မေတ္တာသည်သာ ခွန်အား
ဗယ်တီမိုးမှ ကျောင်းသားများ
တစ်ခါက ကောလိပ်မှ ပါမောက္ခတစ်ဦးသည် အမေရိကန်နိုင်ငံ၊ ဗယ်တီမိုး ပျံကျရပ်ကွက်က လူငယ်(၂၀၀) ၏ ကိုယ်ရေးရာဇ၀င်များကို အမှတ်တမဲ့ စုဆောင်းထားခဲ့ပါသည်။ နောင်အနှစ် (၂၀)ကြာတဲ့ အခါ ဒီကလေးတွေဘယ်အခြေအနေရှိလဲ ဆိုတာ ထို ပါမောက္ခကြီးက စုံစမ်းရာမှာ ကျောင်းသား(၂၀)က ကွယ်လွန်သွားကြပြီး ကျန်တဲ့ လူငယ် (၁၈၀)ထဲက (၁၇၆)ယောက်သည် အမေရိကန်နိုင်ငံတွင် သာမန်ထက် ပိုထင်ရှားသော…ဥပဒေ ပညာရှင်များ၊ဆရာဝန်များ၊ စီးပွားေ၇းသမားများ၊ သတင်းစာဆရာများ၊ စစ်ရေးစစ်ရာ တာဝန်ယူရသူများ၊ နိုင်ငံအကြီးအကဲများ ဖြစ်နေတာကို တွေ့ရလေ၏။
ထိုကြောင့် ယင်းပါမောက္ခကြီးသည် အံ့သြလွန်းတာနှင့် ဆက်စုံစမ်းမှုပြုခဲ့ရာ တိတိကျကျ အဖြေတစ်စုံတစ်ရာ မရဘဲ ရှိနေခဲ့သည်။ ထိုအခါ ထိုကျောင်းက ဆရာမကြီးတစ်ယောက် ရှိသေးတာနှင့် ဆက်၍ စုံစမ်းရာ (၁၇၆)ယောက်လုံွးသည် ဆရာမကြီး၏ တပည့်တွေဖြစ်နေတာကို တွေ့ရသည်။ ထိုအခါပါမောက္ခကြီးက အားလုံးထူးချွန်အောင် ဘယ်လိုသင်ခဲ့ ပါသလဲ၊ ခင်ဗျား သင်နည်းစနစ်ကို သိပါရစေ ဟုဆိုတော့ ဆရာမကြီးက “အို…ကျွန်မ သင်ခဲ့တာ သင်နည်းစနစ်တွေနဲ့
အထူးသင်ခဲ့တာ မဟုတ်ပါဘူး။
ကျွန်မကလည်း ဆရာဖြစ်သင်တန်းအောင်လို့
ဆရာဖြစ်ခဲ့တာ မဟုတ်ဘူး။ ဆရာရှားပါးနေချိန်မှာ ဆွဲခန့် ထားတဲ့ ဆွဲခန့် ဆရာမပါ” ဟု ပြောကြားရာ
ပါမောက္ခကြီးက “ဆရာမကြီး တစ်စုံ တစ်ခုတော့ ရှိမှာပါ။ ဆရာမကြီး ပြန်စဉ်းစားပါဦး၊ ဒီကိစ္စက
အေ၇းကြီးလွန်းလို့ပါ” ဟု ဆိုတော့ ဆရာမကြီးက “ဟုတ်ကဲ့၊ တခုတော့ရှိတယ်၊ ကျွန်မက ကလေးတွေကို
ချစ်တယ်၊ ကျွန်မက သူတို့ကို ချစ်ခြင်းမေတ္တာနဲ့ စာသင်ပေးတာ။ ဒါကြောင့် ကလေးတွေက ကျွန်မကို
ဆရာမကြီးလို့တောင် မခေါ်ဘူး၊ အမေလို့ဘဲ ခေါ်ကြတယ်” ဟုပြန်ပြောကြောင်း သိခဲ့ရပါ၏။
ဒါက ဘာကိုပြောသလဲဆိုတော့ ဆရာဆိုတာ သင်ကြားရုံသက်သက်မဟုတ်ဘဲ မေတ္တာနဲ့ စေတနာနဲ့ သင်ကြားရင် ဆရာဖြစ်သင်တန်းတောင် မလိုဘဲ လိုရာကို ဖန်တီးနိုင်တယ် ဟူသည့် အဓိပ္ပါယ် ဖြစ်ပါ၏။
---------------------------------------------------------------------------------------------------
ခွန်အားလိုနေသော အယ်ဒီ
တစ်ခါက အယ်ဒီ ဆိုသော ကလေးတစ်ယောက်ရှိသည်။ သူ့အမေက သူ့သားစာတွေမလိုက်နိုင်လို့၊ ကျောင်းစာညံ့လို့ အမြဲစိတ်ညစ်ရတယ်။ သားဖြစ်သူစာလိုက်နိုင်အောင် ဆိုပြီး အယ်ဒီကို ကိုယ်တိုင်
စာသင်ကြားပေးသည်။ သို့သော်လည်း အယ်ဒီက စာမတတ်။ ထိုကြောင့် အမေက သူ့ခင်ပွန်းကို “ကလေးစာညံ့တာဟာ ရှင့်ဘက်က အမျိုးတွေဆီက စာညံ့တာတွေ ပါလာလို့ ရှိမှုာ။ ရှင်ကိုယ်တိုင် ကလည်း ကလေးကို စာသင်” ဆိုပြီး သင်ခိုင်းတယ်။ အဖေဖြစ်သူက အယ်ဒီကို စာသင်ပေးရှာသည်။
သို့သော် အယ်ဒီက တိုးတက်မှုမရှိ။ ဒုံရင်းဒုံရင်းပဲ ဖြစ်သည်။ ထို့ကြောင့် အဖေက “ငါသင်လို့တော့ အယ်ဒီ စာတတ်မှာ မဟုတ်ပါဘူးကွာ” ဟု ဆို၏။ သို့သော်လည်း စိတ်မလျှော့ဘဲ စနေ၊တနင်္ဂနွေများတွင် သားအတွက် ဆရာမတစ်ယောက်ငှားပြီး စာသင်ကြား၏၊ မရပါ။ သည်တော့ အယ်ဒီအမေက “ ကျွန်မသိပြီ၊ တစ်နေ့က ဖတ်ရတဲ့ စာအုပ်တစ်အုပ်ထဲမှာ ပင်လယ်ငါးဟာ ဥာဏ်ရည် ဥာဏ်သွေးကို ထက်မြက်စေတယ် လို့ ရေးထားတယ် ”ဟုဆိုကာ အယ်ဒီအား ပင်လယ်ငါးကျွေးမယ်ဆိုပြီးလည်း ကျွေးပါရဲ့။ ဒါပေမယ့် ဥာဏ်ရည် ဥာဏ်သွေးက တက်မလာဘဲရှိတယ်။ တချို့စာအုပ်တွေက ကလေးဥာဏ်ရည် ဥာဏ်သွေးတက်စေလိုလျှင် ကလေးကို စိတ်ညစ်အောင်မလုပ်ရဘူး လို့ဆိုတာနှင့် အမေလည်း မဆိုရက်၊ မပြောရက်နဲ့ အရိပ်တကြည့်ကြည့်ထား၏။
အယ်ဒီကစားဖို့ ဆိုပြီး
သီးသန့်အခန်းလေးပင် လုပ်ပေးသည်။ သို့သော် အယ်ဒီသည် အဋ္ဌမတန်းရောက်သောအခါ အယ်ဒီ၏ဥာဏ်ရည်ဥာဏ်သွေးသည်
သိသိသာသာ တိုးတက်လာခဲ့၏။ အယ်ဒီအမေနှင့် အဖေကလည်း ၀မ်းသာသည်။ သူတို့သားလေး ဥာဏ်ရည်တက်လာကြောင်းအရပ်ထဲမှာ
ပြောကြားကြ၏။ အယ်ဒီက အဋ္ဌမတန်းတွင် စာလည်းပိုကျက်လာသည်။ ကျောင်းစာအုပ်နဲ့လည်း ပိုပြီးပျော်ပိုက်လာသည်။
ဥာဏ်ရည်လည်း ပိုတိုးတက်လာသသည်ကို တွေ့ရ၏။
ဒီတော့ အမေက… “အယ်ဒီ၊
မင်းစာလည်း ပိုကျက်မှတ်လာတယ်။ ဥာဏ်ရည်လည်းတက်လာတယ်၊ ဘာဖြစ်လို့လဲ” မေးတော့ အယ်ဒီက
“ အမေ၊ အခုသားတို့ ခြောက်တန်းကို ပြောင်းလာတဲ့ ဆရာအသစ်က သားကိုချစ်တယ်။ ဆရာက ကျောင်းဆင်းရင်
သားပခုံးကို ပုတ်ပြီး အယ်ဒီ မင်းစာကျက်နော်” လို့အမြဲပြောတယ.်။ ဆရာလေးက သားပခုံးကို
အဲသလိုပုတ်ပြီးပြောတိုင်း သားစိတ်ထဲမှာ စာကျက်ချင်တဲ့ စိတ်တွေ တိုးတက်လာတယ်.။ နောက်ပြီးတော့
သားဆရာက သားလို လည်းချစ်တယ်” ဟုဆိုပါသည်။
“မင်းကို ခြောက်တန်းဆရာက ချစ်တယ် ဆိုတာ သားက ဘယ်လိုလုပ်သိတာလဲ” ဟု အယ်ဒီအမေက သွေးတိုးစမ်းပြီး မေးကြည့်သည်။ ထိုအခါ အယ်ဒီက …. “အို..အမေကလည်း ဆရာက သူ့အနီးကြည့် မျက်မှန်ကို မပြီး ကျွန်တော့ကို လှမ်းလှမ်းကြည့်တတ်တယ် အမေရဲ့”ဟု ဆိုပါ၏။
ဆရာဆိုသည်မှာ စုန်းကဝေများလို တပည့်များအပေါ် ပြုစားနိုင်လောက်အောင် သြဇာကြီးမားသည်။ ဆရာက သူ၏ အနီးကြည့်မျက်မှန်ကိုမပြီး လှမ်းကြည့်လိုက်သောအကြည့်ကပင်လျှင် အယ်ဒီ၏ ဥာဏ်ရည် ဥာဏ်သွေးကို ပို၍ ထက်မြက်လာစေခဲ့၏။ ဆရာတို့၏ တပည့်အပေါ်ထားရှိသော ချစ်ခြင်းမေတ္တာသည် တပည့်၏ ဘ၀ကို ပြောင်းလဲစေနိုင်သည်။ အယ်ဒီဘ၀ကို ပြောင်းလဲစေနိုင်သည့် ဆရာသည် တပည့်၏ ဘ၀ကို ညှို့ ယူပြောင်းလဲလို့ရပါက သင်ကြားမှူသက်သက်ဖြင့်ကားမရ၊ ဆရာ၏ ချစ်ခြင်းမေတ္တာနှင့် စေတနာပါ လိုအပ်သည်။
(ချစ်စံဝင်း၏ “မြန်မာကျောင်းဆရာ” စာအုပ်မှ ကောက်နုတ်ဖေါ်ပြပါသည်)