Tuesday, October 23, 2012

ပညာရေးနှင့်ဆိုင်တဲ့ သမိုင်းစာမျက်နှာများကို ပြန်လှန်၍သုံးသပ်ခြင်း

 ပညာရေးနှင့်ဆိုင်တဲ့ သမိုင်းစာမျက်နှာများကို ပြန်လှန်၍သုံးသပ်ခြင်း
 
မြန်မာနိုင်ငံတော်ကြီးသည် သမိုင်းခေတ်များစွာကို ကျော်ဖြတ်ခဲ့ရ၍ နွမ်းနွမ်းနယ်နယ်ဖြစ်နေချိန်ဝယ်…။ ဒီမိုကရေစီအလင်းတန်းကို တွေ့မြင် ကြရတဲ့ ပြည်သူ၊ ပြည်သားများဟာ ရှင်သန်ထမြောက် လာကြသူများပမာ အားသစ်၊ အင်သစ်တွေနှင့်အတူ နိုင်ငံအတွက်၊ လူမျိုးအတွက်၊ ဘာသာ သာသနာအတွက် တိုးတက်အောင် ဆောင်ရွက်လိုတဲ့စိတ်ဓာတ်ခွန်အားတွေ တဖန်မွေးဖွား လာနိုင်ပြီ ဆိုတော့ နိုင်ငံတော်အတွက် ကြိုဆိုနေမိခြင်းပါ။

နိုင်ငံတော်တိုးတက်ကြီးပွားတာကို မြင်လိုသူတွေအတွက် ကြိုဆိုခြင်းဟာ ကောင်းမြတ်တဲ့ မင်္ဂလာတစ်ပါးပါ။ နိုင်ငံသားတိုင်း အပြောင်းအလဲ နှင့်တိုးတက်မှုကို  ဆက်စပ်ကြည့်နိုင်ဖို့ သမိုင်းကိုလေ့လာသင်ကြားသင့်ခြင်းပါ။ တကယ်တော့ နိုင်ငံသားတိုင်း နိုင်ငံတော်ရဲ့ သမိုင်းစာမျက်နှာ များကို ပြန်လှန်၍ ဖတ်ရှုလေ့လာကြည့်ရင် သမိုင်းနှင့်စပ်တဲ့ အကောင်းအဆိုး အကြောင်းအကျိုး အဖြစ်အပျက်တွေကို သင်ခန်းစာယူနိုင်ပြီး၊ သမိုင်းဟောင်းရဲ့ဒဏ်ရာတွေကို သမိုင်းပြောင်းပြီး အစားထိုးနိုင်ခြင်းပါ။ 

သမိုင်းကိုဖတ်ပြီး နာကျည်းစိတ်တွေကို မွေးမြူနေကြမဲ့အစား သမိုင်း ကိုသင်ယူလေ့လာပြီး သမိုင်းကပြောပြတဲ့ လူမျိုးရဲ့တန်ဖိုး၊ လူ့ယဉ်ကျေးမှုရဲ့ဂုဏ်သိက္ခာ၊ သမိုင်း တစ်လျှောက်လုံး ပြည်သူ၊
 ပြည်သားများ ညီညီညွတ်ညွတ် အတူယှဉ်တွဲနေထိုင်ခြင်းဖြင့်ရနိုင်တဲ့ ငြိမ်းချမ်းရေးဂုဏ်ရည်များကို သိနိုင်ဖို့ပါ။ ပညာရေးတက္ကသိုလ် ပါမောက္ခဟောင်း ဦး ထွန်းကြွယ်ကတော့ သမိုင်းနှင့်စပ်ပြီး သုံးသပ်တင်ပြထားခြင်းပါ။ “နိုင်ငံသမိုင်းဟူသည် ပြည်သူ့အကြောင်း၊ ပြည်သူ့လှုပ်ရှားမှုအကြောင်း မှတ်တမ်းကြီး ဖြစ်သကဲ့သို့ ပညာရေးသမိုင်းသည်လည်း ယင်းပြည်သူတို့၏ ပညာရေးလှုပ်ရှားမှု မှတ်တမ်းကြီးပင် ဖြစ်လေသည်။˝

(1) 
စိတ် ၀င်စားစရာပါ။ သမိုင်းဆိုတာ မသိရင် လှည့်စားခံရတတ်ပြီး၊ သိထားရင်တော့ ယုံကြည်ချက်တွေ ခိုင်မြဲလာနိုင်ခြင်းပါ။ သမိုင်းနှင့်စပ်ပြီး နမူနာလေး တစ်ခုလောက်ကို ထုတ်ပြရရင် ဧရာဝတီ သမိုင်းကို လေ့လာတဲ့အခါ မေခနှင့်မလိခ မြစ်နှစ်သွယ်ပေါင်းစည်းရာမှ ဧရာဝတီမြစ်ကြီး ဆိုတာ ဖြစ်ပေါ်လာခြင်းပါ။ ထိုမြစ်ကြီးက တိုင်းပြည်ကို အကျိုးပြုနေလို့ ဧရာဝတီမြစ်ကြီးကို မြန်ပြည်သား တိုင်းက မြတ်နိုး နေခြင်းပါ။ အလားတူတဲ့ သမိုင်းတစ်ခုက  မြန်မာနိုင်ငံရဲ့ပညာရေးသမိုင်းပါ။

 မြန်မာနိုင်ငံရဲ့ပညာရေးသမိုင်းကို အခြေခံကျကျသိဖို့ သမိုင်းစာ မျက်နှာများကို ပြန်လှန်ကြည့်ရှုတဲ့အခါ
 မြန်မာနိုင်ငံရဲ့ပညာရေးသမိုင်းဟာ ဗုဒ္ဓဘာသာနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အတူ ပေါင်းဆုံရာမှ မြန်မာနိုင်ငံပညာရေးသမိုင်းဆိုတာ ပီပြင်လာခြင်းပါ။ မြန်မာနိုင်ငံရဲ့ ပညာရေး သမိုင်း
ကြောင်းကို ကောက်ကြောင်းပြန်၍ကောက်ပြရလျှင် မြန်မာသက္ကရာဇ် ၁၂၃၀ ခု၊ ခရစ်သက္ကရာဇ် ၁ဂ၆၈-ခုနှစ် ထိ မြန်မာနိုင်ငံ၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသာရှိပြီး၊ လူကျောင်း (အစိုးရ စာသင်ကျောင်းမျိုး) ဆိုတာ တစ်ကျောင်းတလေမျှ မရှိသေးကြောင်းကို သမိုင်းစာမျက်နှာ၌ ရှာဖွေတွေ့ရှိခြင်းပါ။ 

(2) 
 မြန်မာနိုင်ငံအောက်ပိုင်းကို အင်္ဂလိပ်တို့သိမ်းပိုက်ပြီး အင်္ဂလိပ်လက်အောက် ကျရောက်ပြီး  နောက်ပိုင်း မှာတော့  ခရစ်သက္ကရာဇ် ၁ဂ၇၃ ခုနှစ်တွင် ဘုန်းတော်ကြီးကျောင်းအရေအတွက်ဟာ (ဂ၀၁) ကျောင်းရှိပြီး၊ လူ ကျောင်း (အစိုးရ စာသင်ကျောင်း) အရေအတွက်မှာ (၁၁၂) ထိ တိုးပွားလာခြင်းပါ။ 

ထိုအစိုးရ စာသင်ကျောင်းများ (လူကျောင်းများ)၌ ၀ိဇ္ဇာ သိပ္ပံအပါအ၀င် လောကီ အတတ်ပညာများကိုပါ သင်ကြားခဲ့၍ အစိုးရစာသင်ကျောင်းများ၌ ကျောင်းသား ဦးရေးများ တနေ့တခြား တိုးပွားလာ ပြီး၊ ပါဠိစာပေ အခြေခံဖြစ်တဲ့ သုတိ (သဒ္ဒါကျမ်းအတတ်)၊ သမ္မုတိ (ဓမ္မသတ်ကျမ်းအတတ်)၊ သင်္ချာ (သင်္ချာအတတ်)၊ နီတိ (နိတိကျမ်းအ တတ်)၊ တိကိစ္ဆာ (ဆေးအတတ်)၊ စတုဗေဒါ (ဗေဒင်လေးပုံအတတ်)၊ ဆန္ဒိသာ (ဆန်းကျမ်းအတတ်) စသည်တို့ကိုသာ သင်ကြားပေးသော ဘုန်းကြီးကျောင်းများ၌ တနေ့တခြား ကျောင်းသားဦးရေများ နည်းပါးလာခြင်းကို သမိုင်းစာမျက်နှာများပေါ်၌ တွေ့ရှိရခြင်းပါ။ 

ထိုကြောင့် ၁၈၉၂ ခုနှစ်တွင် ဘုန်းကြီးတော်ကြီးသင်ပညာရေးကျောင်းများ (၄၆၁၉) ကျောင်းရှိခဲ့ရာမှ တဖြေးဖြေး ယုတ်လျော့လာကာ ၁၉၃၃-၃၄ ခုနှစ် တွင် (၉၂၈) ကျောင်း မျှသာ ရှိတော့ကြောင်းကို တွေ့ရှိရခြင်းပါ။ 

(3)
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် ၁၉၅၂-ခုနှစ်တွင် နိုင်ငံတော်မှ ဘုန်းတော်ကြီးကျောင်း ပညာရေးစီမံကိန်းကို တဖန်အကောင်အထည် ဖော်ခဲ့ပြန်သည်။ ၁၉၅၂ ခုနှစ်မှ ၁၉၅၈ ခုနှစ်တွင်း မှတ်ပုံတင်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း (၅၅၄၅) ရှိခဲ့ကြောင်း သိရခြင်းပါ။ 

(4)
 ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် လူထုပညာရေးဌာန (ပုဂ္ဂလိကကျောင်းများ) ကိုဖျက်သိမ်း၍ ဘကကျောင်းများအတွက်ကိုမူ ဘ-က ဌာန စိတ်ဟူ၍ ပေါ်ပေါက်လာခဲ့သည်။ သို့သော် ၁၉၇၂ ခုနှစ်တွင် ဘ-ကဌာနစိတ်ကို ဖျက်သိမ်းခံခဲ့ရခြင်းပါ။ ၁၉၉၃ ခုနှစ်တွင် ဘုန်းတော်ကြီး ကျောင်းများကို ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။ သို့သော် မူလတန်းအဆင့်၊ အလယ်တန်း အဆင့်မျှကိုသာ သတ်မှတ်ပြဋ္ဌာန်းပေးလျှက် ဖွင့် လှစ်ပေးခဲ့ခြင်းပါ။ 

(5) 
 ဤသို့ဖြင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (ဘကကျောင်း) များ၏ လောကဓံ ဒီလှိုင်းသည် ခေတ်စနစ်၏ ရေစီး ကြောင်းနှင့်အတူ နိမ့်တုံမြင့်တုံ ဖြစ်ခဲ့ရခြင်းပါ။ ရှေးခေတ်၊ ရှေးအခါက အစဉ်အလာကြီးမားခဲ့သော မြန်မာဘုန်းတော်ကြီးကျောင်း ပညာရေးသမိုင်းကို ပြန်လည်ဆန်းစစ် ကြည့်လျှင် မြန်မာ ရှင်ဘုရင်များ တိုင်းပြည်ကို စိုးမိုးအုပ်ချုပ် မင်းလုပ်ခဲ့ကြတဲ့အချိန်မှစ၍၊ (အနော်ရထာမင်းလက်ထက်မှစ၍) ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများသည် မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းနှင့် တက္ကသိုလ်ကျောင်းများအသွင် တည်ရှိနေခဲ့ကြခြင်း ပါ။ 

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများဟာ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့အတွက် ခေတ်အဆက်ဆက်၊ သမိုင်းအဆက်ဆက် နိုင်ငံ တော်ရဲ့ပညာရေးကဏ္ဍကို ဦးဆောင်နိုင်ခဲ့ကြခြင်းပါ။ အကျိုးဆက်အနေနှင့် ထိုထိုသို့သောအခြေအနေတွေကြောင့် မြန်မာနိုင်ငံဆိုတာ ယနေ့ခေတ်အထိ ဆက်လက်တည်ရှိနေခဲ့ခြင်းပါ။ ဒါဟာ သမိုင်းကပြောတဲ့ ဘုန်းကြီးကျောင်းများရဲ့ ပညာရေးသမိုင်းသက်သေများပါ။
မြန်မာနိုင်ငံ၌ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၏အရေးပါမှုကို သမိုင်းပညာရှင်များ သိထားကြသော်လည်း ယနေ့မျက်မှောက် ခေတ်၌ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၏ အခက်အခဲများကို သမိုင်းရှင်များ သိချင်မှသိနိုင်မှာပါ။ 

ပညာသင်ကြားရေးနှင့်ပတ်သက်၍ အစိုးရကျောင်းများနှင့် တန်းတူရည်တူ အခွင့်အရေးများ မရခဲ့ကြသောကြောင့် အခက်အခဲများစွာကို ကျော်ဖြတ်ရင်း ယနေ့မျက်မှောက်ခေတ် အနေအထားနှင့် ရပ်တည်နိုင်အောင် ဘုန်းတော်ကြီးများအတော်ကို ရုန်းကန်နေရခြင်းပါ။
မြန်မာနိုင်ငံရယ်လို့ တည်ရှိဖြစ်ပေါ်လာခဲ့တဲ့အချိန်ကစပြီး သမိုင်းတစ်လျှောက်လုံး လူမျိုးကို ဦးဆောင်နိုင်ခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၏ အရေးပါအရာရောက်မှုကို အင်္ဂလိပ်များပင် သိရှိခဲ့ခြင်းပါ။ 

 အင်္ဂလိပ်အုပ်ချုပ်သည့်ခေတ်၌် မြန် မာနိုင်ငံတွင် ပထမဦးဆုံး မဟာဝန်ရှင်တော်မင်းကြီးဖြစ်လာခဲ့တဲ့ ဆာအာသာဖယ်ယာဟာ ခရစ်နှစ် ၁ဂ၆၆ ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၂၅ ခုနှစ်) တွင် ဘုန်းတော်ကြီးသင် ပညာရေးကိုအခြေပြု၍ ပညာရေးစနစ်သစ်တစ်ခုတီထွင်ရန် ကြိုးပမ်းလာခဲ့သူပါ။ ပညာရေးစနစ် ပြုပြင်နိုင် ရေးအတွက် ဆာအာသာဖယ်ယာရဲ့အကြောင်းပြချက်က “မြန်မာနိုင်ငံမှာ ဘုန်းတော်ကြီးများ သြဇာတိက္ကမကြီးမားနေခြင်းဟာ ဘုန်းတော် ကြီးသင်ပညာရေး ကျောင်းများကြောင့်
 ဖြစ်နေခြင်းပါ။ 

ကလေးသူငယ်များဟာ ဘုန်းတော်ကြီးကျောင်းများ၌ အရေး၊ အဖတ်၊ အတွက် တတ် မြောက်ရုံသာမက ပါဠိစာပေဆိုင်ရာ အသိတရားများ၊ ဘုန်းတော်ကြီးများ၏ ဆုံးမသြ၀ါဒများ၊ သမိုင်းဆိုင်ရာ ဗဟုသုတများ၊ ကိုယ်ကျင့်သိက္ခာ ပိုင်း၌လည်း လိမ္မာယဉ်ကျေးမှုရှိခြင်း၊ အကျင့်စာရိတ္တ ကောင်းမွန်ခြင်း၊ မျိုးချစ်စိတ်ရှိခြင်းစတဲ့ အကျိုးတရားတွေကို ဆာအာသာဖယ် ယာ ကိုယ်တိုင် တွေ့မြင်ခဲ့ခြင်းပါ။ သူတွေ့မြင်ခဲ့တဲ့အတိုင်း အိန္ဒိယပြည် ဘုရင်ခံချုပ်ထံသို့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ နိုင်ငံနှင့် လူမျိုးအတွက် အရေးပါအရာရောက်နေပုံကိုသိရှိနိုင်ရန် အစီရင်ခံစာတစ်စောင်ကို တင်ပြခဲ့ခြင်းပါ။

6
အင်္ဂလိပ်တို့သည် ဘုန်းကြီးကျောင်း ပညာရေးစနစ်ကို စနစ်တကျလေ့လာပြီးနောက် အင်္ဂလိပ်အုပ်ချုပ်သော မြန်မာပြည်အောက်ပိုင်း ရန် ကုန်မြို့တွင် သိပ္ပံအတတ် ပညာအမျိုးမျိုးကို သင်ကြားနိုင်ရန် ၁၈၄၄ ခုနှစ်တွင် အစိုးရစာသင်ကျောင်းများကို စတင်တည်ထောင်ခဲ့ကြခြင်းပါ။ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာနှင့် သိပ္ပံဘာသာရပ်အမျိုးမျိုအပြင် သက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ်များဖြစ်တဲ့ ဆေးသိပ္ပံအတတ်၊ ကြေးနန်း ကြိုးအတတ်၊ တရားဥပဒေအတတ်၊ မြေတိုင်းအတတ်၊ စက်မှုလက်မှုအတတ်မျိုးကိုပါ အစိုးရကျောင်းများ၌ စုံလင်စွာ သင်ကြားပေးခဲ့ကြခြင်းပါ။

 ခေတ်နှင့်လျှော်ညီ၍ ခေတ်မှီသော သိပ္ပံပညာရပ်များကို သင်ကြားပေးခဲ့တဲ့ အစိုးရစာသင်ကျောင်းများ၏ အရှိန်အဟုန်သည် တရှိန်ထိုး တိုး တက်လာပြီး မြန်မာသက္ကရာဇ် ၁၂၉၄ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၉၃၂ ခုနှစ်တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၉၂ဂ ကျောင်းမျှသာ ရှိတော့ပြီး၊ အစိုးရစာသင်ကျောင်းများမှာ  ၄၉၆၇ ကျောင်းထိ တိုးပွားလာခဲ့ခြင်းပါ။

7
ထိုကဲ့သို့ ဘုန်းတော်ကြီးကျောင်းများ၌ သင်ကြားပေးသော ပြဌာန်းစာများနှင့် အစိုးရ စာသင်ကျောင်းများ၌သင်ကြားပေးသော ပြဌာန်းစာများ ကွဲပြားခြားနားလှခြင်းကြောင့် အစိုးရ အသိအမှတ်ပြု ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌လည်းကောင်း၊ အသိအမှတ်မပြုသော ဘုန်းတော်ကြီးကျောင်းများ၌လည်း ကောင်း ပညာသင်ယူသူ တပည့်ဦးရေမှာ တစ်နေ့တစ်ခြား ဆုတ်ယုတ်သွားခဲ့ခြင်းပါ။ 

ထိုကဲ့သို့ဖြစ်သွားရ ခြင်း၏ အဓိကအကြောင်းရင်းမှာ 
(၁) ဘုန်းတော်ကြီးကျောင်းများ၌ တက်ရောက်ပညာသင်ကြားခဲ့သော ကျောင်းသား၊ ကျောင်းသူများသည် အလုပ်အကိုင်များရဖို့ ခက်ခဲခြင်း၊ 
(၂) အင်္ဂလိပ်အစိုးရခေတ်၌ အင်္ဂလိပ်စာတတ်မှ လူရာဝင်လျှက် ရာထူးရာခံများရရှိနိုင်ခြင်း၊ (၃)ဘုန်းတော် ကျောင်းများတွင် အစဉ်အလာအရ ဘာသာရေး ဆိုင်ရာ ကျမ်းစာများနှင့် နီတိတို့ကိုသာ သင်ကြားပို့ချလျှက် ထိုဘုန်တော်ကြီးကျောင်းများ၌၀ိဇ္ဇာသိပ္ပံနှင့်စပ်သော ခေတ်နှင့်လျှော်ညီတဲ့ ဘာသာရပ်များကို သင်ယူခွင့်မရရှိခြင်း၊ စသောအကြောင်းများကြောင့်ဆိုတာ သိသာထင်ရှား နေခြင်းပါ။

(8)
ထို့ကြာင့် အစဉ်အလာရှိခဲ့သောဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့်စပ်လျဉ်း၍ သမိုင်းစာမျက်နှာများကို ပြန်လှန်ကြည့်ရှု လေ့လာ သင့်ကြောင်း တိုက်တွန်းလိုခြင်းပါ။ 
 ရှင်ဘုရင်များလက်ထက်၌ ဘုန်းတော်ကြီးများသည် ခေတ်နှင့်လျှော်ညီတဲ့ (အဲဒီခေတ်၊ အဲဒီအခါကို ဆိုလိုသည်) ခေတ်ပညာများကို (သင်္ချာအတတ်၊ ဂဏန်းအတတ်၊ ပျို့ကဗျာ လင်္ကာရေးနည်းအတတ်၊ ဗေဒင်အတတ်၊ ယတြာအတတ်၊ ဆေးကျမ်းအတတ် စသည်များကို) သင်ကြားပေးနိုင်ခဲ့ကြ၍ ̏ရပ်သူနယ်သား လူအများ၏ ဆရာဖြစ်ရုံသာမက မြို့ပြတို့၌လည်း မင်းညီမင်း သား မှူးမတ်သားတို့၏ ဆရာတော်များဖြစ်ကြသည်။

 (ထို့ကြောင့်) မိမိတို့သည် (ခေတ်) အခါနှင့်လိုက်အောင် (ခေတ်နှင့်လိုက်လျောညီထွေရှိ အောင်) ပညာရေးကို ပြုပြင်နိုင်ခဲ့ကြလျှင် ယခုအချိန်မှာလည်း တိုင်းသူပြည်သားတို့၏ ဆရာအဖြစ်၌ တည်နိုင်ဖွယ်ရှိ၏။ ယခုသော်ကား ထိုကဲ့သို့ မပြုပြင်နိုင်ကြမှုကြောင့် ဆရာအဖြစ်မှပင် လျှော့ကျရုံမက တချို့ကျေးရွာကျောင်းများ၌ ဆွမ်းခံပေးမည့် ကလေးပင်မရှိတော့ပေ˝ ဟု တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးက ဘုန်းကြီးကျောင်းပညာရေးနှင့်ပတ်သက်၍ အလေးအနက် ထားကာ ဆွေးနွေးတင်ပြသွား ခဲ့သည်။

(9)
ယနေ့မျက်မှောက်ခေတ်၌ ဘုန်းကြီးကျောင်း ပညာရေးစနစ်ကို ခွဲခြမ်းစိတ်ဖြာကြည့်လျှင် ဘုန်းကြီးကျောင်းပညာရေးမှာ နှစ်မျိုးနှစ်စားရှိ နေ ခြင်းကို တွေ့ရခြင်းပါ။
 (၁) ဘုန်းကြီးကျောင်းပညာရေး (ပရိယတ္တိ စာသင်တိုက်များ)၊ 
(၂) ဘုန်းတော်ကြီးသင် ပညာရေး (ဘက ဘုန်းတော်ကြီး ကျောင်းများ) ဟူ၍ နှစ်မျိုးနှစ်စားတွေ့ရခြင်းပါ၊ 
ထိုနှစ်မျိုးမှာ နံပါတ် (၁) ဖြစ်တဲ့ ဘုန်းကြီးကျောင်းပညာရေး၌ ခေတ်နှင့်လျှော်ညီသော ဘာ သန္တရ စာပေများ (သင်္ချာ၊ အင်္ဂလိပ်စာ၊ စသည်) ကို ထည့်သွင်းသင်ကြားနိုင်ခြင်း မရှိသေးသည်ကို
 တွေ့နေရခြင်းပါ။ 

ထို့ကြောင့် ပြည်တွင်း၊ ပြည်ပသာသနာရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ခေတ်ရဲ့နောက်မှာ များစွာ နောက်ကျကျန်နေခြင်းကို သတိမူသူတို့သာ သိနိုင်မည် ဖြစ်ခြင်းပါ။ ထိုဘုန်းကြီးကျောင်း  ပညာရေးကို အစိုးရ အသိမှတ်ပြု အတန်းပညာအရည်အချင်းများနှင့် သတ်သတ်မှတ်မှတ် သတ်မှတ်ပေး ထားနိုင်ခြင်းမျိုးမရှိ၍ အစိုးရစာသင်ကျောင်းများ၏ ပညာရေးလယ်ဗယ်နှင့် အခါအားလျှော်စွာ နှိုင်းချိန် ခံရသောအခါ ဓမ္မာစရိယ အရည် အချင်းသည် ရေးတတ်၊ ဖတ်တတ် အရည်အချင်းမျှသာ အသိမှတ်ပြုထားသည်ကို တွေ့ရှိရ၍ များစွာဝမ်းနည်းမိခြင်းပါ။

နံပါတ် (၂) ဖြစ်တဲ့ ဘုန်းတော်ကြီးကျောင်းသင် ပညာရေးကျောင်းများမှာမူ ခေတ်နှင့်လျှော်ညီသော  မြန်မာ၊ အင်္ဂလိပ်စာ၊ သင်္ချာနှင့် သိပ္ပံဘာ သာရပ်များကို သင်ကြားပေးနိုင်၍ ကျောင်းသားဦးရေးများ အဆမတန် တိုးပွားနေခြင်းပါ။ သို့သော် အမျိုး ဘာသာ သာသနာတော်အရေးကို လေးလေးနက်နက် တွေးဆဟန်မတူ ကြတဲ့ အစိုးရဆိုင်ရာ အကြီးအကဲများ၊ ပညာရှင်ကြီးများ၊ ပညာရေးဆိုင်ရာလူကြီးများသည် ဘုန်း တော်ကြီးသင် ပညာရေးကျောင်းများကို မူလတန်းကျောင်းများမှ အလယ်တန်းကျောင်းများအဆင့်၊ အလယ်တန်းကျောင်းများမှ အထက် တန်းကျောင်းများအဆင့်သို့ တိုးမြှင်ပေးနိုင်ဖို့အရေး ၀န်လေးနေကြခြင်းမှာ နားမလည်နိုင်အေင်ဖြစ်မိခြင်းပါ။ ပညာတတ်နည်းပါးသော လူမျိုးနှင့် ပညာတတ်ရှားပါးသောတိုင်းပြည်အတွက် ရင်လေးနေမိခြင်းပါ။

ပညာမတတ်တော့ကော ဘာဖြစ်မှာလဲလို့ မေးနေသူတွေကလဲ မေးနေဆဲပါ။ ဒီမိုကရေစီစနစ်မှာ ရာထူးကောင်းကောင်းလိုချင်ရင် အရည်အချင်းကောင်းကောင်းရှိရမှာပါ။ အရည်ချင်းကောင်း ဆိုတာ ခေတ်မီတဲ့ ပညာရေးစနစ်မျိုးနှင့် ခေတ်ပညာများကို သင်ယူခွင့်ရပြီး၊ ထိုပညာ (ဘွဲ့ဒီဂရီ)ဖြင့် အလုပ်ခွင်၌ ယုံကြည် ချက်အပြည့်ဖြင့် အလုပ်လုပ်ပြနိုင်ခြင်းပါ။ ထိုကဲ့သို့မဟုတ်ဘဲ မြန်မာလူမျိုးအများစုရဲ့ ပညာရေးအဆင့် အတန်း များဟာ လွန်စွာနိမ့်ကျနေမည်ဆိုလျှင် ဒီမိုကရေစီစနစ်အရ နိုင်ငံတကာနှင့်ယှဉ်တဲ့ လုပ်ငန်းကိုင်ငန်းအခွင့်လမ်းတွေ ပွင့်လန်းလာ လို့ အလုပ်ခန့်ရာမှာ မြန်မာလူမျိုးများ (တိုင်းရင်းသားအားလုံး အပါအ၀င်) ကို ဘယ်နေရာမှာ ဘယ်ရာထူးမျိုးနဲ့ ခန့်အပ်နိုင်ကြမလဲဆိုတာ ကြိုတင်စဉ်းစားနိုင်ကြဖို့ပါ။

ထို့ကြောင့် ဆင်းရဲသားနှင့် ဆင်းရဲနွမ်းပါးတဲ့ တိုင်းရင်းသား၊ တိုင်းရင်းသူတို့ရဲ့မှီခိုရာဖြစ်တဲ့ ဘုန်းတော် ကြီးသင် ပညာရေးကျောင်းများဟာ သမိုင်းကောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို အစိုးရကျောင်းများ၏ စံချိန်စံနှုန်းများနှင့် အညီ (အားကစားကွင်းရှိခြင်း၊ ကျောင်းနှင့် ကျောင်းအဆောက်အဦးစာသင်ခန်းများ လုံလုံလောက်လောက်ရှိခြင်း၊ စာကြည့်တိုက်ရှိခြင်း၊ ကျောင်းထိုင် ဆရာတော်များ ပညာအရည်အချင်းများ ပြည့်မီခြင်း-စသည်များ) ရှိနေခဲ့လျှင် ဘုန်းတော်ကြီးသင် မူလတန်း ကျောင်းများကို အလယ်တန်းကျောင်းများအဆင့်သို့၊ အလယ်တန်းကျောင်းများကို အထက်တန်းကျောင်းများအဆင့်သို့ တိုးမြှင့်ပေးကြပါရန် တိုက်တွန်း လိုခြင်းပါ။ 

ပညာတတ်လူမျိုးက တိုင်းပြည်ကို ကြီးပွားချမ်းသာအောင် ဆောင်ရွက်နိုင်သလို၊ သဒ္ဓါတရားရှိပြီး ပညာနှင့်ဥစ္စာပြည့်စုံနေသူမျိုးကသာ သာသနာနှင့်လူမျိုးကို စောင့်ရှောက်နိုင်မည်ဆိုတာ ယုံကြည်ထားမိလို့ပါ။ ချမ်းသာစွာ အိပ်စက်နိုင်ပါစေ။

ဒေါက်တာဓမ္မပိယ (I.T.B.M.U
အောက်တိုဘာ ၁၉၊ ၂၀၁၂


ရည်ညွှန်း -
1။ သန်းထွတ် (ဦး) – မြန်မာနိုင်ငံ ဘုန်းတော်ကြီးကျောင်း ပညာရေးသမိုင်း (ဒုတိယအကြိမ်)၊ ရာပြည့်စာအုပ်တိုက်၊ ရန်ကုန်မြို့၊ ၂၀၁၁ ခု၊ နှာ ၁၉။
2။ မြန်မာနိုင်ငံ ဘုန်းတော်ကြီးကျောင်းပညာရေးသမိုင်း (ဒုတိယအကြိမ်)၊ နှာ ၁ဂ၇။
3။ မြန်မာနိုင်ငံ ဘုန်းတော်ကြီးကျောင်းပညာရေးသမိုင်း (ဒုတိယအကြိမ်)၊ နှာ ၂၀၂။
4။ အောင်သိန်းညွှန့် (ဦး)၊ မြန်မာနိုင်ငံ၊ အခြေခံပညာရေးကဏ္ဍတွင်အရေးပါသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို အဆင့်မြှင့် တင်ခြင်းစာတမ်း၊ ၂၀၁၂ ခု။ နှာ ၅။
5။ မြန်မာနိုင်ငံ၊ အခြေခံပညာရေးကဏ္ဍတွင် အရေးပါသောဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို အဆင့်မြှင့်တင်ခြင်းစာတမ်း၊ နှာ ၆။
6။ မြန်မာနိုင်ငံ ဘုန်းတော်ကြီးကျောင်းပညာရေးသမိုင်း (ဒုတိယအကြိမ်)၊ နှာ ၁၇၂။
7။ မြန်မာနိုင်ငံ ဘုန်းတော်ကြီးကျောင်း ပညာရေးသမိုင်း (ဒုတိယအကြိမ်)၊ နှာ ၁ဂ၇။
8။ မြန်မာနိုင်င့ ဘုန်းတော်ကြီးကျောင်း ပညာရေးသမိုင်း (ဒုတိယအကြိမ်)၊ နှာ ၁၈၈။
9။ ဇနကာဘိဝံသ၊ အရှင်။ ကိုယ့်ကျင့်အဘိဓမ္မာ (ပန္နရသမအကြိမ်)၊ မဟာဂန္ဓာရုံစာပေ၊ အမရပူရမြို့၊ ၂၀၀၂။ နှာ ၁၃၇။