လူချမ်းသာ စိတ်ချမ်းသာ
တူညီသောဆန္ဒ
ချမ်းသာသုခ တစ်ခုမျှ၌ လောကအထု အကုန်စု၏
ဟူသည်၏။ လူလည်းချမ်းသာချင်၏၊ နတ်လည်း ချမ်းသာချင်၏၊ ရှင်လည်း
ချမ်းသာချင်၏၊ ရဟန်းလည်းချမ်းသာချင်၏၊ တိရစ္ဆာန်လေးများသော်မှ
ချမ်းသာချင်ကြ၏။ သက်ရှိမှန်သမျှ အားလုံးချမ်းသာချင်ကြ၏။ သက်ရှိ
သတ္တ၀ါလားလုံး၏ ကာယကံမြောက်၊ ၀စီကံမြောက် ပြုမူပြောဆို လှုပ်ရှားနေကြခြင်းသည်
ချမ်းသာဖို့သာဖြစ်သည်။ ကိုယ့်ပမာဏနှင့်ကိုယ် ချမ်းသာလိုသည့်အရာ၊
ချမ်းသာလိုမှု ပမာဏတော့ ကွာခြားမည်ဖြစ်သည်။ တချို့သတ္တ၀ါက အစားချမ်းသာဖို့သာ
လှုပ်ရှားသည်။
အချို့သတ္တ၀ါက အစားရော အ၀တ်ပါ ချမ်းသာဖို့ လှုပ်ရှားသည်။
တချို့သတ္တ၀ါက စားဝတ်နေရေး အားလုံး ချမ်းသာဖို့ လှုပ်ရှားသည်။ တချို့က
သွားရေး၊ လာရေး ချမ်းသာဖို့ လှုပ်ရှားသည်။ သတ္တ၀ါ၏ အသိဥာဏ် ဗဟုသုတ ရှိမှုအပေါ်
မှီ၍ ချမ်းသာလိုမှု၊ လှုပ်ရှားမှုတို့ကလည်း ပိုမိုများပြားလေသည်။
ခြုံငုံလိုက်လျှင် သတ္တ၀ါ အားလုံး ချမ်းသာရန်အတွက်သာ ဟန်ပြင်နေကြ၊ တာစူနေကြ၊
လှုပ်ရှားနေကြ၏။ ဘာသာရေး လုပ်သူက လုပ်ကြ၏။ စီးပွားရေးလုပ်သူက လုပ်ကြ၏။
နိုင်ငံရေးလုပ်သူက လုပ်ကြ၏။ ကိုယ့်အစွမ်းအစ၊ ကိုယ့်နည်း ကိုယ့်ဟန်နှင့်
လှုပ်ရှားနေကြသည်။ ရည်ရွယ်ချက်က ချမ်းသာဖို့ပင် ဖြစ်၏။ သို့ဖြစ်၍ ရှေးပညာရှိများက ချမ်းသာသုခ တစ်ခုမျှ၌ လောကအထု အကုန်စု၏ ဟုဆိုခဲ့၏။
သာဘာတရား၏ အရင်းအမြစ်
ဘာသာတရား၏
မူလအခြေခံဇာစ်မြစ်သည် ချမ်းသာသုခပင် ဖြစ်သည်။ ကမ္ဘာဦး စိုက်ပျိုးရေးခေတ်က
လူသားတို့သည် မိုးလေ၀သ ရာသီဥတု မမှန်မှုကြောင့် ဆန်ရေစပါး ရှားပါးပြီး
ဆင်းရဲဒုက္ခ ရောက်သော အခါ ယင်းဆင်းရဲဒုက္ခမှ လွတ်မြောက်၍ ချမ်းသာသုခ
ရရှိလိုသဖြင့် တောကိုးကွယ်၊ တောင်ကိုးကွယ်၊ အင်းအိုင် မြစ်ချောင်းတို့ကို
ကိုးကွယ်ကြသည်။ ထိုမှတစ်ဆင့် စိတ်ကူးပေါ်ရာ တောစောင့်နတ်၊
တောင်စောင့်နတ်
စသည်တို့ကို စိတ်ကူးနှင့် ဖန်ဆင်း၍ ကိုးကွယ်ကြသည်။ ပူဇော်ပသကြသည်။
ဘုရားရှင် ပွင့်ပေါ်လာမှ ဘုရင်းရှင်က ဒီတောကိုးကွယ်၊
တောင်ကိုးကွယ်၊ နတ်ကိုးကွယ် စတဲ့ ကိုးကွယ်ရာ တွေဟာ ကိုးကွယ်ရာ
အစစ်မဟုတ်ပါဘူး၊ ဒါတွေကိုးကွယ်လို့ ချမ်းသာသုခ မရနိုင်ဘူး၊
ကိုးကွယ်ရာ အစစ်ဟာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးသာ ဖြစ်တယ်။ ရတနာသုံးပါးကို
ကိုးကွယ်မှသာ ချမ်းသာသုခ ရနိုင်တယ် ဟု မိန့်တော်မူခဲ့သည်။
လူအများစုသည်
ယုံကြည်မှု၊ ကိုးကွယ်မှု ဘာသာတရားနှင့် မကင်းနိုင်ကြ။ ဘာသာတရားနှင့် ဆက်စပ်၍
လုပ်ဆောင်မှု မှန်သမျှဟာ ချမ်းသာဖို့အတွက်သာ ရည်စူးကြသည်။ သို့ဖြစ်၍
ဘာသာတရား၏ ဇာစ်မြစ်၊ ဘာသာ တရား၏ ဦးတည်ရာသည် ချမ်းသာသုခပင် ဖြစ်တော့သည်။
ဒါနပြု၊
သီလဆောက်တည်၊ ဘာဝနာပွား စသည်ဖြင့် ဘာသာရေးအလုပ်ကို ရိုးရိုးသားသား
ဖြူဖြူစင်စင် လုပ်သူများလည်း ချမ်းသာဖို့ဖြစ်သည်။ ယတြာချေ၊ အဓိဋ္ဌာန်ဝင်၊
သက်သတ်လွတ်စား၊ ပုတီးလည်စွပ်၊ ဘုရားတည် စသည်ဖြင့် ဘာသာရေးကို စတန့်ထွင်
လုပ်သူများလည်း ချမ်းသာဖို့ပင်ဖြစ်သည်။
မိမိအလုပ်ကို
ဦးတည်ချက်မဲ့ ရည်ရွယ်ချက်မဲ့ ဖြင့် လုပ်သူဟူ၍ မရှိသလောက်ဖြစ်၏။
ဦးတည်ချက် ရည်ရွယ်ချက် ဖြင့် လုပ်ကြသူသာ များသည်။
ဘာသာရေးလုပ်သူအားလုံးတို့၏ ဦးတည်ချက်၊ ရည်ရွယ်ချက်ကား ချမ်းသာသုခ
ရရှိရေးပင်ဖြစ်သည်။ မိမိဥာဏ်မီသလောက် မိမိသန်ရာ သန်ရာကို ရည်ရွယ်တောင့်တ၍
ပြုကြသည်သာ ဖြစ်သည်။
လူချမ်းသာ၊
နတ်ချမ်းသာ လောက်ကိုသာ ဥာဏ်မီ၍ ထို လူနတ်ချမ်းသာများကိုသာ တောင့်တသူများ
ရှိသကဲ့သို့ ထိုလောက်မျှ ဥာဏမမီသဖြင့် ပစ္စုပ္ပန် လတ်တလော ချမ်းသာကိုသာ
တောင့်တကြသူများလည်း ရှိသည်။ ထို့ထက် ဥာဏ်အမြော်အမြင်ကြီးမား၍ မဂ်၊ ဖိုလ်၊
နိဗ္ဗာန်ချမ်းသာကို ရည်ရွယ်တောင့်တကြသူများလည်း ရှိသည်။ လောကီ ချမ်းသာကို
တောင့်တသည်ဖြစ်စေ၊ လောကုတ္တရာချမ်းသာကို တောင့်တသည်ဖြစ်စေ
ချမ်းသာလိုစိတ်ကတော့ တစ်ခုတည်းပင်ဖြစ်သည်။ တစ်ခုတည်းဟူသည် ချမ်းသာလိုမှု
တူညီခြင်းကို ဆိုလိုသည်။ အားလုံးပင် ချမ်းသာ ချင်ကြ၏။
ချမ်းသာအမျိုးမျိုး
ကာလချမ်းသာ၊
ရူပချမ်းသာ၊ အရူပချမ်းသာ၊ ဖိုလ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာဟု
ချမ်းသာငါးမျိုးခန့်ရှိသည်။ ကာမချမ်းသာ ဟူသည် အဆင်းလှလှ၊
အဆင်းကောင်းကောင်း၊ အသံသာသာ၊ ရနံ့မွှေးမွှေး၊ အစားကောင်းကောင်း၊
အသောက်ကောင်းကောင်း၊ အထိအတွေ့ကောင်းကောင်း များဖြစ်သည်။ ယင်းကာမ ချမ်းသာကို
ကာမဂုဏ်ငါးပါးဟုလည်း ခေါ်သည်။ လိုချင် တပ်မက်စရာဖြစ်၍ နှောင်ဖွဲ့တတ်သော
အာရုံများဟု အဓိပ္ပာယ်ရသည်။ အဆင်း၊ အသံ၊ အနံ့၊ အထိအတွေ့၊ အာရုံတို့သည်
သက်ရှိ သက်မဲ့ နှစ်ခုလုံးနှင့် ဆိုင်သည်။
အဆင်းလှလှဟူရာ၌
အမျိုးသမီးလှလှ၊ အမျိုးသားလှလှ၊ သားလှလှ၊ သမီးလှလှ များပါသလို၊ အိမ်လှလှ၊
တိုက်လှလှ၊ ကားလှလှ၊ အခြားအသုံးအဆောင် လှလှများလည်းပါဝင်သည်။
ထိုအဆင်းလှလှတို့သည် သက်ဆိုင်သူ ပိုင်ဆိုင်သူတို့ကို ချမ်းသာစေသည်။
အသံသာဟူရာ၌
ဇနီးသံ၊ ခင်ပွန်းသံ၊ သာသံ၊ သမီးသံ၊ မိမိအပေါ် ကြင်နာသောအသံ၊ အလေးထားသောအသံ၊
မြှောက်ပင့်သောအသံ၊ ချီးကျူးသော အသံများပါဝင်သလို
အခြားတေးသီချင်းသံ တို့လည်း ပါဝင်ပါသည်။ ရနံ့ မွှေးမွှေးနှင့် စားကောင်း၊
သောက်ကောင်းများ ကား အဓိပ္ပာယ် ရှင်းပါသည်။
အထိအတွေ့ကောင်းဟူရာ၌
အမျိုးသား အထိအတွေ့၊ အမျိုးသမီး အထိအတွေ့၊ သားလေး သမီးလေး၏ အထိ အတွေ့၊
အဝတ်အထည်ကောင်းကောင်း၊ အသုံးအဆောင် ပစ္စည်းကောင်းကောင်းတို့၏ အထိအတွေ့၊
တိုက်အိမ် ကောင်းကောင်း၊ ကားကောင်းကောင်းတို့၏ အထိအတွေ့ အားလုံးပါဝင်သည်။
ယင်းအထိအတွေ့ အာရုံတို့သည် သက်ဆိုင်သူကို ချမ်းသာပေးသည်။
ကာမချမ်းသာဆိုသည့်အထဲတွင်
လူချမ်းသာလည်းပါသည်။ နတ်ချမ်းသာလည်းပါဝင်သည်။ လူလည်း ထိုအာရုံ
ငါးပါးကိုခံစား၍ ချမ်းသာသည်။ နတ်လည်း ထိုအာရုံငါးပါးကို ခံစား၍ ချမ်းသာသည်။
အဆင့်အတန်းကတော့ အတိုင်းအဆမရှိ ကွားခြား၏။ လူက ထိုအာရုံငါးပါးကို
ခံစားနိုင်ဖို့အတွက် အပင်ပန်းခံ၍ တော်တော်ဖန်တီးယူရ သည်။ နတ်က
ဖန်တီးစရာမလို။ ကောင်းမြတ်သော အာရုံငါးပါး အလိုအလျှောက် ပေါကြွယ်ဝနေ၏။ ကွာခြားမှုက
သူတောင်းစားစည်းစိမ်နှင့် စကြာမင်းစည်းစိမ်ကဲ့သို့ အတိုင်းအဆမဲ့
ကွာခြားလှ၏။ လူချမ်းသာ ဟူသည် နတ်ချမ်းသာနှင့် နှိုင်းစာက
သူတောင်းစားအဆင့်မျှသာ ဖြစ်သည်။
ထိုသို့
သူတောင်းစား စည်းစိမ်သမျှ သေးနုတ်လှသော လူချမ်းသာ အနုတ်အဖွဲလေးအတွက်
အပင်ပန်းခံ၊ အဆင်းရဲခံ၊ အကုသိုလ်တွေ အလွန်အကျွံဖြစ်ခံပြီး ဘဝတစ်ခုလုံး
ရင်းနှီးမြှုပ်နှံကာ မောမောပန်းပန်း လိုက်စား ရှာဖွေနေရင်းဖြင့်
ဘဝတစ်ခုပြီးဆုံးသွားခြင်း၊ ကုန်ဆုံးသွားခြင်းသည် နှမြောစရာ
ကောင်းလွန်းလှသည်။
နတ်ချမ်းသာ
တစ်နည်းအားဖြင့်
လူ့ချမ်းသာဟူသည် နတ်ချမ်းသာနှင့် နှိုင်းယှဉ်ပါက မြက်ဖျားပေါ်က
ဆီးနှင်းပေါက်နှင့် သမဒ္ဒရာရေပမာ ကွာခြားပေသည်။ လူသည် ကံနှင့် ဝီရိယကို မှီ၍
အသက်ရှင်ရ၏။ အဓိပ္ပာယ်က ဝီရိယနှင့် အလုပ်လုပ်မှ ကံက အကျိုးပေး၏။ လက်လှုပ်မှ
ပါးစပ်လှုပ်ရ ဟူသော သဘောဖြစ်သည်။ နတ်ပြည်သည် လူ့ပြည်မှ သူဌေးသူကြွယ်များ
စုဆောင်းထားသော ငွေနှင့် အပန်းဖြေစရာ ကမ်းခြေများသို့သွား၍
ပျော်ပျော်ပါးပါး အပန်းဖြေရာဌာန မျိုးဖြစ်သည်။ လူ့ပြည်မှ စုဆောင်းခဲ့သော
ကောင်းမှုကုသိုလ်များဖြင့် နတ်ပြည်သွား၍ အပန်းဖြေ ပျော်ပါးနေကြခြင်းဖြစ်သည်။
မိမိတို့
ရှေးကုသိုလ်ကံကြောင့် ရရှိထားသော ဘုံဗိမာန်များက ထူးထွေ ဆန်းပြား
ခမ်းနားလှ၏။ နတ်သားတို့၏ အရွယ်မှာ အသက်ထက်ဆုံး အသက်(၂၀)ခန့်ဖြစ်၍
နတ်သမီးတို့က အသက်(၁၆)နှစ်ခန့်သာ ဖြစ်သည်။ သွားကျိုး၊ ဆံဖြူ၊ နားအူ၊
မျက်မွဲ၊ အရေတွန့်ခြင်း အလျဉ်းမရှိ။ ပင်ကိုယ်အလှမပျက်ဘဲ တစ်သက်လုံး တည်နေကြ
သည်။ နတ်သြဇာ အဆီအနှစ်ကိုသာ စားသောက်ကြရသဖြင့် ခန္ဓာကိုယ်အတွင်း၌
အလေးအပေါ့မှစ၍ မကောင်း သည့်အညစ်အကြေးဟူသမျှ လုံးဝမရှိ။ အမြဲ
သန့်ရှင်းစင်ကြယ်၍ မွှေးပျံ့နေသည်။ အိုခြင်း၊ နာခြင်း အလျဉ်းမရှိ။
သေခြင်းသာရှိသည်။ သေခြင်းဟူရာ၌ လူ့ပြည်ကဲ့သို့
ရောဂါဝေဒနာခံစားရခြင်းမျိုးမရှိ။ မီးစာကုန် ဆီးခမ်း၍ မီးငြိမ်း
ရခြင်းသဘောမျိုးသာ ဖြစ်သည်။
ပတ်ဝန်းကျင်တစ်ခွင်၌
မကောင်းသော အနိဋ္ဌာရုံ လုံးဝမရှိ။ သာယာကြည်နူးဖွယ် ဣဋ္ဌာရုံတို့ကသာ
အချိန်ပြည့် လွှမ်းမိုးနေတော့သည်။ ဘ၀တစ်လျှောက်လုံးမှာလည်း စိတ်ညစ်စရာ၊
စိတ်ဆင်းရဲစရာ၊ စိတ်ဓာတ်ကျစရာ ဟူ၍ လုံးဝမရှိ။ ပျော်ရွှင်ဖွယ်ရာ၊
ချမ်းမြေ့ဖွယ်ရာတို့သာ အတိပြီးတော့သည်။ ကိုယ်ပင်ပန်းရခြင်း၊
စိတ်ပင်ပန်းရခြင်း အလျဉ်းမရှိ။ ကိုယ်ရောစိတ်ပါ အမြဲတမ်း ပေါ့ပါးသွတ်လက်
ချမ်းသာနေတော့သည်။ ကာမဘုံသားခြင်း အတူတူ ဖြစ်၍ ကာမချမ်းသာခံစားခြင်းက
လူများနှင့် အတူတူပင်ဖြစ်သည်။ သို့ရာတွင် နတ်များက သိမ်မွေ့နူးညံ့သော
အမျိုးအစားဖြစ်၍ အရာရာ သိမ်သိမ်မွေ့မွေ့ နူးနူးညံ့ညံ့ ရှိကြသည်။
နတ်သက်တမ်း
လူ့ပြည်က
အနှစ်(၅ဝ)သည် စတုမဟာရာဇ်နတ်ပြည်၏ တစ်ရက်ဖြစ်သည်။ လ၊ နှစ်တို့က
လူ့ပြည်နှင့် အရေအတွက် တူသည်။ သူတို့ရက်၊ သူတို့လ၊ သူတို့နှစ် ဖြင့်
အနှစ်(၅ဝဝ)သည် သူတို့နတ်သက်တမ်းဖြစ်သည်။ လူနှစ်ဖြင့် ရေတွက်ပါက နှစ်ပေါင်း(၉)သန်းသည် စတုမဟာရာဇ်နတ်သက်
ဖြစ်သည်။
လူ့ပြည်က အနှစ်(၁ဝဝ)သည် တာဝတိံသာနတ်ပြည်၏ တစ်ရက်ဖြစ်သည်။ လ၊
နှစ်တို့က လူ့ပြည်နှင့် အရေအတွက် တူသည်။ သူတို့ရက်၊ သူတို့လ၊ သူတို့နှစ်
ဖြင့် အနှစ်(၁ဝဝဝ)သည် သူတို့နတ်သက်တမ်းဖြစ်သည်။ လူနှစ်ဖြင့် ရေတွက်ပါက နှစ်ပေါင်း(၃ ကုဋေ ၆)သန်းသည် တာဝတိံသာနတ်သက် ဖြစ်သည်။
လူ့ပြည်က အနှစ်(၂ဝဝ)သည် ယာမာနတ်ပြည်၏ တစ်ရက်ဖြစ်သည်။ လ၊
နှစ်တို့က လူ့ပြည်နှင့် အရေအတွက် တူသည်။ သူတို့ရက်၊ သူတို့လ၊ သူတို့နှစ်
ဖြင့် အနှစ်(၂ဝဝဝ)သည် သူတို့နတ်သက်တမ်းဖြစ်သည်။ လူနှစ်ဖြင့် ရေတွက်ပါက နှစ်ပေါင်း(၁၄ ကုဋေ ၄)သန်းသည် ယာမာနတ်သက် ဖြစ်သည်။
လူ့ပြည်က အနှစ်(၄ဝဝ)သည် တုသိတာနတ်ပြည်၏ တစ်ရက်ဖြစ်သည်။ လ၊
နှစ်တို့က လူ့ပြည်နှင့် အရေအတွက် တူသည်။ သူတို့ရက်၊ သူတို့လ၊ သူတို့နှစ်
ဖြင့် အနှစ်(၄ဝဝဝ)သည် သူတို့နတ်သက်တမ်းဖြစ်သည်။ လူနှစ်ဖြင့် ရေတွက်ပါက နှစ်ပေါင်း(၅၇ ကုဋေ ၆)သန်းသည် တုသိသာနတ်သက် ဖြစ်သည်။
လူ့ပြည်က အနှစ်(၈ဝဝ)သည် နိမ္မာနရတိနတ်ပြည်၏ တစ်ရက်ဖြစ်သည်။ လ၊
နှစ်တို့က လူ့ပြည်နှင့် အရေအတွက် တူသည်။ သူတို့ရက်၊ သူတို့လ၊ သူတို့နှစ်
ဖြင့် အနှစ်(၈ဝဝဝ)သည် သူတို့နတ်သက်တမ်းဖြစ်သည်။ လူနှစ်ဖြင့် ရေတွက်ပါက နှစ်ပေါင်း(၂၃၈ ကုဋေ ၄)သန်းသည် နိမ္မာနရတိနတ်သက် ဖြစ်သည်။
လူ့ပြည်က အနှစ်(၁၆ဝဝ)သည် ပရနိမ္မိတဝသဝတ္တိနတ်ပြည်၏ တစ်ရက်ဖြစ်သည်။ လ၊
နှစ်တို့က လူ့ပြည်နှင့် အရေအတွက် တူသည်။ သူတို့ရက်၊ သူတို့လ၊ သူတို့နှစ်
ဖြင့် အနှစ်(၁၆ဝဝဝ)သည် သူတို့ နတ်သက်တမ်း ဖြစ်သည်။ လူနှစ်ဖြင့် ရေတွက်ပါက နှစ်ပေါင်း(၉၂၁ ကုဋေ ၆)သန်းသည် ပရနိမ္မိတဝသဝတ္တိနတ်သက် ဖြစ်သည်။
နတ်ပြည်ခြောက်ထပ်မှ
နတ်အများစုသည် အထက်ပါ နတ်သက်တမ်းအတိုင်း နတ်စည်းစိမ်ချမ်းသာကို လွတ်လပ်
ပျော်ပါးစွာ အပြည့်အဝ ခံစားကြလေသည်။ တောင့်တမှု၊ ကြောင့်ကြမှုမရှိသလို၊
ချုပ်ချယ်မှု၊ အနိုင်ကျင့်မှု၊ ဗိုလ်ကျ စိုးမိုးမှုလည်းမရှိပေ။ အတိတ်ကုသိုလ်ကံ
ချပေးသမျှ ခံစားခွင့်ကို ပြည့်ပြည့်ဝဝ ရရှိခံစားကြရလေသည်။
ကိုယ်ပိုင်ဘုံဗိမာန်၊
ကိုယ်ပိုင်စည်းစိမ်ဖြင့် အားလုံးပြည့်စုံနေကြသဖြင့် တစ်ဦးနှင့် တစ်ဦး
မနာလို ဣဿာဖြစ်စရာ မလို။ မလိုတမာ အဘိဇ္ဈပွားစရာ မလို။ မတော်လောဘဖြစ်စရာ
မရှိ။ ကိုယ်ပိုင်ဆိုင်သည့် သက်ရှိ သက်မဲ့ ပစ္စည်း ဝတ္ထု အဖုံဖုံဖြင့်
သာယာကြည်နူးမှု ရိပ်မြုံထဲတွင် အချိန်ပြည့် ခိုလှုံနေကြသည်။ ပျော်ရွှင်မှု၊
ချမ်းမြေ့မှု၊ ကြည်နူးမှု၊ သာယာမှု တို့ကသာ ဘဝဟူသော အချိန်တို့ကို
ဝါးမြိုနေကြလေသည်။
ရူပ၊ အရူပ ချမ်းသာ
ရူပ၊
အရူပချမ်းသာဟူသည် ဗြဟ္မာချမ်းသာခေါ် ဈာန်ချမ်းသာ ပင်ဖြစ်သည်။
ဗြဟ္မာချမ်းသာဟု ဆိုသဖြင့် ဗြဟ္မာများသာ ခံစားနိုင်သည်မဟုတ်။
ဈာန်ရပုဂ္ဂိုလ်ဟူသမျှ ခံစား စံစားနိုင်သော ချမ်းသာဖြစ်သည်။
ကာမချမ်းသာက မြင်၊ ကြား၊ မွှေးကြူ၊ စားသောက်၊ ထိတွေ့ ရမှ ချမ်းသာသော ချမ်းသာမျိုးဖြစ်သည်။ ဈာန်ချမ်းသာမှာ ထိုသို့မဟုတ်။ ကြည့်ဖို့ မြင်ဖို့မလို၊ ကြားဖို့မလို၊ မွှေးဖို့မလို၊ စားသောက်ဖို့မလို၊ ထိတွေ့ဖို့မလိုဘဲ စိတ်ထဲတွင်ပင် ချမ်းသာသော ချမ်းသာမျိုးဖြစ်သည်။
ကာမချမ်းသာသည် လောဘ၊ ဒေါသများ ရောထွေး၍ ပူစပ် ပူလောင်ချမ်းသာမျိုး ဖြစ်သည်။ ဈာန်ချမ်းသာသည် လောဘ ဒေါသ စသော ကိလေသာ အပူများကင်းသဖြင့် ငြိမ်သက်အေးချမ်းသော ချမ်းသာမျိုးဖြစ်သည်။
ပထမဈာန်ချမ်းသာသည် လေးလံထိုင်းမှိုင်းမှု ထိနမိဒ္ဓ၊ ယုံမှားမှု ဝိစိကိစ္ဆာ၊ ခက်ထန်ကြမ်းတမ်းမှု ဗျာပါဒ၊ ပျံ့လွှင့်မှု ဥဒ္ဓစ္စ၊ ပူပန်မှု ကုက္ကုစ္စ၊ လိုချင်တပ်မက်မှု ကမစ္ဆန္ဒ စသော အပိတ်အဆို့ အတားအဆီးများ ကင်းစင်သဖြင့် လွန်စွာမှ ချမ်းသာလှသည်။
ဒုတိယဈာန်ချမ်းသာသည် ဖော်ပြပါ နီဝရဏတို့မှ ကင်းသည့်အပြင် တွေးကြံမှု၊ စိတ်ကို တွန်းတင်မှု ဝိတက်ပါ ကင်းစင်သွား၏။ တတိယဈာန်ချမ်းသာသည် နီဝရဏ၊ ဝိတက် တို့အပြင် သုံးသပ်မှု ဝိစာရပါ ကင်းသွားသည်။ စတုတ္ထဈာန်က နီဝရ၊ ဝိတက်၊ ဝိစာရ တို့အပြင် နှစ်သက်မှု ပီတိပါကင်းသွားသည်။ အဓိပ္ပာယ်မှာ နှစ်သက်မှု ပီတိ လေးဖြစ်နေသေးသည်ကိုကား ဆင်းရဲသေး၏။
သို့ဖြစ်၍ စတုတ္ထဈာန်ချမ်းသာသည် ပီတိကိုပါ ပယ်လိုက်၏။ သုခချမ်းသာမှုလေးနှင့် ဧကဂ္ဂတာ တည်ကြည်မှုလေး နှစ်မျိုးသာ ကျန်တော့သည်။ ပဉ္စမဈာန်ချမ်းသာအနေဖြင့် စိတ်ထဲမှ သုခလေးဖြစ် ချမ်းသာနေသည်ကိုက ဆင်းရဲ သေးသည်။ သို့ဖြစ်၍ ပဉ္စမဈာန်ချမ်းသာက သုခကိုပါ ထပ်ပယ်ကာ ဥပေက္ခာနှင့် ဧကဂ္ဂတာ သဘောနှစ်မျိုးသာ ကျန်တော့ လျစ်လျူရှုမှုနှင့် တည်ငြိမ်မှု၊ တည်ကြည်မှု စိတ်အစဉ်လေးသာ ရှိတော့သည်။ အရူပချမ်းသာသည် ဤ ပဉ္စမဈာန်ချမ်းသာထဲ တွင်ပါဝင်သည်။ ဈာန်ချမ်းသာတို့သည် တစ်ဆင့်ထက်တစ်ဆင့် အလွန်သိမ်မွေ့သည့် ချမ်းသာ များဖြစ်သည်။
ကမ္ဘာ့သက်တမ်း လေးပုံတစ်ပုံမျှ အသက်ရှည်ကြသော ပထမဈာန် ဗြဟ္မာဘုံက ဗြဟ္မာများသည် ပထမ ဈာန်ချမ်းသာကို ခံစားနေကြသည်။ သူတို့၏ အဟာရသည် ပီတိသာဖြစ်သည်။ ဈာန်စိတ်နှင့်သာ အသက်ထက်ဆုံး တည်ကြသည်။
ဒုတိယဈာန်ဘုံမှ ဗြဟ္မာများသည် သူတို့သက်တမ်း နှစ်ကမ္ဘာ၊ လေးကမ္ဘာ၊ ရှစ်ကမ္ဘာပတ်လုံး ဒုတိယ ဈာန်ချမ်းသာကို ခံစားနေကြသည်။ တတိယဈာန်ဘုံမှ ဗြဟ္မာများသည် သူတို့သက်တမ်း (၁၆)ကမ္ဘာ၊ (၃၂)ကမ္ဘာ၊ (၆၄)ကမ္ဘာပတ်လုံး တတိယဈာန် ချမ်းသာကို ခံစားနေကြ၏။
စတုတ္ထဈာန်ဘုံမှ ဗြဟ္မာတို့သည် သူတို့သက်တမ်းကမ္ဘာ ငါးရာ၊ တစ်ထောင်၊ နှစ်ထောင်၊ လေးထောင်၊ ရှစ်ထောင်၊ တစ်သောင်းခြောက်ထောင် ပတ်လုံး စတုတ္ထဈာန်ချမ်းသာကို ခံစားကြသည်။
အရူပဗြဟ္မာတို့သည် သူတို့သက်တမ်း ကမ္ဘာနှစ်သောင်း၊ လေးသောင်း၊ ခြောက်သောင်း၊ ရှစ်သောင်း ပတ်လုံး သူတို့ဆိုင်ရာ ဈာန်ချမ်းသာကို ခံစားနေကြသည်။
အသညသတ်ဗြဟ္မာတို့သည် ရုပ်တရားသာရှိ၍ နာမ်တရား မရှိကြ။ အရူပဗြဟ္မာတို့သည် နာမ်တရားသာရှိ၍ ရုပ်တရားမရှိကြ။ ယင်းဗြဟ္မာနှစ်မျိုးလုံးသည် တရားမနာနိုင်။ တရားထူးမရနိုင်ကြသဖြင့် မပြစ်ရှိသော အရပ်ဒေသ ကိုရောက်နေကြရသူများဖြစ်လေသည်။ သြကာသ ကန်တော့ချိုး ဆုတောင်းခန်း၌ ရပ်ပြစ်ရှစ်ပါးဆိုရာတွင် အသညသတ်ဗြဟ္မာဘုံနှင့် အရူပဗြဟ္မာဘုံတို့ ပါဝင်လေသည်။
ဘုရားရှင်သည် ဓမ္မစကြာတရားဦးဟောရန် ကျေးဇူးအများဆုံး ပုဂ္ဂိုလ်များကို ရှာသောအခါ လောကီဈာန် သမာပတ်ရှစ်ပါးရအောင် ညွှန်ပြခဲ့ကြသော အာဠရ ရသေ့ နှင့် ဥဒကရသေ့ တို့ကို တွေ့ရ၏။ သို့ရာတွင် ထိုအချိန်၌ ရသေ့နှစ်ပါးစလုံး အရူပဘုံသို့ ရောက်သွားကြသဖြင့် ဘုရားရှင်က (မဟာဇာနိယော ဝတ) အဆုံးရှုံးကြီး ဆုံးရှုံးရလေပြီ ဟု ငြီးထွားတော်မူခဲ့၏။

ဖိုလ်ချမ်းသာ
ဖိုလ်ချမ်းသာဟူသည်
အရိယာပုဂ္ဂိုလ်တို့၏ စည်းစိမ်ဖြစ်သည်။ မိမိရရှိပြီးသော ဖိုလ်စိတ်
ထပ်ကာထပ်ကာ တစ်ဆက်တည်း ဖြစ်နေအောင် အဓိဋ္ဌာန်ပြု၍ ၀င်ရောက်ခံစားခြင်းကို
ဖိုလ်ဝင်စားခြင်း၊ ဖလသမာပတ် ဝင်စားခြင်း ဟုခေါ်၏။ သောတာပန်ပုဂ္ဂိုလ်သည်
သောတာပတ္တိဖိုလ်ကို ဝင်စားနိုင်သည်။ ထို့အတူ အထက်အထက်ဖိုလ် ရရှိ ထားသော
အရိယာပုဂ္ဂိုလ်တို့သည် မိမိတို့ရရှိထားသော ဖိုလ်များကို ၀င်စားနိုင်သည်။
ဖိုလ်ဝင်စားချိန်၌ နိဗ္ဗာန် တစ်ခုတည်းသာရှိသည်။ စိတ်နှင့် နိဗ္ဗာန်နှင့်
တစ်ထပ်တည်း တစ်သားတည်း ဖြစ်နေ၏။ နွေအခါ ပူအိုက်သော အချိန် ရေအေးအေးလေး
ချိုးလိုက်ရသကဲ့သို့ အလွန်ပင် အေးချမ်းလှ၏။ လက်တွေ့ ခံစားဖူးမှ သိနိုင်သော
ချမ်းသာမျိုးဖြစ်သည်။
ဆက်လက်တင်ပြပါမည်။
(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)