Monday, October 22, 2012

လူချမ်းသာ စိတ်ချမ်းသာ (၃)


လူချမ်းသာ စိတ်ချမ်းသာ
ငွေဆိုတာ မျက်နှာပွင့်ဆေး

ချမ်းသာလိုသူသည် ငွေဆိုတာ မျက်နှာပွင့်ဆေး တစ်လက်ပါလား ဟု သဘောပေါက်သင့်သည်။ ငွေသည် စွမ်းအား ကြီးမား၏၊ တန်ခိုးရှိ၏၊ လူဖျင်း၊ လူအ၊ လူနုံ၊ လူဗာလ၊ လူရာမ၀င်သူတို့သည် ငွေကြောင့် လူရာမ၀င် နိုင်၏။ ရုပ်ဆိုးသူတို့သည် ငွေကြောင့် ရုပ်ချောသူတို့အကြားမှာ နေရာရ၏။ လူကို အမွမ်းတင်နိုင်သူမှာ ငွေပင်ဖြစ်သည်။


ငွေရှိမှ လူရာဝင်သည်။ ငွေများ တရားနိုင်ဟုဆိုသည်။ ငွေသည် ပညာရှိတို့၏ နှလုံးသော်မှ ကိုင်လှုပ်နိုင်၏။ ပြတ်ပြတ်သားသား ရှိသူသည် ငွေကြောင့် မပြတ်မသား ဖြစ်တတ်သည်။ ကြမ်းတမ်းသူသည် ငွေကြောင့် ပျော့ပျောင်းသွားရသည်။ ပျော့ပျောင်းသူသည်လည်း ငွေကြောင့် ကြမ်းတမ်းသွားနိုင်သည်။ ငွေသည် လောကကြီး ကို တလွဲတချော်ဖြစ်အောင် လုပ်နိုင်စွမ်းသည်။ ငွေသည် အရာရာကို လုပ်ဆောင်နိုင်သည်ဟု အင်္ဂလိပ် စကားပုံက ဆိုသည်။


ငွေမရှိသော ဆင်းရဲသားကလေး လူကြားသူကြားလေလည်တာ မသေခင်က ပုပ်နေတဲ့ကလေး ဟု ကဲ့ရဲ့ကြသည်။ ပိုက်ဆံရှိသူ သားသမီး လူကြားသူကြား လေလည်တော့ ဒီကလေးက ကျန်းမာရေးးအလွန်ကောင်း တာပဲ ဟု ချီးကျူးကြသည်။ ငွေ၏ လှည့်စားမှုသည် ဆန်းကြယ်လှပါဘိ။


သီလသမာဓိရှိသော ဘုန်းတော်ကြီးတစ်ပါးသည် သူကျောင်းထဲ ကလေးများဆူလျှင် ဆော့လျှင် အတော်မနှစ်မြို့။ အဆူမခံ၊ အဆော့မခံ။ မျက်နှာရှိသော မိဘတို့၏ သားသမီးများဆူလျှင် ဆော့လျှင် ခပ်ပြုံးပြုံးနှင့် ကြည့်နေတော့သည်။ ဘုန်းတော်ကြီး ကိုယ်တိုင်ပင် ဆော့စရာ၊ ကစားစရာ ရှာပေးသည့်အပြင် စားစရာတောင် ခေါ်ကျွေးလိုက်သေး၏။ အတော်စွမ်းနိုင်သော ငွေဖြစ်သည်။


ရန်ကုန်က နာမည်ကြီး ဆရာတော်တစ်ပါးကို တွေ့ဖူးသည်။ ရဟန်းငယ်တစ်ပါးနှင့် သူ့ရဟန်းဒကာ ပိုက်ဆံရှိ ဒကာကြီး၏ ညီဖြစ်သူတို့ အဆိုပါ ဆရာတော်ကြီးထံ ရောက်သွား၏။ အလှူကိစ္စတစ်ခု ပင့်လျှောက်ရန် ဖြစ်သည်။ ဆရာတော်ကြီးနှင့် တွေ့တွေ့ချင်း လှေကားအနီးတွင် ဆရာတော်ကြီးက ဒကာကြီးကိုပဲ အရေးတယူ နှုတ်ဆက် ပြောဆိုနေ၏။ ရဟန်းငယ်ဘက်ကို ဘာတစ်ခွန်းမျှ လှည့်၍မမေး။ သူစိတ်ကျေနပ်သည်အထိ စကား ပြောသွား၏။ ရဟန်းငယ်ဘက် မလှည့်တော့။ နှုတ်လည်းမဆက်၊ ဘာတစ်ခုမှလည်း မမေးမြန်း။ ထိုအခါ အကြောင်းကိစ္စကို လျှောက်ထားရ၏။


တစ်ခါကလည်း ထိုရဟန်းငယ်သည်ပင် အခြားဒကာမကြီးတစ်ဦးနှင့် အဆိုပါ ဆရာတော်ကြီးထံ ရောက်သွားသည်။ ဆရာတော်ကြီးက ဒကာမကြီးကိုပဲ ဂရုတစိုက် ပြောဆိုဆက်ဆံ၏။ ရဟန်းငယ်ကိုတော့ သာမန်မျှပင်ဖြစ်သည်။ စိတ်ဝင်စားမှုမပြု။ ထိုဆရာတော်ကြီးသည် သာမညောင်ညမဟုတ်။ သူ့နီးစပ်ရာတို့က ရဟန္တာဟု သမုတ်နေသော အဓိကရ ဆရာတော်ကြီး တစ်ပါးဖြစ်သည်။ 

ဆရာတော်ကြီးသည် သီလနှင့်လည်း ပြည့်စုံပါသည်။ သမာဓိလည်း ရှိသင့်သလောက် ရှိမည် ထင်ပါသည်။ ကြည်ညိုဖွယ်လည်း ဆောင်ပါ၏။ ယခု အကြောင်းအရာသည် ဆရာတော်ကြီးကို ကဲ့ရဲ့လိုသည်မဟုတ်၊ ရှုံ့ချလိုသည် မဟုတ်။ မည်သည့်နေရာသွားသွား၊ မည်သည့်ပုဂ္ဂိုလ်ထံ ချဉ်းကပ်ချဉ်းကပ် ငွေသည် မျက်နှာပွင့်ဆေး ဖြစ်သည်ကို သဘောပေါက်ရန် သာဓကများ ထုတ်ပြနေရခြင်းဖြစ်သည်။

စောင့်ရှောက်ထိန်းသိမ်းရန်လိုသည်

ဘုရားရှင်က မိမိရှာဖွေပြီး၊ ရရှိပြီး၊ ပိုင်ဆိုင်ပြီး ဥစ္စာများကို စောင့်စောင့်ရှောက်ရောက်၊ ထိန်းထိန်း သိမ်သိမ်း ရှိရမည်ဟု မိန့်တော်မူသည်။ စီးသည့်ရေ၊ ဆည်သည့်ကန်သင်း ဟူသည့်အတိုင်း အထက်က စီးသည့်ရေကို အောက်က ကန်သင်းဆည်ပေးနိုင်ပါမှ စီးသည့်ရေများ ကန်သင်းဘောင်အတွင်းတွင် တစ်လုံးတစ်ခဲတည်း တည်ရှိမည်ဖြစ်သည်။ အင်နှင့်အားနှင့် အလုံးအရင်းနှင့် ရရှိနိုင်မည် ဖြစ်သည်။ ထိုကန်သင်းဘောင်အတွင်း တည်ရှိသော ရေများကို ပြွန်များ၊ မြောင်းများသွယ်၍ လိုအပ်ရာ စိုက်ခင်းများသို့ သွယ်ယူစိုက်ပျိုးနိုင်သည်။ ထို့အတူ မိမိရှာဖွေ စုဆောင်း သိမ်းဆည်း ထုပ်ပိုးပြီး ငွေကြေး ဥစ္စာများမှ စီးပွားရေး ကိစ္စ၊ လူမှုရေးကိစ္စ၊ ဘာသာရေးကိစ္စ၊ ရပ်ရွာကိစ္စများအတွက် ထုတ်ယူသုံးစွဲရသည်။

စီးပွားပျက်ကြောင်း(၆)ပါး

စီးပွားပျက်ကြောင်းများကို သိထားရမည်။ သိရှိပြီး ရှောင်ကြဉ်နိုင်ရမည်။ စီးပွားပျက်ကြောင်း တရားများကို သိင်္ဂါလောဝါဒသုတ် တွင် ၆ မျိုး ဟောထားသည်။ သေရည် သေရက်သောက်စားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ပျော်ပွဲ ရွှင်ပွဲ ဝါသနာကြီးလွန်းခြင်း၊ လောင်းကစားမှုပြုခြင်း၊ ညဥ့်နက်သန်းခေါင် အချိန်မဲ့ အခါမဲ့ သွားလာခြင်း၊ မကောင်းသော မိတ်ဆွေဆိုးများနှင့် ပေါင်းသင်းခြင်း၊ ထကြွလုံ့လ မရှိခြင်း၊ ပျင်းရိခြင်း တို့ဖြစ်သည်။

အထက်ပါ အချက် ၆ မျိုးတွင် သာမန်နှင့် လွန်လွန်ကဲကဲဟူ၍ နှစ်မျိုးရှိသည်။ သာမန်သည် အများစုရှိသည့်အခါ ရှိကြမည်ဖြစ်သည်။ လွန်လွန်ကဲကဲ မဖြစ်ရန် အရေးကြီးသည်။ လွန်ကဲလျှင်တော့ စီးပွားပျက်ပြီး မွဲရန်၊ ဆင်းရဲရန် သေချာသည်။ လုံးဝကင်းအောင် ရှောင်နိုင်လျှင် အကောင်းဆုံးဖြစ်မည်။ ရှောင်နိုင်လျှင် ရှောင်နိုင်သလောက်၊ ကင်းလျှင် ကင်းသလောက် ကြီးပွားချမ်းသာမည်ဖြစ်သည်။

ပရာဘဝသုတ်လာ ပျက်စီးကြောင်း (၂၄)ပါး

ဘုရားရှင်သည် ပရာဘဝသုတ်တော်၌လည်း ပျက်စီးကြောင်း တရားတို့ကို ဟောထားတော်မူသည်။ အချက် အလက် ၂၄ မျိုးရှိသည်။ ဂါထာအားဖြင့် ၁၂ ပုဒ်ရှိသည်။ ပျက်စီး ဟူရာတွင် စီးပွားပျက်ရုံမက ဘဝပါပျက်စီး စေနိုင်သော အကြောင်းတရား များဖြစ်သည်။ အသိဥာဏ်မရှိသူသည် ပျက်စီးတတ်သည်။ လူမှာ အရေးအကြီး ဆုံးသည် အသိဥာဏ်၊ သို့မဟုတ် အသိစိတ်ဓာတ် ၊ အသိတရား ပင်ဖြစ်သည်။ 

စီးပွားရေးလည်း သိတတ်ရမည်။ လူမှုရေးလည်း သိတတ်ရမည်။ အသိတရားဟူသည် လွန်စွာကျယ်ပြန့်သည်။ မိဘအပေါ် သိတတ်ရသည်။ ဆရာသမားအပေါ် သိတတ်ရသည်။ ညီအစ်ကို မောင်နှမ ဆွေမျိုးသားချင်းအပေါ် သိတတ် ရသည်။ သူ့ဖို့၊ ကိုယ့်ဖို့ မျှ၍ သိတတ်ရသည်။ ရှေ့ရေး နောက်ရေး ထောက်ဆ သိတတ်ရသည်။ လူမှာ အသိတရား ရှိမှသာ ကြီးပွား တိုးတက်နိုင်မည်။ အသိတရား မရှိလျှင် ပျက်စီးဖို့သာ ရှိသည်။

သူယုတ်မာကို ချစ်ခင်ရင်းနှီး သံယောဇဉ်ကြီးလျှင် ပျက်စီးတတ်သည်။

သူတော်ကောင်းကို မချစ်ခင် မုန်းတီးလျှင် ပျက်စီးတတ်သည်။

မသူတော်တရားကို နှစ်သက်လျက် မသူတော်၏ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်ကို သဘောကျ အတုယူ ကျင့်သုံးလျှင် ပျက်စီးတတ်သည်။

အအိပ် စုံမက်ခြင်း၊ အလွန်အကျွံအိပ်ခြင်း၊ အအိပ်ကြီးခြင်း၊ ပွဲလမ်းသဘင် လိုက်စားခြင်း၊ အပျော်အပါး မက်ခြင်း၊
ထကြွလုံ့လမရှိခြင်း၊ ပျင်းရိ ထိုင်းမှိုင်းခြင်း၊ အပျင်းထူခြင်း၊ အပျင်းကြီးခြင်း၊ အမျက်ဒေါသကြီးခြင်း၊ အာဃာတ ကြီးခြင်းတို့သည် ပျက်စီးရန် အကြောင်းတရားများဖြစ်သည်။

ဖအို မိအိုတို့ကို မပြုစု မစောင့်ရှောက်လျှင် ပျက်စီးတတ်သည်။

အလှူခံပုဂ္ဂိုလ်များ၊ သူတောင်းစားများကို ပစ္စည်းလေးပါးဖြင့် ဖိတ်ကြားဝန်ခံထားပြီး လက်တွေ့မလှူဘဲ မဟုတ်မမှန် ပြောကြား၍ လိမ်လည်လှည့်ပတ်လျှင် ပျက်စီးတတ်သည်။

စည်းစိမ်ဥစ္စာ ချမ်းသာကြွယ်ဝ ပြည့်စုံပေါများသူ ဖြစ်ပါလျက် အလှူကိစ္စသတိမရ၊ မလှူဒါန်း မဝေငှဘဲ မိမိတို့သာ စားသောက်ပျော်ပါး ခံစားနေလျှင် ပျက်စီးတတ်သည်။

စီးပွားလာလျှင် အလှူအတန်း မပြတ်ပြုထားရသည်။ မပြုလျှင် စီးပွားပျက်တတ်သည်။

အမျိုးမာန်ခက်ထန်ခြင်း၊ အနွယ်မာန်ခက်ထန်ခြင်း၊ ဥစ္စာမာန်ခက်ထန်ခြင်း၊ ပညာမာန်၊ ရာထူးမာန် စသည်ခက်ထန်ခြင်း၊ မိမိဆွေမျိုးကို မထီမဲ့ပြုခြင်း ဤသဘောတရားတို့သည် ပျက်စီးကြောင်းများဖြစ်သည်။

မ, လိုက်စားခြင်း၊ အရားသမားဘွဲ့ထူးခံခြင်း၊ လောင်းကစားဝါသနာကြီးခြင်းတို့သည် ပျက်စီးကြောင်း တရားများ ဖြစ်သည်။

ကာမဂုဏ် အပျော်အပါးလိုက်စားခြင်း၊ မိမိအိမ်သူအပေါ် သစ္စာမစောင့်ခြင်းတို့သည် ပျက်စီးရာ ပျက်စီးကြောင်း တရားများဖြစ်သည်။

အသက်အရွယ်လွန်သူဖြစ်လျက် ငယ်ရွယ်သူ အမျိုးသမီးနှင့် အိမ်ထောင်ပြုလျှင် ပျက်စီးတတ်သည်။

ဥစ္စာ စည်းစိမ် ဂုဏ်သိမ်မရှိပါဘဲ အလိုရမ္မက်ကြီးခြင်း၊ ဥစ္စာစည်းစိမ် ဂုဏ်သိမ်မရှိပါဘဲ မင်းအဖြစ် တောင်းတခြင်း တို့သည် ပျက်စီးကြောင်းများဖြစ်သည်။

လူချမ်းသာဖြစ်လိုလျှင် အမျိုးသား၊ အမျိုးသမီးသည် ဘုရားဟောသော အထက်ပါ ပျက်စီးကြောင်းတရားများကို ရှောင်ရှားနိုင်၍ လူ့စည်းစိမ်၊ လူ့ချမ်းသာကို ကြိုးစား၍ တည်ဆောက်နိုင်ရာသည်။

နောက်ဖေးချောင် လုံဖို့လိုသည်

စားဝတ်နေရးဟူရာတွင် စားရေးကိစ္စသည် အရေးကြီးဆုံးဖြစ်၍ ရှေ့ဆုံးကထားကာ ဆိုခြင်းဖြစ်သည်။ သက်ရှိ သတ္တဝါတိုင်း အစားနှင့် မကင်းကြ။ လူတွင်လည်း အစားက နံပါတ်တစ် ဖြစ်နေသည်။ ဝင်ငွေကောင်းသူများအဖို့ အစားက မသိသာသော်လည်း သာမန်ဝင်ငွေရှိသူတို့အတွက် အစားက (စားစရိတ်)က သိသာလွန်းသည်။ ဥစ္စာဖြို စားဖိုက ဟုဆိုသည်။ ရှာဖွေရရှိထားသော ဥစ္စာကို ဖြိုဖျက်နေသည်မှာ စားဖိုဆောင်က ဖြစ်သည်။

အဝတ်က တစ်ထည်ချုပ်ထားလျှင် လချီ၊ နှစ်ချီပြီး ဝတ်ရ၏။ အဆောက်အအုံက တစ်ခါဆောက်လျှင် တစ်သက် လုံး နေထိုင်လို့ရသည်။ အစားက ထိုသို့မဟုတ်ချေ။ နေ့တိုင်းချက် နေ့တိုင်းစားနေရသည်။ ဝင်ငွေကသာ နေ့စဉ် မရှိနေမည်။ ထွက်ငွေက အစားအတွက် နေ့စဉ် ထွက်နေရသည်။ စားရေးကိစ္စသည် ဝင်ငွေထဲမှနေ တတိတိနှင့် ထွက်အောင် ပြုနေလေသည်။

သို့ဖြစ်၍ အစားနှင့်ပတ်သက်၍ စည်းကမ်းရှိရမည်။ ကုန်သင့်သာလျှင် ကုန်ဖို့အတွက်၊ မကုန်သင့်တာတွေ မကုန်ဖို့ အတွက် ထိန်းထိန်း သိမ်းသိမ်းရှိရမည်။ မိသားစုတစ်စု အဖွဲ့အစည်းတစ်ခုမှာ စားဖိုဆောင်လုံအောင် ထိန်းနိုင်ဖို့ အရေးကြီးသည်။ ကျွေးစရာရှိလျှင် ကျွေးရမည်ဖြစ်သည်။ သို့သော် သူနှင့်တန်ရာ တန်ရာသာ ဖြစ်ရ မည်။ မတန် မရာကို မလုပ်ရ။ ကြောင်ကို ကြောင်စာသာကျွေးရမည်။ လူစာကျွေး၍မဖြစ်ပေ။ လူမှာတွင်လည်း သူအဆင့်နှင့်သူ ရှိသည်။ သူ့အဆင့်နှင့် လျော်ညီရာကိုသာ ကျွေးရသည်။ လူတန်းစားခွဲသည်မဟုတ်၊ သူ့ အလိုလို လူတန်းစား ကွဲပြီးသားဖြစ်သည်။

လုံခြုံပါစေ၊ သန့်ရှင်းပါစေ

မိမိကိုယ်ပိုင် ပစ္စည်းများတွင် လုံခြုံမှုလိုအပ်သောပစ္စည်းများကို လုံခြုံအောင် သိမ်းဆည်း၍ စောင့်ရှောက်ရ မည်။ ပြုပြင်မှုလိုအပ်သော ပစ္စည်းများကို ပြုပြင်မှုပြု၍ စောင့်ရှောက်ရသည်။ ပစ္စည်းဥစ္စာဟူသည် ရှာဖွေဖို့သာ ခက်ခဲသည်မဟုတ်။ စောင့်ရှောက်ဖို့၊ ထိန်းသိမ်းဖို့၊ ကာကွယ်ဖို့၊ ပြုပြင်ဖို့သည်လည်း ခက်ခဲသည်။ လူချမ်းသာ ဖြစ်လိုသူသည် ရှေ့က အပတ်တကုတ် ကြိုးစားအားထုတ် ရှာဖွေနိုင်သကဲ့သို့ နောက်ပိုင်း လုံခြုံအောင် ထိန်းသိမ်း နိုင်ရန်လည်း အထူးလိုအပ်ပါသည်။ 

 ရှေ့က ရှာနိုင် ဖွေနိုင်ပါသော်လည်း နောက်ပိုင်းလုံခြုံအောင် မထိန်းသိမ်း မစောင့်ရှောက်နိုင်ပါလျှင် ကြီးပွားတိုးတက်မှု ဖြစ်မလာနိုင်ပေ။ စီးပွားဟူသည် စီးမှပွားသည်ဟု အချို့က ဆိုကြသည်။ အရာရာ စီးစီးပိုးပိုးလုပ်မှ ကပ်စေးနှဲမှ ပွားများပေါများလာ သည်ဟူသော အဓိပ္ပာယ် ဖြစ်သည်။

စီးပွားဟူသည် စည်းရှိမှ ပွားသည်

စီးပွားဟူသည် စီးလို့ ပွားသည် မဟုတ်ပါ။ စည်းလို့ (စည်းကမ်းရှိလို့) ပွားလာခြင်းသာ ဖြစ်ပါသည်။ ချမ်းသာ ချင်သူသည် အသုံးအစွဲ စည်းကမ်းရှိဖို့ အထူးလိုအပ်ပါသည်။ ဟော့ဟော့ရမ်းရမ်း ၊ စည်းမဲ့ကမ်းမဲ့ သုံးစွဲသူ၊ ငွေသုံးမိုက်မဲသူသည် မွဲဆေးဖော်နေခြင်းပင် ဖြစ်သည်။ ကုဋေရှစ်ဆယ်ကြွယ်ဝသော သူဌေးသားသော်မှ ငွေကို စည်းမဲ့ကမ်းမဲ့ သုံးသဖြင့် သူတောင်းစားဘဝ ရောက်ရသော သာဓကများ ရှိခဲ့ဖူးပါသည်။

စည်းဟူသည် သူ့စည်း၊ ကိုယ့်စည်း နှင့်ဖြစ်အောင် နယ်နိမိတ် သတ်မှတ်ထားသော နယ်ခြားအမှတ်အသား ဖြစ်သည်။ ထို့ကြောင့် မိမိစည်းအတွင်းမှ မထွက်သင့်သည်များ ထွက်မသွားအောင်၊ မိမိစည်းအတွင်းသို့ မ၀င်သင့် သည်များ ဝင်မလာအောင် ထိန်းချုပ်၊ ဘောင်ခတ်ထားခြင်းဖြစ်သည်။ စည်းအတွင်း ဘောင်းတွင်း တွင် နေရသဖြင့် အရာရာ လုံခြုံမှု ရှိသည်။ စိတ်ချ လက်ချ ရှိသည်။

ကမ်းဟူသည် ထိန်းချုပ်ထားသော အနားသတ် ဖြစ်သည်။ ကမ်းမရှိလျှင် ပင်လယ် စသည်တို့ ဖြစ်မလာနိုင်။ ကမ်းရှိ၍သာ မြစ်တို့၊ ပင်လယ်တို့၊ ရေကန်တို့ ရှိရာသည်။ ထိုမြစ်၊ ပင်လယ်၊ ရေကန်တို့ ရှိ၍သာ လူအများ ချမ်းသာ နေကြရသည်။ ကမ်းရှိ၍ ရေရှိ၊ ရေရှိ၍ လူအများ ချမ်းသာကြရသကဲ့သို့ ငွေနှင့်စပ်၍ စည်းရှိ၊ ကမ်းရှိ၊ စည်းကမ်းရှိရှိ သုံးစွဲမှသာ လက်ထဲတွင် အလုံးအခဲနှင့် များများစားစား ပိုလျှံမည်ဖြစ်သည်။ ငွေပိုငွေလျှံ ရှိမှသာ လိုအပ်ရာရာ စိတ်တိုင်းကျ သုံးစွဲနိုင်မည်ဖြစ်သည်။ သို့မှသာ လူချမ်းသာ ဖြစ်နိုင်သည်။

အ၀တ်မှာလည်း စည်းကမ်းရှိရသည်။ အစားမှာလည်း စည်းကမ်းရှိရသည်။ အခြားနေမှု၊ ထိုင်မှု၊ သုံးဆောင်မှု တို့မှာလည်း စည်းကမ်းရှိရသည်။ မိမိကလည်း စည်းကမ်းရှိရသည်။ မိမိနှင့် သက်ဆိုင်သူ အိမ်သူအိမ်သား မှန်သမျှ အားလုံး စည်းကမ်းရှိရသည်။ တပည့်ငယ်သား အားလုံးသည်လည်း စည်းကမ်းရှိရသည်။ ငွေထုတ်၍ သုံးစွဲမှု မှန်သမျှ စည်းကမ်းရှိရသကဲ့သို့ ငွေပေး၍ ၀ယ်ရသော အသုံးအဆောင်ပစ္စည်းများ အပေါ်တွင်လည်း စည်းကမ်းရှိရှိ သုံးစွဲရသည်။ သို့ဖြစ်ရာ လူချမ်းသာဖြစ်ချင်သူသည် ငွေသုံးစွဲမှုနှင့် စပ်လျဉ်း၍ စည်းကမ်းရှိရန် လိုပါသည်။

(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။

အောင်မြေမှ ပြန်လည်မျှဝေခြင်းပါ။