Sunday, October 30, 2011

ပီနန်ဆရာတော်ကြီး ၏သြ၀ါဒ(၁၂-၁၀-၂၀၁၁)



ပီနန်ဆရာတော်ကြီး ၏သြ၀ါဒ(၁၂-၁၀-၂၀၁၁)

"How are you?"လို့ လူတွေ နှုတ်ဆက်ကြတယ် မဟုတ်လား။ ဘုရားရှင် ရဟန်းတော်တွေကို 
နှုတ်ဆက်တာက ပိုကောင်းတယ်။ ကစ္စိ ခမနီယံ။ ကျန်းကျန်းမာမာ ရှိရဲ့လား။ ဒီလို စပြီး နှုတ်ဆက်တာ။ ကစ္စိ ယာပနီယံ။ မျှတရဲ့လား။ အဓိပ္ပာယ်က ကျယ်တယ်။ ရာသီဥတု မျှတရဲ့လား။ နေရထိုင်ရတာ၊ စားရသောက်ရတာ မျှတရဲ့လား။ အ၀ိဝဒမာနာ။ မငြင်းမခုံ ခိုက်ရန်မဖြစ်ဘဲ နေနိုင်ခဲ့ကြရဲ့လား။ သမ္မောဒမာနာ။ ပျော်ပျော်ရွှင်ရွှင် ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ခဲ့ကြရဲ့လား။ ဒီလိုမေးပြီး နှုတ်ဆက်တာ။ ဘုရားရှင်က ရဟန်းတော်တွေကို မေတ္တာတရားနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ် နေစေချင်တာ။

အခု စင်္ကာပူမှာ သီတင်းသုံးကြတဲ့ ကျောင်း(၁၂)ကျောင်းက သံဃာတော် (၄၂)ပါး၊ သီလရှင်ကျောင်း(၂)ကျောင်းက ဆရာလေးနှစ်ပါး၊ စင်္ကာပူမှာ ရောက်နေကြတဲ့ ဒကာဒကာမတွေရော သိုက်သိုက်ဝန်းဝန်း စည်စည်ကားကား လုပ်နေကြတာ ညီညွတ်ကြဖို့၊ မေတ္တာထားကြဖို့ပဲ။ အခုလုပ်တဲ့ ပ၀ါရဏာပွဲဆိုတာ ဖိတ်ကြားတဲ့ပွဲ။ အပြစ်မြင်ရင် ပြောကြဖို့ ဖိတ်ကြားတာ။ ခုနက သံဃာတော်တွေ သိမ်ထဲမှာ ဖိတ်ကြားကြတယ်။ ဘုန်းကြီးက အကြီးဆုံးမို့ ပထမဆုံး ဖိတ်ကြားရတယ်။ လူကြီးဆိုပြီး မဖိတ်ကြားလို့ မရဘူး။ အားလုံး ဖိတ်ကြားရတယ်။ “အရှင်ဘုရားတို့ . . . တပည့်တော်ရဲ့ အပြစ်ကို မြင်မိရင်၊ ကြားမိရင်၊ တပည့်တော်မှာ အပြစ်ရှိတယ်လို့ သံသဖြစ်မိရင် တပည့်တော်ကို သနားသောအားဖြင့် ပြောကြပါဘုရား။ အပြစ်ရှိရင် ၀န်ခံပါ့မယ်ဘုရား”လို့ ဖိတ်ကြားရတယ်။

အပြစ်ရှိရင်၊ မှားမိရင် ၀န်ခံရတယ်။ သူများအပြစ်ကိုလည်း ခွင့်လွှတ်နိုင်ရတယ်။ ဒါမှ ညီညွတ်မှာ။ ကိုယ့်အပြစ်ကို အပြစ်လို့ မထင်ဘူး၊ ကိုယ်မှားတာကို မှားတယ်လို့ လက်မခံနိုင်ဘူးဆိုရင် မညီညွှတ်နိုင်ဘူး။ ညီညွတ်ဖို့၊ အပြစ်ကို နားလည်ဖို့အတွက် မေတ္တာသုံးပါးလိုတယ်။ ကာယကံမေတ္တာ၊ ၀စီကံမေတ္တာ၊ မနောကံမေတ္တာ။ မေတ္တာဆိုတော့ သတ္တ၀ါတွေ ကျန်းမာချမ်းသာကြပါစေ ဆိုရုံနဲ့ မပြီးဘူး။ မေတ္တာကို လက်တွေ့  ကျင့်သုံးရမယ်။ ကိုယ့်အိမ်ကစပြီး တဖြည်းဖြည်း ချဲ့ ယူရမယ်။

အိမ်တွင်းမှာ အပြစ်ကို နားလည်လက်ခံပြီး မေတ္တာထားပုံလေး ပြောပြမယ်။ အိမ်မှာ စားပွဲပေါ် တင်ထားတဲ့ ဖန်ခွက်ကို ကလေးက တိုက်ချလိုက်လို့ ကွဲသွားတယ်။ ကလေးက သူ့အပြစ်ကို ဖုံးမထားဘူး။ အစ်မဖြစ်သူကို သွားပြောတယ်။ “မမ . . . ကျွန်တော့်ကြောင့် ဖန်ခွက် ကွဲသွားတယ်။ ကျွန်တော့် အပြစ်ပါ”ဆိုတော့ အစ်မကလည်း “မောင်လေးအပြစ် မဟုတ်ဘူး။ မမ အပြစ်။ မမက အဲဒီဖန်ခွက်ကို အဲဒီနေရာမှာ ထားခဲ့မိလို့”တဲ့။ ကလေးမကလည်း သူ့အပြစ်ကို အမေ့ဆီမှာ ပြောပြတယ်။ “မေမေ . . . ကျွန်မ အထားမတတ်လို့ ဖန်ခွက် ကွဲသွားပြီ။ ကျွန်မ အပြစ်ပါ”ဆိုတော့ အမေကလည်း “သမီးအပြစ် မဟုတ်ပါဘူး။ မေမေ့ အပြစ်ပါ။ ဟိုနေ့ကတည်းက မေမေ မြင်ခဲ့တယ်။ ကောက်မသိမ်းမိခဲ့တာ။ မေမေသာ သိမ်းခဲ့မိရင် ကွဲမှာ မဟုတ်ဘူး”တဲ့။ အမေဖြစ်သူကလည်း သူ့အပြစ်ကို ယောက်ျား ပြန်ပြောတယ်။ “ကျွန်မ မသိမ်းခဲ့မိလို့ ဖန်ခွက် ကွဲသွားပြီ”ဆိုတော့ ယောက်ျားကလည်း “ဘယ်သူ့အပြစ်မှ မဟုတ်ပါဘူး။ ငါ့အပြစ်ပါ။ အဲဒီဖန်ခွက် ငါ ၀ယ်ခဲ့မိလို့”တဲ့။

မကောင်းဘူးလား။ အဲဒီလို အပြစ်ကို နားလည်နိုင်မှ။ မေတ္တာထားနိုင်မှ။ ကိုယ့် အပြစ်ကို ဖုံးထားမယ်၊ ကိုယ့်အပြစ် သူများလွှဲချမယ်ဆိုရင် ဘယ်ဟုတ်မလဲ။ အပြစ်ကို ခွင့်မလွှတ်နိုင်ဘူး၊ မေတ္တာမထားနိုင်ဘူး၊ “နေနှင့်အုံး။ သိမယ်”ဆိုရင်လည်း မဟုတ်သေးဘူး။

သာသနာရေးလုပ်လုပ်၊ လူမှုရေးလုပ်လုပ်၊ စီးပွားရေးလုပ်လုပ်၊ နိုင်ငံရေးလုပ်လုပ် အမှားကို နားလည်နိုင်မှ၊ မေတ္တာထားနိုင်မှ၊ ညီညီညွှတ်ညွတ် လုပ်ကြမှ အောင်မြင်မှာ။

ဒီလို ပ၀ါရဏာပွဲမျိုး နှစ်တိုင်းနှစ်တိုင်း ဖြစ်စေချင်တယ်။ မကောင်းဘူးလား။ ဒီကျောင်းမှာ လုပ်မှ မဟုတ်ဘူး။ တစ်ခြားကျောင်းမှာ လုပ်ချင်တယ် ဆိုရင်လည်း ဘုန်းကြီးတို့ ကြွရမှာပဲ။ တစ်ခြားကျောင်းမှာ လုပ်မယ်ဆိုရင်လည်း ၀ါဆိုဦးကတည်းက ကြိုပြောထားပြီး စီစဉ်ကြ။ ဘုန်းကြီးတို့လည်း ကြွခဲ့မယ်။