Wednesday, October 3, 2012

“အတိုက်အခံ၊ အပြိုင်အဆိုင် နှင့် အပေးပြိုင်ပွဲ”


                                        “အတိုက်အခံ၊ အပြိုင်အဆိုင် နှင့် အပေးပြိုင်ပွဲ”
မဇ္ဈိမဒေသမှာ မြတ်စွာဘုရား မပွင့်ပေါ်မီကတည်းက ပေါ်ပေါက်ခဲ့တဲ့ ဂိုဏ်းဆရာကြီး ခြောက်ဦးရှိပါတယ်။ သူတို့ဟာ မြတ်စွာဘုရား ပွင့်တော် မူချိန်အထိလည်း သူ့နောက်လိုက် သူ့ပရိတ်သတ်နဲ့သူတော့ အတော်ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးတွေပါ။ သမိုင်းသုတေသီအချို့က သူတို့ကို “ဗုဒ္ဓနှင့် ခေတ်ပြိုင် ဘုရားကြီးခြောက်ဆူ” လို့ သတ်မှတ်သုံးစွဲပြောဆိုကြပါတယ်။ သူတို့ကို ကြည်ညိုကြသူများအနေနဲ့လည်း ကိုယ့်ဆရာကိုတော့ ဒီလိုပဲ ထင်မှတ်ပြီး ချီးမြှောက်ပြောဆိုကြမယ် ထင်ပါတယ်။ 

အမှန်ကတော့ သူတို့ဟာ ဂိုဏ်းဆရာကြီးတွေပါ။ ဒီဂိုဏ်းဆရာကြီးတွေကို မကြည်ညိုကြသူများကတော့ “တိတ္တိကြီးတွေ” လို့ ပြောဆိုသုံးစွဲကြပါတယ်။ မြန်မာ့ဇာတ်သဘင်လောကမှာတော့ ဒီပုဂ္ဂိုလ်ကြီးတွေကို အရိုင်းအစိုင်းကြီးတွေ သဘောမျိုးဖြစ်အောင် သရုပ်ဆောင်ပြကြတာကိုလည်း တွေ့ရပါတယ်။ 

ဒီဃနိကာယ်၊ သာမညဖလသုတ် မှာတော့ သူတို့နဲ့ပတ်သက်လို့ “သင်္ဃီçဂဏီ = နောက်လိုက်များစွာ ပရိဗိုဇ်သံဃာ၊ ပရိဗိုဇ်ဂိုဏ်းရှိသူတွေ။ ဂဏာစရိယော = ဂိုဏ်းဆရာကြီးတွေ။ ဉာတော = နိုင်ငံတဝန်း ကျော်ကြားထင်ရှားသူတွေ။ ယသဿီ = ဂုဏ်သတင်းကျော်စော ကိတ္တိရှိသူတွေ။ ဗဟုဇနဿ သာဓုသမ္မတော = လူအများက သူတော်ကောင်းကြီးလို့ သမုတ်သတ်မှတ်ထားသူတွေ” စတဲ့ ဂုဏ်ပုဒ်များနဲ့ သုံးနှုန်းပြောဆိုထားတာကို ထောက်ဆကြည့်ရင် အရိုင်း အစိုင်းများလို့ ချိုးချိုး နှိမ်နှိမ်သတ်မှတ် ပြောဆိုရမည့် ပုဂ္ဂိုလ်ကြီးတွေတော့ မဟုတ်တန်ရာပါဘူး။
အဲဒီ ဂိုဏ်းဆရာကြီး သုံးဦးထဲမှာ “ပူရာဏကဿပ”ဆိုတဲ့ ဆရာကြီးက “ကောင်းမှုçမကောင်းမှုတွေ ဘယ်လိုပဲ ပြုနေနေ၊ ကောင်းမှုပြု သူများဟာလည်း ကုသိုလ်ရှင်များလို့ မဆိုနိုင်သလို မကောင်းမှုပြုသူများဟာလည်း အကုသိုလ်ရှင်များလို့ မဆိုနိုင်ဘူး၊ လောကမှာ ကောင်းမှု မကောင်းမှုရယ်လို့ မရှိပါဘူး” လို့ ခံယူဟောပြောနေတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်လို့ သူရဲ့ဝါဒကို “ကံကိုပစ်ပယ်တဲ့ဝါဒ” လို့ သတ်မှတ်ပါတယ်။

“အဇိတ ကေသကမ္ဗလ” ဆိုတဲ့ ဆရာကြီးကတော့ “ကောင်းမှုပြုတဲ့အတွက်ကြောင့် ကောင်းကျိုးရတယ်ဆိုတာလည်း မရှိပါဘူး။ မကောင်းမှုပြုလို့ မကောင်းကျိုး ခံစားရတယ်ဆိုတာလည်း မရှိပါဘူး”လို့ ဟောပြောတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်လို့ သူရဲ့ဝါဒကို “အကျိုးကို ပစ်ပယ်တဲ့ဝါဒ”လို့ သတ်မှတ် ပါတယ်။

“မက္ခလိဂေါသာလ”ဆိုတဲ့ ဆရာကြီးကတော့ “လောကမှာ ကိုယ်စွမ်းကိုယ်စဆိုတာလည်း မရှိဘူး။ ဆရာသမားတို့ရဲ့ အကူအညီ စွမ်းအား ဆိုတာလည်း မရှိဘူး။ ကံဆိုတာလည်း မရှိဘူး။ ကံရဲ့အကျိုးဆိုလည်း မရှိဘူး။ အဆိုးအကောင်းဟူသမျှဟာ ဘာအကြောင်းမှ မရှိဘူး။ သူဖြစ် ချင်သလို ဖြစ်နေတာ” လို့ ခံယူပြောဟောတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်လို့ သူ့ရဲ့ဝါဒကိုတော့ “ကံနဲ့ ကံရဲ့အကျိုး နှစ်မျိုးလုံးကို ပစ်ပယ်တဲ့ဝါဒ”လို့ သတ်မှတ်ပါတယ်။
ခြုံကြည့်လိုက်ရင်တော့ ကံကို ပစ်ပယ်တာဟာလည်း အကျိုးကို ပစ်ပယ်တာပဲ၊ အကျိုးကို ပစ်ပယ်တာဟာလည်း ကံကို ပစ်ပယ်တာပဲဖြစ်လို့
ဒီဂိုဏ်းဆရာကြီး သုံးဦးလုံးဟာ ကံနဲ့ကံရဲ့အကျိုး နှစ်မျိုးလုံးကို ဆန့်ကျင်ပစ်ပယ်တဲ့ “အဟေတုကဝါဒ၊ အကိရိယဝါဒ၊ နတ္ထိကဝါဒ” အယူရှိကြသူ များဖြစ်တယ်လို့ အဋ္ဌကထာဆရာက မှတ်ချက်ချပါတယ်။

ဒါကြောင့် ဒီဂိုဏ်းဆရာကြီး သုံးဦးတို့ရဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းတို့ဟာ ကံနဲ့ကံရဲ့အကျိုးကို လက်ခံကျင့်သုံးတဲ့ ဗုဒ္ဓဝါဒ အပါအဝင် အခြားကမ္မဝါဒီ အားလုံးတို့ကို ဖြောင့်ဖြောင့်ဆန့်ကျင်တဲ့ အတိုက်အခံ ဂိုဏ်းကြီးများလို့ ဆိုရမှာဖြစ်ပါတယ်။ ဒီဂိုဏ်းဆရာကြီးများရဲ့ ဝါဒဟာ “ဘာမဆို လုပ်ချင်ရာ လုပ်ကြ ဘာမှမဖြစ်ဘူး” ဆိုတဲ့ သဘောမျိုးဖြစ်လို့ လူမိုက်အားပေးဝါဒလို ဖြစ်နေပါတယ်။ တဇောက်ကန်းလူမိုက်တို့ရဲ့ အကြိုက်ဖြစ်ခဲ့ပေမဲ့ လူယဉ်ကျေးတိုင်းက လက်မခံနိုင်ကြတဲ့ ဝါဒဖြစ်လို့ ခုအချိန်မှာတော့ သူတို့ဖြစ်ပေါ်ခဲ့ရာ မဇ္ဈိမဒေသမှာ ဒီဂိုဏ်းကြီးများရဲ့ အရိုက်အရာ အဆက် အနွယ်ရယ်လို့ ထင်ထင်ရှားရှား မရှိတော့ပါဘူး။

ဂိုဏ်းဆရာကြီးတွေထဲက “သိဉ္စည်းဆရာကြီး”လို့ လူသိများတဲ့ “သဉ္စယ ဗေလဋ္ဌပုတ္တ” ဆိုတဲ့ ဆရာကြီးရဲ့ဝါဒကတော့ ဘာရယ်လို့ကောက်ချက် ချလို့ မရလောက်အောင် အလွန်တွေဝေလွန်းတဲ့ “ဟိုဟာလည်း မဟုတ်၊ ဒီဟာလည်း မဟုတ် “မဟုတ်”ဝါဒလည်း မဟုတ်” ဆိုတဲ့ ယောင်ဝါးဝါး ဝါဒကြီးဖြစ်လို့ အခုအချိန်မှာ ယောင်ဝါးဝါးသမားတွေ နေရာတိုင်းမှာ ရှိနေသော်လည်း ဝါဒတစ်ခုအဖြစ်နဲ့တော့ စာရင်းမဝင်တော့ပါဘူး။

“ပကုဓကစ္စာယန”ဆိုတဲ့ ဆရာကြီးရဲ့ဝါဒကလည်း အတ္တဝါကိုပဲ မရေမရာ ဟောပြောထားတဲ့ ဝါဒဖြစ်လို့ ကြောင်တောင်တောင်ဝါဒတစ်မျိုးလို့ပဲ သတ်မှတ်ပါတယ်။ ဒီဆရာကြီး နှစ်ဦးလုံးရဲ့ ဝါဒများဟာ ကမ္မဝါဒကို ဆန့်ကျင်တာလည်း မဟုတ်၊ ထောက်ခံတာလည်း မဟုတ်၊ ကြားနေတာလည်း မဟုတ်တဲ့အတွက် သူတို့ကို အတိုက်အခံဝါဒလို့ မဆိုနိုင်သလို အပြိုင်အဆိုင် ဝါဒလို့လည်း မဆိုနိုင်ပါဘူး။
*** ----- ***

ဗုဒ္ဓနဲ့ ခေတ်ပြိုင်မှာ “ဂိုဏ်းဆရာကြီး ခြောက်ဦး”ဆိုတဲ့ စာရင်းထဲ မပါတဲ့ တခြားတစ်သီးပုဂ္ဂလ ရောယောင်ခွတုတ် လုပ်စားလေ့ရှိတဲ့ ဂိုဏ်းဆရာကလေးတွေလည်း ပိဋကတ်တော်မှာ တွေ့ရပါတယ်။ သူတို့ကတော့ လောကမှာ ကျော်စောထင်ရှားတဲ့ ဂိုဏ်းဆရာကြီးများ နဲ့ ရောရိရောရာလုပ်ပြီး ကိုယ်ကျိုးရှာကြတဲ့ ဂိုဏ်းကလေးများလို့ ဆိုရမယ်ထင်ပါတယ်။ သူတို့ဟာ မြတ်ဗုဒ္ဓပွင့်တော်မူတဲ့အခါမှာတော့ ထင်ရှားတဲ့ မင်း၊ ပုဏ္ဏား၊ သူကြွယ်များကပါ လေးစားရိုသေဆည်းကပ်ခြင်းခံရတဲ့ မြတ်ဗုဒ္ဓနဲ့ ထင်ရှားတဲ့ တပည့်သား ရဟန်းတော်များကို ပိုပြီးအကျွမ်းတဝင်ဖြစ်ဖို့ လိုလားကြသူတွေ ဖြစ်ပါတယ်။

ဒီဃနိကာယ်၊ သီလက္ခန်ပါဠိတော်၊ ပေါဋ္ဌပါဒသုတ်မှာ ပေါဋ္ဌပါဒပရိဗိုဇ်ဆိုတာ သူ့နေရာကို မြတ်စွာဘုရာြးွကလာတဲ့အခါ အလွန်အမင်းကို ဝမ်းသာအားရဖြစ်ပြီး အူးယားဖားယား ကြိုဆိုပါသတဲ့။ ဘာကြောင့် အူမြူးဝမ်းသာ ဖြစ်ရတာလဲဆိုတာကို အဋ္ဌကထာဆရာကြီး ဖွင့်ပြတာကတော့ ဒီပုဂ္ဂိုလ်များဟာ ဘုရားရှင်နဲ့တပည့်သားများ သူတို့ဆီလာတာကို အကြောင်းပြုပြီး သူတို့ကို ကြည်ညိုပြီးဖြစ်တဲ့ သာဝကတွေကို တွေ့ရင် “တွေ့တယ် မဟုတ်လား၊ ငါတို့ဆီကို ဂေါတမမြတ်စွာဘုရား ကြွလာတယ်၊ ရှင်သာရိပုတ္တရာ ကြွလာတယ်၊ ဒီပုဂ္ဂိုလ်တွေဆိုတာ နှယ်နှယ် ရရ နေရာမျိုးကို ကြွတဲ့ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ ဒီလောက်ဆို ငါတို့ရဲ့ ကြီးမြတ်ပုံကို မင်းတို့ သဘောပေါက်ကြ” ဆိုပြီး အမြတ်ထုတ်ကြသတဲ့။

ဘုရားရှင်ကို ကြည်ညိုတဲ့ ဗုဒ္ဓဘာသာဝင် ထင်ရှားတဲ့ ဒကာ၊ ဒကာမတွေနဲ့ တွေ့တဲ့အခါကျတော့လည်း “မင်းတို့ရဲ့ဆရာ ဂေါတမမြတ်စွာ ဘုရားကတောင် ငါတို့ဆီကြွလာတာပါ။ ငါတို့ဟာ အချင်းချင်း ဆန့်ကျင်ဘက်တွေ မဟုတ်ကြပါဘူး။ မင်းတို့က ဘာဖြစ်လို့ တို့ကို မရိုမသေ မကြည်ညိုကြတာလဲ”ဆိုပြီး စည်းရုံးကြပါသတဲ့။

ဂိုဏ်းဆရာကြီးခြောက်ဦး စာရင်းထဲမှာလည်းမပါ၊ ပေါဋ္ဌပါဒတို့လို ကြားနေ ခွတုတ်လည်း မဟုတ်ဘဲ အပြိုင်အဆိုင်သမားသက်သက်အဖြစ်နဲ့ အထင်ရှားဆုံး ပုဂ္ဂိုလ်တစ်ဦးကတော့ ဝေသာလီပြည်က “သစ္စကပရိဗိုဇ်”ဆိုတဲ့ ပုဂ္ဂိုလ်ကြီးပါပဲ။ ဒီပုဂ္ဂိုလ်ကြီးနဲ့ ပတ်သက်လို့ ဗုဒ္ဓဘာသာဝင်တို့ သိသိမှတ်မှတ်ပြုတဲ့ အချက်တစ်ခုကတော့ မြတ်စွာဘုရားရှင်ရဲ့ အပြင်အောင်ခြင်းရှစ်ပါးထဲမှာ ဆဋ္ဌမမြောက် အောင်ခြင်းအဖြစ်နဲ့ ဆုံးမခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဆိုတာပါပဲ။

ဝေသာလီပြည်သား လိစ္ဆဝီမင်းတွေဆိုတာ အလှည့်ကျမင်းပြုရတဲ့ ပြည့်သူ့ကိုယ်စားလှယ်တွေပါပဲ။ သူတို့ရဲ့ ပင်ကိုယ်စရိုက်ဝါသနာက အတွေးအခေါ် အယူဝါဒ အထူးအဆန်းကို မေးမြန်း စိစစ်လိုကြတယ်။ အချင်းချင်း ရင်ဆိုင်ယှဉ်ပြိုင်ရတဲ့အခါ အနိုင်မခံ အရှုံးမပေးဆိုတဲ့ စိတ်ဓာတ် ရှိကြပြီး နေရာတိုင်းမှာ သူတစ်ပါးထက် သာလွန်လိုကြတယ်။ ဒါကြောင့်လည်း ဘာသာရေးနဲ့ ပတ်သက်တဲ့နေရာမှာတောင် သူတစ်ပါး ထက် ထူးထူးခြားခြား ကျင့်ကြံပြနိုင်သူတို့၊ အချင်းချင်း ဝါဒချင်း ပြိုင်ဆိုင်ကြသူတို့ကို ပိုသဘောကျလေ့ရှိတယ်။

တစ်ခါက အလွန်ဝါဒစစ်ထိုး ကျွမ်းကျင်တဲ့ ပရိဗိုဇ် ယောကျာ်းနဲ့ ပရိဗိုဇ်မတို့ ဝါဒစစ်ထိုးကြရာမှာ သူနိုင်ကိုယ်နိုင် မ,တပြန် ကျားတပြန် ပွဲကြီး ပွဲကောင်းပြိုင်ပြီး ဘယ်သူ့ဘယ်သူမှမနိုင်ဘဲ သရေပွဲဖြစ်သွားတဲ့အခါ ဝေသာလီပြည်သားတွေက သဘောကျလွန်းလို့ သူတို့အချင်းချင်း ထိမ်းမြား လက်ထပ်ပေးပြီး နေထိုင်စားသောက်စရာ အပြည့်အစုံနဲ့ကို ကိုးကွယ် ပူဇော်ထားကြပါသတဲ့။
သစ္စကပရိဗိုဇ်ဆိုတာ အဲဒီပရိဗိုဇ် ဇနီးမောင်နှံက ပေါက်ဖွားလာတဲ့ မွေးချင်းငါးယောက်ထဲက အစ်မလေးယောက်ရဲ့နောက်မှာ ဖွားမြောက်လာတဲ့ အငယ်ဆုံးသားပေါ့။ အလွန်ဉာဏ်ပညာ ထက်မြက်တဲ့အတွက် မိဖများဆီက သင်ယူရရှိထားတဲ့ ဝါဒပေါင်းတစ်ထောင်သာမက သာသနာပ ဝါဒပေါင်းများစွာ သင်ယူတတ်မြောက်ထားတာဖြစ်လို့ လိစ္ဆဝီမင်းသားငယ်တို့ရဲ့ မင်းဆရာဖြစ်နေသူပေါ့၊ ပညာတွေ အလွန်ပြည့်နေတဲ့အတွက် ဝမ်းဗိုက်ပေါက်ကွဲ ထွက်သွားမှာစိုးလို့ သံပြားနဲ့ ဝမ်းဗိုက်ကို ပတ်ထားရတယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးပါပဲ။

သူ့ရဲ့ ဘာသာရေး ခံယူချက်ကတော့ “ရုပ်ဆိုတာလည်း သူ့အလိုကျအတိုင်း ဖြစ်စေနိုင်စွမ်းရှိတဲ့ အတ္တပဲ။ ခံစားတဲ့ ဝေဒနာဆိုတာလည်း အတ္တပဲ။ မှတ်သားတဲ့ သညာလည်း အတ္တပဲ။ ကြံစည်စိတ်ကူးတဲ့ သင်္ခါရလည်း အတ္တပဲ။ သိတဲ့ ဝိညာဏ်ဆိုတာလည်း အတ္တပဲ။ အတ္တဟာ အရာရာကို သူ့အလိုကျအတိုင်း ဖြစ်စေနိုင်တဲ့ အစွမ်းသတ္တိရှိတယ်။ မြဲလည်း မြဲတယ်” လို့ လက်ခံ စွဲယူထားတာပါ။

မြတ်စွာဘုရားက “သင်္ခါရမှန်သမျှဟာ မမြဲတဲ့ အနိစ္စ၊ အစိုးမရတဲ့ အနတ္တ” လို့ ဟောလေ့ရှိတယ်ဆိုတာ သိရတော့ “ဒီလောက် မကြားဝံ့ မနာသာ အယူမှားတွေကို ဟောကြားနေတဲ့ ဂေါတမဗုဒ္ဓကို ငါ့ဝါဒတွေနဲ့ ပြိုင်ဆိုင်လှုပ်ခါပြီး အနိုင်ယူပြမယ်”လို့ ကြုံးဝါးရင်း နောက်ပါ လိစ္ဆဝီမင်းသား ပရိသတ်တွေ အခြံအရံနဲ့ ဘုရားဆီသွားပြီး ဝါဒချင်းပြိုင်သတဲ့။

မြတ်စွာဘုရားနဲ့တွေ့တဲ့အခါ သစ္စကပရိဗိုဇ်က “မျိုးစေ့သစ်ပင် မှန်သမျှဟာလည်း မြေကြီးကို မှီပြီးမှ ရှင်သန်နိုင်သလို၊ သွားလာလှုပ်ရှား လုပ်ကိုင်နေသူ မှန်သမျှလည်း မြေကြီးကိုပဲ မှီနေရသလို လူတို့ရဲ့ ကောင်းမှု၊ မကောင်းမှု မှန်သမျှဟာလည်း အတ္တကိုသာ မှီပြီးတော့ ဖြစ်နေရတယ်၊ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းတို့ဟာ တိုင်းသူပြည်သားတို့အပေါ်မှာ လိုအပ်သလို အမိန့်ပေးနိုင်တဲ့ အာဏာရှိသလို အတ္တဟာလည်း အရာရာကို လိုချင်သလို အမိန့်ပေးနိုင်တဲ့ အာဏာရှိတယ်”ဆိုတဲ့ သူ့ဝါဒကို အဆိုပြု တင်ပြပါတယ်။

 မြတ်စွာဘုရားရှင်က “ဒီလိုဆိုရင် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့ဟာ သူတို့ကို သူတို့ “ငါရဲ့ရုပ်ဟာ ဘယ်လို ဖြစ်စေရမယ်၊ ဘယ်လို မဖြစ်ရ၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့ဟာလည်း ဘယ်လိုသာ ဖြစ်စေရမယ်၊ ဘယ်လိုတော့ မဖြစ်စေရလို့ အမိန့်ပေးနိုင်ပါသလား”လို့ မေးလိုက်တဲ့အခါမှာတော့ သစ္စကပရိဗိုဇ် အဖြေရ ခက်သွား တယ်။
သူ့နောက်မှာလည်း လိစ္ဆဝီမင်းပရိသတ်က အများကြီးရှိနေတာဆိုတော့ တကယ်လို့ “ရုပ်အပေါ်မှာ အာဏာပေးလို့ရတယ်” လို့ ဖြေလိုက် ရင် နောက်ပါလိစ္ဆဝီမင်းတွေက “ဒီလိုဆိုရင် သင့်ရဲ့ရုပ်ကို နတ်သားလေးလို လှနေအောင် အာဏာနဲ့ အမိန့်ပေးပါလား၊ ဘာဖြစ်လို့ ခုလို ဗိုက်ပူရုပ်ဆိုးကြီးဖြစ်နေရတာလဲ”လို့ ဝိုင်းပြီးဟားကြတော့မှာ။ ဒီတော့ အဖြေခက် အနေကြပ်ကြီးဖြစ်ပြီး မဖြေဘဲ ပေကပ်နေတော့တယ်။

နှစ်ကြိမ်ကနေ သုံးကြိမ်မြောက်အထိ မြတ်စွာဘုရားက မေးလာတဲ့အခါမှာတော့ တစ်ကိုယ်လုံးတင်းကြပ်ပြီး ခေါင်းရှစ်စိတ်ကွဲတော့မတတ် ခံစား
လာရတဲ့အခါ မနေသာတော့ဘဲ အရာရာကို အမိန့်ပေးနိုင်တဲ့ အတ္တဆိုတာ မရှိပါကြောင်း ဝန်ခံလိုက်ရတယ်။ ပညာကို နှံ့စပ်အောင် မလေ့လာမဆည်းပူးခဲ့ဘဲ ကိုယ်သိသမျှလေးကိုသာ အဟုတ်ကြီးထင်မှတ်ခဲ့တဲ့ အတွက် မြတ်စွာဘုရားအပေါ်မှာ မောက်မာ ခက်ထန်တဲ့ စကားလုံးတွေနဲ့ သုံးနှုံးပြောဆိုခဲ့သမျှကိုလည်း တောင်းပန်သွားပါတယ်။

သစ္စကဟာ ကိုယ့်အထင်နဲ့ကိုယ် နိုင်မယ်ထင်လို့ ပြိုင်ခဲ့ပေမဲ့ မနိုင်တဲ့အခါမှာတော့ ရန်ငြိုးအာဃာတရယ်လို့ မထားဘဲ မြတ်စွာ ဘုရားရှင်ကို တောင်းပန်ပြီးတော့မှ မြတ်စွာဘုရားနဲ့ နောက်ပါသံဃာတော်များကို ဆွမ်းတစ်နပ် ကပ်လှူပါသေးတယ်။ မြတ်စွာဘုရားရှင်ကလည်း သစ္စကပရိဗိုဇ်ဟာ ဒီဘဝမှာတော့ မဂ်ဖိုလ်ကို မရနိုင်လောက်ပေမဲ့ အလေ့အထုံ ဝါသနာဘာဂီဖြစ်စေဖို့ ရည်ရွယ်ပြီး စူဠသစ္စကသုတ္တန်နဲ့ မဟာသစ္စကသုတ္တန်ဆိုတဲ့ ဒေသနာတော်ကြီးနှစ်ခုကို ဟောပြောပေးတော်မူပါတယ်။

ပြိုင်ပွဲရဲ့ထုံးစံအတိုင်း ယှဉ်ပြိုင်ကြပေမဲ့ “ရှုံးသူကိုလည်း အနစ်နာစေရ၊ နိုင်သူကလည်း မမောက်မာရ”ဆိုတဲ့ စံနမူနာကောင်းကို ပြလိုက်တဲ့ပွဲပါပဲ။ ရှုံးသူနိုင်သူ ကြည်ဖြူကြတဲ့ ဒီကောင်းမှုကြောင့်ပဲ သစ္စကပရိဗိုဇ်ဟာ အပါယ်ဒုဂ္ဂတိဘေးကလည်း ကင်းလွတ်သွားပါတယ်။ ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးလို့ နှစ်ပေါင်း (၂၀ဝ)ကျော်တဲ့အချိန်မှာတော့ သီဟိုဠ်ကျွန်း(သီရိလင်္ကာ)မှာ မင်းရဲ့အပူဇော်ခံ “အရှင်ကာဠဗုဒ္ဓရက္ခိတ” ဆိုတဲ့ ပဋိသမ္ဘိဒါပတ္တ ရဟန္တာအရှင်မြတ်ကြီးဖြစ်တော်မူ သွားပါသတဲ့။
*** --- ***

မြတ်ဗုဒ္ဓနဲ့ ခေတ်ပြိုင်ဝါဒတွေထဲမှာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုရှိသလောက် ထိပ်တိုက်ရင်ဆိုင်မှုရယ်လို့ သိပ်မရှိလှတဲ့ ပုဂ္ဂိုလ်ကတော့ ဂိုဏ်ဆရာကြီး ခြောက်ဦးထဲက မင်းရော ပြည်သူပါ အလေးစားဆုံးခံရတဲ့ “မဟာဝီရ” ခေါ် “ဂျိန(ဇိန)=ဂျိန်း” ဘာသာရေးခေါင်းဆောင်ကြီး “နိကဏ္ဌ”ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဘာသာရေးကျမ်းစာများအလိုအရ နိဂဏ္ဌဟာလည်း သိဒ္ဓတ္ထ မင်းသားလို ရှင်ဘုရင်ရဲ့သားတစ်ဦးပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
သူနဲ့ သူ့ရဲ့ဂိုဏ်းသားများဟာ ကမ္မဝါဒကို ပြင်းပြင်းထန်ထန် လက်ခံကျင့်သုံးတဲ့ ပုဂ္ဂိုလ်တွေဖြစ်လို့ ဗုဒ္ဓဝါဒနဲ့ အတိုက်အခံဂိုဏ်းလို့ မဆိုနိုင် ပါဘူး။

ပြင်းထန်တဲ့ အပြိုင်အဆိုင်ဂိုဏ်းလို့သာ ဆိုရမှာပါ။ “အပြိုင်အဆိုင်” ဆိုတဲ့နေရာမှာတောင် နိကဏ္ဌနဲ့ မြတ်ဗုဒ္ဓတို့ စိန်ခေါ်ပြိုင်ဆိုင် တာမျိုးတော့ မဟုတ်ပါဘူး၊ နိကဏ္ဌရဲ့ ပြင်းပြင်းထန်ထန် ခန္ဓာကိုယ်ကို ညှင်းပန်းကျင့်ကြံတဲ့ အတ္တကိလမထာနုယောဂ အကျင့်ကို သဘောကျသူ များက ဗုဒ္ဓရဲ့ မဇ္ဈိမပဋိပဒါ လမ်းစဉ်နဲ့ နှိုင်းယှဉ်ပြိုင်ဆိုင်ပြီး သုံးသပ်ကြလို့သာ အပြိုင်အဆိုင်လို့ ပြောရတာပါ။

ကမ္မဝါဒကို လက်ခံကျင့်သုံးတဲ့နေရာမှာတော့ နိဂဏ္ဌရဲ့အကျင့်က အတော့်ကို ကြံပေါက်ကြံစည် ကတ်သီးကတ်သပ် လည်းနိုင်၊ ပြင်းလည်းပြင်းထန်ပါတယ်။ ပါဏာတိပါကံ တစ်ခုရှောင်ဖို့လေးမှာတောင် ရေစိမ်းမှာ ပိုးမွှားပါလို့ ဒီအတိုင်းသောက်ရင် အပြစ်ရှိတယ်၊ ဒါကြောင့် ရေစိမ်းသောက်ခြင်းကို လုံးဝရှောင်တယ်။ သွားတဲ့ခြေလှမ်းအောက်မှာ ပိုးမွှားတွေ ကင်းအောင် ခြေလှမ်းတိုင်းမှာ တံမြက်စည်းလှဲပြီးမှ လှမ်းရတာတို့၊ မကောင်းမှုကို တားမြစ်ခြင်းဆိုတဲ့ ဓမ္မနဲ့သာ အမြဲထိတွေ့နေစေဖို့အတွက် အဝတ်အရုံ အထိအတွေ့ကိုပါ ရှောင်ကြဉ်တာတို့၊ တချို့က သာယာတဲ့ အထိအတွေ့မဖြစ်အောင် ဆူးပေါ်မှာသာ ထိုင်တာ အိပ်တာတို့လည်း ပါရဲ့။ ရသာရုံခံစားမှု ကင်းအောင် အစားတစ် လုတ် ရေတစ်မှုတ်သာ သုံးဆောင်တာအထိပါပဲ။

လူအများကတော့ ကိုယ်မလုပ်နိုင် မကျင့်နိုင်တာတွေကို ပင်ပင်ပန်းပန်း လုပ်ပြ၊ နေပြတာ၊ ခြိုးခြိုးခြံခြံ ကျင့်ကြံဒုက္ခခံပြတာတို့ကို အလွန်အထင်ကြီးကြတာဆိုတော့ ကျင့်ကြံနေထိုင်မှုအပိုင်းမှာ မြတ်စွာဘုရားနဲ့ တပည့်သားများထက် နိဂဏ္ဌတို့ကို ပိုပြီး အထင်ကြီးကြ သူတွေလည်း မရှားပါဘူး။ မလိုက်နာနိုင်ပေမဲ့ လေးစားကြည်ညိုသူ အတော်များပါတယ်။ တချို့ နိဂဏ္ဌတပည့်တွေကဆိုရင် ဘုရားရှင်နဲ့ တပည့်သားတွေအပေါ်မှာ အဝတ်ရုံတာ၊ အစာစားတာလောက်ကိုတောင် တဏှာရမ္မက်ကြီးသူတွေလို့ ထင်ကြတာလည်း ရှိတယ်။

အထင်ကြီးလေးစားကြပေမဲ့ ပြင်းထန်တဲ့ အကျင့်ကို လိုက်နာနိုင်သူက ရှားလာလို့ တပည့်ရင်းခံပြီး ကျင့်ကြံသူကတော့ တဖြည်းဖြည်း လုံးပါးပါးလာပါတယ်။ နိဂဏ္ဌရဲ့ အဆုံးအမဟာ အသိဉာဏ်သဘောတရားရယ်လို့ မပါဘဲ ခန္ဓာကိုယ်ကို ညှင်းပန်းတဲ့ အကျင့်မျိုးစုံ ကိုသာ ဟောညွှန်ထားတာဖြစ်လို့ သူ့ဝါဒကို ယုံကြည်သူအများစုဟာလည်း ဆင်ခြင်တုံတရားနည်းပါးကြတဲ့အတွက် အသိနည်းသလောက် အစွဲနာ အခွါခက်တွေဖြစ်ကြလို့ ခုအထိလည်း မျိုးဆက်တော့ဖြင့် မဆိတ်သုဉ်းသေးပါဘူး။

ဗုဒ္ဓဝါဒနဲ့ ခေါင်းခေါင်းပါးပါး အကျင့်ချင်း ပြိုင်သလို ဖြစ်နေလို့သာ အပြိုင်အဆိုင်လို့ ဆိုရပေမဲ့ ဗုဒ္ဓနဲ့နိဂဏ္ဌတို့ ထိပ်တိုက်ရင်ဆိုင်ယှဉ်ပြိုင် တာရယ်လို့တော့ ပိဋကတ်မှာ ကြီးကြီးမားမား မတွေ့မိပါဘူး။
မြတ်ဗုဒ္ဓပွင့်ပေါ်လာတဲ့အခါမှာ နိဂဏ္ဌရဲ့ဂိုဏ်းဟာ တဖြည်းဖြည်း အင်အားလျော့ပါးလာတာကတော့ အတော်လေး သိသာပါတယ်။ တချို့ ဆင်ခြင်တုံရှိကြတဲ့ သီဟစစ်သူကြီးတို့၊ ဥပါလိသူကြွယ်တို့လို ပုဂ္ဂိုလ်တွေက မြတ်ဗုဒ္ဓရဲ့ တပည့်သားအဖြစ် ခံယူသွားကြလို့ပါ။

ဒါပေမဲ့ မြတ်ဗုဒ္ဓကတော့ ဒီဒကာများကိုလည်း “ရှေးအစဉ်အလာမပျက် နိဂဏ္ဌတို့အပေါ်မှာလည်း လှူဒါန်းမှု၊ ထောက်ပံ့မှု မပျက်ကွက်ကြဖို့ တိုက်တွန်းထားပါတယ်။ တကယ်ကိုမှ လေးစားခင်မင်မှု မပျက်တဲ့ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ကို ပီပီပြင်ပြင် ကျင့်သုံးပြတဲ့ သဘောပါပဲ။ ဗုဒ္ဓဝါဒနဲ့ ယှဉ်လာတဲ့အခါ နိဂဏ္ဌတို့ရဲ့ဝါဒက သိသိသာသာကြီး လျော့နည်းသွားရခြင်းရဲ့ အဓိကအကြောင်းကတော့ နိဂဏ္ဌတို့ဟာ လောကသားတို့ အံ့ဩလေးစားလောက်အောင် အကျင့်နဲ့ အပင်ပန်းခံပြပေမဲ့ လောကသားတို့ရဲ့ လိုအပ်ချက်ကို ပြည့်ပြည့်စုံစုံ ဖြည့်ပေးတဲ့ “အပေးပြိုင်ပွဲ”မှာတော့ လုံးဝကို ယှဉ်လို့မရတဲ့အချက်က အဓိက ဖြစ်ပါလိမ့်မယ်။

မြတ်ဗုဒ္ဓနဲ့ ခေတ်ပြိုင် ဘာသာရေးနယ်ပယ်မှာ “အပြိုင်အဆိုင်”ဆိုတဲ့အဆင့်နဲ့ သတ်မှတ်လို့ရတဲ့ ပုဂ္ဂိုလ်နှစ်ဦးထဲမှာ သစ္စကပရိဗိုဇ်က “အပြော”နဲ့ လူတွေကို ဖမ်းစားဖို့ ကြိုးစားတယ်။ အပြောကို ငေးမောမိသူများအနေနဲ့ ပြောဆိုငြင်းခုံဖို့ကလွဲလို့ တကယ့်ဘဝမှာ ဘာမှသုံးမရတဲ့အတွက် ဒီဝါဒက လုံးဝဆိတ်သုဉ်းသွားတာပါပဲ။
နိဂဏ္ဌဆရာကြီးကတော့ “အပြ”နဲ့ လောကကို ဖမ်းစားဖို့ ကြိုးစားခဲ့သူပါ။ သူပြတဲ့အကျင့်များက ကံရဲ့အမွေဖြစ်တဲ့ မျက်စေ့၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တို့ကို လုံးဝချုပ်ချယ်ပြီး ကျင့်ကြံရတာဖြစ်လို့ လူဖြစ်ရှုံးရုံကလွဲပြီး ဘာအကျိုးမှမရတဲ့ အနေဆင်းရဲ အသေဆင်းရဲ “အပြ”ကြီး ဖြစ်နေတဲ့အတွက် တဖြည်းဖြည်းလုံးပါး ပါးသွားရတာပါပဲ။

မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်ပြမှုများဟာလက်ငင်းလက်တွေ့ အကျိုးရစေပြီး လက်တွေ့စမ်းသပ်စစ်ဆေးခွင့်ကိုပါ ခွင့်ပြုဖိတ်ခေါ်ဝံ့ခဲ့တဲ့ ဝါဒဖြစ်တဲ့အတိုင်း ကံပေးအမွေဖြစ်တဲ့ မျက်စေ့၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တို့နဲ့ ပတ်သက်လို့လည်း “မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်၊ ဖြူအောင် စိတ်ကိုထား” ဆိုတဲ့အတိုင်း မကောင်းမှုဆိုတဲ့ အရှုပ်ကိုသာ ဖယ်စေပြီး ကောင်းမှုနဲ့ယှဉ်ပြီး အသုံးပြုခံစားတဲ့ လူ့အခွင့်အရေးကိုတော့ မချုပ်ချယ်တဲ့အတွက် “လောကရဲ့လိုအပ်ချက် ဓမ္မရဲ့ပြည့်စုံမှု” ဆိုတဲ့ လောကီချမ်းသာ လောကုတ္တရာချမ်းသာတို့ကို အပြည့်အဝ လက်တွေ့ကျကျ ပေးဆောင်နိုင်လို့ “အပေးပြိုင်ပွဲ”မှာ အတုမရှိ အောင်ပွဲဆင်ခဲ့တာဖြစ်တယ်။

“အပြောသမား”သက်သက်က တခဏနဲ့ကျဆုံး၊ အလုပ်မဖြစ်ဘဲ အထင်ကြီးစရာ သက်သက်ဖြစ်တဲ့ “အပြသမား”က လုံးပါးပါးပြီး အပြောရောအပြပါ လက်တွေ့ကျကျ လောကရဲ့လိုအပ်ချက်ကို ပေးနိုင်တဲ့ “အပေးသမား”က ရေရှည် အောင်ပွဲခံသွားရတယ်လို့သာ ဆိုရပါလိမ့်မယ်။

ခြုံငုံစဉ်းစား အသိပွားနိုင်ကြပါစေ ... ။
ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)