Wednesday, October 5, 2011

တက္ကစီ


တက္ကစီ

တက္ကစီ ဆိုတဲ့ ခေါင်းစဉ်နဲ့ ရောက်လာတဲ့ အီးမေးလ် တစ်ခုမှာ အောက်ပါ ဇာတ်လမ်းလေး တစ်ပုဒ်ကို
ဖတ်ရပါတယ်။ လူအိုများအား ကိုယ်ချင်းစာ တရားရှိစေဖို့ ညွန်ပြထားတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ပါ။
တစ်ချိန်တည်းမှာပင် မိမိဘဝမှာ အချိန်ကို မည်သို့ အသုံးချနေသလဲ ဆိုတာကိုပါ အသိဝင်စေ ဆင်ခြင်
စေမဲ့ ဇာတ်လမ်းလေး တစ်ပုဒ်မို့လို့ မျှဝေ ပေးလိုက်ပါတယ်။

ကျွန်တော့် တက္ကစီကို ဘွတ်ကင်လုပ်ထားတဲ့ ခရီးသည်တစ်ယောက်ရဲ့ လိပ်စာအတိုင်း သူ့အိမ်ရှေ့ကို
အချိန်အတိအကျ ကျွန်တော်ရောက်သွားခဲ့တယ်။ ဟွန်းတီးပြီး ခေါ်ပေမဲ့ ဘယ်သူကမှ အိမ်ထဲကနေထွက်
မလာကြပါဘူး။ စောင့်နေရင်း မကြာခဏ ဟွန်းတီး ခေါ်ပေမဲ့ အိမ်ထဲမှာ လူရိပ်လူခြေတောင် မတွေ့ရတဲ့
အတွက် ကျွန်တော် လှည့်ပြန်ချင်စိတ် ပေါက်သွားခဲ့တယ်။ ဒါပေမဲ့ ဘာကြောင့်ရယ်မှန်း မသိပဲ ကျွန်တော်
ဟာ အဲဒီ အိမ်တံခါးဝက လူခေါ် ခေါင်းလောင်းကို နှိပ်မိရက်သား ဖြစ်နေခဲ့ပြီ။

“ခဏလောက် စောင့်ပါအုံး”

အင်မတန်မှ အားနည်း ဖျော့တော့ပြီး အိုစာနေတဲ့ အသံတစ်ခု အိမ်ထဲကနေ ထွက်ပေါ်လာခဲ့တယ်။
တစုံတရာကို ကြမ်းပြင်ပေါ်မှာ ဒရွတ်တိုက် ဆွဲလာတဲ့ အသံကိုလည်း တစ်ဆက်တည်း ကြားနေရပါတယ်။
တော်တော်လေး ကြာတော့မှ.. အိမ်တံခါးမကြီး ပွင့်လာတယ်။ တံခါးဝမှာတော့ အင်မတန် သေးကွေးပြီး
အသက် ကိုးဆယ်လောက် ရှိမဲ့ အဖွားအိုတစ်ဦး ရပ်လို့..။

လွန်ခဲ့တဲ့ ၁၉၄၀လောက်တုန်းက ရုပ်ရှင်တွေထဲမှာ တွေ့ရတဲ့ ဦးထုပ်နဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထား
တဲ့  သူမအသွင်ဟာ အင်မတန်မှကို ရှေးကျလွန်းလှတယ်။ သူမရဲ့ဘေးမှာတော့ နိုင်လွန်နဲ့ ချုပ်ထားတဲ့
ခရီးဆောင် အိတ်လေး တစ်လုံး….။

အိမ်ကို ကြည့်ရတာ နှစ်ပေါင်းများစွာ လူနေတဲ့ဟန်လဲ မရှိပါဘူး..။ အိမ်ထောင်ပရိဘောဂတွေ အားလုံးကို
ပိတ်ဖြူစတွေနဲ့ လွှမ်းအုပ်ထားတယ်။ နံရံတွေမှာလဲ နာရီနဲ့တူတာဆိုလို့ ဘာတစ်ခုမှ မရှိဘူး။ အလှပြပစ္စည်း
တွေ ထားတဲ့ နေရာမှာလဲ ဘာတစ်ခုမှ တန်ဆာ ဆင်ထားတာ မတွေ့ရဘူး။ အိမ်သုံး ပစ္စည်းတွေ၊ မီးဖိုသုံး
ပစ္စည်းတွေတောင် ဘာတစ်ခုမှ ရှိပုံ မရပါဘူး..။ အခန်းထောင့် တစ်နေရာမှာတော့ ဓာတ်ပုံတွေရယ်..၊
ဖန်ထည်ပစ္စည်းတွေရယ်ကို ပုံးလွတ်တစ်ခုထဲ စုပြုံ ထည့်ထားတာ တွေ့ရတယ်။

“အဖွားရဲ့ အိတ်ကို သယ်ပေးနိုင်မလား”

အဖွားအိုရဲ့ အသံကို ကြားမှ ကျွန်တော်လဲ စပ်စပ်စုစု ကြည့်နေမိတာကို သတိရပြီး ကပျာကရာ သူ့အိတ်
ကိုကားထဲ အပြေး သွားထားလိုက်ရတယ်။ နောက်တော့ ….  အဖွားအိုကို တွဲကူဖို့ ပြန်လာခဲ့တယ်။
အဖွားအိုက ကျွန်တော့် လက်မောင်းကို ဆွဲကိုင်ပြီး ကျွန်တော့် တက္ကစီ ရပ်ထားရာကို ဖြည်းဖြည်းချင်း
လျှောက် လာခဲ့တယ်။ ကားဆီ သွားရာ လမ်းတစ်လျှောက်လုံး အဖွားအိုက သူ့အပေါ် ကြင်နာတဲ့အတွက်
ကျွန်တော့်ကို ကျေးဇူးတင်စကားတွေ တဖွဖွ ပြောလာခဲ့ပါတယ်။

“ဒါ .. ဘာမှ မဖြစ်စလောက်လေးပါ အဖွားရယ်”

“ကျွန်တော့် အမေ၊ ကျွန်တော့် မိသားစုဝင်တွေကို ပြုစုစောင့်ရှောက် သလိုမျိုး .. ခရီးသည်တွေကို
ဆက်ဆံတာဟာ ကျွန်တော့်အကျင့် ဖြစ်နေပါပြီ”

“အို….. လိမ္မာလိုက်တဲ့ လူလေးရယ်”

အဖွားအိုက ကျွန်တော့်လက်မောင်းကို တင်းတင်းဆုပ်ကိုင်ရင်း ကျေကျေနပ်နပ် ရေရွတ်လိုက်တယ်။
ကျွန်တော့်ကားထဲမှာ အဖွားအိုကို နေရာချထားပြီး နောက်တော့ သူမက လိပ်စာတစ်ခု ကျွန်တော့ကို
ပေးတယ်။

“မြို့ထဲကနေ ပတ်ပြီး မောင်းပေးပါလား လူလေးရယ်” လို့လဲ  တောင်းတောင်းပန်ပန်  လေသံနဲ့
ပြောနေပါတယ်။

“အဲတာဆို လမ်းကြောရှည်သွားမှာပေါ့ အဖွားရဲ့၊ အဖွား သွားချင်တဲ့နေရာကို ဘယ် မြန်မြန် ရောက်
နိုင်ပါ့ မလဲ”

အဲဒီလို ခပ်သွက်သွက် ကျွန်တော် ပြန်ဖြေလိုက်တော့ အဖွားအိုက သက်ပြင်း တစ်ချက်ကို ခပ်လေး
လေးချရင်းအဝေးတစ်နေရာကို ငေးကြည့်ပြီး ပြောတယ်..။

“အဖွားက လူအိုရုံကို သွားရမှာလေ လူလေးရဲ့…။ အဲဒီတော့ အဖွား အလျဉ်လိုစရာကိစ္စ ဘာမှ မရှိပါ
ဘူးကွယ်…”

နောက်ကြည့်မှန်ကနေ တဆင့် အဖွားအိုကို ကျွန်တော် လှမ်းကြည့်မိတော့  အဖွားအိုရဲ့ မျက်လုံး
ထဲမှာ  နာကျင်ဝမ်းနည်းရိပ်တွေကို တွေ့မြင်နေရတယ်..

“အဖွားမှာ မိသားစုလဲ မရှိတော့ဘူး..။ ဆရာဝန်ကလဲ အဖွားကို အချိန်သိပ် မကျန်တော့ဘူး.. လို့
နောက်ဆုံးစကားပြောထားခဲ့ပြီးပြီ…”

ကြေကြေကွဲကွဲ ပြောနေတဲ့ အဖွားအိုရဲ့ စကားသံ အဆုံးမှာ ကားထဲက မီတာဖတ်တဲ့ စက်ကလေးကို
ကျွန်တော် ပိတ်ပလိုက်တယ်…။

“ဒါဆိုရင်လဲ အဖွား ဘယ်လမ်းမကြီးအတိုင်း သွားချင်ပါသလဲ ခင်ဗျာ…”

နောက်နှစ်နာရီလုံးလုံး အဖွားအို သွားချင်တဲ့ နေရာမှန်သမျှ.. လမ်းမှန်သမျှကို ကျွန်တော် ကားမောင်း
ပို့ခဲ့ပါတယ်…။ 

သူမ ယခင်က ဓာတ်လှေကား ထိန်းချုပ်ရေးမှူးအဖြစ် အလုပ်လုပ်ခဲ့တဲ့ အဆောက်အဦးကိုလည်း
ပြတယ်။

သူမတို့ လက်ထပ်ပြီးကာစမှာ သူမနဲ့ သူမအမျိုးသား နေထိုင်ခဲ့ဖူးတဲ့ ရပ်ကွက်ကိုလဲ လိုက်ပြတယ်။

ဂိုဒေါင်ကြီး တစ်ခုဆီ ကားကို မောင်းပို့ခိုင်းပြီး.. အဲဒီ အဆောက်အဦးဟာ သူမ ငယ်ငယ်တုန်းက..
အကသင်တန်းကျောင်း ဖြစ်ခဲ့တာတွေရယ်.. အကသင်တန်းတက်ရင်း ပျော်မြူးခဲ့တဲ့ ခလေးမလေးဘဝ
ရယ်.. ကို ပြောပြနေပြန်တယ်..။

တစ်ခါတစ်ခါမှာတော့ အဖွားအိုဟာ သာမာန် မထူးခြားတဲ့ အဆောင်အဦးရှေ့မှာ.. ဒါမှ မဟုတ် လမ်းချိုး
လမ်းကွေ့လေး တစ်ခုရှေ့မှာ ကားကို ဖြည်းဖြည်း မောင်းခိုင်းချင် မောင်းခိုင်းမယ်..။  ဒါမှ မဟုတ် ခဏ
ရပ်ခိုင်းချင် ရပ်ခိုင်းမယ်…။  ပြီးရင်.. ဘာစကားမှ မပြောပဲ အမှောင်ထဲကို လှမ်းကြည့်နေတဲ့ မျက်လုံး
တွေနဲ့ ငေးမော နှုတ်ဆိတ်နေပြန်တယ်…။

နေလုံးကြီးက အနောက်ဘက်မှာ မေးတင်နေခဲ့ပြီး ညနေဆည်းဆာချိန်ကို ရောက်လာတော့မှ အဖွား
အိုက..
“အဖွား ပင်ပန်းနေပြီကွယ်.. အဖွားသွားမဲ့ နေရာကို ပို့ပေးလို့ ရပါပြီ” လို့ ရုတ်တရက် ပြောလိုက်တယ်..။

အဖွားအို ပေးထားတဲ့ လိပ်စာအတိုင်း ကားကို ဦးတည်မောင်းနှင်နေရင်း ကျွန်တော်တို့ နှစ်ယောက်လုံး
ဘာစကားမှ မပြောဖြစ်ကြတော့ပဲ တိတ်ဆိတ်နေခဲ့ကြတယ်..။

အဖွားအိုရဲ့ လိပ်စာဟာ ကျယ်ဝန်းလှတဲ့ တစ်ထပ်တိုက် ပုပုလေး ရှိတဲ့ ခြံကျယ်ထဲမှာ အဆုံးသတ်တယ်..။
နေရာလေးက ကျန်းမာရေး ပြုစုစောင့်ရှောက်ဖို့ လိုအပ်နေတဲ့ ဘိုးဘွားရိပ်သာလေးနဲ့ မတူပဲ အေးငြိမ်း
ချမ်းမြပြီး သာသာယာယာ ရှိတာကို ခြံဝင်းထဲ ကားမောင်းဝင်သွားရင်း ကျွန်တော် သတိထားမိတယ်..။

ကားကို ပေါ်တီကိုအောက်မှာ ရပ်လိုက်တဲ့ အချိန်.. အဆောက်အဦးထဲက အမျိုးသမီးနှစ်ဦး ထွက်လာပြီး
အဖွားအိုကို ဆီးကြိုကြတယ်..။  နှစ်ယောက်လုံးဟာ အဖွားအိုကို အရိပ်တကြည့်ကြည့်နဲ့ ကြင်နာ ဖေးမ
ကြပြီး.. ရောက်သင့်ချိန်မှာ မရောက်လာတဲ့အတွက် စိတ်ပူပန် စိုးရိမ်နေကြဟန်ကိုလဲ တွေ့ရပါတယ်..။

ကားနောက်ဖုံးက  ခရီးဆောင်အိတ်ကိုယူပြီး  ကျွန်တော်  အပေါက်ဝနားရောက်ချိန်မှာ  အဖွားအိုက
ဧည့်ကြို ခန်းမထဲက စက်တပ်ဘီးကုလားထိုင်ပေါ်မှာ  ရောက်နေခဲ့ပြီ..။

”လူလေးကို တက္ကစီခ   အဖွား ဘယ်လောက်ပေးရမလဲ….”
အဖွားအိုက သူ့ ပိုက်ဆံအိပ်ကလေးကို ဖွင့်ရင်း ကျွန်တော့်ကို မေးတယ်..။

“ဘယ်လောက်မှ  မပေးပါနဲ့ အဖွားရယ်..”

“အို.. မဟုတ်တာ..၊  လူလေးမှာ  စားဝတ်နေရေးက ရှိသေးတယ်လေကွယ်….”

“တခြား ခရီးသည်တွေ ဆီက  ကျွန်တော် ယူမှာပေါ့ အဖွားရဲ့”

ကျွန်တော်က ရယ်မောပစ်လိုက်ရင်း အဖွားအိုကို ပြောလိုက်တယ်..။

နောက်တော့ ကြိုတင်ရည်ရွယ် မထားပါပဲ အဖွားအိုကို ကျွန်တော် နွေးနွေးထွေးထွေး
ပွေ့ဖက်မိသွားတယ်..။ 
အဖွားအိုကလဲ ကျွန်တော့်ကို တင်းတင်းကျပ်ကျပ် ပြန်ဖက်လို့ထားတယ်..။

“အင်မတန် ကြည်နူးချမ်းမြေ့ဖို့ ကောင်းတဲ့ နေ့တစ်နေ့ကို လူလေးက အဖွားကြီး တစ်ယောက်
အတွက် ပေးခဲ့ပြီ”
ကျွန်တော့်ကျောပြင်ကို ဖွဖွလေး ပုတ်ရင်း အဖွားအိုက ခပ်တိုးတိုး ပြောတယ်..။

“လူလေးကို သိပ်ကျေးဇူးတင်ပါတယ်.. သေသည်အထိ အဖွား ဒီနေ့လေးကို အမှတ်ရနေမှာပါ”

အဖွားအိုရဲ့ လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်ပြီး ကျွန်တော် ပြုံးပြလိုက်တယ်..။ နောက်တော့ မှောင်ရီစပြု
နေတဲ့ ညခင်းထဲ တိုးထွက်လာခဲ့ပါတယ်..။

အပြင်ရောက်တော့ ကျွန်တော့် နောက်ကျောဖက်ကနေ တံခါးပိတ်သံတိုးတိုးကို ကြားလိုက်ရတယ်..။

အလို…. အဲဒီ အသံဟာ.. ဘဝတစ်ခုကို ပိတ်ပစ်လိုက်တဲ့ အသံလေလား……။

ဘယ်ခရီးသည်ကိုမှ မတင်တော့ပဲ ကားကို ဦးတည်ရာမဲ့ မောင်းနေရင်း အတွေးတွေထဲ ကျွန်တော်
လွင့်မျောနေမိတယ်..။ အချိန်အတိုင်းအတာ တစ်ခုထိ ကျွန်တော် ဘယ်သူနဲ့မှ စကား ပြောနိုင်မှာ
မဟုတ်တော့ဘူး ဆိုတာလဲ ကိုယ့်ဘာသာ သိနေတယ်.. ။

တကယ်လို့များ အဖွားအိုဟာ.. ဒေါသကြီးတတ်..၊ စိတ်မရှည်တတ်တဲ့ တက္ကစီမောင်းသူနဲ့ တွေ့များ
တွေ့ခဲ့ရင်..။ တကယ်လို့များ ကျွန်တော်က  ဟွန်း တစ်ခါ နှစ်ခါလောက်ပဲ တီးပြီး အဖွားအိုရဲ့ အိမ်တံခါး
ကို သွားမခေါက်ပဲ လှည့်ပြန်သွားခဲ့ရင်…။

ဖြတ်ခနဲ ကျွန်တော် စဉ်းစားမိတာက.. ကျွန်တော်ဟာ ကျွန်တော့်ဘဝအတွက် လုပ်သင့်လုပ်ထိုက်တာ
တွေကို မလုပ်ရသေးဘူး…။

ကျွန်တော်တို့ရဲ့ ဘဝတွေဟာ အင်မတန် ကြီးကျယ်မြင့်မြတ် ခမ်းနားတဲ့ အချိန်တွေရှိမှန်း သိဖို့ အခြေ
အနေတွေ အများကြီး ရှိပါတယ်..။  ဒါပေမဲ့ အဲဒီ ခမ်းနားတဲ့ အချိန်တွေကို ကျွန်တော်တို့က မသိလိုက်
မသိဖာသာ ဖြတ်သန်းချင် ဖြတ်သန်း သွားမိတတ်ကြတယ်..။ တစ်ချို့ကျပြန်တော့ လှလှပပ ထုပ်ပိုး
ထားတဲ့ အသေးအမွှား ပစ္စည်းလေး တစ်ခုလိုပဲ ဖြစ်နေပါလိမ့်မယ်..။

လူတွေက ကျွန်တော်တို့ ဘာလုပ်ခဲ့တယ်.. ဘာပြောခဲ့တယ်ဆိုတာကို အမှတ်ရချင်မှ ရမယ်..။
ဒါပေမဲ့ ကျွန်တော်တို့က သူတို့ကို ဘာတွေခံစားစေခဲ့လဲ ဆိုတာတော့ အမြဲ အမှတ်ရကြပါလိမ့်မယ်..။

ဘဝဆိုတာ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ ပျော်ရွှင်စရာ ဇာတ်ခုံတစ်ခု ဖြစ်ချင်မှ ဖြစ်နိုင်လိမ့်မယ်..။
သို့သော်… ကျွန်တော်တို့ အားလုံးဟာ
အဲဒီ ဇာတ်ခုံပေါ်မှာ ကျရာနေရာကနေ ပါဝင် ကပြနေရအုံးမှာပါ….။

အမှာ။  ။ အီးမေးမှ ရသည့်အတိုင်း တင်ပြလိုက်ပါတယ်။ စာရေးသူအမည်မပါ၍ မဖေါ်ပြနိုင်သည်ကို

            ခွင့်လွှတ်စေလိုပါတယ်။ စာရေးသူကိုယ်တိုင် ဒီဆိုက်မှာ ဖတ်မိခဲ့ရင်လည်း  ခွင့်လွှတ်နိုင်

            လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မေတ္တာဖြင့်

မြတ်ပဋ္ဌာန်း

www.ashinayethaka.com