Sunday, October 14, 2012

လူကို လူလိုမြင်တတ်ခြင်းနှင့် ဓမ္မကြီးစိုးခြင်း

လူကို လူလိုမြင်တတ်ခြင်းနှင့် ဓမ္မကြီးစိုးခြင်း

          ငါးပါးသီလတွင် ပါဏာတိပါတ သိက္ခာပုဒ်သည် အစဆုံးဖြစ်၏ ။ ပါဏာတိပါတ ဟူသည် တိုက်ရိုက်အားဖြင့် သူတပါး၏ အသက်ကို သတ်ခြင်းဖြစ်၏ ။  သွယ်ဝိုက်အနက်အားဖြင့် ဆိုရလျှင် သူတပါးကို နစ်နာအောင်ပြုခြင်သည်လည်း ပါဏာတိပါတ သိက္ခာပုဒ်၏ အနက်၌ ပါဝင်သည်ပင် ဖြစ်၏ ။
ထို့ကြောင့် ပါဏာတိပါတ သိက္ခာပုဒ်ကို မကျူးလွန်မိအောင် ထိန်းသိမ်းစောင့်ရှောက်ရာ၌ သူတပါး အသက်ကို မသတ်မိအောင် ထိန်းသိမ်းစောင့်ရှောက်ရသည့်အပြင် သူတပါးကို မနစ်နာအောင်လည်း ထိန်းသိမ်းစောင့်ရှောက်ရ၏ ။

သို့မှသာ ကိုယ်ကျင့်သိက္ခာပိုင်း၌ ပါဏာတိပါတ သိက္ခာပုဒ်၏ မူရင်းရည်ရွယ်ချက်သည် ပို၍ပြည့်စုံမည် ဖြစ်၏ ။ ပါဏာတိပါတ သိက္ခာပုဒ်၏ အနက်သည် ပို၍ပြည့်စုံလေ ပို၍ပို၍ ကိုယ်ကျင့်မြင့်မားလေ ဖြစ်၏ ။ ထို့ကြောင့် ပါဏာတိပါတသိက္ခာပုဒ်၏ အနက်ကို အောက်သို့သက်၍သက်၍လည်း ယူရ၏ ။ အထက်သို့ တက်၍တက်၍လည်း ယူရ၏ ။ အလျော်အားဖြင့်လည်း ယူရ၏ ။ ဆန့်ကျင်ဘက်အားဖြင့်လည်း ယူရ၏ ။ ဤသို့ ယူခြင်းမှာ နေတ္ထိကျမ်းလာ စာဖတ်နည်း အရ ယူခြင်းဖြစ်၏ ။
          လူဟူသည်မှာ မိမိတစ်ယောက်တည်း နေ၍ရသည်မဟုတ်။ ပတ်ဝန်းကျင်၌ နေမှ ရသူဖြစ်၏ ။ မိမိ၏ အိမ်တွင်း၌ပင် မိမိအပြင် အခြားအိမ်သူအိမ်သားများ လည်း ရှိကြသေး၏ ။ ထို့ကြောင့် မိမိအနေဖြင့် အခြားသောအိမ်သူအိမ်သားများ အပေါ် စိတ်မချမ်းမသာ မဖြစ်ရလေအောင် ဆက်ဆံဖို့လို၏ ။ အကယ်၍ မိမိ၏ အိမ်သူအိမ်သားများအပေါ် စိတ်မချမ်းမသာ ဖြစ်သွားအောင် ဆက်ဆံမိမည် ဆိုပါလျှင် ဤသိက္ခာပုဒ်အရ မိမိကိုယ်ကျင့်သိက္ခာ ညစ်နွမ်းသွားနိုင်၏ ။

အလားတူပင် မိမိအိမ်၏ ပြင်ပ၌လည်း အခြားသူများ ရှိကြသေး၏ ။ ထို့ကြောင့် ထိုသူများနှင့်ဆက်ဆံရသောအခါ ထိုသူများ စိတ်မချမ်းမသာ ဖြစ်မသွားရလေအောင် ဆက်ဆံဖို့ လို၏ ။ အကယ်၍ ထိုသူများစိတ်မချမ်းမသာ ဖြစ်သွားအောင် ဆက်ဆံမိမည် ဆိုပါလျှင် ကိုယ်ကျင့်သိက္ခာ ရှုထောင့်အရ မိမိသည် လူညံ့သာဖြစ်၏ ။
          ငါးပါးသီလ ဆိုသည်မှာ အရိယာသူတော်စင်တို့ မြတ်နိုးသော သီလ ဖြစ်၏ ။ ထို့ကြောင့် ငါးပါးသီလ ကို တကယ်တမ်း ပြည့်ဝသည်ထက် ပြည့်ဝအောင် စောင့်ထိန်းသည် ဆိုပါလျှင် ထိုသို့ စောင့်ထိန်းသော သူကိုလည်း အရိယာသူတော်စင်တို့က မြတ်နိုးမည်ပင်ဖြစ်၏ ။ ပါဏာတိပါတ သိက္ခာပုဒ်သည် ငါးပါးသီလတွင် ပါဝင်သည်ဖြစ်လေရာ ပါဏာတိပါတ သိက္ခာပုဒ်ကို တကယ်တမ်းပြည့်ပြည့်ဝဝ စောင့်ထိန်းလျှင်လည်း ထိုသူကို အရိယာ သူတော်စင်တို့က
 မြတ်နိုး မည်ပင်ဖြစ်၏။

 သို့ဖြစ်လေရာ မိမိအနေဖြင့် ပါဏာတိပါတ သိက္ခာပုဒ် ကိုတကယ်တမ်း ပြည့်ပြည့်ဝဝစောင့်ထိန်းသည် မထိန်းသည်ကို မိမိ နှင့်ဆက်ဆံသူများက အဆုံး အဖြတ် ပေးကြမည်ဖြစ်၏ ။ မိမိနှင့်ဆက်ဆံသောသူများက မိမိနှင့်ဆက်ဆံရခြင်းကို မြတ်နိုးကြသည် ဆိုပါလျှင် မိမိသည် ပါဏာတိပါတ သိက္ခာပုဒ်အရ မိမိကိုယ်ကျင့်သိက္ခာကို ပြည့်ဝစွာ စောင့်ရှောက်သူ  ဖြစ်၏ ။ သို့မဟုတ်ပါက မိမိသည် မိမိကိုယ်ကျင့်သိက္ခာကို ပြည့်ဝစွာ စောင့်ရှောက်သူ မဖြစ်သေး ။
          ပါဏာတိပါတ၏ တရားကိုယ်မှာ ဒေါသဖြစ်၏ ။  သို့ဖြစ်လျှင် ယင်း၏ဆန့်ကျင်ဘက်မှာ အဒေါသဖြစ်၏ ။ ဒေါသသည် သူတပါးကို နစ်နာအောင် ပြုတတ်၏ ။ အဒေါသသည် သူတပါးကို စိတ်ချမ်းသာအောင် ပြုတတ်၏ ။ လူဟူသည်မှာ ဓမ္မတာအားဖြင့် အနိုင်ရချင်သည်ချည်းသာ ဖြစ်၏ ။ ထို့ကြောင့်လူသည် မိမိနှင့် ဆက်ဆံရသူများအပေါ် အနိုင်ရလေအောင် ဒေါသကို အသုံးပြုသည်လည်း ရှိ၏ ။ အဒေါသကို အသုံးပြုသည်လည်း ရှိ၏ ။ အဒေါသဟူသည်မှာ အဘိဓမ္မာ တရားကိုယ်အားဖြင့် အသုံးပြုသော အမည်ဖြစ်၏ ။ လောက ဝေါဟာရအားဖြင့်ဆိုရလျှင် ယင်းကို မေတ္တာဟူ၍ဆို၏ ။ ထို့ကြောင့် သူတပါးအပေါ် အနိုင်ရအောင် အားထုတ်ရာတွင် ဒေါသဖြင့်လည်း နိုင်အောင်အားထုတ်၍ရ၏ ။

 မေတ္တာဖြင့်လည်း နိုင်အောင် အားထုတ်၍ရ၏ ။ ဒေါသဖြင့် အနိုင်ရအောင်အားထုတ်ခြင်းကို အသူရာတို့က အသုံးပြု၏ ။ မေတ္တာဖြင့် အနိုင်ရအောင် အားထုတ်ခြင်းကို သိကြားမင်းအ အသုံးပြု၏ ။ ဒေသနာတော်အရဆိုလျှင် ဒေါသဖြင့် အနိုင်ရခြင်းသည် အဓမ္မ၏ ပြယုဂ် ဖြစ်၏ ။ မေတ္တာဖြင့် အနိုင်ရခြင်းသည် ဓမ္မ၏ ပြယုဂ် ဖြစ်၏ ။ မြတ်စွာဘုရားသည် အာဠာဝက ဘီလူးကိုလည်း နိုင်ခဲ့၏ ။ နာဠာဂီရိဆင် ကိုလည်း နိုင်ခဲ့၏ ။ ထိုသို့ နိုင်အောင်အားထုတ်ရာတွင် မြတ်စွာဘုရားသည် ဒေါသကို မသုံး၊ မေတ္တာကိုသာ သုံးတော်မူခဲ့၏ ။ အမှန်အားဖြင့် မြတ်စွာဘုရားသည် ဒေါသကို ဝါသနာနှင့်တကွ ပယ်တော်မူပြီး ဖြစ်ပါ၏ ။
          ပါဏာတိပါတ သိက္ခာပုဒ်ကို လုံခြုံအောင်စောင့်ထိန်းမည်ဆိုပါလျှင် မေတ္တာရှိမှ ဖြစ်၏ ။ ကရုဏာရှိမှဖြစ်၏ ။ ဥပက္ခာရှိမှ ဖြစ်၏ ။ အချုပ်အားဖြင့်ဆိုရလျှင် ဗြမ္မာစိုရ်တရားရှိမှ ဖြစ်၏ ။ ဗြဟ္မစိုရ်တရားဆိုသည်မှာ အထူးအဆန်းတော့မဟုတ် ။ လူကို လူလိုမြင်ခြင်းပင် ဖြစ်၏ ။ လူကို လူလို မြင်အောင် ကြည့်တတ်ဖို့ဆိုသည်မှာ တကယ်တော့လွယ်သည်မဟုတ်။ ကျင့်ယူမှ ဖြစ်၏ ။ လက်တွေ့အမြင်အားဖြင့် ဆိုရလျှင် လူကိုတွေ့မြင်သောအခါ လူဟု မမြင်ဘဲ ကုလား၊ တရုတ် ဟူ၍လည်း မြင်တတ်၏ ။  အရာရှိ ရုံးအကူ ဟူ၍လည်း မြင်တတ်၏ ။

အမှန်အားဖြင့် မိမိရှေ့မှောက်၌ လူစစ်စ်ကြီးရှိပါလျက်နှင့် လူကို လူဟူ၍ မမြင်ဘဲ လူမျိုးအလိုက်ခွဲခြား၍ မြင်ခြင်းသည်လည်းကောင်း၊ အဆင့်အတန်းအလိုက်ခွဲခြား၍ မြင်ခြင်းသည်လည်းကောင်း၊ ရာထူး ဌာနန္တရ အလိုက် ခွဲခြား၍မြင်ခြင်းသည်လည်းကောင်း ကောင်းသောမြင်ခြင်းမဟုတ် ။ မကောင်းသောမြင်ခြင်းသာ ဖြစ်၏ ။ လူကို လူအဖြစ် မြင်မှသာ ကောင်းသော မြင်ခြင်း ဖြစ်၏ ။ ကောင်းသောမြင်ခြင်း ဆိုသည်မှာလည်း လောက ရှုဒေါင့်အရ ကောင်းသောမြင်ခြင်းဖြစ်၏ ။

 ဓမ္မရှုထောင့်အရ ကောင်းသောမြင်ခြင်းဆိုသည်မှာ လူကိုတွေ့လျှင် လူဟူ၍မမြင်ဘဲ ရုပ်နာမ် ဟူ၍သာ မြင်ခြင်းဖြစ်၏ ။ လူကိုတွေ့လျှင် တရုတ် ကုလားစသည် အားဖြင့်လည်း ကောင်း၊ သူဌေး ဆင်းရဲသား စသည်အားဖြင့်လည်းကောင်းမြင်ခြင်းသည် သာသနာပ ကာလ၌လည်း ရှိ၏ ။ ထို့ကြောင့် ထိုအမြင်မျိုးသည် ဘဝအမြင်ဟောင်းသာ ဖြစ်၏ ။ ဘဝ အမြင်သစ် မဟုတ်။ ယင်းအမြင်မျိုးသည် ပပဉ္စ အမြင်မျိုး ဖြစ်လေသောကြောင့် ယင်းအမြင်မျိုးတွင် တဏှာ သဘောလည်းပါ၏၊ မာနသဘောလည်းပါ၏၊ ဒိဌိသဘောလည်းပါ၏ ။
          ပပဉ္စ ဟူသည်မှာ တဏှာ မာန ဒိဌိ တို့၏ အမည်ဖြစ်၏ ။ တပ်မက်ခြင်းသည် တဏှာဖြစ်၏ ။ မောက်မာခြင်းသည် မာန ဖြစ်၏ ။ အခိုင်အမာ ယူခြင်းသည် ဒိဌိ ဖြစ်၏ ။ အမှန်အားဖြင့် ပပဉ္စ ဟူသည်မှာ လောက၏ အတွင်းသရုပ်ဖြစ်၏ ။ သုံးဆယ့်တစ်ဘုံ သည် လောက၏ အပြင်ပုံသဏ္ဌန် ဖြစ်၏ ။ လူကို လူအဖြစ်မြင်ခြင်းသည် သာသနာပ သာသနာတွင်း နှစ်မျိုးလုံး၌ ရှိ၏ ။

ထို့ကြောင့် ထိုအမြင်မျိုးသည်လည်း ဘဝ အမြင်ဟောင်းသာဖြစ်၏ ။ ဘဝ အမြင်သစ် မဟုတ်သေး ။ လူကို ရုပ်နာမ်အဖြစ်မြင်မှသာ ဘဝ အမြင်သစ် ဖြစ်၏။ ထိုအမြင်မျိုးသည် သာသနာပ၌မရှိဘဲ သာသနာတွင်း၌သာ ရှိ၏ ။ ထို့ကြောင့် လူကို လူဟု မမြင်ဘဲ ရုပ်နာမ် အဖြစ်မြင်ခြင်းသည် ဘဝ အမြင်သစ် ဖြစ်သည်ဟု ဆိုခြင်း ဖြစ်၏ ။ လူကို လူအဖြစ် မြင်ခြင်းသည် ဗြဟ္မစိုရ်အမြင်မည်၏ ။ လူကို ရုပ်နာမ်အဖြစ် မြင်ခြင်းသည် ဒိဋ္ဌိဝိသုဒ္ဓိ အမြင်မည်၏ ။
          သာသနာတွင်း၌ ပါဏာတိပါတ သိက္ခာပုဒ်ကို လုံခြုံအောင် စောင့်ထိန်းရာ၌ သီလ အဆင့်မှာ အဓိသီလ အဆင့် သို့ တိုင်အောင် စောင့်ထိန်းရ၏ ။ သီလ အဆင့်သာ စောင့်ထိန်းပါက သံသရာတွင်းချမ်းသာကို သာ ပေးနိုင်၏ ။ အဓိသီလ အဆင့်သို့ရောက်အောင် စောင့်ထိန်းမှသာ သံသရာလွန်ချမ်းသာ ကိုလည်း ပေးနိုင်၏ ။ သံသရာတွင်းချမ်းသာကိုလည်း ပေးနိုင်၏ ။ ချမ်းသာ နှစ်မျိုးလုံးကို ပေးနိုင်၏ ။

ပါဏာတိပါတ သိက္ခာပုဒ်ကို အဓိသီလ အဆင့်သို့ ရောက်အောင် စောင့်ထိန်းမည် ဆိုပါလျှင် ပါရမီသဘောပါဖို့လို၏ ။ ပါရမီသဘော ဟူသည်မှာ အနစ်နာခံသည့်ဘက်မှ နေနိုင်အောင် ကြိုးစားခြင်း ဖြစ်၏ ။ အနစ်နာခံသည့်ဘက်မှ နေနိုင်ခြင်းဟူသည် လူသာမာန်တို့ လုပ်နိုင်သော အလုပ်မဟုတ်။ တကယ်တန်းမြင့်မြတ်သူများသာ လုပ်နိုင်သော အလုပ်မျိုး ဖြစ်၏ ။ ထို့ကြောင့်လည်း ပါရမီဟူ၍ ဆိုခြင်းဖြစ်၏ ။ ပါရမီ၏ အနက်မှာလည်း မြင့်မြတ်သူတို့၏ အလုပ် ဟူ၍ ဖြစ်၏ ။ ပါဏာတိပါတ သိက္ခာပုဒ်ကို စောင့်ထိန်းရာ၌ ပါရမီသဘော ပါဝင်သည်နှင့် တပြိုင်နက် ယင်းသီလသည် အရိယ သစ္စာကို သိဖို့အတွက် အားကြီးသော အကြောင်း  ဖြစ်လာ၏ ။ အားကြီးသော အကြောင်းကို ဥပနိဿယ ဟူ၍ဆို၏ ။
       
  မြတ်စွာဘုရား အလောင်းတော် သုမေဓာ ရှင်ရသေ့သည် ဒီပင်္ကရာ မြတ်စွာဘုရားထံတော်၌ ဘုရားဖြစ်ရန် ဆုတောင်းတော်မူခဲ့၏ ။ ဤသည်မှာ ပိဋကတ်တော်များ၌ ဖော်ပြသော တိုက်ရိုက်အနက်ဖြစ်၏ ။  ယင်းအနက်ကို ဆန့်၍ကြည့်လျှင် သုမေဓာရှင်ရသေ့သည် ကိလေသာများကို ဝါသနာနဲ့တကွ ပယ်နိုင်သော အရဟတ္တ မဂ် ဥာဏ်တော်ကိုလည်း ရလို၏ ။ အလုံးစုံကို သိတော်မူနိုင်သော သဗ္ဗညုတ ဥာဏ်တော်ကိုလည်း ရလို၏ ။ ဤနှစ်မျိုးသည်သာလျှင် အလောင်းတော် သုမေဓာရှင်ရသေ့တောင်းသော ဆု ဖြစ်၏ ။ အခြားဆုများကို သုမေဓာရှင်ရသေ့မတောင်းခဲ့ ။
          လောကတွင် အသာစံခြင်းနှင့် အနာခံခြင်းဟူ၍ နှစ်မျိုးရှိလေရာ အနာခံခြင်းဟူသည်မှာ လွယ်ကူသော အလုပ်မဟုတ်။ လောဘ အမှူးပြုသော ကိလေသာများကို ပါးအောင်ကျင့်နိုင်မှ ဖြစ်၏ ။ ကိလေသာ ပါးလာသည်နှင့် အမျှ အနာခံခြင်းသည် ပွားလာမည် ဖြစ်၏ ။ ကိလေသာများ အကုန်အစင်ချုပ်ငြိမ်းသွား လျှင်ကား အနာခံခြင်းဟူသည် အပြည့် အစုံ ဖြစ်လာမည် ဖြစ်၏ ။ ဝါသနာနှင့်တကွ ကိလေသာများကို ပယ်သတ်နိုင်ပါမူ လောကတွင် အနှိုင်းမဲ့ အနစ်နာ ခံနိုင်သူ ဖြစ်လာ၏ ။ ထိုကြောင့် ဝါသနာနှင့်တကွ ကိလေသာများကို ပယ်သတ်နိုင်သော အရဟတ္တမဂ် ဥာဏ်တော်ကို ရခြင်း ဟူသည်မှာ လောကတွင် အနှိုင်းမဲ့ အနစ်နာ ခံနိုင်ခြင်းပင် ဖြစ်၏ ။ ဝေါဟာရခြင်းသာ ခြားနား၏ ။ အနက်ခြင်းကား အတူတူပင်ဖြစ်၏ ။

ထိုကြောင့် အလောင်းတော် သုမေဓာရှင်ရသေ့ ဒီပင်္ကရာ မြတ်စွာဘုရားထံတော်၌ ဘုရားဖြစ်ရန် အရဟတ္တမဂ် ဥာဏ်တော်တောင်းခြင်း ဟူသည်မှာ လောကတွင် အနှိုင်းမဲ့ အနစ်နာ ခံနိုင်သူဘဝကို တောင်းခြင်းပင်ဖြစ်၏ ။ သုမေဓာရှင်ရသေ့သည် ဗောဓိမဏ္ဍိုင်၌ အရဟတ္တ မဂ်ဥာဏ်တော်ကို ရတော်မူသောအခါ သူ၏ သန္တာန်၌ ကိန်းနေသော ကိလေသာ ဟူသမျှကို ဝါသနာနှင့်တကွ ပယ်သတ်လိုက်နိုင်သောကြောင့် သူသည် လောကတွင် အနှိုင်းမဲ့ အနစ်နာခံနိုင်သူ ဖြစ်လာလေ၏ ။
သုမေဓာရှင်ရသေ့သည် လောကတွင် အနစ်နာခံနိုင်ရုံမျှနှင့် ကျေနပ်သူမဟုတ်။ သူတပါးအကျိုးကို အဆောင်ရွက်နိုင်ဆုံးလည်း ဖြစ်လိုသေးသည်။ အမှန်အားဖြင့် အနစ်နာခံဖို့ အပြင် သူတပါးအကျိုးကိုလည်း ဆောင်ရွက်ဖို့ လိုသေး၏ ။ သူတပါးအကျိုးကို ဆောင်ရွက်ရာတွင် အသိဥာဏ်ထက်လေ ပို၍ဆောင်ရွက်နိုင်လေဖြစ်၏ ။ ထိုကြောင့် သုမေဓာ ရှင်ရသေ့သည် ဒီပင်္ကရာ မြတ်စွာဘုရား၏ထံတော်၌ သဗ္ဗညုတ ဥာဏ်တော်ကို ရရှိရန်ဆုတောင်းခြင်း ဖြစ်၏ ။ သဗ္ဗညုတ ဥာဏ်တော်ကို ရပါမှ လောကတွင် သူတပါး၏ အကျိုးကို အနှိုင်းမဲ့ ဆောင်ရွက်နိုင်မည် ဖြစ်၏ ၊ ထိုကြောင့် သဗ္ဗညုတ ဥာဏ်တော်ကို ရခြင်းဟူသည်မှာ လောကတွင် သူတစ်ပါး၏ အကျိုးကို အနှိုင်းမဲ့ ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါ၏ ။
           အလောင်းတော် သုမေဓာရှင်ရသေ့သည် ဘုရားဖြစ်တော်မူသော အခါ လူနတ်ဗြဟ္မာ သတ္တဝါ အပေါင်းတို့၏ ဆရာဖြစ်လာ၏ ။ ထိုအခါ “သတ္ထာဒေဝ မနုဿာနံ ” ဟူသော ဂုဏ်တော်ကို ရတော်မူ၏ ။ သို့ဖြစ်လေရာ မြတ်စွာဘုရား၏ ဘဝ ကျင့်စဉ်ကို လေ့လာခြင်းအားဖြင့် လောကတွင် အရေးအကြီးဆုံးနှင့် အတောင့်တ ထိုက်ဆုံးမှာ အနစ်နာခံခြင်းနှင့် သူတပါးအကျိုးကို ဆောင်ရွက်ခြင်းဖြစ်၏ ။

တကယ်တမ်းအနစ်နာခံပြီး တကယ်တမ်း သူတပါး၏ အကျိုးကို ဆောင်ရွက်မည် ဆိုပါလျှင် အခြားအခြားသော အကျိုးတရားများကို အထူးတောင့်တဖို့ မလို။ သူ့အလိုလျှောက် “ ခြေပေါက် ” ၍လာကြမည် ဖြစ်၏ ၊ ယုံမှားဖွယ်မရှိ။ မြတ်စွာဘုရား၏ ဖြစ်တော်စဉ်က သက်သေခံပါ၏ ။ ယင်းတို့နောက် မလိုက်ပါဖို့ အရေးကြီး၏ ။ အမှန်အားဖြင့် အနစ်နာခံခြင်းသည် အပြောမဟုတ်ဘဲ အလုပ်ဖြင့် အရဟတ္တမဂ်ဥာဏ်တော်ကို တောင်းခြင်းပင် ဖြစ်၏ ။ သူတစ်ပါး အကျိုးဆောင်ရွက်ခြင်းသည်လည်း  သဗ္ဗညုတ ဥာဏ်တော် မဟုတ်စေကာမူ ထက်မြက်သော ဥာဏ်တော်ကို အပြောဖြင့်မဟုတ်ဘဲ အလုပ်ဖြင့် တောင်းခြင်းဖြစ်၏ ။
          သို့ဖြစ်၍ ပါဏာတိပါတ သိက္ခာပုဒ်ကို ထိန်းသိမ်းစောင့်ရှောက်ရာ၌ သူတစ်ပါး အသက်ကို မသတ်မိအောင် ရှောင်ကျဉ်ယုံမျှ နှင့် မကျေနပ်သေးဘဲ သူတစ်ပါး အသက်ကို ရှည်အောင်၊ သူတစ်ပါး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်အောင် အားထုတ်ရ၏ ၊ ဒုစရိုက်နှင့် သုစရိုက် ဟူ၍ ရှိလေရာ ဒုစရိုက်ကို မကျူးလွန်လျှင် သုစရိုက် ဖြစ်၏ ။ သို့ရာတွင် သုစရိုက်ဖြစ်ရုံမျှနှင့် မကျေနပ်သေးဘဲ ပုညကိရိယာ အဆင့် ရောက်အောင်ပါ ကြိုးစားရ၏ ။ သီလသည် ပုညကိရိယာ၌ ပါဝင်ပါ၏ ။

သင်္ချာဝေါဟာရဖြင့် ပြောရမည်ဆိုလျှင် ဒုစရိုက်သည် “ အနုတ် ” ဖြစ်၏ ။ သုစရိုက်သည် “ သုည ” ဖြစ်၏ ။ ပုည ကိရိယာသည် “ အပေါင်း ” ဖြစ်၏ ။ အနုတ် နှင့် အပေါင်းသည် သုညကို အကြောင်းပြု၍ ရရှိခြင်း ဖြစ်သဖြင့် သုညသည် များစွာ တန်ဘိုး ကြီးပါ၏ ။ ထို့နည်း အတူ အနုတ် ဖြစ်သော ဒုစရိုက် နှင့် အပေါင်း ဖြစ်သော ပုညကိရိယာတို့သည် သုည ဖြစ်သော သုစရိုက်ကို အကြောင်းပြု၍ ဖြစ်ပေါ်ရခြင်း ဖြစ်သဖြင့် သုစရိုက်သည် များစွာ တန်ဘိုးကြီးလေ၏ ။
          မြတ်စွာဘုရား၏ ကျင့်ထုံးကို ကြည့်မည်ဆိုပါလျှင် သုစရိုက်သည် အနစ်နာခံခြင်း သဘောကိုဆောင်၍ ပုညကိရိယာသည် သူတစ်ပါး၏ အကျိုးကို ဆောင်၏ ။ အမှန်အားဖြင့် မြတ်စွာဘုရား၏ အလိုတော် အရ လူတိုင်းတွင် အနစ်နာခံဖို့ တာဝန်လည်း ရှိ၏ ၊ သူတစ်ပါး အကျိုးကို ဆောင်ရွက်ဖို့ တာဝန်လည်း ရှိ၏ ။ ထိုတာဝန်နှစ်ရပ်ကို မိမိတို့ စွမ်းနိုင်သမျှ ဆောင်ရွက်မှသာ လောက၌ “ ဓမ္မ ” ကြီးစိုး၍ လောကသည် ငြိမ်းချမ်းမည် ဖြစ်၏ ။

 လောက၌ ဓမ္မ ကြီးစိုးခြင်းဟူသည်မှာ မိမိတို့၏ ကိုယ်ကျင့် သိက္ခာကို စည်းစိမ်ဥစ္စာတို့ နှင့် လည်းကောင်း၊ ရာထူး ဌာနန္တရတို့နှင့် လည်းကောင်း၊ ဂုဏ်ပကာသန တို့နှင့်လည်း ကောင်း မလဲ ခြင်း ဖြစ်ပါသည်။
(ဦးရွှေအောင် ၊ ဘဝအမြင်သစ်၊ အခန်း ၃ )