Sunday, May 19, 2013

မေတ္တာ ဘယ်က စပို့မယ်

 

မေတ္တာ ဘယ်က စပို့မယ်...။(မေတ္တာအကျိုး)

မေတ္တာဆိုတာကို သိနေဟတီတိ မေတ္တာလို့ ၀ိဂြိုလ်ပြုပါတယ်။ ချစ်တတ်သောကြောင့် မေတ္တာလို့ အဓိပ္ပါယ် ရတာပေါ့။ ချစ်တယ်ဆိုရာမှာ လင်က အမျိုးသမီးက သူ့အမျိုးသားကို ချစ်သလိုမျိုး၊ လင်ချစ်၊ သားချစ်ကို ဆိုလိုတာ မဟုတ်ပါဘူး။ အဲဒါကတော့ ဟေဟဿိတ ပေမ လို့ခေါ်တဲ့ အိမ်၌ မှီတဲ့ အချစ် သို့မဟုတ် တဏှာဖြစ်ပေါ့။ တစ်ကယ့် မေတ္တာဆိုတာကတော့ ကိုယ်နဲ့ထပ်တူ ထားပြီး ချစ်တော်မူတာပါ။ ကိုယ့် အကျိုး လိုလားသလို သူ့အကျိုးလည်း ကိုယ်နဲ့ ထပ်တူ လိုလားနိုင်မှသာလျှင် မေတ္တာလို့ ခေါ်ဆိုနိုင်ပါတယ်။ ခွဲခြားပြီး ချစ်တာဟာလည်းမေတ္တာစစ်မဖြစ်ပြန်ပါဘူး။

ဒီနေရာမှာ မြတ်စွာဘုရားရဲ့ မေတ္တာတော်ကို ပါချုပ် ဆရာ   တော် ဟောတော်မူတဲ့ အတိုင်း ဖော်ပြပါ့မယ် “မြတ်စွာဘုရားရဲ့ မေတ္တာတော်ဟာ ဘုရင်နဲ့ သာမာန်လူတန်း စား၊ သူဌေးနဲ့ သူတောင်းစား၊ ပညာရှိနဲ့ ပညာမဲ့ စသည်အားဖြင့် လုံးဝ ခွခြားမှု မရှိတော့ပါဘူး၊ ဘယ်လောက်တောင် မခွဲခြားတော့ဘူးလဲ ဆိုရင်။ ကိုယ်တော်ရဲ့ နောက်ကို ဓါးပြီး လိုက်နေတဲ့  အင်္ဂုလိမာလနဲ့  သားတော်ရာဟုလာ၊ တစ်သက်လုံးကျေးဇူးတော်ကို မသိတတ်ပဲ ဘက်ပြိုင်တုဘက်ပြီး၊ သတ်ဘို့ အကြိမ်ကြိမ် ကြံစည်တဲ့ ဒေ၀ဒတ် နဲ့ တစ်ဦးတည်းသော သားလေး ရာဟုလာ၊ လူပုံအလည်မှာ အ၇ှက်ရအောင် အကြံနဲ့ အရှက်ခွဲခဲ့တဲ့ စိဉ္စမာန နဲ့ တစ်ဦးတည်းသော သားလေး ရာဟုလာတို့အပေါ်မှာထားတဲ့ မေတ္တာဟာ လုံးဝကွဲပြားမှု မရှိတော့ပါဘူး။
 
 တန်းတူပါပဲ(ပါချုပ်ဆရာတော်)”။ နောက် မေတ္တာသုတ်မှာလည်းမေတ္တာတရားကို မြတ်စွာဘုရားက မေတ္တာတရားကို “မာတာ ယထာ နိယံပုတ္တ” လို့ဟောတော်မူပါတယ်။ တစ်ဦးတည်းသော သားလေး ရှိတဲ့မိခင်ရဲ့ မေတ္တာ မျိုးဟာ မေတ္တာစစ်ပါတဲ့။ ဒါက ဥပမာပါ။ အမျိုးသမီးတွေရဲ့ ဘ၀မှာ သားသမီးမရခင် သူတို့ အချစ်ဆုံးသူဟာ မိဘဖြစ်ချင်ဖြစ်မယ်။လင်ယောက်ကျားဖြစ်ချင်ဖြစ် မယ်။ဒါပေမယ့် သားသမီးရယ်လို့ ရလာပြီဆိုရင်တော့ သူတို့ဘ၀မှာ သားသမီးဟာ အချစ်ဆုံးပါ။ 
 
အဲဒိသားသမီးမှာမှ တစ်ယောက်တည်း ဆိုရင် ရှိသမျှ မိခင်ရဲ့ အချစ်တွေဟာ ဒီသားလေး အပေါ်မှာပဲ စုပုံနေပြီး ဘေးကို ပြန့်နှံ့စရာ အကြောင်းမရှိတော့ပါဘူး။ အဲဒိလို ခွဲခြားစရာမရှိလောက်အောင် တန်ုးတူဖြစ်နေတဲ့ အချစ်မျိုးကသာလျှင် မေတ္တာလို့ ဟောတော်မူပါတယ်။ ဆိုလိုရင်းကတော့ “မေတ္တာဆိုတာ ချစ်ခြင်း၊ အဲဒိအချစ်က လုံးဝ မခွဲခြားတဲ့ တဏှာပေမ မပါတဲ့ ချစ်ခြင်းကသာလျှင် မေတ္တာ”လို့ ဟောတော်မူတာပါ။

မေတ္တာအကြောင်း အရိပ်အမြွက် ဖော်ပြပြီးပြီဆိုတော့ မေတ္တာကို ဘယ်သူကနေ စပြီး ပို့ရမယ်ဆိုတာ ဆက်ပြီးတင်ပြပါ့မယ်။ မေတ္တာပို့ ပါဠိတော်မှာ “အဟံ အဝေရော ဟောမိ” စသည်ဖြင့်ပါရှိပါတယ်။ ခုခေတ်တော်တော်များများကတော့ မေတ္တာဆိုတာ သူများပို့တာ ဆိုပြီး အခြားသူတွေ ကိုပဲ မေတ္တာပို့ ပါတယ်။

တစ်ချို့ကတော့လည်း အကုန်လုံးပြီးမှ ကိုယ့်ကိုယ်ကို ပို့တယ်လို့ ဆိုပါတယ်။ ဒါဟာ လုံးဝ မှားယွင်းနေတဲ့ အချက်ပါ။ ပစ္စည်းတစ်ခုကို သူများကို ပေးချင်တယ်ဆိုရင် အရင်ဆုံး ကိုယ့်မှာ ရှိအောင် အရင်လုပ်ရပါတယ်။ ကိုယ့်မှာ မရှိသေးပဲနဲ့တော့ သူများကို ပေးလို့မရပါဘူး။ အဲဒါကြောင့် အခြားသူတွေ ကို အေးချမ်းစေချင်တဲ့သူဟာ ကိုယ့်မှာ အရင်ဆုံး အေးချမ်းမှုလေး ရအောင် အရင်လုပ်ယူရပါတယ်။ 
 
ကိုယ့်ကိုယ်ကို စပြီး မေတ္တာပို့ရပါမယ်။ အဲဒိလို မေတ္တာပို့လို့ ကိုယ်ကမေတ္တာဓါတ်လေးနဲ့ အေးချမ်းလာတော့မှ “အော်သူများတွေလည်း ငါလို အေးချမ်းချင်မှာပဲ ဆိုတဲ့ မေတ္တာဓါတ်က အလိုလို ဖြစ်လာပါတယ်။ အဲဒိ အခါမှာ မေတ္တာပို့လိုက်ရင် အဲဒိမေတ္တာဟာ အလွန်ထက်မြက်စူးရှလှပါတယ်။” ဒါကြောင့် ကိုယ့်ကိုယ်ကို အရင်မေတ္တာပို့ပြီးပြီဆိုရင် မေတ္တာပို့ရမယ့် သိးခြားမေတ္တာပို့ အစဉ်လေးကို အောက်မှာ ဖော်ပြလိုက်ပါ တယ်...။

သီးခြား မေတ္တာပို့

၁။ ငါ ဟုခေါ်ရာ ဤခန္ဓာ၊ ချမ်းသာ ကိုယ်စိတ်၊ မြဲပါစေ။ ဘေးရန်ပယ်ရှင်း၊ စိုးရိမ်ကင်း၊ ဆင်းရဲမရှိဖြစ်ပါစေ။
၂။ မာတာ ပိတာ၊ ဤနှစ်ဖြာ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
၃။ အာစရိယာ၊ သင်ဆရာ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
၎။ ဥာတိမိတ္တာ၊ ဆွေသဟာ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
၅။ ကိုယ်မှာစောင့်လာ၊ နတ်ဒေ၀ါ၊ ချမ်းသာကိုယ်စိတ်၊မြဲပါစေ။
၆။ အိမ်ခြံစောင့်လာ၊ နတ်ဒေ၀ါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
၇။ မြို့ရွာ စောင့်လာ၊ နတ်ဒေ၀ါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
၈။ တောတောင် စောင့်လာ၊ နတ်ဒေ၀ါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
၉။ ဘုမ္မစိုးမဟာ ၊ နတ်ဒေ၀ါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၁၀။ ရုက္ခစိုးမဟာ ၊ နတ်ဒေ၀ါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၁၁။ အာကာသစိုး မဟာ ၊ နတ်ဒေ၀ါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။

မေတ္တာ အကျိုး(၁၁)

ချမ်းသာအိပ်နိုး၊ အိပ်မက်ဆိုးကင်း၊ ချစ်ခြင်းလူနတ်၊ နတ်စောင့်တတ်လျှက်၊ လက်နှက်ဆိပ်မီး
မရောက်ပြီးခဲ့၊ စိတ်လည်းတည်စွာ၊ မျက်နှာကြည်လင်၊ သေလျှင်မတွေ၊  သေသောအခါ
 ဗြဟ္မာ့ရွာ၊ လားရာမေတ္တာကျိုး။

နှိုင်းမရတဲ့ မေတ္တာ


တစ်နေ့သုံးခါ၊ အိုးတစ်ရာဖြင့်၊ ချက်ကာထမင်း၊ ပေးလှူခြင်းထက်၊ မယွင်းစင်စစ်၊
နို့တစ်ညှစ်စာ၊ မေတ္တာပွါးများ၊ ကျိုးကြီးမားသည်၊ ဘုရားမြတ်စွာ မိန့်ခွန်းတည်း။

(ကျမ်းကိုး=ကိုယ်ကျင့်အဘိဓမ္မာ-မဟာဂန္ဓာရုံ ဆရာတော်)

(ရွှေဘုန်း၊ စေတနာပန်းခင်း)