Wednesday, October 17, 2012

ဘုရားသခင်တို့ရဲ့ ပုခက်ပေါ်မှာ

ဘုရားသခင်တို့ရဲ့ ပုခက်ပေါ်မှာ

နံနက်အိပ်ရာနိုးတော့ လေငြိမ်သွားတာကို သတိပြုမိသည်။ ညကတစ်ညလုံး ထန်ခဲ့သော လေသည်မောသွားခဲ့ပြီထင့်၊ တိတ်ဆိတ်မှုနှင့်အတူ ၀န်းကျင်လုံး လင်းချင်းနေတော့သည်။ ပြတင်းမှ ငုံ့ကြည့်လိုက်သောအခါ ဖွေးဆွတ်နေသော စနိုးလွင်ပြင်၊ ရိုးတံပြိုင်း သစ်ပင်များအပေါ်၊ အိမ်များ၏ ခေါင်မိုးချွန်ချွန်များအပေါ်၊ ဆင်ဝင်များ ပလတ်ဖောင်းများအပေါ်မှာ ဖွေးဆွတ်နေတော့သည်။

လမ်းမတလျောက်လုံး စနိုးဖုံးရုံမက လမ်းနံဘေးတွင်ရပ်ထားသော ကားများမှာလည်း စနိုးထဲတွင် နှစ်ဝင်လျက်၊ ညနေဘက်က တစ်ပွင့်ချင်း ကျနေသောစနိုးတို့သည် ညတွင် နှင်းမုန်းတိုင်းအဖြစ် ပြောင်းသွားတော့သည်။ အခုတော့ မုန်းတိုင်း၏ခြေရာ စနိုးလွင်ပြင်၊ ရာသီဒဏ်ကို ကြံ့ကြံ့ခံနိုင်သော ခရစ္စမက်ထရီးအပင်များမှာလည်း စနိုးဖုံးသည့် အဖြူရောင်အခုံးအလုံးများအဖြစ်သာတွေ့ရတော့သည်။ “ရေပေါက်ရေ စက်၊ ကြိမ်ကြိမ်သက်သော်၊ ထဲနက်ကျယ်ဝန်း၊ ပင်လယ်ထွန်း၏ ” ဟုဆိုခဲ့သော နိတီဆရာသည် ဤမြေဖွားဆိုလျှင် သူ့အလင်္ကာသည်လည်း တမျိုးဖြစ်အံ့ထင့်။

စနိုးမုန်းတိုင်းသင့်ခဲ့ဖူးသူမို့ သတိထားနိုင်ရန် မနေ့ညနေကတည်းက၊ တကူးတက လှမ်းသတိပေးသော LA မှ ကိုမျိုးတို့ ဇနီးမောင်နှံနှင့် မစ်ရှီ ကန်က မသိင်္ဂီတို့မိသားစုကို သတိရလိုက်သည်။ ခင်ရာဆွေမျိုးပေပဲဟုတွေးနေစဉ် ဖုန်းဝင်လာပြန်၍ နားထောင်လိုက်တော့၊ “ ဘုန်းဘုန်း အဆင်ပြေရဲ့လား၊ သတင်းမှာတွေ့လိုက်လို့ ဆယ့်ငါးနှစ်အတွင်းမှာ အကြီးဆုံးစနိုးမုန်းတိုင်းဆိုလို့ စိုးရိမ်လို့” စာရေးဆရာ ငြိမ်းချမ်းလက်၊ ကာလီဖိုးနီးယားကနေ လှမ်းပူရှာသူ၊ ကျောင်းတွေရုံးတွေ အလုပ်တွေတောင် ပိတ်ရသည်အထိ ကြီးသော၊ လေယာဉ်အစီး ခြောက်ထောင်ခန့် ခရီးစဉ်ရွှေ့ ဆိုင်းရသည့် စနိုးမုန်းတိုင်းပေပဲ။ ပူရှာကြပေမပေါ့။

ဖုန်းတွေဆက်တိုက်ဝင်လာပြန်သည်။ နန်းရွှေမြတို့ ဇနီးမောင်နှံ။ စနိုးပိနေလို့ အိမ်တံခါးပင်ဖွင့်မရကြောင်း၊ ကားလည်း နှစ်မြုပ်နေကြောင်း ပြောလာသံ။ အော် ... ဒီနေ့ သူတို့ဆွမ်းဝတ်အလှည့်ကိုး၊ ဒီနေ့မလာကြနဲ့ ... ဒီမှာပြည့်စုံကြောင်း လှမ်းပိတ်လိုက်ရသည်။ ရှိတာနှင့် ရောင်ရဲ နိုင်ရမည်။ သန္တုဋ္ဌီ သလ္လေခဂုဏ်ကို ဘုရားရှင် ချီးမွှမ်းတော်မူခဲ့တာပဲလေ။

“ဘုန်းဘုန်း တပည့်တော် နော်လွင်လွင်သန်းပါ။ စနိုးတွေထိုးနေရတယ်ဘုန်းဘုန်းရေ့။ လမ်းလည်းသွားမရဘူး၊ ကားလည်းထုတ်မရဘူး၊ စနိုးတွေက ခါးအထိရောက်တယ်။ ဘုန်းဘုန်းကျောင်းကော ဘယ်သူလာထိုးပေးလဲ”

သူမေးမှ အမှတ်ရသည်။ စနိုးတွေ ထိုးရဦးမှာပါလား။ ဘယ်သူမှ မလာသေးကြောင်းပြောလိုက်ရသည်။ စနိုးထုကြီးကို ကြိုးစားပမ်းစား ဖယ်ရှားနေမည့် သားသည်မအေကို မြင်ယောင်မိသည်။ အင်း .... ဒီနိုင်ငံမှာက ယောင်္ကျားမိန်းမ တန်းတူဆိုတော့၊ တန်းတူမှ တကယ့်တန်းတူ၊ မောင်တစ်ထမ်း မယ်တစ်ရွက် ပင်မဟုတ်။ မောင်တစ်ထမ်းဆို မယ်လည်းတစ်ထမ်း။ မယ်တစ်ရွက်ဆို မောင်လည်းတစ်ရွက်ပင်။

ပြောရင်းဆိုရင်းမှာပင် လမ်းထောင့်အိမ်မှ မက္ကစီကန် အမျိုးသမီးနှစ်ယောက် စနိုးစတင်ထိုးနေကြပြီ။ အိမ်အဆင်းအတက်လမ်းကို စရှင်း နေကြပြီပဲ။ မရှင်း၍ မရ။ စနိုးက ရေခဲဖြစ်သွား၍ မာချောသွားခဲ့လျင် ဖြတ်သွားဖြတ်လာ တစ်စုံတစ်ယောက် မတော်တဆချော်လဲခဲ့သော်၊ ဥပဒေက အိမ်ရှင့်တာဝန်လေ။

အောက်ထပ်ကို ဆင်းခဲ့သည်။ အအေးဒဏ်ခံနိုင်ဖို့ ချပ်ဝတ်တန်ဆာတွေ ပြင်ရပေဦးမည်။ ခပ်ထူထူအ၀တ်အထည်တွေကို အပေါ်အောက် ဆိုင်ရာ ထပ်ခါဝတ်လိုက်သည်။ ဦးခေါင်းကိုလည်း လုံနိုင်သမျှ လုံအောင်ထုပ်လိုက်သည်။ ပြီး ... လက်အိပ်ကိုစွပ်၊ စနိုးစီးဖိနပ်ကို စီးလိုက် ရင်း ဒီပုံကို ဇာတိမြေက ညာတိတွေမြင်ရင် ပြုံးကြရယ်ကြလေမလားမသိ။ အာကာသသူရဲကောင်းလိုလို၊ ပုန်းမကြည်ရုပ်လိုလို၊ ထင်ကြလေ မလားမသိ၊ ပြုံးရင်း ဂေါ်ပြားကိုကိုင်ကာ တံခါးကိုတွန်းဖွင့်လိုက်သည်။ မပွင့်၊ ဆက်တွန်းသည်။ မရွေ့။ သေခြာကြည့်မှ လားလား ... စနိုး တွေပိနေပါကလား။ ကိုယ်လုံးနှင့်ပါဖိ၍ တွန်းကြည့်မှ တရွေ့ ရွေ့ ပွင့်သွားသည်။ ကျင်ခနဲခံစားလိုက်ရသည်။ အားပါး … ၀ရံတာတစ်ခုလုံး စနိုးတွေဖုံးလို့။ နှစ်ပေမြင့်သည့် လှေကားလက်ရန်းသည်လည်း မတွေ့ရတော့။ တိုက်ပွဲဝင်သူရဲကောင်း တွန့်သွားသည်။ 
 
လက်ထဲက ဂေါ်ပြား ကိုကိုင် ငိုင်နေမိသည်။ စနိုးကိုဖြတ်လာသောလေက စတင်ထိုးနှက်လာသည်။ အကာအကွယ်မဲ့သော မျက်နှာတ၀ိုက် ကျင်တက်သွားတော့ သည်။ ပြန်ဝင်ပြေးအံ့ ကြံပြီးမှ၊ မဖြစ်သေး။ ဒီစနိုးက ကိုယ်မထိုး၍ မည်သူထိုးအံ့နည်း။ အမိမြေမှာတော့ ကျောင်းရေး ကန်ရေးရှိလျှင် အသီး သီး ရောက်လာကြကာ ဟထ္ထကမ္မ ပါဒကမ္မ လက်မှုခြေမှု ပြုဖွယ်တို့ကို နိုင်ရာထမ်း စွမ်းရာမ,ကြမြဲ။ ဒီမှာက … အင်း … တချို့ဆို ဦးချဖို့ ၀န်မလေးသည့်တိုင် အားစိုက်ဖို့တော့ ၀န်လေးကြရှာဟန်ပင်။

အတွေးကိုဖြတ်လိုက်ကာ ဆင်ဝင်အောက်က စနိုးတွေကို စတင်ထိုးလိုက်သည်။ မွမွလေးပါကလား။ အားတတ်လာကာ ဆက်တိုက် ကော် လိုက် ပစ်လိုက်၊ ပစ်လိုက် ကော်လိုက်နှင့် လမ်းပွင့်သွားတော့သည်။ လှေကားကို အရောက်မှာတော့၊ စနိုးထုက နှစ်ပေကျော်၊ မတတ်နိုင်။ တဖြည်းဖြည်း ဖြိုရပေတော့မည်။
“မြင့်မိုရ်မို့လို့လား” ကဗျာအပိုဒ်လေးက ခေါင်းထဲပေါ်လာပြန်သည်။ ဆက်၍ ကဗျာဉာဏ်မကွန့်မြူးသာ။ စနိုးကိုသာ ဆက်ကော်ရတော့သည်။ ဂေါ်ကလည်း ပေါ့ပါး၊ စနိုးကလည်း မွလို့တော်ပေသေးတာပေါ့။ ဒါတောင် လက်မောင်းတွေက အောင့်စပြုပြီ။ ညာဘက်နံပါးက ဒဏ်ရာ ဟောင်းကလည်း ပြန်သစ်ချင်လာသည်။ နားအုံးမှဟုတွေးကာ ခေါင်းကိုမော့လိုက်တော့၊ နှာသီးဖျားက အေးလွန်း၍ ထိလို့ပင်မသိတော့။ နှာသီးကို အပူပေးရန်လက်နှင့်အုပ်ကာ ထားလိုက်ရသည်။

ထိုစဉ် လမ်းတစ်ဖက် မျက်နှာချင်းဆိုင်အိမ်မှ အမျိုးသားနှစ်ဦးထွက်လာကာ မြုပ်နေသောကားကို ဖော်ရန်အားထုတ်ကြတော့သည်။ နံဘေး အိမ်မှ အမေရိကန်မကလည်း ဂေါ်ပြားနှင့် သူအိမ်လှေကားကိုစတင်ရှင်းနေပြီ။ သူ့ဝန်းကျင် သူရှင်း၊ ကိုယ့်ဝန်းကျင်ကိုယ်ရှင်း ကြရပေတာပဲ။ ငယ်ငယ်က အမေသင်ပေးခဲ့သော “ရှေးလူကြီးများ ဆိုရိုးထား ကိုယ့်အားကိုယ်ကိုးပါ” ဆိုသည့်ကဗျာလေးက နှုတ်ထဲတိုးဝင်လာပြန်သည်။

လုပ်ငန်းစရန် ပြန်လည်လှုပ်ရှားလိုက်သည်။ “ အတ္တာဟိ အတ္တနော နာထော - ကိုယ့်ကိုကိုယ်သာ အားကိုးရာ” လို့ ဘုရားရှင်ကလည်း ဟောထားခဲ့တာပဲလေ။ ရှိသည့်အားထက် လေးငါးဆလောက်ထုတ်ခါ ရပ်တည်မှ တန်ကာကျသည့် ကွင်းစိမ်းဒေသ၊ ခုအဖြစ်က မဆိုစ လောက်ပဲ အားထုတ်ရတာ။ နောက်ပြီး သာသနာပြုပုဂ္ဂိုလ်ဆို၊ ကိုယ့်ကိုကိုယ်ပြန် ငေါက်လိုက်သည်။

“ဗုဒ္ဓမြတ်စွာ သာသနာအတွက်ဆို ငါပါအသက်ဆုံးစေမည်” လို့ ရင့်ကျူးကျွေးကျော်ခဲ့ကြသည့် မထေရ်များနှင့်စာလျှင် ကိုယ့်အဖြစ်က မပြောပလောက်။ မသကာ “ဗုဒ္ဓမြတ်စွာသာသနာအတွက်ဆို ငါ့မှာ ဟောဟဲလိုက်နေပြီ” လို့ ဆိုရရုံလေးပါဟု ကြံကြံဖန်ဖန်တွေးရင်း ရယ် လိုက်မိသည်။

ထိုစဉ် ကားဖော်သူနှစ်ယောက်တို့ ဂေါ်ပြားကိုသုံးနေရာမှ စက်ကိုသုံးကြပြီ။ မြက်ရိတ်စက်လို လက်တွန်းစက်ငယ်လေး။ စက်သံနှင့်အတူ စနိုးတွေ ဖွားကနဲး ဖွားကနဲ ပန်းထွက်သွားကြသည်။ ကားတ၀ိုက်က စနိုးတွေကို မှုတ်ထုတ်ပေးပြီး မကြာမှီမှာဘဲ သူတို့ကား လှုပ်ရှားနိုင်ပြီ၊ လှမ်းကြည့်ရင်း ဂေါ်ပြားကိုကိုင်ကာ စဉ်းစားနေမိသည်၊ ဒီမှာဘက်က ပစိဖိတ်သမုဒ္ဒရာ၊ ဟိုမှာဘက်က အတ္တလန်တိတ်သမုဒ္ဒရာ စသည် ၀န်းရံနေသော သည်နိုင်ငံကြီးသည် တကယ့်ရာသီရိုင်း၏ ခံတွင်းဝက တိုင်းပြည်ဟုပင်ဆိုရမည်ထင်သည်။ ၀က်စကွန်စင် စတိတ် အထူး သဖြင့် သည်စတိတ်၏ မြို့ကြီးဖြစ်သော မိမိနေထိုင်ရာ မယ်ဝေါးကီးမြို့သည်ပင် မစ်ရှီကန် ကန်ကြီးကို မေးတင်လျက်နှင့်လေ။

အနောက်ပိုင်းပြည်နယ်တွေမှာ ငလျင်လှုပ်၊ တောင်ပြို၊ မြူကျ၊ အပူလွန်ပြီး၊ သည်အရှေ့ ပိုင်း ပြည်နယ်တွေမှာတော့ စနိုးမုန်းတိုင်းတိုက်၊ လေဆင်နှာမောင်းကျ အအေးလွန်၊ စပရင်းနှင့် ဆန်မားမှလွဲ၍ ရာသီဥတု၏ မျက်နှာသာပေးမှုမရှိ။ သဘာဝ၏ ကြင်နာမှုမရ။ ဒါကိုပင် သူတို့ ကတော့ ဘုရားသခင်၏အလိုတော်ဟုဆိုကာ ကျေကျေနပ်နပ် ခံယူကြသည်ပင်။

ဇာတိမြေကိုအတွေးရောက်ပြန်သည်။ သည်အချိန်ဆို ပြာသိုလ၊ နှင်းဖွဲဖွဲကျကောင်း ကျနေမည်။ နေရောင်ကလည်း လက်မြဲလက်နေမည်။ အမေ့အိမ်နောက်က ခွာညိုရုံလေးကလည်း ပွင့်နေတော့မည်။ အနွေးထည်ပါးပါးနှင့် ရွာဘုရားပွဲတော်ကို သူ ငါ နွှဲနေကြတော့မည်။ ဒီနှစ် အချို့ဒေသတွေမှာ အအေးလှိုင်းဖြတ်သည်ဟု သတင်းမှာကြားရသည်။ သို့သော် ထိုအအေးလှိုင်းသည် ဒီက အအေးနဲ့စာလျှင် စာမဖွဲ့ လောက်။ သည်မှာက ရေခဲအမှတ်အောက် ခုနှစ်တို့ ရှစ်တို့ရောက်နေပြီ။ နေရောင်တောက်လျက်ကပင် ခြေလက်တွေကိုက်ခဲအောင် အေးလှသည်။ အခန်းထဲမှာနေပါလျက်က ဟီတာခေါ် အပူပေးစက်ဖွင့်ထားရသည်။

အမိမြေမှာကား ဥတုသုံးလီနှင့်၊ ရာသီပွဲ ဆယ့်နှစ်ရပ်နှင့်၊ သူ့ရာသီ သူ့ပန်းနှင့်၊ ရာသီတိုင်း ပန်းမဆိတ်၊ ပင်ကိုယ်နေရောင် အလုံအလောက်၊ ပင်ကိုယ်လေ အလုံအလောက်၊ ပင်ကိုယ်ရေ အလုံအလောက်နှင့် သဘာဝတရား၏ အလိုလိုက်မှုကို ခံရပါကလား။ သည်နိုင်ငံကတော့ သဘာဝ၏ အလိုလိုက်မှုခံရဖို့ဝေးစွ၊ မျက်နှာသာပေးမှုပင် မခံရဟုမြင်မိသည်။ ချက်ချင်း အမိမြေက နေဆာကိုလှုံရင်း ရာသီစာတွေဖြစ်သည့် ထန်းမြစ်ဖုတ်တို့၊ ပြောင်းဖူးဖုတ်တို့၊ မုန်းပေါင်းနှင့် ဘယာကြော်တို့ကို စားလိုက်ချင်စိတ်တွေဖြစ်ပေါ်မိသည်။

ထိုစဉ် စနိုးကို စက်အသုံးပြု၍ပယ်သူတို့ လမ်းပွင့်သွားပါပေါ့လား။ စက်ဆိုတော့လည်း လက်ထက်မြန်တာပေါ့။ အင်း … ဒီကလူတွေ အံ့စရာ ကောင်းတာတော့ အမှန်ပဲ။ ရာသီရိုင်း သဘာဝဆိုးကို နဖားမထိုး ဇက်မသတ်နိုင်သည့်တိုင် အလိုက်သင့်ကာကွယ်ဖို့နှင့် အလျားသင့်ခုခံဖို့ ကိုတော့ စွမ်းနိုင်ကြပါပေရဲ့။ တတ်နိုင်ကြပါပေရဲ့၊ ပြတိုက်ကြီးတွေ၊ ဘုရားကျောင်းကြီးတွေ၊ စတဲ့အဆောက်အဦးကြီးတွေ အသာထား၊ လူနေအိမ်တွေဆောက်တာကအစ ဒေသရဲ့ ရာသီနှင့်အလိုက်၊ ဥတုနှင့်အညီ ခံနိုင်ရည်ရှိသည့်ပစ္စည်းတွေကို သုံးပြီးဆောက်လုပ်ကြသည်။
 
 ဥပမာ အပူကဲသည့်ဒေသတွေမှာဆို အင်းကတေကို ပါးပါးလေး လိမ်းကြံပြီး အထဲမှာ အပူစုပ်သည့်ဂွမ်းဆိုင်လို အရာတွေထည့်ပြီး နံရံကိုပြု သည်။ စနိုးများသည့် ဒီလိုဒေသတွေမှာဆို ပလတ်စတိတ်ဖိုင်ပါများကို အပေါ်မှာအုပ်မိုး၍ ဆောက်လုပ်ကြသည်။ မုန်းတိုင်းဒဏ်၊ ငလျင်ဒဏ် စသည်ခံနိုင်အောင် စူးစမ်းတီတွင်ပြီးမှ ဆောက်လုပ်ကြသလို၊ အတွင်းမှာလည်း လေပူလေအေး၊ ရေပူရေအေး လိုသလို အသုံးပြုနိုင်အောင် တတ်ဆင်ထားကြသည်။ ထိုသို့ လိုအပ်မှုကို အခြေပြု၍ တီတွင်ဖြည့်စွပ်ကြရင်း နည်းပညာတွေ ဖွံ့ဖြိုးတိုးတတ်လာကြသည်။

ဥတုဒဏ်ကို ကာကွယ်ရန်တီတွင်ရာမှ လူသားတွေ လွယ်ကူသက်သာစေရန် တီတွင်ကြသည့်အဆင့်ပင် လွန်နေပြီဟု ဆိုလိုက်ချင်ပါသည်။ မြက်ကို စက်နှင့်ရိတ်၊ ဖုံကိုစက်နှင့် စုပ်၊ စနိုးကို စက်နှင့်မှုတ်၊ ဒါတွေက မပြောပလောက်တော့။ ဈေးခန်းမကြီးတွေ ပြတိုက်ကြီးတွေ လေဆိပ် တွေ စာကြည့်တိုက်တွေလို အများသူငါဆက်ဆံသည့်နေရာတိုင်းမှာ လှမ်းလျှောက်စရာမလို ရွေ့ လျားနေသော လမ်းတွေမျိုး၊ တံခါးထူ ထူကြီးတွေကို လူကဆွဲဖွင့်နေစရာမလိုတော့။ လူလာသည်နှင့် အလိုအလောက်ပွင့်သွားစေတာမျိုး။ Restroom လိုနေရာမျိုးမှာပင် လက် ထိုးခံလိုက်ရုံနှင့် အလိုအလျောက် ရေနှင့်ပန်းပေးပြီး လေနှင့်ခြောက်စေပုံတွေက အစ၊ အအေးကဲသည့် အခုလိုရာသီတွေမှာ အိမ်ခန်း အောင်းရင်း ကွန်ပြူတာတစ်လုံးနှင့် ကမ္ဘာပတ်နိုင်သည်အထိ တီတွင်စွမ်းဆောင်ပြနိုင်လိုက်ကြတာ။

အလိုကြည့်စမ်း သဘာဝ၏မျက်နှာသာပေးမှု မခံရသောလူတွေက ဘုရားသခင်၏ အလိုတော်ဟုခံယူရင်း၊ ရုန်းကန်တီတွင် တိုးမြင့်သွား ကြစဉ်၊ သဘာဝ၏ အလိုလိုက်မှုကိုခံယူရပြီး ဘုရားရှင်၏ “အတ္တာဟိ အတ္တနောနာထော” ဆိုသည့် လမ်းညွန်မှုကို ခံယူသူတွေကတော့ သဘာဝရင်ခွင်မှာ အိမ်မောကျနေ ကြဆဲပါကလား။ ဆယ့်နှစ်ရာသီပန်းလေးတွေကို ခူးလို့ မ၀ကြသေးပါတကား။ သည်ကလူတွေက ကိုယ့်ဘ၀ ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ပြဋ္ဌာန်းနေချိန်မှာ သဘာဝရင်ခွင်က ငါ့ဆွေမျိုးတွေခမျာတော့ … ။

ဆင်နဲ့ ဆိတ်ကို အပြေးပြိုင်ခိုင်းဖို့ မရည်ရွယ်ပါ။ ဆင်လည်း ဆင်အထွာ၊ ဆိတ်လည်း ဆိတ်အထွာဆိုသည့် နှိုင်းယှဉ်မှုလေးကိုတော့ ပြုကြည့် မိသည်။ သဘာဝရဲ့အကူအညီနှင့် ဘာသာတရား၏လမ်းညွန်းမှု ဟန်ချက်ညီအောင် ပြုနိုင်ခဲ့လျှင် အင်း … အခုတော့ … အတွေးကို ဇွတ် ဖြတ်လိုက်ရသည်။

ကိုယ်တိုင်လည်း သဘာဝဆိုးကို ဂေါ်ပြားတစ်လက်နဲ့ရင်ဆိုင်ရဦးတော့မည်။ နို့မဟုတ်လျှင် စနိုးတွေအေးခဲသွားကာ တစ်စုံတစ်ယောက် ဖြတ်လျှောက်သွားပြီး မတော်တဆဖြစ်မှဖြင့် …။
 
ကံထွန်းသစ်
ဒီဇင်ဘာ ၁၁၊ ၂၀၁၁