Friday, May 31, 2013

အရိုးဆုံး တရားအားထုတ်နည်း



အရိုးဆုံး တရားအားထုတ်နည်း 

အခုဒီမှာ ထိုင်နေတယ်နော်...။ ကိုယ့်လက်နှင့် လက်နှစ်ခုထိနေတယ်။ ဟိုဒကာကြီးဆိုလည်း လက်နှင့်လက်ထိထားတယ်။ ဟိုဒကာကြီးကလည်း လက်နှင့်လက်ထိထားတယ်နော်။ အဲဒီထိထားတဲ့နေရာကို စိတ်နှင့် အာရုံပြုကြည့်စမ်းပါ။
ဘာကိုသိရသလဲ?
ဘယ်လိုအာရုံမျိုး၊ ဘယ်လို sensation မျိုး၊ ဘယ်လို feeling မျိုးရှိလဲ?

(........)

အင်း...။ ဟုတ်တယ်။ နွေးနေတယ်နော်။ အဲဒါ နွေးနေတာ sensation တစ်ခုဘဲ။ ဒီမှာ သေချာကပ်ပြီး ကြည့်လိုက်ပါအုံး။
သူ့မှာ လှုပ်နေတာတစ်ခုခုရှိနိုင်သလား? ရှိသလား?

ရှိတယ်နော်။ သတိသေသေချာချာထားကြည့်လို့ရှိရင် Pulse က အဲဒီမှာ ကြည့်လို့ရတယ်။ တော်တော်တော့ သိမ်မွေ့တယ်နော်။ ဒါပေမယ့် သိတယ်။ ဒီမှာ Pulse ရှိတယ်။ ပြီးတော့ တုန်နေတယ်။ Vibration ရှိတယ်။ Vibration မှန်းသိလို့ရတယ်။ သူက ပိုတောင် သိမ်မွေ့သေးတယ်။

အဲဒီလို ပိုပြီးတော့ သိမ်မွေ့တာကို သိလေလေ၊ သတိပိုကောင်းလေလေ၊ သမာဓိပိုကောင်းလေလေဘဲ။ ပထမတော့ အကြမ်းစားကို သိရတာဘဲ။ အကြမ်းစားကို သိနိုင်တဲ့သမာဓိနှင့် သိမ်မွေ့တာကို သိနိုင်တဲ့သမာဓိဆိုရင် သိမ်မွေ့တာာကို သိနိုင်တဲ့ သမာဓိကပိုကောင်းတယ်။ အကြမ်းစာကိုသိတဲ့ သတိနှင့် သိမ်မွေ့တာကို သိတဲ့ သတိနှင့်ဆိုရင် သိမ်မွေ့တာကို သိတဲ့ သတိက ပိုပြီးအားကောင်းတယ်။

အဲဒီတော့ သိမ်မွေ့တဲ့ အာရုံကို ပိုပြီးတော့ ဂရုစိုက်ပြီးတော့ ပိုပြီးတော့ အလေးထားပြီးတော့ စိတ်ကလေးနှင့် သေသေချာချာကပ်ပြီးတော့ သိနေဖို့လိုတာ။ ဘာမှ မခက်ဘူး။

ဒီလိုသိနေလို့ရှိရင် လုံးဝအတွေးအတော မရှိတော့တဲ့အခါမှာ ဒီသိရတဲ့အာရုံကို ငါလို့မထင်တော့ဘူး။ ပထမတော့ ငါ့လက်က ပူနေတာလို့ ဒီလိုထင်တာကိုး။ ငါ့...လက်...ပူ.... သုံးခုကတွဲထားတယ်။ နောက် သတိအင်မတန်ကောင်းလာတဲ့အခါမှာ၊ လုံးဝအတွေးအတောမရှိတဲ့အခါမှာ၊ ပစ္စုပ္ပန်တကယ်တည့်တဲ့အချိန်မှာ ငါလည်း မဟုတ်တော့ဘူး၊ လက်လည်း မဟုတ်တော့ဘူး။ ပူတာဘဲ ရှိတော့တယ်။ ငါဆိုတဲ့ ပညတ်လည်း ကွာသွားပြီ။ လက်ဆိုတဲ့ ပညတ်လည်း ကွာသွားပြီ။ ပူတယ်ဆိုတဲ့ သဘာဝ sensation လေးတစ်ခုကိုဘဲ သိနေရတော့တာဘဲ။

အဲဒီလို ငါလည်း မဟုတ်၊ လက်လည်းမဟုတ်ပဲနှင့် ပူတာကိုသိတဲ့အချိန်မှာ သူဟာ ပရမတ္ထကို သိတာဘဲ။ ပညတ်မပါတော့ဘူး။ ငါပူတာမဟုတ်တော့ဘူး။ လက်ပူတာ မဟုတ်တော့ဘူး။ ပူတာဟာ ပူတာဘဲ။ သူ့ဟာသူဘဲ။

အဲဒီလိုသိရင်ကိုဘဲ ရုပ်ကို ရုပ်လို့ သိလိုက်တာဘဲ။ ရုပ်ကို ငါလို့မထင်တော့ဘူး။ ရုပ်ပေါ်မှာ ငါဆိုတဲ့ အထင်အမြင်မှားမှုဟာ ပျောက်သွားပြီ။ ဒါဟာ ပြောပြတော့ ရိုးရိုးလေးနှင့် လွယ်လွယ်လေးနော်။ အာရုံက ရိုးရိုးလေးနော်။ ဘာမှ မဟုတ်ဘူး။ ပူတဲ့အာရုံလေး။ သို့မဟုတ်ရင် လှုပ်နေတဲ့အာရုံလေး။

ဒီဟာလေးအပေါ်မှာ စိတ်ကလေးကို တည့်တည့်လေးထားပြီးတော့ သိသိ၊ သိသိနေတဲ့အခါမှာ လုံးဝအတွေးလည်း ကင်းသွားပြီ။ ပညတ်လည်း စိတ်ထဲမှာ မထင်တော့ဘူး။ သူ့ကို နာမည်လည်း မတပ်တော့ဘူး။ လက်ရဲ့  ပုံသဏ္ဍာန်ကြီးကိုလည်းဘဲ စိတ်ထဲက အာရုံမပြုတော့ဘူးဆိုရင် တည့်တည့်သိတဲ့အချိန်မှာ ငါလည်း မရှိဘူး၊ လက်လည်း မရှိဘူး။ ပူတာဘဲရှိတော့တယ်။ ငါမရှိဘူး၊ လက်မရှိဘူး။ လှုပ်တာဘဲ ရှိတော့တယ်။

အဲဒီတော့ ပစ္စုပ္ပန်တကယ်တည့်တဲ့အချိန်မှာ ပညတ်မပါပဲနှင့် ပရမတ်ကို တကယ်တည့်တည့်သိတဲ့အချိန်မှာ အဲဒီလိုဘဲ အမှန်ကို သိတာဘဲ။ သိပ်ခဲခဲယဉ်းယဉ်းကြီးလည်း မဟုတ်ဘူးနော်။

အဲဒီတော့ အာရုံက အင်မတန်ရိုးတယ်။ သိပုံလေးကလည်း အင်မတန်ရိုးတယ်။ ဆန်းဆန်းကြယ်ကြယ်မဟုတ်ဘူးနော်။ ဒါပေမယ့် အဲဒီလိုသိလို့ ဖြစ်ပေါ်လာတဲ့ အသိဉာဏ်ကတော့ အင်မတန်နက်နဲတယ်။ ဒီလို အနတ္တဆိုတဲ့ သဘာဝကို ပြောရတာ ကြားရလို့၊ စာအုပ်ထဲမှာ ဖတ်ရလို့သိပုံနှင့် အခုလို တကယ်ဖြစ်နေတာလေးကို အတွေးမပါပဲနှင့် တည့်တည့်သိတဲ့အခါမှာ သိလိုက်ရတဲ့အချိန်မှာ စိတ်ထဲမှာ အင်မတန် အားရကျေနပ်မှုဖြစ်လာတယ်။ တခါတလေ အင်မတန်ထူးဆန်းတယ်လို့တောင်ထင်တယ်။ ဟာ....ဘယ်လိုဖြစ်သွားတုန်းလို့။ ဒီလိုထင်သွားတယ်နော်။

အမြဲတမ်း ငါ....ငါ.....ငါ....ဆိုပြီးတော့ စွဲလာတဲ့ အစွဲကြီးဟာ အဲဒီအချိန်မှာ ခဏလောက် ပျောက်သွားတယ်။
သိတဲ့စိတ်ကလေးရှိတယ်။ သိနေရတဲ့ ပူတဲ့အာရုံ၊ သို့မဟုတ် လှုပ်တဲ့အာရုံလေးဘဲရှိတယ်။ ကျန်တာဘာမှ မရှိတော့ဘူး။ အဲဒီလို feeling အင်မတန်ထူးဆန်းတယ်။ အဲဒီအချိန်မှာ ဖြစ်နေတဲ့အသိဉာဏ်ဟာ အင်မတန်နက်နဲတယ်။ ရိုးတဲ့အာရုံ၊ သိတာလည်းဘဲ ရိုးရိုးလေးသိတယ်။ သို့သော်လည်း ဖြစ်ပေါ်လာတဲ့အသိဉာဏ်က အင်မတန်ကြီးကျယ်တယ်။ အင်မတန်နက်နဲတယ်။

ဒါကြောင့် တရားအားထုတ်လို့ ဖြစ်ပေါ်လာတဲ့အသိဉာဏ်ဟာ ဆန်းဆန်းပြားပြား မဟုတ်တော့ဘူး။ ဘာမှ Philosophically Analyse လုပ်နေစရာမလိုဘူး။ တွေးစရာ၊ ကြံစရာ ဘာမှ မရှိဘူး။ တိုက်ရိုက်သိတဲ့ ဉာဏ်လေး ဖြစ်လာတာဘဲရှိတယ်။ အင်မတန်နက်နဲတယ်။ အင်မတန်ရိုးတယ်။

အဲဒီတော့ အဲဒီလို ရိုးရိုးနှင့် နက်နက်နဲနဲသိအောင်ကိုဘဲ တရားအားထုတ်ရတာဘဲ။ ဘာမှ ဆန်းဆန်းပြားပြား ရှာဖို့ သိဖို့ ကြိုးစားနေတာမဟုတ်ဘူး။ ကိုယ့်ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့သဘာဝကို အမှန်အတိုင်းသိဖို့ဘဲ ကြည့်နေတာဘဲ။

အဲဒီလိုဘဲ ခန္ဓာကိုယ်မှာ ဖြစ်သမျှ တခြားဘယ်လိုအာရုံမျိုးကိုဘဲဖြစ်ဖြစ် သတိလေးနှင့် သေသေချာချာကပ်ပြီးတော့ ကြည့်တဲ့အခါမှာ အမြဲတမ်းဘဲ သူ့သဘောနှင့် သူဟာသူ ဖြစ်နေတယ်ဆိုတာ ကြာလေ ပိုထင်ရှားလေ၊ ကြာလေ ပိုထင်ရှားလေ ဖြစ်လာတယ်။

သတိကောင်းတဲ့သူဟာ ဒီအာရုံကို သိနေတဲ့စိတ်ကိုလည်း သူသိနေတယ်။ လှုပ်နေတာကို သိတယ်။ အဲဒီလှုပ်နေတာကို သိတဲ့စိတ်ကိုလည်း သိတယ်။ အလေ့အကျင့်များလာရင် ဒီလိုဘဲ သိလာတာဘဲ။ ပထမတော့ အာရုံကိုဘဲသိတယ်။ စိတ်ကိုမသိဘူး။ နောက် အင်မတန် သတိသမာဓိကောင်းလို့ အလေ့အကျင့်များလာတဲ့အခါမှာ ဖြစ်ပေါ်နေတဲ့ အာရုံကိုလည်း သိတယ်။ အဲဒီအာရုံကို သိတဲ့စိတ်ကိုလည်း သိတယ်။ ဒီလိုနဲ့ဘဲ ဆက်ပြီးတော့ ကြည့်သွားလို့ရှိရင် ဒီသိတဲ့စိတ်ကလည်းဘဲ သူသိတဲ့သဘောလေးသက်သက်ပဲ ဆိုတာကို မြင်တယ်။ သူလည်းဘဲ အမြဲတမ်းမရှိဘူး။ ရှိချင်တဲ့အခါရှိတယ် နော်။ တခါတလေ သတိမေ့တဲ့အခါမှာ၊ မောဟအားကြီးနေတဲ့အခါမှာ ပစ္စုပ္ပန်မှာ ဖြစ်နေတဲ့အာရုံကို မသိဘူး။

အဲဒီတော့ သိတဲ့စိတ်ကို ပြန်ကြည့်တဲ့အခါမှာလည်းဘဲ ငါသိတယ်ဆိုတဲ့ အထင်ဟာ မပါလာတော့ဘူး။ သိတဲ့သဘောလေးကဘဲ သိတယ်ဆိုတာလေးကို ကိုယ့်ဉာဏ်မှာ ရှင်းရှင်းလင်းလင်းပေါ်လာတယ်။ သိနေရတဲ့ ရုပ်ကိုလည်းဘဲ ငါပူတယ်၊ ငါလှုပ်တယ်၊ ငါညောင်းတယ်၊ ငါနာတယ်လို့ ဒီလိုမထင်တော့ဘူးနော်။ ပူတဲ့သဘောလေးက သူ့ဖာသာသူ ပူတာဘဲ။ သိတဲ့သဘောလေးကလည်း သူ့ဖာသာသူ သိတာဘဲ။ ရိုးရိုးလေးဘဲ။ လှုပ်တဲ့သဘောကလည်း သူ့ဟာသူ လှုပ်တဲ့ သဘောလေးရှိတယ်။ သိတာကလည်း သူ့ဟာသူ သိတာဘဲ။

အဲဒီတော့ ဘယ်အရာကိုကြည့်ကြည့် သဘာဝအဖြစ်နဲ့ဘဲမြင်တယ်။ ပုဂ္ဂိုလ်သတ္တ၀ါအဖြစ်နှင့် မမြင်တော့ဘူး။ အဲဒီဉာဏ်ဆိုတာ နဲနဲနောနောဉာဏ်မဟုတ်ဘူးနော်။ နာမ်ရုပ်ကို ပိုင်းခြားပြီးတော့ သိတဲ့ဉာဏ်ဖြစ်သွားပြီ။ လောကီကိစ္စတွေမှာ၊ Philosophy တွေ ဘာတွေ ဘယ်လောက်ပဲ နက်နက်နဲနဲ ကြီးကျယ်တာတွေ လေ့လာဖတ်ရှုနေအုံးတော့၊ ဒီလောက်နက်နဲတဲ့ ဉာဏ်မျိုးကို ရဖို့ရန်မလွယ်ဘူး။ အတွေးလေးနှင့်ဘဲ သိရတာကိုး။ အထင်နှင့်ဘဲ သိရတာကိုး။ အခုဟာက အတွေးမပါဘူး။ အထင်မဟုတ်ဘူး။ တကယ်ဖြစ်နေတာကို တိုက်ရိုက်ကြည့်ပြီး သိရတာမို့လို့ အင်မတန် နက်နဲကြီးကျယ်တဲ့ဉာဏ်ဖြစ်တယ်။ အဲဒီဉာဏ်မျိုးကို ရတဲ့သူဟာ နဂိုတုန်းက သူသိထားတဲ့ အသိအမြင်၊ အထင်မှားမှုတွေဟာ အများကြီး ပျောက်ကုန်တယ်။ သူ့ရဲ့  Personality ပါ တခါတည်း ပြောင်းလဲသွားနိုင်တယ်။ အသိဉာဏ်ပါ ပြောင်းလဲသွားနိုင်တယ်။ အတွေးအခေါ်နဲ့ ရတဲ့ အသိဉာဏ်ဟာ Personality အပြောင်းအလဲကို တကယ်မဖြစ်စေနိုင်ဘူး။ ဒီလိုတိုက်ရိုက်ကြည့်ပြီးတော့ သိလာတဲ့ အသိဉာဏ်ဟာ Personality ကိုအများကြီး ပြောင်းလဲသွားစေတယ်။

သူတို့အနောက်နိုင်ငံကပြောတဲ့ Personality ဆိုတဲ့ စကားလုံးကို ယူပြီးတော့ သုံးလိုက်ရတာပါ။ လူ့ရဲ့  စိတ်နေသဘောထား၊ အပြုအမူ၊ အသိအမြင် ပြောင်းလဲသွားတာ။ ပြောင်းလဲတာမှ တကယ်ကို သိသိသာသာကြီးကို ပြောင်းလဲသွားတာဘဲ။ ပြောင်းပြန်ပြန်မလာနိုင်လောက်အောင် ပြောင်းလဲသွားနိုင်တယ်။ ထိထိရောက်ရောက် ကြိုးစားလို့ရှိရင်။

အဲဒီတော့ တရားအားထုတ်တာတွေမှာ နည်းအမျိုးမျိုးနှင့် အားထုတ်တာတွေ ရှိပေမယ့် ဒီပစ္စုပ္ပန်မှာဖြစ်နေတဲ့၊ ခန္ဓာကိုယ်မှာဖြစ်နေတဲ့ သဘာဝတရားကို အတွေးမပါ၊ ပုံသဏ္ဍာန်မှန်းဆမှုမပါဘဲနှင့် တိုက်ရိုက်သိတဲ့ ဒီတရားအားထုတ်တဲ့နည်းဟာ အရိုးဆုံး၊ သဘာဝအကျဆုံး၊ အထိရောက်ဆုံးဖြစ်တယ်။ အကောင်းဆုံးဘဲ။ Simple ဖြစ်တယ်။ Natural ဖြစ်တယ်။ Effective ဖြစ်တယ်။ ပြီးတော့ Simple ဖြစ်မှကောင်းတယ်။ သိပ်ပြီးတော့ Complicated ဖြစ်လာရင်၊ ရှုပ်ထွေးကုန်တာမို့လို့ လုပ်ရတာ အဆင်မပြေတော့ဘူး။ ပင်ပန်းတယ်။ ရေရှည်မလုပ်နိုင်ဘူး။ တမင်တကာလုပ်ယူရတာမဟုတ်တဲ့ ရိုးရိုးလေးဖြစ်နေတဲ့၊ သဘာဝတရားကို ရိုးရိုးလေးဘဲ သတိလေးနှင့်ကပ်ပြီးတော့ ကြည့်ပြီးတော့ သိနေဖို့ဘဲလိုတာဘဲ။

(ဆရာတော် ဦးဇောတိက)

Thursday, May 30, 2013

ဖန်ဆင်းရှင် နှင့် ဥစ္စာရှင်


ဖန်ဆင်းရှင် နှင့် ဥစ္စာရှင်

မိဘကျေးဇူး မသိတတ်ဘူး၊ မိဘကို စိတ်ဆင်းရဲအောင် လုပ်တယ်ဆိုတာ ပေါ့သေးသေး မအောက်မေ့နဲ့။ “ဘုန်းကြီးလို့ သက်မရှည်၊ သက်ရှည်လို့ ဘုန်းမကြီး” ဆိုတာမျိုး ဖြစ်တတ်တယ်။ ဒီစိတ်ဓာတ်တွေ ပြင်းထန်လာပြီဆိုရင်တော့ “ဘုန်းလည်းမကြီး အသက်လည်းမရှည်နိုင်ဘူး”

"အငှားအတုနဲ့ ပျော်တာ
ကိုယ်ပိုင်မရှိတဲ့ ဖန်ဆင်းရှင်တွေပဲ၊
ကာမရတိခေါ်တယ်။
ကိုယ်ပိုင်ကုသိုလ်တရားနဲ့ ပျော်တတ်မှ
ဥစ္စာရှင် ဓမ္မရတိလို့ ခေါ်တယ်။"
နတ်မောက်မြို့နယ်၊ ဥယျာဉ်တောင်ကျောင်းဆရာတော်

    နတ်မောက်မြို့၊ အရှေ့လက်အဆုံး အလယ်ရိုးမ တောင်ခြေမှာရှိတဲ့ ဥယျာဉ်တောင်ကျောင်းဆရာတော်ရဲ့ ဘွဲ့တော်က ဘဒ္ဒန္တဇာဂရလို့ ခေါ်ပါတယ်။ ငယ်ဖြူတော့ မဟုတ်ပါဘူး။ အသက်သုံးဆယ်ကျော်လောက်မှ ရဟန်းပြုခဲ့တာပါ။ ရဟန်းဖြစ်ပြီးတော့ သူ့အရွယ်ရှိသလောက် စာသင်တိုက်ကိုသွားပြီး စာပေသင်ကြားခဲ့တယ်။

   သူ့ရည်ရွယ်ချက်ကိုက စာချဘုန်းကြီးတစ်ပါး ဖြစ်ဖို့မဟုတ်ဘဲ၊ သူ့ရပ်သူရွာကို မျက်လုံးပွင့်အောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိလေတော့ လောကုတ္တရာ ပညာသာမက လောကီသင်္ချာပညာနဲ့ တိုင်းရင်းဆေးပညာတို့ကိုပါ သင်ယူခဲ့တာမို့ လောကုတ္တရာစာပေမှာတော့ အခြေခံသာသာ လောက်နဲ့ ရဟန်းသိဖွယ် ကံကြီးကံငယ်လောက်ပဲ ကျွမ်းကျင်ပါတယ်။

   သူက ပင်ကိုဉာဏ်ကောင်းသူဖြစ်လို့ ငယ်ငယ်တုန်းက ဘုန်းကြီးကျောင်းမှာ ပညာသင်ရကတည်းက ဇာတ်ကြီးဆယ်ဘွဲ့တို့၊ ငါးရာငါးဆယ် တို့အထိ တတ်ခဲ့ရဖူးတာဖြစ်လို့ ပြောဆိုဆုံးမစရာရှိရင် ပုံတိုပတ်စနဲ့ ဟောတတ်ပြောတတ်တယ်။

   စာသင်တိုက်က ပြန်လာပြီး ရွာမှာ ခန်းနေဦးဇင်းအဖြစ်နဲ့နေတဲ့ အချိန်ကစပြီး ကျေးရွာပြုပြင်ရေးကိစ္စတွေကို သူစွမ်းနိုင်သလောက် စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ ကျောင်းထိုင်ဘုန်းကြီးက နံဘေးရွာသားလည်းဖြစ် ရှေးရိုးကလည်းဆန်ဆိုတော့ ကျောင်းပညာရေးမှာ ကိုရင်တွေ သဒ္ဒါသင်္ဂြိုဟ် ပို့ချပေးတာကလွဲလို့ ကျန်တဲ့ ပညာရေးနဲ့ ရပ်ရေးရွာရေး ဟောရေးပြောရေးကိစ္စအားလုံးကို သူ့လက်ထဲ အကုန်လွှဲအပ်ထားတယ်။ သူက ရပ်ရွာဇာတိသားလည်းဖြစ်၊ တစ်ရွာလုံးကလည်း ဆွေရိပ်မျိုးရိပ်မကင်းတွေ ဖြစ်တာကြောင့် သြဇာတိက္ကမလည်း ရှိတယ်။

   သူရွာပြန်ရောက်လာတော့ နေ့ဘက်မှာ ကျောင်းသားကိုရင်တွေကို သင်္ချာသင်ပေးပြီး ညပိုင်းမှာ ရွာထဲက လူငယ်လူလတ်ပိုင်းတွေကို အခြေခံသင်္ချာကစပြီး ကုန်တွက်တို့၊ သစ်တန်တွက်တို့ သင်ပေးပါတယ်။ အဲ့ဒီတုန်းက အောက်လင်းဓာတ်မီးတွေသုံးတဲ့ ခေတ်ဆိုတော့ ညဘက်မှာ အောက်လင်းဓာတ်မီးတွေ တထိန်ထိန်နဲ့ ပညာရေးခေတ်ပြောင်း ကာလကြီးတစ်ခုလို တစ်ရွာလုံး တက်တက်ကြွကြွ ဖြစ်နေကြတယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့လည်း ရိုးရာအစွဲအလမ်း စုန်းပူး၊ နတ်ဖမ်း၊ ပွဲထိုးဆိုတာတွေ လက်မခံဘဲ တိုင်းရင်းဆေးပညာနဲ့ လမ်းညွှန်ပေးခဲ့လို့ သူ့ရွာမှာသာမကဘူး၊ ရွာနီးချုပ်စပ်ကပါ ကျန်းမာရေးအတွက် အားကိုးအားထား ပြုရပါတယ်။

   ကျောင်းထိုင်ဘုန်းကြီး ပျံတော်မူတော့ သူပဲ ကျောင်းထိုင်ဘုန်းကြီးဖြစ်လာတယ်။ သူကျောင်းထိုင်ဘုန်းကြီးဖြစ်တဲ့အခါ ပထမဆုံးပြုပြင်ရေး လုပ်လိုက်တာကတော့ တောင်ရွာမြောက်ရွာ သီတင်းကျွတ်ပွဲတော်မှာ ဗျောက်အိုးတွေ အပြိုင်ဖောက်တာကို လုံးဝပိတ်ပင်လိုက်တယ်။
   သီတင်းကျွတ်ပွဲတော်ကိုလည်း ဟိုဘက်ရွာက လပြည့်နေ့လုပ်တော့ သူ့ရွာက လပြည့်ကျော်(၈)ရက်မှ မီးထွန်းပွဲရက် ကျင်းပတယ်။ ရွာချင်းလည်း ပိုပြီးရင်းနှီးလာကြလို့ ရုံးပြင်ကနား အရောက်အပေါက်လည်း နည်းသွားကြပါတယ်။
    အဲ့ဒီအရပ်ရဲ့ ဓလေ့တစ်ခုက ရှင်ပြုအလှူပွဲရှိတဲ့အခါ အလှူဝင်နေ့ အလှူဝတ်စံဘုရားပင့် လှည့်လည်ပွဲလုပ်ကြတယ်။ ဒီလှည့်လည်ပွဲက သူ့အရပ်နဲ့သူတော့ အလွန်အရေးပါတဲ့ပွဲပေါ့။ ရွာခံအမျိုးသမီးများနဲ့ ရွာနီးချုပ်စပ်က အမျိုးသမီးများပါ ရှိသမျှအစွမ်းကုန်ထုတ်ပြီး ဝတ်စားဆင်ပြင် ရှိုးထုတ်တဲ့ ပွဲပါပဲ။ အလှူရက် သတ်မှတ်ပြီးပြီဆိုကတည်းက စုကြ၊ ဆောင်းကြ၊ ဝယ်ကြ၊ ချုပ်ကြပေါ့။ ပြချင်သူများက ပြဖို့ စိတ်ဝင်စားကြသလို၊ အားပေးကြည့်ရှုမယ့် ကာလသားများကလည်း အလေးအနက် ထားကြပါတယ်။ ရွာခံကာလသားများသာ မကဘူး၊ လက်လှမ်းမှီသမျှ ရွာနီးချုပ်စပ်က ကာလသားများပါ မျက်စိပသာဒ ခံယူတဲ့ပွဲကြီးတစ်ခုပေါ့။ အလှူဝင်နေ့ ညနေပိုင်းရောက်ပြီဆိုရင် လယ်ထဲယာထဲမှာ ဘာတွေ အရေးကြီးနေနေ အလှူဝတ်စံအမှီတော့ ရောက်အောင်လာကြတာပဲ။

   အဲ.. မှတ်မှတ်ရရ မိန်းကလေးတွေဆောင်းတဲ့ "ခေါက်ထီး"ဆိုတာတွေ စပြီးခေတ်စားခါစကပေါ့။ အဲဒီနယ်မှာ ခေါက်ထီးရောဂါ တော်တော် ထလိုက်ကြတယ်။ အလှူဝတ်စံအမှီ ခေါက်ထီးဝယ်ရတဲ့ကိစ္စက သမီးများတဲ့ မိဘများမှာ ဝန်ထုပ်ကြီးတစ်ခုလို ဖြစ်လာတယ်။
   အနီးအနားက ရွာတစ်ရွာမှာ ခေါက်ထီးဆောင်းပြီး အလှူဝတ်စံ မလိုက်ရလို့ အင်ဒလင်း ပိုးသတ်ဆေးသောက်ပြီး မိုက်တွင်း နက်ပြလိုက်တယ်ဆိုတာလည်း ကြားရတယ်။ ဒါနဲ့ ကျောင်းဘုန်းကြီးက တစ်ရွာလုံးခေါ်ပြီး အိမ်မှာ ပိုးသတ်ဆေးဝယ်ဆောင်ထားတဲ့ ဝါတောင် သူတွေို့ ဆေးဘူးတွေ ဆေးဖျန်းပုံးတွေ အိမ်မှာမထားရ၊ ကျောင်းအောက်ထပ်မြေတိုက်ထဲမှာ ကိုယ့်သင်္ကေတနဲ့ကိုယ် လာအပ်ရမယ်။ ခန်းနေဦးဇင်းက စာရင်းနဲ့မှတ်ပြီး လက်ခံသော့ခတ်ထား၊ ဆေးဖျန်းမယ့် လူကြီးကိုယ်တိုင်လာယူမှ ထုတ်ပေးရမယ်ဆိုပြီး အမိန့်ထုတ်လိုက်တယ်။

   ဒါပေမဲ့ ရောဂါက တက်ခါစဆိုတော့ အရှိန်မသေဘူး။ ရွာထဲမှာ သမီးအပျိုငါးယောက်လောက်ရှိတဲ့ မိသားစုမှာ ခေါက်ထီးရောဂါ ကူးစက်ပြင်း ထန်ကြလို့ နောက်နှစ်အတွက်ထားတဲ့ မျိုးပဲ မျိုးနှမ်းလေးတွေရောင်းပြီး ကုသလိုက်ရတာ ကုန်ရောတဲ့။ မိဘဆိုတော့လည်း "နင်တို့ အလှူမှာကြွားပြီးရင် အိမ်မှာ ထမင်းမစားဘဲနေကြ" ဘာညာနဲ့ ဆူပူရုံကလွဲလို့ ဘာတတ်နိုင်မှာလဲ၊ ဝယ်ပေးရတော့တာပေါ့။ တခြားအလားတူ မိသားစု သုံးလေးစုလောက်မှာလည်း ဒီခေါက်ထီးရောဂါအတွက် မရှူသာမရှိုက်သာ ဘေးကြပ်နံကြပ်ရိုက်နေတယ်ဆိုတဲ့အကြောင်း ကြားနေရတယ်။ တစ်ရွာလုံးမှာတော့ ဒီရောဂါက မျက်မြှေးရောင်တို့၊ တုပ်ကွေးတို့ထက် ကူးစက်မှုမြန်သလို ဝေဒနာကလည်း ပြင်းထန်ပုံရပါတယ်။ မိဘတိုင်း ပြောဆိုငြီးငြူနေကြတာ ဒီအကြောင်းချည်းပဲ။
 
  အဲ ပျော်ပါးတဲ့နေရာမှာ ကာမဂုဏ်ဆိုတဲ့ အာရုံတွေနဲ့ ပျော်မွေ့တာလည်း ရှိတယ်။ စာလိုတော့ ကာမရတိလို့ ခေါ်တာပေါ့။ တရားနဲ့ပျော် တာလည်း ရှိတယ်၊ ဓမ္မရတိလို့ ခေါ်တယ်။

   “သဗ္ဗေသတ္တာ ကမ္မဿကတာ = သတ္တဝါအားလုံးဟာ ကံသာကိုယ်ပိုင်ဥစ္စာရှိတယ်” ဆိုတဲ့အတိုင်း ဘယ်သူမဆို ကိုယ်ပြုထားတဲ့ကံ၊ ကိုယ်ကျင့် သုံးဆောက်တည်ထားတဲ့ ကံတရားကသာ ကိုယ်ပိုင်ဥစ္စာဖြစ်တယ်။ ဒီကံတရားဆိုတဲ့ နေရာမှာလည်း ကုသိုလ်ကံကသာ ကိုယ်လို လားတဲ့ကောင်းကျိုးကို ပေးနိုင်တာဖြစ်လို့ ကိုယ်ပိုင်ဥစ္စာအစစ် ခေါ်တယ်။ ဒီလို ကုသိုလ်ကံရှိတဲ့အလျောက် ရရှိတဲ့အာရုံငါးပါးတွေနဲ့ ပျော်မွေ့ကြတာကို ကာမရတိလို့ ခေါ်တယ်။ လောကီအာရုံတွေနဲ့ ပျော်မွေ့နေတာတွေပေါ့။

   ကာမရတိဆိုတာ စာသံပေသံပါနေတယ်။ အရပ်စကားနဲ့ နားလည်လွယ်အောင်ပြောရရှု အာရုံငါးပါး ကာမဂုဏ်တရားတွေကို တပ်မက်ပြီး ပျော်ပါးတာပါပဲ။ ကုသိုလ်ကံကြောင့်ရရှိတဲ့ ကောင်းကျိုးတွေဆိုပေမဲ့ ဒီလို ကုသိုလ်တရားကို တားဆီးပိတ်ပင်တတ်တဲ့လောဘ အကုသိုလ်နဲ့ ပျော်မွေ့မှုဟာ ကိုယ်ပိုင်မဟုတ်တဲ့အတွက် အငှားအတုတွေ ဖန်တီးထားတာတွေပဲ။

   နတ်ပြည်ခြောက်ထပ်ထဲမှာ နိမ္မာနရတိနတ်ဆိုတာ ရှိတယ်။ သူတို့မှာ ကိုယ်အလိုရှိရာကို ဖန်ဆင်းပြီး ပျော်မွေ့နိုင်တဲ့ ကမ္မဇိဒ္ဓိဆိုတာ ရှိတယ်။ အတိတ်ကံရဲ့ အစွမ်းသတ္တိတွေပေါ့။ အဲဒီနတ်တွေက ကိုယ်အလိုရှိရာကို ဖန်ဆင်းပြီး ပျော်ကြတာတဲ့။ ဖန်ဆင်းပြီးပျော်တယ်ဆိုကတည်းက ကိုယ်ပိုင်အစစ်နဲ့ မပျော်တတ်ကြလို့၊ ဒါမှမဟုတ် အခုပစ္စုပ္ပန်မှာ ကိုယ်ပိုင်ပျော်စရာအစစ် မရှိလို့ အတုတွေ ဖန်ဆင်းပျော်ရတာပေါ့။ ဒီအပျော်မျိုးကို ကာမရတိခေါ်တာပဲ။ အကုသိုလ်ပျော်နဲ့ ပျော်ကြတာလို့ ပြောတာ။

တချို့ အပျော်လွန်တဲ့နတ်တွေဟာ ကုသိုလ်တရားကို မေ့လျော့ရုံမကဘူး၊ အစာစားချိန်တောင်မေ့ပြီးး အပျော်လွန်လို့ သေရတာလည်းရှိတယ်။ နတ်ပြည်ဆိုတာ ပျော်စရာအတုတွေ ပေါများပြီး ကုသိုလ်တရားကို မေ့လျော့တတ်တဲ့အတွက် ကိုယ်ပိုင်ပျော်စရာ ကုသိုလ်တရားရှားပါးတဲ့ ဒေသမျိုး။ ဒါကြောင့်လည်း အဲဒီဘုံတွေမှာ ဘုရားမပွင့်ကြတာပဲ။

  လူ့ပြည်မှာ ဘုရားရှင်တွေပွင့်ကြလို့ သရဏဂုံသုံးပါး (ရတနာသုံးပါး) ထင်ရှားရှိပေမဲ့လည်း အတုဖြစ်တဲ့ ကာမဂုဏ်တွေနဲ့ပျော်နေတဲ့ လူတွေသန္တာန်မှာ သရဏဂုံ ရှိမနေဘူး။ ကုသိုလ်တရားလည်း ရှိမနေဘူး။ ဒီအပျော်တု အပျော်ငှားတွေက သရဏံဂုံကိုရော ကုသိုလ်တွေကိုရော ဖုံးကွယ်ပါတယ်။

   အခု ဒီနယ်တဝိုက်က မိန်းကလေးတွေကိုပဲ ကြည့်ပါလား။ အလှူပွဲတစ်ခု ခုကြုံမှ ဘုရားပင့် အလှူဝတ်စံချိန်ကလေး တခဏလောက်မှာ ဆောင်းရမည့် “ခေါက်ထီး”နဲ့ ပျော်ချင်ကြတဲ့အတွက် မိဘတွေကို အပူကပ်ကြ၊ စိတ်ဆင်းရဲအောင် လုပ်ကြသတဲ့၊ မိဘကျေးဇူးကို မေ့ပစ်ထားကြ တယ်။ ဒါဟာ ကုသိုလ်ကို ပိတ်ပင်ပြီး အကုသိုလ်တွေ တိုးနေတာပဲ။ အဲဒါအငှားပျော် ပျော်ချင်ကြတဲ့ ကာမရတိကြောင့် ဖြစ်ရတာ။

  မိဘကျေးဇူး မသိတတ်ဘူး၊ မိဘကို စိတ်ဆင်းရဲအောင် လုပ်တယ်ဆိုတာ ပေါ့သေးသေး မအောက်မေ့နဲ့။ “ဘုန်းကြီးလို့ သက်မရှည်၊ သက်ရှည်လို့ ဘုန်းမကြီး” ဆိုတာမျိုး ဖြစ်တတ်တယ်။ ဒီစိတ်ဓာတ်တွေ ပြင်းထန်လာပြီဆိုရင်တော့ “ဘုန်းလည်းမကြီး အသက်လည်းမရှည်နိုင်ဘူး” နင်တို့ ကြားကြတယ်မို့လား။ ဟိုဘက်ရွာက မိန်းကလေးတစ်ယောက် “ခေါက်ထီး” ဝယ်မပေးလို့ဆိုပြီး ကိုယ့်ဟာကိုယ် ဆေးရည်သောက်ပြီး သေကြောင်းကြံသတဲ့။ အဲ့ဒါ မိဘအပေါ်ရန်လိုတဲ့စိတ် ထားခဲ့လို့ ကံတရားက စီမံလိုက်တာပေါ့။ ဘုန်းမကြီး သက်မရှည် ဖြစ်သွားတယ်။

“နိမ္မာနရတိ” နတ်တွေ အတုကိုဖန်ဆင်းပြီး ပျော်ရတာဆိုတာ ခုဘဝမှာ ကိုယ်ပိုင်အစစ်ဖြစ်တဲ့ ကုသိုလ်တရားတွေ ရှားပါးလို့ ဒါမှမဟုတ် မသိကြလို့၊ အစစ်မရှိတဲ့အတွက် အတုနဲ့ပျော်ကြတာ၊ ဖန်ဆင်းနိုင်တယ်ဆိုလို့များ အားမကျလိုက်ကြနဲ့၊ ဖန်ဆင်းတာမှန်သမျှ အတုတွေချည်းပဲ၊ ပြီးတော့ အကုသိုလ်အားပေးတဲ့ ကာမရတိ အာရုံတွေချည်းပဲ။

မြန်မာစကားပုံ ရှိတယ်မို့လား။ “အကျည်းတန် မှန်ကြိုက် ဆိုတာလေ။ ပင်ကိုယ်ရုပ်မလှတော့ ကိုယ်ပိုင်မရှိတဲ့အတွက် မှန်ထဲမှာကြည့်ပြီး အတုတွေနဲ့ ဖန်တီးပြုပြင်နေရတာကိုပြောတာ။ များများဖန်တီးထားလေ ပင်ကိုရုပ် အကျည်းတန်လေဆိုတာ သိသာတယ်။ နတ်တွေက ဖန်ဆင်းတယ်၊ လူတွေက ဖန်တီးတယ်။ ဒါပဲကွာတယ်။ အတုကတော့ အတုချည်းပဲ။

တို့လူ့ပြည်မှာ ပျော်ရွှင်စရာ အစစ်တွေပေါတယ်။ ဗုဒ္ဓအဆုံးအမ လိုက်နာသူတိုင်း၊ မိဘကို ရိုသေတဲ့ ကုသိုလ်တွေ၊ ကျေးဇူးသိပြီး ကူညီတဲ့ကုသိုလ်တွေ၊ ဒါန၊ သီလကုသိုလ်တွေ အဲဒါ ကိုယ်ပိုင်အစစ်တွေပဲ။ ဒါတွေကိုသိပြီး တစိမ့်စိမ့်တွေးရင်း ဝမ်းသာပျော်ရွှင်နေမယ်ဆိုရင် အနုဿတိဘာဝနာ ကုသိုလ်တောင် ထပ်တိုးလိုက်သေး။ ဒါကြောင့် ဒီအပျော်မျိုးကို “ဓမ္မရတိ = တရားနဲ့ပျော်တယ်” လို့ခေါ်တာ။ ပျော်နိုင်လေ ကုသိုလ်တိုးလေပဲ။ ဓမ္မရတိနဲ့ ပျော်မွေ့သူဟာ ကိုယ်ပိုင်တရားအစစ်နဲ့ ပျော်တာဖြစ်လို့ ဥစ္စာရှင်စစ်စစ်လည်း ဖြစ်တယ်။

လူ့လောကမှာ ဒါကို သေသေချာချာ စဉ်းစားကြည့်ရင် သိပ်ကွာခြားပါတယ်။ အငှားအတုတွေနဲ့ ကြွားတဲ့လူရယ်၊ ကိုယ်ပိုင်အစစ်နဲ့ ရိုးရိုးသန့်သန့်နေတဲ့ လူရယ်ဟာ အကြောင်းသိတဲ့ ပရိသတ်ကြားရောက်ရင် ဣနြေ္ဒရတာချင်းကို မတူဘူး။ အတုအငှားသမားက အမြဲတမ်း မလုံမလဲ ဖြစ်နေရတာမျိုး။ ပြီးတော့ အငှားအတုတွေနဲ့ ပြင်ဆင်ထားတဲ့ အလှဆိုတာ သူများကြည့်ကောင်းအောင်လို့၊ သူများအတွက် ပြင်တဲ့အလှ၊ ကိုယ့်ကုသိုလ်နဲ့ကိုယ် အလှဆင်ပြီး ပျော်တာကမှ ကိုယ့်ကိုယ်ကိုပြန်ကြည့်ဖို့ ပြင်တဲ့အလှ ခေါ်တယ်။ ပြန်ကြည့်လိုက်တိုင်းလည်း ကုသိုလ်တိုးတယ်။ ကဲ.. ကလေးမလေးတွေ ပြောကြစမ်း၊ နင်တို့ သူများအတွက်ပဲ ပြင်နေကြမှာလား၊ ကိုယ့်အတွက်ကိုယ် ပြင်ဆင်ကြမှာလား။

ပြီးတော့မှပဲ ကဲ.. ပြောကြစမ်း ကလေးမလေးတွေ၊ နင်တို့အငှားနဲ့ ပျော်နေကြတဲ့ အတုအယောင်တွေ ဖြစ်ချင်ကြသလား၊ ကိုယ်ပိုင်အစစ်နဲ့ ပျော်တဲ့ ဥစ္စာရှင်တွေ ဖြစ်ချင်ကြသလား။ (ကလေးမများက တုတ်တုတ်မျှ မလှုပ်ကြ) နင်တို့ အသေအချာ မစဉ်းစားကြလို့ပါ။ အတုအယောင်ဆိုတာ လူအလွန်အောက်တန်းကျတာ။ ထီးကောင်းဆောင်းသွားလို့ “ဟယ် ထီးကလေးက လှလိုက်တာ” ဆိုရင် လူတစ်ကိုယ် လုံးက ဘာဖြစ်သွားမလဲ၊ ထီးလောက်မှ တန်ဖိုးမရှိတာ ဖြစ်မသွားဘူးလား၊ ဒီထက်အောက်တန်းကျတာ ဘာရှိသေးတုံး။

အေး.. အငှားအတုတွေဆိုတာ ခဏပဲခံတယ်။ ကိုယ်ပိုင်အစစ်ကတော့ တစ်ဘဝမကဘူး၊ နိဗ္ဗာန်အထိခံတယ်။ မြဲမြဲမှတ်ထားကြ။

“အငှားအတုနဲ့ပျော်တာ ကိုယ်ပိုင်မရှိတဲ့ ဖန်ဆင်းရှင်တွေ၊ ကာမရတိခေါ်တယ်။ သူများကြည့်ဖို့အတွက် သက်သက်ပဲ။ ကိုယ့်ဟာကိုယ် ပြန်ကြည့်လို့ ကုသိုလ်မတိုးဘူး။ အကုသိုလ်ပဲ တိုးလာတဲ့အတွက် ဆိုးကျိုးဒုက္ခကိုပဲ ပေးနိုင်တယ်။ ကိုယ်ပိုင်ကုသိုလ်တရားနဲ့ပျော်တတ်မှ ဥစ္စာရှင် ဓမ္မရတိခေါ်တယ်။ ဘယ်တော့မှ နောင်တပူပန်နေရတယ်လို့လည်း မရှိဘူး။ နိဗ္ဗာန်အထိလည်း ကောင်းကျိုးပေးမယ်။
ကိုင်း. အခု.. လိုရင်းကို ပြောလိုက်မယ်၊။

ဘုရားပင့်တယ်ဆိုတာ မြတ်စွာဘုရား ကြွတော်မူတဲ့နောက်က လိုက်ကြရတာ။ ဘုရားရှင်နောက်က ခြံရံပြီးလိုက်ကြတဲ့အခါ ရဟန္တာအရှင်မြတ်ကြီး တွေတောင် ဖိနပ်မစီး၊ ထီးမဆောင်းကြဘူး၊ ရိုရိုသေသေ လိုက်ကြတယ်။ အခု အလှူဝတ်စံဘုရားပင့်တော့လည်း ဒီအတိုင်းပဲ ခြံရံပြီး လိုက်ရမှာ။
   ဒီကရှေ့ ဒီဘုရားပင့် လှည့်လည်ပွဲကို လိုက်တဲ့သူမှန်သမျှ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် အင်္ကျီအဖြူရောင်ကိုသာ ဝတ်ရမယ်၊ ရိုးရိုးတဘက်တစ်ထည်ကို လက်ကန်တော့တင်ထားရမယ်။ လုံချည်က ယောဂီရောင်ဖြစ်ဖို့ဆိုရင် အားလုံး အသစ်ဝယ်လို့ မလွယ်ကူလို့ ရှိတာကိုပဲ ရိုးရိုးဝတ်ခဲ့ရမယ်။
   ပြီး.. လက်ထဲမှာ ထီးဖိနပ် လုံးဝမယူခဲ့ရဘူး၊ လှူရန်ဝတ္ထုဖြစ်ဖြစ်၊ တံခွန်ကုက္ကားနဲ့ ကြက်လျှာတစ်ခုခုဖြစ်ဖြစ် လက်အုပ်ကြားမှာထည့်ပြီး လက်အုပ်ချီလိုက်ရမယ်။ ဘုရားဂုဏ်ကို မကြည်ညိုဘူး၊ ဘုရားကို မကြည်ညိုဘူးဆိုတဲ့လူ ဘယ်သူမဆို ရွာခံဖြစ်ဖြစ် ဧည့်သည်ဖြစ်ဖြစ် ဘုရားပင့်လှည့်လည်ပွဲမှာ မလိုက်စေနဲ့၊ ဒါဟာ ဒီရွာရဲ့ အစဉ်အဆက် စည်းကမ်းအဖြစ်သတ်မှတ်ပြီး လက်ခံရမယ်၊ ဒီစည်းကမ်းအတိုင်း မလိုက်နာ နိုင်ဘူးဆိုရင်တော့ ဒီကျောင်းကို အလှူဝတ်စံဘုရားပင့် မလာကြနဲ့” လို့ ပညတ်ချက် ထုတ်လိုက်ပါတယ်။

အဲဒီအချိန်ကစပြီး အဲဒီရွာမှာ “ခေါက်ထီး”ရောဂါ အမြစ်ပြတ်သွားသလို နောက်ထပ် ကာလပေါ် ရောဂါဆိုးတွေလည်း ကူးစက်လာမှု အတော်နည်းပါးသွားပါတယ်။

သြော်.. ကျေးလက်ဒေသမှာ စရိုးဆိုးတွေဖယ်ရှားပြီး စရိုက်ကောင်းတွေ ထွန်းကားဖို့ဆိုတာ ရွာဦးရွာထိပ်က “ရွာဦးခေါင်း” လို့ဆိုရမည့် ကျောင်းထိုင်ဆရာတော်များက အမုန်းခံ၊ အမောခံ၊ အနစ်နာခံ၊ သြဇာတိက္ကမကို ထူထောင်ပြီး မေတ္တာစိတ်ထားနဲ့ ပြုပြင်ပေးမှုအပေါ်မှာ လုံးလုံးလျားလျား တည်နေပါကလားလို့တွေးရင်း ဆရာတော်ကို အမှတ်တရ လေးစားစိတ်နဲ့ ဒီအကြောင်းကို မှတ်တမ်းပြုလိုက်ပါတယ်။

ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)


Wednesday, May 29, 2013

ခြင်းတောင်းကြီး ပြန်ယူခဲ့နော်

ခြင်းတောင်းကြီး ပြန်ယူခဲ့နော်

ဒီနေ့ သူတို့လေးတွေကို  “မိဘလုပ်ကျွေးခြင်းမင်္ဂလာ” အကြောင်း ပြောပြရမည့်နေ့ပါလား။ “ကြွေးဟောင်းလည်း ဆပ်၊ ကြွေးသစ်လည်းချ” သည့် ဘုရားလောင်း ကျေးမင်းဇာတ်က စိတ်ထဲမှာ ပေါ်လာသည်။ အကြွေးသဘော မဟုတ်ဘဲ၊ သိအပ်၊ ခံစားအပ်၊ တုံ့လှယ်အပ်သော နိယာမဓမ္မအဖြစ် နားလည်အောင် ပြောပြချင်လှသည်။ ဒါမှ ကျေးဇူးအလှကို မြင်နိုင်မည်၊ မဲပြာ ပုဆိုးနှင့်တော့ သူတို့လေးတွေကို မဆွဲဆောင်နိုင်။

ဝတ္တရားဆိုတာထက်၊ အလှတရားအဖြစ် နားလည် တုံ့ဆပ်ခြင်းက ပို၍ လေးနက်ခမ်းနားကြောင်းကို သိစေချင်သည်။ ထိုအလှကို စာနာခြင်းဖြင့်သာ နားလည်ခံစားနိုင်ကြမည်။ တလောက “နံရံကပ်ပိုစတာ” လေးတစ်ခုကို ဖတ်လိုက်ရသည်၊ “ငါအိုသောအခါတဲ့”။ 

 မိအို၊ ဖအိုများကို စာနာဖို့အရေး၊ ထိမိသော သတိပေးမှုလေးများပင်၊ မည်သူ၏ လက်ရာမှန်း မသိရပေမင့် သာဓုအကြိမ်ကြိမ် ခေါ်မိသည်၊ ဖတ်သူ့ရင်ကို ထွင်းနိုင်ပေစွ၊ စာမြည်းအဖြစ် ပြရလျှင် “ခေတ်သစ် နည်းပညာ သစ်တွေကို နားမလည်တဲ့အခါ မလှောင်ပါနှင့်၊ ငယ်ငယ်တုန်းက “ဘာကြောင့်ဆိုတဲ့” မေးခွန်းတွေကို အကြိမ်ကြိမ် ဖြေပေးခဲ့တာ သတိရပါ” တဲ့၊ ဒီစာစုထဲက သဘောထားလေးတွေ ပြန့်နှံ့စေချင် လှပါဘိ၊

ဟော .. ငြင်းသံ၊ ခုံသံနှင့် သူတို့လေးတွေ ရောက်လာကြပြီ၊ ကောင်းမြတ်ထွန်း ဦးဆောင်တဲ့ ယောက်ျားလေး တသိုက်၊ သူငယ်မတွေကော -
“လာကြပြီလား၊  ညီမလေးတွေကော”

“စောင်းတန်းထိပ်မှာ ကျန်ခဲ့တယ် ဘုန်းဘုန်း၊ ဟို … ပိုက်ဆံတောင်းတဲ့ အဖွားကြီးနားမှာ ကြည့်နေကြ တယ်”
အင်း … ဒါမိန်းကလေးတွေရဲ့ဗီဇပဲ၊ သနားမယ်၊ ကြင်နာမယ်၊ သိပ်မကြာလိုက်၊ ညီမလေးယောက် တက်လာ ကြသည်၊ ရောက်သည်နှင့် …
“ဘုန်းဘုန်း အဖွားကြီးသနားပါတယ် … ပိုက်ဆံကလည်း မရဘူး၊ ဖျားလည်းဖျားနေတယ်၊ အဲဒါ နွယ်နီတို့ ဝိုင်းပေး ခဲ့ကြတယ်”

“အေး … အေး ကောင်းတာပေါ့ကွယ် … ထိုင်ကြ … ထိုင်ကြ”
“ယမင်းတို့ ဖွားဖွားအရွယ်ပဲရှိမယ် … သူ့မှာ သားသမီး ကျောထောက်နောက်ခံ မရှိဘူးလားမသိဘူးနော် ဘုန်းဘုန်း”
“မပြောတတ်ပါဘူးကွယ်”

လမ်းတွေမှာ၊ ဘုရားစောင်းတန်းမှာ ခုလို ကိုးရာမဲ့ ရွယ်အိုတို့ကိုမြင်တိုင်း ကိုယ်တိုင် ထိုမေးခွန်းကို ပြုမိရမြဲ၊ သားသမီး မရှိဘူးလား၊ အိမ်ထောင်မပြုခဲ့သော ကိုယ်တည်းလား၊ ဆွေမျိုးမဲ့လား၊ သို့မဟုတ် … ရှိလျက်နှင့် … စသည့်မေးခွန်းတို့ ဆင့်ရမြဲ၊
“ရှိလည်းတချို့ ဖြစ်တာပါပဲ၊ သားတို့အိမ်နားက ကို(….) ဆိုတဲ့လူဆို သူ့အမေကြီးပစ်ထားတာ၊ လာရင်လည်း အော်နေ၊ ဆူနေတာဘဲ”

ရန်နိုင်ထွန်း၏ ကိုယ်တွေ့စကား၊ ဟုတ်လောက်သည်။ တချို့သောသူတို့သည် “သားမယားကို လုပ်ကျွေးမွေးမြူခြင်း မင်္ဂလာမှာ ထက်သန်သလောက်၊ မိဘကို လုပ်ကျွေးစောင့်ရှောက်ခြင်းမင်္ဂလာ” ကိုမူ ယွင်းချွတ်လွယ်ကြသည်။ စုန်ရေ၏ အလျဉ်နှင့် ဆန်ရေ၏ အဟုန်တို့သည် မညီနိုင်။
မည်သို့ဆိုစေ၊ လူအိုလူမင်းတို့ကိုလည်း “ကိုယ့်အားကိုယ်ကိုးသောအလေ့ကို လျှော့မချစေချင်၊ “မြန်မာ အို၊ ကျောင်းကြို၊ ကျောင်းကြား” ဆိုသည့် စကားကို “အချင်းချင်း တွေ့ဆုံကြခြင်း” ဖြင့် အစားထိုးသင့်ကြသည်။

 ရိပ်သာများ ဥပုသ်ကျောင်းများသို့ သွားရောက်လေ့ရှိသည်မှာ ကုသိုလ်ရေးသက်သက်ဖြစ်၍ လောကီကိစ္စ လူမှုရေးများ ဆွေးနွေး နှီးနှောရန်၊ ဘာသာတူ ဘာသာခြား အားလုံးပါဝင်နိုင်သည့် တစ်ပါတ်တစ်ကြိမ်စသည် ဆုံစည်းမှုရှိနိုင်လျှင် ကောင်းပေမည်၊ အချင်းချင်း ဖေးမရိုင်းပင်းခြင်းဖြင့် မိမိတို့၏ နေညိုဆည်းဆာသည် ပို၍ တောက်ပလာနိုင်ပေသည်၊ “ဇရာ ဒုဗ္ဗလ” နေရာမှာ “ဇရာ သမဂ္ဂ” ဖြင့် အစားထိုးကြမည်။ သူတို့နိုင်ငံတွေမှာဆို ပင်စင်နာများကလာပ်မှသည် လေဖြတ်ခံယောက်ျားများ၏ ဇနီးများကလာပ်လို အဖွဲ့မျိုးထိရှိသည်တဲ့၊ လိုလားအပ်တဲ့ ဓလေ့ပေပဲ၊ သည်မှာ ကူးစက်စေချင်လှပါဘိ၊
“ဘုန်းဘုန်း အဲဒီလိုလူမှာကော အပြစ်မရှိဘူးလား”

အတွေးလျင်ကို ကောင်းမြတ်ထွန်း၏ မေးခွန်းက တန့်စေသည်၊ ခုနက “ပုတ္တဒါရဿ မင်္ဂလာ” အားကောင်းပြီး “မာတာပိတု ဥပဋ္ဌာန မင်္ဂလာ” ချို့တဲ့ သူကို မေးကြောင်း အမှတ်ရသည်။
“ရှိတာပေါ့ ကိုကောင်းရဲ့၊ ခုဘဲသားတို့ အဲဒီလူကို ကဲ့ရဲ့နေကြပြီ မဟုတ်လား၊ ယဉ်ကျေးတဲ့ လူအသိုင်းအဝိုင်းက ကျေးဇူးမဲ့သူအဖြစ် အထင်အမြင်သေးကြမယ်၊ လောကဝတ်မကျေတော့ အနေခက်၊ ဓမ္မဝတ် မကျေတော့ အသေခက်ဆိုတာ ဓမ္မတာပဲ သားရဲ့”

“နောက်ပြီး သားတို့ကြားဖူးသားဘဲ၊ တန်ပြန် သက်ရောက်မှု နိယာမဆိုတာလေ”
မောင်နှမတစ်စု အနားတိုးလာပြီး နေရာယူကြရင်း နားစွင့်နေကြဟန် တွေ့ရ၍ …
“ကောင်းတာလုပ်ထားမှ ကောင်းကျိုးက သက်ရောက်မှာ၊ ပေးမှာ၊ လုပ်မထားတဲ့ ဝတ္တရားချို့သူမျိုးကို ဘယ်က ကောင်းကျိုး သက်ရောက်နိုင်ပါ့မလဲကွယ်”

ဘုရားလက်ထက်က ပုဏ္ဏားကြီးနဲ့ သားသုံးယောက်ဇာတ်က ခေါင်းထဲပေါ်လာပေမင့်၊ ပို၍ လတ်ဆတ်မယ် ထင်သည့် (ဇာတကကို မှီးဟန်ရှိသည့်) ဂျပန်ပုံပြင်လေးကို ရွေးလိုက်ကာ “ဒီလိုပဲ မကောင်းတာလုပ်ထားရင်လဲ မကောင်းမှုက သက်ရောက်လာတာဘဲကွဲ့၊ ကိုယ်က ပေးရမည့်အချိန်မှာ တာဝန်မဲ့ခဲ့ရင်၊ ကိုယ်ယူရမည့် အချိန်ကျလည်း တာဝန်မဲ့ခံရမှာပဲ၊ တခါတုန်းက မိသားစုတစ်စုမှာ အဖိုးအိုကြီးတစ်ယောက်လည်း ပါဝင်ပါသတဲ့၊ အဲဒီအဖိုးအိုကြီးဟာ အသက်ကကြီးလာတော့ စားရာသောက်ရာမှာလည်း ဟန်မရ၊ စကားပြောရာလည်း ဝင်ပါဆိုတော့ နေရာတကာမှာ ရှုပ်တယ်လို့ မြင်လာကြသတဲ့၊ အဲဒါကြောင့် သူရဲ့ချွေးမဖြစ်သူက မသက်ကြည်ဘူးတဲ့၊ ဒီတော့ အဖိုးကြီးရဲ့ သားဖြစ်သူ ကလည်း သူဇနီးက မသက်ကြည်တော့ သူကလည်း မကြည်ဖြူတော့ဘူးတဲ့၊”

“မေမေနဲ့ ဖွားဖွားနဲ့လည်း စကားများတယ် ဘုန်းဘုန်း”
“ဟဲ့ … ညီညီဝေထွန်း”
“အေး … အေး နောက်မဖြစ်အောင် ပြောရမှာပေါ့ကွယ်၊ ကဲ … ဆက်ရအောင်၊ အဲဒီလို အဖိုးကြီးကို မလိုလား ကြတော့ စွန့်ပစ်ကြဖို့ လင်မယားနှစ်ယောက် တိုင်ပင်ကြပါသတဲ့၊ အဖိုးကြီးကို ခြင်းတောင်းထဲထည့်ကာ ပစ်လိုက်ကြဖို့ ဆုံးဖြတ်ပြီး အစီအစဉ်အတိုင်း လုပ်နေကြတာကို သူတို့ရဲ့ သားငယ်လေးက မြင်တော့ “ဘာလုပ်မလို့လဲ အဖေလို့” မေးတဲ့အခါ “ဒီအဖိုးကြီးကို ခြင်းတောင်းထဲ ထည့်ပြီး သွားပစ်မလို့” လို့ ပြောလိုက်ပါသတဲ့။”

“တော်တော်ဆိုးတာဘဲ”
“ရက်စက်တယ်”
မောင်နှမတွေထဲက ထွက်ပေါ်တဲ့ အသံလေးတွေ၊ ဘယ်သူဆီက ထွက်လာသည်ဖြစ်စေ၊ ဒီအသံလေးဟာ သူတို့လေးအားလုံးကို ကိုယ်စားပြုမှာပါဟု တွေးရင်း စကားကို ဆက်လိုက်သည်၊
သူ့အဖေရဲ့ စကားကိုလည်းကြားရော သားကလေးက “အဖေ ဒါဆိုရင် ခြင်းတောင်းကြီး ပြန်ယူခဲ့နော်” လို့ မှာလိုက်ပါသတဲ့ “ဘာလုပ်မလို့လဲ သားရဲ့” လို့ သူ့အဖေက ပြန်မေးတော့ “သားအလှည့်ကျရင်လည်း အဖေ့ကို ထည့်ရဦးမှာလေ” လို့ ဖြေလိုက်ပါသတဲ့။

အဲဒီတော့မှ ဖခင်ဖြစ်သူဟာ အသိတရား ရသွားရောတဲ့။ အကြံဆိုးကို မလုပ်ကြတော့ဘူးတဲ့။
ပုံပြင်ဆုံးတော့ မောင်နှမတတွေ ပြုံးနေကြသည်။ ကြည်ကြည်နူးနူး အပြုံးလေးများ၊ ဒီအပြုံးလေးတွေ ထာဝရ ဆင်နိုင်ကြပါစေလို့ ရင်မှာ ဆန္ဒပြုနေမိသည်လေ။

နတ်စည်
မေ ၇၊ ၂၀၁၃

Tuesday, May 28, 2013

ဘာကြောင့် စာဖတ်သင့်သလဲ


. ဘာကြောင့် စာဖတ်သင့်သလဲ

စာဖတ်ခြင်းကို တန်ဖိုးထားလေးစားသော ဆရာချစ်နိုင်(စိတ်ပညာ) ၏ အတွေးအမြင်

စာဖတ်ခြင်းကို တန်ဖိုးထားလေးစားသော ဆရာချစ်နိုင်(... စိတ်ပညာ) ပြည်သူ အကျိုးပြုနှင့် လူမှူရေးတက်ကျမ်းစာပေများဖြင့် ယနေ့ လူကြီးလူငယ်များအတွက်ဦးနှောက်
အဟာရ ဖြစ်စေသော စာပေများရေးသားလေ့ ရှိသည့် စာရေးဆရာကြီး ချစ်နိုင်(စိတ်ပညာ)မှ စာဖတ်ခြင်း၏ကောင်ကျိုးနှင့် အတွေးအမြင်များကို စေတနာနိဒါန်း ၊ မေတ္တာနိဂုံး တို့ ဖြင့် တင်ပြခဲ့ပါသည်။

အနာဂတ်မှာရင်ဆိုင်မယ့်လူအဖွဲအစည်း အသစ်က နှစ်ဆယ်ရာ စုနှောင်းပိုင်းက လူဘောင်မျိုးမဟုတ်ပဲ အလွန်လျှင်မြန်လှတဲ့ အပြေင်းအလဲလူအဖွဲအစည်း တစ်ခုအဖြစ် တွေးခေါ်ဆောင်ရွက်မှူ အစိတ်အပိုင်းတော်တော်များများထွက်ေါ်နေပါပြီ ။ခေတ် ၊စနစ် ၊ စစ်ပွဲ ၊ နည်းပညာ ၊ တီထွင်ထုတ်လုပ်မှူ အားလုံးမှာ
သာလွန်အနိုင်ရရှိနေသော အခြေအနေများကို သုံးသပ်မည်ဆိုပါက စီမံခံခွဲမှူသာလွန်ကောင်းမွန်သော နိုင်ငံအုပ်ချုပ်သူ နည်းစနစ်များကသာ ဦးဆောင်သွားသည်ကို တွေမြင်နေကြရပြီးဖြစ်သည် ။

စ်ီမံခံခွဲမှူအမျိုးမျိုးအနက်မှာ တစ်ဦးခြင်းနှင့်သက်ဆိုင်တဲ့ အလုပ် ၊ အချိန် ၊ ဘ၀တွေဟာလဲ ကောင်းမွန်တဲ့ စီမံခံခွဲမှူများ၏ သက်ရောက်မှူရှိသလို.... နိုင်ငံတစ်ခုနှင့် နှိုင်းရှင်သုံးသပ်မည်ဆိုပါက ပြည်သူလူထုရဲ့ ရွေးချယ်မှူ ဆုံးဖြတ်မှူ ပါဝင်လုပ်ဆောင်မှူတွေကို အလေးထားတဲ့ ဒီမိုကရေစီ စနစ်မှာ အတွေးအခေါ် အသိအမြင်
စွမ်းရည်မြင့်မားသူတွေရဲ့ အသိအမြင်တွေ စီမံခန့် ခွဲမှူတွေ ပိုပြီးအရေးပါပါမယ်။

မီးတောက်ကြီးတစ်ခုရဲ့ လောင်ကြွမ်းမှူနဲ့ အပူစွမ်းအင်များသည် ထင်းတစ်ချောင်းစီ၏ စုပေါင်းစွမ်းအားများမှထွက်ပေါ်လာတဲ့အပူစွမ်းအင်နဲ့  ပမာမျှလှပါတယ် ။ ပင်လယ်တစ်ခုကို ရုတ်ချည်း ရေပြည့် တာမျိုးမဟုတ်ဘဲ မိုးရေစက်များစွာနဲ့  စုပေါင်းထားခြင်းသာဖြစ်ပါတယ်။လူတစ်ဦးခြင်းစီရဲ့ စီမံခံခွဲ တတ်မှူ တစ်ဦးခြင်းအရည်အသွေးက အလွန်အရေးပါလှပါတယ်။ အဓိကက ပညာရေးပါဘဲ။ ကျောင်းသင်ပညာရေး ကအခြေခံကောင်း ဖို့ လိုပါမယ်။ မိသားစုဘ၀ပျိုးထောင်မှူကအစောဆုံးဖြစ် ၍ မိဘတွေကအစ အမြော်အမြင်ရှိရပါမယ် ။

လူသားတွေဟာ ပတ်ဝန်းကျင်ဆက်ဆံရေးရိုက်ခတ်မှူနဲ့  အသိမြင်ဖွံဖြိုးခွင် ရရှိကြပါတယ်။ ၀န်းကျင်၊ ရပ်ရွာ ၊ မြို့ ပြလူနေမှူအဖွဲအစည်းရဲ့ ဆက်ဆံရေးပုံသွင်းမှူတွေက အရေးကြီးလှပါတယ်။ မိသားစုအခြေအနေနဲ့ 
ကျောင်းသင်ပညာရေးမှ လွမ်းမိုးပြုပြင်မှူများက အားကစား အနုပညာ မျိုးချစ်စိတ် ဘာသာရေး ပရဟိတစိတ်ဓါတ် အချိန်ကိုအသုံးချတတ်မှူနဲ အလုပ်စီမံခန့် ခွဲနိုင်စွမ်း တွေက တစ်ဦးခြင်းစီရဲ့ ရွေးချယ်တန်ဖိုးထားမှူနဲ ကိုယ်ရည် ကိုယ်သွေးများ (personality) အရ ကွဲပြားသွားကြပါတယ် ။လူတစ်ယောက် တော် ၏
သင့် ၏ ကို " ဒီပုတ်ထဲကဒီပဲ " ဆိုတာမျိုးတော့ တရားသေပြောလိုမရပါဘူး ။


ချင့်ချိန်နိုင်စွမ်းအား

လူခြင်းတူသော်လည်း အသက်ရှူပုံကွဲပြားခြင်းတွေရှိပါတယ်။
သွေးသားရင်းခြာမောင်နှမတွေမှာ အကြိုက်စရိုက် မတူညီတာတွေက သာဓကဖြစ်ပါတယ် ။
ကွဲပြားမှူတစ်ခုစီတော့ရှိကြပါတယ်။

ကောင်းတဲ့ လားရာကွဲပြားတူညီမှူတွေကို တူညီတဲ့ပဲ့ပင် မှူတစ်ခုအဖြစ်
စာများများဖတ်ရပါမယ် ။ စာဖတ်ခြင်းအသိဥာဏ်ရှိနေသူမှာ ဘ၀ရဲ့ကြုံတွေရတတ်တဲ့
ချောက်ကမ်းပါးတွေ လမ်းမှားတွေကို ကြိုတင်စီမံခန့် ခွဲရှောင်လွှဲ နိုင်ပါတယ်။

လမ်းကောင်းကိုကြိုဆနိုင်လို့ အချိန်ကိုအကျိုးရှိအောင် သုံးတတ်မယ် ။အဓိကနဲ့ သာမည ခွဲခြားတတ်လာမယ်။ (ခေတ်စကားတစ်ခု အယ်ဒီတာစကား။ ။ အရေးမကြီးတာကို အရေးကြီးသလိုလုပ်တယ်။)အလုပ်ရဲ့ထွက်လာ မယ့် ရလဒ် အကောင်းအဆိုး ကိုချင့်ချိန်နိုင်မယ် စာဖတ်သူများက စာမဖတ်တဲလူထက် သိသိသာသာ
ခေါင်းတစ်လုံးစာမက ပိုမြင့်ပိုမြင်နိုင်ကြပါ တယ်။

စာဖတ်သော အယ်ဒီတာ

ဆိုဗီယက်ရုရှားခေတ်ပြောင်းတော်လှန်ရေးကြီးကို ခေါင်းဆောင်အောင်မြင်စေခဲ့တဲ့ ကွန်မြူနစ် ခေါင်းဆောင် “ ဗွီအိုင်လီနင်
“ ဟာ သတင်းစာဆရာ ၊ ဂျာနယ်အယ်ဒီတာအဖြစ် စာအလွန်ဖတ် သူဖြစ်တယ် ။
(အယ်ဒီတာဖြည့်စွက်။ ။အခုရှိသေးရင် ၀က်ဘ်အယ်ဒီတာ ပါဖြစ်ဦးမည်။)
စာအလွန်ဖတ်ပြီး ဆောင်းပါးတွေ လဲ ရေးခဲ့ပါတယ် ။ စာဖတ်လွန်းတဲ့ လီနင် ဟာ အမြင်ကျယ်ပါတယ်။

စာဖတ်သော ရှေ့နေ

အမေရိကန်သမ္မတပေါင်း (၄၅) ဦးလောက်ရှိတဲ့အနက်မှာ လင်ကင်း(သို)အေဗရာဟမ်လင်ကွန်း က
ဘယ်သှူမယှဉ်သာအောင် လူသေသော်လည်း နာမည်မသေသူ လေးစားချစ်ခင်မြတ် နိုးဖွယ်
ပုဂ္ဂိုလ် ထူးကြီးဖြစ်ပါသည် ။ လင်းကင်းရဲ့စာပေစာမျက်နှာများမှ
ကျောင်းတတ်ရက် တစ်နှစ်ခွဲတောင်မရှိဘဲ
ကျောင်းစာလည်းကောင်းကောင်းမသင်ခဲ့ရရှာပါဘူး ။

ဒါပေမဲ့စာပေကို အလှမ်းမဝေးဘဲ ရသမျှလက်လှမ်းမှီသမျှ စာတွေကိုဖတ်မှတ်လေ့လာတယ် ။ ရှိတ်စပီယားနဲ့ 
အကျော်အမော်စာဆိုကြီးတွေရဲ့စာတွေနဲ့ ရင်းနှီးလှတဲ့ လင်ကင်းရဲ့မိန်ခွန်းတိုင်းက အဆီအသားပြည့်ဝလှပြီး
ပြည်သူ့ ဘ၀င်စွဲနေလို့  ဒီနေ့ဒီနေ့ အချိန်အထိ မေ့ မရတသသ ဖြစ်နေဆဲ ဖြစ်ပါတယ် ။

စာကြည့်တိုက်မှူး

နယ်ချဲ့ ဆန့်ကျင်ရေးတိုက်ပွဲကာလအတွင်းမှာ ဖက်ဆစ် ဂျပန်တွေကို တော်လှန်ကြရပါတယ် ။ အဲ့ဒီအခါမှာ ဗမာ့လွတ်လပ်ရေးတပ်မတော်ထဲကို ဟိန္ဒားသတ္တုမိုင်း အလုပ်သမားတစ်ယောက်ဟာ ယိုးဒယားမှ ရန်ကုန်သို့ တိုက်ခိုက်ချီတက်လာတဲ့ စစ်ကြောင်းမှာ ရဲဘော်အဖြစ် ၀င်ရောက် လုပ်ကိုင်လိုက်ပါလာခဲ့တယ် ။သူက ဟိန္ဒားသတ္တုတွင်း အလုပ်သမားစာကြည့်တိုက်မှာ " စာကြည့်တိုက်မှူးစေတနာ့ဝန်ထမ်းလုပ်တယ်" ။ သူက အတန်းပညာ ရှစ်တန်း ၊ ကိုးတန်းသာ အောင်ပေမဲ့ စာဖတ်ဝါသနာထုံတော့ အလွန်စာဖတ်အားကောင်းတယ်။ ဘီအိုင်အေ ခေတ်မှာ သူဟာ ရာထူးအဆင့်ဆင့်တက်ပြီး အရာရှိဖြစ်လာတယ် ။

ဗိုလ်ဗထူးပေါ့ ။ တိုက်ရည်ခိုက်ရည် ထူးထူးချွန်ချွန်ကောင်းတာကြောင့် တပ်ရင်းမှူးရာထူးပေးအပ်ခြင်းခံရတယ် ။ (ရဲဘော်သုံးကျိပ်ဝင်တွေတောင် တပ်ရင်းမှူးရာထူးမရတဲ့သူတွေရှိပါတယ်။) ဖက်ဆစ်တော်လှန်ရေးမှာတော့ ဗိုလ်ချူပ်အောင်ဆန်းက ဗိုလ်မှူးကြီး ဗထူးကို မြောက်ပိုင်းတိုင်း တိုင်းမှူးအဖြစ် ကွပ်ကဲတိုက်ခိုက်စေပါတယ် ။

စာဖတ်ခြင်းရဲ့ ကောင်းကျိုးနမူနာလေးပါ ။ ဗိုလ်မှူးကြီးဗထူးလို လူကောင်းလူတော်တွေ ဦးစီးကွပ်ကဲတော့ ဖက်ဆစ်တော်လှန်ရေးကြီး ဟာလည်း ပြည်သူတွေရဲ့ အားပေးကူညီမှုနဲ့ အင်္ဂလိပ်တွေ တအံ့တသြ ဖြစ်ရလောက်အောင်အထိ ရာဇ၀င်စာတင်ခဲ့ရတာပဲပေါ့ ။
စာဖတ်သောမြန်မာ့ အမျိုးသားခေါင်းဆောင်

သခင်အောင်ဆန်း (သို့ )ဗိုလ်ချုပ်အောင်ဆန်းဟာ တိုက်ရေးခိုက်ရေး ရှေတန်းတင်ဦးစားပေးပြီး ၊ ရိုးရိုးသားသား ၊ အညာသားဆန်ပေမယ် တကယ့် သံတမာန်စေ့စပ်ဆွေးနွေးမှူ ၊ ရှေ့ဆောင် လမ်းပြနိုင်မှူ ၊ ဆုံးဖြတ်ချက်တိကျ ပြတ်သားမှူနဲ့ 
မြင်ကြားတတ်သိလွယ်မှူတွေမှာ ယှဉ်သာသူမရှိလောက်အောင် ထင်ရှားလှပြီး
ယနေ တိုင်မြန်မာပြည်သူလူထုရဲ့ အမှတ်အသား ကိုယ်စားပြုဖြစ်နေဆဲဖြစ်ပါတယ် ။

သခင်အောင်ဆန်းရဲ့ ပင်ကိုယ်စရိုက်အဖြစ် ဘုဆတ်ဆတ် ခပ်ပြတ်ပြတ် ပြောဆိုတတ် ပြီး ၊ မလိုအပ်လျှင် နှူတ်ဆိတ်နေတတ်သော အမူအကျင့် ရှိသော်လည်း ၊ ပြောရေးပြောသင့် ပြောခွင့်ကြုံတဲ့အခါ ထိထိရောက်ရောက် ၊
ထက်ထက်မြက်မြက်ရှိလှခြင်းက စာအလွန်ဖတ်ခြင်းကြောင့်ဖြစ်ပါတယ်။ ကိုယ်တိုင်ကဗျာနဲ့ ဝထ္တူ ၊ ဆောင်းပါးများကို လည်း ရေးသားနိုင်ခဲ့သူဖြစ်ပါတယ် ။

စာဖတ်သော ထောင်ထွက်မှအလှူရှငိ်

ပခုက္ကူဒေသမှထနောင်းကုန်းကျေးရွာအုပ်စု ရှားတောရွာနေငယ်အမည် တောခွေး (ခ) မောင်အုံးဖေ ရဲ့ဘ၀အစကနွမ်းပါးလှပြီး မြင်းထိန်း၊ကွမ်းယာသည်၊ဖောင်သမား ကျပန်းအလုပ်စုနဲ့ ဓားပြဖြစ်ပြီး ထောင်သုံးကြိမ်ကျဘူးခဲ့ပါတယ်။ ထောင်တွင်းမှ ဘ၀သစ် အတွေးသစ်တွေကိုစာပေမှားမှရယူပြီး မကောင်းမှူများစွန်
့လို့ သူဌေး သူကြွယ် ကုန်သည် ပွဲစား ဖြစ်ခဲ့ပါတယ် ။

ဘ၀မှတ်တမ်းများနဲ့ ပခုက္ကူဦးအုန်းဦးဖေဆို တဲ့ကလောင်တစ်ချောင်းလဲပိုင် ဆိုင်ခဲ့ပြီး စာပေရန်ပုံငွေ (၇၆-သန်း)ကျော် နဲ့  ပညာရေးထူးချွန်ဆုရန်ပုံငွေ (၅၄-သိန်း) ကိုလည်း စာပေမျိုးစေ့ချလှူဒါန်းပြီး
ပရဟိတအောင်မြင်ခဲ့သူဖြစ်ပါတယ် ။

စာဖတ်သော အထွေထွေအတွင်းရေးမှူးချုပ်

အာရှကုလသမဂ္ဂခေါင်းဆောင် ပထမဦးဆုံးမြန်မာနိုင်ငံမှ သက်တမ်းနှစ်ကြိမ်
(၁၀-နှစ်) တိတိ တာဝန်ထမ်းဆောင်ခဲ့သူ ဦးသန့် မှာ
ပန်းတစ်နော်အမျိုးသားကျောင်းမှ ကျောင်းဆရာတစ်ဦးဖြစ် ပြီး
စာအလွန်ဖတ်သူတစ်ဦးဖြစ်ပါသည်။ကမ္ဘာ့ နိုင်ငံအားလုံးကကန့် ကွက်မဲမရှိ တညီ
တညွတ် တည်း ထောက်ခံရွေးချယ်ခန့် အပ်ခံရခြင်းက စာအရမ်းဖတ်လို့ 
ကမ္ဘာခေါင်းဆောင်နေရာ ရောက်သွားခဲ့တာပါ ။

စာအလွန်ဖတ်သော ၀န်ဇင်းမင်းရာဇာ

မြန်မာရာဇ၀င်များထဲမှ ဘုရင်စိတ်ကျေပ်သည် အတိအကျမှန်ကန်စွာဖြေကြားနိုင်ခဲ့လို့  အင်းဝဘုရင် စွာစော်ကဲလက်ထက်မှ မင်းလေးဆက်တိုင်အောင် ရာထူးချီးမြှင့်ခံခဲ့ ရပါတယ် ။ဘိုးရာဇာလျှောက်ထုံးများကို ယနေ့ အထိ မှန်ကန်ဆဲ ကိုးကားနေရဆဲလဲဖြစ်ပါတယ် ။နန်းတော်မှာလည်း အမတ်ကြီးဘိုးရာဇာအဖြစ် ရာဇ၀င် ထင်ရှားနေရခြင်းများက စာဖတ်တဲ့ အကျိုးများဖြစ်ပါတယ် ။

ဆရာချစ်နိုင် (စိတ်ပညာ)၏ အတွေးအမြင် နိဂုံး အဖြစ်စာဖတ်တဲ့ အကျင့် နေစဉ်ပြုလုပ်ပါ ။ အားကစားပဲ ဖတ်ဖတ် ၊ ဂျာနယ်ဘဲ ဖြစ်ဖြစ် ၊ ၀ထ္တူဘဲ ကြိုက်ကြိုက် နှစ်သက်ရာစာအုပ်များ တန်းစီပြီးနေ့ စဉ်ဖတ်ပါ ။ စာဖတ်သက်ရင်
့လာတာနဲ့ အညီ စာကောင်းပေကောင်း တွေကို ၊ စီစစ် ဖတ်တတ်လာပါမယ်။ စာဖတ်သူမှန်သမျှ ကြီးပွားတိုးတတ်ကြ မှာပါ ဘဲ ၊ ဘ၀ကို တန်ဖိုးရှိအောင် ဘ၀တန်ဖိုးမြှင့်  ဖို့ ကျွန်တော်တို့ အားလုံး စာဖတ်ကြမှဖြစ်ပါမယ် ။

ရွှင်လန်းချမ်းမြေ့ကြပါစေ........

ဒါလေးကတော့ .. ဆရာချစ်နိုင်(စိတ်ပညာ) ရဲ့ စာဖတ်ခြင်းအပေါ်ထားရှိတဲ့ အတွေးအမြင်လေးပါ ။ ဒါဆို ကျွန်တော်တို့ ရော ဘယ်လို စာဖတ်ကြမလဲ .. ?? ကျွန်တော်တို့ လို ကွန်ပျူတာသမားတွေ အတွက်ကတော့ အွန်လိုင်းမှာပဲ အများစု အနေနဲ့ စာဖတ်ကြရမှာပါ ။ အဲ့မှာ အကျိုးရှိသော စာများကိုသာ ဖတ်ရှုလေ့လာနိုင်ဖို့ အရေးကြီးပါတယ် ။ ညစ်ညမ်းစာပေများ ၊ ၀တ္ထုများလည်း အွန်လိုင်းပေါ်မှာ အများအပြား ရှိတာကြောင့် အဲ့လို အကျိုးမရှိနိုင်တဲ့ စာမျိုးတွေ အတွက် မိမိ အချိန်တွေ ၊ ငွေတွေ ကုန်ကျသွားတာကို နှမြောသင့်ပါတယ် ။

ဒါဆို.. ကျွန်တော်တို့ အခု စာအုပ်တွေ ၊ မဂ္ဂဇင်းတွေ ၊ ဂျာနယ်တွေနဲ့ စာဖတ်နေကြရပေမဲ့ .....နောင်အနာဂတ်မှာ ဘယ်လို စာဖတ်ကြမလဲ ?? ဆိုတဲ့ အကြောင်းအရာလေးကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ် ။ ( ဥပမာ - စာအုပ်တွေ မဂ္ဂဇင်းတွေ ပျောက်ပျက်သွားပြီး E-Reader တွေနဲ့ ပဲ အလုပ်လုပ်ကြတော့မှာလား စသဖြင့်ပေါ့... )

"ပညာရဲရင့် ပွဲလယ်တင့်" ဆိုသလို စာများများဖတ်တဲ့ သူက မဖတ်တဲ့သူထက် ခေါင်းတစ်လုံးစာမျှ ပိုမြင့်ပြီး ပိုမြင်နိုင်စွမ်း ရှိတာကြောင့် ... မိမိတို့ ရဲ့ တန်ဖိုးရှိလွန်း လှတဲ့ ငွေပေးပြီး ၀ယ်လို့ မရတဲ့ အားလပ်ချိန်လေးတွေမှာ မိမိအတွက် အကျိုးရှိစေမဲ့ ... စာများကို ဖတ်ရှုခြင်းဖြင့် ....... အချိန်ကို တန်ဖိုး ရှိရှိ အသုံးချနိုင်မည်ဖြစ်ပါသည်.....။
ချိုးငှက် မှ သိသမျှ ။ 

Monday, May 27, 2013

အချစ်က အရာရာကို အကောင်းဆုံးဖြစ်စေသည်


 အချစ်က အရာရာကို အကောင်းဆုံးဖြစ်စေသည် 

ကမ္ဘာကြီးက ကျယ်ပြန့်သလို အချစ်ကလည်း ကျယ်ပြန့်လှသည်။ ပင်လယ်ကြီးက နက်ရှိုင်းသလို အချစ်ကလည်း နက်ရှိုင်းလှ၏။ ကမ္ဘာဦး ကတည်းက စခဲ့သော အချစ်သည် ကမ္ဘာဆုံးသော်လည်း မဆုံးနိုင်ချေ။ သံသရာမဆုံးသရွှေ့ အချစ်က မဆုံးနိုင်ပါ။ သံသရာဆုံးမှသာ အချစ်ကဆုံးတော့မည်။

ချစ်တဲ့စိတ်ကြောင့် မုန်းစိတ်လည်းဖြစ်ရ၏။ အချစ်သည် ခက်ခဲ၊ နက်နဲ၊ ရှုပ်ထွေးလှ၏။ အချစ်တွင် စိတ်အမျိုးမျိုး၊ စေတနာ အမျိုးမျိုး ပါဝင်ပါသည်။ ကိုယ်ချင်းစာမှု၊ ဂရုတစိုက်ရှိမှု၊ ခင်မင်မှု၊ ကိုးကွယ်မှု၊ ရက်ရောမှု၊ လေးစားမှု၊ တန်ဖိုးထားမှု၊ စာနာမှု၊ ကြင်နာမှု၊ မြတ်နိုးမှု၊ ကြည်ညိုမှု၊ လိုက်လျောမှု၊ ခွင့်လွှတ်မှု၊ အနာခံမှုတို့သည် အချစ်ဟူသော ဝေါဟာရမှာ သာအကျုံးဝင်ပါသည်။

အချစ်ဟူသည် လူတိုင်းနှင့်သက်ဆိုင်သလို လူတိုင်းလည်း စိတ်ဝင်စားပါသည်။ အခြားသူတစ်ယောက်၏ ပျော်ရွှင်မှု၊ ချမ်းသာမှုတို့သည် မိမိ၏ ပျော်ရွှင်မှု၊ ချမ်းသာမှုကဲ့သို့ပင် အရေးကြီးပါလားဟု နားလည်ခံစားတတ်သူ၏ နှလုံးသား၌သာ လျှင်ချစ်ခြင်းတရားက ပေါက်ဖွားနိုင်ပါသည်။ တစ်ကိုယ်ကောင်းစိတ်ရှိသူ၌ ချစ်စိတ်မရှိနိုင်ပါ။ တစ်ကိုယ်ကောင်းစိတ် မရှိသူ၌သာ ချစ်စိတ်က ပွင့်လန်းနိုင်ပါသည်။

အချစ်သည် ရယူခြင်းမဟုတ်၊ ပေးဆပ်ခြင်းသာဖြစ်သည်။ ပိုင်ဆိုင်လိုခြင်းမဟုတ်၊ ပိုင်ဆိုင်စေလိုခြင်းသာဖြစ်သည်။ သိမ်းပိုက်လိုခြင်းမဟုတ်၊ စွန့်လွှတ်ခြင်းသာဖြစ်သည်။ အသာစံခြင်းမဟုတ်၊ အနာခံခြင်းသာဖြစ်သည်။ အချစ်ဟူသည် ပေးကမ်းခြင်းအလျဉ် တသွင်သွင်စီးဆင်းနေပါသည်။

သစ်ပင်မှာအမြစ် လူမှာအချစ်´ဟုဆိုကြပါသည်။ သစ်ပင်ဟူသမျှ အမြစ်နှင့်ကင်း၍ မရသလို သတ္တ၀ါဟူသမျှ အချစ်နှင့် မကင်းနိုင်ကြပါ။ ဤအချစ်ကတော့ ရောထွေးနေ၏။ အချစ်ရှိနေ၍ လောကဟူ၍ ရှိနေခြင်းဖြစ်သည်။ အချစ်မရှိလျှင် လောကဟူ၍ မရှိနိုင်တော့ပါ။ လောက၌ လူတိုင်း သူ့အရွယ်နှင့်သူ တစ်ခုခုကိုတော့ ချစ်နေကြပါသည်။

 မွေးကင်းစ ကလေးငယ်သည် မိခင်နို့ရည်ကိုချစ်၏။ စားတတ်၊ သောက်တတ်လာတော့ အစား၊ အသောက်ကိုချစ်၏။ ကစားတတ် လာတော့ ကစားစရာအရုပ်လေးများကိုချစ်၏။ ကျောင်းစနေတော့ ကျောင်းနေဖက်သူငယ်ချင်းများကိုချစ်၏။ အိမ်မှာနေ တော့မိဘ၊ ညီအစ်ကို၊ မောင်နှမတွေကိုချစ်၏။

သီးချိန်တန်၊ ပွင့်ချိန်တန်တော့ အသွင်မတူသူ တစိမ်းတို့ကို ချစ်တတ်လာ၏။ နောက်မိသားစုဘ၀ကို ပိုင်ဆိုင်လာတော့ မိသားစုကို ချစ်ရပြန်၏။ အချစ်ကို အကြမ်းဖျင်းခွဲလိုက်လျှင် မီးနှင့်တူသောအချစ်၊ နေနှင့်တူသောအချစ်၊ လနှင့်တူသော အချစ်ဟု သုံးမျိုးရှိပါသည်။ မီးနှင့်တူသောအချစ်သည် တစ်ထောင့်ငါးရာအချစ်ဖြစ်ပြီး ပူလောင်သောအချစ်ဖြစ်ပါသည်။ နေနှင့်တူသောအချစ်သည် မိဘချစ်၊ သားသမီးချစ်၊ သံယောဇဉ်အချစ်ဖြစ်ပြီး နွေးထွေးသောအချစ်ဖြစ်ပါသည်။

 လနှင့်တူ သောအချစ်သည် ငါးရာနှစ်ဆယ့်ရှစ်အချစ်ဖြစ်ပြီး အေးမြသောအချစ်ဖြစ်ပါသည်။ ဤအချစ်သုံးမျိုးသည် တစ်မျိုးနှင့် တစ်မျိုး ရောထွေးနေပါသည်။ သီးသန့်လည်းရှိပါသည်။ အပူသက်သက်လည်းရှိပါသည်။ အအေးသက်သက်လည်း ရှိပါသည်။ အပူ၊ အအေးရောထွေး၍လည်း ရှိပါသည်။ အချစ်ကြောင့် လောကကြီးသာယာစိုပြေနေပါသည်။

လောကထဲက မထွက်နိုင်သေးသော လောကီသားတစ်ယောက်အတွက် ချစ်ရမည့်တာဝန်ရှိပါသည်။ မိသားစုရှိလျှင် မိသားစုကိုချစ်ရမည်။ အလုပ်တစ်ခုခုလုပ်နေလျှင် ထိုအလုပ်ကိုချစ်ရမည်။ ချစ်ရမည့်တာဝန်ရှိလျက် မချစ်ခဲ့လျှင် တာဝန် ပျက်ကွက်ခြင်းပင်ဖြစ်သည်။ အချစ်ထဲတွင် မိဘအချစ်ကသာ စံထားလောက်ပါသည်။ မိဘတို့သည် သူတို့အချစ်နှင့် သားသမီးများကို အကောင်းဆုံးဘ၀ဖြစ်အောင် ပုံဖော်ပေးကြပါသည်။ မိဘအချစ်နှင့် သားသမီးများဘ၀အတွက် အရာရာကို အကောင်းဆုံးဖြစ်စေပါသည်။

လူတိုင်းတွင် တာဝန်ကိုယ်စီ၊ အလုပ်ကိုယ်စီ ရှိကြပါသည်။ ကိုယ့်တာဝန်၊ ကိုယ့်အလုပ်ကို ချစ်မြတ်နိုး၍ အကောင်းဆုံး ဖြစ်အောင် လုပ်ကြရပါမည်။ ကိုယ့်လုပ်ငန်းတွင် ကိုယ်တာဝန်ရှိတာကို အကောင်းဆုံးလုပ်ဆောင်ပေးရပါမည်။ အချစ်သည်တာဝန်ကျေခဲ့လျှင် အရာရာကို အကောင်းဆုံးပုံဖော်ပေးပါလိမ့်မည်။

ဤစာကိုဖတ်ပြီး သူငယ်ချင်းတို့လည်း အချစ်အကြောင်းကိုခွဲခြားသိမြင်နိုင်လိမ့်မည်ဟု ထင်ပါသည်။  အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်) ရေးသားထားခြင်းမှ တချို့တ၀က်ကို ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။

ယု

Sunday, May 26, 2013

အချိန်သည် လူတိုင်းကိုဝါးမျိုနေ၏


အချိန်သည် လူတိုင်းကိုဝါးမျိုနေ၏

အချိန်သည် လူတိုင်းကိုဝါးမျိုနေ၏။ ထိုဝါးမျိုးနေသောအချိန်ကို အသိပညာ လုံးလ၀ီရိယဖြင့် ပြန်လည်
ဝါးမျိုးနိုင်သောသူသည် အချိန်၏ ၀ါးမျိုခြင်းခံရသော လူသားတို့တွင် အောင်မြင် ကြီးမြတ်သော လူသားအာဇာနည် တစ်ယောက်ဖြစ်သည်။

ကာလော ဃသတိ ဘူတာနိ၊ သဗ္ဗာနေ၀ သဟတ္တနာ၊ ယော စ ကာလဃသော ဘူတော၊ သဘူတ ပဇနိံ ပဇိ။

မှတ်သားသင့်သော စာသားလေးတစ်ခုပါ။ ပညာရှိ ပညာမဲ့၊ ဥစ္စာရှိ ဥစ္စာမဲ့၊ ဘာသာတူ ဘာသာခြား၊ လူမျိုးတူ လူမျိုးခွဲဟု မည်သို့ပင် ပညတ်ဝေါဟာရအရ Labelတွေ ခွဲခြားထားစေကာမူ အသက်ရှိသတ္တ၀ါအားလုံးကို အချိန်သည် ၀ါးမျိုနေသည်မှာ အမှန်ပင်ဖြစ်၏။

မနက်အိပ်ယာထသည်နှင့် နေ့ရက်တစ်ခုပေါ်လာတိုင်း နေ့သစ်ဟုသတ်မှတ်ကာ ပျော်သူပျော် မော်သူမော်ဖြစ်ကြနေသူများအတွက် မနေ့ကထက် ထိုနေ့သည် ရုပ်ပိုင်းဆိုင်ရာ အသက်ပိုင်းဆိုင်ရာ တစ်ရက်ကြီးရင့်သွားသည်ကို သတိထားမိကြမည် မဟုတ်။ တစ်နေ့ တစ်နေ့ရှေ့တိုးလာခြင်းသည် တရွေ့ရွေ့ယိုယွင်းလာခြင်းဖြစ်သည်။ ပျိုနုလာခြင်းမဟုတ်သည်ကို မိမိထက်အသက်ကြီးသူများကို သတိ ကပ်ကာ ပညာဖြင့်ကြည့်လိုက်ပါ။

တစ်နေ့တစ်နေ့ဖြင့် တရွေ့ ရွေ့ ယိုယွင်းခြင်းသို့ပို့ဆောင်ပေးနေသော အချိန်သည် လူကိုမသိမသာဝါးမျိုနေခြင်းဖြစ်သည်။ အိုလို့အို မှန်းမသိ နာလို့နာမှန်းမသိ မေ့လျော့ကာ အချိန်ဖြုန်းနေသူများအတွက် အတော်ပင် စိတ်မသက်သာဖွယ်ဖြစ်သည်။ ၀ါးမျိုခံနေရ သောအချိန်အတွင်း အကျိုးစီးပွား ဖြစ်ထွန်းအောင် မစွမ်းဆောင်နိုင်ကြပဲ စားသောက်ယစ်မှုးနေသူများသည် အချိန်၏၀ါးမျိုခံရခြင်း ကိုမသိခြင်း ကြောင့်သာဖြစ်သည်။

အာဇာနည်ဟု အများသိနေသူများသည် အချိန်၏၀ါးမျိုခြင်း ခံရသော်လည် ပြန်လည်အကျိုးမြတ် ရရှိအောင် ထိုအချိန်ကိုပင် ပြန်လည် အသုံးချတက်သောကြောင့်သာ လူအများတွင် လူတကာတို့ထက်သာသောလူသား တစ်ယောက်ဖြစ်ရသည်။ မြတ်စွာ ဘုရားရှင်သည်ပင် ဘုရားဖြစ်နိုင်ဖို့အတွက် လေသင်္ချေကမ္ဘာတစ်သိန်းဟူသော အချိန်ကာလတစ်ခု၏ ၀ါမျိုခြင်းကိုခံခဲ့ရသည်။ ထိုအချိန်ကာလတစ်ခုအတွင်းပင် ဘုရားဖြစ်နိုင်မည့် လမ်းစဉ်များကို ထက်သန်သောဆန္ဒ (ဆန္ဒာဓိပတိ) မလျော့သောဝီရိယ (၀ီရိယာဓိပတိ)ခိုင်မြဲသော စိတ်ဓာတ် (စိတ္တာဓိပတိ) တည်ကြည်သောသမာဓိပညာ (၀ီမံသာဓိပတိ)တို့ဖြင့် မနားမနေကြိုးစား တော်မူခဲ့သည်။

ဘုရားအဖြစ်သို့ရောက်တော်မူလာသည့် နောက်ဆုံးဘ၀၌ပင် နှစ်(၈၀)ဆိုသည့် အချိန်ကာလအတွင်းမှာပဲ အပြင်းအထန်ကြိုးစား အားထုတ်တော်မူခဲ့ရသည်။ ထိုနှစ်ပေါင်း(၈၀)အချိန်ကာလသည် ဘုရားရှင်ကိုပင် ၀ါးမျိုးခဲ့သည်။ ထိုအချိန်ကာလကိုပင် အသုံးချ နိုင်တော်မူခဲ့သဖြင့် အမှန်တရားကို ကိုယ်တိုင်သိ တပါးသူတို့ကိုလည်း သိစေနိုင်သည့် ဗုဒ္ဓအဖြစ်သို့ရောက်ရှိတော်မူခဲ့သည်။

ထိုနောက် ယခု မြတ်စွာဘုရားချန်ထားခဲ့သည့် သာသနာသည်ပင် အနှစ် ၂၅၅၀ကျော်သို့ ရောက်ရှိခဲ့တည်ရှိနေသကဲ့သို့ပင်

ဘုရားရှင်သည် ၀ါးမျိုနေသော အချိန်ကာလကို အသုံးချနိုင်သည့်အတွက် ယနေ့ကမ္ဘာတွင် စစ်မှန်သည့်တရားများကို လူသား အားလုံး သတ္တ၀ါအားလုံးအတွက် လမ်ညွန်နိုင်ခဲ့သည်။

အရှင်သာရိပုတ္တရာအစရှိသည့် အရိယာအာဇာနည်အရှင်မြတ်တို့သည်လည်း အချိန်ကာလ၏ ၀ါမျိုးခြင်းကိုခံရသော်လည်း ပြန်လည် အသုံးချကာ အဂ္ဂသာဝကအဖြစ်ကို ရယူခဲ့သည်။

နိုင်ငံရေးလောက၊ လူမှုရေးလောက၊ စီပွါးရေလောကအစရှိသည့် လူလောကမျိုးစုံတွင် အများတကာထက် ထူးကဲနေသူများသည် လည်း အချိန်ကို အများနည်းတူ ၀ါးမျိုခံနေရသော်လည်း ပြန်လည်ဝါမျိုနိုင်သည့်အတွက်ကြောင့် အများတကာထက် ထူးချွန်သည့် လူ့ဇာနည်များ ဖြစ်ကြရပေသည်။

ထိုကြောင့် နေ့စဉ်နဲ့အမျှ အချိန်သည် ၀ါးမျိုလျက် အိုခြင်း နာခြင်း သေခြင်းဆီသို့ မောင်းနှင်ပို့ဆောင်နေသည်။ မိမိကို ၀ါးမျိုးနေသည့် အချိန်ကို ပြန်လည်အသုံးချ ၀ါးမျိုနိုင်ဖို့ အသိ ပညာများဖြင့်ကြိုးစားအားထုတ်ကာ ကြီးကျယ်မြင့်မြတ်သော လူ့အာဇာနည်တစ်ယောက်ဖြစ်အောင် ကြိုးစားကြပါစို့ဟု.....

အရှင်နာယကာလင်္ကာရ



Saturday, May 25, 2013

တန်ဖိုထားတဲ့မိဘနဲ့ တန်ဖိုးဖြတ်တဲ့မိဘ


တန်ဖိုထားတဲ့မိဘနဲ့ တန်ဖိုးဖြတ်တဲ့မိဘ

လူစဉ်မီ လူတန်းဝင်တဲ့ လူတစ်ယောက်လို့ သတ်မှတ်နိုင်ဖို့အတွက် ယေဘုယျလိုအပ်တဲ့ အရည်အချင်းက စိတ်ကောင်းရှိဖို့ ဖြစ်တယ်ဆိုတာ လူတိုင်း တညီတညွတ် လက်ခံထားတဲ့ စံ ဖြစ်ပါတယ်။ စိတ်ကောင်းရှိဖို့အတွက် စိတ်ကောင်းထာတတ်ဖို့ အရေးကြီးပါတယ်။

        စိတ်ကောင်းထာတတ်အောင် အခြေခံ ခိုင်ခိုင်မာမာ တည်ဆောက်ဖို့အတွက် ပထမဆုံး  အရေးကြီးတာက သပ္ပုရိသသံသေ၀ သူတော်ကောင်း၊ မိတ်ကောင်းဆွေကောင်းတို့နဲ့ ပေါင်း သင်းဆက်ဆံမိဖို့ အရေးကြီးတယ်ဆိုတာကို မြတ်စွာဘုရားရှင်က အ၀ိဇ္ဇာသုတ်(အံ.၃.၃၄၈) မှာ ဟောညွန်ခဲ့ပါတယ်။

        ဒီဟောညွန်ချက်အတိုင်း လူတစ်ယောက်ရဲ့ ဘ၀ကို စဉ်းစားကြည့်မယ်ဆိုရင် လူ့ဘ၀ ရောက်လာတဲ့ လူကလေးတစ်ယောက် အတွက် ပထမဆုံး ပေါင်းသင်းဆက်ဆံရတဲ့ လက်ဦး ဆရာ မိဘနှစ်ပါးတို့ဟာ အဲဒီလူကလေးရဲ့ ဘ၀တစ်လျှော်ကလုံးအတွက် အရေးကြီးဆုံးအခန်း ကဏ္ဍက ပါဝင်နေတယ်ဆိုတာကို သဘောပေါက်ကြ ရမှာပါ။

        မိဘများအနေနဲ့ ကိုယ့်ကိုယ်ကို ပြတ်ပြတ်သားသား ပီပီပြင်ပြင် ဆန်းစစ်ပြီး မေးခွန်းထုတ် သင့်တာကတော့ "သားသမီးအပေါ်မှာ မေတ္တာစစ် မေတ္တာမှန်နဲ့ တန်ဖိုးထား မြတ်နိုးကြမှာလား ကိုယ်ရေး ကိုယ်တာ ကိုယ်ကျေနပ်မှု ကိုယ့်အကျိုးစီးပွားအတွက် တန်ဖိုဖြတ်ပြီး အသုံးချကြ မှာ လား" ဆိုတဲ့ အချက်ပါပဲ။ မေတ္တာသုတ်မှာ မြတ်စွာဘုရားရှင် ဟောပြတာကတော့ စစ်မှန်တဲ့ မိဘ မေတ္တာဆိုတာ သားသမီးအတွက် အသက်ကိုတောင် ပေးစွန့်ရဲတယ် ဆိုတဲ့ ဗြဟ္မစိုရ် စိတ်ထား ရှိနိုင်သူများ ဖြစ်တယ်။ ဒီလို စိတ်ထားရှိတဲ့ မိဘများဟာ ဗြဟ္မာနဲ့ တစ်ဂိုဏ်းတည်း ထားလောက် အောင် မြင့်မြတ်သူ ကျေးဇူးကြီးမားသူများ ဖြစ်တယ်လို့ ဆိုပါတယ်။

        ဒီကနေ့ မိဘအများစုရဲ့ စိတ်ထားကို ပေါ့ပေါ့တန်တန် အမှတ်တမဲ့နဲ့ "မိဘဆိုတာ ကိုယ့် သားသမီး ကိုယ်ချစ်တာပေါ့။ တန်ဖိုးထား မြတ်နိုးတာပေါ့"လို့ မထင်ပါနဲ့။ တကယ့်စိတ် ထားဆို တာ လုပ်ဆောင် ချက်များနဲ့ အကောင်အထည်ဖော်ပြရဲ ဖြစ်ပါတယ်။ တစ်နည်း ပြောရရင်တော့ တမင်တကာ ရုပ်ပြဟန်ဆောင်မှုမျိုး မဟုတ်တဲ့ လက်တွေ့လုပ်ဆောင်ချက်များ ဟာ လုပ်ဆောင် သူရဲ့ စိတ်သဘောထား အမှန်ကို ဖော်ပြနေခြင်းဖြစ်ပါတယ်။ လူတို့ရဲ့ ကာယကံ ၀စီကံဆိုတာ မနောကံရဲ့ သရုပ်ဆောင်း ဖြစ်တယ်ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ အဘိဓမ္မာနည်းအတိုင်း ပါပဲ။

        မိမိရဲ့ အတွေ့အကြုံလေးတစ်ခုကို ပြောချင်ပါတယ်။ ဘိုးဘွားစဉ်ဆက် ကျောက်မျက် ရတနာလုပ်ငန်းနဲ့ ချမ်းသာတဲ့  မိသားစုမှာ သမီးလေးက ဉာဏ်ပညာ ထက်မြက်ပါတယ် ။ ဆယ်တန်းမှာ သုံးဘာသာဂုဏ်ထူးနဲ့ အောင်မြင်တယ်။ အဲဒီတုန်းက ဆရာဝန်သင်တန်းတက်ဖို့ အတွက် သတ်မှတ်ထားတဲ့ အမှတ်မီတယ်။ ဒါပေမဲ့ ကလေးမလေးက ငယ်ငယ်ကတည်းက တွေ့မြင်နေရတဲ့ ကျောက်မျက်ရတနာလေးတွေအတွက်ဖော်ပြီး အရောင်ဖြထွက်အောင်လုပ် တာ ကို စိတ်ဝင်စားခဲ့တာဆိုတော့ ပညာကလေး အထိုက်အလျောက် သင်လာတဲ့အခါ ဒါဟာ ရူပဗေဒပညာရပ်ပဲဆိုတာ သဘောပေါက်လာတယ်။ ဒါကြောင့် သူက ရူပဗေဒကို ထွန်းးထွန်း ပေါက်ပေါက် ဖြစ်အောင် လေ့လာချင်တယ်။

        တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတွေ ဖြည့်ရတဲ့အခါတော့ မိဘများက ဆွေထဲမျိုးထဲမှာ ဆရာဝန်ဆိုတာ မထွန်းပေါ်ခဲ့ဖူးသေးတဲ့အတွက် ဆရာဝင်သင်တန်း တက်စေချင်တယ်။ သမီး ကလည်း  သူဝါသနာမပါတဲ့ ဘာသာရပ်ကို မတက်ချင်ဘူး။ နောက်ဆုံးတော့ ဆရာဝန်ဖြစ်မှ ဂုဏ်ရှိတယ်ဆိုပြီး သမီးလေးကို အတင်းအကျပ်ပဲ ဆေးတက္ကသိုလ် ပို့လိုက်ပါတယ်။

        တိုတိုပြောရရင်တော့ ဆေးတက္ကသိုလ် ဒုတိယနှစ်မှာ(ထင်ပါတယ်) ဖားကို လက်တွေ့ ခွဲရတဲ့အခါ ဖားလည်း မကိုင်ရဲဘူး နောက်ဆုံး သူများအကူအညီနဲ့  ခွဲနိုင်အောင် စီစဉ်ပေးလို့ ခွဲ မယ်လုပ်လိုက်တုန်း ဖားက ရုန်းကန်သလို လှုပ်တာကိုကြည့်ပြီး လန့်ဖျပ် သတိမေ့သွားရာက ဒီ ပညာကို ဘယ်လိုမှ ဆက်သင်ခိုင်းလို့ မရတော့ဘူး။ ဒါနဲ့  ဆေးတက္ကသိုလ်က ထွက်လိုက်ပြီး ဘွဲ့ရဖို့အတွက် စာပေးစာယူ (အဝေးသင်)နဲ့ပြန်စရတော့ ကျောင်းနေဖက်တွေထက် သုံးနှစ် လောက် နောက်ကျပြီးမှ သူဘယ်လိုမှ ၀ါသနာ မပါတဲ့ ဘာသာရပ် (ဒဿနိက ထင်ပါတယ်)နဲ့ ဘွဲ့ရသွားတယ်။

        အဲဒီကလေးမလေးဟာ အရင်က သွက်လက်ဖျပ်လက်သလောက် ခုတော့ ငူတူတူ ငိုင် တိုင်တိုင်ကလေးကိုဖြစ်လို့၊ ဘာအလုပ်မှလည်း ဟုတ်တိပတ်တိ မလုပ်ဘူး။ သူ့ကိုပြောလိုက်ရင် သူဘ၀အတွက် သူဝါသနာပါတဲ့ပညာကို မသင်ခဲ့ရလို့ ဘာမှမလုပ်တတ်ဘူး။ သူဘ၀ကို မိဘ တွေက ကြိုက်သလို စီမံခဲ့တာဖြစ်လို့ သူ့ဘ၀ ပြည့်စုံဖို့အတွက် မိဘများမှာသာ တာဝန်ရှိတယ် ဆိုပြီး တဇောက်ကန်း တယူသန်ကလေး ဖြစ်သွားပါတော့တယ်။

        အဲဒီမိဘတွေက သားသမီးရဲ့ အကျိုးကို တကယ်လိုလားပြီး သားသမီးကို ချစ်ခင်မြတ်နိုး တန်ဖိုးထာကြသူတွေလား။ သားသမီးကို လူသုံးကုန်၊ ရုပ်ဝတ္ထုလို သဘောထားပြီး ကိုယ့် အတွက် ဂုဏ်တူဂုဏ်ပြိုင် ၀ါကြွားစရာပစ္စည်းအဖြစ်နဲ့ တန်ဖိုဖြတ် အသုံးချလိုက်ကြသူတွေ လိုပဲ ဆိုရမလား ဆိုတာ စဉ်းစားကြည့်ဖို့ ပြောတာပါ။

        ဘယ်အရာမဆို တန်ဖိုးထားတတ်သူအတွက် တန်ဖိုးထားသလောက် တန်ဖိုးဖြတ်လို့ မရနိုင်အောင် တန်ဖိုးတက်နေစမြဲဖြစ်ပြီး တန်ဖိုး ဖြတ် လိုက်တာနဲ့ တစ်ပြိုင်နက် တန်ဖိုးက ပြတ် သွားတာပါ။ တန်ဖိုး ပြတ် တယ်ဆိုတာ စဉ်းစားကြည့်ရင် ကိုယ့်အတွက်တန်ဖိုး ပျက်သွားခြင်း ပါပဲ။ အဘိုးအဘွားတို့ ထိမ်းမြား လက်ထပ်ခဲ့စဉ်က ဓာတ်ပုံတစ်ပုံ ဒါမှမဟုတ် အဲဒီခေတ်က မိသားစု ဓာတ်ပုံတစ်ပု့ဟာ ကုန်ကျမှု  တန်ဖိုးအရ ဘာမှ ပြောပလောက်မယ်မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီ မျိုးနွယ်စဉ်ဆက်ကို တန်ဖိုးထားသူ အတွက်ကတော့  ဒီဓာတ်ပုံဟာဘာနဲ့မှ နှိုင်း ယှဉ်ပြီး တန်ဖိုးဖြတ်လို့ မရနိုင်သလို ဘယ်လောက် တန်ဖိုး ကြီးပါတယ်ဆိုတဲ့ ရတနာမျိုးနဲ့မှ လဲလှယ်နိုင်မှာလည်း မဟုတ်ပါဘူး။

        တကယ်လို့ အဲဒီပုံဟာ  ဓာတ်ပုံဆိုတာ ပေါ်ဦးစခေတ်လောက်က လက်ရာဖြစ်လို့ တစ်စုံ တစ်ယောက်က မတန်တဆ ဈေးကြီးပေးဝယ်လို့ ရောင်းပစ်လိုက်ပြီဆိုပါစို့၊ အဲဒါ တန်ဖိုးဖြတ် လိုက်တာပါပဲ။ ကိုယ့်အတွက် တန်ဖိုးလည်း ပြတ်သွားတာပါပဲ။ အဲဒီ ရောင်းလို့ရတဲ့ ပိုက်ဆံတွေ သုံးပစ်လို့ ကုန်သွားတဲ့အခါ ကိုယ့်အတွက် တန်ဖိုးလုံးဝ ပျက်စီးသွားပြီလို့လည်းပဲ ဆိုရတော့မှာ ပါ။

        တန်ဖိုးထားတတ်သူက တစ်ဖက်သား(အရာဝတ္ထု)ကို တန်ဖိုးတက်စေသူဖြစ်ပြီး တန်ဖိုး ဖြတ်သူဟာ တန်ဖိုးပြတ်စေသူ(တန်ဖိုးဖျက်သူ)ဖြစ်သလို တတ်ဖိုးဖြတ်ခြင်းကို ခံရသူ (ခံရတဲ့ အရာဝတ္ထု)ဟာလည်း တန်ဖိုးပျက်သွားသူ ဖြစ်သွားပါတယ်။ အဆိုးဆုံးကတော့ တကယ့် တန်ဖိုးအမှန်ကို မသိဘဲ ကိုယ့်အကြိုက် ကိုယ့်သဘောနဲ့ တန်ဖိုးဖြတ်ခြင်းနဲ့ ကိုယ့်တန်ဖိုးကို ကိုယ်နားမလည်ဘဲ သူတစ်ပါး တန်ဖိုးဖြတ်တာကို လက်ခံအတည်ပြုခြင်းပါပဲ။ အထက်မှာ ပြောခဲ့ တဲ့ မိန်းကလေးကို နိုင်ထက်စီးနင်း တစ်ဖိုးဖြတ်ခံရသူများအဖို့တော့ ကံဆိုးမိုး မှောင်ကျ ခြင်း လိုတောင် ဆိုနိုင်ပါလိမ့်မယ်။

        ကိုယ့်တန်ဖိုး ကိုယ်နားလည်တန်ဖိုးထားရမှန်း မသိတဲ့အတွက် တစ်စုံတစ်ယောက်က တန်ဖိုးဖြတ်ခံရခြင်းကသာ မူလတန်ဖိုးကို ပျက်စေတာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်က အထင် ကြီး အလေးထားတဲ့ တန်ဖိုးကို အဟုတ်ထင်ပြီး ခေတ်စနစ်ပတ်ဝန်းကျင် ရေးစီးထဲ မျှောပြီး မျောနေသူများဟာလည်း ကိုယ့်တန်ဖိုး ကိုယ်ဖျက်ဆီးနေသူများလို့ပဲ ဆိုရမှာပါ။ ဥပမာ ဒီနေ့ လူငယ်တော်တော်များများ မျောပါနေတဲ့ ပတ်ဝန်းကျင်က ဆရာဝန်ကို အထင်ကြီးမယ်ဆိုရင် ဆရာဝန်ဖြစ်ဖို့ ကြိုးစားတာတို့၊ သင်္ဘေားကို အထင်ကြီးတယ်ဆိုရင် သင်္ဘားဖြစ်အောင် ကြိုးစား တာတို့ စတာမျိုးတွေပေါ့။

        ပြီးတော့ တန်ဖိုးကို အကဲခတ်လို့မရသေးတဲ့ ကလေးငယ်တွေကို ခေတ်ကာလတ်ဖိုး ရေစီးထဲ မျှော်ဖို့ ကြိုးစားကြသူများလည်း  အလားတူ တန်ဖိုးဖျက်သူများလို့ပဲ ဆိုရမှာပါ။ ပန်းချီ ဆရာ ပေါ်ဦးသက်ရှိစဉ်က သူ့ဆီမှာ သရုပ်ဖော်ပုံရေးပေးဖို့ လာအပ်တဲ့ ကလေးကဗျာ တွေထဲမှ လူလေးကြီးရင် ဘာလုပ်မလဲ ဆရာဝန်ကြီးလား၊ အင်ဂျင်နီယာကြီးလား စတဲ့ ခေတ် ကာလမှာ လူတွေ အထင်ကြီးတဲ့ ပညာရပ်တွေနဲ့  မေးခွန်းပုံစံ ကဗျာတစ်ခုကို ဖတ်ပြီး ဒီ စာရေး ဆရာ နှုတ်မငြိမ်လက်မငြိမ်နဲ့ တယ်ဖောက်ပြန်ပါလားကွာ၊ လူလေးကြီးရင် သူဝါသနာပါရာ သူလုပ် မှာပေါ့၊ ဘာဖြစ်လို့ လူတွေ အရူးထတဲ့ ဂုဏ်တု ဂုဏ်ပြိုင်တွေနဲ့ ကလေးတွေကို ဖျက်ဆီး နေရ တာလဲ ဆိုပြီး မည်တမ်းသတဲ့။ သူ့သားက အဲဒါ ဖေဖေ့သူငယ်ချင်း ကဗျာဆရာ ရေးတာဗျ လို့ ပြောလိုက်တော့ ဒီကောင် ဘာဖြစ်လို့များ ဒီလောက် ဖောက်ပြန်သွားပါလိမ့်လို့ ရယ်ပြီး ညဉ်းလိုက်သတဲ့။

         ကိုယ့်တန်ဖိုးကိုယ် အစစ်အမှန်သပြီး ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ ပုဂ္ဂိုလ်များကျတော့ ပတ်ဝန်းကျင်က တ်ဖိုးဖြတ်တာကို လက်မခံဘဲ ကိုယ့်တန်ဖိုးကို အမှန်အကန် တိုးတက်အောင် ကြိုးစားပြီး တန်ဖိုးဖြတ်သူတွေ မခန့်မှန်းနိုင်လောက်အောင် တန်ဖိုးတက်သွားနိုင်ပါတယ်။

        အထင်ရှားဆုံး သာဓကတစ်ခုကတော့ ဘုရားလောင်တော် သိဒ္ဓတ္ထ မင်းသားပါပဲ။ ဟုတ်ပါတယ်။ အလောင်းတော် မင်းသားဟာ ပဋိသန္ဓေစပြီး တည်နေကတည်းက အုံဖွယ်တူး ခြားတဲ့ဖြစ်ရပ်တွေနဲ့ ပတ်ဝန်းကျင်တစ်ခွင်လုံးကို ရိုက်ခတ်ကျော်ကြားခဲ့သလို မွေးဖွားလာတဲ့ အခါမှာလည်း သာမန်ယောင်္ကျားတို့ထက် လွန်ကဲထူးခြားတဲ့ ရုပ်ဆင်းအင်္ဂါလက္ခဏာများနဲ့ပြည့်စုံ သူဖြစ်လို့ သူ့ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက မင်းဆရာဖြစ်တဲ့ ဟူးရားပုဏ္ဏားတွေကိုခေါ်ပြီး မေးတဲ့အခါ အကြီးဆုံးပုဏ္ဏား သုံးလေးဦးလောက်က လောကနယ်မှာနေရင် စကြ၀တေး မင်းဖြစ်မယ်။ ဓမ္မနယ်ပယ် မွေ့လျော်ပြီး ကြိုးစားမယ်ဆိုရင် သဗ္ဗညုဘုရားစစ်ဖြစ်မယ်လို့ ဟောကြားကြပါတယ်။ သုဒ္ဓေါဒနမင်းကြီးက ဘုရင်ဆိုတော့ ဘုရင့်အသိအတိုင်း ဧကရာဇ် စကြာမင်းကြီး ဖြစ်စေရမယ်လို့ သားတော်ကို တန်ဖိုးဖြတ်လိုက်ပါတယ်။

        သူတန်ဖိုးဖြတ်တဲ့အတိုင်း ဖြစ်လာစေဖို့အတွက် သားတော်လေးကို ခမ်းနားကြီးကျယ်တဲ့ နန်းတော်ကြီးတွေ ဇိမ်ခံစရာအမျိုးမျိုးတွေ ဖန်တီးပေးရုံမက သံယောဇဉ် အမြစ်တွယ်အောင်ဆို ပြီး အသက် ၁၆နှစ်အရွယ်မှာ ယသောဓရာ ဆိုတဲ့ အလှမယ်မင်းသမီးလေးနဲ့ လက်ထပ်ပေးပါ တယ်။ တခြားငြိတွယ်စရာ ချောလှငယ်ရွယ်တဲ့ မောင်းမ မိဿံတွေနဲ့ပါ ၀န်းရံပြီး သံယောဇဉ် အထပ်ထပ်နဲ့ တုတ်ချည်ပြီး သူ့အလိုကျ ဖြစ်လောအောင် ကြိုးစားတာပါ။

        အမှန်ကတော့ သုဒ္ဓေါဒနမင်းကြီးက သားတော်ကို မချစ်လို့တော့ မဟုတ်ပါဘူး။ အလွန် ချစ်တာပါပဲ။ ဒါပေမဲ့ သူ့ဘ၀ သူ့ပတ်ဝန်းကျင်မှာက ဘုန်းတန်ခိုးကြီးမားတဲ့ ရှင်ဘုရင်ဆိုတာ သူ့ ခေတ်သူ့အခါမှာ စည်းစိမ်ချမ်းသာ အကြီးမားဆုံးဆိုတော့ သူ သိသလောက် တန်ဖိုးအကြီးဆုံး ဆိုပြီး တန်ဖိုးဖြတ်လိုက်တာပါပဲ။

        ဒါပေမဲ့ လောကသားတို့ ကံကောင်းတာက သိဒ္ဓတ္ထမင်းသားဟာ သူတို့ထင်သလို တန်ဖိုးအဖြတ်ခံတဲ့ ခပ်ညံ့ညံ့အမျိုးအစားထဲက မဟုတ်ဘဲ ပါရမီဓာတ်ခံ အပြည့်ရှိတဲ့ ယောင်္ကျား ကောင်း ယောင်္ကျားမြတ်ပီပီ ပတ်ဝန်းကျင်က ဖြတ်တဲ့တန်ဖိုးကို လက်မခံဘဲ သူ့တန်ဖိုးသူ  အလေးထား ရုန်းထွက်ခဲ့လို့သာ လောကအားလုံးမှာ တန်ဖိုးဖြတ်လို့မရတဲ့  အနှိုင်းမဲ့ ဗုဒ္ဓအဖြစ် ရောက်ရှိခဲ့ပြီး ဒီနေ့အထိ သံသရာခရီးသွား ဒုက္ခနယ်သားအားလုံးရဲ့ ကိုးကွယ်အားထားရာ အဖြစ် ရပ်တည်နေနိုင်တာပါ။

        ပြောလိုရင်းကတော့ မိဘဆိုတာ သားသမီးတို့ ပတမဆုံး တွေ့ဆုံပေါင်းသင်းရတဲ့ ပုဂ္ဂိုလ် များဖြစ်တဲ့အတွက် သပ္ပုရိသ ဆိုတဲ့ စိတ်ကောင်း စေတနာကောင်းရှိသူ၊ မေတ္တာတရားအစစ် အမှန် ကြီးမားသူ၊ သားသမီးတို့ရဲ့ အကျိုးစီးပွားစစ်စစ်ကို လိုလားသူတွေ ဖြစ်ကြဖို့ပါ။ သားသမီး ကို အသုံးချပစ္စည်းလို သဘောထားပြီး တန်ဖိုးမဖြတ်မိကြစေဖို့ အထူးသတိပြုမှာပါ။

ဒီနေ့ လူအသိုင်းအ၀န်းမျာ ဒီထက်ပိုပြီး အံ့သြစရာကောင်းတဲ့ ဆိုးဝါးမှုတွေကတော့ သားသမီး တို့ကို ကုန်သွယ်ပစ္စည်းလို သဘောထားပြီး ကိုယ်ကျိုးစီးပွား ကိုယ့်ဂုဏ်သိက္ခာအတွက် စီးပွား ဖြစ် ဇွက်အတင်း ထိမ်းမြားလက်ထပ်ပေးကြတဲ့ ကိစ္စမျိုးပါပဲ။

        တစ်သက်မှာတစ်ခါသာ ဆုံးဖြတ်ရမယ့် အိမ်ထောင်ရးလို ကိစ္စမျိုးမှာ တစ်သက်လုံး အတူလက်တွဲနေထိုင်သွားကြရမယ့် သားသမီးတို့ရဲ့ စိတ်ဆန္ဒကို လုံးဝ ထည့်မတွက်ဘဲ ကိုယ် ကျိုးကိုယ်စီးပွားနဲ့ ကိုယ့်ဂုဏ်သိက္ခာအတွက်သာ ကြည့်ပြီး တန်ဖိုးဖြတ် အသုံးချသွားကြတဲ့ မိဘ တို့ရဲ့ မေတ္တာဆိုတာ  မြတ်စွာဘုရားရှင်က ဗြဟ္မာ နဲ့ နှိုင်းပြီး ချိုးကျူးခဲ့တဲ့ မေတ္တာမျိုး ဟုတ်ပါရဲ့ လား။ မိကောင်းဖခင် ဆိုတဲ့ ဂုဏ်နဲ့ စည်းစိမ်း ဥစ္စရှင် ဆိုတဲ့ ဂုဏ်သိက္ခာနှစ်မျိုးမှာ မိဘတို့ အလေးထား ရွေးချယ် ရမယ့်ဂုဏ်ဟာ ဘယ်ဂုဏ်လဲဆိုတာ အလေးအနက် စဉ်းစားရွေးချယ် ကြဖို့ပါ။

        ဒီလိုပြောလိုက်တဲ့အတွက် သားသမီးတို့အရေးမှာ မိဘတို့က ဘာမှ ၀င်ရောက်စွပ်ဖက် ခြင်း မပြုရဘူးလို့တော့ မယူဆသင့်ပါဘူး။  မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ် စတဲ့ မိဘ၀တ္တရားတွေ ရှိတယ်ဆိုတာ အားလုံးသိပြီးသားပါပဲ။ ကောင်းရာကိုညွှန်လတ် ဆိုတဲ့ နေရာ မှာ အဲဒီ ကောင်းရာ ဆိုတာ ကိုယ်ကောင်းဖို့ ကိုယ်ကျေနပ်ဖို့ ဆိုတဲ့ စိတ်မထားဘဲ သူတို့အတွက် ကောင်းဖို့ဆိုတဲ့ မေတ္တာစိတ် သန့်သန့်ကလေး မွန်မွန်မြတ်မြတ်ထားကြဖို့ပါ။ ကောင်း ဆိုတဲ့ နေရာမှာလည်း တစ်ကိုယ်ရေ စိတ်ချမ်းသာရေး လောကရေး ဓမ္မရေး ဘက်စုံကောင်း ဖြစ်ဖို့ မျှမျှ တတ ညွှန်ပြနိုင်ဖို့အရေးကြီးပါတယ်။

        အဲဒီလိုညွှန်ပြနိုင်မှသာ သူတော်ကောင်းနဲ့ ပေါင်းသင်းမှီဝဲမှု ပြည့်စုံသူမှာ သူတော်ကောင်း စကား ကြားနာခွင့်ရတယ်ဆိုတဲ့ မြတ်စွာဘုရား အဆုံးအမတော်နဲ့ ကိုက်ညီမှာပါ။ သူတော် ကောင်းဆိုတာ သူတော်လာစေဖို့အတွက် ကိုယ်ဘက်က စိတ်ကောင်း စေတနာကောင်း ထားတတ်သူကို ခေါ်တာပါ။ သူတို့ရဲ့ ပါရမီဓာတ်ခံ မျိုးစေ့ကလေးတွေ လောင်းရိပ်မဲ့ နှောင်ကြိုးမဲ့  ပေါက်ရောက်ရှင်သန်ခွင့် ပေးရမှာ ဖြစ်ပါတယ်။ သူတော်မှ ကိုယ်ကောင်းမယ်ဆိုတဲ့ အတ္တသမား မျိုး မဖြစ်စေရပါဘူး။

        သူတော်ကောင်းစစ်ရဲ့စကားကို ကြားနာရမှုပြည့်စုံရင် ယုံကြည်မှု သဒ္ဓါတရား ခိုင်မြဲတယ် လို့ ဆိုပါတယ်။ ယုံကြည်တယ်ဆိုတာ လောကရေးရာအရ အလေးထား လေးစားထိုက်တဲ့ မိဘဆရာသမားတို့ရဲ့ ဂုဏ်ကျေးဇူးကို ယုံကြည်ခြင်း၊ ရတနာသုံးပါးနဲ့ ကံကံရဲ့ အကျိုးကို ယုံ ကြည်ခြင်း၊ ကိုယ့်အရည်အချင်းနဲ့ ကိုယ်စွမ်းကိုယ်စတို့ကို ယုံကြည်ခြင်းစတဲ့ ယုံကြည်သင့်၊ ယုံကြည်ထိုက်သမျှကို ယုံကြည်တဲ့စိတ် ထက်သန်လာမယ်လို့ ဆိုလိုတာပါ။

        ယုံကြည်မှုနဲ့ ပြည့်စုံသူများဟာ အရာရာကို ယောနိသောမနသိကာရနဲ့ စိတ်ကောင်းထား တတ်တဲ့ လူကောင်းသူကောင်းများ ဖြစ်နိုင်ပါသတဲ့။ အဲဒါ မြတ်ဗုဒ္ဓအလိုတော်ကျ မိဘတိုင်းက သားသမီးတို့ရဲ့ အမြင့်ဆုံးဘ၀ကို တည်ဆောက်ပေးခြင်းပဲ ဖြစ်ပါတယ်။
                                               မိကောင်းဖခင် ပီသကြပါစေ

                                                                           ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

Friday, May 24, 2013

ကဆုန်လပြည့် ဗုဒ္ဓနေ့

 

 ကဆုန်လပြည့် ဗုဒ္ဓနေ့

ကဆန်ုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့

(၁) ဘုရားအလောင်းတော် ရသေ့သုမေဓာဟာ ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြောက် ဂေါတမဘုရားစင်စစ် ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူတဲ့နေ့ဟာ ကဆုန်လပြည့်နေ့ဖြစ်တယ်။

(၂) ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့လဲ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ဖြစ်တယ်။

(၃) ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရားဖြစ်တဲ့နေ့လဲ မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့ဖြစ်တယ်။

(၄)  ဂေါတမဘုရား ပရိနှိဗ္ဗာန်စံတဲ့ နေ့ဟာလဲ မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့ဖြစ်ပြန်တယ်။

ဒါကြောင့် ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန် ထူးမြတ်တဲ့နေ့တစ်နေ့ပါ။

ကဆုန်လဟာ မြန်မာလ ၁၂ ရာသီမှာ ဒုတိယလဖြစ်ပြီး ဗြိဿရာသီနှင့်တူသည်။ ပုဂံခေတ်ကျောက်စာမှာ ကဆုန်လကို “ကုဆုန်” လို့အရေးများတယ်။ နောက်ပိုင်းမှာ “ကု” မှ “က”သို့ ပြောင်းလဲလာတယ်လို့ ဆိုတယ်။ (ကုက)ရဲ့ အဓိပ္ပါယ်ကတော့ “ရေ” ဖြစ်ကာ “ဆုန်” တော့ သွန်းလောင်းတယ်လို့ အဓိပ္ပါယ်ရှိလို့ ကဆုန်လကို “ရေသွန်းလ” (သို့မဟုတ်) “ရေလောင်းလ” လို့ ဆိုနိုင်ပါတယ်။

ပါဠိစာပေမှာ ကဆုန်လကို “ဝေသာခ” Vesaka လို့ခေါ်ပြီး အဲဒီ ဝေသာခ ကနေ ပါဌ်ပျက်ကာ “ဝေသခ်” Vesak ဖြစ်လာတယ်။ သီဟိုအသံထွက်ကတော့ ဝေဆတ်ခ် လို့ ထွက်ပြီး အနောက်နိုင်ငံသားများကလည်း သီဟိုသံကို အမှီပြုကာ ကဆုန်လပြည့်နေ့ကို ဝေဆတ်ခ်ဒေး Vesak Day လို့ ခေါ်ကြတယ်။ ထိုင်းဗုဒ္ဓဘာသာတွေကတော့ ကဆုန်လပြည့်နေ့ကို “ဝိဆာခပူချား” (ဝိသာခပူဇာ) လို့ခေါ်သတဲ့။

                                       မြန်မာနိုင်ငံတွင် ကဆုန်လပြည့် ဗုဒ္ဓနေ့  ကျင်းပုံ့ 
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။ ကဆုန်ညောင်ရေသွန်းပွဲတော်အဖြစ် ထင်ရှားတဲ့ ဘာသာရေးပွဲကို ဆင်နွှဲတယ်။ ကဆုန်လရာသီဟာ နေအရှိန် အပြင်းအထန်ဆုံးဖြစ်လို့ ရေတွေ ခန်းချောက်လေ့ရှိတယ်။ ဘုရားပွင့်တော်မူတဲ့ ဗောဓိပင်ကို ရည်မှတ်ကာ ဗောဓိပင်အပွားတော်များကို တပျော်တပါး ရေစင်သွန်းလောင်းကြလို့ “ကဆုန်လ ညောင်ရေသွန်းပွဲ” လို့ ခေါ်လာကြတယ်။ ဗုဒ္ဓဘာသာဝင်များအတွက် ဗောဓိပင်ဟာ ဘုရားရှင်အား ကိုယ်စားပြုတဲ့ ပရိဘောဂစေတီတော်ဖြစ်လို့ ဗောဓိပင်ကို ရေလောင်းပေးခြင်းဟာ ဗောဓိပင် ပိုမိုရှင်သန်စေဖို့ ဘုရားသာသနာတော် ဆက်လက် အဓွန့်ရှည်စေဖို့ ဖေါ်ညွှန်းပါတယ်။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ဟာ ကဆုန်လပြည့်နေ့မှာ သံဃာတော်များအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းလောင်းလှူခြင်း၊ သီလခံယူခြင်း၊ ပရိတ်တရားတော် တရားတော်များ နာကြားခြင်း၊ ဘာဝနာတရား ပွားများခြင်း စတာတွေ ပြုလုပ်ကြပါတယ်။ ဇိဝိတဒါန ငါးလွှတ်ပွဲ၊ ငှက်လွှတ်ပွဲ၊ တိရစ္ဆာန်ဘေးမဲ့လွှတ်ပွဲတွေကိုလည်း တပျော်တပါး ကျင်းပကြတယ်။
ဘုရားလောင်းသိဒ္ဓတ္ထ မွေးဖွားပြီးနောက် ခြေလှမ်း(၇) လှမ်းနေပုံ


ထိုင်းနိုင်ငံ ကဆုန်လပြည့် ဗုဒ္ဓနေ့

ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံတော်ဖြစ်လို့ ကဆုန်လပြည့်နေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်။ ဘုရင်အုပ်ချုပ်တဲ့ နိုင်ငံဖြစ်လို့ ဘုရင်နဲ့တကွ ဘုရင့်ဆွေတော်မျိုးတော် အပါအဝင် အရာရှိအရာခံများအားလုံး ကဆုန်လပြည့်နေ့ အခမ်းအနားဖြစ်တဲ့ “ဝိဆာခပူးချား” ကို တပြည်လုံး ပါဝင်ဆင်နွှဲကြတယ်။ ကဆုန်လပြည့်နေ့မှာ သာသနာ့အလံတော်များသည် ထိုင်းနိုင်ငံ တစ်ဝှမ်းလုံးမှာ တလူလူလွှင့်ထူကြတယ်။ (ထိုင်းနိုင်ငံသာသနာ့အလံဟာ မြန်မာနဲ့ သီရိလင်္ကာနိုင်ငံလို ရောင်ခြည်တော် ခြောက်သွယ် မဟုတ်ဘဲ အရဟတ္တဓဇ သင်္ကန်းရောင်ပေါ် တွင် ဓမ္မစကြာ စက်ဝိုင်းပုံ တပ်ထားခြင်းဖြစ်တယ်။)။


 

                                                ထိုင်းနိုင်ငံ ဝေဆတ်ဒေး ကျင်းပပုံ
ကဆုန်လပြည့်နေ့မှာ ထိုင်းဗုဒ္ဓဘာသာဝင်းများဟာ နံနက်ပိုင်းမှာ သံဃာတော်များအား ဆွမ်းလောင်းလှူကြတယ်။ ဘုရားကျောင်းကန်များကို သန့်ရှင်းရေးများ ပြုလုပ်ကာ ကုသိုလ်ယူကြပြီး နေ့လည်ပိုင်းအချိန် ဘုန်းကြီးကျောင်း ဓမ္မသာလာဇရပ်မှာ တရားနာယူကြတယ်။ တချို့ကတော့ ဘာဝနာတရားများ ပွားများအားထုတ်ကြတယ်။ ညဦးပိုင်းမှာ စုပေါင်းပြီး လူတစ်ဦးလျင် ဖယောင်းတိုင် တစ်တိုင်၊ အမွှေးတိုင်သုံးတိုင် ထွန်းညှိကာ ပန်းတစ်ပွင့်နဲ့အတူ စေတီတော်အား လကျာ်ရစ် သုံးပတ်ပတ်ကာ ပူဇော်ကြတယ်။ စေတီတော်ကို လှည့်ပတ်စဉ် ဘုရားဂုဏ်တော် တရားဂုဏ်တော်နဲ့ သံဃာ့ဂုဏ်တော်များကို ရွတ်ဖတ်သရဇ္ဈာယ်ကြတယ်။ သံဃာတော်များထံ တရားနာယူကြတယ်။ ထိုင်းနိုင်ငံရဲ့ ထင်ရှားတဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ ကျင်းပတဲ့ နေရာကတော့ နခွန်းပထုမ်ရှိ ဗုဒ္ဓမွန်းထိုးဘုရားပဲ ဖြစ်တယ်။ အဲဒီနေရာမှာ ထိုင်းဘုရင်မင်းမြတ် (သို့မဟုတ်) ဆွေတော်မျိုးတော်များက ဗုဒ္ဓဘာသာဝင် လူထုကို ဦးဆောင်ပြီး “ဝိဆာခပူးချား” (ဝိသာခပူဇာ) ပွဲကို နှစ်စဉ်ကျင်းပတယ်။ ထင်ရှားတဲ့ ထိုင်းနိုင်ငံတက္ကသိုလ်တွေမှာလဲ ဝိဆာသပူချား အခမ်းအနားများ ကျင်းပကြတယ်။ အပြည်ပြည် ဆိုင်ရာ ဗုဒ္ဓဘာသာ အစည်းအဝေးများကိုလည်း ကျင်းပခဲ့ကြတယ်။
ဘာပင်ဖြစ်လေသည်။ 




သီရိလင်္ကာနိုင်ငံ ဝေဆတ်ဒေး ကျင်းပပုံ

သီရိလင်္ကာနိုင်ငံ နှင့် ကဆုန်လပြည့် ဗုဒ္ဓနေ့

သီရိလင်္ကာနိုင်ငံသားများကတော့ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို “ဝေဆတ် = Vesak” လို့ခေါ်ကာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်။ ကဆုန်လပြည့်နေ့ဟာ အထူးခြားဆုံး နေ့အဖြစ် သတ်မှတ်ကာ ပွဲတော်ကို (၇) ရက်ခန့် ကျင်းပတယ်။ အစည်ကားဆုံးနေ့ကတော့ ကဆုန်လဆန်း (၁၄) ရက်၊ လပြည့်နေ့နဲ့ လပြည့်ကျော် တစ်ရက်နေ့ပါ။ ဗုဒ္ဓဘာသာဝင်အိမ်တိုင်း သာသနာ့ အလံတော်ကို လွှင့်ထူထားကြတယ်။ ထင်ရှားတဲ့ စေတီတော်၊ ကျောင်းတော်နဲ့ လမ်းဆုံ လမ်းခွတွေမှာ မီးစင်မြင့်ကြီး ဆောက်လုပ်ကာ ဘုရားရှင်ရဲ့ ဆေးရေး ပန်းချီပုံတော် ပတ်ပတ်လည်နဲ့ ဇာတကဆေးပန်ချီပုံတော်တွေကို လျှပ်စစ်မီးများ အလှဆင်ကာ မိုးလင်းပေါက် ထွန်းညှိပူဇော်ကြတယ်။ အဆိုအကပွဲများ မရှိပေမယ့် အလွန်စည်ကားတယ်။ ရောင်စုံမီးပုံး အလှပြိုင်ပွဲများ ကျင်းပတဲ့ နေရာမှာဆိုရင် ပွဲလာပရိသတ်များ ကြိတ်ကြိတ်တိုး စည်ကားလှတယ်။



အနယ်နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်များ (အထူးသဖြင့် ရွာသူရွာသားများ)ဟာ ကိုလံဘိုမြို့ (သို့မဟုတ်) မြို့ကြီးများမှ မိးထွန်းပွဲကို လာရောက်ကြည့်ရှုကြတယ်။ မော်တော်ကား၊ ဆိုင်ကယ်၊ စက်ဘီးစီးပြီး လည်ပတ် ကြတဲ့သူတွေ၊ လမ်းလျှောက်လည်ပတ်ကြတဲ့ သူတွေ တစ်ညလုံး စည်ကားတာ တွေ့ရတယ်။ ရွာကနေ လာကြတဲ့ လမ်းလျှောက်တဲ့သူတွေဟာ များသောအားဖြင့် ဖိနပ်မစီးကြပေ။ အချို့သော စေတနာရှင်များက မိမိအိမ်ရှေ့မှာ ရေအေး၊ အချိုရေများနဲ့လည်းကောင်း၊ အချို့ကတော့ မဏ္ဍာပ်ဆောက်ပြိး ထမင်း၊ ဟင်းများ စတုဒိသာအလှူများ ပြုလုပ်ပြီး ကုသိုလ်ယူကြတယ်။ အချို့အိမ်မှာ စပီကာ အကြီးကြီးနဲ့ ဗုဒ္ဓဝင်သီချင်းတွေ ဖွင့်၊ တချို့ကတော့ သီဟိုရိုးရာဗုံတီးကာ ကခုန် ပျော်မြူးနေကြတာကိုတွေ့ရတယ်။ ပွဲတော်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုတွေ များစွာ ဖြစ်ပေါ်တယ်။ ထင်ရှားတဲ့ လမ်းဆုံ လမ်းခွနဲ့ သမိုင်းဝင် ကလျာဏီယ ကျောင်းတော်ကြီး၊ ကာရုတ္တရစေတီတော်ကြီး၊ ကန္တီမြို့ စွယ်တော်ကျောင်းတို့ကတော့ အလွန် စည်ကားတာ တွေ့ရတယ်။

သီရိလင်္ကာဗုဒ္ဓဘာသာဝင်များဟာ ဗောဓိညောင်ပင်ကို ပရိဘောဂစေတီအဖြစ် လွန်စွာ ကြည်ညိုကြတယ်။ နေ့စဉ် နေ့တိုင်း ဗောဓိပင်ကို ရေလောင်းပူဇော်ကြတယ်။ ဘုန်းကြီးကျောင်းတိုင်းမှာ ဗောဓိပင်ရှိရတယ်။ ကဆုန်လပြည့် ဗုဒ္ဓနေ့ မနက်ပိုင်းမှာ သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် ကလေးလူကြီးများဟာ ဝတ်စင်ဖြူဝတ်ပြီး ဘုန်းကြီးကျောင်းကို သွားကြတယ်။ တံမြက်စည်းလှည်းခြင်း၊ ဗောဓိပင်အား ပူဇော်ခြင်း၊ သီလခံယူခြင်း၊ ပရိတ်ရွတ်ခြင်း၊ ဘာဝနာပွားခြင်းများ ပြုလုပ်ကြတယ်။ (သီရိလင်္ကာဗုဒ္ဓဘာသာဝင် ကလေးလူငယ်တွေ ပရိတ်ကြီး ၁၁ သုတ်ကို ရကြတယ်။)



ကဆုန်လပြည့်နေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် အဖြစ် သတ်မှတ်ခြင်း

ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်တယ်။ ဒါကြောင့် ၁၉၉၈ ခု၊ နိုဝင်ဘာလ ၅ ရက်မှ ၁၄ ရက်အထိ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တော်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့်မှာ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက် အဖြစ် သတ်မှတ်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေး ခဲ့ကြတယ်။ အဲဒီအစည်းအဝေးကနေ ၁၉၉၉ ခု စက်တင်ဘာလမှ သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လက်ရှမန်းကတိဂမ် ဟာ အဲဒီအဆိုကို ကုလသမဂ္ဂသို့ တင်သွင်းခဲ့တယ်။

၅၄ ကြိမ်မြှောက် ကုသလသမဂ္ဂ အထွေထွေညီလာခံမှာ အဲဒီအဆိုကို မြန်မာနိုင်ငံ အပါအဝင် အာရှတိုက်ရှိ ဗုဒ္ဓဘာသာနိုင်ငံများ တောင်အာရှအဖွဲ့ဝင်နိုင်ငံများ၊ ရုရှားနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံများ စုစုပေါင်း ၃၄ နိုင်ငံက ထောက်ခံကြတယ်။ ဒါကြောင့် ၁၉၉၉ ဒီဇင်ဘာ ၁၃ ရက် အစည်းအဝေးဆုံးဖြတ်ချက် အမှတ် ၁၇၄ နဲ့ ကမ္ဘာ့ကုလသမဂ္ဂမှ “ကဆုန်လပြည့် ဗုဒ္ဓနေ့” ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် Vesak Universal Holiday အဖြစ် သတ်မှတ်ပေးခဲ့တယ်။
 
  မြတ်ဗုဒ္ဓပရိနိဗ္ဗာန် စံနေတော်မူစဉ်

ကမ္ဘာ့ကုလသမဂ္ဂဆုံးဖြတ်ချက်ကတော့

“ဂေါတမဗုဒ္ဓဘုရားရှင်ရဲ့ သာသနာတော်သည် ကမ္ဘာပေါ်မှာ သက်တမ်းရှည်ကြာတဲ့ ဘာသာတစ်ခုဖြစ်တဲ့ အပြင် ဘုရားရှင်ရဲ့ အဆုံးအမတော်ဟာ နှစ်ပေါင်း ၂၅၀၀ ကျော်ကာလတိုင်အောင် လူသားတို့အပေါ် ကာယသုခ၊ စိတ္တသုခနဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးခဲ့ပြီး နောင်အနာဂတ်မှာလည်း ကမ္ဘာ့လူသားတို့အပေါ် ကောင်းကျိုးများ ဆက်လက် သက်ရောက်နေမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ကုသလမဂ္ဂဗဟိုဌာနချုပ်နဲ့ ကမ္ဘာပေါ်ရှိ ကုလသမဂ္ဂဌာနအသီးသီးတို့မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဝေဆတ်ဒေး)ကို အပြည်ပြည်ဆိုင်ရာ ရုံ့းပိတ်ရက်အဖြစ် သတ်မှတ်ရမည်။ ဤဆုံးဖြတ်ချက်အရ ဝေဆတ်ဒေး ကျင်းပရာတွင် ကုလသမဂ္ဂရံပုံငွေကို သုံးစွဲခွင့်မရှိ။ နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့သည် မည်သည့်လ (အင်္ဂလိပ်လ)တွင် ကျရောက်မည်ကို ကုလသမဂ္ဂ ဌာနချုပ်နှင့် အခြားသော ကုလသမဂ္ဂဌာနတို့က တိုင်ပင်ညှိနှိုင်းကာ ဆုံးဖြတ်သွားရမည်” လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ထူးခြားလှတဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ကုလသမဂ္ဂက အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့လေပြီ။
ကဆုန်လပြည့်နေ့ဟာ ဘုရားရှင် အဆူဆူ ပွင့်တော်မူတဲ့နေ့လည်းဖြစ်တယ်။ လောကမှာ ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်လာခြင်းဟာ လောကကောင်းကျိုးအတွက်ပဲဖြစ်တယ်။ ဘုရားရှင်ရဲ့အဆုံးအမတော်ဟာ လောကသားတိုင်းအတွက် ဖြစ်တယ်။ လောကသားတို့ဟာ ဘုရားရှင်ရဲ့ အဆုံးအမအတိုင်း လိုက်နာ ကျင့်သုံးပါက ကာယသုခ စိတ္တသုခနဲ့ ပြည့်စုံကြပြီး ငြိမ်းချမ်းရေးအစစ် ဖြစ်တဲ့ သန္တိသုခ နိဗ္ဗာန်ကို မလွှဲဧကန် ရောက်ရပေမည်။

ဘုရားရှင် အဆုံးအမဖြစ်တဲ့
“မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကိုဖြူအောင်ထား”
“ဗုဒ္ဓတိုင်းသာ၊ မိန့်ခဲ့တာ၊ သုံးဖြာဤစကား” အတိုင်း လိုက်နာကျင့်သုံးနိုင်ကြပြီး ငြိမ်းချမ်းရေး အစစ်ဖြစ်တဲ့ သန္တိသုခကို ရရှိနိုင်ကြပါစေ။


Ref:
- The Sunday Times. Sunday. (12.9.1999) & (21.5.2000) Colombo, Sri Lanka
- Essay on the Thailand, Copyright 1991, Thanapol Vittayakarn Co.Ltd.
- မြန်မာ့ စွယ်စုံကျမ်း အတွဲ ၁၊ ၈၊ ကဆုန်လပြည့်နေ့၊ ဗောဓိပင်။


တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း)

Thursday, May 23, 2013

မိဘကိုလှုပ်နှိုးတဲ့ သားသားမီးမီးတို့ရဲ့စကား 孩子給的21點提醒


မိဘကိုလှုပ်နှိုးတဲ့ သားသားမီးမီးတို့ရဲ့စကား


(၁) ကျွန်တော့်ကို အလိုမလိုက်ပါနဲ့။ လိုချင်တာအားလုံးကို မရနိုင်ဘူးဆိုတာ ကျွန်တော်သိတယ်။ ဒါကလည်း အဖေ၊ အမေတို့ရဲ့စိတ်ကို ကျွန်တော် စမ်းသပ်ကြည့်ချင်လို့ပါပဲ။

(၂) ကျွန်တော့်ကို စည်းကမ်းတင်းကျပ်ဖို့ မကြောက်ပါနဲ့။ နည်းနည်းတင်းကျပ်တာကို ကျွန်တော်နှစ်သက်တယ်။ ဒါမှ လုံခြုံတယ်လို့ ကျွန်တော်ခံစားရတယ်။

(၃) ကျွန်တော့်ကို အကျင့်ဆိုးတွေ မွေးမပေးပါနဲ့။ ဘယ်အရာတွေက အကျင့်ဆိုးတွေဆိုတာကို အဖေ၊ အမေတို့ စောစောစီးစီးသင်ပြမှ ကျွန်တော်သိနိုင်မှာပါ။

(၄) ကျွန်တော့်ကို "ငယ်သေးတယ်၊ ဘာမှနားမလည်ဘူး" လို့ မကြာခဏ မပြောပါနဲ့။ ဒါတွေက ကျွန်တော့်အတွေးနဲ့ အပြုအမူတွေကို တုံးအသွားစေပါတယ်။

(၅) ကျွန်တော့်အမှားကို လူတွေရှေ့မှာ မလစ်ဟ (မဆုံးမ) ပါနဲ့။ တကယ်လို့ ကျွန်တော့်ကို နှစ်ကိုယ်ကြား ဆိုဆုံးမရင် ကျွန်တော်ပိုပြီး နားဝင်ပါလိမ့်မယ်။

(၆) ကျွန်တော့်ကို သိပ်အကာအကွယ် မပေးပါနဲ့။ အမှားလုပ်ရင် ဆုံးမတာကို ခံယူရမယ်ဆိုတာ ကျွန်တော်သိတယ်။ တစ်ခါတလေ နာကျင်ခြင်းထဲကနေ သင်ခန်းစာရဖို့ ကျွန်တော်သင်ယူရပါမယ်။

(၇) ကျွန်တော့်အမှားတွေကို အပြစ်တစ်ခု၊ အရှက်တစ်ခုဖြစ်အောင် မပြောပါနဲ့။ အဲဒီလိုလုပ်တာက ကျွန်တော်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ လေးစားမှုကို ထိခိုက်စေပါတယ်။

(၈) "အဖေ၊ အမေကို သားမုန်းတယ်" လို့ ကျွန်တော်ပြောမိတဲ့အခါ စိတ်ထိခိုက် ဝမ်းနည်းမသွားပါနဲ့။ ကျွန်တော်မုန်းတာက လူကိုမဟုတ်ဘဲ ကျွန်တော့်စိတ်ကို ပျက်ပြားစေတဲ့ အဖေ၊ အမေတို့ရဲ့ အမိန့်အာဏာကိုသာဖြစ်တယ်။

(၉) ကျွန်တော်လုပ်တဲ့ အမှားသေးသေးလေးကို မတေးမှတ်ထားပါနဲ့။ ဒါကလည်း ကျွန်တော့်ကို အာရုံစိုက်လာအောင် လုပ်တာဖြစ်တယ်။

(၁ဝ) ကျွန်တော့်ကို တဗျစ်တောက်တောက် မရေရွတ်ပါနဲ့။ ကျွန်တော့်ကို အမြဲဗျစ်တောက်တောက်ရွတ်ရင် နားမကြားချင်ဟန်ဆောင်ပြီး ကျွန်တော့်ကိုယ်ကျွန်တော် ကာကွယ်ရလိမ့်မယ်။

(၁၁) ကျွန်တော်ကို ပေါ့ပျက်ပျက်ကတိတွေ မပေးပါနဲ့။ အဲဒီကတိတွေကို အဖေ၊ အမေတို့ ဖျက်လိုက်တဲ့အခါ အပယ်ခံရတယ်ဆိုပြီး ကျွန်တော် ဝမ်းနည်းဒေါသဖြစ်မိလိမ့်မယ်။

(၁၂) ပြောချင်တာကို ကျွန်တော် သေသေချာချာ၊ ရှင်းရှင်းလင်းလင်း မပြောတတ်တဲ့အခါ ခါတိုင်း ကျွန်တော်ပြောနေကျစကားတွေရဲ့ မပီသမှုကြောင့်ဆိုတာ မမေ့ပါနဲ့။

(၁၃) ကျွန်တော်ရဲ့ ရိုးသားမှုကို မကြာမခဏ ပျက်စီးအောင်မလုပ်ပါနဲ့။ ပျက်စီးအောင်လုပ်တဲ့အခါ ကျွန်တော်ကြောက်လန့်ပြီး လိမ်ညာစကားတွေ အလွယ်တကူ ပြောမိတတ်တယ်။

(၁၄) မသိတဲ့မေးခွန်းတွေကို ကျွန်တော်မေးတဲ့အခါ ကျွန်တော့်ကို မတားပါနဲ့။ ကျွန်တော်မေးတိုင်း တားခဲ့ရင် အဖေ၊ အမေတို့အစား တခြားလူကိုပဲ ကျွန်တော်သွားမေးရပါလိမ့်မယ်။

(၁၅) ကျွန်တော်ရဲ့ ကြောက်စိတ်၊ ထိတ်လန့်စိတ်တွေက ရှက်စရာကောင်းတယ်လို့ မပြောပါနဲ့။ ကျွန်တော်ကြောက်တယ်ဆိုတာ တကယ်ပါ။ အဲဒီလိုအခြေအနေမျိုးမှာ ကျွန်တော့်ကို နှစ်သိမ့်ပေးပါ၊ နားလည်ပေးပါ။

(၁၆) အဖေ၊ အမေတို့က ခြောက်ပစ်ကင်းတယ်၊ အမှားမလုပ်ဘူးလို့ မပြောပါနဲ့။ အဖေ၊ အမေတို့ရဲ့ ခြောက်ပစ်မကင်းတာနဲ့ အမှားကို ကျွန်တော်သတိထားမိတဲ့နေ့ ကျွန်တော့်မျှော်လင့်ချက်တွေ ဆုံးရှုံးကုန်ပါလိမ့်မယ်။

(၁၇) အပြောနဲ့အလုပ်မညီ မဖြစ်ပါစေနဲ့။ အဲဒါတွေက ကျွန်တော့်ကို ဘာလုပ်ရမှန်း မသိဖြစ်စေသလို အဖေ၊ အမေတို့ကို ယုံကြည်တဲ့ ကျွန်တော့်ယုံကြည်မှုကိုပါ ပျက်ပြားစေပါတယ်။

(၁၈) အမှားအတွက် ကျွန်တော့်ကိုတောင်းပန်တာနဲ့ အဖေ၊ အမေတို့အပေါ်ထားတဲ့ ကျွန်တော့်လေးစားမှုတွေ ပျက်ပြားသွားမယ်လို့ မထင်ပါနဲ့။ ပွင့်လင်းတဲ့ တောင်းပန်မှုက အဖေ၊ အမေတို့နဲ့ ကျွန်တော့်ကို ပိုရင်းနှီးစေပါတယ်။

(၁၉) အရာရာကို ကျွန်တော်စူးစမ်းတတ်တာ မမေ့ပါနဲ့။ မစူးစမ်းရင် မကြီးပြင်းတတ်တဲ့အတွက် ကျွန်တော့်ကို ခွင့်လွှတ်နားလည်ပေးပါ။

(၂ဝ) တစ်နေ့ပြီးတစ်နေ့ ကျွန်တော် လျင်လျင်မြန်မြန် ကြီးပြင်းနေပါတယ်။ ကျွန်တော့်ကို သင်ကြား၊ ထိန်းသိမ်းဖို့ဆိုတာ မလွယ်တဲ့ကိစ္စမှန်း ကျွန်တော်လည်းသိတယ်။ ဒါကြောင့် အကြိမ်ကြိမ် ကြိုးစားကြည့်ပေးပါ။

(၂၁) နားလည်မှု၊ ချစ်ခြင်းမေတ္တာပါတဲ့ အသဲနှလုံးမရှိရင် ကျွန်တော်မရှင်သန်နိုင်ဘူးဆိုတာ မမေ့ပါနဲ့။ ဒါကို ကျွန်တော်မပြောလည်း အဖေ၊ အမေတို့ သိလောက်မယ် ထင်ပါတယ်။

ကလေးတွေကို ဂရုစိုက်မှု ပိုပေးပါ။ စိတ်ပိုရှည်ပေးပါ... ဒါတွေက ကလေးတစ်ယောက်ရဲ့ ရှေ့ရေးကို ပြောင်းလဲစေနိုင်ပါတယ်။



မူရင်း -- http://blog.ilc.edu.tw/blog/index.php?op=printView&articleId=61913&blogId=3180

နိုင်းနိုင်းစနေ(Sunday, May 03, 2009)


孩子給的21點提醒

(1)不要寵壞我。我十分清楚,我不可能擁有一切我想要的,我只是想考驗你而已。
(2)不要害怕限制我。我喜歡一點限制,如此讓我覺得有安全感。

(3)不要讓我養成壞習慣。我必須靠你儘早告訴我什麼是壞習慣。

(4)不要常說:我還太「小」,什麼都不懂。如此,只會使我更想表現像個「大」笨蛋。

(5)請不要當眾糾正我的錯誤。如果你私底下告訴我,我會比較聽得進去。

(6)不要太保護我。做錯事我自己要承擔,我有時需要從痛苦中學到教訓。

(7)不要把我的過錯,說成罪惡羞恥的事情,那只會傷害我的自尊心和信心。

(8)當我說:「我恨你」時,請不要太難過。我恨的不是你,而是你那令我挫折的權威。

(9)不要太計較我犯的小小錯誤。我只不過想引人注意而已。

(10)不要對我嘮叨。如果你對我嘮叨,我只好假裝聾子來保護自己。

(11)不要給我草率的承諾。請記得,當你食言時,我會因為被擺一道而氣憤難過。

(12)不要忘了,我往往無法清楚地說出我想要表達的,這也是為什麼我說的常常不正確。

(13)不要經常消耗我的誠實,我很容易因為害怕而說謊。

(14)當我問你問題的時候,不要讓我難堪,你如果這麼做,你會發現我不再問你問題,我只好去問別人了。

(15)不要告訴我:我的害怕、恐懼是可笑的。我的害怕是千真萬確的,請安慰我和瞭解我。

(16)千萬不要說你是完美不會犯錯的人。當我發覺你既不完美又會犯錯時,會令我多麼失望

(17)不要言行不一致。那只會令我不知所措,令我失去對你的信任。

(18)不要認為向我道歉,會讓你喪失尊嚴。坦誠的道歉讓我覺得格外地親近你。

(19)別忘了,我喜歡到處嘗試。不嘗試就長不大,請多包涵一點。

(20)別忘了,我正在迅速長大。我可以想像:要管教我不是一件容易的事情,請多試試。

(21)別忘了,沒有很多瞭解的愛心,我不可能活下去。