Saturday, October 8, 2011

အောင်မြင်ခြင်း၏ အဓိကပဲ့ကိုင်ရှင် (သို့) အကြီးအမှူးကြီး လေးပါး

ဒကာတစ်ယောက်က “ယခုဘဝတွင် လူတိုင်းအောင်မြင်မှုကို ရနိုင်ပါသလားဘုရား” ဟူသော အမေးတစ်ခုကို မေးဖူး၏။ သူ့အမေးနှင့် ပတ်သက်၍ “အကယ်၍ အတိတ်ကံ မရှိသဖြင့် ထင်သလောက် မအောင်မမြင် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ပဲ့ကိုင်ရှင်ကောင်းကောင်းသာ ရှိထားလျှင် ထိုပဲ့ကိုင်ရှင်များ၏ ပံ့ပိုးမှုဖြင့် အထိုက်အလျောက် အကျိုးသက်ရောက်မှုကား ရှိနေမည်မှာ အသေအချာပင် ဖြစ်ပါကြောင်း” ယေဘုယျအားဖြင့် ဖြေကြားပေးဖြစ်၏။ ပဲ့ကိုင်ရှင်ဟု ခေတ်စကားဖြင့် တင်စားပြီး ဆိုလိုက်ရသော်လည်း စင်စစ် အောင်မြင်လိုသူများ အဓိကလက်ကိုင် ထားသင့်သည်မှာ အကြီးအမှူတရား လေးပါးပင် ဖြစ်ပါ၏။ ထိုအကြီးအမှူးတရားသည် အောင်မြင်လိုသူများအား အောင်မြင်မှုရအောင် ဘက်ပေါင်းစုံမှ ထိန်းချုပ်ပေးတတ်သည့် သဘောရှိသဖြင့် ဤနေရာတွင် ပဲ့ကိုင်ရှင်ဟု တင်စားလိုက်ခြင်းပင် ဖြစ်ပါ၏။ အကြီးအမှူးဟူသော စကားကို ပါဠိဘာသာတွင် အဓိပတိဟု ဖွင့်ပြ၏။ ပဋ္ဌာန်းဒေသနာတော်တွင် အကြီးအမှူးပြု၍ ကျေးဇူးပြုတတ်သည့် ပစ္စည်းကို အဓိပတိပစ္စည်းဟု ရှင်းပြထား၏။

ပဋ္ဌာန်းဒေသနာတော်သည် အကြောင်းနှင့်အကျိုးကို ဆပ်စပ်ပြတော်မူသည့် ဒေသနာတော် ဖြစ်သည့်အလျောက် အဓိပတိပစ္စည်းနှင့် ပတ်သက်၍လည်း အကြီးအမှူးဟူသည့် ပဲ့ကိုင်ရှင် အကြောင်းကောင်းကြောင့် အောင်မြင်ခြင်းဟူသည့် အကျိုးကောင်းကို ရရှိနိုင်ကြောင်း ကြောင်းကျိုးဆက်စပ်ကာ နားလည်နိုင်မည် ဖြစ်၏။ ပဋ္ဌာန်းဒေသနာတော် အဓိပတိပစ္စည်းအဖွင့်တွင် ထိုအကြီးအမှူး အဓိပတိတရား လေးပါးရှိကြောင်း ဖွင့်ဆိုရှင်းပြထား၏။ ယင်းလေးပါးမှာ ဆန္ဒာဓိပတိ၊ ဝီရိယာဓိပတိ၊ စိတ္တာဓိပတိနှင့် ဝိမံသာဓိပတိတို့ပင် ဖြစ်၏။ ပဋ္ဌာန်းဒေသနာတော် အဖွင့်အရ ဆန္ဒဟုဆိုအပ်သော အဓိပတိသည် ဆန္ဒနှင့်ယှဉ်သော စိတ်စေတသိက် တို့ကိုလည်းကောင်း၊ ထိုဆန္ဒနှင့်ယှဉ်သော စိတ်စေတသိက်လျှင် ဖြစ်ကြောင်းရှိသော စိတ္တဇရုပ်တို့အားလည်းကောင်း အဓိပတိပစ္စည်းဖြင့် ကျေးဇူးပြုကြောင်း၊ အခြားသော ဝီရိယ၊ စိတ္တ၊ ဝီမံသဟု ဆိုအပ်သော အဓိပတိသည်လည်း ဆိုင်ရာတရားတို့နှင့်ယှဉ်သော စိတ်စေတသိက်တို့ကိုလည်းကောင်း၊ ထိုတရားတို့နှင့် ယှဉ်သောစေတသိက်လျှင် ဖြစ်ကြောင်းရှိသော စိတ္တဇရုပ်တို့အားလည်းကောင်း အဓိပတိပစ္စည်းဖြင့် ကျေးဇူးပြုကြောင်း စသည်ဖြင့် မှတ်သားနိုင်ကြမည် ဖြစ်၏။

ပဋ္ဌာန်းဒေသနာတော် အဖွင့်အရ ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသဟူသော အဓိပတိ တရားလေးပါးသည် ထိုတရားလေးပါး လက်ကိုင်ထားသူများအား လိုလားတောင့်တအပ်သည့် ကောင်းကျိုးချမ်းသာများ ပြည့်စုံအောင်မြင်အောင် ပဲ့ကိုင်လမ်းညွန်ပေးနေသည့် အကြီးအမှုးများသဖွယ် ကျေးဇူးပြုပေးနေသည်ကို နားလည်သဘောပေါက်နိုင်ကြမည် ဖြစ်၏။ စင်စစ်အားဖြင့် ထိုအဓိပတိ တရားလေးပါးသည် ဘုရားအလောင်း သူတော်ကောင်းကြီးများ သန္တာန်တွင် အဖြစ်များပြီး ထိုသူတော်ကောင်းများ၏ ဖြည့်ကျင့်နေသည့် ပါရမီများ လမ်းချော်မသွားအောင် ပဲ့ကိုင်လမ်းညွန် ပေးနေသည့် အကြီးအမှူးကြီးများ ဖြစ်သော်လည်း သာမန်ပုဂ္ဂိုလ်များ အတွက်လည်း ထိုအဓိပတိတရား လက်ကိုင်ထားပြီး ကြိုးစားအားထုတ်နိုင်ပါက ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းကျိုးများနှင့် အောင်မြင်မှုများကို ဧကန်မုချ ရစေနိုင်သည့် အထောက်အပံ့ တရားများပင် ဖြစ်ပါ၏။

မှန်၏။ မည်သူမဆို ဤအဓိပတိတရားလေးပါးကို လက်တွေ့ဘဝတွင် အသုံးချမည်ဆိုပါက ဖြစ်ချင်ခြင်းဆန္ဒ၊ ကြိုးစားအားထုတ်မှု ဝီရိယ၊ စိတ်အစဉ် ကြည်လင်ကောင်းမွန်မှု စိတ္တ၊ အကြောင်းအကျိုး အကောင်းအဆိုးကို ဆင်ခြင်ဆုံးဖြတ်နိုင်မှု ပညာ တရားများအဖြစ် အသုံးချနိုင်မည်သာ ဖြစ်၏။ ပဋ္ဌာန်းဒေသနာတော်တွင် ဝီမံသာဓိပတိဟု ဆိုသော်လည်း ထိုအဓိပတိ၏ တရားကိုယ်မှာ ပညာပင်ဖြစ်၏။ ထို့ကြောင့် အောင်မြင်ခြင်းအတွက် အဓိကပဲ့ကိုင်ရှင်များဟု ဆိုလျှင် ဆန္ဒ၊ ဝီရိယ၊ စိတ္တနှင့် ပညာတရား ဤလေးပါးပင် ဖြစ်ကြောင်း ဆိုခြင်းဖြစ်၏။ အတိတ်ဘဝ အကြောင်းတရား တစ်ခုခုကြောင့် ကံမကောင်း အကြောင်းမလှမှုများ မည်မျှပင် ရှိနေသော်ငြားလည်း လက်တွေ့ပစ္စုပ္ပန်ဘဝတွင် ဤအဓိပတိတရား လေးပါးကိုသာ အသုံးချလိုက်နာ ကျင့်သုံးနိုင်မည်ဆိုပါက မဖြစ်နိုင်သည့်အရာဟူသည် မရှိနိုင်သည်အထိပင် အကျိုးတရားကို လက်တွေ့ခံစားနိုင်ကြမည်သာ ဖြစ်ပါ၏။အနည်းငယ် ချဲ့၍ဆိုရသော် လောကလူသားများ အနေဖြင့် မည်သည့်အလုပ်ကို လုပ်သည်ဖြစ်ပါစေ ရှေးဦးစွာ လိုအပ်သည်မှာ ပြင်းပြသည် ဆန္ဒပင် ဖြစ်၏။ ဆန္ဒ၏ သဘောမှာ လိုချင်ခြင်း ဖြစ်သော်လည်း ထိုလိုချင်ခြင်းသည် လောဘကဲ့သို့ မတရားလိုချင်မှုမျိုး မဟုတ်ဘဲ ကောင်းသည့်အလုပ်များတွင် လက်တွေ့လုပ်ဖြစ်အောင် အထောက်အပံ့ ပြုပေးသည့် ကောင်းသည့်ဆန္ဒပင် ဖြစ်သဖြင့် အလုပ်ကောင်းများဖြင့် အကောင်းလုပ်လိုသူများအား ဤဆန္ဒတရားက ရှေးဦးစွာ ဦးဆောင်မှုကို ပေးထားသည့် ပဲ့ကိုင်ရှင်ပင် ဖြစ်၏။ အလုပ်ကောင်းတစ်ခုခုကို လုပ်မည်ဆိုလျှင် လုပ်လိုသည့် ဆန္ဒမရှိဘဲ ကြိုးစားအားထုတ်မှု ဟူသည်မှာလည်း ဖြစ်လာနိုင်စရာ အကြောင်းမရှိသဖြင့် အလုပ်တစ်ခုကို လက်တွေ့လုပ်ဖြစ်နိုင်ဖို့အတွက် ဆန္ဒတရားသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေခြင်း ဖြစ်၏။ ဆန္ဒရှိမှ ဝီရိယလည်း ရှိမည်ဖြစ်သဖြင့် ကောင်းသည့်အလုပ်များတွင် ဆန္ဒတရား အဖြစ်များအောင် ကြိုးစား မွေးမြူကြရမည်သာ ဖြစ်၏။

ဆန္ဒတရား ဦးစီးထားလျှင် ကြိုးစားအားထုတ်မှု ဝီရိယ တရားသည်လည်း တဖြည်းဖြည်း တိုးပွားလာနေမည်သာ ဖြစ်၏။ အကြောင်းကြောင့် အကျိုးဖြစ်ခြင်း အပိုင်းတွင် ဆန္ဒသည် အကြောင်းတစ်စိပ်တစ်ဒေသအဖြစ် ဝီရိယကို အထောက်အပံ့ ဖြစ်စေနိုင်သော်လည်း လက်တွေ့တွင် ကြိုးစားအားထုတ်မှု ဝီရိယ၏ အခန်းကဏ္ဍသည် ပို၍ အင်အားကြီးပေ၏။ “ဝီရိယဝတော ကိံ နာမ ကမ္မံ နသိဇ္ဈတိ- ဝီရိယရှိလျှင် မပြီးမြောက်နိုင်သည့် အလုပ်ကိစ္စဟူသည် မရှိနိုင်ကြောင်း” ဆိုသကဲ့သို့ ဝီရိယတရား အကြီးအမှူးထားပြီး လက်တွေ့ကြိုးစား အားထုတ်သူများအား အနည်းဆုံးအနေဖြင့် ဝီရိယအကျိုးကို ခံစားနိုင်ကြစေမည်သာ ဖြစ်၏။ လက်တွေ့အားထုတ်သည့် ဝီရိယတရားက ပဲ့ကိုင်ပေးထားလျှင် အလုပ်လုပ်သူများအား အကျိုးရလာဘ် တရားကို ဧကန်မုချ ရစေနိုင်ကြမည် ဖြစ်သဖြင့် လူတစ်ဦးတစ်ယောက်၏ အောင်မြင်မှုအတွက် ဝီရိယသည် အကြီးအမှူး ပဲ့ကိုင်တရားအဖြစ် အထောက်အပံ့ ပြုနေမည်မှာ အမှန်ပင်ဖြစ်ပါ၏။

အောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုမှာ စိတ္တဟုခေါ်သည့် စိတ်ပင်ဖြစ်၏။ “စိတ္တေန နိယတေ လောကော - လောကကြီးကို စိတ်ကဆောင်သည်”ဟု ဆိုသည့်အတိုင်း အရာရာတွင် စိတ်ကဆောင်ထားပေ၏။ စိတ်မပါလျှင် အလုပ်မလာသကဲ့သို့ စိတ်မရှိလျှင် အလုပ်လည်း မရှိဖြစ်တတ်၏။ စိတ်မကောင်းလျှင် အလုပ်မကောင်းနိုင်သကဲ့သို့ စိတ်ကောင်းလျှင် အလုပ်လည်း ကောင်းနေမည်သာ ဖြစ်သဖြင့် စိတ်စေတနာ ကောင်းရှိရေးသည် လောကသားတို့၏ အောင်မြင်ရေးအတွက် အထူးအရေးကြီးလှပေ၏။ လောကီအလုပ်တွင်ဖြစ်စေ၊ လောကုတ္တရာ အလုပ်တွင်ဖြစ်စေ စိတ်စေတနာက အကြီးအမှူးပြု၍ ဦးစီးထားလျှင် လက်တွေ့လုပ်ဆောင်မှု အပိုင်းများတွင်လည်း စွဲမြဲနေပြီး အကျိုးသက်ရောက်မှု အကောင်းများကို ဖြစ်ပေါ်စေ၏။ ဆန္ဒလည်းရှိ၊ ကြိုးစားမှုလည်းရှိ၊ စိတ်ကလည်း ဆောင်နေမည်ဆိုလျှင် ဘဝတွင် အောင်မြင်မှုရရန် (၇၅)ရာခိုင်နှုန်း သေချာနေပြီဟု ဆိုရမည်ဖြစ်၏။

သို့သော် အပြည့်အဝ အောင်မြင်မှုရရန်အတွက်ကား ဝိမံသဟုခေါ်သည့် ပညာလည်း ရှိထားရန် လိုအပ်ပေ၏။ ဝီမံသာဓိပတိ၌ ဝီမံသအရ ပညာကိုရည်ညွှန်းခြင်းဖြစ်ပြီး မှန်ကန်သည့် ဆန္ဒ၊ မှန်ကန်သည့် ကြိုးစားမှုနှင့် ကောင်းမြတ်သည့် စိတ်အစဉ်ဖြစ်ရန်အတွက်လည်း ပညာက နှိုင်းချိန်ပဲ့ကိုင်ပေးနိုင်ရမည်သာ ဖြစ်၏။ ပညာမပါသည့် ကြိုးစားအားထုတ်မှုသည် အချိန်ကုန်ပြီး ထိရောက်မှု မရှိနိုင်သကဲ့သို့ ပညာနှင့်မယှဉ်သည့် စိတ်၊ ဆန္ဒများသည်လည်း လွဲမှားမှုကို ဖြစ်ပွားစေတတ်ပေ၏။ ထို့ထက်အလွန်ဆိုရသော် ကိလေသာပယ်ခွါရေးအတွက် အဓိကကျသည့် အရာမှာလည်း ပညာပင်ဖြစ်၏။ ထိုပညာကို ဝိပဿနာဉာဏ်ပညာဟုလည်း ဆို၏။ ပဋ္ဌာန်းဒေသနာတော်တွင် ဖွင့်ဆိုပြသည့် ဝီမံသခေါ် ပညာသည် ဘဝအထက်တန်းမြင့်ရေး၊ ဘဝအောင်မြင်ရေးအတွက် ပဲ့ကိုင်ပေးသည့် ပညာမျိုဖြစ်ပြီး ဝိပဿနာအလုပ် အားထုတ်သဖြင့် ရရှိလာသည့် ဝိပဿနာဉာဏ်ပညာသည်ကား ဘဝလွတ်မြောက်ရေး၊ ကိလေသာ ပယ်ခွါရေးကို အကြီးအမှူးပြုပေးသည့် တရားမျိုးဖြစ်၏။ ပညာသည် လောကီလောကုတ္တရာ ဘဝအထွေထွေ တိုးတက်အောင်မြင်ရေးအတွက် အဓိကပဲ့ကိုင်ပေးသည့် အကြီးအမှူးပင် ဖြစ်ပါ၏။

ဤသို့ဆိုသော် အတိတ်အနာဂတ်များအား အသာထားပြီး ယခုပစ္စုပ္ပန် တည့်တည့်တွင်ပင် ကြီးပွားချင်သာ လိုသူများသည် ဖြစ်ချင်သည့် ဆန္ဒ၊ ကြိုးစားအားထုတ်မှု၊ ဝီရိယ၊ ထက်သန်ကောင်းမွန် စွဲမြဲသည့် စိတ်စေတနာ၊ စဉ်းစားနှိုင်းချိန်နိုင်သည့် ပညာတရားများကို လက်ကိုင်ထား၍ ကြိုးစားနိုင်ကြမည်ဆိုပါက ဘဝတွင် အောင်မြင်မှု ရမည်မှာ အသေအချာပင် ဖြစ်သည်ကို ကောက်ချက်ချနိုင်မည် ဖြစ်၏။ ဆန္ဒသာရှိပြီး ကြိုးစားမှု မရှိလျှင်၊ သို့မဟုတ် ကြိုးစားမှုကားရှိ၏ အသိဉာဏ်နှင့် မယှဉ်လျှင်၊ သို့မဟုတ် ဆန္ဒ၊ ဝီရိယ၊ ပညာတရားများ ရှိနေသော်လည်း စိတ်ကောင်းစေတနာကောင်း မထားလျှင် ဘဝတွင် ထင်သလောက် အောင်မြင်မှုလည်း ရနိုင်မည် မဟုတ်လှပေ။ ပြည့်စုံမှန်ကန်သည့် အောင်မြင်မှုများအတွက်ကား ဤအဓိပတိတရား လေးပါးလုံး အကြုံးဝင်ပြည့်စုံအောင် ကြိုးစားရမည်သာဖြစ်ပြီး ဤတရားလေးပါး ရှိထားလျှင်လည်း ဤတရားများက တစ်စုံတစ်ယောက်၏ ပစ္စုပ္ပန် သံသရာ နှစ်ဖြာ ကြီးပွားအောင်မြင်ရေးအတွက် အကြီးအမှူးပြုကာ ထိန်းကြောင်းပြုပြင် ပဲ့ကိုင်ပေးနေမည်သာ ဖြစ်၏။
ဆိုလိုသည်မှာ လူ့ဘဝကို ရလာသည့်သူများသည် ဘဝကောင်းနေပြီးသား ဖြစ်သဖြင့် အကောင်းရထားသည့် ဘဝတွင် အောင်မြင်မှု ရရန်အတွက်လည်း ခက်ခဲမှုမရှိနိုင်ကြောင်း၊ အတိတ်ကံဟူသည် လက်ရှိလူ့ဘဝ ရနေသည့်အချက်ဖြင့်ပင် ကောင်းနေပြီဟု ခံယူကာ ယခုလက်ရှိအချိန်တွင်သာ အောင်မြင်မှုကို အထောက်အကူ ပြုနိုင်သည့် ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ပညာဟူသည့် အကြီးအမှူးတရားများကို ပဲ့ကိုင်အဖြစ်ထားလျက် လိုရာပန်းတိုင် အရောက်လှမ်းနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း၊ ဆန္ဒကောင်း၏ ပံ့ပိုးမှုကို အခြေခံပြီး ကြိုးစားအားထုတ်မှု ဝိရိယ၊ အပြစ်ကင်းသည့် စိတ်စေတနာ၊ အကျိုးအကြောင်း၊ အဆိုးအကောင်းကို ခွဲခြားစိစစ်တတ်သည့် ပညာဟူသည့် ဤအဓိပတိတရားလေးပါးကို ပဲ့ကိုင်အဖြစ် အသုံးပြုကာ ပစ္စုပ္ပန်၊ သံသရာ ဘဝအဖြာဖြာတွင် အောင်မြင်မှုရအောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း စသည်ဖြင့် ဆိုလိုရင်းဖြစ်၏။
ထို့ကြောင့် အောင်မြင်မှုကို အလိုရှိကြသည့် သူများအနေဖြင့် အတိတ်ကိုလည်း ပုံမချ၊ အနာဂတ်ကိုလည်း မမျှော်မှန်းဘဲ ယခုပစ္စုပ္ပန်ဘဝမှာပင် မိမိတို့ အလိုရှိသည့် အောင်မြန်မှုကို အရယူနိုင်ရန်အတွက် အောင်မြင်ခြင်း၏ အဓိကပဲ့ကိုင်များဖြစ်သည့် ဆန္ဒ၊ ဝိရိယ၊ စိတ္တ၊ ပညာဟူသည့် အကြီးအမှူး အဓိပတိတရား လေးပါးကိုသာ ပြည့်စုံအောင်ကြိုးစားလျက် လိုရာပန်းတိုင်ကို အရောက်လှမ်းကိုင်ကြရမှာ ဖြစ်ပါကြောင်း အသိပေးတိုက်တွန်းရင်း အဓိပတိတရားများဖြင့် အဓိပတိ လူသားများဖြစ်အောင် အချိန်ရှိခိုက် လုံ့လစိုက်ကြရန်လည်း ထပ်မံ၍ အလေးအနက် တိုက်တွန်းလိုက်ရပါသည်။