Tuesday, October 2, 2012

အဓမ္မ မလွှမ်းမိုးနိုင်အောင် မိမိဘဝကို အနစ်နာခံနိုင်ရမည်


အဓမ္မ မလွှမ်းမိုးနိုင်အောင် မိမိဘဝကို အနစ်နာခံနိုင်ရမည်

 သံသရာသက်တမ်းနှင့် စာလိုက်လျှင် လူ့ဘဝ သက်တမ်းဟူသည်မှာ ဘာမျှ ကြာသည်မဟုတ် ။ ရေပွက်ပမာ ခဏတာမျှသာ ဖြစ်၏ ။ ထိုမျှတိုတောင်းသော ကာလအတွင်း၌ အသက်ရှင် နေထိုင်ရစဉ် လူတို့သည် ကျီးလန့်စာ စားသကဲ့သို့ သောကကို ရင်ဝယ်ပိုက်ပြီး နေထိုင်ကြရမည် ဆိုပါက ရခဲသော လူ့ဘဝကို ရခြင်းသည် ဘာမျှ အဓိပ္ပာယ် ရှိလှမည် မဟုတ် ။

ကျီးလန့်စာ စားနေရသကဲ့သို့ သောက ကို ရင်ဝယ်ပိုက်ပြီး နေထိုင်ရခြင်းသည်လည်း မိမိပတ်ဝန်းကျင်ရှိ လူသားများက မိမိနှင့်ဆက်ဆံရာတွင် မိမိအပေါ် အမြဲတမ်း အနိုင်ကျင့် ဝါဒကို ကျင့်သုံးနေရသောကြောင့်ဖြစ်၏ ။ အနိုင်ကျင့် ဝါဒ ဟူသည်မှာ ကိုယ်ကျင့် သိက္ခာမဲ့မှုအပေါ် အခြေခံ၍ ဖြစ်ပေါ်လာသော ဝါဒပင် ဖြစ်၏ ။ ထို့ကြောင့် မည်သည့်လူသားမဆို ကိုယ်ကျင့်သိက္ခာမဲ့သော ပတ်ဝန်းကျင်၌ မနေလိုခြင်း ဖြစ်၏ ။ သို့ရာတွင် မိမိက ကိုယ်ကျင့် သိက္ခာမဲ့သော ပတ်ဝန်းကျင်၌ မနေလိုပါပဲလျက် မိမိကိုယ်တိုင်က တစ်ဖန် ကိုယ်ကျင့် သိက္ခာမဲ့သော အပြု အမူများကို ပြုမူနေပြန်လေရာ ကမ္မ နိယာမ အရ မိမိ၏ ဘဝကို မိမိကပင် ဖန်တီးရာ ရောက်ပြီး ဘယ်သူမပြု မိမိမှုပင် ဖြစ်လေ၏ ။

          မိမိ၏ ပတ်ဝန်းကျင်က အနိုင်ကျင့် ဝါဒအရ မိမိအပေါ် ကိုယ်ကျင့် သိက္ခာမဲ့သော အပြု အမူမျိုးကို မလုပ်စေလိုပါလျှင် မိမိကလည်း မိမိပတ်ဝန်းကျင် အပေါ် ကိုယ်ကျင့် သိက္ခာမဲ့သော အပြု အမူများ မလုပ်မိဖို့ လိုပါ၏ ။ သို့မှသာ မိမိ၏ ဘဝနှင့် မိမိ၏ ပတ်ဝန်းကျင်သည် ဝိရောဓိ မဖြစ်ဘဲ အနု ဝိရောဓိ သဘောသို့ သက်ရောက်ကာ လိုက်လျောညီထွေ ဖြစ်ပေလိမ့်မည် ။

          မိမိ၏ ပတ်ဝန်းကျင်ကို ငြိမ်းချမ်းသော ပတ်ဝန်းကျင်ဖြစ်အောင် ဆောင်ရွက်ရေးနှင့် ပတ်သက်၍ လိုက်နာကျင့်သုံးရန် ဘဝနေနည်း နှင့် ပတ်သက်၍ ကျင့်စဉ်တစ်ခုကို သူတော်စင်များက သတ်မှတ်ထား၏ ။ ယင်းကျင့်စဉ်ကို “ ဟာနောပါ ဒါန ” ဟုခေါ်၏ ။ ဟာနောပါ ဒါန ဟူသည်မှာ ဟာန + ဥပါဒါန = ဟာနောပါ ဒါန ဟူ၍ ဖြစ်၏ ။ ထိုတွင် “ ဟာန ” ၏ သဒ္ဒါ အနက်မှာ နုတ်ခြင်း အလျှော့ပေးခြင်း  ဟူ၍ ဖြစ်၏ ။ ဥပါဒါန ၏ သဒ္ဒါ အနက်မှာ ပေါင်းခြင်း ဆွဲယူခြင်းဖြစ်၏ ။ ပေါင်းခြင်း ဆွဲယူခြင်း ဟူသည်မှာ သူတစ်ပါးအကျိုးကို ဆောင်ရွက်ပေးခြင်း ဖြစ်၏ ။ ထို့ကြောင့် “ ဟာနောပါ ဒါန ” ဟူသော ဘဝ နေနည်း အရ လူသည် မိမိ အသက်ရှင်နေသမျှ ကာလပတ်လုံး ပတ်ဝန်းကျင်နှင့် မလွဲမသွေ ဆက်ဆံနေရမည် ဖြစ်လေရာ ထိုသို့ ဆက်ဆံရာ၌ မိမိဘက်က အလျော့ပေးပြီး သူ့ဘက်ကို ပံ့ပိုးပေးရမည် ဖြစ်၏ ။

          လောကတွင် အဝိုင်းလည်း ရှိ၏ ။ လေးထောင့်လည်း ရှိ၏ ။ အဝိုင်းနှင့် လေးထောင့်ကို တစ်ထပ်တည်းကျအောင် လုပ်လိုပါက ဤ ဟာနောပါ ဒါန သဘောကို ကျင့်သုံးပြီး “ ဟာန ” အရ ခုတ်လှီးသင့်သည်ကို ခုတ်လှီးရ၏ ။ “ ဥပါ ဒါန ” အရ ဖြည့်စွက် သင့်သည်ကို ဖြည့်စွက် ရ၏ ။ ထိုအခါမှသာ အဝိုင်း နှင့် လေးထောင့်သည် တစ်ထပ်တည်း ကျမည် ဖြစ်၏ ။ လူမှု ဆက်ဆံရေး နယ်ပယ်တွင်လည်း လူဟူသည် ပုထုဇဉ်တို့၏ ဗီဇစိတ်ဓါတ်အရ မိမိဘက်ကသာ အသာချည်း သူချင်၏ ။ မော်တော်ယာဉ် စီးရာ၌ပင် ကျပ်တန်အဟောင်းနှင့် ကျပ်တန်အသစ် နှစ်ရွက်ရှိပါက ကျပ်တန်အဟောင်းကိုသာ ကားခ အဖြစ်ပေး၏ ။ ကျပ်တန် အသစ်ကို ကားခ အဖြစ်မပေး ။ ဤသို့သော အသေးအဖွဲ ကိစ္စလေးမျိုး၌ပင် လူသည် အသာ ယူချင်၏။

          အကြီးအမား ကိစ္စမျိုး၌မူ ဆိုဖွယ်မရှိ ။ အသာယူချင်သည်သာ ဖြစ်၏ ။ ဤသည်မှာ ပုထုဇဉ် လူသားတို့၏ ဗီဇ စိတ်ဓါတ် ကြောင့် ဖြစ်၏ ။ ထိုဗီဇ စိတ်ဓါတ်ကလည်း အစမထင် သံသရာမှ စ၍ ပုထုဇဉ်တို့၏ သန္တာန်၌ ကိန်းအောင်းနေခဲ့လေရာ ထိုဗီဇ စိတ်ဓါတ်ကို ပယ်ဖို့မလွယ်။ အရိယာ အဖြစ်သို့ ရောက်ပါမှသာ မဂ်ဖိုလ်ဖြင့် မြစ်ပြတ် ပယ်နိုင်မည် ဖြစ်၏ ။ ပုထုဇဉ် လူသားများအနေဖြင့် မြစ်ပြတ် မပယ်နိုင်စေကာမူ ပါးအောင်တော့ လုပ်၍ ရပါ၏ ။

          ပုထုဇဉ်တို့သည် အခွင့်အရေးဟူသမျှကို မရလျှင် ရအောင် ယူချင်၏ ။ ဤသည်မှာ တဏှာပြဋ္ဌာန်းသည့် သဘောဖြစ်၏ ။ ယင်းကို  “ လာဘ ” ၌ သွင်းယူအပ်၏ ။ မိမိ ကိုယ်ကို အခိုင်အမာ ပြု၍ ပတ်ဝန်းကျင်၏ အလေးအမြတ်ပြုခြင်းကိုလည်း ခံချင်၏ ။       ဤသည်မှာ ဒိဋ္ဌိ ပြဋ္ဌာန်းသည့် သဘောဖြစ်၏ ။ ယင်းကို “ သက္ကာရ ” ၌ သွင်းယူအပ်၏ ။ မိမိကိုယ်ကို အခိုင်အမာ ပြု၍ ပတ်ဝန်းကျင်၏ အလေးအမြတ်ပြုခြင်းကိုလည်း ခံချင်၏ ။ ဤသည်မှာ ဒိဋ္ဌိ ပြဋ္ဌာန်းသည့် သဘောဖြစ်၏ ။ ယင်းကို “ သိလောက ” ၌ သွင်းယူအပ်၏ ။ သဒ္ဒါ အနက်အားဖြင့် လာဘ ဟူသည်မှာ အလေးအမြတ် ပြုခံလိုခြင်း ဖြစ်၏ ။  “ သက္ကာရ ” ဟူသည်မှာ အလေးအမြတ် ပြုခံလိုခြင်း ဖြစ်၏ ။ သိလောက ဟူသည်မှာ ထင်ပေါ်ကျော်ကြားလိုခြင်း ဖြစ်၏ ။ 

အမှန်အားဖြင့် ပုထုဇဉ်တို့၏  ဗီဇစိတ်ဓါတ်တွင် တဏှာ မာန ဒိဋ္ဌိ တို့သည် ပဓာန ကျလေ၏ ။ ပုထုဇဉ်တို့၏ ဗီဇစိတ်ဓါတ်ကို မထိန်းချုပ် နိုင်သမျှ ကာလပတ်လုံး လူတို့သည် အချင်းချင်းဆက်ဆံရာ၌ အဝိုင်း နှင့် လေးထောင့် သဖွယ်ချည်းသာ ဖြစ်နေကြမည် ဖြစ်၏ ။ ထိုကြောင့် အဝိုင်း နှင့် လေးထောင့် တစ်ထပ်တည်းကျအောင် လုပ်နိုင်သော ဟာနောပါ ဒါန မည်သော ဘဝနေနည်းကို သူတော်စင် ပညာရှင်များက ညွှန်ကြားကြခြင်းဖြစ်၏ ။

          လူမှုဆက်ဆံရေး နယ်ပယ်၌ အဝိုင်း နှင့် လေးထောင့် ကို တစ်ထပ်တည်းကျအောင် လုပ်ရာတွင် မိမိဘက်က အနာခံပြီး သူ့ဘက်ကို အသာ စံစေဖို့ ဆိုသည်မှာ မိမိ၏ သန္တာန်၌ ကိန်းနေသော တဏှာ၊ မာန၊ ဒိဋ္ဌိ ဦးဆောင်သော ကိလေသာတို့ ကို ပါးအောင် လုပ်နိုင်မှ ဖြစ်၏ ။ တဏှာ မာန ဒိဋ္ဌိ ဦးဆောင်သော ကိလေသာများကို ပါးအောင်လုပ်ရာတွင် သီလ စောင့်ထိန်းခြင်းသည် အကောင်းဆုံး ဖြစ်၏ ။ သီလကို စောင့်ထိန်းသောအခါ ဘုရားကိုလည်း ဖူးမိလျက်သား ဖြစ်၏ ။ တရားကိုလည်း နာမိလျက်သား ဖြစ်၏ ။ သံဃာတော်များကိုလည်း ဆည်းကပ် မိလျက်သား ဖြစ်၏ ။

          ပုထုဇဉ်တို့၏ စိတ်သည် ဓမ္မတာအားဖြင့် ကြမ်းတမ်း၏ ။ ထို့ကြောင့် လူဟူသည် တစ်ဦးနှင့် တစ်ဦး ဆက်ဆံရာ၌ အဝိုင်းနှင့် လေးထောင့်သဖွယ် ဖြစ်ကာ “ ဟာန ” အရ အနာမခံ နိုင်ခြင်း ဖြစ်၏ ။ “ဥပါဒါန ” အရ သူ့အကျိုးကို မဆောင်ရွက်နိုင်ခြင်း ဖြစ်၏ ။ ထို့ကြောင့် ပုထုဇဉ်တို့သည် ရတနာ သုံးပါးကို ဆည်းကပ်ခြင်းအားဖြင့် မိမိ တို့၏ စိတ်ကို နူးညံ့ သိမ်မွေ့အောင် လုပ်ဖို့လို၏ ။ ရတနာသုံးပါးမှ “ အား” များကို အဆင့်ဆင့် ရနိုင်အောင် လုပ်ဖို့လို၏ ။ ထိုကဲ့သို့ ရတနာ သုံးပါးမှ “ အား ” အဆင့်များ ကို ရပါမှသာ လူတို့သည် သီလကို လုံခြုံအောင် စောင့်ထိန်းနိုင်မည် ဖြစ်၏ ။ သီလကို လုံခြုံအောင် စောင့်ထိန်းနိုင်သောအခါ တဏှာ မာန ဒိဋ္ဌိ တို့သည် ပါးလာမည် ဖြစ်၏ ။

          သီလတွင် ပါဏာတိပါတ သိက္ခာပုဒ်ကို လုံခြုံအောင် စောင့်ထိန်းရာ၌ သူတစ်ပါး၏ အသက်ကို မသတ်မိအောင် စောင့်ထိန်းရ၏ ။ ဤသည်မှာ အကြမ်းစား စောင့်ထိန်းခြင်း ဖြစ်၏ ။ ထိုထက်ပို၍ စောင့်ထိန်းသော အခါ သူတစ်ပါး အနစ်နာရလေအောင် စောင့်ထိန်းရ၏ ။ ဤသည်မှာ ဟာနောပါ ဒါန ဟူသော ဘဝနေနည်းတွင် “ ဟာန ” အရ မိမိဘက်က အနစ်နာခံခြင်းဖြစ်၏ ။ “ ဥပါဒါန ” အရ သူ့ဘက်ကို ပံ့ပိုးသောအခါ သူတစ်ပါး အသက်ရှည်အောင် ဆောင်ရွက်ရ၏ ။ အမှန်အားဖြင့် မိမိဘက်က အနစ်နာခံခြင်းသည် “ သုစရိုက် ” သဘောကို ဆောင်၏ ။ သူ့ဘက်ကို ပံ့ပိုး ပေးခြင်းသည် “ ပုညကိရိယာ ” သဘောကို ဆောင်၏ ။

          မြတ်စွာဘုရားရှင်တို့၏ အဆုံးအမ အရ ဆိုပါလျှင် လူသည် အကောင်းမှု ဟူသမျှတို့ကို မလုပ်မိအောင် အားထုတ်ရ၏ ။ ကောင်းမှု ဟူသမျှတို့ကို လုပ်မိအောင်လည်း အားထုတ်ရ၏ ။ ထိုသို့ အားထုတ်ရာတွင် မိမိစိတ်ကို ဖြူစင်စွာထားရ၏ ။ မိမိစိတ်ကို ဖြူစင်စွာထားခြင်း ဟူသည်မှာ လုပ်ငန်းတစ်ခုကို လုပ်ရာ၌ တဏှာသဘောအရ ရာထူးဂုဏ်သိမ် စည်းစိမ် ဥစ္စာ တို့ကိုလည်း မျှော်ကိုးခြင်း မရှိဘဲ ဒိဋ္ဌိသဘောအရ မိမိကိုယ်ကို  အခိုင်အမာ ပြုပြီး “ ငါ ” မရှိလျှင် အားလုံး ပျက်စီးသွားကြလိမ့်မည် ဟူသော အမြင်မျိုး ဖြင့်လည်း မြင်ခြင်းမရှိဘဲ မာန သဘောအရ ယှဉ်လိုက်လျှင် ခေါင်းတစ်လုံးသာအောင် ထင်ပေါ်ကျော်ကြားမှုမျိုးကိုလည်း မမြတ်နိုးဘဲ လွတ်လွတ် စွန့်သော စိတ်ထားဖြင့် လုပ်ခြင်းမျိုးသာ ဖြစ်၏ ။ ဤ၌ လွတ်လွတ်စွန့်သော စိတ်ဟူသည်မှာ တဏှာ သဘောကိုလည်း စွန့်၏ ။ ဤသို့သော စိတ်ထားဖြင့် ဆောင်ရွက်ပါမှသာ လောက လူမှုဆက်ဆံရေး နယ်ပယ်၌ အဝိုင်း နှင့်လေးထောင့် တို့သည် တစ်ထပ်တည်းကျပေလိမ့်မည် ။

          ပါဏာတိပါတ သိက္ခာပုဒ်အရ သူ့အသက်ကို မသတ်ရ ဟူ၍လည်းကောင်း၊ သူ့ အကျိုးကို ထိပါးအောင် မလုပ်ရ ဟူ၍လည်းကောင်း ဆိုပါသော်လည်း ဤလောကတွင် မိမိနိုင်ငံကို ကျူးကျော် စော်ကားသည့် အခါသမယမျိုးလည်း ရှိနိုင်၏ ။ မိမိ လူမျိုးကို ကျူးကျော် စော်ကားလာသည့် အခါသမယမျိုးလည်း ရှိနိုင်၏ ။ မိမိ မိသားစုကို ကျူးကျော် စော်ကား လာသည့် အခါသမယမျိုးလည်း ရှိနိုင်၏ ။ မိမိ ကိုယ်ကို ကျူးကျော် စော်ကား လာသည့် အခါ သမယမျိုးလည်း ရှိနိုင်၏ ။ ထိုအခါမျိုး၌ကား “ ခုခံပိုင်ခွင့် ” အရ ပါဏာတိပါတ သိက္ခာပုဒ်ကို ကျော်လွန်ပြီး သူ့အသက် သတ်ရသည့် အခါမျိုးလည်း ရှိနိုင်၏ ။ သူ့အကျိုးကို ထိပါးရသည့် အခါ မျိုးလည်း ရှိနိုင်၏ ။ ထိုကဲ့သို့မှ မလုပ်ပါလျှင် မိမိ နိုင်ငံသည် သူတစ်ပါး လက်အောက်သို့ ရောက်သွားပေလိမ့်မည်၊ မိမိ လူမျိုးသည် သူတပါး ကျေးကျွန် ဖြစ်သွားပေလိမ့်မည်။ မိမိ သည်လည်း ရခဲလှသော လူ့ဘဝ မှ ပျောက်ကွယ်သွားပေလိမ့်မည်။

          ဤအခါမျိုးတွင်လည်း “ ဟာနောပါ ဒါန ” သဘောတရားအရ အနစ်နာခံခြင်းနှင့် သူ့အကျိုးကို ဆောင်ရွက်ခြင်းတို့ဖြင့် ဆောင်ရွက်ရမည် ဖြစ်၏ ။ အနစ်နာခံရာတွင် ဓမ္မ နှင့် အဓမ္မ ကို ချင့်တွက်ရ၏ ။ လောက၌ ငြိမ်းချမ်းသာယာမှု ဖြစ်ထွန်းရာ၌ ပုဂ္ဂိုလ် သတ္တဝါ ဟူသည် ပဓာနမဟုတ်၊ ဓမ္မ နှင့် အဓမ္မ သည်သာ ပဓာန ဖြစ်၏ ။ ထိုကြောင့် လောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ရေးတို့ အတွက် လူတိုင်း၌ တာဝန် ရှိ၏ ။ ထိုတာဝန်အရ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ရာ၌ အနာခံခြင်း အရ လောလောဆယ် ပစ္စက္ခ ၌ ပင် မိမိ၏ ပစ္စည်း ဥစ္စာများလည်း ဆုံးရှုံးနိုင်၏ ။ မိမိ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများလည်း ဆုံးရှုံးနိုင်၏ ။ မိမိ ၏ အသက်သည်ပင် ဆုံးရှုံးနိုင်၏ ။ တမလွန်၌လည်း အပါယ်သို့ ကျရောက်နိုင်၏ ။ ဤသည်မှာ အဓမ္မအပေါ် ဓမ္မက အောင်နိုင်ရေးအတွက် အနစ်နာခံပြီး ဆောင်ရွက်ခြင်း၏ ရလာဒ်များ ဖြစ်၏ ။

          ဗုဒ္ဓဒေသနာတော်အရ ဘုရားလောင်း၏ ဘဝများကို ကြည့်လျှင် များစွာ ကျေးဇူးတင်ဖွယ်များ၊ အံ့ချီးဘွယ်များနှင့် အတုယူဖွယ်များ ကို တွေ့ရ၏ ။ လောကအပေါ် အဓမ္မ မထွန်းကားနိုင်ရေး အတွက် အနစ်နာခံပြီး ဆောင်ရွက်တော်မူသော ဘုရားလောင်းသည် ငရဲ၌လည်း ကျခဲ့၏ ။ ဆင်လည်း ဖြစ်ခဲ့၏ ။ နဂါးလည်း ဖြစ်ခဲ့၏ ။ တေမိ မင်းသား မဖြစ်မီကာလ ငရဲကျခဲ့သည်ကို တေမိမင်းသားဖြစ်သော အခါ ကောင်းစွာ မှတ်မိနေ၏ ။ အဘိဓမ္မာ ဒေသနာတော် အရ မကောင်းမှု အကုသိုလ် ဒုစရိုက်များကို ကျူးလွန်မှ အပါယ်သို့ ကျရောက်ခြင်း ဖြစ်လေရာ ဗျာဒိတ်ရပြီး နောက်ပင် ဘုရားအလောင်းတော်သည် ပါဏာတိပါတ သိက္ခာပုဒ်ကို လွန်ကျူးခဲ့ကြောင်းထင်ရှား၏ ။ ဘာမျှ အငြင်းပွားစရာ မရှိ။ မုသာဝါဒ သိက္ခာပုဒ်မှ လွဲ၍ ကျန်သိက္ခာပုဒ်များကို အကြောင်းအားလျှော်စွာ ဘုရားအလောင်းသည် လွန်ကျူးခဲ့သေးကြောင်း ကျမ်းဂန်များ၌ ဆို၏ ။ သို့ရာတွင် ထိုသို့ ကျူးလွန်ရာ၌ ဘုရား အလောင်းသည် လောက၌ ဓမ္မ အပေါ် အဓမ္မက မလွမ်းမိုးရလေအောင်သာ မိမိကိုယ်ကို အနစ်နာခံပြီး ဆောင်ရွက်ခြင်းဖြစ်၏ ။ 


ဤသည်မှာ လောကသားတို့၏ တာဝန် ဖြစ်၏ ။ ထိုတာဝန်ကို လောကသားတို့အနေဖြင့်  မရှောင်လွဲအပ်၊ မရှောင်လွဲအပ်သဖြင့် ထိုတာဝန်ကို ကျေပြွန်စွာ ဆောင်ရွက်လေသောကြောင့် ဘုရားအလောင်းသည် ဖြစ်လေရာဘဝတို့၌ အထက်တန်းက အဖြစ်များ၏ ။ ငှက်ဖြစ်လျင်လည်း ငှက်မင်း ဖြစ်၏ ။ ငှက်ပရောဟိတ် ဖြစ်၏ ။ အခြားသော ဘဝ တို့၌လည်း  ထိုနည်း အတူပင် အထက်တန်းက အဖြစ်များ၏ ။ ဤသို့ ဖြစ်ရခြင်းမှာ ဘုရားအလောင်းတော်သည် မိမိ၏ ဘဝကို စတေးပြီး ဓမ္မဘက်က ရပ်တည်ခဲ့သောကြောင့် ဖြစ်၏ ။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားလောင်း၏ ထုံးကို နှလုံးမူပြီး လောက၌ ဓမ္မထွန်းကားရလေအောင် အဓမ္မကွယ်ပျောက်ရလေအောင် မတတ်သာလျှင် မိမိတို့ ဘဝကို စတေးပြီး ဆောင်ရွက်ဖို့ လိုပါ၏ ။

           သမိုင်း၌ သာသာနာတော်အတွက် အနော်ရထာလည်း ဆောင်ရွက်ခဲ့၏ ။ ဘုရင့်နောင်လည်း ဆောင် ရွက်ခဲ့၏ ။ အလောင်းဘုရားလည်း ဆောင်ရွက်ခဲ့၏ ။ သီဟိုဠ်ကျွန်း ဒုဋ္ဌဂါမဏိမင်းလည်း ဆောင်ရွက်ခဲ့၏ ။ တာဝန်ဟူသည် ရှောင်၍ မရကောင်း ။ အမှန်အားဖြင့် တာဝန်ကျေအောင် ဆောင်ရွက်ရာ၌ အနစ်နာ ခံနိုင်ခြင်းသည်ပင် ပါရမီ မည်၏ ။ ပါရမီ ဟူသည်လည်း “အဟောသိက” ဖြစ်ရိုးမရှိ။ ကမ္မနိယာမ အရ ဆိုလျှင် နိဗ္ဗာန်တိုင်အောင် အကျိုးပေးမည် ဖြစ်၏ ။

          သီလသိက္ခာနှင့် ပါတ်သက်သော ဝိနည်း ဒေသနာတော်၌ အဓမ္မနှင့်ပတ်သက်ပြီး မြင်လျှင်ဖြစ်စေ၊ ကြားလျှင် ဖြစ်စေ၊ ယုံမှားလျှင် ဖြစ်စေ ကြောင့်ကြမဲ့ မနေကြဘဲ အရေးယူ ဆောင်ရွက်ကြရန် မြတ်စွာဘုရားက တပည့် သာဝက တို့အား ဟောကြားထားတော်မူထား၏ ။ ရှင်မဟာ ကဿပ စသော ရဟန္တာကြီးများ အဆက်ဆက်တို့သည်လည်း မြတ်စွာဘုရား၏ အလိုတော် အတိုင်းပင် အဓမ္မ မလွမ်းမိုးနိုင်ရေး အတွက် မိမိတို့၏ ဘဝကို စတေးပြီး အနစ်နာခံကာ ဆောင်ရွက်တော်မူကြ၏ ။ “ အနေသာကြီးပဲ” ဟု အချောင်သမား စိတ်ဓာတ်ဖြင့် လျစ်လျူ ပြုရိုးမရှိခဲ့ကြ ။ အမှန်အားဖြင့် “ အနေသာကြီးပဲ ” ဟူသော ခံယူချက်သည် အသာစံခြင်း၌ မြစ်ဖျားခံ၏ ။ အဓမ္မကို တားမြစ်ရန်တာဝန်ရှိသည်ဟူသော ခံယူချက်သည် အနာခံခြင်း၌ မြစ်ဖျားခံ၏ ။ 

ထို့ကြောင့် ပါဏာတိပါတ သိက္ခာပုဒ်ကို စောင့်ထိန်းရာ၌ “ ဟာနောပါ ဒါန ” သဘောတရားအရ လောက၌ အဝိုင်းနှင့်လေးထောင့်တို့ တစ်ထပ်တည်းကျနိုင်ရေးအတွက် ဓမ္မဘက်မှ ကြံ့ကြံ့ရပ်တည်ပြီး စောင့်ထိန်းအပ်ပါ၏ ။ ထိုသို့ စောင့်ထိန်းရာတွင် ဟာန နှင့် ဥပါဒါန အပေါ် မားမားရပ်နိုင်လေ အဝိုင်းနှင့် လေးထောင့်တို့ တစ်ထပ်တည်း ကျလေ ဖြစ်ပေလိမ့်မည် ။ အဝိုင်းနှင့်လေးထောင့် တို့ တစ်ထပ်တည်း ကျခြင်းဟူသည်ကား လောက၏ ငြိမ်းချမ်းခြင်း ပါတည်း။ လောက၏ သာယာခြင်းပါတည်း ။

( ဦးရွှေအောင်၊ ဘဝအမြင်သစ်၊ အခန်း ၄ )