ဘ၀နှင့်ရင်းရသော အတွေးအမြင်များ
ဦးအေးမောင်ရေးသားသော ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ စာအုပ်တွင်လည်း နိုင်ငံခြားမှ မဟာယန ရဟန်းတော်တစ်ပါးသည် ထေရ၀ါဒရ ဟန်းတော်အဖြစ်ကိုခံယူပြီး မြန်မာနိုင်ငံမှ ကျောင်းတိုက်တစ်တိုက်၌ လာရောက်နေထိုင်၏။ သူ့အပေါ်ဆက်ဆံသော ကျောင်းထိုင်ဆရာတော်ကြီး၏ မေတ္တာဓာတ် နည်းပါးမှုကြောင့် စိတ်ပျက်ကာ မဟာယနသို့ ပြန်ပြောင်းသွားခဲ့ကြောင်း ဖတ်ရှုခဲ့ရ၏။
အောင်မြင်စွာ သာသနာပြုလိုသော ထေရ၀ါဒ ရဟန်းတော်များအနေဖြင့် မနောကံ မေတ္တာသည် ကာယကံ၊ ၀စီကံထိပါ ရောက်သင့်နေပြီဖြစ်ပါကြောင်း သတိပေးလိုက်သော ဖြစ်ရပ်တစ်ခုပင်ဖြစ်ပါ၏။ စာရေးသူက သူ့စကားကို လက်ခံကြောင်း ခေါင်းညိတ်လက်ခံသည့်နှင့် သူသည် ပါလာသော စက္ကူလိပ်ကြီးကို စာရေးသူအားလှမ်းပေး၏။ စာရေးသူ က ဖြန့်ဖတ်ကြည့်လိုက်သောအခါ-
မေတ္တာ အလင်းရောင် တောင်ပခြင်းဟာ ကမ္ဘာကြီးတစ်ခုလုံး ထာဝစဉ် အားထားမြတ်နိုးရမည့် လျှို့ဝှက်ကယ်တင်ရှင် ဖြစ်ပေမယ့် သစ္စာအလင်းပျံ့နှံ့ခြင်းဟာ ကမ္ဘာ့မိသားစုကြီး တစ်ခုလုံးအတွက် ထာဝစဉ်ဆောင်ရွက်ရမည့် လျှို့ဝှက်အင်းအား ဖြစ်ပေမယ့် သစ္စာတရား ခေါင်းပါးမှုနတ်ဆိုးက ကမ္ဘာ့မိသားစုကြီး တစ်ခုလုံးအတွက် ယနေ့ သဘာဝဘေးအန္တရာယ်ဆိုးများ စနစ်တကျ ဆောင်ကျဉ်းပေးနေတယ်။ မေတ္တာသစ္စာရောင်ခြည်တို့သည်သာ… ကမ္ဘာ့မိသားစုကြီး တစ်ခုလုံးအတွက် ငြိမ်းချမ်းရေးနိဗ္ဗာန်ဘုံများ ဖန်ဆင်းပေးနိုင်ပေမယ့် စစ်ဆိုတဲ့ စစ်ပွဲဆင်နွှဲမှုတွေက ကမ္ဘာ့မိသားစုကြီးတစ်ခုလုံးအတွက် ကြေကွယ်ဖွယ်ငရဲခန်းများစနစ်တကျဖန်တီးပေးနေတယ်။
မောင်ရဲမြင့်ဟု တွေ့ရ၏။
မေတ္တာနှင့် သစ္စာကို ကျင့်သုံးလျှင် ရရှိမည့် ကောင်းကျိုးနှင့် မကျင့်သုံးလျှင် ရရှိမည့် ဆိုးကျိုးတို့ကို ထိမိစွာဖွဲ့သီထားသော စာပိုဒ်ကလေးများပင်ဖြစ်၏။ “ဒကာလေး ရေးထားတာလား တကယ်ကို ကောင်းပါတယ်”
“ဟုတ်ပါတယ်ဘုရား၊ ဆရာတော်သဘောကျရင် လာသမျှလူများ ဖတ်ရှုရအောင် ကျောင်းမှာကပ်ထားပေးပါ”
“ကပ်ထားပေးပါ့မယ်။ ဒါနဲ့ ဒကာလေးက ဗုဒ္ဓဘာသာရဲ့အကြောင်းကို အတော်လေ့လာထားတယ်ထင်တယ်။ ဗဟုသုတ အတွက်ပဲလား၊ ဒါမှမဟုတ် တကယ်ကို စိတ်ဝင်စားလို့လား”
“တကယ်ကိုစိတ်ဝင်စားလို့ပါဘုရား၊ တပည့်တော်ရဲ့မိဘများက ခရစ်ယာန်ဘာသာဝင်များဖြစ်ကြလို့ တပည့်တော်လည်း ခရာစ်ယာန်ဘာသာဝင်ဖြစ်နေရပေမယ့် တစ်သက်တာ အတည်မဟုတ်သေးပါဘူးဘုရား။ ဘာသာအားလုံးကို ရွေးချယ် ဆန်းစစ်နေတုန်းပါပဲ။ ဈေးထဲမှာ တစ်နပ်စားချက်စားမယ့် ချဉ်ပေါင်ရွက်လေးတစ်စီး ၀ယ်တာတောင် အနားများပါလား၊ အပုပ်များပါလားဆိုပြီး ရွေးချယ်ရသေးတာ။ သံသရာတစ်လျှောက်လုံး အားကိုးအားထားပြုရမယ့် ဘာသာတရားကျတော့ ဝေဖန်ဆန်းစစ်ခြင်း၊ ရွေးချယ်ခြင်းမပြုဘဲ မျက်စိတ်မှိတ် ကိုးကွယ်လိုက်မယ်ဆိုရင် ဒီလိုလူထက် မိုက်တဲ့သူ ဘယ်မှာရှိလိမ့် မလဲဘုရား”
ဘာသာအယူဝါဒတစ်ခုကို ရွေးချယ်ဆန်းစစ်ပြီးမှ ကိုးကွယ်သင့်ကြောင်း အတွေးအခေါ်ကို သူက စတင်သည်ဟု ယူဆပြီး မောင်ရဲမြင့်က ပြောနေခြင်းဖြစ်၏။ အမှန်ကား ဗုဒ္ဓက ဤအတွေးခေါ်ကို လွန်ခဲ့သော နှစ်ပေါင်း(၂၅၀၀)ကျော်ခန့်ကပင် တိကျစွာ ဟောတော်မူခဲ့ပြီးဖြစ်၏။ ထိုအကြောင်းကို သိရလျှင် မောင်ရဲမြင့် အံ့သြသွားနိုင်သည်။ ထို့ကြောင့်
“ဗုဒ္ဓကလည်း ဘာသာတစ်ခုကို ရွေးချယ်ဆန်းစစ်ပြီးမှ ကိုးကွယ်သင့်ကြောင်းကို လွန်ခဲ့သောနှစ်ပေါင်း(၂၅၀၀)ကျော် ကတည်းက ဟောထားခဲ့တယ် ဒကာလေရဲ့” သူသည် တအံ့တသြဖြစ်သွားသော မျက်နှာလေးဖြင့်-
“ဘယ်လိုများ ဟောခဲ့တာလဲဘုရား”
“ဟောခဲ့တာကတော့ အင်္ဂုတ္တိုရ်ပါဠိတော် တိကနိပါတ်၊ ကေသမုတ္တိသုတ်မှာပါ။ ကာလာမ အမျိုးအနွယ်သားတွေကို အကြောင်းပြုပြီး ဟောတဲ့အတွက်ကြောင့် ကာလာမသုတ်လို့ပဲ လွယ်လွယ်ခေါ်နေကြတယ်။ အခါတစ်ပါး မြတ်စွာဘုရား ဒေသစရီ လှည့်လည် တရားဟောရင်း ကေသမုတ္ထိနိဂုံးရှိ ကာလမအနွယ်တွေ နေထိုင်တဲ့အရပ်ကို ရောက်လာတယ်။ ဒီအချိန်က ဘာသာအယူဝါဒကို တီထွင်တဲ့ ဘာသာရေးခေါင်းဆောင်တွေဟာ အင်မတန်များပြားတယ်။ သူတို့လည်း ဗုဒ္ဓ ကဲ့သို့လှည့်လည်ပြီး သူတို့အယူဝါဒကို ဟောပြောကြတာပဲ။ ဘာသာအယူဝါဒ မျိုးစုံရဲ့ အတွေးအခေါ်တွေကို ခဏခဏ နားထောင်ရနေတော့ ကာလာမအနွယ်ဝင်ကလည်း ငါးသိုင်းများတော့ ဟင်းဟုံ ဆိုတဲ့စကားအတိုင်း ဘယ်သာသာကိုမှ ကောင်းတယ်လို့မထင်တော့ဘူး၊ ရိုးသွားတာပေါ့။
ပြီးတော့ ရောက်လာသမျှ ဘာသာရေးခေါင်းဆောင်တွေက သူ့အယူအဆကသာမှန်တယ်၊ တစ်ခြားအယူအဆက မှားတယ်လို့ဆိုတဲ့ အတ္တုက္ကံသနပရ၀မ္ဘန စကားမျိုးချည်းသာ ပြောကြတာမဟုတ်လား။ အယူဝါဒအမျိုးမျိုးကို နာကြား နေရတဲ့အတွက် ဘယ်အယူဝါဒက မှန်တယ်ဆိုတာ မဆုံးဖြတ်နိုင်အောင် ဖြစ်နေပါတယ်ဘုရား လို့ လျှောက်ထားတော့ ဗုဒ္ဓက အို-အချင်းကာလာမအနွယ်တို့-သင်တို့သည် အယူဝါဒတစ်ခုကို…
တစ်ဆင်းကြားဖြင့်လည်း အမှန်လို့မယူကြနဲ့၊
ရှေးအစဉ်အလာစကား ဖြစ်ရုံနဲ့လည်း အမှန်လို့ အယူကြနဲ့၊
ဤသို့ဖြစ်ဖူးသကဲ့ ဆိုသဖြင့်လည်း အမှန်လို့မယူကြနဲ့၊
ကျန်းဂန်နှင့် ညီညွတ်သည်ဆိုရုံဖြင့်လည်း အမှန်လို့မယူကြနဲ့၊
နည်းမှီ၍ ယူခြ်းမျိုးဖြင့်လည်း အမှန်လို့မယူကြနဲ့
အကြောင်းအခြင်းအရာအား ရှာကြံပြီး ထောက်ပြညီညွတ်သည် ဆိုရုံဖြင့်လည်း အမှန်လို့မယူကြနဲ့၊
မိမိတို့ ကြံစည်နှစ်သက်လက်ခံထားသော အယူနှင့် ကိုက်ညီသည်ဆိုယုံနဲ့ အမှန်လို့ မယူကြနဲ့၊
လက်ခံထိုက်သော ပုဂ္ဂိုလ်၏စကားဖြစ်ရုံဖြင့် အမှန်လို့မယူကြနဲ့၊
မိမိတို့လေးစားအပ်သော ဆရာ၏စကားဖြစ်ရုံနှင့် အမှန်လို့မယူကြနဲ့၊
သင်တို့သည် မိမိတို့ကိုယ်တိုင်…
ဤတရားတို့သည် အကုသိုလ်တရားတို့တည်း။
ဤတရားတို့သည် အပြစ်ရှိသော တရားတို့တည်း။
ဤတရားတို့သည် ပညာရှိတို့ကဲ့ရဲ့အပ်သော တရားတို့တည်း။
ဤတရားတို့နှင့်ပြည်စုံလျှင် ဤတရားတို့ကို ဆောက်တည်လျှင် အကျိုးမဲ့ခြင်း၊ ဆင်းရဲခြင်းတို့ ဖြစ်ကုန်၏ဟု သိသောအခါ ထိုတရားတို့ကို ပယ်ကြကုန်လော။ ဒါက ပယ်ရမယ့် အယူဝါဒရဲ့အင်္ဂါလေးချက်ကို ဟောနေတာပေါ့။ ဆောင်ရမယ့် ဘာသာ အယူဝါဒရဲ့အင်္ဂါလေးချက်ကတော့-
ဤတရားတို့သည် ကုသိုလ်တရားတည်း။
ဤတရားတို့သည် အပြစ်မရှိသော တရားတို့တည်း။
ဤတရားတို့သည် ပညာရှိတို့ချီးမွမ်းအပ်သော တရားတို့တည်း။
ဤတရားတို့နှင့် ပြည့်စုံလျှင် ဤတရားတို့ကို ဆောက်တည်လျှင် အကျိုးရှိခြင်း၊ ချမ်းသာခြင်း ဖြစ်ကုန်၏ဟု သိကြသောအခါ ထိုတရားတို့ကို ဆောင်တည်ကျင့်သုံးကြကုန်လော့။
ကဲ - ဒီဒေသနာကို ထောက်ဆပြီးတော့ ဘာသာအယူဝါဒမှန်သမျှကို ရွေးချယ်ဆန်းစစ်ပြီးမှ ကိုးကွယ်ဖို့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀)ကျော်လောက်ကတည်းက ဗုဒ္ဓက ဟောကြားခဲ့ပြီးသားလို့ပြောတာပေါ့။”
“အံ့သြကြည်ညိုဖို့ကောင်းလိုက်တာဘုရား။ ဘယ်ဘာသာက ကောင်းတယ်၊ ဘယ်ဘာသာက မကောင်းဘူးဆိုတဲ့ ပုဂ္ဂလ အဓိဋ္ဌာန်မျိုးမပါဘဲ ဘယ်အချက်နဲ့ညီရင် ကောင်းတဲ့အယူဝါဒ၊ ဘယ်အချက်တွေနဲ့မညီရင် မကောင်းတဲ့အယူဝါဒဆိုတဲ့ ဓမ္မဓိဋ္ဌာန်မျိုးနဲ့ ရဲဝံ့ပြတ်သားစွာဟောထားတာ ဗုဒ္ဓတစ်ဆူပဲ ရှိတော်မူမှာပါ။ ဒီဒေသနာတောကို မှတ်မိလွယ်အောင် လင်္ကာ သီထားလေးများရှိရင် ကောင်းမယ်ဘုရား။”
“ရှိပါတယ်။ မဟာဓမ္မရုံဆရာတော်ကြီးက ဘာသာအယူဝါဒစစ်တမ်းဆိုတဲ့အမည်နဲ့ လင်္ကာသီထားတာရှိပါတယ်။ ဓမ္မဓိဋ္ဌာန် ဘာသာရွေးနည်း လို့နာမည်ပေးရင် ပိုပြီး စိတ်ဝင်စားစရာ ကောင်းမယ်ထင်တယ်။ လင်္ကာက-
ဓမ္မဓိဋ္ဌာန်ဘာသာရွေးနည်း
ဘာသာဝါဒ၊ မတူကြ၍၊
လောကအတွင်း၊ ငြင်းခုံခြင်းဖြင့်၊
ဆင်းရဲဒုက္ခ၊ ရောက်ကြကုန်၏။
ဝါဒအယူ၊ မှားခဲ့မူကား၊ ဆူဆူဗုဒ္ဓ၊
ကယ်မရသည့်
ဘေးဝပါယ်ဘုံ၊ ဘေးတွေ့ကြုံလိမ့်၊
စေ့စုံဉာဏ်ဖြင့်၊ မြော်ထောက်ချင့်ကာ၊
တစ်ဆင်းကြားသိ၊ မိရိုးဖလာ၊
ကောလာဟလ၊ ကျမ်းစာမျှနှင့်၊
ကြံဆနည်းမှီ၊ ဆီလျော်သုံးသပ်၊
ယူချင်းထပ်၍၊ ယုံအပ်သူပဲ၊
ဆရာစွဲဖြင့်၊ လွှဲပုံစိတ်ချ၊ မယူကြလင့်၊
ဒိဋ္ဌိကျင့်ကြံ၊ ကိုယ်ပိုင်ဉာဏ်ဖြင့်၊
မှားမှန်းကောင်းဆိုး၊ သိအောင်ကြိုးဟု၊
မျိုးကာလာမ၊ ဟောညွှန်ပြ၊
ဝါဒအယူစစ်တမ်းပေ။
အဲဒီညွှန်ကြားချက်ဟာ ဘာသာအသီးသီးကလူတွေနဲ့ဆိုင်တယ်။ ဗုဒ္ဓမှတစ်ပါး ကျန်တဲ့ဘာသာဝင် ဘုရားတွေက လူတွေနဲ့ တကွ ကမ္ဘာကြီးတစ်ခုလုံးမှ သက်ရှိသက်မဲ့အားလုံးကို သူတို့ဖန်ဆင်းထားတာလို့ပြောကြတယ်။ သူတို့ဖန်ဆင်းထားကြတာ ဆိုရင် အသက်ရှည်တဲ့လူတွေကိုသာ ဖန်ဆင်းသင့်တယ်၊ အသက်တိုတဲ့အနာရောဂါကင်းရှင်းတဲ့သူတွေကိုသာ ဖန်ဆင်း သင့်တယ်၊ အနာရောဂါများတဲ့သူတွေကို မဖန်ဆင်းသင့်ဘူး။ ရုပ်ရည်ချောမောလှပတဲ့သူတွေကိုသာ ဖန်ဆင်းသင့်တယ်၊ အကျည်းတန်ရုပ်ဆိုးတဲ့သူတွေကို မဖန်ဆင်းသင့်ဘူး။ အခြွေအရံများတဲ့သူတွေကိုသာ ဖန်ဆင်းသင့်တယ်၊ အခြွေအရံ နည်းပါးသူတွေကို မဖန်ဆင်းသင့်ဘူး။ ချမ်းသာကြွယ်ဝတဲ့သူတွေကိုသာ ဖန်ဆင်းသင့်တယ်၊ ဆင်းရဲနွမ်းပါးတဲ့သူတွေကို မဖန်ဆင်းသင့်ဘူး။ အမျိုးမြတ်တဲ့သူတွေကိုသာ ဖန်ဆင်းသင့်တယ်၊ အမျိုးယုတ်တဲ့သူတွေကိုသာ မဖန်ဆင်းသင့်ဘူး၊ ဉာဏ်ကောင်းတဲ့သူတွေကိုသာ ဖန်ဆင်းသင့်တယ်၊ ဉာဏ်ထိုင်းတဲ့သူတွေကို မဖန်ဆင်းသင့်ဘူး။
ဘုရားဆိုတာ မေတ္တာ၊ ကရုဏာ အပြည့်ရှိပြီးသားဖြစ်ရမယ်။ မေတ္တာ၊ ကရုဏာရှိတဲ့ ဘုရားဆိုရင်လည်း အသက်ရှည်သူ၊ ကျမ်းမာသူ၊ ချမ်းသာသူတွေချည်းဖန်ဆင်းပေးရမယ်။ အသက်တိုသူ၊ အနာရောဂါများသူ၊ ဆင်းရဲနွမ်းပါးသူတွေကို မဖန်ဆင်းသင့်ဘူး။ ဖန်ဆင်းမိပါတယ်ဆိုရင် ဒီဘုရားမှာ မေတ္တာ၊ ကရုဏာကင်းမဲ့တဲ့အဖြစ်ကို ရောက်သွားမယ်။ တစ်ခါ မဖန်ဆင်းပါဘူးဆိုရင်လည်း ဣဿရနိမ္မာနလို့ခေါ်တဲ့ ဖန်ဆင်းရှင်ဘုရားဘ၀ကနေ လျှောကျသွားမယ်။ ဘာသာဝင် အားလုံး၊ လူသားအားလုံးနဲ့ဆိုင်တဲ့ ဒီအချက်တွေကို ဒကာလေး သေသေချာချာ စဉ်းစားဖူးပါသလား”
“တစ်ခါမှ မစဉ်းစားဘူးပါဘုရား၊ ဒီအတွေးအခေါ်တွေရဲ့ အကျယ်ရှင်းလင်းချက်ကို လူတိုင်း သိသင့်ပါတယ်ဘုရား။ တပည့် တော်လည်း အရမ်းသိချင်နေပါတယ်။ ဖြေရှင်းပေးတော်မူပါဘုရား”
“ဒီအကြောင်းအရာတွေဟာ ဥပရိပဏ္ဏာစပါဠိတော် စူဠကမ္မ၀ိဘင်္ဂသုတ်က လာတာပါ။ တောဒယျ အမည်ရှိတဲ့ ပုဏ္ဏားကြီး တစ်ယောက် ရှိပါတယ်။ သူ့မှာ သုဘအမည်ရှိတဲ့ သားတစ်ယောက်လည်းရှိတယ်။ မြန်မာလိုကတော့ တင့်တယ်လှပ ချောမောသူပေါ့။ ဗုဒ္ဓက ဒါနတော ဘောဂ၀ါ- ပေးကမ်းလှူဒါန်းသူများဟာ ဖြစ်ရာဘ၀မှာ စည်းစိမ်ဥစ္စာ ပေါများချမ်းသာ တယ်ဟောတယ်၊ သူက ပေးကမ်းလှူဒါန်းခြင်းဆိုတာ မွဲခြင်းရဲ့အကြောင်း၊ ပစ္စည်းကုန်ခြင်းရဲ့ အကြောင်းလို့ ယူဆကျင့်သုံး ဟောပြောတယ်။
သူက ဘာမှ မလှူဘူး၊ သူ့သားကိုလည်း ဘာမှ မလှူစေဘူး။ စည်းစိမ်ဥစ္စာတွေကို ရနိုင်သမျှ ရအောင် ရှာဖွေပြီး ဒါန၊ သီလ၊ ဘာဝနာ တစ်ခုမှမလုပ်ဘဲ အိပ်ခြင်း၊ စားခြင်း၊ ကာမဂုဏ်ခံစားခြင်း သုံးမျိုးနဲ့ပဲ အချိန်ကုန်လွန် စေတယ်။ အဲဒီလူမျိုးကို ၀ိမာန၀တ္ထု အဋ္ဌကထာမှာ လူ့တိရစ္ဆာန်လို့ နာမည်ပေးထားတယ်။ တိရစ္ဆာန်လို အနေများတဲ့သူဟာ သူတဲ့အခါ တိရစ္ဆာန်ဖြစ်ရတာဟာ သဘာဝ ကျပါတယ်။ တောဒေယျ ပုဏ္ဏားကြီးသေတဲ့အခါ သူ့အိမ်မှာပဲ ခွေးကြီးတစ်ကောင် ပြန်ဖြစ်တယ်။
ဒါကြောင့် ဓမ္မဒူတ အရှင်ပညာဇောတ ဆရာတော်ကြီးက-
လူနဲ့တိရစ္တာန်၊ ခြားနားဟန်၊
နှစ်တန်သိရမည်။
အိမ်စားကာမ၊ သိရုံမျှ၊
မှတ်ကြလူမပီ။
အကုသိုလ်ပယ်၊ ကုသိုလ်ဆွယ်၊
တကယ်လူပီသည်။
လူမပီက အပါယ်ကျ၊
ဒုက္ခမလွတ်ပြီ။
လူပီလောက၊ ချမ်းသာရ
ရောက်ရနိဗ္ဗာန်ဆီ။
ဆိုပြီး လူနဲ့တိရစ္ဆာန်ခွဲခြားတဲ့နည်းကို ရေးသားဆုံးမခဲ့တာပေါ့။
အဖေဘ၀ကလာတဲ့ ခွေးကြီးဆိုတော့ မသိစိတ်ရဲ့ တိုက်တွန်းမှုကြောင့် သုဘလုလင်ဟာ ခွေးကြီးကို တအားချစ်တယ်။ ခုတင်မွေ့ရာနဲ့ သေချာသိပ်ပြီး သေချာကျွေးမွေးထားတယ်။ တစ်နေ့တော့ ဗုဒ္ဓက သုဘလုလင်သရဏဂုံတည်ပြီး ဗုဒ္ဓဘာသာဖြစ်မယ့်အရေးကို မြင်တဲ့အတွက်ကြောင့် သူတို့အိမ်ရှေ့မှာ ဆွမ်းလာရပ်တယ်။ ဒီအချိန်ဘုဘလုလင်ကတော့ အိမ်မှာမရှိဘူး။ တောဒေယျရှင်ကလာတဲ့ ခွေးကြီးဟာ ဘုရားရှင်ကိုလည်းမြင်ရော စားမတတ် ၀ါးမတတ် ဟောင်တော့ တာပဲ။ အဲဒီမှာတင်ဘုရားရှင်က-
တောဒေယျ၊ သင်ဟာ လူ့ဘ၀တုန်းက ငါနဲ့ဆန့်ကျင်ဘက်လုပ်ပြီး တိရစ္ဆာန်လိုနေတဲ့အတွက် အခုတိရစ္ဆာန်ဘ၀ ရောက် နေပြီ။ ဒါနဲ့တောင် အသိတရားမရဘဲ အခုထိ ငါဘုရားကို ရန်ရှာနေတုန်းပဲ။ ဒီလိုသာဆိုရင် သင်ဟာခွေးဘ၀ ကသေရင် ငရဲကျလိမ့်ဦးမယ်ဟု မိန့်တော်မူပြီး ကျောင်းတော်သို့ပြန်ကြွသွားတယ်။ ဘုရားရှင်ရဲ့စကားကို ကြားလိုက်ရတဲ့ ခွေးကြီးဟာ ဆက်မဟောင်နိုင်တော့ဘဲ ခေါင်းငိုက်စိုက်ကျပြီး ပြာပုံထဲတိုးအိပ်သွားတယ်။ သူခွေးဖြစ်နေတာကို ဘုရားရှင်က သိနေတဲ့အတွက် ရှက်လည်းရှက်၊ စိတ်လည်းဆင်းရဲသွားတာပေါ့။
ဒါကြောင့် အိပ်နေကျခုတင်ပေါ်တက်မအိပ်တော့ဘဲ ပြာပုံထဲ တိုးအိပ်လိုက်တာပါ။ သူ့သားပြန်လာလို့ အကျိုးအကြောင်း သိရတဲ့အခါ ဘုရားရှင်အပေါ် အလွန်ဒေါသဖြစ်ပြီး ရန်တွေ့ရအောင် လိုက်သွားတယ်။ သူ့အဖေ ခွေးဖြစ်တယ်ဆိုတာကို အထောက်အထားပြပါ။ မပြနိုင်ရင် ဘုရားတန်မယ့် မုသားပြောတယ်ဆိုပြီး တစ်မြို့လုံးမှာ အပုပ်ချမယ်လို့ပြောတော့ ဘုရားရှင်ကမေးတယ်။ သင့်အဖေဟာ သင်မသိအောင် ၀ှက်ထားခဲ့တဲ့ ဥစ္စာပစ္စည်းများ ရှိပါသလား တဲ့။ ဒီတော့ သုဘက ပြောတယ်။ ငွေတစ်သိန်းရယ်၊ ငွေတစ်သိန်းတန်တဲ့ ပစ္စည်းသုံးမျိုးရယ်ကို ခုထိရှာမတွေ့သေးပါဘူး တဲ့။ ဒီတော့ဘုရားရှင်က အိမ်ပြန်ပြီး ခွေးကြီးကို ရေမိုးချိုး၊ ရေမရောတဲ့ နို့ထမင်းကို ကျွေးပြီး နူးညံ့တဲ့ အိပ်ရာပေါ်မှာသိပ်ပါ။ ခွေးကြီး အိပ်မပျော်တပျော် အချိန်လေးမှာ ကျောကို သပ်ပေးပြီး အဖေ၊ မသေခင်က ကျွန်တော်ကို မအပ်ခဲ့တဲ့ ပစ္စည်းနဲ့ငွေတွေကို ဘယ်နေရာထားခဲ့ပါသလဲ။ ထားခဲ့တဲ့နေရာကို ပြပါလို့ မေးလိုက်ပါ။
ဒီအခါမှာ ခွေးကြီးက ပစ္စည်းတွေရှိတဲ့နေရာကိုပြပေးရင် ငါပြောတာ မှန်တယ်ဆိုတာကို လက်ခံပါ။ ပြမပေးဘူးဆိုရင် ငါဘုရားကို မုသားပြောတယ်ဆိုပြီး တစ်မြို့လုံးမှာ အပုပ်ချပါ လို့ မိန့်တော်မူတယ်။ ဘုရားရှင်စကားဆုံးတာနဲ့ သုဘဟာ သူ့အတွက်အရှုံးမရှိတဲ့ ဒဿန တစ်ခုကို တွေးမိသွားတယ်။ ငါဟာ ဒီအလုပ်ကို လုပ်ကြည့်သင့်တယ်။ ခွေးကြီးက ပစ္စည်းတွေ ရှိတဲ့နေရာကိုပြခဲ့ရင် ပစ္စည်းဥစ္စာတွေ ပြန်ရတဲ့အတွက် ငါ့မှာ အမြတ်ထွက်တာပဲ။ မပြနိုင်ခဲ့ရင် ဘုရားရှင်ကို မုသားပြောတယ်ဆိုပြီး တစ်မြို့လုံးမှာ အရှက်ခွဲခွင့်ရတယ်။ ဒါလည်း ငါ့အတွက်အရှုံးမရှိဘူးလို့တွေးပြီး ဘုရားရှင်ပြောတဲ့အတိုင်း လုပ်ကြည့်တဲ့အခါ ဥစ္စာပစ္စည်းအားလုံးကို ပြန်လည်ရရှိ သွားတယ်။ ဒီနေရာမှာ ဒကာလေး အပါအ၀င် လူသားအားလုံးကို သံသရာနဲ့ပက်သက်လာရင် မိမိအတွက် အရှုံးမရှိတဲ့ ဒဿနတစ်ခုကို ပေးချင်တယ်။ ”
“ပြောပါဘုရား၊ တပည့်တော် တကယ်ကို စိတ်ဝင်စားပါတယ်ဘုရား”
“ဒီအတွေးအခေါ်ကလည်း ဘုရားအလောင်းနုစဉ်ဘ၀တစ်ခုတုန်းက ပေးခဲ့တာပါ။ ဇာတ်တော်ရဲ့ လိုရင်းအချုပ်ကို ပြောရအောင်။
တစ်ခါတော့ ဘုရားအလောင်းဦးဆောင်တဲ့ လူပေါင်းငါးရာရယ်၊ ဒေ၀ဒတ်အလောင်းဦးဆောင်တဲ့ လူပေါင်း ငါးရာရယ်၊ စုစုပေါင်းတစ်ထောင်တို့ဟာ သင်္ဘောပျက်ပြီး ကျွန်းကြီးတစ်ကျွန်းပေါ်ကို ရောက်သွားကြတယ်။ ကျွန်းကြီးဟာ အစားအသောက် ရေမိုးပြည့်စုံတဲ့အတွက် တစ်သက်လုံးနေသွားဖို့ ဆုံးဖြတ်ကြတယ်။ တစ်ခါတော့ ဒေ၀ဒတ်အုပ်စု အဖွဲ့ထဲကလူတွေဟာ အရက်ချက်သောက်၊ မူးရူးပြီး တွေ့ကရနေရာမှာ အညစ်အကြေးတွေကို စွန့်ကြတယ်။ ဒါကြောင့် ကျွန်းပေါ်မှာနေကြတဲ့ နတ်တွေက စိတ်ဆိုးပြီး လာမယ့်လပြည့်ညမှာ ပင်လယ်ထဲကရေတွေကို ကျွန်းတစ်ကျွန်းလုံး မြုပ်အောင် တက်လာစေပြီး ကျွန်းပေါ်မှာရှိကြတဲ့ လူအားလုံးကို သတ်ပစ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ကြတယ်။ ဆုံးဖြတ်ချက် ချပြီးချိန်မှာ သနားတတ်တဲ့ သူတော်ကောင်းနတ်တစ်ပါးက ကိုယ်ထင်ပြပြီး လာမယ့်လပြည့်နေ့ကျရင် ပင်လယ်ရေတွေ တစ်ကျွန်းလုံးမြုပ်အောင် တက်လာမှာမို့ သေဘေးက လွတ်ချင်ရင် အခုကတည်းက လှေတွေ၊ ဖောင်တွေကြိုတင် လုပ်ထားကြလို့ပြောပြီး ပျောက်သွားတယ်။
သူယုတ်မာ နတ်တစ်ပါးကလည်း ကိုယ်ထင်ပြပြီး အို-အသင်လူသားတို့ ဒီကျွန်းပေါ်ကို တစ်ခါမှ ရေမတက်ဘူး။ နောင်ဘယ်တော့မှလည်း တက်မည်မဟုတ်ပါ။ ဒါကြောင့် အရင်တိုင်းပဲ အေးအေးဆေးဆေးသာနေကြပါ။ လှေတွေ၊ ဖောင်တွေ လုပ်စရာ မလိုပါဘူးလို့ပြောပြီး ပျောက်သွားပြန်တယ်။ ရေတက် မယ်၊ မတက်ဘူးဆိုတာ လပြည့်နေ့ရောက်မှ သိရမယ်။ ကြိုတင်ပြီး မသိနိုင်ဘူး။ ဒီတော့ လှေတွေ၊ ဖောင်တွေ လုပ်သင့် မလုပ်သင့် ဆိုတာ ပြဿနာပေါ်လာတယ်။ မိမိအတွက်သေချာတဲ့နည်း၊ အရှုံးမရှိတဲ့ နည်းကို ဒေ၀ဒတ် အလောင်း ခေါင်းဆောင်တဲ့ အဖွဲ့သားတွေဟာ မတွေးမိကြဘူး။
ဒါကြောင့် လှေတွေ၊ ဖောင်တွေလုပ်ပြီးခါမှ ပင်လယ်ရေတက်မလာရင် ပင်ပန်းတာပဲ အဖတ်တင်မယ်ဆိုတဲ့ အတွေးအခေါ်ကြောင့်ပေါ့။ ဘုရားအလောင်း ဦးဆောင်တဲ့ အဖွဲ့သားတွေကလည်း ဟိုဘက်အဖွဲ့ နည်းတူ လှေတွေ၊ ဖောင်တွေ မလုပ်ချင်ကြဘူး။ ဒါပေမယ့် ဘုရားအလောင်းက အတွေးအခေါ် ပညာရှိတော့ လှေတွေ၊ ဖောင်တွေကို အသင့်လုပ်ခိုင်းတယ်။ ငယ်သားတွေက ရေတွေသာ တကယ်တက်မလာရင် လှေတွေ၊ ဖောင်တွေကိုလုပ်ရတာ ပင်ပန်းတာသာ အဖတ်တင်မှာဖြစ်လို့ မလုပ်ချင်ကြောင်း ပြောကြတယ်။ ဒီတော့မှ ဘုရားအလောင်းက အခုအချိန်ထိအောင် သမိုင်းတွင် ကျန်ရစ်မယ့်အရှုံးမရှိသော ဒဿနတစ်ခုကို တင်ပြတယ်။ ရေတက်မယ်၊ မတက်ဘူးဆိုတာ လပြည့်နေ့ကျမှ သိရမယ်။ ကြိုပြီးမသိနိုင်ဘူး။ လှေတွေ၊ ဖောင်တွေ လုပ်မထားရင် လပြည့်နေ့ ည ရေတက်မလာရင်တော့ ကိစ္စမရှိဘူး။ ရေတက်လာလို့ကတော့ အားလုံးသေကြရမယ်။
ဒါကြောင့် လှေတွေဖောင်တွေ ကြိုတင်လုပ်မထားတာဟာ မိမိအတွက် စိတ်မချတဲ့နည်းပဲ။ အကယ်၍ လှေတွေ၊ ဖောင်တွေကြိုတင် လုပ်ထားကြမယ်ဆိုရင် လပြည်နေ့ညမှ ရေမတက်လာလည်း ကိစ္စမရှိဘူး။ လိုနေတဲ့နေရာမှာ သုံးရတာပေါ့။ အကယ်၍ ရေတက်လာရင်လည်း အသက်ချမ်းသာရာ ရတာပေါ့။ နှစ်မျိုးလုံး မိမိအတွက် အရှုံးမရှိဘူး။ ဒီလိုရှင်းပြမှ ငယ်သားတွေဟာ သဘောပေါက်ပြီး လှေတွေ၊ ဖောင်တွေ အားကြိုးမာန်တက်လုပ်ကြတယ်။
လပြည့်နေ့ ရောက်လာတဲ့အခါ ပင်လယ်ရေတွေ ကျွန်းကြီးမြုပ်အောင် တကယ်တက်လာတဲ့အတွက် ဒေ၀ဒတ်ဦးဆောင်တဲ့ အဖွဲ့ငါးရာဟာ ရေထဲမျောပါပြီး သေဆုံး ကြရတယ်။ ဘုရားလောင်းဦးဆောင်တဲ့ အဖွဲ့သားတွေကတော့ အသင့်လုပ်ထားတဲ့ လှေတွေ၊ ဖောင်တွေနဲ့ ဘေးလွတ် ရာကို ထွက်ခွာသွားနိုင်ကြတယ်။ အခုလည်း ဘာသာကြီးလေးခုရှိတဲ့အနက်က ဗုဒ္ဓဘာသာ ကတော့ ဘုရားကမကယ်ဘူး။ ကိုယ်ပြုထားတဲ့ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ လှေတွေ၊ ဖောင်တွေကသာ သံသရာမှာ ဒုက္ခမရောက်အောင် ကယ်တင်မယ်လို့ ဟောတယ်။ ကျန်တဲ့ဘာသာမှ ဘုရားတွေကတော့ သူတို့ကိုသာ ပုံအပ်ပြီးတော့ ယုံကြည်ကိုးကွယ်ပါ။ တမလွန်ဘ၀ကျရင် စောင့်ရှောက်ကယ်တင် မယ်လို့
ဟောပြောတယ်။
တကယ်တော့ ဆိုင်ရာဘုရားတွေက မိမိသေသွားတဲ့ အခါ ကယ်တင်မယ်၊ မကယ်တင်ဘူးဆိုတာ ကြိုတင်ပြီး သိနိုင်တာမဟုတ်ဘူး။ သေပြီးမှ သိရမယ့်အရာပဲ။ ဒီနှစ်နည်းမှာ ဗုဒ္ဓပေးတော်မူတဲ့ ဒါန၊ သီလ၊ ဘာဝနာတရားတွေကို ပြုလုပ်ခြင်းဆိုတဲ့နည်းက မိမိအတွက်အရှုံးမရှိနိုင်တဲ့နည်းပဲ။ မ စမယ့်ဘုရားကိုယုံပြီး ကုသိုလ်တွေ တစ်ခုမှ မလုပ်နိုင်ဘဲ သေသွားရင် သူတို့ပြောသလို ဘုရားတွေ တမလွန်ကနေ အသင့်စောင့်ပြီး ကယ်ရင်တော့ တော်သေးတာပေါ့။ မကယ်ရင် ကိုယ်ပဲ ဆုံးရှုံးမှာ။ ဗုဒ္ဓညွှန်ကြားတဲ့အတိုင်း ဒါန၊ သီလ၊ ဘ၀နာဆိုတဲ့ ကုသိုလ်လှေတွေ၊ ဖောင်တွေကို ကြိုလုပ်ထားမယ်ဆိုရင်တော့ နောက်ဘ၀မှာ ဘုရားကကယ်လည်း မိမိက သူတော်ကောင်းဖြစ်နေတဲ့အတွက် ပိုပြီးကယ်ရမှာပေါ့။ မကယ်ဘူးဆိုရင်လည်း ကိုယ်ပြုပြီးသား ကုသိုလ်တွေက အသင့်ရှိနေလို့ အားငယ်စရာ မလိုတော့ဘူး။ ထိုစကားအရောက်တွင် မောင်ရဲမြင့်၏မျက်နှာသည် ၀င်းထိန်သွားကာ ကျွန်ုပ်ကို ဦးအကြိမ်ကြိမ် ချရင်း လျှောက်ထား၏။”
“ဆရာတော်ဘုရား၊ ဒီအတွေးအခေါ်တစ်ခုနဲ့ပဲ တပည့်တော်အတွက် ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ လုံလောက်ပါပြီဘုရား။ ဒါပေမယ့် သုဘလုလင်ရဲ့မေးခွန်းတွေကိုလည်း အရမ်းစိတ်ဝင်စားနေတဲ့အတွက် ဆက်ဟောကြားပေးပါဘုရား”
“စာရေးသူ အလွန်ပင် ပီတိသောသနဿ ဖြစ်ရ၏။ စာအုပ်တစ်အုပ်၏ အောင်မြင်မှု၊ တရားပွဲ တစ်ပွဲ၏ အောင်မြင်မှု၊ တရားပွဲတစ်ပွဲ၏ အောာင်မြင်မှုကို ပရိတ်သတ်များပြားမှုဖြင့် တိုင်းတာတတ်ကြ၏။ စာရေးသူ၏ အမြင်အားဖြင့်ကား ထိုစာအုပ်၏ရေးသားချက်အတိုင်း၊ ထိုဓမ္မကထိက၏ ဟောကြားချက် အတိုင်း မည်ရွေ့မည်မျှ လိုက်နာကျင့်သုံးကြသနည်း ဟူသော အချက်ဖြင့်သာ အောင်မြင်မှုကို တိုင်းတာသင့်သည်ဟု ယူဆမိ၏။ သုဘ လုလင်သည် မေးခွန်းသုံးချက်၏ ဖြေဆိုမှု အဆုံးတွင် သရဏဂုံ သုံးပါးဆောက်တည်ကာ ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ၀င်ရောက်ခဲ့သည်။ မောင်ရဲမြင့်သည်လည်း ဤအမေးအဖြေအဆုံးမှာပင် ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ၀င်ရောက်ခဲ့ပါသည်။ မူလပဏ္ဏာသ အဋ္ဌကထာ အဖွင့်အရ ပုထုဇဉ် ဗုဒ္ဓဘာသာဝင်တစ်ယောက်သည် သရဏဂုံပျက်ခြင်း ရှစ်မျိုးအနက်တစ်မျိုးမျိုးဖြင့် ဧကန်မုချပျက်ကြရ၏။
အညသတ္တာရဒီသု အဟံ အတ္တာနံ ပရိစ္စဇာမိတိ ဧ၀ံ အည သတ္ထာရုဒ္ဒေသေ၀သေန သာဝဇ္ဇ ဘေဒေါတိ ၀ုစ္စတိ
ဟူသော ယင်းအဋ္ဌကထာ အဖွင့်အရ ရတနာသုံးပါးမှတစ်ပါး အခြားဘာသာကဘုရားများကို မိမိ၏အသက်နှင့်ခန္ဓာကိုယ်ကို အပ်နှင်းလှူဒန်းပါ၏ဟု နှုတ်ကဆိုပြီး ကန်တော့လိုက်လျှင် သရဏဂုံ ပျက်သွား၏။ ဤသို့ ဘာသာတစ်ပါးသို့ပြောင်း၍ သရဏဂုံပျက်ခြင်းမျိုးကား လွန်စွာ နည်းပါးပါ၏။ ရှောင်၍လည်းရနိုင်ပါ၏။ ပုထုဇဉ် ဗုဒ္ဓဘာသာဝင်တိုင်း ရှောင်၍မရသော သရဏဂုံပျက်ခြင်း တစ်မျိုးရှိသေး၏။
ကာလကိရိယဘေဒေါ အန၀ဇ္ဇ ဘေဒေါတိ ၀ုစ္စတိ
ဟူသော ထိုမူလပဏ္ဏာသ အဋ္ဌကထာအဖွင့်အရ အသက်သေဆုံးသွားလျှင် ပုထုဇဉ် ဗုဒ္ဓဘာသာဝင်တိုင်း သရဏဂုံ ပျက်သွားသည်သာဖြစ်၏။ ထိုသို့အသက်သေ၍ သရဏဂုံပျက်ခြင်းမျိုးကား အပြစ်မရှိသော၊ အကုသိုလ်မဖြစ်သော သရဏဂုံ ပျက်ခြင်းမျိုးသာဖြစ်၏။ သံသရာတစ်လျှောက်လုံး၌ သရဏဂုံမှ ပျက်ချင်လျှင်၊ ဗုဒ္ဓဘာသာမှ အခြားဘာသာသို့ ပြောင်းမသွားချင်လျှင် ၀ိပဿနာတရားကို နာကြားအားထုတ်ပြီး သောတာပန်ဖြစ်အောင် ကြိုးစားရမည်ဖြစ်၏။ ရတန သုတ်၌
ယထိန္ဒင်္ခလော ပထ၀ီဿိတောသိယာ၊ စတုဗ္ဘိ၀ါတေဟိ အသမ္ပကမ္ပိယော။ တထူပမံ သပ္ပုရိသံ ၀ဒါမိ၊ ယော အရိယသစ္စာနိ အဝေစ္စပဿတိ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ဧတေန သစ္စေန သုတတ္ထိ ဟောတု။
မြေထဲ၌ အတောင်များစွာ မြှုပ်ထားသောကျောက်တိုင်သည် အရပ်လေးမျက်နှာမှ တိုင်ခတ် လာသောကြောင့် ယိမ်းယိုင် တုန်လှုပ်ခြင်းမရှိသကဲ့သို့ သစ္စာလေးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိမြင်ပြီးသော(မဂ်ရပြီးသော)သူတော်ကောင်း၏ ရတနာသုံးပါးအပေါ် ကြည်ညိုယုံကြည်သော သဒ္ဓါသည် သံသရာတစ်လျှောက်ခိုင်မြဲသွား၏။ ပျက်စီးခြင်းမရှိတော့ချေ။ ဤမှန်ကန်သော သစ္စာကြောင့် သက်ရှိသတ္တ၀ါအားလုံး ကျန်းမာချမ်းသာကြပါစေဟု ဟောတော်မူခဲ့ခြင်းဖြစ်၏။ ထိုအချက် ကိုသိသွားသောအခါ မောင်ရဲမြင့်သည် ရဟန်းဘောင်သို့ အပြီးအပိုင်ဝင်ရောက်ပြီး စာရေးသူပြသသော နည်းအတိုင်း ၀ိပဿနာတရားကို နာကြားအားထုတ်နေပြီဖြစ်၏။ ရဟန်းဘွဲ့အမည် ဦးဝိသုဒ္ဓဖြစ်၏။
သုဘလုလင်၏မေးခွန်းနှင့် ဗုဒ္ဓ၏အဖြေများကို အကျဉ်းချုပ် ဖော်ပြရင်း သာသနာပြုခြင်းဆောင်းပါးကို နိဂုံးချုပ်လိုက်သည်။
မေး - လူချင်းတူပါလျက် အသက်အတို၊ အရှည် ကွဲပြားရခြင်း၏အကြောင်းများကို ဖြေဆိုပါ။
ဖြေ - သူတစ်ပါး၏အသက်ကို သတ်ဖြတ်သူများအသက်တို၍ ရှောင်ကြဉ်သူများ အသက်ရှည်ပါသည်။
မေး - လူချင်းတူပါလျက် အနာရောဂါများခြင်း၊ နည်းခြင်း၏အကြောင်းတို့ကို ပြောဆိုပါ။
ဖြေ - သူတစ်ပါးကို ညှင်းဆဲနှိပ်စက်သူတို့ ရောဂါများ၍ ကြင်နာသနားတတ်သူတို့ ရောဂါကင်းသည်။
မေး - လူချင်းတူပါလျက် အရုပ်ဆိုးခြင်း၊ ချောမောလှပခြင်း၏ အကြောင်းတို့ကို ဖြေဆိုပါ။
ဖြေ - ဒေါသကြီးသူများ အရုပ်ဆိုး၍၊ မေတ္တာဓာတ်ပွားများသူများ ရုပ်ရည်ချောမောလှပပါသည်။
မေး - လူချင်းတူပါလျက် အခြွေအရံနည်းခြင်း၊ များခြင်း၏အကြောင်းတို့ကို ဖြေဆိုပါ။
ဖြေ - ကိုယ့်ထက်သာသူအပေါ် မနာလိုသူများ အခြွေအရံနည်းပါး၍ ကိုယ့်ထက်သာသူအပေါ် မုဒိတာပွားပြီး ၀မ်းမြောက်သူများ အခြွေအရံပေါများသည်။
မေး - လူချင်းတူပါလျက် ဆင်းရခြင်း၊ ချမ်းသာခြင်း၏အကြောင်းတို့ကိုဖြေဆိုပါ။
ဖြေ - ဒါနမပြုသူများဆင်းရဲ၍ ဒါနပြုသူများ ချမ်းသာပါသည်။
ဤဖြေဆိုချက်ကို ခေတ်လူငယ်များနားလည်ရန် အင်္ဂုတ္တုရ်ပါဠိတော် အဖွင့်အတိုင်းရေးပြအံ့။ ဉာဏ်၊ ၀ီရိယ တန်းတူရည်တူ ရှိသော လူလေးယောက်အား အရောင်းအ၀ယ် လုပ်ကိုင်စားသောက်ရန် ငွေတစ်သိန်း
တစ်ထောင်စီပေးလိုက်၏။ ထိုလူလေးယောက်သည် ဉာဏ်ချင်း၊ ၀ီရိယချင်း၊ ချမ်းသာချင်သေစိတ်ရှိတာချင်း၊ အရောင်းအ၀ယ်လုပ်တာချင်း တူကြ၏။ သို့ပါလျက် ရလဒ်ကား တစ်ဦးနှင့်တစ်ဦး မတူညီကြ။ ပထမလူသည် သိန်းတစ်ထောင်ရင်းပြီး ရောင်းဝယ်ရာ သိန်းနှစ်ထောင်မြတ်၏။ ဒုတိယလူသည် သိန်းတစ်ထောင် အတိအကျမြတ်၏။ တတိယလူသည် သိန်းငါးရာမြတ်၏။ စတုတ္ထလူသည် အရင်း သိန်းတစ်ထောင်ပင် ရှုံးသွား၏။ အရည်အချင်း လေးချက်ရှိတာချင်း တူကြပါလျက် ရလဒ်က အဘယ်ကြောင့် ကွဲပြားသွားရပါသနည်း။ အဖြေကား ကံချင်းမတူသောကြောင့်ပေတည်း။
ပထမလူသည် အလှူခံကို မည်သည့်ရက်တွင် ငွေတစ်ထောင်လှူမည်ဟု ကတိပေး၏။ တကယ်လှူမည့် နေ့ ရောက်သောအခါ သဒ္ဓါတရားများ ပိုသည်ထက်ပိုလာပြီး နှစ်ထောင်လှူခဲ့၏။
ထို့ကြောင့် ယခုဘ၀တွင် သိန်းတစ်ထောင် သာရင်းပါလျက် သိန်းနှစ်ထောင်ထိ မြတ်ရခြင်းဖြစ်၏။
ဒုတိယလူသည် တစ်ထောင်လှူမည်ဟု ပြောထားသော်လည်း လှူချိန်ရောက်သောအခါ တစ်ထောင်အတိအကျ လှူခဲ့၏။ ထို့ကြောင့် သိန်းတစ်ထောင်အတိအကျမြတ်ခြင်းဖြစ်၏။ တတိယလူသည် တစ်ထောင်လှူမည်ဟု ပြောထားသော်လည်း လှူချိန်ရောက်သောအခါ ငါးရာသာ လှူခဲ့၏။ ထို့ကြောင့် သိန်းငါရာသာမြတ်ခြင်းဖြစ်၏။ စတုတ္ထလူသည် တစ်ထောင်လှူမည်ဟူ၍ပြောထားပြီး လှူချိန်ရောက်သောအခါ သဒ္ဓါပျက်သွားကာ မလှူဖြစ်တော့ချေ။ ထိုကြောင့် တစ်ပြားမှ မမြတ်ဘဲ သိန်းတစ်ထောင်လုံး ဆုံးရှုံးသွားခြင်းဖြစ်၏။
ငွေတစ်ထောင်လှူဒါန်းခဲ့ခြင်းက သိန်းနှစ်ထောင်ထိ မြတ်သည်မှာ ဟုတ်နိုင်ပါမည်လော ဟု စောဒကတက်ဖွယ်ရှိ၏။ ဟုတ်နိုင်၏ဟု အကျဉ်းချုပ် ဖြေလိုက်၏။ ကောင်းကျိုးဟူသည် စေတနာက
ပေးခြင်းဖြစ်၏။ သူတစ်ပါးကို ပေးလှူရန် သဒ္ဓါတရားဖြစ်ချိန် တစ်စက္ကန့်အတွင်း ၀ီထိစိတ်အစဉ်ပေါင်း အကြိမ်ပေါင်း ကုဋတစ်သိန်းဖြစ်၏။ ထိုဝီထိစိတ် ကုဋတစ်သန်း တွင် ကောင်းကျိုး ပေးမည့်
ဇောစေတနာပေါင်း ကုဋေလေးသောင်းခန့်ဖြစ်၏။
ထိုဇောစေတနာ ကုဋေလေးသောင်းက လူချမ်းသာ၊ နတ်ချမ်းသာဘ၀သို့ အကြိမ်ပေါင်း ကုဋေလေးသောင်း ပို့ပေး၏။ တစ်စက္ကန့်အတွင်းမှာပင် ကောင်းကျိုးပေး မည့် ဇောစေတနာပေါင်း ကုဋေလေးသောင်းဖြစ်နေရာ တစ်မိနစ်ဆိုက ကောင်းကျိုးပေးကြမည့် ဇောစေတနာပေါင်းမှာ ရေတွက်၍ပင် မလွယ်အောင်များပြားလွန်းနေပြီဖြစ်၏။ ထို့ကြောင့် တစ်ထောင် အလှူက ငွေသန်းပေါင်းနှစ်ထောင်ပြန်၍ အကျိုးပေးခြင်းကို သံသယ၀င်စရာမလိုပေ။ ထို့ကြောင့် ဗုဒ္ဓက ဓမ္မပဒပါဠိတော်တွင် -
မတ္တာသုခ ပရိစ္စာဝါ၊ ပေဿစေ ၀ိပုလံ သုခံ၊ စဇေ မတ္တာ သုခံဓီရော၊ သမ္ပဿံ ၀ိပုလံ သုခံ။
အနည်းငယ်မျှသော လှူဖွယ်ဝတ္ထု ချမ်းသာသုခကို စွန့်လွှတ်လှူဒါန်းလိုက်လျှင် အဆမတန်များပြားသော ချမ်းသာသုခ တို့ကို ပြန်ရမည်ဟု သိထားသော ပညာရှိသည် အနည်းငယ်သော လှူဖွယ်ဝတ္ထုကို စွန့်လွှတ်ဖို့ ၀န်မလေးနေသင့်ဟု ဟောကြားတော်မူခဲ့ခြင်းဖြစ်၏။
မေး - လူချင်းတူပါလျက် အမျိုးယုတ်ခြင်း၊ အမျိုးမြတ်ခြင်းအကြောင်းတို့ကို ဖြေဆိုပါ။
ဖြေ - မာနကြီးသူများ အမျိုးယုတ်၍ မာနကင်းပြီး ဂါရ၀ နိဝါတ ရှိသူများ အမျိုးမြတ်သည်။
မေး - လူချင်းတူပါလျက် ဉာဏ်ထိုင်းခြင်း၊ ဉာဏ်ကောင်းခြင်းတို့၏ အကြောင်းကို ဖြေဆိုပါ။
ဖြေ - မိမိမသိသောအရကို စုံစမ်းမေးမြန်ြးုခင်းမရှိသူများ ဉာဏ်ထိုင်း၍ စုံစမ်းမေးမြန်းရှိသူများ ဉာဏကောင်းပါသည်။”
~~~ချမ်းသာကိုယ်စိတ်မြဲကြပါစေ~~~
မေတ္တာရှင်(ရွှေပြည်သာ)