိတ်စေ၏။ အပူဒဏ်မှ ကာကွယ်ပေး၏။ စိတ်ပင်ပန်းခြင်း၊ ကိုယ်ပင်ပန်းခြင်းကို ငြိမ်းပျောက်စေ၍ အေးချမ်းသာယာစေ၏။ ထိုသစ်ပင်ရိပ်ထက် ဆွေမျိုးတို့၏ အရိပ်သည် ပို၍ အေးမြ၏။ ဘေးအန္တရာယ်အပေါင်းမှ ကာကွယ်ပေး၏။ စိတ်၏ အေးချမ်းခြင်း၊ ကိုယ်၏ အေးချမ်းခြင်းကို ဖြစ်စေ၏။
ထိုဆွေမျိုးတို့၏ အရိပ်ထက် မိဘတို့၏ အရိပ်သည် ပို၍ အေးမြ၏။ ဘေးအန္တရာယ်အပေါင်းမှ ကာကွယ်ပေး၏။ စိတ်ပင်ပန်းခြင်း၊ ကိုယ်ပင်ပန်းခြင်းကို ငြိမ်းပျောက်စေ၍ အေးချမ်းသာယာစေ၏။ မိဘအရိပ်ထက် သာလွန်သော အေးရိပ်သာကို ဤကမ္ဘာပေါ်ဝယ် လှည့်ပတ်ကာ ရှာသော်လည်း ဘယ်သောအခါမျှ တွေ့နိုင်မည် မဟုတ်ပါပေ။ ဘုရားရှင်က မိဘတို့၏ မေတ္တာရိပ်သည် လွန်စွာအေးမြကြောင်း ကိုယ်တိုင် သိရှိသလို လောကထဲရှိ သားသမီးတိုင်းကိုလည်း တကယ် နားလည်စေလိုရင်း ဖြစ်ပါသည်။ (ဗုဒ္ဓ၀င်-၅၊ ၃၈။ ဓမ္မပဒ။)
တစ်ချို့သော သားသမီးတို့သည် မိဘနှင့် အတူနေစဉ်က မိဘမေတ္တာတို့၏ လွန်စွာ အေးမြပုံကို တကယ် နားမလည်ကြ၊ မသိရှိခဲ့ကြပေ။ သို့သော် ထိုသားသမီးတို့သည် သူတို့ကိုယ်တိုင် သားသမီးများ ရရှိကာ မိဘနေရာကို ကိုယ်တိုင် ရောက်ရှိလာသောအခါတွင်မူ မိဘမေတ္တာတို့၏ လွန်စွာ အေးမြပုံကို တကယ် နားလည်ခဲ့ကြပေပြီ။ သို့သော် ထိုသို့ နားလည်လာချိန်တွင် မိဘတို့သည် လူ့လောကတွင် မရှိကြတော့ပေ။ အလာကောင်းပေမယ့် အခါနှောင်းခဲ့လေပြီတည်း။
မိဘများ ရှိစဉ်က လူအများ ၀င်ထွက် သွားလာနေကြ၍ အမြဲ စည်ကားနေသော အမေ့အိမ်သည် အမေအဖေတို့ မရှိကြသောအခါ ပကတ တတ်ဆိတ်လျက် လူသူမနေသော အိမ်နှယ်သာတည်း။ မိဘများရှိစဉ်က ချောင်းပေါက်မတတ် ခြေရာချင်း ထပ်နေခဲ့သော အမေ့အိမ်သွား လမ်းကလေးသည်လည်း မိဘများ မရှိကြသောအခါတွင်မူ သွားမည့်သူ မရှိတော့၍ တောဖြစ်နေကာ လမ်းပင် ပျောက်နေတော့သည်။
ဤသို့သော လောကထုံးစံ လောကဓံတရားကို သဘောပေါက် နားလည်ကာ မိဘများ လျှောက်ခဲ့သည့် ကောင်းသောလမ်းကို ဆက်လျှောက်၊ မိဘတို့ မျှော်လင့်ခဲ့သည့်လမ်းကို ဆက်ဖောက်ကာ မိမိတို့သည်လည်း တစ်ချိန်တွင် မိဘနေရာကို အစားဝင်ကာ နေရာ ယူကြရဦးမည်သာတည်း။ ထိုအချိန်သို့ ရောက်လျှင် မိမိတို့၏ အိမ်သည်လည်း သား သမီးတို့နှင့် ပွါးစီးလျက် သီရိဂေဟာနှယ် ငြိမ်းချမ်း ပျော်ရွှင်စွာ ဆက်လက် စည်ကားနေဦးမည်မှာ မြေကြီးလက်ခတ် မလွှဲပင်တည်း။
အချို့သော သား သမီးတို့သည် ငယ်စဉ်က အမေ့အိမ်၏ အနှစ်သာရကို မသိ နားမလည်ကြ၍ အမေ့အိမ်မှ ထွက်ပြေးကာ အပြင်လောကတွင် ကိုယ်ထူကိုယ်ထ နေထိုင်ချင်ကြ၏။ တကယ့်တကယ် အရွယ်ရောက်ကာ အပြင်လောကတွင့် အလုပ်လုပ်ရင်း ကိုယ်ထူကိုယ်ထဖြင့် နေထိုင်ကြရပြီ ဆိုသောအခါတွင်မူ အမေ့အိမ်ကို ပြန်လည်သတိရမြဲ။ တမ်းတနေမြဲသာတည်း။
အဘယ့်ကြောင့် နည်းဟူမူ။ မိဘများက လိမ္မာစေချင်၍ ဆုံးမသည်ကို မိမိတို့ ငယ်စဉ်က ချုပ်ချယ်သည်ဟု ထင်မှတ်ခဲ့၏။ ဓာတ်မတည့်သော အစားအစာကို မစားဖို့ တားမြစ်သောအခါ နှမြောသည်ဟု အမြင်လွဲပြန်၏။ အသုံးနှင့် အဖြုန်းကို သိအောင် သင်ပြသည်ကို ကပ်စေးနှဲသညဟု တစ်မျိုး၊် လက်ပေါကပ်သညဟု တစ်သွယ် သမုတ်လွယ်ကြပြန်၏။ စသည် စသည် သား သမီးတိုင်းမှာ ထောက်ပြစရာ ဥပမာအဖုံဖုံ သာဓကမျိုးစုံ ရှိနေနိုင်၏။ သို့သော်လည်း ထိုအရာများသည် ကိုယ်တိုင် အရွယ်ရောက်လာသောအခါ ရေမှာ အရုပ်ရေးသည့်နှယ် သာတည်း။ မခိုင်မာသော အကြောင်းပြချက် ဆင်ခြေများသာတည်း။ တစ်လွဲ ဆံပင်ကောင်းနေခြင်းသာတည်း။
အမေနှင့် အတူနေစဉ်က အမေနှင့် အမေ့အိမ်၏ အရေးပါပုံ၊ နွေးထွေး လုံခြုံ ငြိမ်းချမ်းပုံကို သား သမီးတိုင်း နားမလည်ခဲ့ကြပေ။ အနေဝေးသောအခါတွင်မူ အမေ့အိမ်၏ ပြည့်စုံသာယာမှုတို့သည် တရေးရေး ထင်မြင်လာမြဲ၊ သတိရလာမြဲ်၊ တောင့်တလာမြဲပင်တည်း။ ထိုအချိန်တွင်မူ အမေအဖေတို့သည် လူ့လောကတွင် ရှိကြတော့မည် မဟုတ်ပေ။ အလာကောင်းချင်ပေမဲ့ အခါနှောင်ခဲ့လေပြီတည်း။ နောင်တဟူသည် အခါနှောင်းမှ ရတတ်မှန်း တန်းဖိုးကြီးကြီး၊ ဘ၀နှင့်ရင်းကာ ပေးဆပ်ပြီးမှသာ အသိတရား ရခဲ့ခြင်းပါတကား။
သား သမီးတိုင်းသည် အရွယ်ရောက်ကာ ဘွဲ့ဒီဂရီတွေရ၊ လုပ်ငန်းကိုယ်စီ လုပ်ကိုင်လျက် လောကဓံ ရေစီးဝယ် လှိုင်းလေဒဏ်ကို အလံမလှဲ အားခဲကြိုးစားကာ နေရာတိုင်းမှာ လူကြီးလူကောင်း နေရာယူလျက် ပတ်ဝန်းကျင့် တန်းတူ ရင်ဘောင်တန်းပြီး ကြိုးစားနေကြပါသော်လည်း အလုပ်အားရက် အမေ့အိမ်သို့ ပြန်လည် ရောက်ရှိလာကြချိန်တွင်မူ တကယ့် ပိဘီ ကလေးများနှယ် ပြန်ဖြစ် သွားတတ်မြဲပင်။
အပြင်မှာ သို့မဟုတ် အလုပ်ထဲမှာ အဆင်မပြေမှု၊ အခက်အခဲ တစ်ခုခု ကြုံလာလျှင်သော်မှ အိမ်ပြန်ရောက်၍ အမေ့ကို ရင်ဖွင့်ပြလိုက်လျှင် ဝေဒနာ တစ်ဝက် သက်သာမြဲ။ အမေရဲ့ လမ်းညွှန်မှု၊ အားပေးနှစ်သိမ့်မှု တစ်ုခု ကြားလိုက်ရလျှင်မူ အဆိုပါ ခံစားချက် ဝေဒနာများသည် ပိန်းကြာဖက်တွင် ရေမတင်သလို ကင်းစင် လွင့်ပျောက်မြဲပင်။ ရင်မှာ ပူပြင်းလှစွာ တောက်လောင်နေသော မီးကို ရေအေးနှင့် လောင်းကာ ငြိမ်းလိုက်သည့်နှယ် အပူကင်းကာ ငြိမ်းအေးရမြဲပင်။ ဤသည်ပင် မိဘများ၏ ချစ်ခြင်း မေတ္တာတို့ဖြင့် အရာရာတိုင်းကို ကျော်လွှားနိုင်ခြင်းပင် မဟုတ်ပါလား။
အပြင်မှာ တွေ့သည့် လူတိုင်းကို စိတ်ပါလက်ပါ ပြုံးပြ နှုတ်ဆတ်၊ တစ်ခါတစ်ခါ စိတ်မပါလည်း ပြုံးပြ နှုတ်ဆက်နေရပြီး၊ သံတမန် ဆက်ဆံရေးလို့ အမည်တပ်ရမည့် လောကထုံးစံကြား နေ့စဉ်ကျင်လည်နေရ၏။ ကြာလာတော့ စိတ်တွေကလည်း နွမ်းလျ၊ အရာရာ သူတစ်ပါးထက် ပိုကြိုးစားနိုင်မှ တန်ကာကျတဲ့ ယနေ့ခေတ်ရဲ့ စီးပွါးရေး ရေစီးကြောင်းမှာ မျောပါရင်း ခန္ဓာကိုယ်လည်း ပင်ပန်းလှပေါ့။ သည်သို့သည်နှယ် ပင်ပန်းလာခဲ့ရသမျှတို့သည် အမေ့အိမ်ခြံဝင်းဝမှာ အမေ့မျက်နှာကို မြင်လိုက်ရသည်နှင့် အဆိုပါ စိတ်ညစ်စရာများက ခွာချခဲ့တဲ့ အရေခွံလို ဟိုတစ်စဒီတစ်စ အိမ်အပြင်မှာ ကျန်ခဲ့ရမြဲလေ...။
မိသားစုရဲ့ လွတ်လပ်စွာ အော်ဟစ် ရီသံလေးတွေ၊ စနောက်သံတွေ၊ တခါတခါ ကရုဏာ ဒေါသောဖြင့် အော်ဟစ် ဆူပူတတ်၊ ဆုံးမတတ်သည့် မေမေ့အသံတွေ၊ လောကကြီးအကြောင်း၊ လူတွေအကြောင်း၊ ဘဝအကြောင်း၊ စသည်စသည် ဖြစ်ကြောင်းစုံစွာ ဘ၀သင်ခန်းစာများကို ကိုယ်တွေ့ ဖြစ်စဉ်နှင့် သာဓကပြကာ သင်ခန်းစာပေး ဆုံးမတတ်သည့် အဖေ့အသံတွေ။ အပြင်မှာ ဟန်ဆောင် ဆက်ဆံရသမျှ အိမ်ရောက်မှ အတိုးချလျက် မောင်နှစ်မ တစ်တေ အချင်းချင်ွး ရင်ထဲရှိသလို အော်ကြ ဟစ်ကြ၊ ငြင်းခုန်ကြ၊ အတွေ့ကြုံဖလှယ်ကြ။ တစ်ခါတစ်ခါ ရန်ဖြစ်လိုက်ကြ၊ ပြန်ချစ်လိုက်ကြနှင့် အမေ့အိမ်ရဲ့ သာယာ ကြည်နူးဖွယ်ရာ အသံမျိုးစုံသည် မည်သို့သောအရာနှင့်မျှ မလဲနိုင်သလို၊ ဘယ်သောအခါမှလည်း မမေ့နိုင်သည့် အမေ့အိမ်၏ အေးချမ်း နွေးထွေးလှသော ကာရန်မဲ့သည့် သီချင်းသံသာတွေပါပဲလေ။
မိဘများကလည်း သား သမီးများ အရွယ်ရောက်၍ အိမ်ထောင် ရက်သားကျကာ မြေးများပင် ရရှိနေကြပြီး ဖြစ်သော်လည်း သူတို့စိတ်ထဲတွင် တကယ် အရွယ်မရောက်သေးသော ပီဘီ ကလေးနှယ် အမြဲထင်နေဆဲသာ။ မိဘများက သား သမီးတိုင်းကို အမြဲတမ်း ကလေးလိုမြင်၊ ကလေးလို ဆက်ဆံနေ၍လား မသိ။ သား သမီးတိုင်းကလည်း မိဘနှင့် တွေ့လျှင် အလိုလို ကလေး ပြန်ဖြစ်သွားမြဲပင်။ ဒါသည်လည်း လောကတွင် ဖြစ်ရိုး ဖြစ်စဉ် နိယာမ တစ်ခုနှယ်ပင်တည်း။
”မိဘ(၂)ဦးက သား သမီး(၁၀)ယောက်ကို ကျွေးမွေးနိုင်၏။ သား သမီး (၁၀)ယောက်က မိဘ(၂)ပါးကို ပြန်လည် မကျွေးမွေးနိုင်ကြ” ဟု လောကထဲတွင် ဆိုရိုးစကားတစ်ခုအလား ထင်မှတ်မှားရလောက်အောင် တွင်ကျယ်စွာ ကြားနေရ၏။ မိဘ(၂)ပါးက မည်သို့သော အခက်အခဲ အကျပ်အတည်း တွေ့ကြုံပါစေ ဒူးမထောက် လက်မမြောက်ဘဲ လောကဓံကို ကြံ့ကြံ့ခံကာ သား သမီးများကို မတောင့်မတ မကြောင့်ကြရအောင် ကျွေးမွေး ပြုစု စောင့်ရှောက်နိုင်ခဲ့ကြ၏။ ထိုသား သမီးမျာ အရွယ်ရောက်လာကြသောအခါ ကိုယ်စီကိုယ်စီ အိမ်ထောင် အသီးသီးကျကာ သား သမီးများ ကိုယ်စီ ရရှိလာကြသောအခါတွင်မူ မိအိုဖအိုတို့ကို သတိမရကြ၊ မ ဘက်လို၍ မိုက်ဘက်ပါသည်လား။ တစ်စိမ်းဖက်တော့ မကျက်တော့သည်လား မသိတော့။ မိဘတို့ကို မလုပ်ကျွေးချင် မပြုစုချင်ကြတော့ပေ။ သူကျွေးနိုး ငါကျွေးနိုး၊ သူ့အလှည့်လိုလို ငါ့အလှည့်လိုလိုနှင့်သာ မိဘများမှာ သား သမီးများ ရှိကြသော်လည်း လောကထဲဝယ် မျက်နှာငယ်နှင့်သာ မျှော်လင့်ချက်မဲ့စွာ ဆက်လက် ရှင်သန်နေရရှာသည်။
လူလောကထဲဝယ် ထိုသို့သော သား သမီးများသည် အများစု ဖြစ်နေကြ၍သာ အထက်ပါ ဆိုရိုးစကား ပေါ်ထွန်းလာရခြင်းပေတည်း။ သား သမီးတိုင်း နောင်မှ နောင်တ မရစေချင်ပေ။ မိဘများ အသက်ထင်ရှား ရှိနေစဉ်ကပင် မိဘကျေးဇူးကြွေး မိမိတတ်နိုင်သမျှ ပြန်လည် ပေးဆပ်ရမည်သာတည်း။ မိမိကိုယယ်တိုင်က သားကောင်း သမီးကောင်း ပီသမှသာလျှင် မိဘကောင်း ဖြစ်လာပေမည်။ မိမိအလှည့်ကျစဉ်က မိဘကျေးဇူးတရားကို မသိ နားမလည် မပေးဆပ်ခဲ့ပါလျှင် ထိုသို့သော မိဘကျေးဇူး မသိနားမလည်သူကို လောက၏ ဒဏ်ခတ်ခြင်းကို ဧကန်ခံကြရပေလိမ့်မည်။ ထိုသို့သော မိဘကျေးဇူး မသိနားမလည်သူကို သူ၏ သား သမီးတို့သည်လည်း သူလုပ်သလို လိုက်လုပ်ကာ သူဖောက်ခဲ့သောလမ်းအတိုင်းသာ လိုက်ပါ လျှောက်လှမ်းကြမည်သာတည်း။ ကိုယ်ပြုသောဒဏ် ကိုယ်ပြန်ခံရသည်မှာ ထုံးတမ်းစဉ်လာ လောကဓမ္မတာပင်တည်း။
သာသနာဝင်ကို ကြည့်ကြပါ။ ဘုရားရှင်လက်ထက်က ရာဇဂြိဟ်ပြည့်ရှင် အဖေဘုရင်ကိုသတ်ကာ နန်းတတ်လာခဲ့သော အဇာတသတ်မင်း၏ လျှောက်ခဲ့သောလမ်းကို လမ်းမှန်အလား အထင်မှားကာ သားတော် အဆက်ဆက် အဖေတိုင်းကိုသတ် နန်းတတ်ခဲ့ကြတာ နန်းစဉ်(၇)ဆက် တိုင်အောင်ပါပဲလေ။ (၇)ဆက်မြောက် ရောက်သောအခါ အဖေသတ်သော မင်းမျိုးစဉ်ဆက်ကို ငါတို့အလိုမရှိ ဟုဆိုကာ ပြည်သူအများက ညီညီညာညာနှင့်ဖြုတ်ချခဲ့လို့ အဇာတသတ်ကစခဲ့တဲ့ အဖေသတ်ဇာတ်လမ်း ဤမျှနှင့်ဇာတ်သိမ်းခဲ့ရတာ အများတကာလည်းအသိ စာပေမှာလည်း အထင်အရှားရှိခဲ့တာပါလေ။
သားသမီးတိုင်းအတွက် အမေ့မေတ္တာ၏ အရေးပါမှုသည် ဆုံးစမထင်သလို အမေ့အိမ်၏ လွှမ်းမိုးနိုင်မှုကလည်း နှိုင်းဆဖွယ် မမြင်ပါပေ။
“ဗဟုပကာရာ ဘိက္ခဝေ မာတာပိတရော ပုတ္တာနံ”
မိဘတို့၏မေတ္တာနှင့် ဂုဏ်ကျေးဇူးတို့သည် လွန်စွာများပြားသောကြောင့် ထုတ်ဖော်ချီးကြူးရလျှင် ကုန်နိုင်ဖွယ်မမြင်။ ဘုရားရှင်ကိုယ်တော်တိုင် တစ်ခြားသော တရားတို့ကို မဟောကြားပဲ မိဘတို့၏ မေတ္တာနှင့် ဂုဏ်ကျေးဇူးသက်သက်ကိုသာ ဟောကြားလျှင်သော်မှ ဘုရားရှင်၏ အသက်တမ်းသာ ကုန်သွားရာ၏။ မိဘတို့၏ မေတ္တာနှင့် ဂုဏ်ကျေးဇူးတို့ကား ဟောကြား၍ မကုန်နိုင်ပေ။
တစ်ကမ္ဘာလျှင်၊ မဟာဗြဟ္မေ၊ လျှာကုဋေဖြင့်၊
ဆန်းနေဂိုဏ်းညီ၊ ဂါထာစီ၍၊ ချီးကြူးမြွတ်ဖော်၊
ဆိုလှည့်သော်လည်း၊ နှစ်ဖော်မိဘ၊ ဂုဏကဲလွန်၊
အနေကန်ကို၊ ဝေဖန်ချီးမြှောက်၊ ပြီးမရောက်လိမ့်။
ဗြဟ္မာပေါင်း ကုဋေကုဋာက လျှာပေါင်း ကုဋေကုဋာ ဖန်ဆင်းပြီး၊ ပြောကြားလျှင်သော်မှ အသက်တမ်း ကမ္ဘာနှင်ချည်ကာ သကတမ်းရှည်ကြာသော ထိုဗြဟ္မာတို့၏ အသက်သာ ကုန်သွားပေမည်။ မိဘတို့၏ မေတ္တာနှင့် ဂုဏ်ကျေးဇူးတို့ကား ပြောကြား၍ မကုန်နိုင်ပေ။
ထိုကြောင့်ပင် ဘုရားရှင် ကိုယ်တော်တိုင်က မိဘတို့၏ မေတ္တာ ကျေးဇူးတရားတို့ကို ဂုဏ်ပြု၍ ၁။ဘုရား၊
၂။တရား။
၃။သံဃာ။
၎။မိဘ။
၅။ဆရာ ဟူသော အနန္တ(အနှုင်းမဲ့)ကျေးဇူးရှင် (၅)ဦးတွင် ထည့်သွင်းကာ ဟောတော်မူခဲ့ခြင်း ဖြစ်ပါ၏။

လောကထဲတွင် လူဟူ၍ တည်ရှိနေသ၍ မိဘနှင့် သား သမီးတို့သည်လည်း ဆက်လက် တည်ရှိနေဦးမည်သာတည်း။ မိဘများ ရှိနေသမျှ သီရိဂေဟာ တည်းဟူသော အမေ့အိမ်သည်လည်း သား သမီးများနှင့်အတူ ပျော်ရွှင် စည်ကားစွာ ထာဝရ ဆက်လက် တည်တံ့နေဦးမည်သာတည်း။
လောကရှိ လူသားတိုင်း မိဘမရှိသော သားသမီးဟူ၍ မရှိကြသလို၊ သားသမီး မရှိသော မိဘဟူ၍လည်း မရှိကောင်းပေ။ ထိုသို့ဆိုလျှင် လောကထဲရှိ လူသားတိုင်း အမေ့အိမ်တည်းဟူသော သီရိဂေဟာမှ ကင်းလွတ်သူ ဟူ၍ ရှိနိုင်တော့မည် မဟုတ်ပါပေ။ လူတိုင်း အမေ့အိမ်မှာ ခိုလှုံခဲ့ကြဘူးသည်သာ။ ချွေးသိပ်ကာ မှေးမှိတ် နားနေခဲ့ကြဘူးသည်သာ။ အမေပြောသော ပုံပြင်လေးတွေကို နားဆင်ရင်း ဘ၀အမောတွေမှ မေ့မြောခဲ့ကြဘူးသည်သာတည်း။
အမေ့မေတ္တာရိပ်မှာ နားခိုရင်း၊ မှေးမှိတ် အပန်းဖြေရင်း၊ ပညာရင်နို့ သောက်စို့ရင်း ကြီးပြင်းခဲ့ရသော သားသမီးတို့သည် အမေ့အိမ်မှခွဲခွါကာ အမေညွှန်ပြသောလမ်းကို လျှောက်လှမ်းရင်း၊ လောကအကြောင်း လူတွေအကြောင်း သင်ယူရင်း၊ ဘ၀ပညာတွေ သင်ခန်းစာတွေကို ရှာဖွေရင်း၊ အမေပေးသော အားမာန်တို့ဖြင့် လောကဓံကို အန်တုရင်း အမေ့အိမ်ကို သတိရလျက်၊ အနှိုင်းမဲ့ အမေ့ကျေးဇူးကို အောက်မေ့လျက်၊ အနှိုင်းမဲ့ကျေးဇူးကြွေးကို ဆပ်၍မကုန်နိုင်သော်လည်း မိမိတတ်နိုင်သမျှ ပေးဆပ်လျက်၊ သီရိဂေဟာမည်သော အမေ့အိမ်မှ ဝေးကွာနေရသော်လည်း ညစဉ်ညတိုင်း သတိရ အောက်မေ့လျက်၊ နေ့စဉ်နေ့တိုင်း အမေအဖေတို့ကို တောင်းပန် ကန်တော့လျက်၊ အမေ့အိမ်ကို လွမ်းဆွတ်တသ အောက်မေ့ သတိရနေသော အဝေးရောက် သားကို အမေ နားလည် ခွင့်လွှတ်ပေးကာ အချစ်မေတ္တာတွေ ပို့ပေးပါဦးအမေ။ ။
(Mother Day母親節 အမေနေ့ကို ဂုဏ်ပြုလျက်)
ဦးဥက္ကံသ
သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A.(Buddhism)