ဘဝကိုမမေ့နှင့်
ဤအရည်မှီသော လူသားတယောက် ဖြစ်ဘို့အရေးကား ''ဥစ္စာရှာ ကံပါမှ၊ ကညာရှာ ဟန်ပါမှ၊ ပညာရှာ နွံနာမှ'' ဆိုသကဲ့သို့ပင် အရာရာတွင်နှိမ့်ချသော စိတ်ထားဖြင့် သင်ကြားမှသာ ဖြစ်နိုင်ပေသည်။ ဘဝင်လေရိုက်၍ ငါသိငါတတ် လုပ်နေလျှင် နေရာတကာတွင် အထက်စီးက နေရာယူချင်ပါလျှင် လူ့အလွှာနှင့် ကင်းကွာသူ ငပေါတဦးသာ ဖြစ်ရချိမ့်မည်။ ''ငါသိတာ တခုဘဲရှိတယ်၊ အဲဒါကတော့ ငါဘာမှမသိသေးဘူး ဆိုတာဘဲ'' ဟု ဆရာကြီး ဆိုကရားတဲစ်က မိန့်ကြားခဲ့သည်။ ဤဆရာကြီး အဆိုအမိန့်သို့ပင် ''ငါဘာမှ မသိသေးဘူး၊ ငါ့အဖို့သိစရာတွေ လေ့လာစရာတွေ အများကြီးရှိသေးတယ်၊ မသေမချင်းငါဟာ သင်ကြားနေရမယ်'' ဆိုတဲ့အသိ ရှိထားမှသာလျှင် ကျွန်ုပ်တို့အဖို့ တော်ရုံကျပေမည်။ စာရေးသူကား လက်လှမ်းမှီသမျှ သင်ကြားနာယူလျှက်ရှိသည်။ မှတ်သားလေ့လာနေပါသည်။
ယင်းသို့ သင်ကြားလေ့လာသော အလေ့အထကြောင့်ပင် ဘဝသည်ရင့်ကျက်၍လာသည်ဟု စွဲယူလျက် ရှိပါသည်။ စာရေးသူ ၉နှစ်သား ၁ဝနှစ်သားအရွယ်က ဖြစ်သည်။ ကျောင်းသို့သွားခါနီးတွင် မိခင်ကြီးထံတွင် ထန်းလျက်ခဲတောင်းသည်။ ထန်းလျက်ခဲသည် အညာကျေးတောသားကလေးငယ်များ၏ သွားရည်စာပင်ဖြစ်သည်။ စာရေးသူတို့ငယ်စဉ်က ယခုအခါလောက်လည်း ဖွယ်ဖွယ်ရာရာ စားသောက် ဖွယ်ရာသွားရည်စာတွေမရှိခဲ့ပေ။ နံနက်လင်းလျှင် ထမင်းကြမ်းကိုထန်းလျက်ခဲနှင့် ကိုက်၍စားရသည်ပင် မြိန်ရေ ယှက်ရေရှိလှဘိသည်။ ကော်ဖီဆို ဝေလာဝေး ဟောလစ်၊ အိုဗာတင်းတို့မှာ နာမည်မျှပင် မကြားခဲ့ဘူးပေ။ ထမင်းကြမ်းနှင့် ထန်းလျက်ခဲစား၍ ကြီးခဲ့ သော်လည်း မည်သည့်ဗီတာမင်ဓာတ်မှ ချို့တဲ့ခဲ့ သည်မထင်ပါ။
ရေးပါအုံးမည် စာရေးသူမှာ မိခင်ကြီးအသက် ၄ဝ ကျော်မှမွေးဖွားခဲ့ရသဖြင့် ''နွာမအို -နောက်သား'' ဟုပင် အပြောခံရပါသည်။ နောက်ဆုံးသားဖြစ်၍ အမေ့နို့ကိုအကြာကြီးစို့ခဲ့ရသည်။ စာရေးသူ အထင် ၃နှစ်သား အရွယ်လောက်ရောက်သည်အထိ ထင်ပါသည်။ နောက်တွင် မိခင်ကြိးကျောက်ပေါက်၍ နို့မစို့ ရတော့ဘဲ ပြတ်ခဲ့ ရသည်။ ထိုအခါတွင် စာရေးသူအား ငှက်ပျောသီးဖီးကြမ်းကျွေး၍ နှစ်သိမ့်ကြပါသည်။
ဆိုလိုသည်မှာ စာရေးသူသည် နိုင်ငံခြားမှလာသောပန်းသီး၊ သစ်သီး၊ ယိုဗူးတို့ကို မစားသုံးခဲ့ရပါ။ ငှက်ပျောသီး သခွားသီးစသော မြန်မာလယ်ယာထွက် အသီးအနှံတို့ကိုသာ စားခဲ့ရသည်။ လက်တိုဂျင် နို့ဆီတို့ဖြင့် ယုယတိုက်ကျွေးခြင်းတို့ကိုလည်း မခံခဲ့ရပါ။ မိခင်၏နို့ချိုကိုသာ တမြိန်တဝ သောက်စို့ ခဲ့ရပါ သည်။
ယခုကာလလို ဆေးရောင်အမျိုးမျိုး ဆိုးထားသော သွားရည်စာ သွားဖတ်စာတို့ကိုလည်း မစားခဲ့ရပါ။ မုံ့ဖက်ထုပ်၊ မုံ့လုံးရေပေါ်၊ မုံကတိုးဝါမှအစ နှမ်းဖတ်ခဲ သခွားသီးခြမ်းအထိ ထန်းလျက်ခဲသာ ဇာတ်လိုက်ဖြစ်ခဲ့သည်။ သို့ဖြစ်သည့်တိုင်အောင် အာဟာရချို့တဲ့ခြင်း၊ ရောဂါဝေဒနာထူပြောခြင်း မဖြစ်ခဲ့ပေ။ စာရေးသူအရပ်မှာ ၅-ပေ ၉ လက်မရှိခြင်း၊ အလေးချိန်မှာကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယန် ကပ်စီးယပ်စ်ကလေး၏ ပေါင်ချိန်နီးနီးမျှရှိခြင်း၊ အမြဲတန်း ကျန်းမာနေခြင်းတို့က ထောက်ခံလျက်ရှိပါသည်။
ယခုအခါ မြန်မာတို့၏ သန်မာထွားကျိုင်းမှု နှုန်းထားမှာ မတိုးဘဲ လျော့နေသည်။ ထို့ကြောင့်ပင် ယင်း ''ဂျပုပိစိညှပ်လေး'' တို့၏ ခန္ဓာကိုယ်ဖွံ့ထွားသန်စွမ်းရေးမှာ အရေးတကြီးပြဿနာဖြစ်လာရပေသည်။ ဆေးဆိုး အစားအစာတို့ကို စားသုံးခြင်း၊ နိုင်ငံခြားမှလာသမျှ အကောင်းချည်းထင်၍ စားသုံးခြင်းနှင့် သွားရည်စာတို့ကို စည်းကမ်းမဲ့စားသုံးခြင်းတို့မှ အထူးရှောင်ကြဉ်ကြရန် လိုပါလိမ့်မည်။ မြန်မာ့လယ်ယာ ထွက် ငှက်ပျောသီး၊ သင်္ဘောသီး၊ သရက်သီး၊ သခွားသီးစသော အသီးအနှံအစားအစာတို့သည်သာ လတ်ဆတ်သော အစားအစာ တို့ဖြစ်ကြောင်း အလျဉ်းသင့်၍ဖော်ပြရပေသည်။
ထိုသို့မိခင်ကြီးကိုထန်းလျက်တောင်းရာ မိခင်ကြီးက မရှိတော့၍ ပိုက်ဆံယူသွားရန်တမူး (ကြေးနီပြား ၈ပြား) ထုတ်ပေးပါသည်။ စာရေးသူအဖို့ ပိုက်ဆံသည် ဘာအသုံးကျမည်နည်း။ ထန်းလျက် သာလို၏။ ကျောင်းရောက်လျှင် ပုဆိုးကိုချွတ်၍ ထန်းလျက်ထည့်ထုပ်ပြီးလျင် တယောက်နှင့်တယောက် ထန်းလျက်ပေါက်တမ်း ကစားရမည် မဟုတ်ပါလော။ ထိုသို့ ကစားရာတွင် ထန်းလျက်ခဲအရင်ကွဲသူသည် အရှုံးဖြစ်၏။ စာရေးသူသည် အိမ်အောက်တွင် နောက်ချေးသရွတ်မံလျက် ပိတ်ထားသော ထန်းလျက် စဥ့်အိုးကြီးများရှိကြောင်းသိ၏။ ထို့ကြောင့်ဂျီတိုက်၏။ မိခင်ကြီးကဖွင့်လိုက်လျင် မိုးအခါဖြစ်၍စိုကုန်မည်၊ မှိုတက်သွားလိမ့်မည်ဟုချော့ပြောရှာ၏။ စာရေးသူကမရ။ဇွတ်သမားဖြစ်၏။ ကလေးဖြစ်၍လည်းအကျိုး အကြောင်းနှင့် ပြောပြသည်ကိုနားမဝင်။ လိုချင်တာလောက်ပင် သိသည်။
မိခင်ကြီး မီးဖိုချောင်ဝင်သည်နှင့် သကောင့်သားက ထန်းလျက်အိုး ဖွင့်တော့သည်။ ထန်းလျက်ခဲကို နှိုက်ယူပြီးနောက် ''အမေ ယူခဲ့ပြီဗျို့'' ဟုအော်ကာ မိခင်ကြီးအနီးတွင် ထန်းလျက်ကို ကိုင်ကာ မြှောက်ကာ ခုန်ပြလိုက်သေး၏။ မိခင်ကြီးမှာ စကားနားမထောင်ရကောင်းဟု စိတ်ဆိုးကာ ရိုက်နှက်ရန် ထွက်လိုက်ပါတော့သည်။ သို့သော်ဘာရမည်နည်း၊ စာရေးသူကလည်း ယုန်၏လျှင်မြန်ခြင်းဖြင့် ဒုန်းပြေး၏။ မိခင်ကြီးသည် လိုက်၍မမှီသော အခါ နင်တော့နေအုံးဟဲ့ ဟု အသံကုန်ဟစ်အော်၍ ကျန်ရစ်ခဲ့ပါသည်။ (စာရေးသူတသက်တွင် မိခင်ကြီိး၏ ဆဲရေးတိုင်းထွာသံ မကြားမိဘူးပါ)
စာရေးသူကား အောင်နိုင်သူတို့၏အပြုံးဖြင့် ကြည်ကြည်နူးနူး ပီတိလူးလျက်ရှိပါတော့သည်။ သို့သော် တာရှည်မခံလိုက်ပါ။ အမောပြေသည်နှင့် ကျေနပ်မှုသည်လည်း ပြေးထွက်သွားပါတော့သည်။ စာရေးသူ၏စိတ်တွင် ဘယ်ကဲ့သို့ဖြစ်သွားသည်မသိပါ။ တတ်နိုင်လျှင် ဤထန်းလျက်ခဲကို အိုးထဲပြန်ထည့် လိုက်ချင်ပါသည်။ မိခင်ကြီး အမောတကောနှင့် လိုက်ခဲ့သည်ကိုစိတ်ထဲမျာသနားသွားသည်။ စိုစိုဖတ်ဖတ် အရည်ပျော်လျက်မှိုတက် ထန်းလျက် တွေမျက်စိထဲမြင်ယောင်လာသည်။ ငါ့ကြောင့်ဒီထန်းလျက်တွေ ပစ်လိုက်ရတော့မှာပါလား။ ကလေးဖြစ်၍ သိုင်းသိုင်းချဲ့ချဲ့ မစဉ်းစားတတ်သေးသော်လည်း ''ငါလုပ်သည့် အလုပ်သည်မကောင်း ရိုင်းပြလှသည်တကား'' ဟူ၍စိတ်ထဲတွင်စွဲမှတ်သွားပါတော့သည်။
ညနေကျောင်းမှအိမ်သို့ပြန်သောအခါ ''အမေကတော့ငါ့အပေါ် စိတ်ပြေမှမဟုတ်သေးဘူး'' ထင်ခဲ့သည်။ ဤအထင်မှာလည်းလွဲခဲ့ရသည်။ မိခင်ကြီးသည် မျှော်နေ-ကြိုနေပါသည်။ မိခင်ကြီးကိုမြင်လိုက်ရလျှင် စာရေးသူ၏ခြေလှမ်းတို့မှာ မဝံ့မရဲဖြစ်ကာ တွန့်ဆုတ်သွားသည်။ ထိုအခါ မိခင်ကြီးကပြုံး၍ပြရှာသည်။ ကျေနပ်ခွင့်လွှတ်သောအပြုံး၊ လာသာလာခဲ့ ဟုဖိတ်ခေါ်သောအပြုံးပါတည်း။ ထိုနေ့က ညနေစာကိုပင် အတုံးချက် (အမဲသားချက်)များဖြင့် ကျွေးလိုက်ပါသေးသည်။ စာရေးသူမှာ မိခင်မေတ္တာကို ယနေ့တိုင်အမှတ်တရ စွဲလမ်းကြည်နုး မိရပါသေးသည်။
ထိုနေ့မှစ၍ စာရေးသူမမိုက်တော့ချေ။ မိမိကြောင့် သူတထူးစိတ်မချမ်းသာဖြစ်ရလျှင် မိမိလည်း နေမထိ ထိုင်မထိဖြစ်ရသည်။ တဖက်သားလည်းအကျိုးမရှိ၊ မိမိလည်းမချမ်းသာသော အလုပ်ကို ဘာကြောင့်လုပ်ရမည်နည်း။ ဘဝပေးအသိက စာရေးသူကိုတတ်မြောက်အောင် သင်ကြားပေးလိုက်ပြီ တကား။ စာရေးသူ၏ဥာဉ်မှာ ‘’ဘာပဲလုပ်လုပ် နောက်မဆုတ်’’ ဟူသကဲ့သို့တခါတရံ ဟောဟော ဒိုင်းဒိုင်းဇွတ်ပင် လုပ်ပစ်ချင်တတ်သည်။ သို့သော် ထိုငယ်စဉ်ကဖြစ်ရပ်ကလေးသည် အမြဲတမ်း တပ်လှန့်သတိပေးလျက်သာ ရှိနေပါသည်။ မှားယွင်းတိမ်းမှားမှုမရှိရလေအောင် အစဉ်သဖြင့် ထိန်းချုပ်နိုင်သည့် အလေ့အထမှာ ကိန်းအောင်းလျက်ရှိပါသည်။ လူတို့သည် သာမန် အဆင့်တွင်ဆိုလျှင် ဘဝမှန်သူများဖြစ်နေပါသည်။ သို့သော် သူတကာထက်ဓနအင်အားဖြင့်၎င်း၊ ပညာဂုဏ်အားဖြင့်၎င်း၊ ရာထူးအာဏာဖြင့်၎င်း၊ လွန်တက်သွားပြီ ဆိုလျှင်ကား ''ဘဝမမှန်သူများ-ဖောက်ပြန်ရေးသမားများ'' ဖြစ်၍သွားတတ်ကြပါသည်။ ထိုအခါ၌၄င်းတို့သည် နိုင်ငံတွင် အကြီင်္းမားဆုံးသော အဖျက်သမားကြီးများ ဖြစ်လာကြပေသည်။
ဥပမာ-အရင်းရှင်အမြတ်ကြီးစားများကိုတွေ့မြင်နိုင်ပါသည်။ အလားတူပင် ဘဝမမှန်သော ဖောက်ပြန်ရေးသမား ပညာရှင်များ၊ ရာထူးအာဏာရနေသူများသည်လည်း ထိုသွေးစုတ် ဓနရှင်ကြီးများ ကဲ့သို့ပင် နိုင်ငံကိုဒုက္ခ ပေးနိုင်ကြောင်း မေ့ထား၍မဖြစ်ပါပေ။ ဤကဲ့သို့ ဓန-ပညာ-အာဏာ-ရာထူးတို့ ကြောင့် ဘဝမမှန် ဖောက်ပြန်သွား တတ်ကြသည်မှာမိမိတို့ ဘဝကိုတတ်မြောက်အောင်မသင်ကြား မလေ့လာကြသောကြောင့်ဖြစ်သည်။ တနည်းအားဖြင့် ကိုယ်ချင်းစာတရားကို ကျောခိုင်း၍ အတ္တပရမျှတစွာ မမြင်နိုင်တော့သော ‘’အကန်း စိတ်‘’ ကြောင့်ပင်ဖြစ်ရပါသည်။
တခါက သခင်သန်းထွန်၏ ဖြစ်ရပ်ကလေးတခုကို ဖတ်လိုက်ရဘူးသည်။ ၁၉၄၅-ခုနှစ်အတွင်း အင်္ဂလိပ်များ ပြန်တက်လာစဉ်ကဖြစ်သည်။ ရွှေဘိုမြို့ဘက်ရှိ ရွာတရွာတွင် ရောက်နေခိုက် ရွာခံလူများနှင့် အတူ ရွာပြင်ဘက် ထွက်လာသည်။ မမြှော်လင့်ပဲ မဟာမိတ်စစ်တပ်မှ ကင်းထောက်အဖွဲ့နှင့် ဝင်တိုးမိသည်။ အကြီးအကဲ အင်္ဂလိပ်စစ်ဗိုလ်က ''ဟေ့....မင်းတို့ ဘာလုပ်တဲ့လူတွေလဲ'' ဟု မြန်မာလို ပီပီသသ မေးလိုက်သည်။ ထိုအခါ သခင်သန်းထွန်းက ချက်ချင်းပင် ''ဝီအာ ကာလာတိဗိတ်(တ်)စ်'' (ကျွန်တော်တို့ တောင်သူလယ် သမားတွေပါ)ဟု အင်္ဂလိပ်လို ပြန်လည်ဖြေကြားလိုက်လေသည်။ ''ကောင်ပြီ---ဒါဖြင့် မင်းတို့အားလုံးလာကြ၊ ဗမာတောင်သူလယ် သမားက ဝီအာကာလာတိဗိတ်(တ်)စ်လို့ ပြောတတ်သလား'' ဟုပြောဆိုကာ ထိုစစ်ဗိုလ် က သခင်သန်းထွန်းတို့ကို ဖမ်းဆီးလေတော့သည်။
အင်္ဂလိပ်စစ်ဗိုလ်၏ တွေးခေါ်ပုံမှာ မမှားပေ။ တကယ်မှားသူကား သခင်သန်းထွန်းသာဖြစ်ပါသည်။ သူသည် မင်းသားခေါင်းစွတ်ထားပါလျက် ဘီလူးစကားပြောခဲ့သည် မဟုတ်ပါလော။ ထိုစဉ်အခါက မြန်မာပြည်မှာ အရင်းရှင်နယ်ချဲ့နှင့် စစ်ဘီလူးတို့အောက် အလူးအလိမ့် ခံနေရပေရာ ပညာရေးမှာ မထွန်းကားခဲ့သေးချေ။ လွတ်လပ်ရေး ရပြီးနောက်မှသာ ကျေးရွာများ၌ပါ အထက်တန်းနှင့် အလယ်တန်း များဖွင့်လာ၍ လယ်သမားသားသမီးတို့မှာ အင်္ဂလိပ်စာနှင့် နီးစပ်ခဲ့ရသည် မဟုတ်ပါလော။ ကျွန်ပညာရေး ခေတ်က အင်္ဂလိပ်စာသည် စင်စစ်ဓနရှင်တို့၏ အဆောင်အယောင်လိုသာ ဖြစ်ခဲ့ပေသည်။ ဤသခင်သန်းထွန်း၏ ဖြစ်ရပ်ကလေးကို ဖတ်မိရသောအခါ အသိတိုးခဲ့ရပြန်ပါသည်။ ''လူတို့သည် အံချော်တတ်သည်။ ကာလ ဒေသနှင့် အညီမပြုလုပ်တတ်လျှင် ခါးတောင်းကျိုက်တခြား ဖင်တခြား ဖြစ်ရတတ်သည်'' ဟူ၏။
စာရေးသူသည် ယခုစာပေပို့ချပေးနေပါသည်။ မူလတန်းမှ အထက်တန်း(စာကြီးပေကြီး)များ အထိပါဝင်သည်။ ဤသို့သင်ကြားပေးရာတွင် ငယ်ငယ်က မိမိနားမလည်ခဲ့သောအရာ ခက်ခဲသော နေရာများကို ပြန်တွေးကြည့် သည်။ ၄င်းအချက်အလက်ကလေးများ ဆိုင်ရာရောက်လျင် စိတ်ရှည်ရှည်နှင့် ပြောပြရှင်းပြသည်။ သူတို့နှင့် ဆွေးနွေးသည်။ မေးခွန်းထုတ်သည်။ သူတို့လေးတွေကိုမဟောက်ပါ၊ မချောက်ပါ။ ရေလာဘို့မြောင်းသွယ်သူသည် သူ၏မြောင်းကလေးမှ ရေစီးသွားလျှင် အလွန်နှစ်လိုကျေနပ်သည်။ အလားတူပင် စာပေပို့ချခြင်းသည် ''ငါတော်-ငါတတ်-ငါသိ'' သမားဂုဏ်ပြ-ဆရာဂုဏ်ပြတွေ လုပ်ရန်မဟုတ်ပေ။ တပည့်ငယ်များ ထိမိပိုင်နိုင်စွာ သဘောပေါက် နားလည်ဘို့သာဖြစ်သည်။ သူတို့တတွေ ရှင်းရှင်းလင်းလင်း အဓိပ္ပါယ်သဘောပေါက်ကြသည်ဆိုလျှင် အလွန်ပင် ကျေနပ်ရွှင်ပျရပေသည်။
အလုပ်မလုပ်သည်နှင့်စာလျှင် အလုပ်လုပ်ခြင်းသည် ကောင်းသည်။ သို့သော် ခံယူချက်မရှိလျှင် အချည်းနှီး ခရီးမရောက်ဖြစ်ရပေမည်။ အချို့မှာ အလုပ်လုပ်နေကြရသော်လည်း လေးနက်သောခံယူချက် မရှိပေ။ ဘာအတွက် လုပ်နေသည်၊ ဘာ့ကြောင့်လုပ်နေရသည်ကိုပင် သဘောမပေါက်ပဲဖြစ်နေတတ်သည်။ စာရေသူစာပေပို့ချနေသည်မှာ တစိတ်တဒေသ အနည်းငယ်မျှသာဖြစ်၍ အုတ်ကြားမြက်ပေါက် စာမဖွဲ့ လောက်ပါ။ သို့သော် ဤအနည်းငယ်စုလေးကိုပင် အံချော်မှုမဖြစ်ရလေအောင် မည်မျှအရေးစိုက် ရပါသနည်း။ ပုံမှန်ဖြစ်အောင် အမြဲတမ်း စိစစ်လေ့လာနေရသည်။ ကြိုးပမ်းနေရပေသည်။ နိုင်ငံကို အုပ်ချုပ်နေရသူများ၊ နိုင်ငံတာဝန် ထမ်းရွက်နေသော ပညာရှင်များအဖို့ကား မည်မျှတာဝန်ကြီးလေး မည်ဖြစ်ကြောင်း သိနိုင်ပါသည်။ သို့သော် ငါတို့သည် မဟာတာဝန်ကြီးတွေ ထမ်းရွက်နေ သည်ဟူ၍ အခွင့်ထူးခံများအဖြစ် ရပ်တည်ရန်မဟုတ်ပေ။ တနည်းအားဖြင့် သမားဂုဏ်ပြရန်မဟုတ်ပေ။ မျှတသော အသိဖြင့် မျှမျှတတ ကြည့်မြင်တတ်ရန် အမှန်ပင်လိုအပ်ပေသည်။ ဤသို့မြင်နိုင်ရန်မှာလည်း မိမိတို့က ဘဝမှန်နေရာမှန်ကိုရောက်နေမှ ဖြစ်နိုင်ပေသည်။
အောက်ပါဖြစ်ရပ်ကလေးသည် ဒဏ္ဍာရီပဲဆိုပါစို့။ တခါက လူငယ်တစ်ဦးသည် နိုင်ငံခြားသို့ သုံးလေး နှစ်မျှပညာသင်သွားပြီးနောက်ပြန်လာသည်။ သူသည် အိမ်ပေါ်သို့ပင် ဖိနပ်ကြီးတလွှားလွှား-ဘောင်ဘီကြီး တကားကားနှင့် တက်လာသည်။ ''ဟင်း.....မောလိုက်တာမာမီရယ် သားဖို့ရေချမ်းချမ်းတခွက်ပေးပါ'' ဟုတောင်း၏။ မိခင်ကြီးရင်တွင် အောင့်၍သွား၏။ သကောင့်သားက ဤမျှဖြင့် မတန်သေးပါ။ ရေသောက်ပြီး သောအခါ ''အို....မာမီနဲ့ကွဲသွားတာ ၃-နှစ်လောက်ပဲ ရှိသေးတယ်၊ မာမီ သိပ်ဟောင်းသွားပြီနော်'' ဟု ဆင့်လိုက်ရာ မိခင်ကြီးမှာ မမျိုသိပ်နိုင်တော့ပဲ အိမ်မှ မောင်းချရလောက်အောင် ဒေါသူပုန် ထတော့သည်ဟူ၏။ ဤကဲ့သို့သော ဘဝကိုမေ့နိုင်လွန်းသော အမိနိုင်ငံကိုပင် စော်ကားချင်သည့် ဘဝင်ကောင်တို့သည် မရှိဟု မည်သူပြောနိုင်ပါမည်နည်း။ အို---စာရှုသူ၊ ထိုသို့မဖြစ်ရအောင် အမြဲတမ်း သင်ကြားနာယူသည့် အလေ့အထကို မွေးလော့။ မိမိဘဝကို အံမချော်စေပဲ လမ်းကြောင်းပေါ်တွင် လျှောက်နိုင်အောင် ကြိုးစားလော့။ သင်၏စေတနာမှန်နှင့် လုပ်အားကိုတိုင်းပြည်က ငံ့လင့်ကြိုဆိုနေသည် တကား။
အရှင်မဟောသဓ ပဏ္ဍိတာ
၁၈-၇-၇ဝ
ဓမ္မဗျူဟာ (အတွဲ ၉၊ ) အမှတ် ၃