“ပေါ့စတစ်အတွေးနဲ့ စိတ်ချမ်းသာမှု”
မြတ်စွာဘုရားလက်ထက်တော်က ဒန္တိကာဆိုတဲ့အမျိုးသမီးလေးတစ်ယောက် ရှိခဲ့ဖူးပါတယ်။ ဒန္တိကာအရွယ်ရောက်တဲ့ အချိန်မှာပဲ အနာထပိဏ် သူဌေးကြီးရဲ့ ဇေတဝန်ကျောင်းရေစက်ချ အလှုပွဲကြီးနဲ့ ကြုံလိုက်ရပါတယ်။ အဲဒီကျောင်းရေစက်ချပွဲကြီးကိုကြည့်ပြီး သာသနာ့ဘောင်ကို ဝင်ချင်တဲ့ စိတ်စဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ချက်ချင်းမဝင်နိုင်ခဲ့ပါဘူး။ဒန္တိကာဟာဇေတဝန်ကျောင်းရေစက်ချပြီးနောက်ပိုင်း သာသနာ့ဘောင်ကိုမဝင်နိုင်သေးပေမယ့် သရဏဂုံနဲ့ ငါးပါးသီလကို အမြဲဆောက်တည်နေ ခဲ့ပါတယ်။
ကာလတစ်ခုကြာလာတဲ့အခါမှာတော့ ဒန္တိကာဟာ မိဘတွေကိုခွင့်တောင်းပြီး မိထွေးတော် ဂေါတမီဆီမှာ ဘိက္ခုနီမဝတ်လိုက်ပါတယ်။ ဘိက္ခုနီမဝတ် လိုက်တော့ ဒန္တိကာထေရီရယ်လို့ အမည်တွင် သွားပါတယ်။
ဒန္တိကာထေရီဟာဘိက္ခုနီမဝတ်ပြီးတာနဲ့ ဆရာဥပဇ္ဈာယ်မိထွေးတော်ဂေါတမီရဲ့ အဆုံးအမ တရားစကားကိုနာကြားပြီး ဝိပဿနာတရားကို ကြိုးကြိုးစားစားအားထုတ်နေပါတော့တယ်။ ဒါပေမယ့် စိတ်မတည်ငြိမ်လို့သမာဓိမရဘဲဖြစ်နေပါတယ်။ ဒီတော့တရားအားထုတ်ရတာ အဆင်မပြေတော့ပါဘူး။
တစ်နေ့မှာတော့ ဒန္တိကာထေရီဟာ ဂိဇ္ဈကုဋ်တောင်ပေါ်ကို တစ်ပါးတည်းတက်ခဲ့ပါတယ်။ တောင်ပေါ်ရောက်တော့ အရှေ့အနောက် တောင်မြောက် ဝဲယာ ကြည့်ရင်း ဆင်တစ်ကောင်နဲ့ ဆင်ဆရာကိုတွေ့ရပါတယ်။ ကြည့်လက်စနဲ့ ဆက်ပြီး ကြည့်နေမိပါတယ်။
ဆင်ဆရာကချွန်းကိုကိုင်ပြီး “ခြေထောက်ဆန့်ပေးစမ်း”လို့ပြောလိုက်ပါတယ်၊ ဆင်ကြီးကလည်း ခြေထောက်ဆန့်ပေးပါတယ်၊ ဒီတော့ဆင်ထိန်းက ဆင်ပေါ်ကိုလွယ်လွယ်ကူကူနဲ့တက်သွားပါတယ်။
ဆင်နဲ့ဆင်ဆရာရဲ့မြင်ကွင်းကိုကြည့်ပြီး ဒန္တိကာထေရီဟာ “ဆင်ဆရာချွန်းကိုကိုင်ပြီး ရှေ့ပိုင်းမှာမယဉ်ကျေးတဲ့ဆိုင်ရိုင်းကို လူတွေအလို လိုက်အောင်ဆုံးမသလို ပျံ့လွင့်နေတဲ့ ငါရဲ့စိတ်ကိုဆုံးမရင်ရနိုင်တယ်။ ဝီရိယချွန်းနဲ့ ငါ့ရဲ့ပျံ့လွင့်နေတဲ့ စိတ်ကိုယဉ်ကျေးအောင် ဆုံးမမယ်”ဆိုပြီး အတွေးသံဝေဂအဖြေရသွားပါတယ်။
ဒန္တိကာဟာ ဆင်ရိုင်းနဲ့ဆင်ဆရာကို ဥပမာယူပြီး ဝီရိယချွန်းနဲ့စိတ်ကိုဆုံးမရင်း စိတ်တွေ ကြည်လင်လာပါတယ်။ စိတ်တွေကြည်လင်လာတော့ သမာဓိပါရလာပါတယ်။ သမာဓိ ရလာတာနဲ့အမျှ ဝိပဿနာတရားကိုဆက်အားထုတ်လိုက်တာ ရဟန္တာဖြစ်သွားပါတော့တယ်။
(ထေရီအဋ္ဌကထာ-ဒန္တိကာ ထေရီဝတ္ထု)
တကယ်ဆို ကိုယ်အားထုတ်နေတဲ့ဝိပဿနာတရားနဲ့ ဆင်နဲ့ဆင်ဆရာရဲ့အပြုအမူနဲ့ ဘာမှ မဆိုင်ဘူးလို့ထင်စရာရှိပါတယ်။ ဘေးကကြည့်ရင်လည်း “ဒီဘိက္ခုနီမ ဆင်စီးတာကိုပဲ ကြည့်နေရတယ် လို့ ကိုယ့်တရားကိုယ်အားထုတ်တာမဟုတ်ဘူး”ဆိုပြီး ဝေဖန်ချင်စရာပါ။ ဒန္တိကာထေရီအတွက်တော့ ဆင်နဲ့ဆင်ဆရာရဲ့ မြင်ကွင်းလေးကိုပဲ ကိုယ့်ဘဝဖြစ်စဉ်နဲ့နှိုင်းယှဉ်ပြီး ကိုယ့်အတွက်အသုံးချသွားခဲ့တဲ့ တကယ့်သာဓကလေးတစ်ခုပါပဲ။
တစ်ခါတလေတချို့မြင်ကွင်းတွေဟာ ကိုယ်နဲ့မဆိုင်ဘူးလို့ထင်ရပေမယ့် ဒန္တိကာထေရီတို့လို ယူတတ်ရင် ကိုယ့်အတွက်တော့ တရားအားလေးတွေ ပါပဲ။
မြင်ကွင်းကိုရိုးရိုးမကြည့်ဘဲ ကိုယ့်အလုပ်နဲ့ယှဉ်တွဲပြီးကြည့်သွားတာပါ။ အထူးသဖြင့် တရားနဲ့ ယှဉ်ပြီးကြည့်သွားတာပါ။ ဒီတော့ မြင်ကွင်းအားလုံး ဟာ ကြည့်တတ်ရင် တရားတွေချည်းပါပဲ။ မကြည့်တတ်ရင်တော့ ဒေါသတွေ၊ အာဃာတတွေ၊ အမုန်းတွေ၊ ဣဿာမစ္ဆရိယတွေ၊ တဏှာရာဂ တွေ ချည်းဖြစ်နေမှာပါ။
ဒန္တိကာထေရီတို့လိုတရားထူးမရပေမယ့် မြင်ကွင်းတွေကို တရားနဲ့ယှဉ်ကြည့်တတ်တာလေး ကိုတော့ကိုယ်ကအတုယူရမှာပါ။
တရားနဲ့ကြည့်ရင်စိတ်ချမ်းသာပြီး မတရားနဲ့ကြည့်ရင် စိတ်ဆင်းရဲရတော့တာပါ။ ဒါကတကယ့် လက်တွေ့ပါ။
တစ်နည်းအားဖြင့်ပြောရင် ပေါ့စတစ်အတွေးနဲ့ နဂ္ဂတစ်အတွေးပါ။ ပါရမီပါခဲ့သူတွေဟာ ကြုံလာတဲ့ အာရုံတစ်ခုကို ပေါ့စတစ်အတွေးနဲ့တွေးပြီး စိတ်အေးချမ်းမှုကိုယူသွားကြတာပါ။ အထူးသဖြင့် နဂ္ဂတစ် အတွေးနဲ့တွေးရင်စိတ်ဆင်းရဲရတယ်ဆိုတာ သေချာသိထားရလို့ပါ။
ဘဝရဲ့တစ်နေ့တာမှာ အာရုံမျိုးစုံနဲ့ကြုံနေရမှာပါ။ ကြိုက်တဲ့အာရုံရော မကြိုက်တဲ့အာရုံရောပါနေမှာပါ။ နဂ္ဂတစ်အတွေးရဲ့ဆိုးကျိုး ဆိုးပြစ်ကိုသိထားပြီး ပေါ့စတစ်အတွေးနဲ့ တွေးတတ်တာလေးကို လေ့ကျင့်ထားရမှာပါ။
နဂ္ဂတစ်နဲ့ကြည့်မိရင် ဒေါသ၊ အာဃာတစသည်တွေ ဝင်လာတတ်ပါတယ်။ ဒီတရားတွေ ဝင်လာပြီဆိုရင်တော့ နောက်ဆုံးရလဒ်က စိတ်ဆင်းရဲ ရတော့တာပါ။
လူဟာတစ်ခုခုကိုလုပ်ပါများရင် စွဲနေတတ်ပါတယ်။ နဂ္ဂတစ်နဲ့ကြည့်တတ်တာ အကျင့်ဖြစ်နေရင် ဘယ်မြင်ကွင်းပဲကြည့်ကြည့် နဂ္ဂတစ်နဲ့ ပဲကြည့်နေတော့တာပါ။ စွဲနေတဲ့အစွဲကို ဖျောက်ဖို့ သိပ်ခက်ပါတယ်။ နဂ္ဂတစ်နဲ့ကြည့်မိလိုက်လို့ စိတ်ဆင်းရဲရတယ်ဆိုတာလည်း မသိတော့ပါဘူး။ အဲဒီမသိတာက ပိုခက်နေတော့တာပါ။
နဂ္ဂတစ်နဲ့ကြည့်တတ်တာစွဲနေရင်ကောင်းတဲ့မြင်ကွင်း၊ ကုသိုလ်ဖြစ်စေတဲ့ မြင်ကွင်းကိုမြင်ဦး တော့ နဂ္ဂတစ်နဲ့ပဲကြည့်နေတော့တာပါ။ဒီနေရာမှာ ကိုယ့်ကိုဖေးမပြောပြပေးမယ့် မိတ်ကောင်းဆွေကောင်းသိပ်လိုပါတယ်။ ကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကို နဂ္ဂတစ်သဘောဖြစ်နေ တယ်ဆိုတာသိဖို့ အရေးကြီးပါတယ်။ ဒါမှဖေးမပေးရတဲ့သူလည်းလွယ်တာပါ။ ကိုယ့်ကိုချစ်တဲ့သူကပဲဖေးမမှာပါ။ မုန်းတဲ့သူကတော့ တကူးတက လာပြီးမဖေးမပါဘူး။ ဒီသဘောလေးတွေကိုအာရုံပြုလိုက်ရင်လည်း ဖေးမလာသူကို တန်ဖိုးထားလာနိုင်ပါတယ်။ အဓိက ကိုယ်ကပြုပြင် ပြောင်းလဲ ချင်စိတ်ရှိဖို့ပါ။ ဆိုလိုတာက ကိုယ်ကအဓိကပါ။
မြင်ကွင်းတစ်ခုကိုကြည့်တဲ့အခါပေါ့စတစ်နဲ့ကြည့်တတ်တာ၊ နဂ္ဂတစ်နဲ့ကြည့်တတ်တာတွေဟာ အတိတ်ပါရမီတွေနဲ့လည်းဆိုင်နေပါတယ်။
ပါရမီပါခဲ့တဲ့သူကတော့ပေါ့စတစ်နဲ့ကြည့်ပြီး ပါရမီမပါခဲ့တဲ့သူကတော့ နဂ္ဂတစ်နဲ့ကြည့်တော့တာပါ။ ကိုယ်ကနဂ္ဂတစ်နဲ့ ကြည့်တတ်သူ ဆိုရင်လည်းပြန်လေ့ကျင့်ယူရမှာပါ။ ပါရမီပါသူနဲ့ မပါသူဟာ နေရာတိုင်းမှာသိပ်ကွာပါတယ်။
တစ်ခါကဦးဇင်းအရှင်ဆန္ဒာဓိကနဲ့တစ်နေရာကိုဆွမ်းစားကြွဖြစ်ပါတယ်။ ဆွမ်းစားပြီးလို့ပြန်ထတော့ ဦးဇင်းအရှင်ဆန္ဒာဓိကက လက်အုပ်လေးချီပြီး“ အရှင်ဘုရားကိုနေရာထိုင်ခင်းလှူပါတယ်။ ဤထိုင်ခင်းလှူရသောကုသိုလ်ကောင်းမှုကြောင့်ဗောဓိဉာဏ်၏ အထောက်အပံ့ဖြစ်ပါစေ” လို့ ပြောလာတော့ အောက်ကိုငုံ့ကြည့်မိလိုက်ပါတယ်။ အောက်မှာမိမိထိုင်ထားတာက ဦးဇင်းအရှင်ဆန္ဒာဓိကရဲ့ ထိုင်ခင်းပါ။ ဦးဇင်းအရှင်ဆန္ဒာဓိက ကလည်းမိမိရဲ့ထိုင်ခင်းပေါ်ထိုင်ထားပါတယ်။ ထိုင်းခင်းမှားထိုင်မိကြတာပါ။
ဒီတော့မိမိကလည်း “ဘုန်းကြီးကိုလည်းထိုင်ခင်းလှူပါတယ်၊ ဤကုသိုလ်ကောင်းမှုကြောင့် နိဗ္ဗာန်ရဲ့အထောက်အပံ့ဖြစ်ပါစေ”လို့ကောက်ခါငင်ခါ အမြန်ဆုတောင်းလိုက်ရပါတယ်။ “သြော်.. အရှင် ဘုရားရယ် ကုသိုလ်ယူတတ်လိုက်တာ”လို့ စိတ်ထဲက လေးစားကြည်ညိုလိုက်မိပါတယ်။
တရားနဲ့တွေးတတ်တာဟာ အတိတ်ပါရမီ,အလေ့အကျင့်တွေနဲ့လည်းဆိုင်နေတာဆိုတော့ ပါရမီဆိုတာလည်းအလေ့အကျင့်ကြောင့်ဖြစ်လာရ တာပါ။ ဒီတော့ကိုယ်က အထုံဖြစ်အောင်လေ့ကျင့် ယူရမှာပါပဲ။
ပါရမီပါခဲ့သူကတော့ သစ်ရွက်ကြွေတာလည်းတရားနဲ့ကြည့်မှာပါပဲ။ မီးပျက်တာလည်းတရားနဲ့ကြည့်မှာပါပဲ။ ခွေးချင်းကိုက်တာလည်း တရားနဲ့ ကြည့်မှာပါပဲ။ သစ်ရွက်လေးတွေကြွေတာကြည့်ပြီး “သြော်.. သက်မဲ့ဖြစ်တဲ့သစ်ရွက်ကလေးတွေ မမြဲသလို ငါရဲ့ ရုပ် နာမ်လည်းမမြဲဘူး။ မသေခင်ကုသိုလ်တရားတွေ ကြိုးစားအားထုတ်ထားမှတော်ကာကျမယ်”လို့ ဆင်ခြင်မိသလို ခွေးချင်း ကိုက်တာကြည့်ပြီးလည်း “သြော်..ဒေါသ ဆိုတာ တိရစ္ဆာန်တွေမှာလည်းရှိတာပဲ။ ငါလည်း ဒေါသ မဖြစ်အောင်နေမှတော်ကာကျမယ်”လို့ တရားသဘောနဲ့ကြည့်တော့တာပါ။
ဒီတော့ သစ်ရွက်ကြွေတာ၊ မီးပျက်တာ၊ ခွေးချင်းကိုက်တာတွေဟာလည်း တရားနဲ့ကြည့် တတ်သူအတွက်တော့ တရားတွေဖြစ်နေပါတော့တယ်။
ပါရမီမပါသေးရင်လည်း ဘာမှစိတ်ပျက်စရာမလိုပါဘူး။ ရနိုင်သမျှဖြည့်ဖြည့်ယူသွားရမှာပါပဲ။ သံသရာအများကြီးကျင်လည်ခဲ့တာဆိုတော့ ပါရမီလုံးဝမပါတဲ့သူတော့ မဖြစ်နိုင်ပါဘူး။ ပါရမီရှင်တွေနဲ့ ယှဉ်လိုက်ရင် ကိုယ်ကနည်းနေတာပဲဖြစ်မှာပါ။ ပါရမီနည်းနေရင် ပိုဖြည့်ရုံပဲ ရှိတော့တာပါ။
ဒီနေရာမှာပုဂ္ဂိုလ်လေးမျိုးကို အာရုံပြုကြည့်ရအောင်ပါ။
ပုဂ္ဂိုလ်လေးမျိုး
` ၁။ ဥဂ္ဂါဋိတညူပုဂ္ဂိုလ်= အကျဉ်းဟောလိုက်တာနဲ့ မဂ်ဖိုလ်ရနိုင်တဲ့ပုဂ္ဂိုလ်။
၂။ ဝိပဉ္စိတညူပုဂ္ဂိုလ်= အကျယ်ဟောပြမှ မဂ်ဖိုလ်ရနိုင်တဲ့ပုဂ္ဂိုလ်။
၃။နေယျပုဂ္ဂိုလ်= အကျဉ်းအကျယ်ဟောရုံမက ကျက်သင့်ကျက်ထိုက်တာကျက်၊ ဆောင်သင့် ဆောင်ထိုက်တာဆောင်၊ ဆရာသမားကလည်း ဂရုစိုက်ပေး၊ ကိုယ်တိုင်လည်း နှစ် လ ရက် ရှည်ကြိုးကြိုးစားစား အားထုတ်ပါမှ မဂ်ဖိုရနိုင်တဲ့ပုဂ္ဂိုလ်။
၎။ ပဒပရမ ပုဂ္ဂိုလ်= ဒီဘဝဘယ်လောက်ပဲ အားထုတ်အားထုတ် မဂ်ဖိုလ်မရနိုင်တဲ့ ပုဂ္ဂိုလ်။
ဒါပေမယ့်လယ်တီဆရာတော်ဘုရားကြီးက ဒီဘဝမရနိုင်ပေမယ့် နောက်ဘဝ ဤဘုရား သာသနာမှာကျွတ်နိုင်သလို နောက်နောက် ဘုရား သာသနာတွေမှာလည်း ကျွတ်နိုင်တဲ့အကြောင်း ဆတ္တမာဏဝလုလင်,ဖားနတ်သားဝတ္ထု ,သစ္စကပရိဗိုဇ်တို့ကို သာဓကပြပြီး အားပေးထားပါတယ်။
ပိုပြီးရှင်းသွားအောင် ဆတ္တမာဏဝလုလင်၊ ဖားနတ်သားအကြောင်းတို့ကို နည်းနည်းလောက် ပြောပြရအောင်ပါ။
မြတ်စွာဘုရားလက်ထက်တော်က ဆတ္တမာဏဝဆိုတဲ့လုလင်တစ်ယောက်ရှိပါတယ်။ အရွယ် ရောက်လာတော့အဖေလုပ်သူက ပေါက္ခရသာတိ ပုဏ္ဏာကြီးဆီမှာ ပညာသင်ခိုင်းပါတယ်။ ပညာသင်မှု ပြီးဆုံးတော့ဆရာက ပညာသင်ခအသပြာတစ်ထောင်တောင်းပါတယ်။ ဒါကြောင့် ဆတ္တမာဏဝ လုလင်ဟာ အိမ်ပြန်ပြီး အဖေ့ဆီမှာငွေပြန်တောင်းပါတယ်။ ဒီသတင်းကိုသူခိုးတွေသိသွားပြီးလမ်းက စောင့်နေပါတယ်။
ဒါကိုမြတ်စွာဘုရားရှင်သိတော်မူလို့ သူခိုးတွေထက်ဦးအောင်လမ်းက ကြိုစောင့်ပြီးသရဏဂုံနဲ့ ငါးပါးသီလပေးပါတယ်။ ဆတ္တမာဏဝလုလင်ဟာ သရဏဂုံသုံးပါးကိုနှလုံးသွင်းပြီးလမ်းခရီးကို ဆက်ခဲ့ပါတယ်။ ခရီးတဝက်မှာ သူခိုးတစ်ယောက်ရဲ့မြားချက်နဲ့သေသွားရပါတယ်။ သေလွန်တော့ တာဝတိံသာနတ်ပြည်မှာဖြစ်ရပါတယ်။
လူ့ပြည်မှာကျန်ခဲ့တဲ့ဆတ္တမာဏဝလုလင်ရဲ့အလောင်းကို မိဘ ဆရာသမား မိတ်ဆွေတွေက မီးသင်္ဂြိုဟ်ပေးပါတယ်။ မြတ်စွာဘုရားရှင်က ဈာပနနဲ့မနီးမဝေးသစ်ပင်ရိပ်မှာကြွပြီး သီတင်းသုံးနေ လိုက်ပါတယ်။
ဆတ္တမာဏဝလုလင်ဟာ နတ်သားအဖြစ်နဲ့လာပြီး မြတ်စွာဘုရားကိုကန်တော့ပါတယ်။ မြတ်စွာ ဘုရားတရားနာပြီး ဆတ္တမာဏဝနတ်သားရော မိဘတွေရော သောတာပန်တည်သွားပါတယ်။
ဆတ္တမာဏဝလုလင်ဟာ ပထမဘဝမှာတရားထူးမရပေမယ့် ဒုတိယဘဝမှာတော့ တရားထူး ရသွားခဲ့ပါတယ်။
ဖာနတ်သားဝတ္ထုမှာလည်းဒီအတိုင်းပါပဲ။ မြတ်စွာဘုရားတရားဟောနေစဉ် ရေကန်တစ်ကန်က ဖားလေးတစ်ကောင်တက်လာပြီး “ဒါတရားပဲ”ဆိုတဲ့ အမှတ်နဲ့အဓိပ္ပါယ်မသိပေမယ့် တရားဆိုတဲ့ အမှတ်နဲ့ဝပ်နေပါတယ်။ အဲဒီအချိန်မှာနွားကျောင်းသားတစ်ယောက်ကလည်း တရားနာဖို့ ဒုတ်တစ် ချောင်းနဲ့ထောက်ပြီးရပ်နေလိုက်တာ ဖားခေါင်းပေါ်ဒုတ်ထောက်မိလျက်သားဖြစ်သွားပြီး ဖားငယ်သေ သွားပါတော့တယ်။ တရားအမှတ်နဲ့ သေသွားတဲ့အတွက်နတ်ပြည်မှာဖြစ်ပြီး နတ်သားဘဝနဲ့တရားပြန် နာရလို့ သောတာပန်တည်သွားရပါတယ်။
ဒီဘဝမှာမရနိုင်ပေမယ့် ဒုတိယ တတိယဘဝစသည်တွေမှာရနိုင်တယ်ဆိုတာ ဆရာတော် ဘုရားကြီးက အားပေးထားတာပါ။
လယ်တီဆရာတော်ဘုရားကြီးရဲ့ဗောဓိပက္ခိယဒီပနီစာမျက်နှာ ၁၃ မှာ--
“ပဋိသမ္ဘိဒါပတ္တရဟန္တာခေတ်အနှစ်တစ်ထောင်မှနောက်ကာလ၌ ဤသာသနာတော်သည်နေယျပုဂ္ဂိုလ်၊ ပဒပမရပုဂ္ဂိုလ်နှစ်မျိုးတို့၏ခေတ်သမယ သာဖြစ်၏။ ယခုအခါ၌ သာသနာတွင်းမှာ ထိုပုဂ္ဂိုလ်နှစ်မျိုးသာရှိကြတော့သည်”လို့ရေးပြထားပါတယ်။ ဆိုလိုရင်းက သာသနာ နှစ်တစ်ထောင် နောက်ပိုင်း အခုခေတ်မှာ နေယျပုဂ္ဂိုလ်နဲ့ပဒပမရပုဂ္ဂိုလ်နှစ်ဦးပဲ ရနိုင်ပါတော့တယ်တဲ့။ အပြန်အားဖြင့် ပြောရင် ဥဂ္ဂါဋိတညူပုဂ္ဂိုလ်နဲ့ ဝိပဉ္စိတညူပုဂ္ဂိုလ်နှစ်ဦးမရနိုင်တော့ပါဘူးတဲ့။
ဆရာတော်ဘုရားကြီးရဲ့စကားကိုထောက်ပြီး သန္တတိအမတ်ကြီးတို့လို ဂါထာတစ်ပုဒ်ကို အကျဉ်းနာကြားပြီးတရားထူး ရနိုင်တဲ့ခေတ်ကိုကျော် လွန်ခဲ့ပြီဆိုတော့ ကြိုးကြိုးစားစားအားထုတ်နိုင်မှ တရားရနိုင်တဲ့ခေတ်ပါ။ နေယျပုဂ္ဂိုလ်ဆိုတာ အကျဉ်းအကျယ်ဟောရုံမကကြိုးကြိုးစားစား အားထုတ်မှတရားရနိုင်တဲ့ပုဂ္ဂိုလ်ပါ။ လူငယ်စကားနဲ့ပြောရင် အပြတ်အားထုတ်မှတရားရနိုင်မှာပါ။ ဒါပေမယ့် မပြတ်တပြတ်အားထုတ်နေတဲ့ သူတွေအတွက်လည်း တရားထူးမရနိုင်ပေမယ့် ကိုယ်အားထုတ်နေတဲ့ တရားတွေကတော့ နောက်ဘဝနောက်ဘဝတွေအတွက် ပါရမီတွေဖြစ်နေတော့တာပါ။
သံသရာခရီးရှည်ကြီးဆက်ရဦးမယ်ဆိုရင်တော့ ဝိပဿနာတစ်ခုတည်းနဲ့တော့ မလုံလောက်ပါဘူး။ ဒီဘဝတရားတွေအားထုတ်ခဲ့တဲ့ အထုံဓာတ်ကြောင့် နောက်ဘဝမှာလည်း ဆက်တော့ အားထုတ်နေပါရဲ့၊ ဒါနမပြုခဲ့လို့နောက်ဘဝမှာမွဲနေရင် ရိပ်သာသွားတဲ့အခါ မျက်နှာငယ်နေ ရမှာပါ။
ကိုယ့်မှာပိုက်ဆံရှိရင် ရိပ်သာသွားရင်တောင် သူများထက်ပိုဦးစားပေးခံရပါတယ်။ “လာပါလာပါ”ဆိုပြီး ရိုရိုသေသေ လေးလေးစားစား ဆက်ဆံခံရတယ်။ အခန်းကောင်းကောင်းရတယ်။ ရိပ်သာမှာလည်း ကိုယ်လှူချင်တာ ကြိုက်သလောက် လှူလို့ရတယ်စသည်ဖြင့် အခွင့်အရေးတွေက အများကြီးရယ်ပါ။
ဒါကြောင့် ပါရမီဖြည့်တဲ့နေရာမှာစုံအောင်ဖြည့်ရပါမယ်။ နောက်ဘဝဉာဏ်ကောင်းအောင်ဆိုပြီး ဉာဏ်ကောင်းကြောင်းကုသိုလ်တွေပြုခဲ့ပါရဲ့၊ ဒါနတော့မပြုခဲ့ဘူးဆိုရင် နောက်ဘဝဆယ်တန်းမှာ ဘာသာစုံဂုဏ်ထူးနဲ့အောင်ပြီး ဆေးတက္ကသိုလ်တော့ တက်ခွင့်ရပါရဲ့ ဆေးတက္ကသိုလ်တက်ဖို့ ပိုက်ဆံမရှိဘူးဆိုရင်ဘယ်လိုလုပ်မလဲ။
ဒါကြောင့် နောက်ဘဝဘာသာစုံဂုဏ်ထူးနဲ့အောင်ပြီး ပိုက်ဆံအတွက်ပူစရာမလိုဘဲ လင့်ခရူစာကားစီးပြီးကျောင်းတက်နိုင်အောင် ဒါနပါရမီလေးတွေပါ တွဲဖြည့်သွားရပါမယ်။
ဒါနဆိုလို့ ကျောင်းတွေ သိမ်တွေဆောက်လှူမှ၊ ရှင်တစ်ထောင် ရှင်တစ်သောင်းတွေပြုပေးမှ မဟုတ်ပါဘူး၊ ကိုရင်သေးသေးလေးကို ဆပ်ပြာတစ်ခဲ လှူလိုက်လည်း ဒါနပါပဲ။ စာသင်သားဘဝမှာ ဆင်းရဲကြတာများတော့ရသွားတဲ့ကိုရင်လေးမှာလည်းပျှော်သွားမှာပါ။
ဆပ်ပြာတစ်ခဲဘယ်လောက်တန်ဖိုးရှိလို့လဲ။ ဆပ်ပြာ၊ သွားတိုက်ဆေး၊ ဘော်ပင်၊ ဗလာစာအုပ် စသည်တွေဟာ စာသင်သားကိုရင်ပေါက်စတွေ အတွက် သိပ်တန်ဖိုးရှိတဲ့ ပစ္စည်းတွေပါ။
ဒီလိုပါပဲ၊ အိမ်မှာရှိတဲ့ဘုရားမှာရေချမ်းကပ်တာ၊ ပန်းကပ်တာ၊ ဆွမ်းကပ်တာ၊ ငှက်ကလေးတွေ အစာကျွေးတာ၊ ကိုယ့်မိတ်ဆွေကို ကော်ဖီ တိုက်တာစသည်တွေဟာ ဒါနတွေချည်းပါပဲ။
တရားသဘောလေးတွေအာရုံပြုနေရင်တော့ တရားသဘောတွေဖြစ်နေလို့ ကုသိုလ်ပြုရတာ လည်း ပျှော်ပျှော်ကြီးပါပဲ။
မတရားသဘောတွေအာရုံပြုနေရင်တော့ မတရားသဘောတွေချည်း ဖြစ်နေလို့ စိတ်ဆင်းရဲ စရာတွေပဲ ဖြစ်နေတော့မှာပါ။ တရားသဘောပဲ အာရုံပြုပြု၊ မတရားသဘောပဲအာရုံပြုပြု တကယ်တော့စိတ်ပါပဲ။ တကယ်လို့မတရားသဘောအာရုံပြုမိလို့ သိလိုက်တာနဲ့ “သြော်…မတရား သဘောတွေပါလား”လို့ဆင်ခြင်လိုက်ရင် တရားသဘောတွေ ပြန်ဖြစ်သွားတာပါ။ အဲဒီလို သိလိုက်နိုင် တာကိုက တော်တော်လေးတော်နေပါပြီ။ ဒီလိုပါပဲ စိတ်ကိုလေ့ကျင့်ယူရမှာပါပဲ။
လူ့ဘဝမှာ စိတ်ချမ်းသာဖို့လည်း သိပ်အရေးကြီးပါတယ်။ ချမ်းသာပြီးစိတ်ဆင်းရဲ နေပြန် ရင်လည်းနေရာမကျပါဘူး။ မတရားသဘောတွေ နှလုံးသွင်းနေလို့ကတော့ စိတ်ဆင်းရဲနေတော့မှာပါ။
တချို့တအားချမ်းသာကြပါတယ်။ ဒါပေမယ့် စိတ်မချမ်းသာကြပါဘူး။ တော်တော်များများက ကုသိုလ်ပြုကြရင်ပစ္စည်းဥစ္စာချမ်းသာဖို့ပဲ ဆုတောင်းကြတာပါ။ စိတ်ချမ်းသာဖို့ကျတော့ ဆုတောင်းသူ နည်းကြပါတယ်။ သူတစ်ပါးကိုစိတ်ဆင်းရဲအောင်လုပ်ရင် လူအများကို စိတ်ဆင်း ရဲအောင်လုပ်ရင် ကိုယ်လည်းစိတ်ဆင်းရဲရတတ်ပါတယ်။
စိတ်မချမ်းသာရင် တရားအားထုတ်တာကအစ အစဉ်မပြေပါဘူး။ စိတ်ချမ်းသာမှ တရား အားထုတ်ရတာလည်း အစဉ်ပြေတာပါ။ ဒါကြောင့် စိတ်ချမ်းသာဖို့သိပ်အရေးကြီးပါတယ်။
ဘာပဲပြောပြောမြင်ကွင်းတစ်ခုကိုကြည့်တဲ့အခါပေါ့စတစ်နဲ့ကြည့်တတ်တဲ့ အလေ့လေးကိုလေ့ကျင့်ထားဖို့ပါပဲ ။ပေါ့စတစ်နဲ့ကြည့်ဖြစ်ရင် စိတ်ချမ်းသာ ရတာပါပဲလေ။
ရဝေနွယ်(အင်းမ)
ကျမ်းကိုး
၁။ ဗောဓိပက္ခယဒီပနီ။ လယ်တီဆရာတော်။
၂။ ဓမ္မပန်ချီ(၅) သုံးမျိုးသူနာဥပမာဆောင်းပါး၊ တည်တောဆရာတော်။
၃။ ထေရီအပဒါန်ဝတ္ထုတော်ကြီး ။ အရှင်ဓမ္မဿာမီဘိဝံသ။
မေတ္တာများဖြင့်