Friday, October 19, 2012

လူချမ်းသာ စိတ်ချမ်းသာ (၂)


လူချမ်းသာ စိတ်ချမ်းသာ
နိဗ္ဗာန်ချမ်းသာ
နိဗ္ဗာန်သည် အဝေဒယိတသုခ ဖြစ်သည်။ ခံစားဖွယ်မလို၊ ခံစားမှုမဲ့သော ချမ်းသာမျိုးဖြစ်သည်။ သန္တိသုခ ငြိမ်းအေး သော ချမ်းသာဟုလည်းခေါ်သည်။ အပူခပ်သိမ်း ချုပ်ပြတ်ငြိမ်း သွားသဖြင့် ဥပမာဆောင်၍ နှိုင်းယှဉ်ဖွယ် မရှိအောင် အေးချမ်းလှသော ချမ်းသာမျိုးဖြစ်သည်။ နိဗ္ဗာန်၏ ချမ်းသာပုံကို နိဗ္ဗာန်သိမြင်ပြီးသော အရိယာပုဂ္ဂိုလ်တို့သာ ပြည့်ပြည့်ဝဝ သိနိုင်သည်။ အနီးစပ်ဆုံးဥပမာကား နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချိန်၌ တွေ့ရှိရသော ချမ်းသာမျိုးဟု ဆိုသည်။


လူချမ်းသာ စိတ်ချမ်းသာ

လူဖြစ်လာလျှင် လူလည်း ချမ်းသာဖို့လိုသည်။ စိတ်လည်း ချမ်းသာဖို့လိုသည်။ လူချမ်းသာ၊ စိတ်ချမ်းသာ ဖြစ်မှ လူဖြစ်ရကျိုးနပ်မည်။ သို့ဖြစ်၍ လူချမ်းသာ၊ စိတ်ချမ်းသာအောင် ကြိုစားအားထုတ်ဖို့ လိုအပ်သည်။ တချို့က လူတော့ချမ်းသာပါ၏။ စိတ်မချမ်းသာကြ။ တချို့က စိတ်တော့ချမ်းသာပါ၏၊ လူမချမ်းသာကြ တချို့က လူရော စိတ်ပါချမ်းသာကြသည်။ တချို့က လူရောစိတ်ပါ မချမ်းသာကြချေ။


တချို့က ငေကြေးဥစ္စာပေါများပါသည်။ သို့သော် အသိတရားမရှိကြ။ ဘာသာရေး အဆုံးအမ ကင်းလွတ် နေကြသည်။ ဘုရားမရှိ၊ တရားမရှိ၊ စည်းလွတ် ကမ်းလွတ်နေကြ၏။ တချို့က ဘာသာရေး လုပ်သည်ဆိုသော်လည်း လူမြင်ကောင်းရုံသာလုပ်သည်။ တကယ်ရိုးရိုးသားသား စစ်စစ်မှန်မှန် မဟုတ်ကြ။ မိမိတို့ လိုလားချက် တစ်ခုခု အတွက်ကြောင့်သာ ဘာသာရေးကို ခုတုံးအနေဖြင့် လုပ်ကြသည်။ ထိုသူမျိုးသည် ငွေကြေး ဥစ္စာရှိ၍ လူတော့ချမ်းသာနိုင်ပါ၏။ စိတ်ချမ်းသာမှုကိုတော့ ရရှိမည် မဟုတ်ပေ။

တချို့က မရှိအေးအေး ရှိအေးအေး သမားများဖြစ်ကြသည်။ လိုချင်တပ်မက်မှုလည်းမရှိ။ လောဘ၊ ဒေါသလည်း သိပ်မရှိ။ ကြီးပွားချင်စိတ်၊ ချမ်းသာချင်စိတ်လည်းမရှိ။ ကြီးပွားအောင် ချမ်းသာအောင် လည်းမလုပ်။ ကိုယ်ပင်ပန်း စိတ်ပင်ပန်းလည်းမခံ။ အစားကိုလည်း ရောင့်ရဲနိုင်၏။ အဝတ်ကိုလည်း ရောင့်ရဲနိုင်၏။ နေစရာအိမ်ကိုလည်း ဖြစ်သလိုနေသည်။ ဘယ်အရာကိုမျှ ပူပန်လှသည်မရှိ။ ဘုရားရှိခိုး၊ ပုတီးလေးစိပ် ပုံမှန်လုပ်သည်။ ဘယ်သူတွေ ဘယ်မျှ ကြီးပွားနေကြ၍ သိန်းသုံးလေးရာတန် ကားစီးနေကြပေမယ့် သူ့အတွက် ဘတ်စ်ကားသည်သာ စီးတော်ယာဉ် ဖြစ်သည်။ ထိုလူမျိုးသည် ရုပ်ဝတ္ထုမချမ်းသာ၊ လူမချမ်းသာ ပေမယ့် စိတ်ချမ်းသာသော ပုဂ္ဂိုလ်မျိုး ဖြစ်သည်။


တချို့က ကြီးပွားချင်စိတ်၊ ချမ်းသာချင်စိတ်ရှိကြ၏။ ကြီးပွားခြင်း၊ ချမ်းသာခြင်း၏ အရေးပါပုံ၊ အရာရောက်ပုံ၊ တန်ဖိုးရှိပုံတို့ကိုလည်း သဘောပေါက်ကြသည်။ ကြီးပွားချမ်းသာခြင်း၏ အကြောင်းနည်းလမ်းကိုလည်း လေ့လာ လိုက်စားကြသည်။ ဆည်းပူးသင်ယူကြသည်။ လက်တွေ့လည်း ကြိုးစား အကောင်အထည်ဖော်ကြသည်။ ကြီးပွား ချမ်းသာအောင်လုပ်ကြသည်။ ကြီးပွားချမ်းသာအောင် လုပ်သော်လည်း မတော်လောဘမရှိကြ။ ရှိသင့်သော လောဘသာရှိကြသည်။ စီးပွားရှာရာ၌ လောဘမရှိ၍မဖြစ်။ လောဘနှင့်ရှာမှသာ ကြီးပွားနိုင်သည်။ လောဘသည်လည်း ကြီးပွားခြင်း၏ အကြောင်းတစ်ချက်ဖြစ်သည်။ သူတစ်ပါးကို မထိခိုက် မနစ်နာစေဖို့သာ အဓိကဖြစ်ပါသည်။


ကံ၊ ဥာဏ်၊ ၀ီရိယတို့ ကောင်းမွန်ပြည့်စုံ၍ ကြီးပွားချမ်းသာသွားသော ထိုပုဂ္ဂိုလ်သည် ဘာသာရေးကိုလည်း လိုက်စားသည်။ ဘုရားတရားကိုလည်း ကိုင်းရှိုင်းသည်။ အတု အယောင် လူမြင်ကောင်းအောင် မဟုတ်။ စစ်စစ် မှန်မှန် လုပ်ဆောင်မှုမျိုးဖြစ်သည်။ ဆွေမျိုးကိုလည်း ထောက်ပံ့သည်။ ဘာသာ သာသနာကိုလည်း ကောင်းကျိုးပြု သည်။ လူမျိုးရေးကို မြှင့်တင်သည်။ မရှိဆင်းရဲသားကို စွန့်ကြဲ၏။ မိမိဆွေမျိုးထဲမှ ချို့တဲ့သူများကို ထောက်ပံ့သည်။ ပညာရေးထူးချွန်သူများကို ချီးမြှင့်မြှောက်စားသည်။ 

ပရိယတ္တိတာဝန်၊ ပဋိပတ္တိတာဝန်များကို အမှန်တကယ် ထမ်းဆောင်နေသော ရဟန်းတော်တို့အတွက် ဆွမ်းလိုလျှင်ဆွမ်း၊ သင်္ကန်းလိုလျှင် သင်္ကန်း၊ ကျောင်းလိုလျှင်ကျောင်း၊ ဆေးလိုလျှင် ဆေး၊ ပစ္စည်းလေးပါးတို့ကို လိုအပ်ရာရာ လှူဒါန်းပူဇော်သည်။ အမှန် တကယ်လိုအပ်သည့် လက်တွေ့အမှန်တကယ် ကောင်းကျိုးရှိမည့် အရာများကို လိုအပ်သလို လှူဒါန်း၏။ ဆေးရုံ၊ ဆေးခန်း၊ ဆေးပစ္စည်း၊ စာသင်ကျောင်း၊ ပညာရေးအထောက်အကူ ပြုပစ္စည်းများကို လိုအပ်သည့်နေရာ၌ လိုအပ်သလို လှူဒါန်း၏။ အလှူဒါနဟူသည် လှူသူရော အလှူခံသူပါ စိတ်ချမ်းသာ စေသည်မှာ အမှန်ပင်ဖြစ်ပါသည်။


ဘာသာတရား၏ အခြေခံအုတ်မြစ်သည် မေတ္တာနှင့် ကရုဏာဖြစ်၍ ဘာသာတရား၏ ကိုယ်ထည် အဆောက်အအုံကား စောင့်စည်းမှု၊ ထိန်းသိမ်းမှု၊ မှန်ကန်မှု၊ တည့်မှတ်မှု ဝိရတီသစ္စာဖြစ်သည်။ ဘာသာတရား၏ အထွတ်အထိပ်ကား အရှိကို အရှိအတိုင်း အဟုတ်ကို အဟုတ်အတိုင်း အမှတ်ကို အမှန်အတိုင်း သဘောပေါက်မှု၊ နားလည်မှု၊ သိမြင်မှု ပညာဖြစ်သည်။


ရုပ်ပိုင်းဆိုင်ရာ ကြီးပွားချမ်းသာ၍ အမျိုးဘာသာ သာသနာကို စစ်စစ်မှန်မှန် ကောင်းကျိုးပြုကာ ဘာသာတရား၏ အခြေခံအုတ်မြစ်၊ အထည်ကိုယ်၊ အဆောက်အအုံပိုင်း၊ အထွတ်အထိပ်ပိုင်း တို့ကို သိမြင်သဘောပေါက် နေသော ပုဂ္ဂိုလ်မျိုးသည် လူလည်းချမ်းသာ စိတ်လည်းချမ်းသာ သော ပုဂ္ဂိုလ်မျိုးဖြစ်သည်။


တချို့က ကံအကျိုးပေးနုံချာလှသည်။ ဆင်းရဲတွင်းကနက်၏။ အတတ်ပညာကလည်းမရှိ။ အသိပညာကလည်း မရှိ၊ ကံကမွဲ၊ ဥာဏ်ကတုံး၊ စိုက်ထုတ်သမျှ ဝီရိယသည် ကံနှင့်ဥာဏ်မပါသဖြင့် ပင်ပန်းသလောက် ခံစားခွင့်က မရှိ။ အူမကမတောင့်သဖြင့် သီလက မစောင့်နိုင်။ အလှူဟူသည် လှူစရာရှိမှ လှူ၍ရသည်။ လှူစရာက မရှိသဖြင့် ဒါနဟူသည် ဖြူသလား၊ မဲသလားမသိ။ စားဝတ်နေရေး ရုန်းကန်နေရသဖြင့် ဘုရားကိုလည်း အမှတ်မရနိုင်၊ တရားကိုလည်း အမှတ်မရနိုင်။ သံဃာဟူ၍ အိမ်ရှေ့က ဖြတ်ကြွသော ဆွမ်းခံကိုယ်တော်ကိုပင် ဆွမ်းမလောင်း နိုင်သောကြောင့် မျက်နှာပူသဖြင့် ရှောင်တိမ်းနေရ၏။ အစားကဆင်းရဲ၊ အ၀တ်ကဆင်းရဲ၊ နေရေးထိုင်ရေးက ဆင်းရဲ၊ အရာရာဆင်းရဲ သဖြင့် လူလည်းဆင်းရဲ၏။ စိုးရိမ်မှု၊ တောင့်တမှု၊ ကြောင့်ကြမှု တို့နှင့်သာ နပန်းလုံးနေရ သဖြင့်လည်း စိတ်လည်း ဆင်းရဲ၏။ လူရော စိတ်ပါ ဆင်းရဲသော လူစားမျိုးဖြစ်သည်။


လူချမ်းသာ စိတ်ချမ်းသာစေဖို့

လူချမ်းသာဖို့အတွက် ငွေရှိရသည်။ ငွေများများ ရှိသူကိုသာ လောက က လူချမ်းသာဟု သတ်မှတ်ကြသည်။ မှန်သည်။ ငွေရှိလျှင် စားချင်တာ စားလို့ရသည်။ ၀တ်ချင်တာ ၀တ်လို့ရသည်။ သုံးချင်တာ သုံးလို့ရသည်။ အိမ် ကောင်းကောင်း တိုက်ကောင်းကောင်း နှင့် နေလို့ရသည်။ ကားကောင်းကောင်း စီးလို့ရသည်။ လူ့အသုံးအဆောင် ကောင်းကောင်း ပစ္စည်းမှန်မှန်သမျှ ၀ယ်ယူ သုံးဆောင် ခံစားနိုင်သည်။ အဖိုးထိုက် အဖိုးတန်ပစ္စည်းများကို ပိုင်ဆိုင် နိုင်သည်။ ငွေရှိလျှင် လူကို ချမ်းသာစေသည်မှာ အမှန်ပင်ဖြစ်သည်။ သို့ဖြစ်၍ လူအများစု ငွေရှိအောင် ကြိုးစားနေကြသည်။

စိတ်ချမ်းသာဖို့အတွက် စိတ်ရှိဖို့လိုသည်။ ဘာစိတ်လဲ ဟုမေးလျှင် ကုသိုလ်စိတ်ပင်ဖြစ်သည်။ တစ်နည်းအားဖြင့် တရားနှင့်ယှဉ်သောစိတ် ရှိရသည်။ အဖြောင့်ဆိုလျှင် တရားရှိရသည်။ တရားနည်းနည်းရှိလျှင် နည်းနည်းစိတ်ချမ်း သာ၍ များများရှိလျှင် များများစိတ်ချမ်းသာ၏။ မိမိတရားရှိသည့် ပမာဏနှင့်အမျှ စိတ်ချမ်းသာမှုကိုရသည်။

လူချမ်းသာ ဖြစ်ချင်သူသည် ငွေရှိရသည်။ ငွေရှိအောင် ကြိုးစားရသည်။ ငွေရှိလျှင် လူချမ်းသာ၍ တရားရှိလျှင် စိတ်ချမ်းသာမည်ဖြစ်သည်။ လူချမ်းသာ ဖြစ်ချင်သူသည် ငွေကို တိုးအောင်၊ ပွားအောင်၊ များအောင် လုပ်ရသကဲ့သို့ စိတ်ချမ်းသာချင်သူသည် ကုသိုလ်တရား တိုးအောင်၊ ပွားအောင်၊ များအောင် လုပ်ရသည်။

လူချမ်းသာဖြစ်ဖို့အတွက် ကြီးပွားချမ်းသာချင်စိတ် ပြင်းပြရသည်။ ကြီးပွားချမ်းသာလိုသော ဆန္ဒထက်သန် ရမည်။ ကြီးပွားချမ်းသာဖို့အတွက် ကြိုးစားရမည်။ လုံ့လ၀ီရိယ ထက်သန်ရမည်။ ဇွဲကောင်းရမည်။ အပင်ပန်းခံနိုင်ရမည်။ ကြီးပွားချမ်းသာစေနိုင်သော အသိဥာဏ်နှင့် ပြည့်စုံရမည်။ ခေတ်စကားနှင့်
 ပြောရလျှင် စီးပွားရေးဦးနှောက် ရှိရမည်။ အထက်ပါ အချက်အလက် လေးမျိုး ပြည့်စုံပါက မကြီးပွားလို့ကို မဖြစ်၊ ကြီးပွားကို ကြီးပွားရမည် ဖြစ်သည်။
အဓိပတိတပ် အလုပ်လုပ်ပါ

အများစုသည် အထက်ပါ လေးချက်နှင့် မပြည့်စုံကြပါ။ သို့ဖြစ်၍ အများစုသည် ဆင်းရဲနေကြရသည်။ အချို့က ကြီးပွားချမ်းသာချင်စိတ်ကို မရှိကြ။ သာမန်ယောင်ဝါးဝါးနှင့် အချိန်တွေကို ဖြုန်းတီးပစ်နေကြသည်။ အချို့က ကြီးပွားချမ်းသာ ချင်သောစိတ်လည်းရှိ၏။ ကြိုးလည်း ကြိုးစားပါ၏။ သို့သော် ဦးနှောက်ကမပါတော့၊ ဦးနှောက် အရည်အသွေးက မပြည့်စုံတော့ ပင်ပန်းသလောက် အကျိုးခံစားခွင့် မရဘဲ ရှိကြသည်။

အချို့က စီးပွားရေး ဦးနှောက်တော့ရှိပါသည်။ လမ်းရိုးကမသွားချင်။ ဖြတ်လမ်းကသာ လိုက်ချင်ကြသည်။ အလျင်လို လမ်းအိုလိုက် ဟူသည့် ဆိုရိုးစကားအတိုင်း မြန်ချင်လျှင် သွားရိုးသွားစဉ် လမ်းဟောင်းကသာ လိုက်ရာ၏။ လမ်းသစ်မထွင်ရမဟုတ်၊ ထွင်ရပါသည်။ သို့သော် သိပ်ဖြတ်လမ်းကျသော နည်းကိုတော့ မထွင် ကောင်းပါပေ။


(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။