Saturday, October 20, 2012

မြင်နိုင်ခဲသော အဇ္ဈတ္တများ


မြင်နိုင်ခဲသော အဇ္ဈတ္တများ
(၁)

ဂူဒို(Gudo)ဆိုတာ ဂျပန်အင်ပါယာကိုယ်တိုင် ကိုးကွယ်တဲ့ ဘုန်းကြီးတစ်ပါးဖြစ်တယ်။ အင်ပါယာရဲ့ဆရာဆိုပေမယ့် သူက ကိုယ့်ကျောင်းကိုယ်ကန်နဲ့ အေးဆေးသက်သာနေသူတော့ မဟုတ်ပါဘူး။ နေရာအနှံ့ကို သူတောင်းစားတစ်ယောက်လို ဦးတည်ရာမဲ့ လျှောက်သွားနေပါတယ်။ တစ်နေ့တော့ အီဒိုမြို့ (Edo)ကို သွားတဲ့ လမ်းပေါ်မှာ တက်ကန်နက(Takenaka)ဆိုတဲ့ ရွာလေးကို ရောက်ပါတယ်။ အီဒိုမြို့ဆိုတာ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးကိစ္စတွေ အခြေစိုက်ရာ တော်ဝင်စစ်သူကြီးတစ်ဦးရဲ့မြို့ ဖြစ်တယ်။ ရွာလေးကို သူရောက်သွားတော့ ညနေခင်းအချိန် ဖြစ်တယ်။ မိုးက သည်းကြီးမဲကြီးရှာချလိုက်တယ်။ ဂူဒိုကတော့ တစ်ကိုယ်လုံး စိုလို့ရွှဲလို့ပေါ့။ သူ့ရဲ့ ကြိုးသိုင်းဖိနပ်လေးလည်း ပြတ်သွားတယ်။ ရွာနားက လယ်သမားအိမ်မှာ ကြိုးသိုင်းဖိနပ်လေးငါးရံလောက် ရှိနေတာကို တွေ့လိုက်တော့ သွားဝယ်ဖို့ ဆုံးဖြတ်ခဲ့တယ်။

တစ်ကိုယ်လုံး စိုရွှဲနေတာကို တွေ့လိုက်တော့ အိမ်ရှင်မလေးက ဖိနပ်တစ်ရံလှူလိုက်တယ်။ အိမ်ထဲကို ၀င်ဖို့လည်း ဖိတ်လိုက်တယ်။ တစ်ညလောက် သူ့အိမ်မှာ တည်းခိုဖို့လည်း ပြောလိုက်တယ်။ ဂူဒိုကလည်း လက်ခံတယ်။ ကျေးဇူးတင်စကားလည်း ပြောလိုက်တယ်။ ဂူဒိုက အိမ်ထဲကို ၀င်တယ်။ ဘုရားစင်ရှေ့မှာ သုတ်တော်တွေကို ရွတ်ဖတ်နေခဲ့တယ်။ အဲဒီအခါမှာ ဂူဒို့ကို သူ့အမေနဲ့ကလေးတွေနဲ့ မိတ်ဆက်ပေးလိုက်တယ်။

ဂူဒို သေချာကြည့်လိုက်တော့ တစ်မိသားစုလုံးက စိတ်ဓာတ်ကျ၊ စိတ်ဆင်းရဲနေကြပါလားဆိုတာ သိလိုက်တယ်။ “ဘာဖြစ်ကြတာလဲ”လို့ ဂူဒိုက မေးတယ်။ “ကျွန်မယောက်ျားပေါ့၊ သူက လောင်းကစားသမား၊ အရက်သမားလေ၊ လောင်းကစားလို့နိုင်ရင် အရက်သောက်တယ်၊ မကြားဝံ့မနာသာစကားတွေ ပြောတယ်၊ သူရှုံးပြီဆိုရင်တော့ သူတစ်ပါးဆီက ငွေတွေ ချေးတော့တာပဲ၊ တစ်ခါတစ်ရံ သူ တအားမူးလာရင် အိမ်ကို ပြန်မလာတော့ဘူး၊ ကျွန်မ ဘယ်လိုများ လုပ်ရပါ့မလဲ”လို့ အားကိုးတကြီးနဲ့ ပြောရှာတယ်။

“ကျွန်ုပ် ကူညီပါ့မယ်”လို့ ဂူဒိုက ပြောလိုက်တယ်။ တစ်ဆက်တည်းမှာ “ရော့.. ဒီမှာ ငွေ၊ ၀ိုင်တစ်ဂါလံဝယ်ခဲ့၊ စားကောင်းမယ့်ဟာလေးတွေလဲ ၀ယ်ခဲ့၊ ပြီးရင် မင်းဟာမင်း အနားယူလိုက်၊ ကျွန်ုပ်ကတော့ ဘုရားစင်ရှေ့ တရားထိုင်လိုက်အုံးမယ်”လို့ ပြောလိုက်တယ်။ ညသန်းခေါင်ကျတော့ ကိုအမူးသမား ရောက်လာပြီ။ သူက လုံးဝကို မူးနေပြီ။ ရောက်လာတာနဲ့ “ဟေ့… မိန်းမ၊ ငါ ပြန်ရောက်ပြီ၊ ဘာစားစရာ ရှိလဲကွ”ဆိုပြီး အော်ဟစ်ကြိမ်းမောင်းနေပါတယ်။ ဒီအချိန်မှာ ဂူဒိုက “ငါ့မှာ စားစရာ ပါတယ်ဟေ့”လို့ လှမ်းပြောလိုက်တယ်။ ပြီးတော့ “ကျွန်ုပ် မိုးမိလာလို့ ခင်ဗျားမိန်းမက ကြင်ကြင်နာနာနဲ့ ဒီအိမ်မှာ တစ်ညတည်းဖို့ ဖိတ်တယ်၊ ဒါကြောင့် ကျွန်ုပ် ဒီည ဒီမှာ တည်းနေတာဖြစ်တယ်”လို့ ရှင်းပြပါတယ်။

“ကျေးဇူးဆပ်တဲ့အနေနဲ့ ကျွန်ုပ်က ၀ိုင်နဲ့ငါးတွေ ၀ယ်ပေးတာ၊ ကဲ…သင်လည်း စားလိုက်သောက်လိုက်ပါအုံး”လို့ ဆက်ပြောတယ်။ အမူးသမား ပျော်သွားတယ်။ သူက ၀ိုင်သောက်ပြီး ကြမ်းပြင်ပေါ်မှာ လှဲအိပ်သွားတော့တယ်။ ဂူဒိုကတော့ သူ့ဘေးမှာပဲ တရားထိုင်နေတယ်။ မိုးလင်းတော့ အမူးသမား နိုးလာတယ်။ ညက ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ သူ ဘာမှ မသိတော့ဘူး။ ဒါနဲ့ ဂူဒိုဘက်လှည့်ပြီး “မင်း ဘယ်သူလဲ၊ ဘယ်ကလာတာလဲ”လို့ မေးလိုက်တယ်။ ဂူဒိုကတော့ တရားထိုင်ဆဲပဲ။ “အော်… ကျွန်ုပ်လား၊ ကျိုတိုရဲ့ ဂူဒိုပဲ (ကျိုတိုမြို့က ကျော်ကြားတဲ့ ဂူဒိုပဲ)၊ ကျွန်ုပ် အီဒိုမြို့ကို သွားမလို့”လို့ ဖြေလိုက်တယ်။ အမူးသမား သူ့ကိုယ်သူ ရှက်သွားတယ်။ အင်ပါယာအရှင်သခင်ရဲ့ဆရာ ဂူဒို့ကို ရွှန်းရွှန်းဝေအောင် တောင်းပန်တယ်။

ဂူဒိုက ပြုံးပြုံးလေးနဲ့ ဆက်ပြောနေတယ်။ “ဘ၀မှာ ဘယ်အရာမှ အမြဲမတည်ဘူး၊ ဘ၀ဆိုတာ ခဏလေး၊ မင်းက လောင်းကစားတွေ လုပ်တယ်၊ အရက်တွေ သောက်တယ်။ မင်းမှာ ဘာကိုမှ ပြီးပြည့်စုံအောင်လုပ်ဖို့ အချိန်မရှိတော့ဘူး၊ မင်းမိသားစုတွေလည်း မင်းကြောင့် ဒုက္ခပင်လယ်ဝေနေရတယ်”လို့ ပြောလိုက်တယ်။ အမူးသမားဟာ အိပ်မက်က နိုးလာသူလို အသိဉာဏ်တွေ ချက်ချင်းဆိုသလို နိုးကြားလာတယ်။ “မှန်လိုက်လေ”လို့လည်း ကြွေးကြော်လိုက်တယ်။ “အရှင် ဒီလို ဟောပြပေးတဲ့ ကျေးဇူးတွေကို ဘယ်လိုများ ပြန်ဆပ်ရမလဲ”လို့ ပြောပြီး ခပ်လှမ်းလှမ်းထိ လိုက်ပို့တယ်။

၃-မိုင်လောက်ရောက်တော့ ဂူဒိုက “မင်းပြန်တော့”လို့ ပြောတယ်။ “၅-မိုင်လောက်ထိတော့ လိုက်ပို့ပါရစေ”လို့ ပြောတယ်။ ၅-မိုင်လောက်ရှိတော့ ဂူဒိုက ပြန်ဖို့ပြောတယ်။ နောက်ထပ် ၁၀-မိုင်လောက် လိုက်ပါရစေပြောပြီး ဆက်လိုက်လာပြန်တယ်။ ၁၀-မိုင်တော့ ကျော်လာခဲ့ပြီ။ ဂူဒိုက ပြန်ဖို့ပြောတော့ “တစ်သက်လုံး အရှင့်နောက် လိုက်နေပါရစေ”လို့ တောင်းပန်တယ်။

ယနေ့ခေတ် ဇင်ဘုန်းကြီးတွေဟာ ကျော်ကြားလှတဲ့ ဂူဒိုရဲ့ အဆက်အနွယ်တွေကနေ ဆင်းသက်လာတာဖြစ်တယ်။ အမူးသမားတစ်ဖြစ်လဲ ဇင်ဘုန်းကြီးရဲ့ အမည်ကတော့ ဘယ်တော့မှ နောက်ပြန်မလှည့်တော့တဲ့ “မုနန် (Mu-nan)”ဖြစ်ပါတယ်။

(၂)

အထက်ပါ ဇင်ဝတ္ထုလေးကို သူငယ်ချင်းတွေ စုဖတ်နေဖြစ်ခဲ့ကြတယ်။ အမျိုးမျိုး ဝေဖန်ကြတယ်။ ၀တ္ထုလေးက ရိုးရိုးစင်းစင်းလေးပဲ။ ဒါပေမယ့် အမြင်တွေက ကွဲတယ်။ စာဖတ်သူရဲ့ ဆဋ္ဌမအာရုံကို ထိခတ်လာခဲ့တာက တူညီတဲ့ဇာတ်လေး ဖြစ်တယ်။ တူညီတဲ့ဇာတ်လမ်းလေးကို နှလုံးသားနဲ့ ပုတ်နှိုးကြည့်တဲ့အခါ မတူညီတဲ့ ခံစားချက်လေးတွေ ဖြစ်လာတယ်။ ဇာတ်လမ်းကို ဖတ်ပြီးတာနဲ့ အချို့က မုနန်တရားရသွားတာကို အားကျမယ်။ အချို့က မိသားစုလေး အထီးကျန် ကျန်ခဲ့မှာကို သနားတယ်။ ဒီဝတ္ထုလေးဖတ်ပြီး ဘာမဆိုင်ညာမဆိုင် ယသော်ဓရာကို ထားခဲ့တဲ့ သိဒ္ဓတ္ထကို အပြစ်တင်တယ်။ ဒီဝတ္ထုလေးအကြောင်း ဆွေးနွေးချက်အချို့ကို ဖောက်သည်ချချင်တယ်။

(၃)

ဇင်ဝတ္ထုလေးအကြောင်း သူငယ်ချင်းတွေနဲ့ ဆွေးနွေးကြည့်တော့ “မုနန် တရားရသွားတာ၊ အေးချမ်းသွားတာတော့ ဟုတ်ပါတယ်၊ ငါကတော့ ကျန်ခဲ့တဲ့ မိသားစုလေး စောင့်ရှောက်သူမဲ့နေမှာကို ပိုတွေးမိတယ်ကွာ”လို့ တစ်ယောက်က တွေးတွေးဆဆနဲ့ ပြောပါတယ်။ “ဒါဆို မုနန် မိသားစုကို စွန့်ခွါခဲ့တာဟာ မတရားဘူးလို့ ဆိုချင်တာလား”လို့မေးတော့ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ခေါင်းညိမ့်ပါတယ်။ အဲဒီအခါ တစ်ယောက်က သဘောတူပုံတော့ မရပါဘူး။ “လူတိုင်းလူတိုင်းဟာ ကိုယ့်ကိုကိုယ် မြုပ်နှံနိုင်မယ့် ၀ပ်ကျင်းလေးကို ရှာနေကြတာပဲ၊ အိမ်ထောင်ပြုတယ်ဆိုတာကလည်း အဓိကက ကိုယ်ဆန္ဒကို ဖြည့်ဆည်းဖို့ပဲ၊ ကိုယ်မှအပ အခြားသူဆိုတာ ဒုတိယနေရာမှာပဲ ရှိတယ်။ ဘုရားဟောပါဠိတစ်ပုဒ်ကြားဖူးတယ်။ အဖော်ဆိုတာကို ဒုတိယ-တဲ့။ နှစ်ယောက်မြောက်ပေါ့။ အခု မုနန်ဟာ မိုက်ခဲ့တယ်။ ဆိုးသွမ်းခဲ့တယ်။ ဂူဒိုနဲ့တွေ့တော့ သူမြှုပ်နှံရမယ့် သူ့ဝပ်ကျင်းလေးကို သူတွေ့သွားတာ။ ယောက်ျားဖြစ်သူ မုနန်မှ မဟုတ်ဘူး၊ သူ့မိန်းမလည်း ဒီထက်အေးချမ်းတဲ့ရိပ်မြုံလေးကိုသာတွေ့ရင် မုနန်ကို ထားခဲ့မှာပဲ။ လူဆိုတာ အစားထိုးမရခင်အချိန်မှာ ဒါမရှိရင် မဖြစ်ဘူးဆိုတဲ့စိတ်ရှိတယ်။ အစားထိုးစရာရသွားလို့ကတော့ မရှိမဖြစ်ဆိုတာလည်း မရှိတော့ဘူး။ ငါတို့အနေနဲ့ လူသားတစ်ယောက် (ဘယ်သူဖြစ်ဖြစ် လူကြီး၊ လူငယ်၊ အပျို၊ အအို၊ အိမ်ထောင်ရှိ၊ မရှိ) အေးငြိမ်းရာလေးကို ရှာတွေ့သွားနိုင်တယ်ဆိုရင် ငါတို့အနေနဲ့ ၀မ်းသာသင့်တယ်။ ဘာကြောင့်လဲဆိုတော့ အေးငြိမ်းမှုဆိုတာ အလွန်ရှားပါးပြီး အဖိုးတန်တဲ့ပစ္စည်းတစ်ခု ဖြစ်လို့ပဲ”လို့ တရစပ် ပြောနေပါတယ်။

(၄)

“မင်းကရော ဘယ်လို တွေးမိသလဲ”လို့ ဘေးနားမှာ တည်တည်ငြိမ်ငြိမ် ဖြစ်နေတဲ့ သူကို လှမ်းမေးလိုက်တယ်။ “ငါ တွေးနေမိတယ်ကွ”လို့ဆိုတော့ “အေးလေ… မင်းတွေးနေတာ ငါတို့လည်း သိတာပေါ့၊ ဘာတွေ တွေးနေတာလဲ”လို့ ပြောတာလေ။ “အေးကွာ… မင်းတို့ ပြောတာတွေကို ငါ သူ့အပိုင်းနဲ့သူ လက်ခံပါတယ်၊ ဒါပေမယ့် ငါ စိတ်ဝင်အစားဆုံး အကြောင်းတော့ မဟုတ်ဘူး၊ မင်းတို့ပြောတဲ့အတိုင်း မိသားစုအတွင်းကနေ ရုန်းထွက်သွားခဲ့တဲ့ မုနန်ကို မိသားစုတာဝန်မကျေပွန်သူလို့ ယူဆနေတယ်၊ ဟုတ်တယ်နော်၊ ငါတွေးနေတာက မုနန်ကို နှစ်ဘ၀ မြင်ကြည့်တယ်၊ မိသားစုကို စိတ်ဆင်းရဲအောင် လုပ်နေတဲ့ မုနန်ရယ်၊ တည်ငြိမ်အေးချမ်းတဲ့ဘ၀မှာ လူအများကို တည်ငြိမ်အေးချမ်းအောင် လုပ်ပေးနေတဲ့ မုနန်ရယ်…အဲဒီနှစ်ဘ၀ကို မင်းတို့ မြင်ကြည့်စမ်းပါ၊ သာမန်လေးပဲကြည့်၊ ဘယ်ဘ၀က အများကောင်းကျိုး ဖြစ်စေနေသလဲဆိုတာကိုလေ၊ တချို့က ပြောချင်ပြောမှာပေါ့၊ အရက်မသောက်၊ လောင်းကစားမလုပ်ဘဲ မိသားစုကို ကောင်းကောင်းမွန်မွန် ပြုစုကျွေးမွေးနေတဲ့ မုနန်ဘ၀ ဖြစ်လို့ရသားပဲလို့။ ဒါပေမယ့် ငါတို့က မုနန်မှ မဟုတ်တာ၊ အဲဒီတော့ ငါတွေးနေမိတာက မင်းတို့အနေနဲ့ တည်ငြိမ်အေးချမ်းသွားတဲ့ မုနန်ကို အပြစ်မတင်သင့်ဘူးလို့ ထင်တာပဲ”လို့ စကားတွေ တရစပ်ပြောပြီး ငြိမ်နေပြန်ပါတယ်။

(၅)

“ကိုယ်ကတော့ မုနန်တရားရသွားတာတွေ၊ မိသားစုကို စွန့်ခွါထားခဲ့တာတွေ၊ ဘာကိုမှ စိတ်မ၀င်စားဘူး၊ ကိုယ်စိတ်ဝင်စားတာက လူတွေရဲ့ အတွင်းအဇ္ဈတ္တပဲကွ၊ မင်းတို့ကြည့်လေ၊ မုနန်ဟာ လူ့ဘ၀အမြင်နဲ့ဆိုရင် လူကောင်းတစ်ယောက်မဟုတ်ဘူး၊ မိသားစုအပေါ် တာဝန်ကျေအောင် ကျွေးမွေးသူ မဟုတ်ဘူး၊ ဆူပူသောင်းကျန်းတတ်တယ်၊ မိန်းမကို အနိုင်ကျင့်တယ်၊ အရက်သောက်တယ်၊ လောင်းကစားလုပ်တယ်၊ ဒီလိုလူတစ်ယောက်ရဲ့ ရင်ထဲမှာ တည်ငြိမ်အေးချမ်းတဲ့ စိတ်သန္ဓေ ပါလာခဲ့တယ်လို့ ဘယ်သူ ပြောနိုင်သလဲ၊ အဲဒီအခါက မုနန်တစ်ယောက် ဒီလို အေးချမ်းသွားလိမ့်မယ်လို့ ဘယ်သူမှ မထင်မှာ သေချာတယ်၊ အဲဒီတော့ ကိုယ်ပြောချင်တာက လူတစ်ယောက်ရဲ့ အတွင်းအဇ္ဈတ္တဆိုတာ မြင်နိုင်ခဲတယ်”လို့ ပြောနေတယ်။

“ဒီနေ့ကစပြီး - ဒီလူ တော်တော်ဆိုးတဲ့ကောင်ကွာ၊ ဘယ်တော့မှ လူပီသမယ့်ကောင် မဟုတ်ဘူး၊ ဘယ်တော့မှ လူမွေးပြောင်မယ့်ကောင် မဟုတ်ဘူးဆိုပြီး ငါ ဘယ်သူ့ကိုမှ အထင်မသေးတော့ဘူး။ လူတိုင်းမှာ မြင်နိုင်ခဲတဲ့ အဇ္ဈတ္တတွေ ရှိတယ်။ အမြင်ရခက်တဲ့ နှလုံးသားခံစားချက်တွေ ရှိနေတယ်။ မမြင်နိုင်တဲ့ ပါရမီဓာတ်ခံတွေ ရှိနေတယ်။ ဒီနေ့ လူပွေ လူရှုပ်တစ်ယောက်ဟာ နောက်တစ်နေ့မှာ သူတော်စဉ်တစ်ယောက်ဖြစ်နိုင်တယ်။ နောက်ပြီး အရေးအကြီးဆုံးလို့ ငါထင်တဲ့ လောကအမြင်တစ်ရပ်ကိုလည်း ရလိုက်တယ်။ အဲဒါက ဘာလဲဆိုတော့ ဘယ်လောက် တန်ခိုးကြီးတဲ့ သူတော်စင်ပဲဖြစ်ဖြစ်၊ ဘယ်လောက်ဘုန်းကြီးတဲ့ ပုဂ္ဂိုလ်ကြီးပဲဖြစ်ဖြစ် ငါ အထင်မကြီးတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတွေမှာ မြင်နိုင်ခဲတဲ့ အဇ္ဈတ္တတွေ ရှိတယ်။ ဒီနေ့ သူတော်စင်ဟာ နောက်တစ်နေ့ သူယုတ်မာတစ်ယောက်ဖြစ်သွားနိုင်လို့ပဲ” ခိုင်ခိုင်မာမာ လေးလေးနက်နက် ဆိုနေပါတော့တယ်။

(၆)

စကားဝိုင်းလေးပြီးတော့ အေးချမ်းတိတ်ဆိတ်နေသော ညောင်ပင်ကြီးအောက်တွင် မုနန်၏ အေးချမ်းမှုကို ဓာတ်ကူးနေခဲ့တယ်။ ကျီးကန်းတစ်ကောင်က စူးစူးဝါးဝါး ထအော်တယ်။ နံရံတစ်ဖက်ခြမ်းတိုက်ခန်းက တီးတိုးသံနဲ့ ချောင်းဆိုးသံသဲ့သဲ့ကို ကြားရတယ်။ သူ့အဇ္ဈတ္တထဲကို သူ နှိုက်ကြည့်တယ်။ “သူများ အဇ္ဈတ္တမပြောနဲ့ ငါ့အဇ္ဈတ္တတောင် ငါ မမြင်နိုင်သေးပါလား”လို့ ငြီးတွားနေတော့တယ်။

ကုသလသာမိ (ပျော်ဘွယ်)