Thursday, October 25, 2012

လူချမ်းသာ စိတ်ချမ်းသာ (၄)


 လူချမ်းသာ စိတ်ချမ်းသာ
ဦးနှောက်ကို အပြည့်အဝ သုံးပါ

ချမ်းသာချင်သူသည် ဗေဒင်ဆရာ၊ ဓာတ်ဆရာ၊ နတ်ဆရာ တို့ကို အလွန်အကျွံ အားမကိုးသင့်ပေ။ ငွေကုန်ခံ လူပင်ပန်းခံပြီး မယုံကြည် အားမကိုးသင့်ပေ။ လူအများစုသည် ဗေဒင်ကို ဝါသနာပါကြ၍ လုံးဝကြီးတော့ မကန့်ကွက် လိုပါ။ သာမန် အပျင်းပြေ တော်ရုံ တန်ရုံသာ ကောင်းသည်။ ဗေဒင်သည် ဘုရားဟော မဟုတ်သကဲ့သို့ ဘုရားဟော ထေရဝါဒ ဗုဒ္ဓဘာသာကလည်း လက်မခံပါ။ ဗေဒင်ဟူသည် သာသနာတော်၏ ဆူး၊ ငြောင့်၊ ခလုတ်သာ ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် သာသနာ ကွယ်ရခြင်းသည် ဗေဒင်ဆရာ၊ ဂါထာ၊ မန္တန် ဆရာတို့၏ လက်ချက်ကြောင့်ဖြစ်သည်။ ဗေဒင်ကြောင့် သာသနာ ကွယ်နိုင်သည်ကို အထူး သတိပြုသင့်သည်။

ဘုရားရှင်က “ နံနက်ခင်းမှာ ကောင်းသော ကာယကံ၊ ဝစီကံ၊ မနောကံ များရှိကြလျှင် ကောင်းသော နံနက်ခင်း ဖြစ်သည်။ ကောင်းသော နက္ခတ်နှင့် ယှဉ်နေသည်။ မင်္ဂလာရှိသော နံနက်ခင်းဖြစ်သည်။ နေ့ခင်းသည်လည်း ထို့ အတူပင်ဖြစ်သည် ” ဟု မိန့်တော်မူခဲ့သည်။

ဘုရားရှင်က “ ကိုယ့်ကိုယ်ကိုယ် အားကိုးပါ၊ ကိုးကွယ်ပါ ” ဟု မိန့်တော်မူခဲ့သည်။ အဓိပ္ပာယ်မှာ မိမိ၏ကံ၊ ဥာဏ်၊ ဝီရိယကိုသာ အားကိုးပါဟု ဆိုလိုရင်း ဖြစ်သည်။ မိမိ၏ ကာယကံ၊ ဝစီကံ၊ မနောကံ တွေကို စင်ကြယ်အောင်၊ သန့်ရှင်းအောင်၊ ကောင်းအောင် လုပ်ပါ။ မိမိဥာဏ်ပညာကို ထက်မြက်အောင်၊ ကောင်းအောင် လုပ်ပါ။ မိမိ၏ ဝီရိယ ကို ကောင်းအောင်လုပ်ပါ။ ကြိုးစားအားထုတ်ပါ။ အပင်ပန်းခံ၊ အဆင်းရဲခံလုပ်ပါ။ လက်ရှိမှာလည်း ကံ၊ ဥာဏ်၊ ဝီရိယတို့ ကောင်းနေလျှင် အတိတ်ကံကလည်း ထောက်ပံ့မယ်ဆိုလျှင် ဘယ်ဘုရားမှ လာတား၍မရပါ။ အတိတ်ကံက အားနည်းနေသော်မှ ပစ္စုပ္ပန်ကြိုးစားသလောက် တော့ ခံစားခွင့်ရှိမည်သာ ဖြစ်သည်။ အမှန်စင်စစ် ထိပ်တန်းက ပုဂ္ဂိုလ်ကြီးတို့သည် အတိတ်ကံထည့်၍ စကား မပြောကြပေ။

အလုပ်အကိုင် အဆင်ပြေ၊ ကြီးပွားချမ်းသာ ချင်သူတို့သည်လည်း ဗေဒင်ဆရာဆီကို သွားကြသည်။ အိမ်ထောင်ပြု ချင်သော အမျိုးသား အမျိုးသမီးတို့သည်လည်း ဗေဒင်ဆရာဆီ သွားကြသည်။ ရာထူးတက်ချင်၊ အာဏာတည်မြဲချင် သူတို့သည်လည်း ဗေဒင်ဆ၇ာဆီကို သွားကြသည်။ သို့ဖြစ်၍ ခပ်ကြမ်းကြမ်းဆရာတော် တစ်ပါးက ဗေဒင်မေးတယ်ဆိုတာ ဥစ္စာရူး၊ လင်တရူး၊ အာဏာရူးတွေပါဟု မိန့်ခဲ့သည်။ ရူးမရူး ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ရန် ဖြစ်သည်။

သဘောဥာဏ် ပြည့်ဝသူ ထေရဝါဒဗုဒ္ဓဘာသာကို ခြေခြေ မြစ်မြစ် နားလည်သူ (ထေရဝါဒဗုဒ္ဓဘာသာ စစ်စစ်ဖြစ်သူ) ကံနှင့် အကျိုးကို ပြည့်ပြည့်ဝဝ ယုံကြည်လက်ခံသူတို့သည် ဗေဒင်ကို စိတ်ဝင်စားခြင်း မရှိကြပေ။ ရသေ့စိတ်ဖြေသဘော၊ အပျင်းပြေသဘောလောက်သာ သဘောထားကြသည်။ ဆိုခဲ့သော အရူးလေးမျိုး (တို့ထက် အလွန် ငါးမျိုး ခြောက်မျိုး ရှိချင် ရှိဦးမည်) တို့သာ ဗေဒင် ကို စွဲစွဲလမ်းလမ်း ယုံကြည်ကြခြင်း ဖြစ်သည်။

ထိုအမျိုးမျိုးသော အရူးတို့ဖြင့် ရူးကြသောအခါ မိမိ၏ အသိဥာဏ် အစစ်အမှန်မှာ ပျောက်ကွယ်သွားသည်။ ဘာကြောင့်ပျောက်ကွယ်သည်ဆိုလျှင် မောဟက ဖုံးထားခြင်းကြောင့်ဖြစ်သည်။ ပုထုဇဉ်အရူးဆိုသည့်အတိုင်း ပုထုဇဉ်သည် မောဟ ဖိစီးမှုကြောင့်၊ လောဘလှည့်စားမှုကြောင့်၊ ဒေါသချောက်တွန်းမှုကြောင့် ရူးတော့ရူးနေကြ သည်သာများသည်။ အရူးကြီး အရူးလေးသာ ကွာခြားသည်။ ကိုယ့်ကိုယ်ကိုယ် ရူးမှန်းမသိ ရူးနေကြသူက အများစု ဖြစ်သည်။

လောဘကြောင့် ကြီးပွားရသကဲ့သို့ လောဘကြောင့်လည်း ပျက်စီးရသည်။ လောဘမကင်းသူမှန်သမျှ လိုချင်စိတ် ရှိမည်ဖြစ်သည်။ လောကရေးရာ အတွက် ရချင်စိတ်၊ ပိုင်ဆိုင်ချင်စိတ်၊ လိုချင်စိတ်က ရှိကို ရှိရမည်ဖြစ်သည်။ ယင်းစိတ်မျိုး ရှိမှသာ ကြီးပွားနိုင်မည်။ သို့ရာတွင် မတော်လောဘ မရှိရ၊ မတော်လောဘ သည် ပျက်စီးကြောင်း ဖြစ်သည်။

မဟိစ္ဆတာ - အလိုရမက်များမှု၊ အတြိစ္ဆတာ - အလွန့်အလွန်လိုချင်မှု၊ ပါပိစ္ဆတာ- ယုတ်မာသောလိုချင်မှု။ အလိုဆိုးမှု။ အလိုကြီး အရနည်းဟူသည့် အတိုင်း လောဘသိပ်ကြီးလွန်းလျှင် ရတတ်သည်မဟုတ်။ တော်ရုံ တန်ရုံ သင့်ရုံကိုသာ လိုချင်ရာ၏။ တော်၊ တန်၊ သင့် ဟူသည် မိမိ အနေအထားနှင့် ဖြစ်နိုင်၊ ရနိုင်သော အတိုင်း အတာမျိုးကို ဆိုလိုသည်။ မဖြစ်နိုင်၊ မရနိုင်သော အရာကို တမ်းတမ်းစွဲဖြစ်နေလျှင် ပျက်စီးရန်သာ ရှိသည်။

အလိုဆိုးဟူသည် မိမိမပိုင်ဆိုင်သော လိုချင်စရာမျိုးကို မလိုချင်ရ။ ရအောင် မကြိုးစားရ။ မတော်မတရား နည်းဖြင့် ရယူမသုံးစွဲရ။ မိမိမပိုင်သော လိုချင်စရာမျိုး ဟူရာ၌ သက်ရှိလည်းပါသည်။ သက်မဲ့လည်းပါသည်။ မိမိမပိုင်ဆိုင်၊ သူတစ်ပါးပိုင်ဆိုင်နေသော ထိုအရာမျိုးကို လိုချင်ရမ္မက်ဖြစ်မှုကို အလိုဆိုးဟု ခေါ်သည်။ ထိုအလိုဆိုးသည် ပျက်စီး ကြောင်း တစ်ပါးဖြစ်သည်။ ထိုအလိုဆိုးမျိုး မိမိသဏ္ဍာန်မဖြစ်အောင် ရှောင်ရှား ရသည်။

ချမ်းသာချင်လျှင် ဖြတ်လမ်းကမသွားနှင့်

ကြီးပွားချင်သူသည် ဖြတ်လမ်းမရှာသင့်ပေ။ ဖြတ်လမ်းဟူသည် ပျက်စီးကြောင်း တစ်ပါး ဖြစ်သည်။ စီးပွားရေး ဖြတ်လမ်းက လိုက်သဖြင့် ဘ၀ ပျက်နေသူတွေ များစွာ တွေ့ဖူးသည်။ စီးပွားရေး သာမက ဘ၀ပါ ပျက်သွား သဖြင့် လူညွန့်တုံး ရတော့သည်။ အလျင်လို လမ်းအိုလိုက်ဟု ဆိုခဲ့သည်။ မြန်ချင်လျှင် လုပ်ရိုးလုပ်စဉ်ကိုသာ ဇောက်ချ၍ ဇွဲရှိရှိ လုပ်ကိုင်ရသည်။

အကြံကောင်းလျှင် တစ်ချက် ဟုဆိုသည်။ အကြံကောင်းလျှင် တစ်ချက်တည်းနှင့် ကြီးပွားနိုင်သည်ဟု အဓိပ္ပာယ် ဆောင်သည်။ ထိုအဆိုအား အားမကျသင့်ပေ။ အကြံဥာဏ်က တစ်ချက်ကောင်း ရုံနှင့်မဖြစ်၊ အကြံဥာဏ်က အမြဲ ကောင်းနေရန်လိုသည်။ လူသည် ကံနှင့်ဝီရိယစိုက်၍ အမြဲအလုပ်လုပ်နေရမည်။ အလုပ်လုပ် တိုင်းလည်း အကြံကောင်း ဥာဏ်ကောင်းက ရှိနေမည်သာဖြစ်သည်။

ဂုဏ်တု ဂုဏ်ပြိုင်အရပ်ကို ရှောင်ပါ

ချမ်းသာချင်သူသည် ဂုဏ်တဂုဏ်ပြိုင် အရပ်မျိုးကို မနေသင့်၊ မသွားသင့်၊ မပါဝင်သင့်ပေ။ အချို့ တောမကျ၊ မြို့မကျ ရပ်ကွက်များတွင် ဂုဏ်တု ဂုဏ်ပြိုင်အလွန်များသည်။ အိမ်နီးနားချင်း အမြဲပြိုင်နေကြသည်။ ဘာဟင်း ကို စားမှ၊ ဆေးခန်းတောင် ဘယ်ဆေးခန်းမှ၊ ဆေးရုံဆို ဘယ်ဆေးရုံမှ၊ မီးဖွားတာတောင် ဘယ်ဆေးခန်းမှာ ဖွားမှ၊ ကလေးကျောင်းထားတာ ဘယ်ကျောင်းကိုထားမှ စသည်အမြဲပြိုင်ဆိုင် နေကြသည်။ ပြိုင်ဆိုင်နေ ရသဖြင့် မကုန် သင့်တာတွေ ကုန်ကျကုန်သည်။ ပစ္စည်းတစ်ခုခု မတန်တာ၊ တန်တာ အပထား ဟိုဘက်အိမ်က သုံးလျှင် သုံးရမှ ဆိုတာမျိုး အတော်ပင်ခက်သည်။

စာသင်ကျောင်းဆိုလျှင် ဂုဏ်တု ဂုဏ်ပြိုင်ကျောင်းမျိုး ထားရသော မိဘများတော့ မလွယ်ကူချေ။ အသုံး အဆောင် ပစ္စည်း၊ ကျောင်းမုန်ဖိုးကအစ ဆရာမကန်တော့ တာအထိ အကုန်လိုက်ပြိုင် နေကြသည်။ ကျူရှင် ဆိုလည်း နာမည်ကြီး ကျူရှင်ထားရမှ တရားဝင်သည်။ အားလုံး ပျက်စီးကြောင်းပင် ဖြစ်သည်။

ချမ်းသာချင်လျှင် စီးပွားရေးကိုသာ ဇောက်ချလုပ်

ကြီးပွားချင်သူသည် စီးပွားရေးကိုသာ ဇောက်ချလုပ်ကိုင်ရသည်။ ဘုရားနှင့်စပ်၍ ကြီးပွားအောင် မလုပ်သင့် သကဲ့သို့ ကျောင်းနှင့်စပ်၍လည်း ကြီးပွားအောင် မလုပ်ထိုက်ပါ။ စီးပွားရေးကိစ္စကို စီးပွားရေးကိစ္စ တစ်ကန့်၊ ကျောင်းကန်၊ ဘုရားကိစ္စကို ကျောင်းကန် ဘုရားကိစ္စ တစ်ကန်၊ သူ့အကန့်နဲ့သူ လုပ်ရသည်။ မရောထွေး သင့်ပေ။ ဘာသာတရားကို မှိုင်းမတိုက်သင့်ပေ။

ကြီးပွားချင်လို့ အဓိဋ္ဌာန် ပုတီးစိတ်ခြင်း၊ သက်သတ်လွတ် အဓိဋ္ဌာန်ဝင်ခြင်း၊ ဘုရားကိုးဆူ အဓိဋ္ဌာန်ဝင်ခြင်း၊ ဓာတ် ယောင်ယောင်၊ နတ်ယောင်ယောင်၊ သိုက်ယောင်ယောင်၊ နန်းယောင်ယောင်၊ ဂြိုဟ်ပြေ နံပြေ၊ ယတြာချေနှင့် ဂါထာ မန္တရား ရွတ်ဖတ် ပွားသည်များကို စွဲလမ်းယုံကြည်စွာ မလုပ်သင့်ပေ။ ပိုက်ဆံလိုချင်လျှင် ပိုက်ဆံလက်ထဲ ရောက်အောင်သာ ရှာရသည်။ အခြားအရာများ မရှာကောင်းပေ။

ကြီးပွားချင်လျှင် စီးပွားရေးကိုသာ ဇောက်ချလုပ်။ ဘာသာရေးကိစ္စများ လိုသည်ထက် မပိုသင့်။ လူသည် လူနှင့် သာတူအောင် လုပ်ရန်လိုသည်။ ဘုန်ကြီးနှင့် တူအောင် လုပ်ဖို့မလို။ လူသည် လူ့အလုပ်ကိုသာ လုပ်ရ သည်။

ဘာသာရေးကိစ္စက အပေါ်ယံကြော အကာပိုင်းနှင့် အတွင်းသား အနှစ်သာရပိုင်း ဟူ၍ နှစ်မျိုးရှိသည်။ ဘာသာရေး နှင့် ဆက်နွှယ်သော ဘုရားပွဲများ၊ အခြားအလှူအတန်း အခမ်းအနားများ၊ ဘုရားဆင်းတု၊ ဘုရား စွယ်တော် စသည်များကို ဟိုပင့်၊ သည်ပင့်ကိစ္စများ၊ ဘုရားတည်ခြင်း၊ ဘုရားပြင်ခြင်း ကိစ္စများ၊ ဂုဏ်ပြု ပူဇော်ပွဲများ၊ ဘာနေ့ ညာနေ့ စသည့်အခမ်းအနား များသည် အပေါ်ယံကြော အကာကိစ္စ များသာ ဖြစ်သည်။ ထိုကိစ္စများသည် အတိုင်းအတာနှင့်သာ ကောင်းသည်။ သိပ်မများသင့်ပေ။

ဘုရားဆင်းတု အမျိုးမျိုးနှင့် စေတီပုထိုးများသည် သာသနာ မဟုတ်သကဲ့သို့ ဘုရားထုခြင်း၊ ဘုရားတည်ခြင်း၊ ဘုရားပြင်ခြင်း စသည့်ကိစ္စ တို့ကို ဆောင်ရွက်ခြင်းသည်လည်း သာသနာပြုသည်ဟု မခေါ်နိုင်ပေ။ စင်စစ် သာသနာ ဟူသည် ဘုရား၏ အဆုံးအမဖြစ်သည်။ ဘုရား၏ အဆုံးအမသည် ပိဋကသုံးပုံရှိသည်။ ဘုရား၏ အဆုံးအမတော် ပိဋက စာပေများကို ပို့ချခြင်း၊ သင်ယူခြင်း၊ ဟောပြခြင်း၊ ပြသခြင်း၊ ကျင့်ကြံအားထုတ် ခြင်းသည်သာ သာသနာပြုသည် မည်သည်။

သာသနာပြုသည်ဟူသည် မိမိသန္တာန်တွင် သာသနာရှိမှ ပြုလို့ရသည်။ မိမိသန္တာန်၌ သာသနာမပါဘဲ သာသနာပြုလို့ မရနိုင်ပေ။ မိမိ၏ ဖယောင်းတိုင်မှာ မီးတောက်ရှိမှ တခြား ဖယောင်းတိုင်ကို မီးကူးလို့ရသည်။ မိမိ ဖယောင်းတိုင်မှာ မီးမရှိပါဘဲ တခြားဖယောင်းတိုင်ကို မီးကူးလို့ မရနိုင်ပေ။ တိုးတက်ကြီးပွားဖို့ ဆိုလျှင် သဘာဝ ကျကျ တွေးတတ် မြင်တတ်ဖို့၊ သိတတ်ဖို့၊ လိုက်နာ ကျင့်သုံးတတ်ဖို့ လိုပါသည်။

သာသနာပြု မြတ်ကောင်းမှု
သီလသာသနာ၊ သမာဓိသာသနာ၊ ပညာသာသနာ ဟု သာသနာသုံးရပ်ရှိသည်။ သီလအကျင့်ကို ကိုယ်ကိုယ်တိုင် ကျင့်သုံးခြင်းသည် ကိုယ့်ကိုယ်ကိုယ် သာသနာ ပြုခြင်းမည်ပါသည်။ သမာဓိရအောင် တရားထိုင်ခြင်းသည် မိမိကိုယ်ကို သာသာနာပြုခြင်း မည်ပါသည်။ သူတစ်ပါးအား တရားထိုင်ဖို့ တိုက်တွန်းခြင်းသည် သာသနာပြုခြင်း မည်ပါသည်။ ၀ိပဿနာပညာ စသည်များ ရရှိအောင် ၀ိပဿနာ အလုပ် အားထုတ်ခြင်းသည် မိမိကိုယ်ကို သာသနာပြုခြင်း မည်ပါသည်။ 
 
သူတစ်ပါးအား ၀ိပဿနာအလုပ် အားထုတ်ဖို့ တိုက်တွန်းခြင်းသည် သူတစ်ပါးအား သာသနာပြုခြင်း မည်ပါသည်။ ဘုရားရှင်က ဒါနအမှုပြရမည်ဟု မိန့်တော်မူသဖြင့် ဒါနအမှုပြုခြင်း၊ ပြုစေခြင်း သည်လည်း သာသနာပြုသည်သာ ဖြစ်ပါသည်။ သို့ရာတွင် ယင်းဒါနသည် သီလ၊ သမာဓိ၊ ပညာ ကို အားပေးသော ဒါနဖြစ်မှသာလျှင် သာသနာပြုဒါန ဖြစ်နိုင်ပါသည်။ ကြောက်လို့လှူခြင်း၊ မကောင်းတတ်လို့ လှူခြင်း၊ ဘာမှန်းမသိလှူခြင်း၊ တစ်ခုခု မျှော်လင့်ချက်ဖြင့် လှူခြင်းတို့သည် သာသနာပြု ဒါန မဖြစ်နိုင်ပေ။

ယခုခေတ်ကာလ သာသနာပြု ဘုရားဖူးအဖွဲ့၊ သာသနာပြုစခန်း၊ ဘာသာသနာပြု၊ ညာသာသနာပြု ဖြင့် သာသနာပြု ဆိုသော ဧရာမနာမည်ကြီးကို ဖောဖောသီသီ လှိုင်လှိုင်ကြီး သုံးစွဲလျက်ရှိပါသည်။ သီလ၊ သမာဓိ၊ ပညာ အတွက် ရည်စူးတာ ဟုတ်ပါရဲ့လား။ မိမိလုပ်ငန်းကြောင့် သီလ၊ သမာဓိ၊ ပညာ တရားတွေ အဘယ်မျှ တိုးတက်သွားပါသလဲ။ သေချာစွာ စစ်ကြောရန် လိုမည်ဖြစ်ပါသည်။


(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။