Thursday, October 4, 2012

ပညာ သယံဇာတ

 

ပညာ သယံဇာတ 

ပညာအရင်းအမြစ်၊ ပညာရင်းနှီးမြှုပ်နှံမှု စသည်ဖြင့် ပညာခေတ်မှာ ပညာကို ရှေ့တန်းတင်လာကြသည်။ အရင်းအမြစ်အနေနှင့် ကြည့်လျှင်လည်း ပညာအရင်းအမြစ် အရေးပါသည်။ ရင်းနှီးမြှုပ်နှံမှုအနေနှင့် ကြည့်လျှင်လည်း ပညာရင်းနှီးမြှုပ်နှံမှု ပဓာန ကျသည်။ ဤဆောင်းပါး၌ ပညာကို သယံဇာတဟု တင်စားပြောချင်သည်။ "သဘာဝ သယံဇာတ ပေါကြွယ်ဝသည့် နိုင်ငံတွေဟာ ကျိန်စာသင့်သော နိုင်ငံတွေပဲ" ဟု တစ်နေရာမှာ ဖတ်မိဖူးသည်။ 

အာဖရိကမှာ စိန်တွင်းတွေ ဖင်ခုထိုင်ထားပြီး ငတ်ပြတ်နေသော နိုင်ငံတွေရှိသည်။ အာရှမှာလည်း တစ်ချိန်က သယံဇာတ ပေါကြွယ်လှပါသည်ဟု ဂုဏ်ယူဝင့်ကြွားခဲ့သည့် နိုင်ငံတွေ ယခု ဓားမနောက်ပိတ်ခွေး ဖြစ်နေကြသည်မှာ အထင်အရှားပင်။ ဘာသယံဇာတမျှ မရှိသော ဂျပန်တို့၊ စင်ကာပူတို့က ရှေ့တန်းရောက်နေကြသည်။ သူတို့နိုင်ငံတွေမှာ သဘာဝသယံဇာတ ပြောပလောက်အောင် မယ်မယ်ရရ ဘာတစ်ခုမျှမရှိ။ သို့ဖြစ်လျှင် သူတို့မည်သည့်နည်းနှင့် ရှေ့တန်းရောက်နေကြသနည်း။ ပညာသယံဇာတကြောင့်ဟု ပြောရပေမည်။

အရှေ့အလယ်ပိုင်းက အာရပ်နိုင်ငံတွေ ရေနံသယံဇာတဖြင့် ကြွယ်ဝနေသည်မှာ မှန်ပါသည်။ သို့သော် နောက်နှစ်သုံးလေးဆယ်ဆိုလျှင် ထိုရေနံတွေ လုံးဝခန်းခြောက်တော့မည်ဟု သိပ္ပံပညာရှင်တွေက တွက်ချက်ပြနေသည်။

ထို့ကြောင့် သဘာဝသယံဇာတသည် ထာဝရမှီခို ဖက်တွယ်အားကိုးသင့်သော အရာမဟုတ်။ သဘာဝသယံဇာတ ပေါကြွယ်ဝသည့် နိုင်ငံသည် ကျိန်စာသင့်သော နိုင်ငံဟူသော အဆိုကို လက်ခံရမလိုရှိသည်။ ပညာသယံဇာတနှင့် ကုန်ထုတ်လုပ်မှု အားမကိုးဘဲ သဘာဝသယံဇာတအပေါ် အလွန်အကျွံ မှီခိုခြင်းသည် လူအညွန့်တုံးသလို အနာဂတ် မျိုးဆက်သစ်တို့ကိုလည်း အညွန့်ချိုးရာ ရောက်မရောက် စဉ်းစားသင့်သည်။

ယနေ့  ဖွံ့ဖြိုးတိုးတက်သော နိုင်ငံကြီးတိုင်းကိုကြည့်က ပညာအရင်းအမြစ်၊ ပညာရင်းနှီးမြှုပ်နှံမှု၊ ပညာသယံဇာတအပေါ် အဓိက မှီခိုတည်ဆောက်ထားသည်ကို တွေ့ရလိမ့်မည်။ ထို့ကြောင့် ပညာကို ရင်းနှီးမြှုပ်နှံပါ၊ ပညာအရင်းအမြစ် တည်ဆောက်ပါ၊ ပညာသယံဇာတ ကြွယ်ဝအောင်လုပ်ပါဟု ပညာရှင်တွေက တတွတ်တွတ် ပြောနေကြခြင်း ဖြစ်သည်။

ပညာဟူသည်
ပညာဟူသည် ပါဠိဝေါဟာရက ဆင်းသက်လာသည်။ (ပ) - ခွဲခြမ်းစိတ်ဖြာ၍ (ညာ) - သိခြင်း ဟု အဓိပ္ပါယ်ထွက်သည်။ ပညာ၏အဓိပ္ပာယ်ကို မြန်မာအဘိဓာန်က "ခွဲခြားသိမြင်နိုင်သောဉာဏ်၊ အတတ်" ဟုဖွင့်သည်။ တိပိဋက ပါဠိမြန်မာအဘိဓာန်က "အထူးထူး အပြားပြားအားဖြင့် ဝေဖန်ပိုင်းခြား စဉ်းစားဆင်ခြင် သိမြင်တတ်သော သဘောတရား၊ အသိ၊ အလိမ္မာ၊ ဉာဏ်၊ ပညာ"ဟု ဖွင့်သည်။ ပါဠိသက်ဝေါဟာရအဘိဓာန်က "အသိဉာဏ်၊ အပြားအားဖြင့် သိတတ်သောဉာဏ်၊ ဆည်းပူးရသော အသိဉာဏ်၊ အသိဉာဏ်ကို ရရာရကြောင်း ရှာဖွေဆည်းပူးအပ်သော အတတ်" ဟု ဖွင့်သည်။

မြန်မာအဘိဓာန်၏ အဖွင့်က အသိပညာ၊ အတတ်ပညာ ပညာနှစ်ခုကို ဖွင့်သည်။ တိပိဋက ပါဠိမြန်မာအဘိဓာန်က အသိပညာကိုသာ ဦးစားပေးဖွင့်သည်။ ပါဠိသက်ဝေါဟာရ အဘိဓာန်ဖွင့်ပုံက အသိပညာ၊ အတတ်ပညာ ပညာနှစ်ပါးလုံးကို ဖွင့်သော်လည်း အတတ်ပညာသည် အသိပညာရခြင်းအကြောင်း၊ အတတ်ပညာမှနေ အသိပညာ ဖြစ်ပေါ်ရကြောင်း အဓိပ္ပာယ်ပေါ်အောင် ဖွင့်သည်။ ထိုသို့ထူးသည်။

ဉာဏ်ပညာဟု တွဲ၍သုံးသည့်အတိုင်း ဉာဏ်နှင့် ပညာသိခြင်း အဓိပ္ပာယ်အားဖြင့် အတူတူပင်ဖြစ်၏။ ဝေါဟာရသာ ကွဲ၏။၊ ထိုပညာသည် ကမ္မဿကတာပညာ၊ သစ္စာနုလောမိကပညာ ဟု နှစ်မျိုးရှိ၏။ အကုသိုလ်ကံသည် ကိုယ်ပိုင်ဥစ္စာမဟုတ်၊ ကုသိုလ်ကံသည်သာ ကိုယ်ပိုင်ဥစ္စာဟု ဝေဖန်ပိုင်းခြား သိမြင်နိုင်မှုကို "ကမ္မဿကတာ ပညာ" ဟုခေါ်၏။ ရုပ်နာမ်ဓမ္မ သင်္ခါရတွေဟာ အနိစ္စ ၊ဒုက္ခ၊ အနတ္တတွေချည်းပါပဲလားဟု ပိုင်းခြားရှုမြင်မှုကို "သစ္စာ နုလောမိကပညာ" ဟု ခေါ်၏။

ဝိဘင်္ဂပါဠိတော်၌ သုတမယပညာ၊ စိန္တာမယပညာ၊ ဘာဝနာမယပညာဟု ပညာသုံးမျိုး ဟောထား၏။ ကြားဖူးနာဖူး ဖတ်ဖူး မှတ်ဖူးလို့ သိသောပညာသည် သုတမယပညာ ဖြစ်၏။ ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားဝေဖန်၍ သိသောပညာသည် စိန္တာမယပညာ ဖြစ်၏။ ပွားများအားထုတ်၍ သိသောပညာသည် ဘာဝနာမယပညာ ဖြစ်၏။ အဘိဓမ္မာသဘောအရ ပညာအစစ်သည် ကုသိုလ်စိတ်နှင့် ယှဉ်တွဲပြီးတော့ ဖြစ်ရ၏။ လောကအတတ်ပညာတို့သည် ထိုပညာတို့နှင့်စပ်၍ အများအပေါ် စိတ်ကောင်း စေတနာကောင်း ထားလျှင် ပညာဖြစ်နိုင်၏။ စိတ်ယုတ်မာတွေထားလျှင် ပညာမဟုတ်တော့။ မာယာသာ ဖြစ်တော့၏။ မည်သည့် အတတ်ပညာမဆို ကုသိုလ်စိတ်ဖြစ်မှ ပညာဖြစ်၏။ အကုသိုလ်စိတ်ဖြစ်လျှင် ပညာမဖြစ်နိုင်၊ မာယာ ဖြစ်ဖို့များ၏။

ပညာရှိဖို့၊ ဉာဏ်ကောင်းဖို့
ပညာရှိဖို့၊ ဉာဏ်ကောင်းဖို့ အကြောင်းငါးချက်ရှိ၏။ အတိတ်ဘ၀က ဉာဏ်ပညာကို ဖြစ်စေနိုင်သော ကောင်းမှုကံ ပါရှိရ၏။ ဒေါသဗျာပါဒကင်းသော ဗြဟ္မာ့ပြည်၌ ဖြစ်ရ၏။ အသိပညာ ရင့်ကျက်ရ၏။ ကိလေသာတွေ ဝေးကွာ၍ ကိလေသာနည်းသူ ဖြစ်ရ၏။ တိဟိတ်ပဋိသန္ဓေ နေခဲ့ပြီး ဇာတိပညာ ပါရှိသူဖြစ်ရ၏။

ပညာပါရမီ ဖြည့်ဆည်းခဲ့၍ ပညာပါရမီရှိသူတို့သည် ပညာရှိကြ၊ ဉာဏ်ကောင်းကြ၏။ ဒေါသဗျာပါဒ ကင်းသူတို့သည် ပညာရှိကြ၏။ ဉာဏ်ကောင်းကြ၏။ အသိပညာ ရင့်ကျက်သူတို့သည် ပညာရှိကြ၏။ ဉာဏ်ကောင်းကြ၏။ ကိလောဘ နည်းပါးသူတို့သည် ပညာရှိကြ၏။ ဉာဏ်ကောင်းကြ၏။ ဇာတိပညာ ပါသူတို့သည် ပညာရှိကြ၏။ ဉာဏ်ကောင်းကြ၏။ ဤကား သင်္ဂြိုဟ်ဘာသာဋီကာ၏ အဆိုတည်း။

ဣတိဝုတ်ပါဠိတော် အန္ဓကရဏသုတ်၌ ပညာရှိကြောင်း၊ ဉာဏ်ကောင်းကြောင်းတို့ကို ဟောထားတော်မူ၏။ "ကုသိုလ်ဝိတက်သုံးမျိုးက ဉာဏ်မျက်လုံးကြည်လင်ပြီး အမြင်စူးရှအောင် လုပ်ပေးတတ်တယ်။ ဉာဏ်မျက်လုံး အားကောင်းပြီး အမြင်သန်အောင် လုပ်ပေးတတ်တယ်။ ဉာဏ်ပညာ ဖွံ့ဖြိုးတိုးပွားအောင် လုပ်ပေးတတ်တယ်။ နိဗ္ဗာန်ရောက်အောင် ဆောင်ရွက်နိုင်တယ်။ ကုသိုလ်ဝိတက် သုံးမျိုးဆိုတာ နေက္ခမ္မ၀ိတက်၊ အဗျာပါဒ၀ိတက်၊ အ၀ိဟိံသာဝိတက်တို့ပဲ"။

နေက္ခမ္မ၀ိတက်ဟူသည် အကုသိုလ်တွေက လွတ်နေပြီး ကုသိုလ်တွေကို တွေးတောနေခြင်းဖြစ်သည်။ ဘုရားအာရုံပြု၊ တရားအာရုံပြု၊ သံဃာအာရုံပြု၊ ကုသိုလ်ကိစ္စအာရုံပြု၊ အများကောင်းကျိုးတွေးဆိုလျှင် နေက္ခမ္မ၀ိတက်ဖြစ်သည်။ ပရဟိတ ၀ိတက်ဟု ဆိုနိုင်သည်။ အဗျာပါဒ၀ိတက်က မေတ္တာနှင့်တွေးခြင်း ဖြစ်သည်။ အ၀ိဟိံသာဝိတက်က ကရုဏာနှင့် တွေးခြင်းဖြစ်သည်။ ထိုကုသိုလ်ဝိတက် သုံးမျိုးကို တွေးပေးလျှင် ပညာရှိမည်။ ဉာဏ်ကောင်းမည်။ သံယုတ်ပါဠိတော်၊ သုတ္တနိပါတ် ပါဠိတော်တို့၌လည်း  ပညာရှိကြောင်း ဉာဏ်ကောင်းကြောင်းတို့ကို ဘုရားရှင် ဟောထားခဲ့သည်။ သူတော်ကောင်းတရားကို မမှိတ်မသုန် ယုံကြည်မှု သဒ္ဓါတရား ရှိရမည်။ ပညာရှိထံ ဆည်းကပ်နာခံ မှတ်သားခြင်း ရှိရမည်။ မမေ့မလျော့သော သတိတရား ရှိရမည်။ စူးစမ်းဆင်ခြင်မှု ရှိရမည်။ ထိုလေးပါးနှင့် ပြည့်စုံလျင် ပညာရှိမည်။ ဉာဏ်ကောင်းမည်။

အဂုင်္တ္တိုရ်ပါဠိတော် ပညာဝုဒ္ဓိသုတ်၌ ပညာတိုးကြောင်း၊ ဉာဏ်ကောင်းကြောင်းတို့ကို ဘုရားမိန့်ခဲ့သည်။ သူတော်ကောင်းနှင့် ပေါင်းသင်းရမည်။ သူတော်ကောင်းတရား နာကြားရမည်။ နာခံရမည်။ မှတ်ရမည်။ နှလုံးသွင်းမှု မှန်ရမည်။ တရားကျင့်ရမည်။ သမာဓိအလုပ်ကို လုပ်ရမည်။

အဋ္ဌင်္ဂုတ္တရပါဠိတော်၌ ပညာဉာဏ်တိုးပွားကြောင်း အကျင့်ကောင်းရှစ်ပါး ဘုရားဟောထားခဲ့သည်။ ဆရာသမားအပေါ် လေးစားရမည်။ အပေါင်းအသင်းတွေအပေါ် ရှက်တတ်၊ ကြောက်တတ်ရမည်။ ချစ်ခင်လေးစားမှု ရှိရမည်။ မကြာခဏ ချဉ်းကပ်ပြီး အကြောင်းအကျိုး မေးမြန်းဆွေးနွေးရမည်။ ကိုယ်စိတ်နှစ်ပါး စိတ်ငြိမ်အေးချမ်းစွာ နေတတ်ရမည်။ ကိုယ်ကျင့်သီလ ရှိရမည်။ ဗဟုသုတ ရှိရမည်။ အစအလယ်အဆုံး ကောင်းခြင်းသုံးပါး ပြည့်စုံသော စာပေကို သင်အံဖတ်ကြား မှတ်သားရမည်။ အကုသိုလ်တရားတွေပယ်ဖို့ ကုသိုလ်တရားတွေ တိုးပွားဖို့ ကြိုးစားရမည်။ အကျိုးမရှိသော စကားမပြောဘဲ အကျိုးရှိသော စကားပြောရမည်။ ခန္ဓာငါးပါးဖြစ်ပျက်ကို အဖန်ဖန် ရှုမှတ်ရမည်။

သမ္မောဟ၀ိနောဒနီ အဋ္ဌကထာ၌ ပညာရှိကြောင်း၊ ဉာဏ်ကောင်းကြောင်းတို့ကို ပြဆိုထားသည်။ လူကြီးသူမ ဆရာသမားများထံ ချဉ်းကပ်ပြီး အဖန်ဖန် မေးရမည်။ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး အထူးဂရုပြုရမည်။ သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာ ဣနြေ္ဒငါးပါး မယုတ်မလွန် ညီမျှအောင် ကျင့်သုံးရမည်။ အသိဉာဏ်ပညာ မရှိသူတို့ကို ဝေးဝေးရှောင်ရမည်။ အသိဉာဏ်ပညာ ရှိသူတို့ကို မှီဝဲပေါင်းသင်းရမည်။ ဉာဏ်၏ကျက်စားရာ နက်နဲသော တရားသဘောတို့ကို ဆင်ခြင် သုံးသပ်ရမည်။ ဣရိယာပုထ်လေးပါး အသိပညာရရှိရေးသာ စိတ်ညွတ်နေရမည်။

မိလိန္ဒပဥှာ ပါဠိတော်၌ ပညာရှိကြောင်း၊ ဉာဏ်ကောင်းကြောင်းတို့ကို ပြဆိုထားသည်။ အသက်အရွယ် ကြီးရင့်ရမည်။ အခြံအရံ အကျော်အဇော များရမည်။ အဖန်ဖန် မေးရမည်။ ရေဆိပ်ပမာ ဆရာနှင့် ပေါင်းဖော်ရမည်။ သင့်လျော်သော နှလုံးသွင်း ရှိရမည်။ ဆွေးနွေးတိုင်ပင်ရမည်။ အစေးကူးသူနှင့် နေထိုင်ပေါင်းသင်းရမည်။ သင့်လျော်ရာအရပ်၌ နေရမည်။ အရာရာမှာ ပညာသာ ပဓာနဖြစ်သည်။ ပညာအရင်းအမြစ်၊ ပညာအရင်းအနှီး၊ ပညာသယံဇာတ အရေးကြီးသည်။

စိတ္တေနနိယျတေလောကော- တစ်လောကလုံးကို စိတ်က ဦးဆောင်သည်ဟု ဘုရားဟောသော်လည်း ထိုစိတ်ကို ပညာနှင့်ထိန်းကွပ်၊ ပညာနှင့် ထိန်းကျောင်းပေးရမည်။ ပရမတ္ထနိဗ္ဗာန်ကို သိနိုင်မြင်နိုင်ဖို့ မဂ်ပညာ ဖိုလ်ပညာ လိုအပ်သလို လောကနိဗ္ဗာန်ကို သိနိုင် မြင်နိုင် ရရှိနိုင်ဖို့ ခေတ်ပညာတွေ လိုအပ်တာကတော့ အမှန်ပင်ဖြစ်သည်။


အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)


Weekly Eleven News Journal