စတုတ္ထမဏ္ဍိုင် ပန်းပဲဆရာ
လောကမှာ အထူးချွန်ဆုံး၊ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဘုရား၊ ပစ္စေကဗုဒ္ဓါ စတဲ့
အာဇာနည်ပုဂ္ဂိုလ်ထူးတွေဟာ ဇဗ္ဗူဒိပ်ဆိုတဲ့ လူ့ပြည်မှာသာ
မွေးဖွားဖြစ်ပေါ်ကြတယ်။ သုဂတိဘုံထဲက ချမ်းသာသုခတွေ သာလွန်တယ်ဆိုတဲ့
မြောက်ကျွန်းတို့လို နေရာတွေ၊ နတ်ပြည် ဗြဟ္မာ့ပြည်လို နေရာတွေမှာ မွေးဖွား
ဖြစ်ပေါ်လေ့ မရှိကြပါဘူးတဲ့။
ဒါနဲ့ပတ်သက်လို့ မြတ်စွာဘုရားရှင်က အင်္ဂုတ္တရနိကာယ်၊ န၀ကနိပါတ်၊ တိဌာနသုတ်မှာ …“ဇဗ္ဗူဒိပ်တောင်ကျွန်းသားများဟာ တခြားသုဂတိဘုံသားတွေထက် ရဲရင့်ခြင်း၊
သတိတရားထင်ရှားခြင်း၊ မြင့်မြတ်တဲ့ ကျင့်စဉ် (မဂ္ဂင်ရှစ်ပါး) တို့ကို
ကျင့်သုံးနိုင်ခြင်းဆိုတဲ့ အချက်သုံးချက်အားဖြင့် သာလွတ်ကြတဲ့အတွက်ကြောင့်
ဖြစ်တယ်” လို့ ဟောတော်မူပါတယ်။
ဒီအကြောင်းကို မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီးက
ထပ်ဆင့်ရှင်းလင်းဟောပြောရာမှာတော့ “လူ့ပြည် လူ့ဘ၀ဆိုတာ ကုသိုလ်ကံတို့ ရဲ့
အကျိုးဖြစ်တဲ့ ချမ်းသာသုခများနဲ့ အကုသိုလ်ကံတို့ရဲ့ အကျိုးဖြစ်တဲ့ဆင်းရဲဒုက္ခများ ရောထွေးအကျိုးပေးရာဌာနဖြစ်လို့ ကောင်းဆိုး နှစ်တန်ဖြစ်တဲ
လောကဓံ တရားရှစ်ပါးတို့လည်း ထင်ရှားတယ်။ မွေးခြင်း၊ အိုခြင်း၊ နာခြင်း၊
သေခြင်း လက္ခဏာတွေကို ထင်ထင်ရှားရှားတွေ့မြင် နိုင်ကြလို့ ၀ိပဿနာရဲ့
အာရုံဖြစ်တဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာတွေလည်း ထင်ရှားတယ်။
လောကဓံဆိုးတို့ကို တွန်းလှန်ပြီး လောကဓံကောင်းတို့ကိုရရှိအောင်
ဉာဏ်စွမ်း၊ လုံ့လစွမ်းတို့နဲ့ ကြိုးစားအားထုတ်ကြရတဲ့အတွက် သူရ သတ္တိနဲ့
သတိဝိရိယတရားများ သာလွန်မြတ်ခြင်းဖြစ်တယ်။ လက္ခဏာရေးသုံးပါးတို့ကို
မျက်ဝါးထင်ထင် တွေ့မြင်နိုင်တဲ့အတွက် အမြတ် ဆုံးကျင့်စဉ်ဖြစ်တဲ့
မဂ္ဂင်ရှစ်ပါးတို့ကို ကျင့်သုံးနိုင်ရေးမှာလည်း တခြားသုဂတိဘုံများထက်
အခွင့်သာခြင်းဖြစ်တယ် ဆိုတဲ့အကြောင်း ရှင်းပြ ပါတယ်။ ဒီနေရာမှာ ဆရာတော်ဘုရားကြီးက သိလွယ်မြင်သာတဲ့ ဥပမာတခုကိုလည်း
ထုတ်ပြတော်မူပါတယ်။ လောကမှာရှိတဲ့သံရိုင်းတုံးတွေဟာ မီးနဲ့ချည်း
တဖက်သတ်ဖုတ်ထားပြန်ရင်လည်း လူတို့အသုံးဝင်တဲ့ ဓားလှံလက်နက်တွေ
ကိရိယာ တန်ဆာပလာတွေ ဖြစ်မလာနိုင်သလို ရေနဲ့ ချည်းစိမ်ထားပြန်ရင်လည်း
အလားတူပဲ ဘယ်လိုလူသုံးပစ္စည်းမျိုးမှ ဖြစ်မလာနိုင်ပါဘူးတဲ့။
သံတုံးများဟာ ကျွမ်းကျင်တဲ့ပန်းပဲဆရာများက လိုအပ်သလို မီးနဲ့လည်း
ဖုတ်တန်ရင်ဖုတ်ပြီး ပုံဖော်ပေးရတယ်။ ရေနဲ့ စိမ်တန်ရင်လည်း စိမ် ပေးပြီး
အပျော့အမာသင့်အောင် ပြုပြင်ပေးမှသာ ထက်မြက်တဲ့ ဓားလှံလက်နက်တို့၊
လူ့အသုံးအဆောင်ကိရိယာ တန်ဆာပလာတို့ ဆိုတာတွေ ဖြစ်လာနိုင်ပါတယ်တဲ့။ အဲဒီ ဥပမာအတိုင်းပဲ သတ္တဝါတွေထဲမှာလည်း ဒုဂ္ဂတိဘုံသားဖြစ်တဲ့ ငရဲတိရစ္ဆာန်
စတဲ့သတ္တဝါများဟာ အကုသိုလ်ရဲ့အကျိုးဖြစ်တဲ့ ဆင်းရဲ ဒုက္ခများနဲ့
အမြဲတမ်းလိုလို ကြုံတွေ့နေကြရလို့ မီးနဲ့ချည်း တဖက်သတ်ဖုတ်ထားခြင်းခံရတဲ့
သံတုံးများနဲ့တူတယ်။
အထက် နတ်ဘုံ ဗြဟ္မာ့ ဘုံသား သတ္တဝါတို့ဆိုတာတွေကလည်း
ကုသိုလ်ရဲ့အကျိုးဖြစ်တဲ့ အာရုံငါးဖြာ ကာမဂုဏ်ချမ်းသာတွေကိုသာ
ကြုံတွေ့ခံစားနေကြရတဲ့ ကံ ဟောင်းစားသက်သက်တွေလိုဖြစ်နေကြလို့
သံဝေဂပွားလောက်စရာ ကံနဲ့ကံရဲ့အကျိုးတရားတွေကလည်း နှစ်မျိုးလုံး
ပြည့်စုံအောင် မထင် ရှားကြဘူး။ ဝိပဿနာရဲ့အာရုံဖြစ်တဲ့
လက္ခဏာရေးသုံးပါးတို့လည်း မထင်မရှားမပီပြင်ကြဘူး။ ဒါကြောင့် သူရသတ္တိတို့၊
သတိဝီရိယတို့၊ မဂ္ဂင်ရှစ်ပါးတို့လည်း ဖြစ်ပေါ်နိုင်ဖို့ ခဲရင်းကြတယ်လို့
ဖွင့်ဆိုရှင်းပြတော်မူပါတယ်။
ဆရာတော်ကြီးပေးတဲ့ဥပမာဟာဓမ္မနယ်ပယ်အတွက်သာမက လောကနယ်ပယ်မှာလည်း
ကောင်းမွန်ထက်မြက် တိုးတက်မှုကို လိုလားသူ တိုင်း လက်ကိုင်ပြုပြီး
သတိမူသင့်တယ်လို့ ထင်ပါတယ်။ အထူးသဖြင့်တော့ သားသမီးတို့ရဲ့
ထက်မြက်တိုးတက်မှုကို လိုလားတဲ့မိဖများ၊ တပည့်တို့ရဲ့တိုးတက်မှုကိုလိုလားတဲ့
ဆရာသမားများနဲ့ နိုင်ငံရဲ့တိုးတက်မှုကိုလိုလားတဲ့
စတုတ္ထမဏ္ဍိုင်ပညာရှင်များပေါ့။
မိဖများ၊ ဆရာသမားများနဲ့ပတ်သက်လို့ အရင်ကလည်း အခွင့်ကြုံတိုင်း
အကြံပြုခဲ့ဖူးပါတယ်။ သားသမီးများ၊ တပည့်များနဲ့ ပတ်သက်လာရင်
အမှားကိုထောက်ပြရာမှာ လိုအပ်သည်ထက်မပိုကြဖို့နဲ့
အကောင်းကိုအသိအမှတ်ပြုရာမှာ အခါသင့်အခွင့်ကြုံတိုင်း မလစ်မလပ်အောင်
အသိအမှတ်ပြုပေးဖို့ဆိုတဲ့ အကြောင်းပါ။ ဘယ်ကိစ္စမျိုးမှာမဆို
ကိုယ်မဖြစ်စေချင်တဲ့အရာကို မလွှဲသာ မရှောင်သာလောက်သာ သဘော ထားဆုံးမကြပြီး
ကိုယ်ဖြစ်စေချင်တဲ့ အရာများကိုသာ အကြိမ်ကြိမ်အထပ်ထပ်
အလေးထားသိမှတ်ပြောဆိုပေးသင့်မယ် ထင်ပါတယ်။
လူ ဆိုတာ အကြုံများရာ
အကြိုက်ပါတတ်ကြတယ်ဆိုတာ သတိပြုသင့်ပါတယ်။ အကောင်းဘက် ပြောင်းလဲလာပါလျှက်
အကောင်းကိုတော့ အလေးထား သိမှတ်မှုမပြုဘဲ အဆိုးကိုသာ ထပ်တလဲလဲပြောနေမယ်ဆိုရင်
“ဘာလုပ်လုပ် အကောင်းမထင်မှတော့ ဘာထူးမှာလဲ’’ ဆိုတဲ့ စိတ်မျိုးပေါက်ပြီး
အရွဲ့တိုက်ရာက အဆိုးသံသရာထဲမှာ ဝဲလည်နစ်မြုပ်သွားကြတဲ့ သားသမီးတွေ
တပည့်တွေကို ကိုယ်တိုင်တွေ့ကြုံရဖူးလို့ အခုလို အကြံပြုလိုက်ရတာပါ။
မိဖတို့၊ ဆရာသမားတို့အနေနဲ့တော့ ပန်းပဲဆရာလိုမျိုးဖြစ်ဖို့ထက် ပန်းချီပန်းပုဆရာတို့လိုမျိုး ပိုပြီးဖြစ်သင့်မယ် ထင်ပါတယ်။ ညင်သာသိမ်မွေ့ဖို့ လိုအပ်လို့ပါ။
အဲ .. စတုတ္ထမဏ္ဍိုင်ဆရာများအနေနဲ့တော့ ပန်းပဲဆရာလိုမျိုးဖြစ်ဖို့က ပိုပြီးသင့်လျှော်မယ်လို့ ထင်မိပါတယ်။ ပန်းပဲဆရာကောင်းဆိုတာ
သံ ကို ပူသွားမလား၊ အေးသွားမလားဆိုတဲ့ ကရုဏာတရားနဲ့ ကြည့်ရမှာ မဟုတ်ဘဲ၊
သံချေး စင်မစင်၊ သံသားစေ့ မစေ့၊ လိုအပ်တဲ့ပုံစံ ကျ မကျဆိုတဲ့
အသိဉာဏ်တရားနဲ့ကြည့်ပြီး မီးထဲမှာ ဖုတ်သင့်သမျှလည်း ဖုတ်၊
ရေနဲ့စိမ်သင့်ရင်လည်းစိမ်၊ သံကြောစေ့အောင် သံတွေရဲရဲကို သဲပြင်မှာ ခါတန်ခါ၊
ပုံစံကျအောင် တူထုတန်ထု၊ စို့နှပ်တန် နှပ်၊ ဆောက်ဖြတ်တန်ဖြတ်၊ ကိုက်
(ဂိုက်) ဆွဲတန် ဆွဲ၊ ကျောက်ခဲမှာ သွေးတန် သွေးပြီး
ဆောင်ရွက်လုပ်ကိုင်ကြရတာပါ။
စတုတ္ထမဏ္ဍိုင်ဆရာများပြုပြင်ပေးရမှာက သံတွေမဟုတ်ပါဘူး။ လူတွေပါ။ ဒါကိုလည်း အထူးသတိပြုသင့်ပါတယ်။သံကို ပြုပြင်ပုံဖော်ရတဲ့ ပန်းပဲဆရာများအနေနဲ့
သံအပေါ်မှာ ဗြဟ္မစိုရ်မဖက် ဉာဏ်ပညာသက်သက်နဲ့သာ ကြည့်ကြတာဖြစ်ပေမဲ့လူကို
ပြုပြင်ရာမှာတော့ ဗြဟ္မစိုရ် လေးပါးလုံးခြံရံတဲ့ ပညာမျက်စေ့နဲ့
ကြည့်ကြရမှာပါ။ လောကအပေါ် မေတ္တာလွှမ်းခြုံပြီး ကရုဏာသက်ဖွယ်ရာများကို
မျက်ခြေမပြတ် ရှု၊ မုဒိတာပွားနိုင်ရေးကိုမှန်းမျှော်ပြီး ချစ်ခြင်း
မုန်းခြင်းကင်းတဲ့ ဥပေက္ခာ စိတ်နဲ့ လောကရဲ့တိုးတက်ရေးကို ရှေးရှုတတ်တဲ့
အသိဉာဏ်တို့ ပေါင်း စုဆောင်ရွက်ကြရတဲ့ အလုပ်ဖြစ်လို့ပါ။
စတုတ္ထမဏ္ဍိုင်ဆိုတဲ့အမည်နဲ့လိုက်အောင် တော်တည့်မှန်ကန်တဲ့ ပန်းပဲဆရာကောင်းများဖြစ်ဖို့ဆိုရင်
အရှင်အာဒိစ္စဝံသရဲ့နာမည်ကျော် “ခဲ လေးချက်’’တို့ကို
မလွဲမသွေကျော်လွှားနိုင်ကြဖို့တော့ လိုအပ် ပါလိမ့်မယ်။ အဲဒါကတော့ …
“မှားမှန်အဖြစ်၊ စစ်ဘိခဲတုံ
မှားအမှန်၊ ဝေဖန်သိခဲ့တုံ
မှားမှန်ဝေခွဲ၊ ပြောခဲဘိတုံ
အမှားအလှန်၊ အမှန် ကျင့်ခဲတုံ” ဆိုတဲ့ လေးချက်ပါပဲ။
အဲ့ဒီ ခဲလေးချက်ကို ကျော်လွှားနိုင်ပြီဆိုရင် သူ့ရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ …
“မှားမှန် အဖြစ်၊ စိစစ်ရဲစေ
မှား အမှန်၊ ဝေဖန် သိရဲစေ
မှားမှန် ဝေခွဲ၊ ပြောရဲတတ်စေ
အမှားအလှန်၊ အမှန်ကျင့်ရဲစေ” ဆိုတဲ့
“မှားမှန်အဖြစ်၊ စစ်ဘိခဲတုံ
မှားအမှန်၊ ဝေဖန်သိခဲ့တုံ
မှားမှန်ဝေခွဲ၊ ပြောခဲဘိတုံ
အမှားအလှန်၊ အမှန် ကျင့်ခဲတုံ” ဆိုတဲ့ လေးချက်ပါပဲ။
အဲ့ဒီ ခဲလေးချက်ကို ကျော်လွှားနိုင်ပြီဆိုရင် သူ့ရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ …
“မှားမှန် အဖြစ်၊ စိစစ်ရဲစေ
မှား အမှန်၊ ဝေဖန် သိရဲစေ
မှားမှန် ဝေခွဲ၊ ပြောရဲတတ်စေ
အမှားအလှန်၊ အမှန်ကျင့်ရဲစေ” ဆိုတဲ့
စတုတ္ထမဏ္ဍိုင်ရဲ့တကယ့်ဂုဏ်သိက္ခာ အစစ်ဖြစ်တဲ့ “ရဲလေးချက်’’ နဲ့လည်း ပြည့်စုံဖို့ လိုအပ်ပါလိမ့်မယ်။
ဒါဟာ “ဒီနေ့ စတုတ္ထမဏ္ဍိုင်မှာ ဒီရဲလေးချက် မပြည့်စုံသေးဘူး’’ လို့
စွပ်စွဲလိုတာ မဟုတ်ပါဘူး။ မိမိသတင်းစာဖတ်ခဲ့တဲ့အတွေ့အကြုံအရ
သုံးသပ်မိသမျှကိုသာ ပြောလိုရင်းဖြစ်ပါတယ်။
ဟုတ်ပါတယ်။ မိမိတို့ သတင်းစာဖတ်ဖူးခါစဖြစ်တဲ့ ဟိုးလွန်ခဲ့တဲ့ ၁၉၅၉-၆ဝ
ဝန်းကျင်လောက်ဆီက မိမိတို့မွေးဖွားရာ ကျေးလက်ဒေသကို
ရောက်လာတဲ့သတင်းစာတွေဆိုတာ ဆန့်ကျင်ဘက်ပါတီကြီးနှစ်ခုကို
ကိုယ်စားပြုတဲ့သတင်းစာတွေပဲ ဖြစ်ပါတယ်။ ကျောင်းထိုင် ဆရာ တော်က
သတင်းစာဝါသနာပါမှန်းသလို့ ပါတီနှစ်ခုလုံးက အပြိုင်ပို့ပေးကြတာပါ။
ဆရာတော်ကမျက်စိမှုန်လို့ မိမိတို့ကိုရင်များက အလှည့်ကျ ဖတ်ပေးရပါတယ်။
သတင်းစာအားလုံးကိုကြည့်လိုက်ရင် ဆန့်ကျင်ဘက်ပါတီရဲ့ အပြစ်အနာအဆာတွေချည်း ရေးထားတာ
ဖြစ်လို့ ငရဲပြည် က သံတုံးများလို့ပဲဆိုရမယ်ထင်ပါတယ်။ အဲဒီတုန်းက
မိမိအသက်က ဆယ့်သုံးနှစ်လောက်ပဲရှိသေးတယ်။ တစ်နေ့မှာ ဆရာတော်က သ
တင်းစာဖတ်ပေးရတဲ့ မိမိတို့ကို “ကဲ ..မင်းတို့က ဘယ်ပါတီကိုသဘောကျသလဲ’’ လို့
မေးပါတယ်။ မိမိက “ဘယ်ပါတီမှ သဘောကျစရာ မရှိပါဘူးဘုရား’’ ဆိုတော့ “ဟ ..
ကိုရင်လေးရ ဘာဖြစ်လို့တုန်း’’ တဲ့။ “ဒီသတင်းစာတွေထဲမှာ
ရေးထားတဲ့အတိုင်းဆိုရင် ဘယ်ပါတီမှအ ကောင်းမရှိတော့လို့ပါဘုရား’’ ဆိုတော့
“အေး .. ဒါလဲ ဟုတ်သားဟ’’ တဲ့။
မိမိမြို့ကို စာသင်ရောက်တဲ့အချိန်မှာတော့ မဆလခေတ်ဆိုတာကို
ရောက်လာပါတယ်။ အဲဒီခေတ်မှာ စတုတ္ထမဏ္ဍိုင်တို့ရဲ့အခြေအနေကတော့ ဟံသာဝတီသတင်းစာ အယ်ဒီတာကတောင် ခေါင်းကြီးပိုင်းက
နေပြီး
“ဗောင်းတော်သိမ့်အောင် ခေါင်းတော်ညိတ်’’ လုပ်မနေကြဖို့တို့၊ “မှေး လိုက်
မှိန်းတုတ် ပင်းခုတ် ပေါင်းစား’’ မလုပ်ကြဖို့တို့၊ “တံခါးမကြီးကို
ဖွင့်သူဖွင့်၊ ပြတင်းပေါက်ကို ပိတ်သူပိတ်’’ မလုပ်ကြဖို့တို့၊ “ပြောမှား
ကြားလွဲဖြစ်မှုကြီး’’ တွေ မကျူးလွန်ကြဖို့တို့ သတိပေးနေရတာကိုကြည့်ရင်
အရှင်အာဒိစ္စဝံသပြောတဲ့ “ခဲ’’ဆိပ်မိနေကြတာတွေချည်းပဲဖြစ်လို့
ရေနဲ့အစိမ်များပြီး အအေးမိနှာစေး
နေကြတယ်လို့ပဲ ဆိုရမယ်ထင်ပါတယ်။
ဒီနေ့ခေတ်မှာတော့ ဒီအစွန်းတရားနှစ်မျိုးလုံးကို လုံးဝ စွန့်
လွှတ်သင့်ကြပါပြီ။
မီးနဲ့ချည်းဖုတ်နေဖို့ ခေတ်လဲမဟုတ်သလို၊ ရေနဲ့စိမ်ထားသလို
ရေငုံနှုတ်ပိတ်လုပ်နေဖို့လည်း မလိုအပ်တော့ပါဘူး။ ကောင်းတာမှန်တာကို
မုဒိတာအပြည့်နဲ့ အသိမှတ်ပြုသင့်ကြသလို ဆိုးတာ မှားတာများကိုလည်း
ပြည်သူတို့ရဲ့ စကားပြန်များပီပီ ပြောဆိုပေး ရမည့်ခေတ်ကို ရောက်လာပြီလို့
ပြောချင်ပါတယ်။ ခဲလေးချက်ခဲ အဆိပ်ဘေးကင်းဝေးပြီး ရဲလေးချက် အားဆေးများနဲ့
စတုတ္ထမဏ္ဍိုင်ကြီး ပန်းပဲဆရာကောင်းပီသစွာ ကျန်းမာပါစေလို့ ဆုတောင်းတိုက်တွန်းလိုက်ပါတယ်။
ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)
မတ်လ ၁၇၊ ၂၀၁၂
မတ်လ ၁၇၊ ၂၀၁၂