Wednesday, October 31, 2012

သံသယဆူးငြောင့်


 သံသယဆူးငြောင့်

“သဒ္ဓါယ တရတိ သြဃံ”- ယုံကြည်မှုသည် အခက်အခဲဟူသမျှတို့ကို လွတ်မြောက်နိုင်စွမ်း ရှိပေသည်။ ဘယ်အရာပဲလုပ်လုပ်၊ ဘယ်အရာကိုပဲ ရချင်ရချင် ကိုယ့်လုပ်နေသည့် အလုပ် သည် အောင်မြင်နိုင်သည့် နည်းလမ်းဟူ၍ မယုံကြည်လျှင် ထိုအလုပ်ကို လုပ်မည်မဟုတ်ပေ။ မယုံကြည်ဘဲ လုပ်နေလျှင်လည်း အောင်မြင်မှု ရလာနိုင်မည် မဟုတ်ပေ။ ယုံကြည်မှု အားအင် သတ္တိသည် မရှိမဖြစ်လိုအပ်သောအရာပင်ဖြစ်ပါသည်။ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ အမှန်အတိုင်းဖြစ်ရန် ဆင်ခြင်နိုင်ခြင်း၊ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ခွဲခြားသိမြင်နိုင် ခြင်းဟူသော ပညာဉာဏ်သည်လည်း သဒ္ဓါတရားနှင့် အတွဲညီနေရန် လိုအပ်၏။ ချိန်ခွင်လျှာ အစွန်းမထွက်ဘဲ ရှိသကဲ့သို့ သဒ္ဓါနှင့်ပညာ တရားနှစ်ပါး ညီမျှနေရမည်ဖြစ်ပါသည်။



ယုံကြည်မှုရှိမှ အခက်အခဲမှန်သမျှ ကျော်လွှားပြီး အောင်မြင်နိုင်သည်ကမှန်၏။ အမှားကို ယုံကြည်နေမိပြန်လျှင်လည်း မဟုတ်သေးပေ။ အမှားကို ယုံကြည်နေက အမှန်ကို မမြင်နိုင် ဖြစ်နေမည်။ ဘုရားရှင် မပေါ်ထွန်းသေးခင်က လူတို့သည် တော၊ တောင်၊ နတ်၊ နဂါး၊ မီး၊ ပင်လယ်၊ သမုဒ္ဒရာ စသဖြင့် ကိုယ့်ယုံကြည်မှုအလိုက် အသီးသီးကိုးကွယ်ကြသည်။ ထိုသို့ ယုံကြည်ပြီး ပူဇော်ပသကြလျှင် ကျရောက်လာမည့် ဘေးအန္တရာယ်၊ ရန်စွယ် မှန်သမျှ ပပျောက်သွားကြမည်၊ ကောင်းကျိုးချမ်းသာ အဖြာဖြာတို့ ရောက်ရှိလာကြမည် အစရှိသည်ဖြင့် ယုံကြည်နေကြသည်။ ကိုးကွယ်ရာအမှန်ဟုလည်း မှတ်ယူထားကြသည်။ ထင်သည့်အတိုင်း ဖြစ်လာကြသည်ဟူ၍ တိုက်ဆိုင်မှုတို့ကို အမှန်အဖြစ် တစ်ထစ်ချမှတ်ယူပြီး ပို၍ ပို၍ ယုံကြည်နေကြခြင်းပင်ဖြစ်သည်။


မပြောင်းလဲနိုင်သော အမှန်တရားတို့မှာ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဟူသော သဘော အမှန်၊ သမုဒယသစ္စာ၊ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ အစရှိသော ပရမတ္ထသစ္စာ သဘောတရားတို့ပင်ဖြစ်၏။ ပညတ်ထားသော အခေါ်မှန်သမျှတို့မှာကား အမြဲပြောင်းလဲ နေကြမည်ဖြစ်သည်။ ထိုသို့ပင် အထင်မှားနေသော အရာအားလုံးတို့သည်လည်း တစ်နေ့၌ အမှန်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ အမှန်ကို သိမြင်သွားမှသာလျှင် အမှားသို့ ပြန်လည်၍ မပြောင်းလဲနိုင်တော့ခြင်းဖြစ်သည်။ အမှား၌ ကျင်လည်နေသော သဘောတရားတို့သည်သာ သံသယစက်ကွင်းတွင် ရှိနေသောကြောင့် ဆူးငြောင့်သဖွယ် အနှောင့်အယှက်က အမြဲကာဆီး ထားပြီး အလင်းမရနိုင်ဘဲ အမှောင်သက်သက်ဖြင့်သာ ကျင်လည်နေခြင်း ဖြစ်ပေသည်။


အမှန်တရားသို့ မရောက်သေးသမျှ တည်ငြိမ်မှုသည် အလျှင်းမရှိနိုင်သေးပေ။ ရင့်ကျက်မှု သဘောသည် အမှန်တရား၏အရိပ်ကို ထင်ဟပ်ပြသနေခြင်းသာဖြစ်ပေသည်။ ရဲရင့်ခြင်းသတ္တိ သည် သံသယတည်းဟူသော အမှောင်ကို ဖြိုးခွင်းနိုင်မှသာလျှင် ရရှိနိုင်သည့် ဆုလာဘ် တစ်ခုပင်ဖြစ်၏။ ဘုရားတည်းဟူသောရတနာ၊ တရားတည်းဟူသောရတနာ၊ သံဃာတည်းဟူ သောရတနာဟုဆိုအပ်သော ရတနာမြတ်သုံးပါးတို့နှင့် နှိုင်းယှဉ်လိုက်လျှင် တစ်ခြားတစ်ခြား သော လောကီရတနာတို့သည် အချည်းအနှီးမျှသာ တန်ဘိုးရှိတော့၏၊ မြတ်နိုးဖွယ် ရတနာ အစစ်ကား ဘုရား၊ တရား၊ သံဃာ ရတနာတို့သာ အမှန်စင်စစ် ဧကန်ဖြစ်တော့၏ဟု သံသယမရှိတော့သည့်အခါတွင် အနှောင့်အယှက်ဆူးငြောင့်တို့ ကင်းလာသည်။ သစ္စာဉာဏ် ဖြင့် သက်ဝင်ယုံကြည်သွားလျှင် သံသယဆူးငြောင့်မှာ လုံးဝ ကင်းရှင်းသွားပေသည်။ ရဲရင့်ခြင်း ဆုလာဘ်ကို ပိုင်ဆိုင်သွားသည်ဖြစ်ခြင်းကြောင့် သေရမှာပင် မကြောက်မလန့် သေနိုင်တော့ ၏။


ငါဘယ်က လာပါသနည်း။ ငါဘယ်သို့ သွားမည်နည်း။ ငါဆိုသည့် ငါကရော ဘယ်လိုမျိုးကို ခေါ်ဝေါ်သတ်မှတ်ထားသနည်း။ သံသယတို့နှင့် ရောထွေးလို့နေ၏။ ဗုဒ္ဓ၏ သစ္စာတရားအရ ငါဆိုသည်မှာ အခေါ်မျှသာရှိ၏။ အမှန်အားဖြင့် မရှိပေ။ အမှန်အားဖြင့် ရုပ်နာမ်နှစ်ပါး၊ ထိုနှစ်ပါးကို ချဲ့ပြောလျှင် ခန္ဓာငါးပါးတို့သာလျှင်ရှိပေသည်။ ဖောက်ပြန်တတ်သော ရုပ်သဘော တရားတို့က မည်သူ့အလိုကိုမျှမလိုက်ဘဲ သူ့သဘောအတိုင်း ဖောက်ပြန်ပျက်ဆီး၍သာနေကြ ၏။ ခံစားတတ်သော သဘောတရားက ခံစားမှုအလုပ်ကိုသာ သူလုပ်နေသည်။ မည်သူက ခိုင်းလို့ လုပ်နေခြင်းမျိုးမဟုတ်ပေ။ ခံစားမှုအလုပ်သည် သူ့သဘော၊ သူ့အလုပ်ဖြစ်၍ သူ့အလို လို လုပ်နေခြင်းသာဖြစ်သည်။ ကြံစည်တွေးတောတတ်သောသဘောက ကြံစည်တွေးတော ခြင်းအလုပ်၊ မှတ်သားတတ်သောသဘောတရားတို့က မှတ်သားခြင်းအလုပ်၊ သိတတ်သော သဘောတရားတို့က သိတတ်ခြင်းအလုပ် အစရှိသည်ဖြင့် မည်သူ့အလိုမျှမလိုက်၊ သူ့သဘော သူ့အလို သူ့အလုပ်ကိုသာ တသွင်သွင်လုပ်နေခြင်း ဖြစ်သည်ဟု ဉာဏ်ဖြင့်သိမြင်လျှင် ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမတို့သည်မရှိ၊ ဓမ္မတို့၏သဘောသာလျှင်ဖြစ်၏ဟု သံသယကင်း လျှင် ဆူးငြောင့်လည်းကင်းပါသည်။


သံသယအမှောင်ရှိနေသ၍ ဆူးငြောင့်သဖွယ် အနှောင့်အယှက် ရှိနေပေဦးမည်ပင်။ သံသယ သည် မည်သည့်အောင်မြင်မှုကိုမှ မရနိုင်သည် အနှောင့်အယှက် ဆူးငြောင့်တစ်ခုကဲ့သို့ဖြစ်၏။ မိဘနှင့်သားသမီး၊ ညီနှင့်အစ်ကို၊ မောင်နှင့်နှမ၊ လင်နှင့်မယား၊ ဆရာနှင့်တပည့်၊ သူငယ်ချင်း မိတ်ဆွေ၊ ခေါင်းဆောင်နှင့်နောက်လိုက် အစရှိသည့် ပေါင်းဖွဲ့ထားသည့် နှစ်ယောက်နှင့် အထက်အရေအတွက်ရှိသည့် အဖွဲ့အစည်းမှန်သမျှ တစ်ယောက်နှင့် တစ်ယောက် ယုံကြည်မှုမရှိ သံသယရှိနေကြလျှင်လည်း ထိုအဖွဲ့အစည်းအတွက် အောင်မြင်မှုတို့ကို မရရှိနိုင် ဘဲ သံသယရှိခြင်းက တိုးတက်အောင်မြင်မှုတို့၏ အတားအဆီးဆူးငြောင့်သဖွယ် အနှောင့် အယှက် ဖြစ်နေပေမည်။ အဖွဲ့ဖြင့်မဟုတ်ဘဲ တစ်ဦးတည်းဖြစ်လင့်ကစား မိမိနှင့် ပတ်သက်နေ သော အလုပ်တို့၌လည်းကောင်း၊ မိမိကိုယ်ကို လည်းကောင်း လုပ်မှ လုပ်နိုင်ပါ့မည်လား စသဖြင့် ကိုယ့်ကိုယ်ကို သံသယရှိခြင်း၊ ကိုယ်လုပ်နေသောအလုပ်သည် ကိုယ်အလိုရှိသော ပန်းတိုင်သို့ ရောက်ရှိနိုင်ပါမည်လောဟူသော သို့လောသို့လောဖြင့် သံသယရှိနေသည့်စိတ်က ပင် မိမိ၏အောင်မြင်မှုတို့ကို တားဆီးနေမည်ဖြစ်ပေသည်။


သံသယရှိသည့် အခြေအနေ အရပ်ရပ်တို့သည် တစ်ခုနှင့်တစ်ခု မတူဘဲ ကွဲပြားနိုင်ပါသည်။ တူညီသောသဘောတရားမှာကား သံသယရှိခြင်းသည် ယုံကြည်မှုအပြည့်အ၀ မရှိခြင်းပင်ဖြစ် သည်။ ယုံကြည်မှုမရှိက ရဲရင့်ခြင်းသတ္တိ မရှိနိုင်။ ယုံကြည်ခြင်းကို ထပ်ပြီးချဲ့ပြောလျှင် ယုံမှ ကြည်လင်နိုင်သည့် သဘောဖြစ်၏။ မယုံလျှင် မကြည်လင်နိုင်သေးပေ။ မြတ်စွာဘုရားသည် သစ္စာလေးပါးမြတ်တရားကို ကိုယ်တိုင် သိမြင်သော၊ လူနတ်ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ဆရာတစ်ဆူဖြစ်တော်မူသော သမ္မာသမ္ဗုဒ္ဓဖြစ်သည်ဟု သံသယမရှိပါက ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ခြင်း၊ နိဗ္ဗာန်ရောက်ကြောင်းဟူသည့် ဟောကြားခဲ့သော တရားများကို နာကြားခြင်း၊ ဟောကြားထားသော နည်းလမ်းအတိုင်း တရားအားထုတ်ခြင်း အစရှိသော နိဗ္ဗာန်ရောက်ကြောင်းအလုပ်တို့ကို ယုံယုံကြည်ကြည်ဖြင့် လုပ်ဆောင်မည်ဖြစ်သည်။ မယုံ ကြည်လျှင် မလုပ်ဆောင်သေးပေ။


မယုံကြည်ဘဲ လုပ်ဆောင်နေလျှင် သဒ္ဓါဗိုလ် အားနည်းနေသောကြောင့် သတိဗိုလ်၊ သမာဓိ ဗိုလ်၊ ၀ီရိယဗိုလ်၊ ပညာဗိုလ်တည်းဟူသော ဗိုလ်ငါးပါးတရားတို့ အားနည်းလာကြမည်။ စစ်ပွဲတွင် စစ်သူကြီးငါးဦးတို့က အဓိကဦးဆောင်တိုက်ခိုက်ရမည့် တာဝန်ဖြစ်လျှင် ထိုစစ်သူကြီး တို့ကိုယ်တိုင်က သတ္တိမရှိ၊ တိုက်လိုခိုက်လိုသည့် အားအင်တွေယုတ်လျော့ပြီး အောင်မြင်နိုင် မည်ဟု ယုံကြည်မှုမရှိလျှင် စစ်မအောင်နိုင်သလို တရားအားထုတ်ရာတွင်လည်း သဒ္ဓါ၊ သတိ၊ သမာဓိ၊ ၀ီရိယ၊ ပညာ ဗိုလ်ငါးဖြာတို့ အားနည်းနေလျှင်၊ ဘုရားရှင် ဆိုဆုံးမထားသော တရားများအတိုင်း အားထုတ်လျှင် နိဗ္ဗာန်ချမ်းသာကို ရရှိခံစားရမည်မှာ မလွဲဧကန်သာဖြစ်၏ဟူ ၍ ယုံကြည်မှုမရှိလျှင် တရားကျင့်ကြံအားထုတ်ခြင်းကို လုပ်မည်မဟုတ်ပေ။ မယုံတယုံ၊ စမ်း တ၀ါးဝါးဖြင့်လုပ်နေလျှင် ဆူးငြောင့်သဖွယ် သံသယစိတ်တို့က စဉ်ဆက်မပြတ် နှောင့်ယှက် နေပေတော့မည်။


ကိုးကွယ်ရာ၌ ကိုးကွယ်ရာအစစ်အမှန်ဖြစ်သည့် ဘုရား၊ တရား၊ သံဃာတို့ကိုသာ ကိုးကွယ် သော၊ တရားအားထုတ်ရာ၌ နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်ရှစ်ပါးအကျင့်ကို ကျင့်ကြံ ပွါးများအား ထုတ်သော၊ အမှန်သိမြင်ရာတွင်လည်း သစ္စာလေးပါးကို ဉာဏ်ဖြင့် အမှန်စင်စစ် ထိုးထွင်း သိမြင်ပြီးသော အရိယာပုဂ္ဂိုလ်တို့၌သာ သံသယတည်း ဟူသောဆူးငြောင့် မရှိတော့သော ကြောင့် ခိုင်မြဲသောသီလ၊ တည်ငြိမ်သော သမာဓိ၊ မဖောက်ပြန်သော ပညာတရားတို့ ပြည့်စုံ သွား၏။ စောင့်ရှောင့်နိုင်သည့် သီလ၊ သမာဓိ၊ ပညာတို့အလိုက် အေးချမ်းမှု အရသာတို့ ကိုလည်း ဆထက်တိုး၍ ခံစားနိုင်ပေသည်။ အဆုံး၌ရှိသော သီလ၊ သမာဓိ၊ ပညာတရားတို့နှင့် ပြည့်စုံသွားလျှင် အအေးချမ်းဆုံးသော သန္တိသုခကိုလည်း ရရှိခံစားနိုင်ပေတော့၏။


အဆုံးစွန်သော သန္တိသုခ နိဗ္ဗာန်ချမ်းသာကို ရရှိခံစားနိုင်ရန်အတွက် အစဦးဆုံး ရှင်းလင်းရမည့် အနှောင့်အယှက် အမှောင်ထုကြီးမှာ သံသယဆူးငြောင့်ပင်ဖြစ်၏။ သံသယဆူးငြောင့်တို့ကို မည်ကဲ့သို့ ရှင်းလင်းရပါမည်နည်း။ မင်္ဂလသုတ်တရားတော်အတိုင်း ဦးစွာပထမ လူမိုက်တို့ကို ရှောင်ကြဉ်ရ၏။ လူမိုက်တို့နှင့် ပေါင်းဖော်နေရလည်း လူမိုက်တို့တရားကို မနှစ်သက် မမြတ်နိုး မိအောင်နေရမည်။ တရားတို့ကို သံသယကင်းရှင်းစွာသိထားသော သံဃာတော်များ၊ ပညာရှိ များကို ဆည်းကပ်ရပါမည်။ ထိုသံဃာတော်အရှင်သူမြတ် အစဖြာသော ပညာရှိတို့က ဘုရားရှင်၏ တရားနှင့်လျော်ညီအောင် ဟောကြားတော်မူသော တရားတို့ကို လက်တွေ့ ကျင့်ကြံပွါးများ အားထုတ်ရပါမည်။ ဓမ္မတို့အပေါ်၌ သံသယစိတ် များဝင်လာလျှင် ပညာရှိတို့နှင့် တရားဆွေးနွေးမေးမြန်းရပါမည်။


တရားကျင့်ကြံပွါးများ အားထုတ်နေသော ယောဂီသည် နိဗ္ဗာန်ချမ်းသာ ရရှိနိုင်ရေးကိုသာ ဦးတည်ပြီး ပုဂ္ဂလအဓိဋ္ဌာန်ကိုပယ်၊ ဓမ္မအဓိဋ္ဌာန်အတိုင်းသွား၊ အတွင်းရန်သူနှစ်ပါးဖြစ်သည့် ဣဿာ၊ မစ္ဆရိယတရားတို့ကို ဖယ်ရှား၍ အ၀တ်၌ အစွန်းအထင်းထင်တိုင်း ဆပ်ပြာ၊ ရေတို့ဖြင့် လျှော်ဖွတ်သလို စိတ်အညစ်အကြေးကိလေသာတို့ကိုလည်း သတိ၊ ဉာဏ်ပညာတို့ဖြင့် အချိန်တိုင်းလျှော်ဖွတ်နေရပါမည်


သတ္တ၀ါအားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝနိုင်ပြီး သံသယဆူးငြောင့်တို့ ကင်းပျောက်၍ နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ကြပါစေ။


ထွန်းထွန်းလှိုင်

Tuesday, October 30, 2012

ဘဝကိုမမေ့နှင့်


ဘဝကိုမမေ့နှင့်

ကျွန်ုပ်တို့သည် အမြဲတမ်းသင်ကြားနေရသူများဖြစ်သည်။ မှန်ပါသည်-အဘယ်ကိစ္စမျိုးမဆို သင်ကြားမှသာ တတ်မြောက်နိုင်သည်။ အမေမွေးကတည်းက ကိစ္စငြိမ်းတတ်မြောက်ခဲ့သူဟူ၍မရှိချေ။ လူတို့၏သဘောမှာ ဝင့်ချင်ဝါချင်တတ်၏။ ငါလိုလူ ဇမ္ဗူရှိရိုးလားဟု လက်မထောင်ချင် ထောင်တတ်သေး၏။ သို့သော် အနှီလူအပေါင်းသည်လည်း တပည့်ခံခဲ့ရဘူးသည်သာ ဖြစ်ပေသည်။ စာရေးဆရာကြီး ဂျော့ဘားနဒ်ရှော့ကား ‘’ကျွန်ုပ်အသက် ၉၂-နှစ်ရှိပေမဲ့ ယနေ့တိုင် သင်ယူနေတုန်းပါဘဲ’’ ဟု ထုတ်ဖော်ပြောကြားခဲ့လေသည်။ လူတို့သည် ဥစ္စာဓနကုံလုံကြွယ်ဝရန် လုံးပမ်းနေရသလို အသိအလိမ္မာ ဉာဏ်ပညာတိုးအောင်လည်း ကြိုးပမ်းရပေသည်။ လူ့ဘဝတွင် လူလိုနေချင်ပါလျှင် ဤပညာဓနတို့ကို မစုဆောင်း၍လည်း မဖြစ်ပါချေ။ သို့ရာတွင် အကယ် အရေးကြီးသည်ကား မိမိရင်ဆိုင်ရသမျှ ကိစ္စရပ်တို့ကို ယထာဘူတကျကျ ရှုမြင်သုံးသပ်၍ ဆုံးဖြတ်လုပ်ကိုင် သွားနိုင်ဘို့ပင် ဖြစ်သည်။



ဤအရည်မှီသော လူသားတယောက် ဖြစ်ဘို့အရေးကား ''ဥစ္စာရှာ ကံပါမှ၊ ကညာရှာ ဟန်ပါမှ၊ ပညာရှာ နွံနာမှ'' ဆိုသကဲ့သို့ပင် အရာရာတွင်နှိမ့်ချသော စိတ်ထားဖြင့် သင်ကြားမှသာ ဖြစ်နိုင်ပေသည်။ ဘဝင်လေရိုက်၍ ငါသိငါတတ် လုပ်နေလျှင် နေရာတကာတွင် အထက်စီးက နေရာယူချင်ပါလျှင် လူ့အလွှာနှင့် ကင်းကွာသူ ငပေါတဦးသာ ဖြစ်ရချိမ့်မည်။ ''ငါသိတာ တခုဘဲရှိတယ်၊ အဲဒါကတော့ ငါဘာမှမသိသေးဘူး ဆိုတာဘဲ'' ဟု ဆရာကြီး ဆိုကရားတဲစ်က မိန့်ကြားခဲ့သည်။ ဤဆရာကြီး အဆိုအမိန့်သို့ပင် ''ငါဘာမှ မသိသေးဘူး၊ ငါ့အဖို့သိစရာတွေ လေ့လာစရာတွေ အများကြီးရှိသေးတယ်၊ မသေမချင်းငါဟာ သင်ကြားနေရမယ်'' ဆိုတဲ့အသိ ရှိထားမှသာလျှင် ကျွန်ုပ်တို့အဖို့ တော်ရုံကျပေမည်။ စာရေးသူကား လက်လှမ်းမှီသမျှ သင်ကြားနာယူလျှက်ရှိသည်။ မှတ်သားလေ့လာနေပါသည်။


ယင်းသို့ သင်ကြားလေ့လာသော အလေ့အထကြောင့်ပင် ဘဝသည်ရင့်ကျက်၍လာသည်ဟု စွဲယူလျက် ရှိပါသည်။ စာရေးသူ ၉နှစ်သား ၁ဝနှစ်သားအရွယ်က ဖြစ်သည်။ ကျောင်းသို့သွားခါနီးတွင် မိခင်ကြီးထံတွင် ထန်းလျက်ခဲတောင်းသည်။ ထန်းလျက်ခဲသည် အညာကျေးတောသားကလေးငယ်များ၏ သွားရည်စာပင်ဖြစ်သည်။ စာရေးသူတို့ငယ်စဉ်က ယခုအခါလောက်လည်း ဖွယ်ဖွယ်ရာရာ စားသောက် ဖွယ်ရာသွားရည်စာတွေမရှိခဲ့ပေ။ နံနက်လင်းလျှင် ထမင်းကြမ်းကိုထန်းလျက်ခဲနှင့် ကိုက်၍စားရသည်ပင် မြိန်ရေ ယှက်ရေရှိလှဘိသည်။ ကော်ဖီဆို ဝေလာဝေး ဟောလစ်၊ အိုဗာတင်းတို့မှာ နာမည်မျှပင် မကြားခဲ့ဘူးပေ။ ထမင်းကြမ်းနှင့် ထန်းလျက်ခဲစား၍ ကြီးခဲ့ သော်လည်း မည်သည့်ဗီတာမင်ဓာတ်မှ ချို့တဲ့ခဲ့ သည်မထင်ပါ။


ရေးပါအုံးမည် စာရေးသူမှာ မိခင်ကြီးအသက် ၄ဝ ကျော်မှမွေးဖွားခဲ့ရသဖြင့် ''နွာမအို -နောက်သား'' ဟုပင် အပြောခံရပါသည်။ နောက်ဆုံးသားဖြစ်၍ အမေ့နို့ကိုအကြာကြီးစို့ခဲ့ရသည်။ စာရေးသူ အထင် ၃နှစ်သား အရွယ်လောက်ရောက်သည်အထိ ထင်ပါသည်။ နောက်တွင် မိခင်ကြိးကျောက်ပေါက်၍ နို့မစို့ ရတော့ဘဲ ပြတ်ခဲ့ ရသည်။ ထိုအခါတွင် စာရေးသူအား ငှက်ပျောသီးဖီးကြမ်းကျွေး၍ နှစ်သိမ့်ကြပါသည်။

ဆိုလိုသည်မှာ စာရေးသူသည် နိုင်ငံခြားမှလာသောပန်းသီး၊ သစ်သီး၊ ယိုဗူးတို့ကို မစားသုံးခဲ့ရပါ။ ငှက်ပျောသီး သခွားသီးစသော မြန်မာလယ်ယာထွက် အသီးအနှံတို့ကိုသာ စားခဲ့ရသည်။ လက်တိုဂျင် နို့ဆီတို့ဖြင့် ယုယတိုက်ကျွေးခြင်းတို့ကိုလည်း မခံခဲ့ရပါ။ မိခင်၏နို့ချိုကိုသာ တမြိန်တဝ သောက်စို့ ခဲ့ရပါ သည်။



ယခုကာလလို ဆေးရောင်အမျိုးမျိုး ဆိုးထားသော သွားရည်စာ သွားဖတ်စာတို့ကိုလည်း မစားခဲ့ရပါ။ မုံ့ဖက်ထုပ်၊ မုံ့လုံးရေပေါ်၊ မုံကတိုးဝါမှအစ နှမ်းဖတ်ခဲ သခွားသီးခြမ်းအထိ ထန်းလျက်ခဲသာ ဇာတ်လိုက်ဖြစ်ခဲ့သည်။ သို့ဖြစ်သည့်တိုင်အောင် အာဟာရချို့တဲ့ခြင်း၊ ရောဂါဝေဒနာထူပြောခြင်း မဖြစ်ခဲ့ပေ။ စာရေးသူအရပ်မှာ ၅-ပေ ၉ လက်မရှိခြင်း၊ အလေးချိန်မှာကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယန် ကပ်စီးယပ်စ်ကလေး၏ ပေါင်ချိန်နီးနီးမျှရှိခြင်း၊ အမြဲတန်း ကျန်းမာနေခြင်းတို့က ထောက်ခံလျက်ရှိပါသည်။


ယခုအခါ မြန်မာတို့၏ သန်မာထွားကျိုင်းမှု နှုန်းထားမှာ မတိုးဘဲ လျော့နေသည်။ ထို့ကြောင့်ပင် ယင်း ''ဂျပုပိစိညှပ်လေး'' တို့၏ ခန္ဓာကိုယ်ဖွံ့ထွားသန်စွမ်းရေးမှာ အရေးတကြီးပြဿနာဖြစ်လာရပေသည်။ ဆေးဆိုး အစားအစာတို့ကို စားသုံးခြင်း၊ နိုင်ငံခြားမှလာသမျှ အကောင်းချည်းထင်၍ စားသုံးခြင်းနှင့် သွားရည်စာတို့ကို စည်းကမ်းမဲ့စားသုံးခြင်းတို့မှ အထူးရှောင်ကြဉ်ကြရန် လိုပါလိမ့်မည်။ မြန်မာ့လယ်ယာ ထွက် ငှက်ပျောသီး၊ သင်္ဘောသီး၊ သရက်သီး၊ သခွားသီးစသော အသီးအနှံအစားအစာတို့သည်သာ လတ်ဆတ်သော အစားအစာ တို့ဖြစ်ကြောင်း အလျဉ်းသင့်၍ဖော်ပြရပေသည်။


ထိုသို့မိခင်ကြီးကိုထန်းလျက်တောင်းရာ မိခင်ကြီးက မရှိတော့၍ ပိုက်ဆံယူသွားရန်တမူး (ကြေးနီပြား ၈ပြား) ထုတ်ပေးပါသည်။ စာရေးသူအဖို့ ပိုက်ဆံသည် ဘာအသုံးကျမည်နည်း။ ထန်းလျက် သာလို၏။ ကျောင်းရောက်လျှင် ပုဆိုးကိုချွတ်၍ ထန်းလျက်ထည့်ထုပ်ပြီးလျင် တယောက်နှင့်တယောက် ထန်းလျက်ပေါက်တမ်း ကစားရမည် မဟုတ်ပါလော။ ထိုသို့ ကစားရာတွင် ထန်းလျက်ခဲအရင်ကွဲသူသည် အရှုံးဖြစ်၏။ စာရေးသူသည် အိမ်အောက်တွင် နောက်ချေးသရွတ်မံလျက် ပိတ်ထားသော ထန်းလျက် စဥ့်အိုးကြီးများရှိကြောင်းသိ၏။ ထို့ကြောင့်ဂျီတိုက်၏။ မိခင်ကြီးကဖွင့်လိုက်လျင် မိုးအခါဖြစ်၍စိုကုန်မည်၊ မှိုတက်သွားလိမ့်မည်ဟုချော့ပြောရှာ၏။ စာရေးသူကမရ။ဇွတ်သမားဖြစ်၏။ ကလေးဖြစ်၍လည်းအကျိုး အကြောင်းနှင့် ပြောပြသည်ကိုနားမဝင်။ လိုချင်တာလောက်ပင် သိသည်။


မိခင်ကြီး မီးဖိုချောင်ဝင်သည်နှင့် သကောင့်သားက ထန်းလျက်အိုး ဖွင့်တော့သည်။ ထန်းလျက်ခဲကို နှိုက်ယူပြီးနောက် ''အမေ ယူခဲ့ပြီဗျို့'' ဟုအော်ကာ မိခင်ကြီးအနီးတွင် ထန်းလျက်ကို ကိုင်ကာ မြှောက်ကာ ခုန်ပြလိုက်သေး၏။ မိခင်ကြီးမှာ စကားနားမထောင်ရကောင်းဟု စိတ်ဆိုးကာ ရိုက်နှက်ရန် ထွက်လိုက်ပါတော့သည်။ သို့သော်ဘာရမည်နည်း၊ စာရေးသူကလည်း ယုန်၏လျှင်မြန်ခြင်းဖြင့် ဒုန်းပြေး၏။ မိခင်ကြီးသည် လိုက်၍မမှီသော အခါ နင်တော့နေအုံးဟဲ့ ဟု အသံကုန်ဟစ်အော်၍ ကျန်ရစ်ခဲ့ပါသည်။ (စာရေးသူတသက်တွင် မိခင်ကြီိး၏ ဆဲရေးတိုင်းထွာသံ မကြားမိဘူးပါ)


စာရေးသူကား အောင်နိုင်သူတို့၏အပြုံးဖြင့် ကြည်ကြည်နူးနူး ပီတိလူးလျက်ရှိပါတော့သည်။ သို့သော် တာရှည်မခံလိုက်ပါ။ အမောပြေသည်နှင့် ကျေနပ်မှုသည်လည်း ပြေးထွက်သွားပါတော့သည်။ စာရေးသူ၏စိတ်တွင် ဘယ်ကဲ့သို့ဖြစ်သွားသည်မသိပါ။ တတ်နိုင်လျှင် ဤထန်းလျက်ခဲကို အိုးထဲပြန်ထည့် လိုက်ချင်ပါသည်။ မိခင်ကြီး အမောတကောနှင့် လိုက်ခဲ့သည်ကိုစိတ်ထဲမျာသနားသွားသည်။ စိုစိုဖတ်ဖတ် အရည်ပျော်လျက်မှိုတက် ထန်းလျက် တွေမျက်စိထဲမြင်ယောင်လာသည်။ ငါ့ကြောင့်ဒီထန်းလျက်တွေ ပစ်လိုက်ရတော့မှာပါလား။ ကလေးဖြစ်၍ သိုင်းသိုင်းချဲ့ချဲ့ မစဉ်းစားတတ်သေးသော်လည်း ''ငါလုပ်သည့် အလုပ်သည်မကောင်း ရိုင်းပြလှသည်တကား'' ဟူ၍စိတ်ထဲတွင်စွဲမှတ်သွားပါတော့သည်။


ညနေကျောင်းမှအိမ်သို့ပြန်သောအခါ ''အမေကတော့ငါ့အပေါ် စိတ်ပြေမှမဟုတ်သေးဘူး'' ထင်ခဲ့သည်။ ဤအထင်မှာလည်းလွဲခဲ့ရသည်။ မိခင်ကြီးသည် မျှော်နေ-ကြိုနေပါသည်။ မိခင်ကြီးကိုမြင်လိုက်ရလျှင် စာရေးသူ၏ခြေလှမ်းတို့မှာ မဝံ့မရဲဖြစ်ကာ တွန့်ဆုတ်သွားသည်။ ထိုအခါ မိခင်ကြီးကပြုံး၍ပြရှာသည်။ ကျေနပ်ခွင့်လွှတ်သောအပြုံး၊ လာသာလာခဲ့ ဟုဖိတ်ခေါ်သောအပြုံးပါတည်း။ ထိုနေ့က ညနေစာကိုပင် အတုံးချက် (အမဲသားချက်)များဖြင့် ကျွေးလိုက်ပါသေးသည်။ စာရေးသူမှာ မိခင်မေတ္တာကို ယနေ့တိုင်အမှတ်တရ စွဲလမ်းကြည်နုး မိရပါသေးသည်။


ထိုနေ့မှစ၍ စာရေးသူမမိုက်တော့ချေ။ မိမိကြောင့် သူတထူးစိတ်မချမ်းသာဖြစ်ရလျှင် မိမိလည်း နေမထိ ထိုင်မထိဖြစ်ရသည်။ တဖက်သားလည်းအကျိုးမရှိ၊ မိမိလည်းမချမ်းသာသော အလုပ်ကို ဘာကြောင့်လုပ်ရမည်နည်း။ ဘဝပေးအသိက စာရေးသူကိုတတ်မြောက်အောင် သင်ကြားပေးလိုက်ပြီ တကား။ စာရေးသူ၏ဥာဉ်မှာ ‘’ဘာပဲလုပ်လုပ် နောက်မဆုတ်’’ ဟူသကဲ့သို့တခါတရံ ဟောဟော ဒိုင်းဒိုင်းဇွတ်ပင် လုပ်ပစ်ချင်တတ်သည်။ သို့သော် ထိုငယ်စဉ်ကဖြစ်ရပ်ကလေးသည် အမြဲတမ်း တပ်လှန့်သတိပေးလျက်သာ ရှိနေပါသည်။ မှားယွင်းတိမ်းမှားမှုမရှိရလေအောင် အစဉ်သဖြင့် ထိန်းချုပ်နိုင်သည့် အလေ့အထမှာ ကိန်းအောင်းလျက်ရှိပါသည်။ လူတို့သည် သာမန် အဆင့်တွင်ဆိုလျှင် ဘဝမှန်သူများဖြစ်နေပါသည်။ သို့သော် သူတကာထက်ဓနအင်အားဖြင့်၎င်း၊ ပညာဂုဏ်အားဖြင့်၎င်း၊ ရာထူးအာဏာဖြင့်၎င်း၊ လွန်တက်သွားပြီ ဆိုလျှင်ကား ''ဘဝမမှန်သူများ-ဖောက်ပြန်ရေးသမားများ'' ဖြစ်၍သွားတတ်ကြပါသည်။ ထိုအခါ၌၄င်းတို့သည် နိုင်ငံတွင် အကြီင်္းမားဆုံးသော အဖျက်သမားကြီးများ ဖြစ်လာကြပေသည်။


ဥပမာ-အရင်းရှင်အမြတ်ကြီးစားများကိုတွေ့မြင်နိုင်ပါသည်။ အလားတူပင် ဘဝမမှန်သော ဖောက်ပြန်ရေးသမား ပညာရှင်များ၊ ရာထူးအာဏာရနေသူများသည်လည်း ထိုသွေးစုတ် ဓနရှင်ကြီးများ ကဲ့သို့ပင် နိုင်ငံကိုဒုက္ခ ပေးနိုင်ကြောင်း မေ့ထား၍မဖြစ်ပါပေ။ ဤကဲ့သို့ ဓန-ပညာ-အာဏာ-ရာထူးတို့ ကြောင့် ဘဝမမှန် ဖောက်ပြန်သွား တတ်ကြသည်မှာမိမိတို့ ဘဝကိုတတ်မြောက်အောင်မသင်ကြား မလေ့လာကြသောကြောင့်ဖြစ်သည်။ တနည်းအားဖြင့် ကိုယ်ချင်းစာတရားကို ကျောခိုင်း၍ အတ္တပရမျှတစွာ မမြင်နိုင်တော့သော ‘’အကန်း စိတ်‘’ ကြောင့်ပင်ဖြစ်ရပါသည်။


တခါက သခင်သန်းထွန်၏ ဖြစ်ရပ်ကလေးတခုကို ဖတ်လိုက်ရဘူးသည်။ ၁၉၄၅-ခုနှစ်အတွင်း အင်္ဂလိပ်များ ပြန်တက်လာစဉ်ကဖြစ်သည်။ ရွှေဘိုမြို့ဘက်ရှိ ရွာတရွာတွင် ရောက်နေခိုက် ရွာခံလူများနှင့် အတူ ရွာပြင်ဘက် ထွက်လာသည်။ မမြှော်လင့်ပဲ မဟာမိတ်စစ်တပ်မှ ကင်းထောက်အဖွဲ့နှင့် ဝင်တိုးမိသည်။ အကြီးအကဲ အင်္ဂလိပ်စစ်ဗိုလ်က ''ဟေ့....မင်းတို့ ဘာလုပ်တဲ့လူတွေလဲ'' ဟု မြန်မာလို ပီပီသသ မေးလိုက်သည်။ ထိုအခါ သခင်သန်းထွန်းက ချက်ချင်းပင် ''ဝီအာ ကာလာတိဗိတ်(တ်)စ်'' (ကျွန်တော်တို့ တောင်သူလယ် သမားတွေပါ)ဟု အင်္ဂလိပ်လို ပြန်လည်ဖြေကြားလိုက်လေသည်။ ''ကောင်ပြီ---ဒါဖြင့် မင်းတို့အားလုံးလာကြ၊ ဗမာတောင်သူလယ် သမားက ဝီအာကာလာတိဗိတ်(တ်)စ်လို့ ပြောတတ်သလား'' ဟုပြောဆိုကာ ထိုစစ်ဗိုလ် က သခင်သန်းထွန်းတို့ကို ဖမ်းဆီးလေတော့သည်။


အင်္ဂလိပ်စစ်ဗိုလ်၏ တွေးခေါ်ပုံမှာ မမှားပေ။ တကယ်မှားသူကား သခင်သန်းထွန်းသာဖြစ်ပါသည်။ သူသည် မင်းသားခေါင်းစွတ်ထားပါလျက် ဘီလူးစကားပြောခဲ့သည် မဟုတ်ပါလော။ ထိုစဉ်အခါက မြန်မာပြည်မှာ အရင်းရှင်နယ်ချဲ့နှင့် စစ်ဘီလူးတို့အောက် အလူးအလိမ့် ခံနေရပေရာ ပညာရေးမှာ မထွန်းကားခဲ့သေးချေ။ လွတ်လပ်ရေး ရပြီးနောက်မှသာ ကျေးရွာများ၌ပါ အထက်တန်းနှင့် အလယ်တန်း များဖွင့်လာ၍ လယ်သမားသားသမီးတို့မှာ အင်္ဂလိပ်စာနှင့် နီးစပ်ခဲ့ရသည် မဟုတ်ပါလော။ ကျွန်ပညာရေး ခေတ်က အင်္ဂလိပ်စာသည် စင်စစ်ဓနရှင်တို့၏ အဆောင်အယောင်လိုသာ ဖြစ်ခဲ့ပေသည်။ ဤသခင်သန်းထွန်း၏ ဖြစ်ရပ်ကလေးကို ဖတ်မိရသောအခါ အသိတိုးခဲ့ရပြန်ပါသည်။ ''လူတို့သည် အံချော်တတ်သည်။ ကာလ ဒေသနှင့် အညီမပြုလုပ်တတ်လျှင် ခါးတောင်းကျိုက်တခြား ဖင်တခြား ဖြစ်ရတတ်သည်'' ဟူ၏။


စာရေးသူသည် ယခုစာပေပို့ချပေးနေပါသည်။ မူလတန်းမှ အထက်တန်း(စာကြီးပေကြီး)များ အထိပါဝင်သည်။ ဤသို့သင်ကြားပေးရာတွင် ငယ်ငယ်က မိမိနားမလည်ခဲ့သောအရာ ခက်ခဲသော နေရာများကို ပြန်တွေးကြည့် သည်။ ၄င်းအချက်အလက်ကလေးများ ဆိုင်ရာရောက်လျင် စိတ်ရှည်ရှည်နှင့် ပြောပြရှင်းပြသည်။ သူတို့နှင့် ဆွေးနွေးသည်။ မေးခွန်းထုတ်သည်။ သူတို့လေးတွေကိုမဟောက်ပါ၊ မချောက်ပါ။ ရေလာဘို့မြောင်းသွယ်သူသည် သူ၏မြောင်းကလေးမှ ရေစီးသွားလျှင် အလွန်နှစ်လိုကျေနပ်သည်။ အလားတူပင် စာပေပို့ချခြင်းသည် ''ငါတော်-ငါတတ်-ငါသိ'' သမားဂုဏ်ပြ-ဆရာဂုဏ်ပြတွေ လုပ်ရန်မဟုတ်ပေ။ တပည့်ငယ်များ ထိမိပိုင်နိုင်စွာ သဘောပေါက် နားလည်ဘို့သာဖြစ်သည်။ သူတို့တတွေ ရှင်းရှင်းလင်းလင်း အဓိပ္ပါယ်သဘောပေါက်ကြသည်ဆိုလျှင် အလွန်ပင် ကျေနပ်ရွှင်ပျရပေသည်။


အလုပ်မလုပ်သည်နှင့်စာလျှင် အလုပ်လုပ်ခြင်းသည် ကောင်းသည်။ သို့သော် ခံယူချက်မရှိလျှင် အချည်းနှီး ခရီးမရောက်ဖြစ်ရပေမည်။ အချို့မှာ အလုပ်လုပ်နေကြရသော်လည်း လေးနက်သောခံယူချက် မရှိပေ။ ဘာအတွက် လုပ်နေသည်၊ ဘာ့ကြောင့်လုပ်နေရသည်ကိုပင် သဘောမပေါက်ပဲဖြစ်နေတတ်သည်။ စာရေသူစာပေပို့ချနေသည်မှာ တစိတ်တဒေသ အနည်းငယ်မျှသာဖြစ်၍ အုတ်ကြားမြက်ပေါက် စာမဖွဲ့ လောက်ပါ။ သို့သော် ဤအနည်းငယ်စုလေးကိုပင် အံချော်မှုမဖြစ်ရလေအောင် မည်မျှအရေးစိုက် ရပါသနည်း။ ပုံမှန်ဖြစ်အောင် အမြဲတမ်း စိစစ်လေ့လာနေရသည်။ ကြိုးပမ်းနေရပေသည်။ နိုင်ငံကို အုပ်ချုပ်နေရသူများ၊ နိုင်ငံတာဝန် ထမ်းရွက်နေသော ပညာရှင်များအဖို့ကား မည်မျှတာဝန်ကြီးလေး မည်ဖြစ်ကြောင်း သိနိုင်ပါသည်။ သို့သော် ငါတို့သည် မဟာတာဝန်ကြီးတွေ ထမ်းရွက်နေ သည်ဟူ၍ အခွင့်ထူးခံများအဖြစ် ရပ်တည်ရန်မဟုတ်ပေ။ တနည်းအားဖြင့် သမားဂုဏ်ပြရန်မဟုတ်ပေ။ မျှတသော အသိဖြင့် မျှမျှတတ ကြည့်မြင်တတ်ရန် အမှန်ပင်လိုအပ်ပေသည်။ ဤသို့မြင်နိုင်ရန်မှာလည်း မိမိတို့က ဘဝမှန်နေရာမှန်ကိုရောက်နေမှ ဖြစ်နိုင်ပေသည်။


အောက်ပါဖြစ်ရပ်ကလေးသည် ဒဏ္ဍာရီပဲဆိုပါစို့။ တခါက လူငယ်တစ်ဦးသည် နိုင်ငံခြားသို့ သုံးလေး နှစ်မျှပညာသင်သွားပြီးနောက်ပြန်လာသည်။ သူသည် အိမ်ပေါ်သို့ပင် ဖိနပ်ကြီးတလွှားလွှား-ဘောင်ဘီကြီး တကားကားနှင့် တက်လာသည်။ ''ဟင်း.....မောလိုက်တာမာမီရယ် သားဖို့ရေချမ်းချမ်းတခွက်ပေးပါ'' ဟုတောင်း၏။ မိခင်ကြီးရင်တွင် အောင့်၍သွား၏။ သကောင့်သားက ဤမျှဖြင့် မတန်သေးပါ။ ရေသောက်ပြီး သောအခါ ''အို....မာမီနဲ့ကွဲသွားတာ ၃-နှစ်လောက်ပဲ ရှိသေးတယ်၊ မာမီ သိပ်ဟောင်းသွားပြီနော်'' ဟု ဆင့်လိုက်ရာ မိခင်ကြီးမှာ မမျိုသိပ်နိုင်တော့ပဲ အိမ်မှ မောင်းချရလောက်အောင် ဒေါသူပုန် ထတော့သည်ဟူ၏။ ဤကဲ့သို့သော ဘဝကိုမေ့နိုင်လွန်းသော အမိနိုင်ငံကိုပင် စော်ကားချင်သည့် ဘဝင်ကောင်တို့သည် မရှိဟု မည်သူပြောနိုင်ပါမည်နည်း။ အို---စာရှုသူ၊ ထိုသို့မဖြစ်ရအောင် အမြဲတမ်း သင်ကြားနာယူသည့် အလေ့အထကို မွေးလော့။ မိမိဘဝကို အံမချော်စေပဲ လမ်းကြောင်းပေါ်တွင် လျှောက်နိုင်အောင် ကြိုးစားလော့။ သင်၏စေတနာမှန်နှင့် လုပ်အားကိုတိုင်းပြည်က ငံ့လင့်ကြိုဆိုနေသည် တကား။
အရှင်မဟောသဓ ပဏ္ဍိတာ

၁၈-၇-၇ဝ

ဓမ္မဗျူဟာ (အတွဲ ၉၊ ) အမှတ် ၃

Monday, October 29, 2012

လူချမ်းသာ စိတ်ချမ်းသာ (၅)


 လူချမ်းသာ စိတ်ချမ်းသာ
ချမ်းသာလိုလျှင် မိတ်ကောင်းရှိရမည်

မိတ်ဆွေကောင်းဟူသည် ချစ်ဖို့ ခင်ဖို့ကောင်းခြင်း၊ လေးစားစရာ ဂုဏ်အင်္ဂါများ ရှိခြင်း၊ စိတ်နေသဘောထား ပြည့်ဝခြင်း၊ ပြောစရာ ဆိုစရာရှိလျှင် ပြောတတ် ဆိုတတ်ခြင်း၊ သည်းခံ ခွင့်လွှတ်တတ်ခြင်း၊ စကားကို လေးလေး နက်နက်ပြောတတ်ခြင်း၊ သင့်လျော်ရာကို ညွှန်ပြတတ်ခြင်း ဟူသော အရည်အသွေးများရှိသော ပုဂ္ဂိုလ် မျိုးဖြစ်သည်။ မိတ်ဆွေကောင်းတစ်ဦးတွင် ရှိရမည့် အရည်အသွေးများကို စာလာ ပေလာအတိုင်း တင်ပြရခြင်း ဖြစ်ပါသည်။

အဂုင်္တ္ထိုရ်ပါဠိတော်တွင်လည်း မိတ်ဆွေကောင်းတို့၏ ဂုဏ်အင်္ဂါများကို ဘုရားရှင်ကိုယ်တော်တိုင် မှတ်ချက်ပြု တော်မူသည်။ မိတ်ဆွေကောင်း ဟူသည် သာမန် သူလိုကိုယ်လို ပေးဖို့ ခက်ခဲသော ပစ္စည်းဥစ္စာ သို့မဟုတ် အခွင့်အရေး၊ အခြားအရေးကြီးသော အရာတစ်ခုခုကို ပေးနိုင်သူ ဖြစ်သည်။ ကူညီဖို့၊ လုပ်ဆောင်ဖို့ ခက်ခဲသော ကိစ္စတစ်ခုခုကို ကူညီလုပ်ဆောင်နိုင်ရာသည်။ သည်းခံဖို့ခက်ခဲသော အမှားအယွင်း တစ်စုံတစ်ရာကို သည်းခံနိုင်သူ ဖြစ်ရမည်။ သူ၏လျှို့ဝှက်ချက်ကို ဖွင့်ပြောတိုင်ပင်သူ ဖြစ်ရာသည်။ မိမိ၏ လျှို့ဝှက်ချက်ကိုလည်း ကူညီလျှို့ဝှက်ပေးသူ ဖြစ်ရာသည်။ ဘေးရန် တစ်စုံတစ်ရာ ပေါ်ပေါက်လာသောအခါ မိမိကို စွန့်ပစ်မသွားဘဲ ဖေးမ ကူညီသူ၊ အားပေးနှစ်သိမ့်သူ ဖြစ်ရာသည်။ တစ်စုံတစ်ခု ပျက်စီးဆုံးရှုံးမှု ကြောင့်လည်း မိမိကို အထင်သေး အမြင်သေး မရှိဘဲ နဂိုပုံမှန်အတိုင်း အဆက်အဆံမပျက် အခင်အမင်မပျက် လက်တွဲနိုင်သူ ဖြစ်ရမည်။

လောကတွင် တန်ဖိုးရှိသော ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား တို့သည် ရှားပါးပစ္စည်းများဖြစ်သည်။ ရတနာဟူသည် ဘုန်းကံနည်းသူ၊ သာမန်လူတို့၏ အသုံးအဆောင်မဟုတ်ချေ။ မိတ်ဆွေကောင်းသည် ရတနာကဲ့သို့ ရှားပါး ပစ္စည်း ဖြစ်သည်။ မရှိမဟုတ် ရှိပါသည်။ ရှာလျှင် တွေ့နိုင်ပါသည်။ ကံရှိလျှင် တွေ့ရမည်သာ ဖြစ်သည်။

လောကတွင် လူတော်လူကောင်းဟု သုံးနှုန်းကြသည်။ ဗလငါးတန်နှင့် ပြည့်စုံသူသည် လူတော်လည်း ဟုတ်သည်၊ လူကောင်းလည်း ဟုတ်သည်။ လူတော် လူကောင်းဖြစ်ရန်အတွက် ဗလငါးတန်နှင့် ပြည့်စုံရသည်။ ဗလငါးတန်နှင့် ပြည့်စံသော လူတော် လူကောင်းသည်သာ မိတ်ဆွေကောင်းဖြစ်သည်။
 နိဂုံး

လူကို ကောင်းကျိုးပြုနိုင်သည်မှာ အမျိုးဘာသာ သာသနာကို ထိထိရောက်ရောက် တွင်တွင်ကျယ်ကျယ် ကောင်းကျိုးပြု နိုင်သည်မှာ လူချမ်းသာများသာ ဖြစ်သည်။ ဆင်းရဲသားက ကောင်းကျိုးမပြုနိုင်ဘူးလား မေးမူ ပြုတော့ ပြုနိုင်ပါသည်။ သို့သော် သိပ်ပြီးမထိရောက်လှပေ။ သိပ်ပြီး မတွင်ကျယ်ပေ။ လူချမ်းသာတိုင်းရော ကောင်းကျိုး ပြုနိုင်ပါသလား မေးပြန်မူ လူချမ်းသာတိုင်းတော့ ကောင်းကျိုးပြု နိုင်သည်မဟုတ်။ စိတ်ချမ်းသာ သော လူချမ်းသာသည်သာ ကောင်းကျိုး ပြုနိုင်သည်။ စိတ်မချမ်းသာသော လူချမ်းသာတို့က ကောင်းကျိုး မပြုနိုင်ကြ။ သို့ရာတွင် လူတိုင်းက လူချမ်းသာ ဖြစ်ချင်ကြ၍ လူချမ်းသာဖို့က တော့အရေးကြီးသည်။

လူချမ်းသာ ဖြစ်စေနိုင်သော အကြောင်းအချက်အလက် တို့ကို စာတွေ့မျက်တွေ့ ဥာဏ်မီသလောက် တင်ပြထား ပါသည်။ လူချမ်းသာ ဖြစ်စေချင်သော စေတနာဖြင့် ဖြစ်သည်။ လူချမ်းသာဖြစ်၍ လူနှင့် လူ့ဆိုင်ရာ အားလုံးကို ချမ်းချမ်းသာသာ ဖြစ်အောင် ဆောင်ရွက်စေချင်၍ ဖြစ်သည်။ လူချမ်းသာ စာတမ်းပါ အကြောင်း အချက် အလက် တို့ကို စေ့စေ့ငုငု ဖတ်ရှုမှတ်သား လိုက်နာ ကျင့်ကြံ နိုင်ကြ၍ လူချမ်းသာများ ဖြစ်ကြပါစေ။ လူချမ်းသာများ ဖြစ်ကြ ပြီးလျှင် လူ့ပတ်ဝန်းကျင် တစ်ခွင်က ဆိုင်ရာဆိုင်ရာ တို့ကိုလည်း ချမ်းချမ်းသာသာ ဖြစ်အောင် ဆောင်ရွက်နိုင်ကြ ပါစေလို့ ဆုတောင်းပတ္ထနာ ပြုအပ်ပါသည်။


သဗ္ဗေသတ္တာ သုခိတာ ဟောန္တု ။
သတ္တ၀ါအားလုံး ချမ်းသာ ကြပါစေ ။
မြန်မာလူငယ်များ ချမ်းသာ ကြပါစေ ။

မေတ္တာဖြင့်
ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ
၁၃၆၂-ခုနှစ်၊တပို့တွဲလဆန်း(၂)ရက်
(၂၅-၁-၂၀၀၁)

Sunday, October 28, 2012

ကြယ်တွေစုံတဲ့ညရဲ့ အလွမ်း


ကြယ်တွေစုံတဲ့ညရဲ့ အလွမ်း

ကောင်းကင်ပေါ်တွင် လင်းလက်တောက်ပနေသော ကြယ်ကလေးများကို မော့ကြည့်ရင်း သူမရင်ထဲက အိမ်ကိုလွမ်းဆွတ်မိသည့်စိတ်က တစ်လှိုက်လှိုက် လျှံတက်လို့လာသည်။ သေချာပါသည်လေ.. သည်အချိန်ဆိုလျှင် သူမ၏ ဖခင်နှင့် မိခင်တို့သည်လည်း အိမ်ရှေ့ဝရံတာလေးတွင် ထိုင်ရင်း ကောင်းကင်က ကြယ်တွေကို မော့ကြည့်နေမှာ ဖြစ်သလို အဝေးတစ်နေရာက သမီးတစ်ယောက်ကိုလည်း သတိရနေပါလိမ့်မည်။ 

ထူးထူးခြားခြား သည်နေ့မှ ကောင်းကင်မှာ တိမ်မျှင်တစ်စမျှ မရှိသလို ကြည်လင်နေသော အနက်ရောင်ကတ္တီပါကြီးမှာ စိန်ပွင့်လေးတွေ လင်းလက်နေသကဲ့ ကောင်းကင်ပြင်ကြီးပေါ်တွင် ကြယ်ကလေးများစွာ ပြန့်ကျဲလျှက် ရှိနေလေသည်။ ကြယ်တွေကို မော့ကြည့်နေသော သူမကို အချို့သော ကြယ်ပွင့်လေးများက ပြုံးပြနေသလို သူမစိတ်ထဲ ခံစားမိသည်။ ကြယ်တွေ တကယ်ပြုံးတတ်ကြပါသလား… ဒါကိုတော့ ခံယူသူနှင့်သာ ဆိုင်မည်ထင်ပါသည်။ သူမကတော့ ကြယ်ကလေးတွေ ပြုံးတတ်သည်ဟု ယုံကြည်မိပါသည်။ ကြယ်တွေကို မော့ကြည့်ရင်း ဆွတ်ဆွတ်ကြင်ကြင် သူမ ရေရွတ်လိုက်မိတဲ့ စကားတစ်ခွန်းက “ အိမ်ကို လွမ်းလိုက်တာ ”..

သူမအတွက် အိမ်နဲ့ စတင်ပြီး ခွဲခွာခဲ့စဉ်က အသက် ၁၁နှစ်အရွယ် ပီဘိကလေးသာသာ အရွယ်သာ ရှိသေးသည်။ အိမ်နှင့် ခွဲခွာရသော အရသာသည် ခါးသီးဖွယ်ကောင်းလွန်းမှန်း ငယ်စဉ်ကတည်းက နားလည် ခံစားတတ်ခဲ့သည်။ အိမ်နဲ့ခွဲခွာရချိန်တွေကို မုန်းတီးမိသည်။ သို့သော် ဘ၀ရဲ့ အချိန် အတော်များများသည် အိမ်နှင့်ခွဲပြီး နေရချိန်ကသာ များလေသည်။ ပညာရေးအတွက်၊ ဘ၀တိုးတက်ရေးအတွက် စသည့်အတွက် များစွာတို့ကြောင့် အိမ်နှင့်အကြိမ်ကြိမ် ရက်ရှည်လများ နှစ်လရှည်ကြာအောင် ခွဲခွာခဲ့ရသည်။ 

အိမ်နဲ့ခွဲနေရချိန်များတွင် သူမ မက်လေ့ရှိသော အိမ်မက်မှာ အိမ်သို့ ပြန်ရောက်နေပြီး မိသားစုထမင်းဝိုင်းမှာ အမေကိုယ်တိုင် ချက်ကျွေးတတ်သည့် သူမ နှစ်သက်သော ဟင်းလျာများဖြင့် ကြိုဆိုနေတတ်သည်တဲ့… စုံလင်လှသော ထမင်းဟင်းများကိုကြည့်ရင်း အ၀စားပြစ်မည်ဟု ကြုံးဝါးပြီး ထမင်းစားပွဲမှာ ၀င်ထိုင်လိုက်သည်နှင့် အိပ်မက်မှ နိုးလာတော့သည်။ နိုးလာတိုင်းလည်း အမေချက်ထားသော ထမင်းဟင်းကို မစားလိုက်ရ၍ သူမ စိတ်တိုမိသည်။ ၀မ်းနည်းမိသည်။ 

 အကြိမ်ပေါင်းများစွာ ထိုအိပ်မက်ကို မက်တတ်သည်.. မက်ခဲ့သည်.. ယခုချိန်ထိလည်း ထိုအိပ်မက်က မက်နေဆဲဖြစ်သည်။ အိပ်မက်က နိုးချိန်တွင် ခြောက်ကပ်တိတ်ဆိတ်လှသော သူမ၏ အခန်းလေးက တစ်ခန်းလုံး မဲမှောင်နေပြီး အထီးကျန်ခြင်း အငွေ့အသက်များဖြင့် မွန်းကြပ်နေတော့သည်။ သေချာတာကတော့ ထိုအိပ်မက်သည် အိမ်သို့ တကယ်ပြန်ခွင့်ရပြီး မိသားစု မောင်နှမတွေ စုံစုံညီညီဖြင့်နေခွင့်ရသည့် အချိန်ရောက်လျှင်တော့ မက်တော့မည် မဟုတ်ပေ။ သို့သော် ထိုနေ့သည် ဘယ်နေ့မှန်း မသိနိုင်အောင် သူမ အာရုံထဲမှာ ခပ်ဝါးဝါးသာ ရှိနေလေသည်။

သူမတို့ငယ်စဉ်တုန်းက အိမ်မှာအမေ ခရီးထွက်လျှင် အဖေက သားသမီးတွေကို ထမင်းချက်ကျွေးတတ်သည်။ အဖေ ချက်ကျွေးသော ဟင်းများတွင် ထူးဆန်းသော ဟင်းတစ်ချို့ ပါလာလျှင် မောင်နှမတတွေမှာ စိတ်ဝင်တစားလဲဖြစ်၊ မစားရဲ စားရဲဖြင့် တစ်တို့လောက် အရင်မြည်းကြည့်ပြီး နောက်ဆုံးတော့ ခွက်ပြောင်အောင် လုစားကြရသည်သာ များသည်။ အဖေ ချက်ကျွေးတတ်သော ဟင်းများတွင် သူမ အကြိုက်ဆုံးက အဆီမပါသော တောဝက်သား၊ ချေသား၊ ဆတ်သားဟင်းများ ဖြစ်ပြီး ဖြူသား၊ မြွေသား၊ ပုရစ်ကြော်၊ ဖားချက် တို့ကိုတော့ ခပ်ကြောက်ကြောက်ဖြင့် စားခဲ့ဖူးပါသည်။ 

အဖေက ထိုသို့ ထူးထူးဆန်းဆန်း အစားအသောက်လေးများကို ကြိုက်သူဖြစ်သည်။ ပြီးလျှင် အဖေ လုပ်ကျွေးတတ်သော ဆန်နှင့် အသားများကို ၀ါးထဲထည့်ပြီး ရေထည့်ကာ ထိုဝါးကိုအပေါ်မှ မီးဖြင့်ကင်၍ကျွေးသော ထမင်းကိုလည်း အမြဲတမ်း သတိရနေမိတတ်သည်။ ထိုထမင်းလေးအကြောင်း စဉ်းစားလိုက်လျှင် မွှေးပျံ့သော ရနံ့လေးပင် ချက်ခြင်း ရလာသလို သူမစိတ်ထဲ ခံစားမိလေသည်။ အဖေ၏ အကောင်းဆုံး လက်ရာတစ်ခုဖြစ်သော ငါးကိုကင်ပြီး တောက်တောက်စင်းကာ အမွှေးအကြိုင်ရွက်များထည့်ပြီး အရည်ဖျော်ထားသော ငါးကောဟင်းသည်လည်း သူမ တမ်းမက်စွာ အိပ်မက် မက်တတ်သော ဟင်းတစ်မယ် ဖြစ်လေသည်။

အိမ်ပြန်ပြီး သူမချစ်သော မိခင်၊ဖခင် မောင်နှမတွေနှင့် စည်းစည်းလုံးလုံး အေးအေးချမ်းချမ်း နေထိုင်ဖို့ အမြဲတမ်း စိတ်ဆန္ဒရှိခဲ့သော်လည်း လက်တွေ့တွင် အလုပ်တာဝန်များစွာတို့ဖြင့် မအားမလပ်နိုင်သူမို့ တစ်နှစ်တစ်ခါပင် ရောက်နိုင်ဖို့ ခဲယဉ်းလွန်းခဲ့လေသည်။ အိမ်ကို အလည် ပြန်ရောက်သွားသည့် အခိုက်များတွင်လည်း သူမ မိခင်သည် ဈေးခြင်းတောင်းလေးကို ကိုင်ပြီး သူမ ကြိုက်တတ်သော ဟင်းများကို မေးစရာမလိုဘဲ ၀ယ်လာတတ်ပြီး မအားနိုင်အောင် ချက်ပြုတ်ကာ ကျွေးမွေးတော့သည်။ သားကြီး ငါးကြီး မစားတတ်သော အမေ့လက်ရာ အသီးအရွက် မျိုးစုံ အကြော်အလှော်အသုပ်များသည် သူမအတွက် မည်သည့် ထမင်းဆိုင်မှ လိုက်မမီနိုင်သည့် မေတ္တာတရားတို့ဖြင့် ပြည့်စုံ မွှေးထုံနေသော ထမင်းဝိုင်းသာ ဖြစ်လေသည်။ 

ထိုထမင်းဝိုင်းကိုလည်း အမေ့အိမ်တွင်မှ လွဲ၍ အခြားနေရာတွင် ရှာ၍ မတွေ့နိုင်ခဲ့ပါ။ ပကာသန မပါသော်လည်း မေတ္တာများစွာ ခြံရံထားသော ထမင်းဝိုင်းက သူမတို့မောင်နှမ တစ်စုအတွက် နတ်သုဒ္ဓါလို့လည်း ခေါ်ဆိုနိုင်ပါသေးသည်။ အိုး……….. အမေ့လက်ရာ ထမင်းဝိုင်းလေးကို လွမ်းဆွတ်လွန်းရပါသည်လေ။

နေ့ခင်းတုန်းက အိမ်ကိုဖုန်းဆက်ချိန်တွင် ဖခင်ဖြစ်သူ၏ “သမီး သီတင်းကျွတ် ပြန်မလာဘူးလား” ဆိုသည့်အမေးက သူမကို တဒင်္ဂ ဆွံ့အသွားစေခဲ့ပြီး ရင်ထဲတွင်လည်း စိတ်မကောင်းခြင်းများစွာ ဖြစ်သွားခဲ့ရသည်. သီတင်းကျွတ်မှာ သူမ ပြန်လာမည်ဟု အဖေက မျှော်လင့်ထားပုံရလေသည်။ အဖေ့ကို ပြန်ပြောဖြစ်ခဲ့သည်က “ပြန်ချင်တာပေါ့ အဖေရယ်.. ပြန်ချင်လိုက်တာမှ… တစ်ပိုင်းသေမတတ်ပါဘဲ.. ဒါပေမဲ့.. ” ဆိုပြီး ဆက်မပြောတတ်ခဲ့တော့ပါ။ တာဝန်ဝတ္တရားများက သူမကို အိမ်ပြန်ခွင့် မရအောင် ချည်နှောင်ထားခဲ့သော အရာများသာ ဖြစ်လေသည်။ သူမ မပြန်နိုင်လျှင်၊ မပြန်ဖြစ်လျှင်လည်း မိဘများကတော့ နားလည် ခွင့်လွှတ်ကြမည်သာ ဖြစ်ပါသည်။ သို့သော်လည်း သူတို့ရင်ထဲမှာတော့ ပြန်မလာနိုင်သော အဝေးရောက် သမီးတစ်ယောက်ကို မျှော်လင့်နေမည်မှာ သေချာပါသည်လေ။ ခုချိန်မှာတော့ သူမနှင့် အိမ်အကြားတွင် ခရီးမိုင်များစွာ ဝေးကွာလို့နေခဲ့သည်။

အိပ်မပျော်သော ည၏ထုံးစံအတိုင်း အိမ်ရှေ့က ၀ရံတာလေးတွင် ရပ်ကာ ကောင်းကင်ကြီးကို မော့ကြည့်ရင်း၊ ကြယ်ပွင့်လေးတွေကို ရေတွက်ရင်း သူမ၏ အိမ်လွမ်းစိတ်တို့ကို ဖြေသိမ့်ခဲ့သည်မှာ အကြိမ်ပေါင်းများစွာပင်။ သူမ၏ အလွမ်းဝေဒနာကိုလည်း မှိတ်တုတ်မှိတ်တုတ် ကြယ်ပွင့်ကလေးတို့က နားလည်ပြီး ကူညီဝေမျှ ခံစားပေးနိုင်သည်ဟု သူမက ယုံကြည်မိသည်လေ. “သမီးကို မွေးတုန်းက ကောင်းကင်မှာ လကလည်းသာ၊ ကြယ်တွေဆိုလည်း စုံလိုက်တာ သမီးရယ်.. အဖေတောင် သမီးကို ပွေ့ပြီး ခေါ်ပြမလားတောင် တွေးမိတယ်.. နောက်တော့မှ သမီးက မွေးစလေး ရှိသေးတာ.. ဘယ်မြင်နိုင်မလဲလို့ စဉ်းစားမိတော့တာ။ ” ဟု ပြောခဲ့သော အဖေ့စကားကြောင့် ကြယ်တွေစုံတဲ့ ညတွေကို သူမကလည်း အခြားသော ညတွေထက် ပိုမို ခင်တွယ်မိသည်။ ကြယ်ကလေးတွေကိုလည်း သူငယ်ချင်းရင်းခြာပမာ ချစ်ခင်မိလေသည်။ 

ဘယ်လောက်တောင် လှလိုက်တဲ့ ကောင်းကင်ကြီးလဲနော်။ ဒီလို ကြယ်တွေ စုံလွန်းတဲ့ ညတွေချည်းသာ ဖြစ်မယ်ဆိုရင် ဘယ်လောက်များ ကောင်းလိုက်လေမည်လဲ.. ဒီလိုဆိုလျှင်ဖြင့် သူမ၏ ရင်တွင်းမှ အိမ်လွမ်းနာသည်လည်း ကြယ်ပွင့်လေးတွေကြောင့် သက်သာရ ရနိုင်ပေမည် မဟုတ်လား။

ဒီအချိန်မှာတော့ သူမကို အိမ်ပြန်လာစေချင်စိတ်တို့ဖြင့် သူမ ပြန်လာမည့်အချိန်ကို မျှော်လင့်နေမည့် အဖေအမေသည် အိမ်ရှေ့ဝရံတာလေးမှာ ထိုင်ရင်း ကြယ်တွေစုံလင်နေသော ကောင်းကင်ကြီးကို သူမ လိုဘဲ မော့ကြည့်နေပါလိမ့်မည်။ သူမကလည်း ကြယ်လေးတွေကို တိုင်တည်ရင်း မျှော်လင့်ချက်အပြည့်ဖြင့် ပြောမိသည်မှာ “ အဖေအမေတို့အိမ်လောက် နွေးထွေးလုံခြုံတဲ့နေရာ ဘယ်မှာမှ မရှိပါဘူး … သမီး တစ်နေ့နေ့တော့ အမေတို့ရဲ့ အိမ်ကို အပြီးအပိုင် ပြန်လာမှာပါ.. သမီးကို စောင့်နေပါ အဖေနဲ့အမေရယ်”…. ထိုအချိန်မှာဘဲ တိုက်တိုက်ဆိုင် လွှင့်ပျံလာသည့် သီချင်းလေးက အဆိုတော် ထူးအိမ်သင်ရဲ့ “ကြယ်တွေ စုံတဲ့ည”။ လူတိုင်းမှာ မျှော်လင့်ခွင့်ရှိပါသည်။ 

သို့သော် ထိုအခွင့်အရေးသည် ခုချိန်တွင်တော့ ခပ်ဝါးဝါးမှုန်ပြပြ ကြယ်လေးတစ်စင်းလို အပြည့်အ၀ လင်းလက်ခွင့် မရနိုင်ဘဲ မှေးမှိန်နေဆဲသာ ရှိလေသည်။ သူမ လိုဘဲ အိမ်ပြန်ချင်စိတ်ဖြင့် စိတ်ဓာတ်တွေ နာဖျားနေသူ ဒီလောကကြီးမှာ ဘယ်လောက်များ ရှိနေကြမှာပါလိမ့်၊ အိမ်ပြန်ချင်သော်လည်း မပြန်နိုင်သေးသောကြောင့် အိပ်ပြန်သည့်အိပ်မက်ရှည်ကို မက်နေသူတွေ ဘယ်လောက်တောင် ရှိနေမှာပါလိမ့်။ သားသမီးတို့ရဲ့ အိမ်အပြန်ကို မျှော်လင့်နေမည့် မိခင်ဖခင်တို့ရော ဒီကမ္ဘာကြီးပေါ် ဘယ်လောက်တောင် များနေမှာပါလိမ့်… လူတွေသည် မပြည့်စုံနိုင်သော အိပ်မက်များဖြင့် လှုပ်ရှား ရုန်းကန်နေကြရသူတွေ များလှသည်။ ထိုအထဲတွင် သူမသည်လည်း အပါအ၀င် ဖြစ်ပါသည်။ ကြယ်တွေကိုကြည့်ရင်း သူမဆုတောင်းလိုက်မိသည်က သားသမီးတိုင်း မိခင်ဖခင်ရှိရာ မေတ္တာရိပ်မြုံကို ခိုလှုံနိုင်ခွင့် ရကြပါစေ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်မ နှစ်သက်မိသော ထူးအိမ်သင်၏ ကြယ်တွေစုံတဲ့ည သီချင်းကို အကြိမ်ကြိမ် အဖန်ဖန် နားထောင် ခံစားမိရင်း ကြယ်တွေစုံတဲ့ ညတစ်ညမှာ လျှံတက်လာသော အိမ်အလွမ်းကို ဒီစာလေးဖြင့် အမှတ်တရ ရေးဖွဲ့မိပါတယ်… ။ သီချင်းလေးကိုတော့ ကျွန်မရဲ့ ချစ်စွာသောအစ်မ မမြသွေးနီ ရဲ့ ဘလော့မှာ နားဆင်လို့ရပါတယ်ရှင်။

Copied it from the www.missgreenlady.com

Saturday, October 27, 2012

င ရဲ တံ ခါး ပိ တ် ပါ စို့

င ရဲ တံ ခါး ပိ တ် ပါ စို့

• ကလေးဘဝကတည်းက နားရည်ဝခဲ့တဲ့စကားလေး
ဗုဒ္ဓဘာသာဝင်တို့ရဲ့အသိုင်းအဝိုင်းမှာ အမြဲကြားရတတ်တာက ငရဲမှာအပ ဝဋ်မှာအမြဲ …တဲ့။ နားထဲမှာစွဲနေခဲ့တဲ့ ဆိုရိုးလေးတစ်ခုပါ။ ဘာကို ဘယ်လို ဆိုလိုသည်ကိုတော့ တကယ် ရေရေလည်လည်မသိခဲ့။ မကောင်းတာ၊ မဟုတ်တာလုပ်ရင် ငရဲကြီးမယ်၊ ဝဋ်လိုက်လိမ့်မယ်လို့ လူကြီး၊ မိဘ၊ ဆရာသမားတွေရဲ့ သွန်သင်ဆုံးမစကားတွေကတော့ လူတိုင်းလူတိုင်းအတွက် ကလေးဘဝကတည်းကစပြီး ရင်းနှီးကျွမ်း ဝင်ခဲ့တဲ့စကားလေးတွေ ဖြစ်မယ်လို့ထင်ပါတယ်။

• ငရဲကြီးတယ်ဆိုတာ ဘယ်လိုပါလိမ့် ?
အတွေးအခေါ် ဗဟုသုတ မကြွယ်ဝသေးသည့်ကလေးဘဝကိုလွန်မြောက်လို့ အရွယ်လေးရောက်လာတော့ ငရဲဆိုတဲ့စကားရဲ့ အနက် အဓိပ္ပါယ်ကို အနည်းငယ် သိနားလည်စပြုခဲ့ပါတယ်။ ဗုဒ္ဓစာပေများသင်ယူရတဲ့အခါမှာတော့ ချမ်းသာကင်း၍ အမြဲဆင်းရဲဒုက္ခခံစားနေရသော ဘုံဋ္ဌာနကို ငရဲဘုံလို့ခေါ်ပြီး အဲဒီလိုဘုံဘဝမှာ အမြဲဆင်းရဲခြင်းနှင့် ဒုက္ခအတိပြည့်နေခံစားနေရသူကို ငရဲသားလို့ခေါ်တယ်ဆိုတာ နားလည် သိရှိ သဘောပေါက်ခဲ့ပါတယ်။ ငရဲပြည်မှာ ငရဲခံရတယ်။ ငရဲကြီးတယ်ဆိုတာကို ဘယ်လိုဟုတော့ နားမလည်ခဲ့ပေမယ့် ဖြတ်သန်းခဲ့ရတဲ့ ဘဝလမ်းတစ်လျှောက်က ကိုယ့်ပတ်ဝန်းကျင် လူနေမှုရှုခင်းကို လေ့လာခံစားကြည့်ပြီးတော့ အနည်းငယ်သဘောပေါက်သလိုပါပဲ။

• အသက်ရှင်လျှက် ..ငရဲကျသူ
စာရေးသူရဲ့ ရွာဦးဘုန်းတော်ကြီးကျောင်း ပတ်ဝန်းကျင်မှာ လူနေအိမ်များလည်း ကပ်လို့ တည်နေကြပါတယ်။ နေဝင်မိုးချုပ်ပြီဆိုရင် ဆဲသံ ဆိုသံတွေနဲ့အတူ ရိုက်နှက်သံ၊ ငိုကြွေးသံတွေဟာ မကြားချင်အဆုံးပါပဲ။ စားဝတ်နေရေးမပြေလည်လို့ကတစ်မျိုး၊ လင်မယားချင်းရန်ဖြစ် ရိုက်နှက်ကြလို့ တစ်သွယ်၊ မွေးထားတဲ့ကလေးငယ်တွေက ထမင်းဆာလို့ကတစ်မျိုးနဲ့ တော်တော်ဆိုးခဲ့ပါတယ်။ ခုအခါ ပြန်တွေးမိတော့မှ သူတို့ဟာလဲ အသက်ရှင်လျှက်နဲ့ ငရဲခံနေရသလိုဖြစ်နေကြောင်း သဘောပေါက်ခဲ့တယ်။
အိန္ဒိယနိုင်ငံရဲ့ မြို့တော်ကြီးတွေအသီးသီးကို လေ့လာရေးရောက်ခဲ့တဲ့အခါ လမ်းဘေးမှာနေထိုင်သူအများစုကို တွေ့ခဲ့ရဘူးပါတယ်။ တစ် နေရာတည်းမှာပဲ ကလေး လူကြီး စုစည်းနေပြီး ဆင်းဆင်းရဲရဲ နေကြရ ထိုင်ကြရပါတယ်။  အဲဒီလို လမ်းဘေးနေလူတန်းစားကိုတွေ့မြင်ရတဲ့အခါမှာလဲ နောက်ဘဝခံရမည့်ငရဲထက် လူ့ပြည်တွင် အသက်ရှင်လျက်နဲ့ငတ်ပြတ်ဆင်းရဲ နေရခြင်းကိုလဲငရဲလို့ ပြောနိုင်မလား တွေးခဲ့ မိပြန်ပါတယ်။

မလေးရှားနေစဉ်ကာလတုန်းကလည်း ရာဝမ်းအရပ်ဘက်ရှိ မြန်မာနိုင်ငံသား ဆေးရုံဆင်းလူနာတွေကို လက်ခံပြုစုစောင့်ရှောက်ထားရာ ပြန်လည်ထူထောင်ရေးစခန်း တစ်ခုကို သွားရောက် လှူဒါန်းခဲ့ဘူးပါတယ်။ အဲဒီနေရာမှာ ရောဂါအမျိုးမျိုးနဲ့ ခွဲစိတ်ကုသခံယူထားသူတွေ၊ အ ဖြစ်အပျက်မျိုးစုံနဲ့ ခြေပြတ် လက်ပြတ်တွေဖြစ်ပြီး ခိုကိုးရာမဲ့ဖြစ်နေကြသူတွေ များစွာကိုတွေ့ခဲ့ရပါတယ်။ ကလေးမလေး တစ်ယောက်ဆို မစင်သွားဖို့နေရာမပါခဲ့လို့ ဗိုက်ကနေခွဲပြီး ပိုက်ထုတ်ထားရသည်ကို တွေ့သိခဲ့ရဘူးပါတယ်။ ဒါတွေအပြင် မိမိတို့ပတ်ဝန်းကျင်မှာ အဆင်မ ပြေမှုတွေများစွာကြောင့် သောကတွေပူနေရ၊ ပရိဒေဝမီးတွေ တောက်လောင်နေကြရတာတွေ၊ ကိုယ်အင်္ဂါချို့တဲ့ပြီး လူစဉ်မမှီသူတွေ၊ စားရ မဲ့ သောက်ရမဲ့ ခိုကိုးရာမဲ့ ဆင်းရဲသားတွေ အမြောက်အများကိုလဲ တွေ့မြင် ကြားသိနေပေရတဲ့အခါ ဒါသည်ပင်လျှင် အသက်ရှင်လျှက် ငရဲ ကျနေသူများလို့ ခံစားနားလည်မိလိုက်ပါတယ်။

• ကိုယ်ပြုသည့်ကံ …ကိုယ်သာခံ
ဆင်းရဲနွမ်းပါးသော တဲအိမ်အတွင်းမှအဘိုးအိုသည် မိမိကိုယ်ကိုမိမိ အပြစ်တင်ခြင်းမှတပါး အခြားလုပ်ဆောင်ဖွယ်ရာ မရှိဖြစ်ပါလိမ့်မယ်။ အိန္ဒိယစကားပုံတစ်ခုမှာဖတ်ဖူးတာကတော့ ညဘက်မှာ အိမ်မက်ကောင်းကောင်းမက်အောင် နေ့ခင်းဘက်မှာ အလုပ်များကို လုပ်ဆောင်ပါ တဲ့။ မြန်မာစကားပုံမှာတော့ နေပူတုန်း ကောက်ရိုးလှန်း၊ မိုးရွာတုန်း ရေခံ၊ လသာတုန်း ဗိုင်းငင် စသည်ဖြင့် ရှေးလူကြီးတွေဆိုရိုးစကား ထားခဲသည်ကို ဖတ်ရှုရဖူးပါတယ်။ 
အသက်ကြီးသောအခါ ကြွယ်ဝချမ်းသာ သောကကင်းဖို့ဆိုရင် ငယ်စဉ်ကတည်းက ကြိုးစားအလုပ် လုပ်ဖို့လိုတယ်ဆိုတာကို ပညာပေးချင်တာလို့ နားလည်ခဲ့မိပါတယ်။ 

လူမိုက်နဲ့ပညာရှိ၊ လူချမ်းသာနဲ့ လူဆင်းရဲတို့ရဲ့ ဘဝလမ်းခွဲဟာ ကျောင်း ဝင်းထဲမှာ ရှိပါတယ်။ ကျောင်းနေပျော်၍စာတော်အောင် ကြိုးစားခဲ့သူများအနေဖြင့် ပညာတတ်မယ် ရာထူးဂုဏ်ရှိန် စည်းစိမ်ကြီးလို့ ကောင်း သည်ထက်ကောင်းအောင် လှူနိုင် တန်းနိုင် အများအကျိုးဆောင်နိုင်ခါ ဘဝအဆင့်မြင့်သည်ထက် မြင့်ကြရပေမဲ့ ငယ်စဉ်က ပျင်းအားကြီး စာမကြိုးစားပဲ အဖေါ်မက်ပြီး အပျော်အပျက်ဘက်အတွက် အချိန်ကုန်များခဲ့မယ်ဆိုရင်တော့ ပညာမဲ့ဖြစ်မယ် ဆင်းရဲမယ် လူတောမတိုး လူရာမဝင်တာမျိုးကို ဆိုလိုတာလို့ အတွေးချဲ့ နားလည်မိပါတယ်။ တစ်ချို့ကျတော့လဲ ငယ်ငယ်ကတော့ လိမ္မာရိုးသား ကြိုးစားခဲ့ကြပါရဲ့.. အရွယ်လေးရောက်လာတာနဲ့အမျှ စိတ်ကစားမှုတွေနဲ့အတူ မကောင်းသူများ၏အမူအကျင့်ကိုမှ အမြင့်ထင်ပြီး အတုယူလွဲမှားကြလို့ ပျက် စီးနေကြသူတွေလဲ မနဲပါဘူး။ ထိုကဲ့သို့သူတွေရဲ့ ဆင်းရဲကြမ်းတမ်းသော လောကဓံတွေနဲ့သာ ဆုံဆည်းပြီး ပူပင်သောက ဗျာပါဒတွေနဲ့ အသက်ရှင်လျှက် ငရဲခံနေကြရခြင်းဟာလဲ အရင်းစစ်တော့ ကိုယ်ပြုတဲ့ကံ ကိုယ်ပြန်ခံရတာလို့ပဲ ဆိုချင်မိပါတော့တယ်။

• ငရဲနဲ့ခြောက် မကြောက်ကြဘူး
အမြဲတမ်း ဆင်းရဲဒုက္ခနဲ့သာ ခံစားရနေတဲ့ ငရဲ ပြည်ဆိုတာ ခဏတဖြုတ် အလည်တောင်မှသွားမလည်သင့်တဲ့နေရာတစ်ခု ဖြစ်ပါလိမ့်မယ်။ အကုသိုလ်အမှုနဲ့မှ အကျိုးပေးကောင်းပြီး ချမ်းသာနေသူ အောင်မြင်နေသူတစ်ချို့ကလဲ ငရဲလောက်တော့ မကြောက်မယုံ မဖြုံကြပြန်ဘူး။ အဆိပ်သောက်ရင် သေတတ်တယ်ဆိုတာကို မယုံလို့ လက်တွေ့စမ်းကြမယ်ဆိုရင်တော့ ဒုက္ခဆိုတာ ရလဒ်ဖြစ်သွားမှာပဲလို့ ထင်မိတယ်။ နောက်ဘဝခံရမည့် ငရဲဆိုတာ ထားလိုက်ပါဦး။ ဒီဘဝမှာတင် အဆင်မပြေမှု ဗလပွနဲ့ဒုက္ခတွေရောက်ကြရ၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဖြစ်ကြ ရနဲ့အပူတွေများဟာ ပူပြင်းလှပါတယ်။ အပြင်ကရာသီဥတု ဘယ်လောက်ပူပူ အတွင်းက ကိလေသာအပူကိုတော့ မမှီပါဘူး ။ လောဘဇော တက်ပြီး ပူရတာရှိသလို ဒေါသတွေထွက်လို့ ပူရတာလဲရှိပါတယ်။ သားရှိသောသူ သားကြောင့်ပူရသလို ကားရှိသောသူ ကားကြောင့် ပူနေ ရတာပါပဲ။ ပူပြင်းပါတဲ့ ငရဲဆိုတာ ဘယ်လောက်ပူသလဲမသိပေမယ့် လောကရဲ့သောကအပူကတော့ ပူပြင်းလှကြောင်း ကိုယ်တွေ့တွေနဲ့ သိခဲ့ရပါပြီ။

• ငရဲ ဘာကြောင့်လားရတယ် ?
ဒီတော့ ငရဲဘာကြောင့်လားရသလဲဆိုတာ မေးစရာ တွေးစရာတခုဖြစ်လာပါတယ်။ အတိုချုံးပြီး ဖြေရရင်တော့ ငရဲရောက်ကြောင်း မကောင်း မှု အကုသိုလ် ဒုစရိုက်တွေကို ပြုမိမှားလို့ဖြစ်တယ်လို့ပြောရင် မမှားလောက်ဘူးထင်ပါရဲ့။ အကျယ်ချဲ့ တွေး ကြည့်ရင်ဖြင့်….

• အပါးလယ်လို့ အပါယ်လားတယ်
တစ်ချို့သောသူတို့ဟာ စီးပွားရေး လူမှုရေး ဘာသာရေး စသည်ဖြင့် အများနှင့် စုပေါင်းဆောင်ရွက်သင့်သည့်အမှုကိစ္စများတွင် အပါး ခိုနေလေ့ရှိကြပါတယ်။ ကောင်းမှုကုသိုလ်ပြုရာမှာလဲ ဒီနည်းတူပါပဲ။ ကောင်းတာကြံဖို့ ပြောဖို့ လုပ်ဖို့ဆိုရင် ဝန်လေးနေပြီးတော့ သောက်မယ် စားမယ် ပျော်မယ် ပါးမယ်ဆိုရင်ဖြင့် ထိပ်ဆုံးက ကျွန်တော်ဖြစ်နေတတ်ကြပါတယ်။ ဒီလို ကုသိုလ်အပါးမဝပဲ အကုသိုလ်အပါးဝသူတွေဟာ စိတ်ကောင်း နှလုံးကောင်းလဲ မရှိလို့ပဲ ဖြစ်မှာပါ။ အသင်းအဖွဲ့တွေမှာ နေရာတော့ဝင်ယူကာ သူတို့နာမည်တော့ပါဝင်စေလိုပြီး တကယ် လုပ်ဆောင်ဖွယ်ရာများမှာတော့ အပါးခိုနေကြခြင်းဟာလည်း လူပါးဝနေခြင်းတစ်မျိုးလို့ နားလည်မိပါတယ်။ သတ္တဝါတွေကျင်လည်ရာ သုံး ဆယ့်တစ်ဘုံကို အစဉ်အတိုင်း အထက်အောက်စီကြည့်မယ်ဆိုရင် လူ့ပြည်နှင့်အနီးဆုံး အောက်ဘုံဟာ ငရဲဘုံ ဖြစ်နေတာကိုတွေ့ နိုင်ပါ တယ်။ ငရဲဆိုတာ အပါယ်လေးပါးမှာ တစ်ပါးအပါအဝင်ဖြစ်ပါတယ်။ အဲဒီလို သူတပါးရဲ့မျက်ခုံးမွေးပေါ်တွင် စင်္ကြန်လျှောက်လိုပြီး ကောင်းတဲ့ အရာ လုပ်ဖို့တွေမှာတော့ လူပါးဝ အပါးလယ်သူတွေဟာ အပါယ်လားပြီး ငရဲသွားရတယ်လို့ ကောက်ချက်ချရပါလိမ့်မယ်။

• အမျိုးအမည်ကွဲပြား ..ငရဲများ
တကယ်တော့ ငရဲဆိုတဲ့စကားလုံးဟာ မြန်မာစကားအားဖြင့်မူ င နှင့် ရဲ ပေါင်းထားတဲ့ နှစ်လုံးသောစကားလေးမျှသာပါပဲ။ သို့သော်လည်း ဒီ ငရဲဘုံကိုကျစေနိုင်တဲ့ မကောင်းမှု၊ အကုသိုလ် ဒုစရိုက် ကွဲပြားခြားနားသည်နှင့်အမျှ ဆိုးကျိုးခံစားရတာကလဲ ကွဲပြားလေတဲ့အခါ၊ ဒုစရိုက် သမား လူယုတ်မာများစွာအတွက် လားရောက်ရာ ငရဲဆိုတာလဲ အမျိုးအမည်အားဖြင့် များစွာကွဲပြားသွားပါတော့တယ်။
တံလျှပ်ကိုရေထင် ရွှေသမင် အလိုက်မှားဆိုတာလို မကောင်းတာကိုမှ အကောင်းထင်ပြီးလျှင် မဟုတ်တာကိုမှ အဟုတ်ထင်လုပ်ချင်သည့် ဒုစရိုက်ကောင် ငမိုက်သားတို့မှာလဲ ငရဲလားသည့်အခါ မိမိပြုခဲ့သည့်အကုသိုလ်အမှု အကြီးအသေးအလိုက် ထိုက်ထိုက်တန်တန် ခံရပါ တော့တယ်။ ဥပမာအားဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးက ကျင့်သုံးလျက်ရှိသော ပြစ်မှုဆိုင်ရာဥပဒေများမှာလဲ ပြစ်မှုကျူးလွန်သူများကို အပြစ်ပေး ရာတွင် အပြစ်ကျူးလွန်သူ၏ အမှု အကြီး အသေးအပေါ်မူတည်ပြီး ပုဒ်မတပ် အပြစ်ပေး အရေးယူ ပြစ်ဒဏ်ပေးခံရသလိုဖြစ်ပါတယ်။ ပြစ်မှု ကြီးလွန်းရင်လဲ သေဒဏ်ပေး ကြသလို အကုသိုလ်အပြစ် ဒုစရိုက် အင်အား ကြီးမားလွန်းတော့လဲ အဝိီိစိဆိုတဲ့ငရဲမှာပင် ကမ္ဘာအဆက်ဆက် ဒုက္ခခံစားရမှာဖြစ်ပါတယ်။

• ငရဲကြီး..ငယ် အသွယ်သွယ်
မဟုတ်တာ အလုပ်များသူတို့ အဟုတ်သွားရမည့် ငရဲဘုံဆိုတာဟာလဲ အကြီးနဲ့အငယ် နှစ်သွယ် ကွဲပြားပါတယ်။ လူသိများတာက ငရဲဆို သည့်စကားလုံးမှာ နှစ်လုံးမျှသာဖြစ်ပေမဲ့ ငရဲကြီးက (၈) ထပ်တောင်ရှိပြီး ငရဲငယ်က လေးထပ်ရှိပါတယ်။ ငရဲငယ်လေးခုကို အရပ်လေး မျက်နှာဖြင့် မြှောက်ပါက ငရဲ ငယ် ၁၆ ထပ်ရှိလာပြီး ဒါကိုပဲ ငရဲကြီးရှစ်ထပ်နှင့် ထပ်မံမြှောက်ပွားပါက ဒုစရိုက်သမားတို့ခံစားရမဲ့ ငရဲဘုံ အပြားဟာ တစ်ရာကျော်သွားပါတော့တယ်။

  ငရဲတံခါးဖွင့်နေသူများ
ငရဲရောက်နိုင်သည့် အကုသိုလ်ကံတွေအကြောင်းအရာကို လေ့လာကြည့်တဲ့အခါ အများစုသည် သူ့အသက်သတ်ခြင်း စသော ငါးပါးသီလ ကိုယ်ကျင့်တရား ချို့ယွင်းကြလို့ ဖြစ်ပါတယ်။ ထို့အပြင် မပြစ်မှားသင့်သော အနန္တော အနန္တငါးပါးတို့အား ပြစ်မှားစော်ကားခြင်း၊ ခင်ပွန်းကြီး ဆယ်ပါးအပေါ်ဝယ် ပြစ်မှားခြင်း စသော အကုသိုလ် ကံတွေကို တွေ့ရပါတယ်။ ဒါတွင်မက သိင်္ဂါလောဝါဒသုတ်မှာ ဗုဒ္ဓမြတ်စွာ မိန့်မှာခဲ့သည့် ကျင့်ဝတ်အထွေထွေကို မကျေပွန်ရင်လဲ ငရဲလားနိုင်တာပါပဲ။

ဥပမာအားဖြင့် တာပနငရဲဆိုတာဟာ အဂတိတရားလိုက်စားသူ၊ လင်ယော ကျာ်းကို မထီမဲ့မြင် အရေးမထား မလေးမစားလုပ် အနိုင်ကျင့်သူ၊ ဝတ္တရားမကျေပွန်သူတို့ရဲ့ လားရောက်ရမည့်ငရဲတစ်ခု ဖြစ်ပါတယ်။
သို့ဆိုပါလျှင် သူ့အသက်သတ်ခြင်း စသည်ဖြင့် ကိုယ်ကျင့်တရား ပျက်ပြားနေသူတွေ၊ လင်ဖြစ်ပါလျှက် လင်ဝတ္တရား မကျေ၊ မယားဖြစ်ပါ လျှက် မယားဝတ္တရားမကျေ ၊ သားသမီးဖြစ်ပါလျှက် သားသမီးဝတ္တရား ကျေပြွန်အောင် မဆောင်ရွက်သူ စသည့်သူများဟာ ငရဲတံခါးကို ဖွင့်နေသူများလို့ ဆိုလိုက်ချင်ပါတော့တယ်။

• ငရဲတံခါး… ပိတ်စို့လား
ငရဲဆိုတာဟာ ချမ်းသာကင်းပြီး အမြဲ ဆင်းရဲ ပူလောင်စွာခံစားရတဲ့နေရာ၊ ဘုံလို့ အကျဉ်းအားဖြင့် နားလည်ခဲ့ပြီးတဲ့ နောက်မှာတော့ ငရဲ လားရောက်ရမှာကို ကြောက်လာမိပါတယ်။ အဲဒီကြောက်စိတ်နဲ့အတူ ကပ်ပါလာတာကတော့ ငရဲမရောက်ချင်ရင် ငရဲရောက်စေမယ့် မ ကောင်းမှု အကုသိုလ် ဒုစရိုက်တွေမလုပ်မှ ဖြစ်မယ်ဆိုတာပါပဲ။ ဒီအပြင် ရှောင်အပ်တဲ့ ဝါရိတ္တသီလ၊ ဆောင်အပ်တဲ့ စာရိတ္တ သီလလို့ ခေါ် ဆိုရတဲ့ ကိုယ်ကျင့်တရားတွေကိုလဲ မြှင့်တင်ရအုံးမယ်လို့ ကိုယ့်ဘာသာ နားလည်ခဲ့မိပါတယ်။
ဒီလိုသာ ကောင်းတာကိုသာ ကြံ၊ ကောင်းတာတွေသာ ပြော၊ ကောင်းမှုတွေသာလုပ်မယ်ဆိုရင်ဖြင့် ဝဋ်မှာအမြဲ ငရဲမှာအပလို့ ငယ်ငယ်က ကြားခဲ့ဖူးသည့် စကားအတိုင်းပင် ငရဲမင်းက ကိုယ့်ကို အပပြု ဖယ်ကြဉ်ပါလိမ့်မယ်။ ငရဲဆိုတာသည် ကိုယ်အတွက်လားရာမဟုတ်တော့ပဲ ငရဲတံခါးသည်လည်း ပိတ်နေလိမ့်မယ်လို့ တဆက်တည်း တွေးမိလိုက်ပါတော့တယ်။

• မိဘဘိုးဘွား ကန်တော့ပါစို့

ကျွန်ုပ်တို့အတွက် ပူပင်သောက ဗျာပါဒကင်း၍ စိတ်အေးချမ်းသာ ကိုယ်ကျန်းမာစွာ လိုရာဆန္ဒ ပြည့်စုံရအောင်ဆိုရင် ငရဲလားရောက်ကြောင်း မကောင်းမှုတွေကို အပပြုရှောင်ကြဉ်ဖို့ အဓိကကျတယ်လို့ တွေးမိပြီးတဲ့အဆုံးမှာတော့ ဓမ္မမိတ်ဆွေအားလုံးကိုလဲ ငရဲလားကြောင်း မ ကောင်းမှုတွေ ရှိခဲ့ရင်တောင်မှ ပြေလျှော့ရအောင်၊ ကုသိုလ်တွေတိုးပွားပြီး မကောင်းဘေးများ ရှောင်ရှားရအောင် အနန္တော အနန္တငါးပါး၊ ခင် ပွန်းကြီးဆယ်ပါးတို့ကို ဒီလိုဝါကျွတ်ချိန်ခါမှာ ကန်တော့ကြပါစို့လို့တိုက်တွန်းလိုက်ချင်တာပါ။

ဒီလို သက်ရွယ်ကြီးမား မိဘ ဘိုးဘွား ဆရာသမားတွေကို ကန်တော့ခြင်းဟာ မိမိအတွက် ကုသိုလ်တွေတိုးသလို ဘေးဆိုးကိုလဲ လုံစေ၊ အပါယ်ဘေးကိုလဲအထိုက်အလျှောက် တားဆီးပေးနိုင်တာပါပဲ။ ဒါကြောင့် ဓမ္မမိတ်ဆွေများ အားလုံးကို ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။ စိုးရိမ်ပူဆွေးငိုကြွေးခြင်းဘေးက လွန်မြောက်နိုင်ပါစေဟု ဝါကျွတ်ဆုမွန်ပြုရင်း ငရဲတံခါးပိတ်ပါစို့လို့ ဆန္ဒပြုလိုက် ရပါတော့တယ်။

အရှင်နန္ဒဝံသ (ရမည်းသင်း)
ဇေယျသုခ ဓမ္မရိပ်သာ အမာရီလိုမြို့၊ တက်ကစက်ပြည်နယ် ၊
အမေရိကန် နိုင်ငံ

Friday, October 26, 2012

သီရိခေတ္တရာပြည့်ရှင်မလေး - ဘေဒါရီ


 သီရိခေတ္တရာပြည့်ရှင်မလေး - ဘေဒါရီ
အဘိုးပြောတဲ့ ရာဇ၀င်ပုံပြင် ( ၁ ) 
” အဘိုး ဒီသီချင်းက ဘာတွေလဲဟင် သမင်မကလေးက ခလေး မွေးလာတာလား
သူ့နံမယ်က ဘေဒါရီ တဲ့လား ”
” အေး ဟုတ်တယ် အေး အေး အဲဒါ မြန်မာ့ရာဇ၀င်အစပေါ့ကွဲ့ ”
” ထူးဆန်းတယ်နော် ”
” အဲဒါပုံပြင်လားတကယ်လား ဟင် အဲဒီ သမင်မ ကမွေးတဲ့ ခလေးမလေးက ချောမှာပေါ့နော်
နောက်ဘာတွေဆက်ဖြစ်လဲ အဘိုးသိရင်ပြောပြပါလားနော် ”
” အေး အေး အဲဒါ မြန်မာ့ရာဇ၀င်အစပေါ့ကွဲ့ မြန်မာ အစတကောင်း ကဆိုတာပေါ့ ”
” ဟင်-ဟုတ်လား အမလေးထူးဆန်းလိုက်တာ သမီးတို့ကိုပြောပါလားအဘိုးရဲ့  သမီးစိတ်ဝင်လားလို့ ”
” အေးအေးနားထောင် အဘိုးပြောပြမယ် ”
” ဟဲ့ မောင်လေး ဒီနေ့ ဒို့အပြင်ထွက်မဆော့တော့ဘူးမိုးလဲရွာနေတယ် လလဲမသာဘူး
အဘိုးပြောတဲ့ပုံဘဲနားထောင်တော့မယ်- ကဲအဘိုးပြော ”
” အေးအေး အဘိုးပြောပြမယ်သေသေချာနားထောင်နော်

ဟိုးရှေးရှေးတုန်းက ” ဂေါတမမြတ်စွာဘုရားမပွင့်တော်မူခင်နှစ်ပေါင်းတစ်ထာင်လောက်က၊အခုအိန္ဒယပြည်
မြောက်ပိုင်းနိပေါနိုင်ငံရဲ့ တောင်ပိုင်းလောက်မှာတိုင်းကြီး (၁၆ ) တိုင်း နဲ့ ပြည်ကြီး( ၂၀ ) ရှိခဲ့တယ်။
အဲဒီတိုင်းကြီး ၁၆ တိုင်းထဲက ပဉ္ဖာလရဇ်တိုင်းကိုအစိုးရတဲ့မင်းက-ကောသလတိုင်းကိုအစိုးရတဲ့မင်း
ဆီကိုအမျိုးချင်းဆက်လိုတဲ့အတွက်သမီးကညာတောင်းလာတယ်။ ကောလိယ၊ ဒေ၀ဒဟ နဲ့ ကပိလ၀တ် တိုင်းတွေမှာသာကီဝင်အမျိုးအနွယ်တွေနေတယ်၊ပဉ္ဖာလရဇ်မှာတော့များသောအားဖြင့် အမျိုးနိမ့်တဲ့ သူတွေ နေတယ်၊ ဒါကြောင့်ကောလိယမင်းကသမီးကညာမဆက်သ ဘဲ မချေမခံ ပြန်ပြောလိုက်တယ်၊ အဲဒါကြောင့်နှစ်နိုင်ငံစစ်ဖြစ်ကြတယ်၊

” အင်း - ဟိုတုန်းကလဲ အမျိုးမတူရင် မပေးစားနိုင်ဘူးဆိုတာရှိခဲ့တာဘဲနော် ”
” ဧကန္တတော့ နင် အောက်တန်းစားတယောက်နဲ့ကြိက်နေပြီထင်တယ် ”
” ဟာ နင်ကလဲ ငါက ဘယ်ကဟာနဲ့ သွားကြိုက်ရမှာလဲ နင်အသာနေစမ်းပါ
အဘိုး အဲဒီလို စစ်ဖြစ်တော့ ဘယ်သူနိုင်လဲဟင် ”်
ပဉ္ဖာလရဇ်တိုင်း ကနိုင်တယ် - ကောသလတိုင်း က ဘုရင်စစ်ရှုံးတယ်
” ဟယ် ”

` အဲဒီထဲက ကပိလ၀တ်ပြည်က မင်းတပါးဖြစ်တဲ့အဘိရာဇာဟာ စစ်သည်ဗိုလ်ပါအလုံးအရင်းနဲ့အတူ
အရှေ့ဘက်ကိုထွက်လာခဲ့ရာမှာ ဒို့အခုမြန်မာနိုင်ငံဘက်ရောက်လာတယ် အခုမန္တလေးမြို့ ရဲ့ အထက်
ဘက်မိုင် ၁၆၀ လောက်အကွာ ဧရာဝတီဖြစ်ရဲ့ လက်ဝဲဘက်အရပ်မှာတကောင်းပြည်ကိုတည်ထောင်
ပြီးနေထိုင်တယ်၊တကောင်းမင်းဆက်ပေါင်း ၃၃ ဆက်ရှိပြီးနှစ်ပေါင်း (၁၀၀၀ ) လောက်နန်းစံသွားတယ်
အဘိရာဇာမင်းနတ်ရွာစံတော့ သားတော်ကံရာဇာကြိးနဲ့ ကံရာဇာငယ် ညီအကိုနှစ်ယာက်ကထီးနန်းလု
ကြတယ်၊စစ်တိုက်မယ်လုပ်တော့ မူးကြီးမတ်ကြီးတွေက စစ်မတိုက်ကြပါနဲ့ဥာဏ်ပညာစွမ်းရည်ပြိုင်ကြ
ပါ ။ မဏ္ဌပ်တဆောင်ကိုညတွင်းချင်းအပြီးဆောက်နိုင်တဲ့သူက ထီးနန်းကိုယူပါလို့ပြောတော့၊မင်းနှစ်ပါး
နှစ်ပါစလုံး သဘောတူပြီး မဏ္ဌဆောက်ကြတယ်။

ညီငယ်ဖြစ်သူ ကံရာဇာငယ်ကသစ်ငယ်ဝါးငယ်တွေနဲ့ ဆောက်တော့ညတွင်းခြင်းပြီးသွားတယ်
အကိုကြီးဖြစ်တဲ့ကံရာဇာကြီးက သစ်ကြီးဝါးကြီးတွေနဲ့ ဆောက်တော့ ညတွင်းခြင်းမပြီးလို့ရှုံးသွားတယ်
သူလဲ သူ့ ဂတိအတိုင်း နိုင်ငံကထွက်ပြီးဧရာဝတီမြစိုစုံဆင်းသွားတယ်၊ကလေးမြို့ အထက်နားကချင်း
တွင်းမြစ်ဆုံရာအရပ်မှာကလေးဝကိုရောက်တယ် ၊ကလေးတောင်ညိုကို( ရာဇဂြိုလ် ) သမုခ်ပြီး ၆လ စိုး
စိုးစံနေတယ်၊ နောက်အနီးအနားက ပျူ ကမ်းယံ ၊ သက်တို့က မင်းလျာတောင်းခံလာလို့သားတော်
မုဒုစိတ္တကို အုပ်ချုပ်ခိုင်းထားခဲ့တယ်။ ကံရာဇာကြီးကတော့ အောက်ဘက်ကို ဆက်လက်ဆုန်ဆင်းပြိး ဓည၀တီအရပ်မှာ ထီးနန်းဆိုက် နေလိုက်တယ် ၊

”ဟယ်အကြာကြီးဘဲနော် ဒါကြောင့်မြန်မာအစတကောင်းကလို့ပြောတာကိုး
ဒါနဲ့ ပြီးရောလားအဘိုး ဟို သမင် မ နဲ့ရသေ့ကြီးတို့က ဘာဆိုင်လို့လဲ အဘိုးရဲ့ 
ဟဲ့ နင်က လဲ ပြောမှာပေါ့ဟဲ့  နားထောင်ပါလား
အေး ပါ အဘိုးဆက်ပြောပါ့မယ်ကွဲ့ ”
အဲဒါက က ပထမ တကောင်းမင်းဆက် ဒုတိယတကောင်းမင်းဆက်မှာ မှ အဲဒီ သမင်မလေး
နဲ့ ရသေ့ဇာတ်လမ်းကလာမှာ
ဆက်ပါအုံး အဘိုးရဲ့ 
အဲဒီ ပထမ တကောင်းမင်းဆက် ၃၃ ဆက်မြောက်ဖြစ်တဲ့ဘိန္နကရာဇာလက်ထက်မှာ နန်ချိုနယ်က
ရှမ်းတွေလာရောက်ဖျက်ဆီးလို့ ပထမတကောင်းပြည်ကြီး ပျက်သွားတယ်
ဟောတော့ ပျက်သွားရောလား
အဲဒီ ပထမတကောင်းမင်းဆက်က သာကီဝင်မင်းဆက်တွေဟာ အုပ်စု ၃ စုကွဲသွားကြတယ်
ပထမ အုပ်စုကတော့ မြန်မာနိုင်ငံ အရှေ့ဘက်ကိုထွက်သွားကြပြီး ရှမ်း( ၁၁ ) ခရိုင်ကိုတည်ထောင်ပြိးနေကြတယ်
ဒုတိယအုပ်စုကတော့ ကံရာဇာကြီး သွားရာဒေဖြစ်တဲ့ ပျု ကမ်းယံ သက် တို့အရပ်မှာ သွားပေါင်းပြီးနေထိုင်ကြတယ်။

တတိယအုပ်စုကတော့ ဘိန္နကရာဇာ မိဘုရားကြီးနဲ့ အတူ ပျက်သွားတဲ့တကောင်းမှာဘဲဆက် ပြီနေထိုင်ကြတယ်။
ဒုတိယ တကောင်းမင်းဆက်မှာ အာလုံးမင်းဆက် ၁၇ ဆက်ရှိတယ်
အဲဒီအချိန်မှာ အိန္ဒယပြည် မဉ္ဖိမဒေသ မှာ ဘုရားပွင်တော်မူနေပြီ ၊သက္ကရဇ် ၁၀၃ ခုကျော်ပြီပေါ့
သာဝတ္ထိပြည်ရှင် ပေဿနဒီကောသလ မင်းက ကပိလဝတ်ပြည့်ရှင် မဟာနာမင်းထံ တမန်စေလွှတ်ပြီး သမီးတော်ကို တောင်းတယ်။

လာပြန်ပြီတခါသမီးတောင်းတာ
အေး ဟုတ်တယ် သမီးတောင်းတာက ဒို့ ရာဇ၀င်မှာပြဿနာစတာများတယ်ကွဲ့ 
ကပိလဝတ်ပြည်ရှင်ကသမီးစစ်ကို မပေးဘဲ ကျွန်မက မွေးသော သတို့သမီးကို ပေးလိုက်တယ် အဲဒီအခါမှာ ကောသလ မင်းက ကျွန်မကို သမီးအစစ်လို့ထင်ပြီး မိဖုရားမြှောက် လိုက်တယ် နောက် တော့ ဝိဋဋူုပ မင်းသားကိုမွေးတယ် ၊ ဝိဋဋူုပ မင်းသားလေးအရွယ်ရောက် လာတော့တနေ့မှာ ၊ သူ့ ရဲ့ ဘိုးတော် ဘွားတော်ရှိတဲ့ ကပိလဝတ် ပြည်ရှင်မင်းနှင့် မိဖုရားထံ သွားရောက်ကန်တော့တယ် ဝိဋဋူုပ ပြန်တော့ သူ၏နေရာကို ကျွန်မသားရဲ့  နေရာဟုဆိုပြီး နို့ရည်နဲ့  အထပ်ထပ်ဆေးတယ် ဝိဋဋူုပ မင်းသားကဒီ အကြောင်းအလုံးစုံကို သိသွားတဲ့အခါမှာ သာကီဝင်မင်းတို့ကိုကောင်းကောင်း ရန်ငြိုးဖွဲ့ ထား
တော့တာပေါ့ ။နောက်သူဘုရင်ဖြစ်တာတော့ စစ်ကြီးချီပြီး သာကီဝင် မင်းမျိုးတို့ကို နို့စို့ အရွယ်တောင် မကျန်အောင်အကုန်လိုက်သတ်တယ် မဟာနာမမင်း နဲ့ သာကီဝင် မင်းသားများနဲ့ တခြားသာကီဝင်
မင်းမျိုးနဲနဲလောက်ဘဲ လွတ်တယ်သာကီဝင် မင်းမျိုးတို့ပျက်စီးသွားတော့ ဓဇရာဇာဆိုတဲ့သာကီဝင် မင်းဟာနောက်လိုက်ဗိုလ်ပါဆင်မြင်းအလုံးအရင်းနှင့်အတူမြန်မာပြည်ကိုတိမ်းရှောင်လာခဲ့တယ်။ အရင်ကတကောင်းအရပ်မှာ နာဂဆိန်မိဖုရားကိုတွေ့ တယ်။

ဓဇရာဇာ နဲ့ နာဂဆိန် မိဖုရားတို့ စုံဘက်ပြီးဒုတိယတကောင်းပြည်ကိုတည်ထောင်လိုက်တယ်ဒုတိယတကောင်းမင်းဆက်မှာ ဓဇရာဇာမင်းက စပြီး နောက်ဆုံးသတိုးမဟာရာဇာမင်းအထိ မင်းဆက် အထိမင်း ၁၇ ဆက်စိုးစံတယ်၊သတိုးမဟာရာဇာမင်းနန်းတက်တဲ့အချိန်ဟာမြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီး
တော်မူပြီး အနှစ် ၂၀ လောက်မှာဖြစ်တယ်၊
သတိုးမဟာရာဇာမင်းနဲ့ မိဖုရားနာဂဆိန်မှ အမွှာညီအကိုသားတော်နှစ်ပါးမွေးဖွားတယ်၊အကို ဖြစ်သူကမဟာ သမ္ဘ၀ ညီဖြစ်သူက စူဠသမ္ဘ၀ အဲဒီသားတော် နှစ်ပါးစလုံးမွေးကတည်းကမျက်စိမမြင် ကြဘူး။သတိုးရာဇာဘုရင်ကြီးက ရှက်ပြီး ငယ်ငယ်ကထည်းကသတ်ပြစ်ဘို့မိဘုရားကြီးကိုစေခိုင်းထား
တယ်။မိဘုရားကြီးက သနားလို့ မသတ်ဘဲနဲ့တိတ်တဆိတ်မွေးမြူထားထားတယ်၊
နောက်ကြီးလာတော့ဘုရင်ကြိးသိသွားတဲ့အခါမှာအစားအစာအပြည့်အစုံထဲ့ပြီးဖေါင်ထဲထည့်ပြီးမျော
လိုက်တယ်၊အဲဒီအခါမှာ သတိုးမဟာရာဇာမင်းမှာ နန်းမွေဆက်ခံမဲ့သူမရှိလို့ သူ့မိဖုရားရဲ့ မောင်တော်
ဖြစ်တဲ့ ခေပဒုတ ကို အိမ်ရှေ့ မင်းသားအရာခန့် ထားတယ် ၊ တနေ့တော့ တိုင်ပြည်တနေရာမှာတော

ဝက်ကြီးတကောင်ကျေးရွာတွေကိုဖျက်ဆီးပြီးလူတွေကိုဒုက္ခပေးနေတာကြောင့်အိမ်ရှေ့မင်းသားခေတဒုတကို နှိမ်နင်းဘို့စေခိုင်းလိုက်တယ်၊
ခေပဒုတဟာနောက်လိုက်ဗိုလ်ပါစစ်သည်တွေနက်လက်နက်( ၅ )မျိုးကိုယူပြီးထွက်ခဲ့တယ်၊
ကုန်းသလင်းလို့ခေါ်တဲ့ (အခုပြည်မြို့ ) ရှိတဲ့နေရာလောက်မှာတောဝက်ကြီးကိုတွေ့တယ်၊တောဝက်ကြီး ကိုနှိမ်နင်းပြီးတော့နန်းတော်ကိုမပြန်ဘဲ၊အဲဒီအရပ်မှာဘဲရသေ့ရဟန်းဝတ်ပြီးနေလိုက်တယ်၊
အဲဒီနေရာကနောက်သရေခတ္တရာဖြစ်မဲ့အရပ်ဘဲကွဲ့ 
တနေ့တော့ သူနေတဲ့ကျောင်းသင်ခန်းအနီးမှာခလေးငိုသံကြားလို့လိုက်ရှာတော့မွေးခါစမိန်းခ
လေးတယောက်တွေ့တယ်၊ခလေးအနားမှာ သမင်းမတကောင်ကရစ်သီရစ်သီလုပ်နေတော့ဒီခလေးကို
ဒီသမင်းမကမွေးတာလိုယူဆလိုက်တယ်-ခလေးက မိန်းခလေး -ဒါကြောင့်ဒီခလေးကိုဘေဒါရီလို့
နာမယ်ပေးလိုက်တယ်- သမင်မကမွေးလို့ပေါ့၊

ခလေးမလေးကြီးလာတော့ရသေ့ရဟန်းကျောင်းမှာတနေကုန်နေတာမသင့်တော်တဲ့အတွက်
တောထဲမှာတနေကုန်သွားနေအောင်ဆိုပြိး မြစ်ဆိပ်မှာရေခပ်ခိုင်းထားတယ်-ရေကိုလဲမြန်မြန်မပြည့်
အောင်ဆိုပြီးဖူးသီးတွေကိုနားမထွင်းဘဲ၊အခြောက်ထားပြီးဖူးတောင်းလုပ်ထားတယ၊်ဆိုလိုတာကအ
အပေါက်ကလေးတွေသေးသေးဖေါက်ပြီးပေးလိုက်တယ်။
ဖူးသီခြောက်မှာအပေါက်ခလေးတွေသေးသေးလေးဖေါက်ထားတော့၊ရေကတော်တော်နဲ့မပြည့်ဘူး
တော့ဘူးပေါ့၊ဘေဒါရီကလေးကတနေ့ တနေ့ ဧရာဝတီမြစ်ဆိပ်မှာရေသွားခပ်ရတာနေ၀င်မှဘဲကျောင်း
ကိုပြန်ရောက်တော့တယ်၊
ဒါပေမဲ့ ဘေဒါရီကလေးကပျော်ပါတယ်-သူ့မှာကစားဖေါ်သမင်ကလေးတွေရှိတယ်-သူတို့နဲ့အ
တူဆော့ရင်းကစားရင်းပျော်နေတာပေါ့ကွယ်။

ဒီလိုနဲ့ မဟာသမ္ဘ၀ ညီဖြစ်သူက စူဠမ္ဘ၀ တို့နှစ်ယောက်မြောလာတဲ့ ဖေါင်ဟာ ဧရာဝတီဖြစ်ကမ်းမှာရှိ
တဲ့ စစ်ပင်ကြီးကိုင်းနေတဲ့အရပ်မှာ လာတိုက်ပြီးရပ်နေတယ်၊ (အဲဒီနေရာကို အခုစစ်ကိုင်းမြို့လို့ ခေါ်တဲ့နေရာပေါ့ )
မင်းသားညီအကိုနှစ်ယောက်လဲထမင်းဆာတာနဲ့ထမင်းထုပ်ဖြေပြီးစားကြတယ်၊အဲဒီအခါမှာ
ဒီနေရာတ၀ိုက်မှာကျက်စားနေတဲ့စန္ဒာမုက္ခိဘီလူးမကဖေါင်ပေါ်တက်လာပြီး-မင်းသားနှစ်ပါး
ရဲ့ထမင်းတွေကိုဝင်စားတယ်၊တနေ့မှာအကိုဖြစ်သူမဟာသမ္ဘ၀ကဘီလူးမလက်ကိုဖမ်းမိသွားတယ်
သူ့ညီကိုမေးတယ်၊ ” ဒါညီတော့်လက်လား ”
ညီတော်က - ” မဟုတ်ဘူးနော်တော်ညီတော့လက်မဟုတ်ဘူး ”
မဟာသမ္ဘ၀ က - ” ဒီမှာဒို့ထမင်းကိုလာခိုးစားနေတဲ့လက်ကိုမိထားပြီ ဟေ့နင်ဘယ်သူလဲပြော
မပြောရက်သံလျက်နဲ့ ပိုင်းလိုက်မယ် ”
ဒီတော့ မှထမင်းဝင်စားနေတဲ့ ဘီဘူးမက
” မသတ်ပါနဲ့ ဒီနယ်မှာ လည့်လည်ကျက်စားနေတဲ့ စန္ဒမုက္ခိဘီလူးမပါ ” အစာဆာလွန်းလို ၀င်စားမိတာပါ
ခွင့်လွှတ်ပါ မသတ်ပါနဲ့လို့တောင်းပါတယ် ”
” ကျွန်တော်မ အသက်ကိုချမ်းသာပေးပါ အသင်တို့ နှစ်ယောက်အလိုရှိတာကိုပြောပါရအောင်
လုပ်ပေးပါမယ် ”
လိုပြောတယ်၊ဒီတော့ မင်းသားနှစ်ပါက
” ဒို့နှစ်ယောက်ရဲ့ စက္ကုနှစ်ကွင်းအလင်းရအောင်ကုစားပေးနိုင်ရင်အသက်ကိုချမ်းသားပေးမယ်
လို့ဆိုတော့ ”
ဘီလူးမက စက္ကုနှစ်ကွင်းအလင်းရအောင်ကုပေးပါမယ်လို့ဂတိခံလိုက်တယ် ၊
ဒီအခါမှာ ညီနောင်နှစ်ယောက်က ကောင်းပြိး စက္ကုနှစ်ကွင်းအလင်းရအောင်ကုပေးရင်အသက်ချမ်းသာ
ပေးမယ်ဆိုပြိးလွှတ်ပေးလိုက်တယ်၊

ဘီဘူးမလဲ သူ့ဂတိအတိုင်း မင်းသားညီနောင်နှစ်ပါးရဲ့မျက်စိကို ကုပေးတယ်။
ဘီလူးမလဲဖေါက်ပေါ်မှာလိုက်တာပြီး၊မင်းသားနှစ်ပါးရဲ့ မျက်စီကိုကုပေးတယ်၊ဘီလူးမမျက်စိ စပြိးကုပေးတဲ့နေရာ ကို စကု လို့ ခေါ်တယ်၊ ( အခု ဧရာဝတီမြစ်ဘေးကစကုမြို့ နေရာပေါ့ကွဲ့  )
အဲနောက်ပြီး မျက်စိ နှစ်ကွင်းစလင်းသွားတဲ့နေရာကိုတော့ စလင်း လို့ခေါ်တယ် ၊ အခုဧရာဝတီ
ဖြစ်ကမ်းဘေးမှာရှိတဲ့ စလင်းမြို့  ပေါ့ကွဲ့ ဒါဆို ဒီအဖြစ်အပျက်တွေက တကယ့်အဖြစ်အပျက်တွေပေါ့နော် အဘိုး အေးပေါ့ ကွဲ့  မင်းသားတို့ ရဲ့  ဖေါင်ဟာ အစဉ်အတိုင်းမျောလာလိုက်တာ ယခုအခါ ပြည်မြို့အနီး ကုန်းတလင်း ခေါ်တဲ့ အရပ်မှာ ဆိုက်တယ် ၊

မင်းသားတို့ဖေါင်ကမ်းကိုဆိုက်တော့ရေစပ်မှာဘူးတောင်းအခြောက်က လေးတွေကိုရေထဲနှစ်ပြီးရေခပ်နေတဲ့ မိန်းမပျိုလေးတယောက်ကိုတွေ့တယ်၊ သူ့ဘေးမှာလဲ သမင်ကလေးတွေ အများကြီးဝိုင်းပြီး ကူပေးနေသလိုဘဲ၊ မိန်းမပျိုလေးဟာဘူးသီးခြောက် ဘူးတောင်းလေးတွေကို ရေထဲနှစ်ထားခဲ့ပြိး ၊သမင်ကလေးတွေနဲ့ဆော့ကစားနေတယ်၊ သူ့ ခေါင်းမှာလဲ ကိုယ်တိုင်သီထားတဲ့ သစ်ခက်ပန်းကလေးတွေ စည်းထားတယ်၊ခါးမှာတော့စည်းထားတဲ့ ပုဝါကမလုံတ၀က်- လုံ၀၀က်သမင်ကလေးတွေလို ခုန်ပျံပြေးလိုက်တဲ့အခါမှာ၊ အတားအဆီးမရှိတဲ့ရွှေရင် အစုံကရွှေရင်သိမ်းသစ်မသိမ်းနှင့် ပျိုမြစ်နုနွယ်ချစ်စဘွယ်ကလေးပေါ့၊

ဖေါင်ပေါ်ကနေ မဟာသမ္ဘ၀ငေးပြီးကြည့်နေတယ်၊မျက်စိနှစ်ကွင်းအလင်းရပြီး တဲ့နောက် ဒီအဆင်းနဲ့ ဒီမြင်ကွင်းဟာသူ့ရဲ့အသဲနှလုံးကိုကထမဆုံးဖမ်းစားလိုက်တဲ့မြင်ကွင်းဘဲ၊ မဟာသမ္ဘ၀ မင်းသားက ရင်သပ်ရှုမောနဲ့ အံ့သြစွာနဲ့မုတုန်မလှုတ်ကျောက်ရုပ်လိုဖြစ်နေတယ်။ သမင်မက မွေးတဲ့ သမီးကလေးလို့မပြောဘဲနဲ့တောင်သိနိုင်တယ်၊ မျက်ဝန်းအစုံက ကြည်လင်တောက်ပပြီး ရွှန်းရွှန်းမြမြတောက်ပနေတယ၊် အပြေးကလဲမြန်အခုန်ကလဲသန် အပြေးအလွှား အဆော့အလွန်  ကောင်းလွန်းတော့ သမင်ငယ်ကလေးတကောင်ကိုတိုက်မိပြီး ၊မှောက်လျက်လဲပါလေရော ကျားရှေ့မှခြေချော်လဲဆိုသလို -ကျောက်ရုပ်လိုငေးကြည့်နေတဲ့-မဟာသမ္ဘ၀ရှေ့ကို မှမှောက်လျက်လဲ ဟပ်ထိုးကျသွားပါလေရော၊

” ဟောတော့ ”
” အို - နှမငယ် ”
” ဘိုတို - လုပ်ပါအုံး - အမလေး ”
မင်းသားလေးက အထိပ်တလန့်ဖြစ်ပြိး ရုတ်တရက်ဖက်ထားလိုက်မိတယ်
ဘေဒါရီ ကလဲ လန့်ပြီးအော်လိုက်တယ်
ဘေဒါရီနဲ့ မင်းသားလေးတို့ရဲ့ အသံကြောင့်သမင်ကလေးတွေလန့်ပြီးထွက်ပြေးကုန်တယ်
” လွှတ်ပါ ရှင်ဘယ်သူလဲ ”
” အကျွန်ုပ် ဘာ လုပ်လို့လဲ ”
” ရှင် ကျမကို ဖက်ထားတယ်လေ ” လွှတ် - လွတ်ပါ ”
” အော် ဟုတ်သားဘဲ -- နှ မ ကဘယ်သူလဲ ဟင် လူလား နတ်သမီးလား ဘီလူးလား ”

” ဟင့် အင်း မသိဘူး ”
” အို မသိဘူး - လူလား နတ်လား ဘီလူးလား မသိဘူး ”
” ဟုတ်တယ် မသိဘူး ”
“ ဟို မြစ်ထဲမှာ ဘာတွေ နှစ်ထားတာလဲ နှမ ”
” ရေခပ်နေတာလေ - အဖခပ်ခိုင်းထားတာ ”
” အော် ခမည်းတော်ရှိတယ်ပေါ့ ဟုတ်လား ”
” ဘာ- ခမည်းတော်လဲ မသိဘူး အဖလေ အဖ ရသေ့လေ ”
” မောင်တော် သွားတွေ့လို့ရမလား - ”
” ဘာလဲ မောင်တော် ဆိုတာ ” မသိဘူး
သမင်မမျက်လုံးလို ရွှန်းရွှန်းစားစား အကြည့်နဲ့ ကြည့်နေတဲ့ ဘေဒါရီ ရဲ့ မျက်လုံးက
မဟာသမ္ဘ၀ရဲ့  နှလုံးသားကိုမေ့မြောသွားမလားအောင်ဖမ်းစားနေသလား အောင့်မေ့ရတယ် ။

” တွေ့ ပြိး ဘာလုပ် မလို့လဲ - ”
” တွေ့ ပြီး နှမလေး အကြောင်းမေးချင်လို့  ”
” အခု သွားလို့ မရသေးဘူး ရေမပြည့်သေးဘူး ရေပြည့်မှ ”
” လာ မောင်တော် သွားကြည့်မယ် ဘယ်မှာလဲရေဖြည့်ထားတာ ”
” ဟိုမြစ်ဆိပ်မှာပေါ့ ”
ဘေဒါရီ က မဟာသမ္ဘ၀ ကိုလက်ဆွဲပြီး မြစ်ဆိပ်ကိုခေါ်သွားတယ် - မြစ်ထဲနှစ်ထားတဲ့ဖူးးတောင်း
ကလေးတွေကိုဆယ်ကြည့်တယ် ၊
” ဒီမှာတွေ့လား မပြည့်သေးဘူး စောင့်ရအုံးမယ် ”
ဖူးသီးခြောက် မှာ အပေါက်ကလေး သေးသေးလေးတွေကိုဖေါက်ထားတာတွေ့တော့မဟာသမ္ဘဝ
ကရီတယ် ၊



” ဟား ဟား ဟား ဖူးတောင်းတွေက နားမထွင်းရသေးဘဲကိုး ”
ရေကဘယ်ပြည့်ပါ့မလဲ - ကဲမောင်ကြီး လုပ်ပေးမယ် ”
လို့ပြောပြီးဖူးတောင်း ကလေးတွေကိုယူပြီး သူ့မှာပါလာတဲ့ သံလျက်နဲ့အပေါက်တွေကိုချဲ့ လိုက်တယ်၊
” ဟယ် ဟယ် မလုပ်နဲ့ အမလေး - မလုပ်နဲ့ ”
” အို နှမ ကလဲ ဒီမှာ ကြည့် ”
ဆိုပြီ ရေထဲနှစ်လိုက်တယ် ရေတွေခဏလေးပြည့်သွားတယ်
”ဟောတော့ “ မောင်ကြီးဘယ်လိုလုပ်လိုက်တာလဲ ရေတွေပြည့်သွားပြိ ”
” ကဲလာ သွားလို့ရပြီ အဖ ရသေ့ဆီသွားလို့ရပြီ ”
ဘေဒါရီ ကလေးက ရေဖူးတွေကို သမင်လေးတွေရဲ့ ကျောဖေါ်မှာ တဘက်တချက်တွဲလောင်းကလေး
တွေတင်လိုက်တယ် -
” လာ သွားမယ် ”
ဆိုပြိးမဟာသမ္ဘ၀ကိုလက်ဆွဲပြိးရသေ့ကြီးရှိတဲ့ကျောင်းသင်ခန်းဆီကိုခေါ်သွားတယ်။
” ဟာ -နေအုံး အဘိုး ဟို သူ့ ညီ စူဠသမ္ဘကော မခေါ်ဘူး လား ”
အေး နေအုံးပြောမယ် သူက ဖေါင်ပေါ်မှာ စန္ဒမုက္ခိဘီလူးမနဲ့ ကျန်ခဲ့တယ်၊ နောက်တော့လိုက်လာမှာ
ပေါ့ ၊

” အော် သိပြီ သူတို့ က တဇာတ်လမ်းလား ”
” အေး ဟုတ်တယ် နောက်တော့မှ ပြောပြမယ် ”
” အင်း မြန်မာ့သမိုင်းထဲမှာ လဲ လူနဲ့  ဘီလူးနဲ့  လူနဲ့ သမင်ကမမွေးတဲ့ မိန်းခလေး နဲ့ စုံနေတာဘဲနော် ”
” အေး ဟုတ်တယ် ”
” အဲ ဒါနဲ့ သူတို့ နှစ်ယောက် ရသေ့ကြီးကျောင်းရောက်တော့ ဘာဆက်ဖြစ်သလဲ အဘိုး ”
” ဟဲ့  ဟဲ့  ဘေဒါ နင့် ဖူး ဘယ်သူချဲ့ လိုက်သလဲ ”
အေး ရသေ့ကြီးက ဘေဒါရီ ရေဖူးတွေရေပြည့်ပြီး ပြန်လာတာ စောနေတော့ လန့် ပြီးအော်
ပြောလိုက်တာပေါ့ ၊ နောက်မှာ လဲ မင်းသားတပါး ပါလာတယ်လေ ၊
အဲဒါနဲ့ မင်းသားကိုအကျိုးအကြောင်းမေးကြည့်တော့ ၊ မင်းသားကသူတို့ ဟာတကောင်းပြည်ကဘုရင်
ကြီးသတိုးမဟာရာဇာမင်းနဲ့မယ်တော်နာဂဆိန်မှမွေးတဲ့သားတော်တွေဖြစ်တယ်၊မဟာသမ္ဘ၀နဲစူဠသမ္ဘဝ
တယ်၊ငယ်စဉ်ကမျက်စိမမြင်လို့ဖေါင်နဲ့ မျှောလိုက်တာကိုပြောပြတော့ ၊
ဒီတော့ ရသေ့ကြီး က
” အော် အသင်တို့ မင်းသားနှစ်ပါးဟာ ငါ့ရဲ့  အမတော် နာရဆိန်က မွေးတဲ့ ငါတူတော်တွေဘဲ ”
လို့ပြောတယ် ၊

အဲဒီအချိန်မှာ ရသေ့ကြီးကို အနီးကပ်ပူဇော် နေတဲ့ သကျအင်းအရပ်က ပျူမင်းသမီးနန်းခန်း
ဆိုတာလဲ ရှိတယ် ၊ ပျူတွေမင်းပြုနေတဲ့အရပ်ပေါ့ ( အခုပြည်မြို အရှေ့ ဘက်မှာရှိတယ် ) ။
ရသေ့ကြီးက နိုင်ငံတခုထူထောင်ဘို့ပြည့်စုံနေတဲ့အတွက် သရေခေတ္တရာပြည်ကြီးကို တည်ထောင်ပေး
လိုက်တယ် ၊ မဟာသမ္ဘ၀ သရေခေတ္တရာ ထီးနန်းကို စတင်စိုးစံတော့ ပျူမင်းသမီး ခင်နန်းနဲ့
 ဘေဒါရီတို့ကိုမိဖုရား မြောက်လိုက်တယ်၊အဲဒီအချိန်ဟာသာသနာတော်သက္ကရဇ် နှစ် ၆၀ ၊မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးနှစ် ပေါင်း ၆၀ ပေါ့ ကွယ် ။

ဘေဒါရီ ဟာ သရေခေတ္တရာရဲ့  ကထမဆုံးပြည့်ရှင်ဘုရင်မလေးပေါ့ကွယ် ၊ မဟာသမ္ဘ၀ နဲ့ ရတဲ့ ကိုယ်ဝန် ရ လ ရတဲ့အချိန်မှာ မဟာသမ္ဘ၀ နတ်ရွာစံတယ် ၊ စူဠသမ္ဘ၀ ဆက်ပြီး နန်းစံတယ် ၊ မဟာသမ္ဘ၀ နဲ့ 
 ဘေဒါရီ တို့ က မွေးလာမဲ့ မင်းသားလေးက သရေခေတ္တာပြည်ကြီး ကို ထွန်းကားအောင်ဆက်လက်
တည်ထောင်လိုက်တဲ့ ဒွတ္တဘောင်မင်းဘဲ ကွဲ့ ၊ သရေခေတ္တရာ မင်းဆက်ပေါင်း( ၂၇ ) ဆက် နှစ်ပါင်း ၅၂၇ နှစ်ကြာတောင်တည်တန့်ခဲ့တယ်၊ သာသာတော်သက္ကရဇ်နှစ် ၆၃၈ ခုနှစ် သုပညာနဂရဆိန္ဒ လက်ထက်မှာ သရေခေတ္တရာပြည်ကြီးပျက် သုဉ်းသွားခဲ့တယ်။

” ပြီးပြိလား အဘိုး ”
” အေး ဒီည အဘို့ တော့ ဒီ မှာဘဲ နားလိုက်မယ် ဟော ကာလသားပြန်ချိန်ကြက်တောင်
တွန်နေပြီ - ငါမြေးတွေလဲ ပြန်အိပ်ကြတော့ ”
” ဒါဆို အဘိုး နောက် တခါ မိုးရွာပြီး လမသာ တဲ့ ည သမီးတို့ ထွက်ဆော့လို့မရနဲ့ ညမျိုးကျရင်
အဘိုးဆီလာခဲ့မယ် အဘိုး စူဠသမ္ဘ၀ နဲ့  စန္ဒမုက္ခိဘီလူးမအကြောင်းဆက်ပြောရမယ် နော် ”
” အေး အေး
မဟာသမ္ဘ၀ နဲ့  ဘေဒါရီ ကမွေးတဲ့ ဒွတ္တဘောင် နဲ့ 
စူဠသမ္ဘ၀ နဲ့ စန္ဒမုက္ခိ ဘီလူးမ တို့ ကမွေးတဲ့ ပန်ထွာဒေ၀ီ တို့ ဇာတ်လမ်းက ပိုစိတ်ဝင်စားဘို့
ကောင်းတယ် လာခဲ့ ကြ ၊ လာခဲ့ကြ ”

မောင်သုည

ကိုးကားသောစာအုပ်များ - နှင့် အင်တာနက်စာမျက်နှာများ
၁ - ဒေါက်တာသက်လွင် - သမိုင်းကပြောသောပုဂံ - ပုဂံကပြောသောမိုင်း
၂ - ဒေါက်တာသန်းထွန်း - ပျူတွေဘယ်ပျောက်သွားလဲ
၃ - မသဇင် - ဘလောက်
၎ - ရှေးမြန်မာ - ဘလောက်

ဂီတကိုလည်း နားဆင်ကြည့်ပါဦး.......


ဧရာဝတီ ရေစီးဂီတသံမြစ်ကမ်းဘေးမှာ
ဒါဟာ ... သီရိခေတ္တရာ ..
ဗေဒါရီ ရေခပ်ချိန် ဆည်းဆာရောင် အနောက်ရိုးမက အို တန့်ကြည့်တောင်တန်း ...


အို .. လွမ်းစမ်း ဂန္တ၀င်
သျှိရီခေတ္တရာ - ရေး/ ဆို - ဖိုးခေါင်
မောင်သုည

Thursday, October 25, 2012

လူချမ်းသာ စိတ်ချမ်းသာ (၄)


 လူချမ်းသာ စိတ်ချမ်းသာ
ဦးနှောက်ကို အပြည့်အဝ သုံးပါ

ချမ်းသာချင်သူသည် ဗေဒင်ဆရာ၊ ဓာတ်ဆရာ၊ နတ်ဆရာ တို့ကို အလွန်အကျွံ အားမကိုးသင့်ပေ။ ငွေကုန်ခံ လူပင်ပန်းခံပြီး မယုံကြည် အားမကိုးသင့်ပေ။ လူအများစုသည် ဗေဒင်ကို ဝါသနာပါကြ၍ လုံးဝကြီးတော့ မကန့်ကွက် လိုပါ။ သာမန် အပျင်းပြေ တော်ရုံ တန်ရုံသာ ကောင်းသည်။ ဗေဒင်သည် ဘုရားဟော မဟုတ်သကဲ့သို့ ဘုရားဟော ထေရဝါဒ ဗုဒ္ဓဘာသာကလည်း လက်မခံပါ။ ဗေဒင်ဟူသည် သာသနာတော်၏ ဆူး၊ ငြောင့်၊ ခလုတ်သာ ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် သာသနာ ကွယ်ရခြင်းသည် ဗေဒင်ဆရာ၊ ဂါထာ၊ မန္တန် ဆရာတို့၏ လက်ချက်ကြောင့်ဖြစ်သည်။ ဗေဒင်ကြောင့် သာသနာ ကွယ်နိုင်သည်ကို အထူး သတိပြုသင့်သည်။

ဘုရားရှင်က “ နံနက်ခင်းမှာ ကောင်းသော ကာယကံ၊ ဝစီကံ၊ မနောကံ များရှိကြလျှင် ကောင်းသော နံနက်ခင်း ဖြစ်သည်။ ကောင်းသော နက္ခတ်နှင့် ယှဉ်နေသည်။ မင်္ဂလာရှိသော နံနက်ခင်းဖြစ်သည်။ နေ့ခင်းသည်လည်း ထို့ အတူပင်ဖြစ်သည် ” ဟု မိန့်တော်မူခဲ့သည်။

ဘုရားရှင်က “ ကိုယ့်ကိုယ်ကိုယ် အားကိုးပါ၊ ကိုးကွယ်ပါ ” ဟု မိန့်တော်မူခဲ့သည်။ အဓိပ္ပာယ်မှာ မိမိ၏ကံ၊ ဥာဏ်၊ ဝီရိယကိုသာ အားကိုးပါဟု ဆိုလိုရင်း ဖြစ်သည်။ မိမိ၏ ကာယကံ၊ ဝစီကံ၊ မနောကံ တွေကို စင်ကြယ်အောင်၊ သန့်ရှင်းအောင်၊ ကောင်းအောင် လုပ်ပါ။ မိမိဥာဏ်ပညာကို ထက်မြက်အောင်၊ ကောင်းအောင် လုပ်ပါ။ မိမိ၏ ဝီရိယ ကို ကောင်းအောင်လုပ်ပါ။ ကြိုးစားအားထုတ်ပါ။ အပင်ပန်းခံ၊ အဆင်းရဲခံလုပ်ပါ။ လက်ရှိမှာလည်း ကံ၊ ဥာဏ်၊ ဝီရိယတို့ ကောင်းနေလျှင် အတိတ်ကံကလည်း ထောက်ပံ့မယ်ဆိုလျှင် ဘယ်ဘုရားမှ လာတား၍မရပါ။ အတိတ်ကံက အားနည်းနေသော်မှ ပစ္စုပ္ပန်ကြိုးစားသလောက် တော့ ခံစားခွင့်ရှိမည်သာ ဖြစ်သည်။ အမှန်စင်စစ် ထိပ်တန်းက ပုဂ္ဂိုလ်ကြီးတို့သည် အတိတ်ကံထည့်၍ စကား မပြောကြပေ။

အလုပ်အကိုင် အဆင်ပြေ၊ ကြီးပွားချမ်းသာ ချင်သူတို့သည်လည်း ဗေဒင်ဆရာဆီကို သွားကြသည်။ အိမ်ထောင်ပြု ချင်သော အမျိုးသား အမျိုးသမီးတို့သည်လည်း ဗေဒင်ဆရာဆီ သွားကြသည်။ ရာထူးတက်ချင်၊ အာဏာတည်မြဲချင် သူတို့သည်လည်း ဗေဒင်ဆ၇ာဆီကို သွားကြသည်။ သို့ဖြစ်၍ ခပ်ကြမ်းကြမ်းဆရာတော် တစ်ပါးက ဗေဒင်မေးတယ်ဆိုတာ ဥစ္စာရူး၊ လင်တရူး၊ အာဏာရူးတွေပါဟု မိန့်ခဲ့သည်။ ရူးမရူး ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ရန် ဖြစ်သည်။

သဘောဥာဏ် ပြည့်ဝသူ ထေရဝါဒဗုဒ္ဓဘာသာကို ခြေခြေ မြစ်မြစ် နားလည်သူ (ထေရဝါဒဗုဒ္ဓဘာသာ စစ်စစ်ဖြစ်သူ) ကံနှင့် အကျိုးကို ပြည့်ပြည့်ဝဝ ယုံကြည်လက်ခံသူတို့သည် ဗေဒင်ကို စိတ်ဝင်စားခြင်း မရှိကြပေ။ ရသေ့စိတ်ဖြေသဘော၊ အပျင်းပြေသဘောလောက်သာ သဘောထားကြသည်။ ဆိုခဲ့သော အရူးလေးမျိုး (တို့ထက် အလွန် ငါးမျိုး ခြောက်မျိုး ရှိချင် ရှိဦးမည်) တို့သာ ဗေဒင် ကို စွဲစွဲလမ်းလမ်း ယုံကြည်ကြခြင်း ဖြစ်သည်။

ထိုအမျိုးမျိုးသော အရူးတို့ဖြင့် ရူးကြသောအခါ မိမိ၏ အသိဥာဏ် အစစ်အမှန်မှာ ပျောက်ကွယ်သွားသည်။ ဘာကြောင့်ပျောက်ကွယ်သည်ဆိုလျှင် မောဟက ဖုံးထားခြင်းကြောင့်ဖြစ်သည်။ ပုထုဇဉ်အရူးဆိုသည့်အတိုင်း ပုထုဇဉ်သည် မောဟ ဖိစီးမှုကြောင့်၊ လောဘလှည့်စားမှုကြောင့်၊ ဒေါသချောက်တွန်းမှုကြောင့် ရူးတော့ရူးနေကြ သည်သာများသည်။ အရူးကြီး အရူးလေးသာ ကွာခြားသည်။ ကိုယ့်ကိုယ်ကိုယ် ရူးမှန်းမသိ ရူးနေကြသူက အများစု ဖြစ်သည်။

လောဘကြောင့် ကြီးပွားရသကဲ့သို့ လောဘကြောင့်လည်း ပျက်စီးရသည်။ လောဘမကင်းသူမှန်သမျှ လိုချင်စိတ် ရှိမည်ဖြစ်သည်။ လောကရေးရာ အတွက် ရချင်စိတ်၊ ပိုင်ဆိုင်ချင်စိတ်၊ လိုချင်စိတ်က ရှိကို ရှိရမည်ဖြစ်သည်။ ယင်းစိတ်မျိုး ရှိမှသာ ကြီးပွားနိုင်မည်။ သို့ရာတွင် မတော်လောဘ မရှိရ၊ မတော်လောဘ သည် ပျက်စီးကြောင်း ဖြစ်သည်။

မဟိစ္ဆတာ - အလိုရမက်များမှု၊ အတြိစ္ဆတာ - အလွန့်အလွန်လိုချင်မှု၊ ပါပိစ္ဆတာ- ယုတ်မာသောလိုချင်မှု။ အလိုဆိုးမှု။ အလိုကြီး အရနည်းဟူသည့် အတိုင်း လောဘသိပ်ကြီးလွန်းလျှင် ရတတ်သည်မဟုတ်။ တော်ရုံ တန်ရုံ သင့်ရုံကိုသာ လိုချင်ရာ၏။ တော်၊ တန်၊ သင့် ဟူသည် မိမိ အနေအထားနှင့် ဖြစ်နိုင်၊ ရနိုင်သော အတိုင်း အတာမျိုးကို ဆိုလိုသည်။ မဖြစ်နိုင်၊ မရနိုင်သော အရာကို တမ်းတမ်းစွဲဖြစ်နေလျှင် ပျက်စီးရန်သာ ရှိသည်။

အလိုဆိုးဟူသည် မိမိမပိုင်ဆိုင်သော လိုချင်စရာမျိုးကို မလိုချင်ရ။ ရအောင် မကြိုးစားရ။ မတော်မတရား နည်းဖြင့် ရယူမသုံးစွဲရ။ မိမိမပိုင်သော လိုချင်စရာမျိုး ဟူရာ၌ သက်ရှိလည်းပါသည်။ သက်မဲ့လည်းပါသည်။ မိမိမပိုင်ဆိုင်၊ သူတစ်ပါးပိုင်ဆိုင်နေသော ထိုအရာမျိုးကို လိုချင်ရမ္မက်ဖြစ်မှုကို အလိုဆိုးဟု ခေါ်သည်။ ထိုအလိုဆိုးသည် ပျက်စီး ကြောင်း တစ်ပါးဖြစ်သည်။ ထိုအလိုဆိုးမျိုး မိမိသဏ္ဍာန်မဖြစ်အောင် ရှောင်ရှား ရသည်။

ချမ်းသာချင်လျှင် ဖြတ်လမ်းကမသွားနှင့်

ကြီးပွားချင်သူသည် ဖြတ်လမ်းမရှာသင့်ပေ။ ဖြတ်လမ်းဟူသည် ပျက်စီးကြောင်း တစ်ပါး ဖြစ်သည်။ စီးပွားရေး ဖြတ်လမ်းက လိုက်သဖြင့် ဘ၀ ပျက်နေသူတွေ များစွာ တွေ့ဖူးသည်။ စီးပွားရေး သာမက ဘ၀ပါ ပျက်သွား သဖြင့် လူညွန့်တုံး ရတော့သည်။ အလျင်လို လမ်းအိုလိုက်ဟု ဆိုခဲ့သည်။ မြန်ချင်လျှင် လုပ်ရိုးလုပ်စဉ်ကိုသာ ဇောက်ချ၍ ဇွဲရှိရှိ လုပ်ကိုင်ရသည်။

အကြံကောင်းလျှင် တစ်ချက် ဟုဆိုသည်။ အကြံကောင်းလျှင် တစ်ချက်တည်းနှင့် ကြီးပွားနိုင်သည်ဟု အဓိပ္ပာယ် ဆောင်သည်။ ထိုအဆိုအား အားမကျသင့်ပေ။ အကြံဥာဏ်က တစ်ချက်ကောင်း ရုံနှင့်မဖြစ်၊ အကြံဥာဏ်က အမြဲ ကောင်းနေရန်လိုသည်။ လူသည် ကံနှင့်ဝီရိယစိုက်၍ အမြဲအလုပ်လုပ်နေရမည်။ အလုပ်လုပ် တိုင်းလည်း အကြံကောင်း ဥာဏ်ကောင်းက ရှိနေမည်သာဖြစ်သည်။

ဂုဏ်တု ဂုဏ်ပြိုင်အရပ်ကို ရှောင်ပါ

ချမ်းသာချင်သူသည် ဂုဏ်တဂုဏ်ပြိုင် အရပ်မျိုးကို မနေသင့်၊ မသွားသင့်၊ မပါဝင်သင့်ပေ။ အချို့ တောမကျ၊ မြို့မကျ ရပ်ကွက်များတွင် ဂုဏ်တု ဂုဏ်ပြိုင်အလွန်များသည်။ အိမ်နီးနားချင်း အမြဲပြိုင်နေကြသည်။ ဘာဟင်း ကို စားမှ၊ ဆေးခန်းတောင် ဘယ်ဆေးခန်းမှ၊ ဆေးရုံဆို ဘယ်ဆေးရုံမှ၊ မီးဖွားတာတောင် ဘယ်ဆေးခန်းမှာ ဖွားမှ၊ ကလေးကျောင်းထားတာ ဘယ်ကျောင်းကိုထားမှ စသည်အမြဲပြိုင်ဆိုင် နေကြသည်။ ပြိုင်ဆိုင်နေ ရသဖြင့် မကုန် သင့်တာတွေ ကုန်ကျကုန်သည်။ ပစ္စည်းတစ်ခုခု မတန်တာ၊ တန်တာ အပထား ဟိုဘက်အိမ်က သုံးလျှင် သုံးရမှ ဆိုတာမျိုး အတော်ပင်ခက်သည်။

စာသင်ကျောင်းဆိုလျှင် ဂုဏ်တု ဂုဏ်ပြိုင်ကျောင်းမျိုး ထားရသော မိဘများတော့ မလွယ်ကူချေ။ အသုံး အဆောင် ပစ္စည်း၊ ကျောင်းမုန်ဖိုးကအစ ဆရာမကန်တော့ တာအထိ အကုန်လိုက်ပြိုင် နေကြသည်။ ကျူရှင် ဆိုလည်း နာမည်ကြီး ကျူရှင်ထားရမှ တရားဝင်သည်။ အားလုံး ပျက်စီးကြောင်းပင် ဖြစ်သည်။

ချမ်းသာချင်လျှင် စီးပွားရေးကိုသာ ဇောက်ချလုပ်

ကြီးပွားချင်သူသည် စီးပွားရေးကိုသာ ဇောက်ချလုပ်ကိုင်ရသည်။ ဘုရားနှင့်စပ်၍ ကြီးပွားအောင် မလုပ်သင့် သကဲ့သို့ ကျောင်းနှင့်စပ်၍လည်း ကြီးပွားအောင် မလုပ်ထိုက်ပါ။ စီးပွားရေးကိစ္စကို စီးပွားရေးကိစ္စ တစ်ကန့်၊ ကျောင်းကန်၊ ဘုရားကိစ္စကို ကျောင်းကန် ဘုရားကိစ္စ တစ်ကန်၊ သူ့အကန့်နဲ့သူ လုပ်ရသည်။ မရောထွေး သင့်ပေ။ ဘာသာတရားကို မှိုင်းမတိုက်သင့်ပေ။

ကြီးပွားချင်လို့ အဓိဋ္ဌာန် ပုတီးစိတ်ခြင်း၊ သက်သတ်လွတ် အဓိဋ္ဌာန်ဝင်ခြင်း၊ ဘုရားကိုးဆူ အဓိဋ္ဌာန်ဝင်ခြင်း၊ ဓာတ် ယောင်ယောင်၊ နတ်ယောင်ယောင်၊ သိုက်ယောင်ယောင်၊ နန်းယောင်ယောင်၊ ဂြိုဟ်ပြေ နံပြေ၊ ယတြာချေနှင့် ဂါထာ မန္တရား ရွတ်ဖတ် ပွားသည်များကို စွဲလမ်းယုံကြည်စွာ မလုပ်သင့်ပေ။ ပိုက်ဆံလိုချင်လျှင် ပိုက်ဆံလက်ထဲ ရောက်အောင်သာ ရှာရသည်။ အခြားအရာများ မရှာကောင်းပေ။

ကြီးပွားချင်လျှင် စီးပွားရေးကိုသာ ဇောက်ချလုပ်။ ဘာသာရေးကိစ္စများ လိုသည်ထက် မပိုသင့်။ လူသည် လူနှင့် သာတူအောင် လုပ်ရန်လိုသည်။ ဘုန်ကြီးနှင့် တူအောင် လုပ်ဖို့မလို။ လူသည် လူ့အလုပ်ကိုသာ လုပ်ရ သည်။

ဘာသာရေးကိစ္စက အပေါ်ယံကြော အကာပိုင်းနှင့် အတွင်းသား အနှစ်သာရပိုင်း ဟူ၍ နှစ်မျိုးရှိသည်။ ဘာသာရေး နှင့် ဆက်နွှယ်သော ဘုရားပွဲများ၊ အခြားအလှူအတန်း အခမ်းအနားများ၊ ဘုရားဆင်းတု၊ ဘုရား စွယ်တော် စသည်များကို ဟိုပင့်၊ သည်ပင့်ကိစ္စများ၊ ဘုရားတည်ခြင်း၊ ဘုရားပြင်ခြင်း ကိစ္စများ၊ ဂုဏ်ပြု ပူဇော်ပွဲများ၊ ဘာနေ့ ညာနေ့ စသည့်အခမ်းအနား များသည် အပေါ်ယံကြော အကာကိစ္စ များသာ ဖြစ်သည်။ ထိုကိစ္စများသည် အတိုင်းအတာနှင့်သာ ကောင်းသည်။ သိပ်မများသင့်ပေ။

ဘုရားဆင်းတု အမျိုးမျိုးနှင့် စေတီပုထိုးများသည် သာသနာ မဟုတ်သကဲ့သို့ ဘုရားထုခြင်း၊ ဘုရားတည်ခြင်း၊ ဘုရားပြင်ခြင်း စသည့်ကိစ္စ တို့ကို ဆောင်ရွက်ခြင်းသည်လည်း သာသနာပြုသည်ဟု မခေါ်နိုင်ပေ။ စင်စစ် သာသနာ ဟူသည် ဘုရား၏ အဆုံးအမဖြစ်သည်။ ဘုရား၏ အဆုံးအမသည် ပိဋကသုံးပုံရှိသည်။ ဘုရား၏ အဆုံးအမတော် ပိဋက စာပေများကို ပို့ချခြင်း၊ သင်ယူခြင်း၊ ဟောပြခြင်း၊ ပြသခြင်း၊ ကျင့်ကြံအားထုတ် ခြင်းသည်သာ သာသနာပြုသည် မည်သည်။

သာသနာပြုသည်ဟူသည် မိမိသန္တာန်တွင် သာသနာရှိမှ ပြုလို့ရသည်။ မိမိသန္တာန်၌ သာသနာမပါဘဲ သာသနာပြုလို့ မရနိုင်ပေ။ မိမိ၏ ဖယောင်းတိုင်မှာ မီးတောက်ရှိမှ တခြား ဖယောင်းတိုင်ကို မီးကူးလို့ရသည်။ မိမိ ဖယောင်းတိုင်မှာ မီးမရှိပါဘဲ တခြားဖယောင်းတိုင်ကို မီးကူးလို့ မရနိုင်ပေ။ တိုးတက်ကြီးပွားဖို့ ဆိုလျှင် သဘာဝ ကျကျ တွေးတတ် မြင်တတ်ဖို့၊ သိတတ်ဖို့၊ လိုက်နာ ကျင့်သုံးတတ်ဖို့ လိုပါသည်။

သာသနာပြု မြတ်ကောင်းမှု
သီလသာသနာ၊ သမာဓိသာသနာ၊ ပညာသာသနာ ဟု သာသနာသုံးရပ်ရှိသည်။ သီလအကျင့်ကို ကိုယ်ကိုယ်တိုင် ကျင့်သုံးခြင်းသည် ကိုယ့်ကိုယ်ကိုယ် သာသနာ ပြုခြင်းမည်ပါသည်။ သမာဓိရအောင် တရားထိုင်ခြင်းသည် မိမိကိုယ်ကို သာသာနာပြုခြင်း မည်ပါသည်။ သူတစ်ပါးအား တရားထိုင်ဖို့ တိုက်တွန်းခြင်းသည် သာသနာပြုခြင်း မည်ပါသည်။ ၀ိပဿနာပညာ စသည်များ ရရှိအောင် ၀ိပဿနာ အလုပ် အားထုတ်ခြင်းသည် မိမိကိုယ်ကို သာသနာပြုခြင်း မည်ပါသည်။ 
 
သူတစ်ပါးအား ၀ိပဿနာအလုပ် အားထုတ်ဖို့ တိုက်တွန်းခြင်းသည် သူတစ်ပါးအား သာသနာပြုခြင်း မည်ပါသည်။ ဘုရားရှင်က ဒါနအမှုပြရမည်ဟု မိန့်တော်မူသဖြင့် ဒါနအမှုပြုခြင်း၊ ပြုစေခြင်း သည်လည်း သာသနာပြုသည်သာ ဖြစ်ပါသည်။ သို့ရာတွင် ယင်းဒါနသည် သီလ၊ သမာဓိ၊ ပညာ ကို အားပေးသော ဒါနဖြစ်မှသာလျှင် သာသနာပြုဒါန ဖြစ်နိုင်ပါသည်။ ကြောက်လို့လှူခြင်း၊ မကောင်းတတ်လို့ လှူခြင်း၊ ဘာမှန်းမသိလှူခြင်း၊ တစ်ခုခု မျှော်လင့်ချက်ဖြင့် လှူခြင်းတို့သည် သာသနာပြု ဒါန မဖြစ်နိုင်ပေ။

ယခုခေတ်ကာလ သာသနာပြု ဘုရားဖူးအဖွဲ့၊ သာသနာပြုစခန်း၊ ဘာသာသနာပြု၊ ညာသာသနာပြု ဖြင့် သာသနာပြု ဆိုသော ဧရာမနာမည်ကြီးကို ဖောဖောသီသီ လှိုင်လှိုင်ကြီး သုံးစွဲလျက်ရှိပါသည်။ သီလ၊ သမာဓိ၊ ပညာ အတွက် ရည်စူးတာ ဟုတ်ပါရဲ့လား။ မိမိလုပ်ငန်းကြောင့် သီလ၊ သမာဓိ၊ ပညာ တရားတွေ အဘယ်မျှ တိုးတက်သွားပါသလဲ။ သေချာစွာ စစ်ကြောရန် လိုမည်ဖြစ်ပါသည်။


(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။

Wednesday, October 24, 2012

ဘဝ အခွင့်အရေး

 
 ဘဝ အခွင့်အရေး
 
တစ်ခါတုန်းက လူတစ်ယောက်ဟာ တစ်ညမှာ နတ်မင်းကြီးတစ်ပါးနဲ့ ကြုံခဲ့တယ်။ နတ်မင်းကြီးက လူငယ်ကို အပြောင်းအလဲတစ်ခု သူ့ကိုယ်ပေါ်ကျရောက်နိုင်ကြောင်း၊ သူ့မှာသူဌေးဖြစ်နိုင်တဲ့၊ ရာထူးအရှိန်အဝါတွေ ကြီးမြင့်နိုင်တဲ့၊ လှပတဲ့ဇနီးတစ်ဦး ပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေးတွေ အများကြီးရှိကြောင်း ပြောခဲ့တယ်။

လူငယ်က နတ်မင်းကြီးပြောခဲ့တဲ့အတိုင်း ထူးခြားတာတွေ သူ့အပေါ်ကျရောက်မယ့်နေ့ကို စောင့်နေခဲ့တယ်။ ဒါပေမယ့် နှစ်လရာသီတွေသာ ပြောင်းသွားတယ်။ သူ့ဘဝဘာမှ မထူးခြားခဲ့ဘူး။ အဲဒီလို တစ်ယောက်တည်း တစ်သက်လုံး ဆင်းဆင်းရဲရဲနဲ့ ကွယ်လွန်သွားခဲ့ရတယ်။

ကွယ်လွန်ပြီးနောက် နတ်မင်းကြီးနဲ့တွေ့ခဲ့ပြန်တယ်။ နတ်မင်းကြီးကိုတွေ့တာနဲ့ သူက "က.... ကကကအခုတော့ ကျွန်တော်တစ်သက်လုံး စောင့်နေခဲ့တာ ဘာမှလည်းမရခဲ့ဘူး" လို့ ပြောတယ်။

အဲဒီအခါ နတ်မင်းကြီးက "အသင်ကို သူဌေးဖြစ်နိုင်တဲ့၊ ရာထူးရနိုင်၊ ဇနီးချောချောရနိုင်တဲ့ အခွင့်အရေးပေးမယ်လို့ပဲ ပြောခဲ့ပါတယ်။ ဒါပေမယ့် ခင်ဗျားက ဒီအခွင့်အရေးတွေကို လက်လွတ်ခဲ့တယ်" လို့ ပြောတော့ လူငယ်က "အရှင်နတ်မင်းပြောတာကို ကျွန်တော်သဘောမပေါက်ဘူး" လို့ဆိုတယ်။

နတ်မင်းကြီးက ဆက်ပြီးပြောပြန်တယ်။

"တစ်ခါတုန်းက ချမ်းသာနိုင်တဲ့ အခွင့်ကောင်းတစ်ခုကို အသင်ရခဲ့တယ်မဟုတ်လား? ဒါပေမယ့် အသင် မလှုပ်ရှားခဲ့ဘူး။ ဆုံးရှုံးမှာကိုကြောက်ပြီး အသင်သွားမစမ်းသပ်ခဲ့ဘူး။ ဒါကို တစ်ခြားတစ်ယောက်က မကြောက်မရွံ့နဲ့ သွားလုပ်ခဲ့တယ်။ အဲဒီလူဟာ ကက က.... ! ကက အိမ်တော်တော်များများ ပြိုကုန်တယ်။ လူတွေအများကြီး ပိတ်မိနေကြတယ်။ လူတွေကိုကယ်တင်၊ ကူညီနိုင်တဲ့ အခွင့်အရေး အသင်မှာရှိပေမယ့် အသင်သွားမကူညီခဲ့ဘူး။ အသင်မရှိတုန်း အသင့်အိမ်ကို သူခိုးဝင်မှာစိုးတယ်၊ လုယှက်မှာစိုးတယ်ဆိုတဲ့ ဆင်ခြေတွေနဲ့ မျက်စိရှေ့ကအဖြစ်တွေကို အသင်မျက်စိမှိတ်ရှောင်လွဲခဲ့ပြီး ကိုယ့်အိမ်ကိုပဲ စောင့်နေခဲ့တယ်"

နတ်မင်းကြီးရဲ့စကားကို လူငယ်ကဟုတ်မှန်ကြောင်း အားနာပါးနာနဲ့ ခေါင်းညိတ်တယ်။

"လူတွေကို ကယ်တင်၊ ကူညီနိုင်တဲ့အခွင့်အရေးက အသင်ကိုရော၊ အသင့်မြို့ကိုပါ ဂုဏ်တက်စေနိုင်ပေမယ့် အသင်လက်ရှောင်ခဲ့တယ်။ ပြီးတော့ ဆံပင်နက်မှောင်တဲ့ မိန်းမပျိုငယ်လေးတစ်ယောက်ကို အသင်မှတ်မိသေးလား! အဲဒီကောင်မလေးက အသင့်ကို အစွဲလမ်းကြီး စွဲလမ်းစေခဲ့တယ်လေ။ သူကလွဲရင် အသင်ဘယ်သူကိုမှ မချစ်ဘူးလို့ ဆုံးဖြတ်ထားပေမယ့် အသင်ဖွင့်မပြောရဲခဲ့ဘူး။ ဖွင့်ပြောရင်လည်း အသင်ကို သူချစ်လာနိုင်မှာမဟုတ်ဘူး။ လက်ထပ်ဖို့ဆို ပိုဝေးတယ်လို့ အသင်ထင်ပြီး အငြင်းဆန်ကိုခံရမှာကြောက်တာနဲ့ အသင်ဖွင့်မပြောခဲ့ဘူးလေ။ အခွင့်ကောင်းတွေကို အသင်ဘေးကနေ တိတ်တဆိတ် အသင်ဖြတ်ကျော်စေခဲ့တာပဲ မဟုတ်လား!"

နတ်မင်းကြီးပြောသမျှကို လူငယ်က ခေါင်းတညိတ်ညိတ်နဲ့ ဝန်ခံနေခဲ့တယ်။ သူ့မျက်လုံးအိမ်မှာလည်း မျက်ရည်တွေဝဲနေခဲ့တယ်။

".. ကက အသင်မှာရှိပေမယ့် အဲဒီအခွင့်အရေးတွေကို ခင်ဗျားလက်လွတ်ခဲ့တယ်"

ကျွန်တော်တို့ရဲ့ နေ့ရက်တွေမှာလည်း အခွင့်အရေးတွေနဲ့ လည်ပတ်နေပါတယ်။ အဲဒီအခွင့်အရေးတွေထဲမှာ အချစ်၊ အလုပ်အကိုင်၊ ရာထူး၊ စည်းစိမ်ဥစ္စာတွေ ပါနိုင်ပါတယ်။ ဒါပေမယ့် လူအများက ကြောက်တဲ့စိတ်နဲ့ ရှေ့တိုးမယ့်ခြေလှမ်းကို ရပ်တန့်လိုက်တတ်ကြပြီး အခွင့်အရေးကို လက်လွတ်လိုက်တတ်ကြတယ်။

အငြင်းဆန်ခံရမှာကိုကြောက်ပြီး လူတွေနဲ့ ကျွန်တော်တို့ မဆက်ဆံရဲခဲ့ကြဘူး။
အလှောင်ခံရမှာကိုကြောက်ပြီး လူတွေနဲ့မပြောဆိုရဲ၊ ထုတ်ဖော်မပြောရဲခဲ့ဘူး။
ဆုံးရှုံးရမှာကိုကြောက်ပြီး တစ်ပါးသူအတွက် မပေးဆပ်ရဲခဲ့ကြဘူး။မအောင်မြင်မှာကိုကြောက်ပြီး သွားမစမ်းသပ်ရဲခဲ့ကြဘူး။

ဒီလိုနဲ့ အခွင့်အရေးတွေက ကျွန်တော်တို့အပါးကနေ တိတ်တဆိတ် ဖြတ်ကျော်သွားခဲ့ကြတယ်။

မူရင်း-- http://share.youthwant.com.tw

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Tuesday, October 23, 2012

ပညာရေးနှင့်ဆိုင်တဲ့ သမိုင်းစာမျက်နှာများကို ပြန်လှန်၍သုံးသပ်ခြင်း

 ပညာရေးနှင့်ဆိုင်တဲ့ သမိုင်းစာမျက်နှာများကို ပြန်လှန်၍သုံးသပ်ခြင်း
 
မြန်မာနိုင်ငံတော်ကြီးသည် သမိုင်းခေတ်များစွာကို ကျော်ဖြတ်ခဲ့ရ၍ နွမ်းနွမ်းနယ်နယ်ဖြစ်နေချိန်ဝယ်…။ ဒီမိုကရေစီအလင်းတန်းကို တွေ့မြင် ကြရတဲ့ ပြည်သူ၊ ပြည်သားများဟာ ရှင်သန်ထမြောက် လာကြသူများပမာ အားသစ်၊ အင်သစ်တွေနှင့်အတူ နိုင်ငံအတွက်၊ လူမျိုးအတွက်၊ ဘာသာ သာသနာအတွက် တိုးတက်အောင် ဆောင်ရွက်လိုတဲ့စိတ်ဓာတ်ခွန်အားတွေ တဖန်မွေးဖွား လာနိုင်ပြီ ဆိုတော့ နိုင်ငံတော်အတွက် ကြိုဆိုနေမိခြင်းပါ။

နိုင်ငံတော်တိုးတက်ကြီးပွားတာကို မြင်လိုသူတွေအတွက် ကြိုဆိုခြင်းဟာ ကောင်းမြတ်တဲ့ မင်္ဂလာတစ်ပါးပါ။ နိုင်ငံသားတိုင်း အပြောင်းအလဲ နှင့်တိုးတက်မှုကို  ဆက်စပ်ကြည့်နိုင်ဖို့ သမိုင်းကိုလေ့လာသင်ကြားသင့်ခြင်းပါ။ တကယ်တော့ နိုင်ငံသားတိုင်း နိုင်ငံတော်ရဲ့ သမိုင်းစာမျက်နှာ များကို ပြန်လှန်၍ ဖတ်ရှုလေ့လာကြည့်ရင် သမိုင်းနှင့်စပ်တဲ့ အကောင်းအဆိုး အကြောင်းအကျိုး အဖြစ်အပျက်တွေကို သင်ခန်းစာယူနိုင်ပြီး၊ သမိုင်းဟောင်းရဲ့ဒဏ်ရာတွေကို သမိုင်းပြောင်းပြီး အစားထိုးနိုင်ခြင်းပါ။ 

သမိုင်းကိုဖတ်ပြီး နာကျည်းစိတ်တွေကို မွေးမြူနေကြမဲ့အစား သမိုင်း ကိုသင်ယူလေ့လာပြီး သမိုင်းကပြောပြတဲ့ လူမျိုးရဲ့တန်ဖိုး၊ လူ့ယဉ်ကျေးမှုရဲ့ဂုဏ်သိက္ခာ၊ သမိုင်း တစ်လျှောက်လုံး ပြည်သူ၊
 ပြည်သားများ ညီညီညွတ်ညွတ် အတူယှဉ်တွဲနေထိုင်ခြင်းဖြင့်ရနိုင်တဲ့ ငြိမ်းချမ်းရေးဂုဏ်ရည်များကို သိနိုင်ဖို့ပါ။ ပညာရေးတက္ကသိုလ် ပါမောက္ခဟောင်း ဦး ထွန်းကြွယ်ကတော့ သမိုင်းနှင့်စပ်ပြီး သုံးသပ်တင်ပြထားခြင်းပါ။ “နိုင်ငံသမိုင်းဟူသည် ပြည်သူ့အကြောင်း၊ ပြည်သူ့လှုပ်ရှားမှုအကြောင်း မှတ်တမ်းကြီး ဖြစ်သကဲ့သို့ ပညာရေးသမိုင်းသည်လည်း ယင်းပြည်သူတို့၏ ပညာရေးလှုပ်ရှားမှု မှတ်တမ်းကြီးပင် ဖြစ်လေသည်။˝

(1) 
စိတ် ၀င်စားစရာပါ။ သမိုင်းဆိုတာ မသိရင် လှည့်စားခံရတတ်ပြီး၊ သိထားရင်တော့ ယုံကြည်ချက်တွေ ခိုင်မြဲလာနိုင်ခြင်းပါ။ သမိုင်းနှင့်စပ်ပြီး နမူနာလေး တစ်ခုလောက်ကို ထုတ်ပြရရင် ဧရာဝတီ သမိုင်းကို လေ့လာတဲ့အခါ မေခနှင့်မလိခ မြစ်နှစ်သွယ်ပေါင်းစည်းရာမှ ဧရာဝတီမြစ်ကြီး ဆိုတာ ဖြစ်ပေါ်လာခြင်းပါ။ ထိုမြစ်ကြီးက တိုင်းပြည်ကို အကျိုးပြုနေလို့ ဧရာဝတီမြစ်ကြီးကို မြန်ပြည်သား တိုင်းက မြတ်နိုး နေခြင်းပါ။ အလားတူတဲ့ သမိုင်းတစ်ခုက  မြန်မာနိုင်ငံရဲ့ပညာရေးသမိုင်းပါ။

 မြန်မာနိုင်ငံရဲ့ပညာရေးသမိုင်းကို အခြေခံကျကျသိဖို့ သမိုင်းစာ မျက်နှာများကို ပြန်လှန်ကြည့်ရှုတဲ့အခါ
 မြန်မာနိုင်ငံရဲ့ပညာရေးသမိုင်းဟာ ဗုဒ္ဓဘာသာနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အတူ ပေါင်းဆုံရာမှ မြန်မာနိုင်ငံပညာရေးသမိုင်းဆိုတာ ပီပြင်လာခြင်းပါ။ မြန်မာနိုင်ငံရဲ့ ပညာရေး သမိုင်း
ကြောင်းကို ကောက်ကြောင်းပြန်၍ကောက်ပြရလျှင် မြန်မာသက္ကရာဇ် ၁၂၃၀ ခု၊ ခရစ်သက္ကရာဇ် ၁ဂ၆၈-ခုနှစ် ထိ မြန်မာနိုင်ငံ၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသာရှိပြီး၊ လူကျောင်း (အစိုးရ စာသင်ကျောင်းမျိုး) ဆိုတာ တစ်ကျောင်းတလေမျှ မရှိသေးကြောင်းကို သမိုင်းစာမျက်နှာ၌ ရှာဖွေတွေ့ရှိခြင်းပါ။ 

(2) 
 မြန်မာနိုင်ငံအောက်ပိုင်းကို အင်္ဂလိပ်တို့သိမ်းပိုက်ပြီး အင်္ဂလိပ်လက်အောက် ကျရောက်ပြီး  နောက်ပိုင်း မှာတော့  ခရစ်သက္ကရာဇ် ၁ဂ၇၃ ခုနှစ်တွင် ဘုန်းတော်ကြီးကျောင်းအရေအတွက်ဟာ (ဂ၀၁) ကျောင်းရှိပြီး၊ လူ ကျောင်း (အစိုးရ စာသင်ကျောင်း) အရေအတွက်မှာ (၁၁၂) ထိ တိုးပွားလာခြင်းပါ။ 

ထိုအစိုးရ စာသင်ကျောင်းများ (လူကျောင်းများ)၌ ၀ိဇ္ဇာ သိပ္ပံအပါအ၀င် လောကီ အတတ်ပညာများကိုပါ သင်ကြားခဲ့၍ အစိုးရစာသင်ကျောင်းများ၌ ကျောင်းသား ဦးရေးများ တနေ့တခြား တိုးပွားလာ ပြီး၊ ပါဠိစာပေ အခြေခံဖြစ်တဲ့ သုတိ (သဒ္ဒါကျမ်းအတတ်)၊ သမ္မုတိ (ဓမ္မသတ်ကျမ်းအတတ်)၊ သင်္ချာ (သင်္ချာအတတ်)၊ နီတိ (နိတိကျမ်းအ တတ်)၊ တိကိစ္ဆာ (ဆေးအတတ်)၊ စတုဗေဒါ (ဗေဒင်လေးပုံအတတ်)၊ ဆန္ဒိသာ (ဆန်းကျမ်းအတတ်) စသည်တို့ကိုသာ သင်ကြားပေးသော ဘုန်းကြီးကျောင်းများ၌ တနေ့တခြား ကျောင်းသားဦးရေများ နည်းပါးလာခြင်းကို သမိုင်းစာမျက်နှာများပေါ်၌ တွေ့ရှိရခြင်းပါ။ 

ထိုကြောင့် ၁၈၉၂ ခုနှစ်တွင် ဘုန်းကြီးတော်ကြီးသင်ပညာရေးကျောင်းများ (၄၆၁၉) ကျောင်းရှိခဲ့ရာမှ တဖြေးဖြေး ယုတ်လျော့လာကာ ၁၉၃၃-၃၄ ခုနှစ် တွင် (၉၂၈) ကျောင်း မျှသာ ရှိတော့ကြောင်းကို တွေ့ရှိရခြင်းပါ။ 

(3)
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် ၁၉၅၂-ခုနှစ်တွင် နိုင်ငံတော်မှ ဘုန်းတော်ကြီးကျောင်း ပညာရေးစီမံကိန်းကို တဖန်အကောင်အထည် ဖော်ခဲ့ပြန်သည်။ ၁၉၅၂ ခုနှစ်မှ ၁၉၅၈ ခုနှစ်တွင်း မှတ်ပုံတင်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း (၅၅၄၅) ရှိခဲ့ကြောင်း သိရခြင်းပါ။ 

(4)
 ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် လူထုပညာရေးဌာန (ပုဂ္ဂလိကကျောင်းများ) ကိုဖျက်သိမ်း၍ ဘကကျောင်းများအတွက်ကိုမူ ဘ-က ဌာန စိတ်ဟူ၍ ပေါ်ပေါက်လာခဲ့သည်။ သို့သော် ၁၉၇၂ ခုနှစ်တွင် ဘ-ကဌာနစိတ်ကို ဖျက်သိမ်းခံခဲ့ရခြင်းပါ။ ၁၉၉၃ ခုနှစ်တွင် ဘုန်းတော်ကြီး ကျောင်းများကို ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။ သို့သော် မူလတန်းအဆင့်၊ အလယ်တန်း အဆင့်မျှကိုသာ သတ်မှတ်ပြဋ္ဌာန်းပေးလျှက် ဖွင့် လှစ်ပေးခဲ့ခြင်းပါ။ 

(5) 
 ဤသို့ဖြင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (ဘကကျောင်း) များ၏ လောကဓံ ဒီလှိုင်းသည် ခေတ်စနစ်၏ ရေစီး ကြောင်းနှင့်အတူ နိမ့်တုံမြင့်တုံ ဖြစ်ခဲ့ရခြင်းပါ။ ရှေးခေတ်၊ ရှေးအခါက အစဉ်အလာကြီးမားခဲ့သော မြန်မာဘုန်းတော်ကြီးကျောင်း ပညာရေးသမိုင်းကို ပြန်လည်ဆန်းစစ် ကြည့်လျှင် မြန်မာ ရှင်ဘုရင်များ တိုင်းပြည်ကို စိုးမိုးအုပ်ချုပ် မင်းလုပ်ခဲ့ကြတဲ့အချိန်မှစ၍၊ (အနော်ရထာမင်းလက်ထက်မှစ၍) ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများသည် မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းနှင့် တက္ကသိုလ်ကျောင်းများအသွင် တည်ရှိနေခဲ့ကြခြင်း ပါ။ 

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများဟာ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့အတွက် ခေတ်အဆက်ဆက်၊ သမိုင်းအဆက်ဆက် နိုင်ငံ တော်ရဲ့ပညာရေးကဏ္ဍကို ဦးဆောင်နိုင်ခဲ့ကြခြင်းပါ။ အကျိုးဆက်အနေနှင့် ထိုထိုသို့သောအခြေအနေတွေကြောင့် မြန်မာနိုင်ငံဆိုတာ ယနေ့ခေတ်အထိ ဆက်လက်တည်ရှိနေခဲ့ခြင်းပါ။ ဒါဟာ သမိုင်းကပြောတဲ့ ဘုန်းကြီးကျောင်းများရဲ့ ပညာရေးသမိုင်းသက်သေများပါ။
မြန်မာနိုင်ငံ၌ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၏အရေးပါမှုကို သမိုင်းပညာရှင်များ သိထားကြသော်လည်း ယနေ့မျက်မှောက် ခေတ်၌ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၏ အခက်အခဲများကို သမိုင်းရှင်များ သိချင်မှသိနိုင်မှာပါ။ 

ပညာသင်ကြားရေးနှင့်ပတ်သက်၍ အစိုးရကျောင်းများနှင့် တန်းတူရည်တူ အခွင့်အရေးများ မရခဲ့ကြသောကြောင့် အခက်အခဲများစွာကို ကျော်ဖြတ်ရင်း ယနေ့မျက်မှောက်ခေတ် အနေအထားနှင့် ရပ်တည်နိုင်အောင် ဘုန်းတော်ကြီးများအတော်ကို ရုန်းကန်နေရခြင်းပါ။
မြန်မာနိုင်ငံရယ်လို့ တည်ရှိဖြစ်ပေါ်လာခဲ့တဲ့အချိန်ကစပြီး သမိုင်းတစ်လျှောက်လုံး လူမျိုးကို ဦးဆောင်နိုင်ခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၏ အရေးပါအရာရောက်မှုကို အင်္ဂလိပ်များပင် သိရှိခဲ့ခြင်းပါ။ 

 အင်္ဂလိပ်အုပ်ချုပ်သည့်ခေတ်၌် မြန် မာနိုင်ငံတွင် ပထမဦးဆုံး မဟာဝန်ရှင်တော်မင်းကြီးဖြစ်လာခဲ့တဲ့ ဆာအာသာဖယ်ယာဟာ ခရစ်နှစ် ၁ဂ၆၆ ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၂၅ ခုနှစ်) တွင် ဘုန်းတော်ကြီးသင် ပညာရေးကိုအခြေပြု၍ ပညာရေးစနစ်သစ်တစ်ခုတီထွင်ရန် ကြိုးပမ်းလာခဲ့သူပါ။ ပညာရေးစနစ် ပြုပြင်နိုင် ရေးအတွက် ဆာအာသာဖယ်ယာရဲ့အကြောင်းပြချက်က “မြန်မာနိုင်ငံမှာ ဘုန်းတော်ကြီးများ သြဇာတိက္ကမကြီးမားနေခြင်းဟာ ဘုန်းတော် ကြီးသင်ပညာရေး ကျောင်းများကြောင့်
 ဖြစ်နေခြင်းပါ။ 

ကလေးသူငယ်များဟာ ဘုန်းတော်ကြီးကျောင်းများ၌ အရေး၊ အဖတ်၊ အတွက် တတ် မြောက်ရုံသာမက ပါဠိစာပေဆိုင်ရာ အသိတရားများ၊ ဘုန်းတော်ကြီးများ၏ ဆုံးမသြ၀ါဒများ၊ သမိုင်းဆိုင်ရာ ဗဟုသုတများ၊ ကိုယ်ကျင့်သိက္ခာ ပိုင်း၌လည်း လိမ္မာယဉ်ကျေးမှုရှိခြင်း၊ အကျင့်စာရိတ္တ ကောင်းမွန်ခြင်း၊ မျိုးချစ်စိတ်ရှိခြင်းစတဲ့ အကျိုးတရားတွေကို ဆာအာသာဖယ် ယာ ကိုယ်တိုင် တွေ့မြင်ခဲ့ခြင်းပါ။ သူတွေ့မြင်ခဲ့တဲ့အတိုင်း အိန္ဒိယပြည် ဘုရင်ခံချုပ်ထံသို့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ နိုင်ငံနှင့် လူမျိုးအတွက် အရေးပါအရာရောက်နေပုံကိုသိရှိနိုင်ရန် အစီရင်ခံစာတစ်စောင်ကို တင်ပြခဲ့ခြင်းပါ။

6
အင်္ဂလိပ်တို့သည် ဘုန်းကြီးကျောင်း ပညာရေးစနစ်ကို စနစ်တကျလေ့လာပြီးနောက် အင်္ဂလိပ်အုပ်ချုပ်သော မြန်မာပြည်အောက်ပိုင်း ရန် ကုန်မြို့တွင် သိပ္ပံအတတ် ပညာအမျိုးမျိုးကို သင်ကြားနိုင်ရန် ၁၈၄၄ ခုနှစ်တွင် အစိုးရစာသင်ကျောင်းများကို စတင်တည်ထောင်ခဲ့ကြခြင်းပါ။ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာနှင့် သိပ္ပံဘာသာရပ်အမျိုးမျိုအပြင် သက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ်များဖြစ်တဲ့ ဆေးသိပ္ပံအတတ်၊ ကြေးနန်း ကြိုးအတတ်၊ တရားဥပဒေအတတ်၊ မြေတိုင်းအတတ်၊ စက်မှုလက်မှုအတတ်မျိုးကိုပါ အစိုးရကျောင်းများ၌ စုံလင်စွာ သင်ကြားပေးခဲ့ကြခြင်းပါ။

 ခေတ်နှင့်လျှော်ညီ၍ ခေတ်မှီသော သိပ္ပံပညာရပ်များကို သင်ကြားပေးခဲ့တဲ့ အစိုးရစာသင်ကျောင်းများ၏ အရှိန်အဟုန်သည် တရှိန်ထိုး တိုး တက်လာပြီး မြန်မာသက္ကရာဇ် ၁၂၉၄ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၉၃၂ ခုနှစ်တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၉၂ဂ ကျောင်းမျှသာ ရှိတော့ပြီး၊ အစိုးရစာသင်ကျောင်းများမှာ  ၄၉၆၇ ကျောင်းထိ တိုးပွားလာခဲ့ခြင်းပါ။

7
ထိုကဲ့သို့ ဘုန်းတော်ကြီးကျောင်းများ၌ သင်ကြားပေးသော ပြဌာန်းစာများနှင့် အစိုးရ စာသင်ကျောင်းများ၌သင်ကြားပေးသော ပြဌာန်းစာများ ကွဲပြားခြားနားလှခြင်းကြောင့် အစိုးရ အသိအမှတ်ပြု ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌လည်းကောင်း၊ အသိအမှတ်မပြုသော ဘုန်းတော်ကြီးကျောင်းများ၌လည်း ကောင်း ပညာသင်ယူသူ တပည့်ဦးရေမှာ တစ်နေ့တစ်ခြား ဆုတ်ယုတ်သွားခဲ့ခြင်းပါ။ 

ထိုကဲ့သို့ဖြစ်သွားရ ခြင်း၏ အဓိကအကြောင်းရင်းမှာ 
(၁) ဘုန်းတော်ကြီးကျောင်းများ၌ တက်ရောက်ပညာသင်ကြားခဲ့သော ကျောင်းသား၊ ကျောင်းသူများသည် အလုပ်အကိုင်များရဖို့ ခက်ခဲခြင်း၊ 
(၂) အင်္ဂလိပ်အစိုးရခေတ်၌ အင်္ဂလိပ်စာတတ်မှ လူရာဝင်လျှက် ရာထူးရာခံများရရှိနိုင်ခြင်း၊ (၃)ဘုန်းတော် ကျောင်းများတွင် အစဉ်အလာအရ ဘာသာရေး ဆိုင်ရာ ကျမ်းစာများနှင့် နီတိတို့ကိုသာ သင်ကြားပို့ချလျှက် ထိုဘုန်တော်ကြီးကျောင်းများ၌၀ိဇ္ဇာသိပ္ပံနှင့်စပ်သော ခေတ်နှင့်လျှော်ညီတဲ့ ဘာသာရပ်များကို သင်ယူခွင့်မရရှိခြင်း၊ စသောအကြောင်းများကြောင့်ဆိုတာ သိသာထင်ရှား နေခြင်းပါ။

(8)
ထို့ကြာင့် အစဉ်အလာရှိခဲ့သောဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့်စပ်လျဉ်း၍ သမိုင်းစာမျက်နှာများကို ပြန်လှန်ကြည့်ရှု လေ့လာ သင့်ကြောင်း တိုက်တွန်းလိုခြင်းပါ။ 
 ရှင်ဘုရင်များလက်ထက်၌ ဘုန်းတော်ကြီးများသည် ခေတ်နှင့်လျှော်ညီတဲ့ (အဲဒီခေတ်၊ အဲဒီအခါကို ဆိုလိုသည်) ခေတ်ပညာများကို (သင်္ချာအတတ်၊ ဂဏန်းအတတ်၊ ပျို့ကဗျာ လင်္ကာရေးနည်းအတတ်၊ ဗေဒင်အတတ်၊ ယတြာအတတ်၊ ဆေးကျမ်းအတတ် စသည်များကို) သင်ကြားပေးနိုင်ခဲ့ကြ၍ ̏ရပ်သူနယ်သား လူအများ၏ ဆရာဖြစ်ရုံသာမက မြို့ပြတို့၌လည်း မင်းညီမင်း သား မှူးမတ်သားတို့၏ ဆရာတော်များဖြစ်ကြသည်။

 (ထို့ကြောင့်) မိမိတို့သည် (ခေတ်) အခါနှင့်လိုက်အောင် (ခေတ်နှင့်လိုက်လျောညီထွေရှိ အောင်) ပညာရေးကို ပြုပြင်နိုင်ခဲ့ကြလျှင် ယခုအချိန်မှာလည်း တိုင်းသူပြည်သားတို့၏ ဆရာအဖြစ်၌ တည်နိုင်ဖွယ်ရှိ၏။ ယခုသော်ကား ထိုကဲ့သို့ မပြုပြင်နိုင်ကြမှုကြောင့် ဆရာအဖြစ်မှပင် လျှော့ကျရုံမက တချို့ကျေးရွာကျောင်းများ၌ ဆွမ်းခံပေးမည့် ကလေးပင်မရှိတော့ပေ˝ ဟု တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးက ဘုန်းကြီးကျောင်းပညာရေးနှင့်ပတ်သက်၍ အလေးအနက် ထားကာ ဆွေးနွေးတင်ပြသွား ခဲ့သည်။

(9)
ယနေ့မျက်မှောက်ခေတ်၌ ဘုန်းကြီးကျောင်း ပညာရေးစနစ်ကို ခွဲခြမ်းစိတ်ဖြာကြည့်လျှင် ဘုန်းကြီးကျောင်းပညာရေးမှာ နှစ်မျိုးနှစ်စားရှိ နေ ခြင်းကို တွေ့ရခြင်းပါ။
 (၁) ဘုန်းကြီးကျောင်းပညာရေး (ပရိယတ္တိ စာသင်တိုက်များ)၊ 
(၂) ဘုန်းတော်ကြီးသင် ပညာရေး (ဘက ဘုန်းတော်ကြီး ကျောင်းများ) ဟူ၍ နှစ်မျိုးနှစ်စားတွေ့ရခြင်းပါ၊ 
ထိုနှစ်မျိုးမှာ နံပါတ် (၁) ဖြစ်တဲ့ ဘုန်းကြီးကျောင်းပညာရေး၌ ခေတ်နှင့်လျှော်ညီသော ဘာ သန္တရ စာပေများ (သင်္ချာ၊ အင်္ဂလိပ်စာ၊ စသည်) ကို ထည့်သွင်းသင်ကြားနိုင်ခြင်း မရှိသေးသည်ကို
 တွေ့နေရခြင်းပါ။ 

ထို့ကြောင့် ပြည်တွင်း၊ ပြည်ပသာသနာရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ခေတ်ရဲ့နောက်မှာ များစွာ နောက်ကျကျန်နေခြင်းကို သတိမူသူတို့သာ သိနိုင်မည် ဖြစ်ခြင်းပါ။ ထိုဘုန်းကြီးကျောင်း  ပညာရေးကို အစိုးရ အသိမှတ်ပြု အတန်းပညာအရည်အချင်းများနှင့် သတ်သတ်မှတ်မှတ် သတ်မှတ်ပေး ထားနိုင်ခြင်းမျိုးမရှိ၍ အစိုးရစာသင်ကျောင်းများ၏ ပညာရေးလယ်ဗယ်နှင့် အခါအားလျှော်စွာ နှိုင်းချိန် ခံရသောအခါ ဓမ္မာစရိယ အရည် အချင်းသည် ရေးတတ်၊ ဖတ်တတ် အရည်အချင်းမျှသာ အသိမှတ်ပြုထားသည်ကို တွေ့ရှိရ၍ များစွာဝမ်းနည်းမိခြင်းပါ။

နံပါတ် (၂) ဖြစ်တဲ့ ဘုန်းတော်ကြီးကျောင်းသင် ပညာရေးကျောင်းများမှာမူ ခေတ်နှင့်လျှော်ညီသော  မြန်မာ၊ အင်္ဂလိပ်စာ၊ သင်္ချာနှင့် သိပ္ပံဘာ သာရပ်များကို သင်ကြားပေးနိုင်၍ ကျောင်းသားဦးရေးများ အဆမတန် တိုးပွားနေခြင်းပါ။ သို့သော် အမျိုး ဘာသာ သာသနာတော်အရေးကို လေးလေးနက်နက် တွေးဆဟန်မတူ ကြတဲ့ အစိုးရဆိုင်ရာ အကြီးအကဲများ၊ ပညာရှင်ကြီးများ၊ ပညာရေးဆိုင်ရာလူကြီးများသည် ဘုန်း တော်ကြီးသင် ပညာရေးကျောင်းများကို မူလတန်းကျောင်းများမှ အလယ်တန်းကျောင်းများအဆင့်၊ အလယ်တန်းကျောင်းများမှ အထက် တန်းကျောင်းများအဆင့်သို့ တိုးမြှင်ပေးနိုင်ဖို့အရေး ၀န်လေးနေကြခြင်းမှာ နားမလည်နိုင်အေင်ဖြစ်မိခြင်းပါ။ ပညာတတ်နည်းပါးသော လူမျိုးနှင့် ပညာတတ်ရှားပါးသောတိုင်းပြည်အတွက် ရင်လေးနေမိခြင်းပါ။

ပညာမတတ်တော့ကော ဘာဖြစ်မှာလဲလို့ မေးနေသူတွေကလဲ မေးနေဆဲပါ။ ဒီမိုကရေစီစနစ်မှာ ရာထူးကောင်းကောင်းလိုချင်ရင် အရည်အချင်းကောင်းကောင်းရှိရမှာပါ။ အရည်ချင်းကောင်း ဆိုတာ ခေတ်မီတဲ့ ပညာရေးစနစ်မျိုးနှင့် ခေတ်ပညာများကို သင်ယူခွင့်ရပြီး၊ ထိုပညာ (ဘွဲ့ဒီဂရီ)ဖြင့် အလုပ်ခွင်၌ ယုံကြည် ချက်အပြည့်ဖြင့် အလုပ်လုပ်ပြနိုင်ခြင်းပါ။ ထိုကဲ့သို့မဟုတ်ဘဲ မြန်မာလူမျိုးအများစုရဲ့ ပညာရေးအဆင့် အတန်း များဟာ လွန်စွာနိမ့်ကျနေမည်ဆိုလျှင် ဒီမိုကရေစီစနစ်အရ နိုင်ငံတကာနှင့်ယှဉ်တဲ့ လုပ်ငန်းကိုင်ငန်းအခွင့်လမ်းတွေ ပွင့်လန်းလာ လို့ အလုပ်ခန့်ရာမှာ မြန်မာလူမျိုးများ (တိုင်းရင်းသားအားလုံး အပါအ၀င်) ကို ဘယ်နေရာမှာ ဘယ်ရာထူးမျိုးနဲ့ ခန့်အပ်နိုင်ကြမလဲဆိုတာ ကြိုတင်စဉ်းစားနိုင်ကြဖို့ပါ။

ထို့ကြောင့် ဆင်းရဲသားနှင့် ဆင်းရဲနွမ်းပါးတဲ့ တိုင်းရင်းသား၊ တိုင်းရင်းသူတို့ရဲ့မှီခိုရာဖြစ်တဲ့ ဘုန်းတော် ကြီးသင် ပညာရေးကျောင်းများဟာ သမိုင်းကောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို အစိုးရကျောင်းများ၏ စံချိန်စံနှုန်းများနှင့် အညီ (အားကစားကွင်းရှိခြင်း၊ ကျောင်းနှင့် ကျောင်းအဆောက်အဦးစာသင်ခန်းများ လုံလုံလောက်လောက်ရှိခြင်း၊ စာကြည့်တိုက်ရှိခြင်း၊ ကျောင်းထိုင် ဆရာတော်များ ပညာအရည်အချင်းများ ပြည့်မီခြင်း-စသည်များ) ရှိနေခဲ့လျှင် ဘုန်းတော်ကြီးသင် မူလတန်း ကျောင်းများကို အလယ်တန်းကျောင်းများအဆင့်သို့၊ အလယ်တန်းကျောင်းများကို အထက်တန်းကျောင်းများအဆင့်သို့ တိုးမြှင့်ပေးကြပါရန် တိုက်တွန်း လိုခြင်းပါ။ 

ပညာတတ်လူမျိုးက တိုင်းပြည်ကို ကြီးပွားချမ်းသာအောင် ဆောင်ရွက်နိုင်သလို၊ သဒ္ဓါတရားရှိပြီး ပညာနှင့်ဥစ္စာပြည့်စုံနေသူမျိုးကသာ သာသနာနှင့်လူမျိုးကို စောင့်ရှောက်နိုင်မည်ဆိုတာ ယုံကြည်ထားမိလို့ပါ။ ချမ်းသာစွာ အိပ်စက်နိုင်ပါစေ။

ဒေါက်တာဓမ္မပိယ (I.T.B.M.U
အောက်တိုဘာ ၁၉၊ ၂၀၁၂


ရည်ညွှန်း -
1။ သန်းထွတ် (ဦး) – မြန်မာနိုင်ငံ ဘုန်းတော်ကြီးကျောင်း ပညာရေးသမိုင်း (ဒုတိယအကြိမ်)၊ ရာပြည့်စာအုပ်တိုက်၊ ရန်ကုန်မြို့၊ ၂၀၁၁ ခု၊ နှာ ၁၉။
2။ မြန်မာနိုင်ငံ ဘုန်းတော်ကြီးကျောင်းပညာရေးသမိုင်း (ဒုတိယအကြိမ်)၊ နှာ ၁ဂ၇။
3။ မြန်မာနိုင်ငံ ဘုန်းတော်ကြီးကျောင်းပညာရေးသမိုင်း (ဒုတိယအကြိမ်)၊ နှာ ၂၀၂။
4။ အောင်သိန်းညွှန့် (ဦး)၊ မြန်မာနိုင်ငံ၊ အခြေခံပညာရေးကဏ္ဍတွင်အရေးပါသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို အဆင့်မြှင့် တင်ခြင်းစာတမ်း၊ ၂၀၁၂ ခု။ နှာ ၅။
5။ မြန်မာနိုင်ငံ၊ အခြေခံပညာရေးကဏ္ဍတွင် အရေးပါသောဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို အဆင့်မြှင့်တင်ခြင်းစာတမ်း၊ နှာ ၆။
6။ မြန်မာနိုင်ငံ ဘုန်းတော်ကြီးကျောင်းပညာရေးသမိုင်း (ဒုတိယအကြိမ်)၊ နှာ ၁၇၂။
7။ မြန်မာနိုင်ငံ ဘုန်းတော်ကြီးကျောင်း ပညာရေးသမိုင်း (ဒုတိယအကြိမ်)၊ နှာ ၁ဂ၇။
8။ မြန်မာနိုင်င့ ဘုန်းတော်ကြီးကျောင်း ပညာရေးသမိုင်း (ဒုတိယအကြိမ်)၊ နှာ ၁၈၈။
9။ ဇနကာဘိဝံသ၊ အရှင်။ ကိုယ့်ကျင့်အဘိဓမ္မာ (ပန္နရသမအကြိမ်)၊ မဟာဂန္ဓာရုံစာပေ၊ အမရပူရမြို့၊ ၂၀၀၂။ နှာ ၁၃၇။