Monday, October 24, 2011

သူ့အရပ်နှင့် သူ့ဇာတ် အပိုင်း(၃)

 
“သံသရာနဲ့ နိဗ္ဗာန်လမ်းဆုံး”

ဒီဣနြေ္ဒ(၆)ပါးတို့ဟာ သံသရာနဲ့ နိဗ္ဗာန်၊ (သို့မဟုတ်) အစွန်း(၂)ပါးနဲ့ မဇ္ဈိမ ပဋိပဒါတို့ရဲ့ လမ်းဆုံဖြစ်တယ် ဆိုတဲ့  အကြောင်းကို နည်းနည်း ဆင်ခြင်  ကြည့်ကြရအောင်ပါ။

သတ္တဝါတို့ရဲ့ သံသရာ ခရီးဆိုတာ အဝိဇ္ဇာနဲ့တဏှာဆိုတဲ့ မသိမှုနဲ့ လိုချင်တပ်မက်မှုတို့ ဦးဆောင်ပြီး စခဲ့ကြ တာဖြစ်လို့ ဒီမသိမှု အဝိဇ္ဇာနဲ့ တပ်မက်မှု တဏှာတို့ဟာ သတ္တဝါတို့ရဲ့ သံသရာ ခရီးဖေါ် မိတ်ဟောင်း ဆွေဟောင်းကြီးတွေပါ၊ ရင်းနှီးလွန်း အားကြီးလို့ ဒီခန္ဓာကြီးရဲ့ အိမ်ရှင်တွေ လိုတောင် ဖြစ်နေကြပါပြီ။


အထက်မှာ ပြောခဲ့သလိုပဲ ဣနြေ္ဒ(၆)ပါးတို့မှာ သတိတရား အသိတရားဆိုတဲ့ အစောင့်အရှောက်များ လစ်သွားလိုက်တာနဲ့ တစ်ပြိုင်နက် ခန္ဓာရဲ့ အိမ်ရှင်များလိုဖြစ်နေကြတဲ့ အဝိဇ္ဇာတဏှာတို့က သတ္တဝါတို့ရဲ့ စိတ်အစဉ်ကို အချိန်မရွေးလာရောက် ပူးပေါင်း နေပါတယ်၊ ဒီလိုအခြေအနေမှာ အဝိဇ္ဇာတဏှာတို့နဲ့ ဣနြေ္ဒ(၆)ပါးတို့ တွဲမိသွားပြီး မျက်စိကလည်း အပိတ်အပင် အတားအဆီးမရှိ အဆင်းအာရုံ တွေကို မရအရ ရှာတော့တာပါပဲ၊ နား၊ နှာ၊ လျှာ၊ ကိုယ်တို့ကလည်း အလားတူ အားကျမခံဆိုသလို ဆိုင်ရာအာရုံတွေကိုအငမ်းမရ ရှာကြပါတော့တယ်။ လူတွေ လူပေါင်းမှားလို့ ဒုက္ခရောက်ကြသလို ဣနြေ္ဒ(၆)ပါးတို့ တရားပေါင်းမှားပြီး ဒုက္ခရောက်ကြရတာပါပဲ။


ဒီလိုနဲ့ပဲ သတ္တဝါအများစုတို့ဟာ “အာရုံငါးပါး ကာမဂုဏ်တရားတွေကို များများပိုင်ဆိုင်ပြီး  များများကြီးခံစားနိုင်ခြင်းဟာ  လောကမှာ ချမ်းသာခြင်းဖြစ်တယ်”ဆိုတဲ့  တစ်ဘက်စွန်းရောက် အတွေးမှား အမြင်မှားတွေကို လက်ခံကျင့်သုံးကြသူတွေ ဖြစ်လာကြပါတော့တယ်၊ အဲဒီအတွေးအမြင်မှားကြီးကို “ကာမသုခလ္လိကာနုယောဂ = ကာမချမ်းသာ ငမ်းငမ်းတက်ရှာဖွေအားထုတ်မှု” အစွန်းတရားလို့ သတ်မှတ်ပါတယ်၊ ဒွါရ(၆)ခု တို့ကို အစောင့်အရှောက်မရှိ ဟင်းလင်းဖွင့် ထားမှုကြောင့် ဖြစ်ပေါ်လာတဲ့ အစွန်းတရားပါ။ ဓမ္မစကြာမှာ...

“ဟီနော ဂါမ္မော = ယုတ်နိမ့်ကြမ်းတမ်းတယ်”လို့ဆိုထားတဲ့အတိုင်း ယုတ်နိမ့်တဲ့အစွန်းတရားဖြစ်လို့ လက်ဝဲစွန်းလို့လည်း ခေါ်ကြပါတယ်၊

ဒီလိုပုဂ္ဂိုလ်များဟာ အိမ်ယာတည်ထောင်ပြီးနေကြလို့ “သာဂါရိက = အိမ်ရာတည်ထောင်နေကြသူများ”လို့ ခေါ်ပါတယ်။


အာရုံငါးပါး ကာမဂုဏ်တရားတို့ ဆိုတာကလည်း “ကာမငါးထွေ၊ ဆားငံရေသို့၊ သောက်လေသောက်လေ၊ ငတ်မပြေတည့်”  ဆိုတဲ့အတိုင်း လိုချင်မှုတဏှာကို ပြည့်စေတယ်ရယ်လို့မရှိဘူး၊ ပိုပြီးကျယ်ပြန့်စေတဲ့ သဘောပဲရှိ ပါတယ်၊ ဒါကြောင့်လဲ ဒီလက်ဝဲစွန်းသမားအများစုကြီးဟာ လိုချင်မှုအားကြီးသလောက် ရှာဖွေ၊ ရှာဖွေလို့ ရသလောက် စွဲလမ်းမှုတွေ ပြင်းထန်ဆိုတာ ဖြစ်လာကြပြီး ကြာလာတော့ “အစွဲနာ အခွာခက်” ဆိုတဲ့ အခြေအနေမျိုးရောက်သွားကြပါတယ်။


သင်္ခါရနယ်ပယ်ဆိုတာ သက်ရှိရော သက်မဲ့ရော ဘယ်သင်္ခါရမှ အမြဲတည်နေရရိုး ထုံးစံမရှိလေတော့ ပိုင်ဆိုင်သူနဲ့ ပိုင်ဆိုင်စရာ ပစ္စည်းဝတ္ထု (အာရုံငါးပါး)တို့ဆိုတာလည်း သေကွဲရှင်ကွဲ တစ်ကွဲကွဲနဲ့ခွဲခွာ ကွဲကွာရမြဲဖြစ်ပါတယ်၊ ဒီလိုခွဲခွာရတဲ့ အခြေအနေနဲ့ ကြုံတဲ့ အခါမှာတော့ များများ ပိုင်ဆိုင်ထားသူက များများကြီးအစွဲနာထားတဲ့အတွက် အခွာရခက်လာပါတယ်၊ သဘာဝအရ ဆိုရင်တော့ အချိန်တန်လို့ ကွာကျတဲ့သဘောပါ၊ ဒါပေမယ့် အစွဲနာထားသူက ကွာကျတာကို သတိရှိရှိနဲ့ အလိုက်အထိုက် လက်မခံနိုင်တဲ့အတွက် သဘာဝအရကွာကျ ခြင်းဟာ သူ့အတွက် ခွာချသလို ခံစားရပါတော့တယ်။  “ဒုက္ခ” ဆိုတာ ဒါကိုပြောတာပါပဲ။


သင်္ခါရနယ်သားတိုင်း ဒီလိုဒုက္ခနဲ့အမြဲကြုံတွေ့ခံစားနေရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး၊ သဘာဝ အတိုင်း ကွာကျချိန်မှာ “ဒါဟာ သဘာဝ နိယာမတရားပဲ”လို့ အသိရှိရှိနဲ့ လက်ခံနိုင်သူများအတွက် ကွာကျခြင်းဟာ ကွာကျခြင်းသာဖြစ်ပါ တယ်။ ဒုက္ခလည်း မဟုတ်သလို သုခလည်း မဟုတ်ပါဘူး၊ သဘာဝတရားပါ။ အဲ .. ကွာကျတာကို လက်မခံနိုင်ဘဲ စွဲလန်းမြဲ စွဲလန်း နေသူများအတွက်တော့  ကွာကျခြင်းဟာ ခွာချခြင်းလို    ဖြစ်သွားပါတယ်၊ အဲဒီအခါမှာ သဘာဝတရားဟာလည်း ဒုက္ခတရားဆိုတဲ့ အဓိပ္ပာယ်ကိုဆောင်လာပါတယ်၊


ဓမ္မစကြာမှာ ဘုရားရှင်ဟောတော်မူတဲ့ “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ = လိုရင်း အကျဉ်းချုပ်ကတော့ ဥပါဒါန်အစွဲပြင်းနေတဲ့ခန္ခာငါးပါးဟာ ဒုက္ခပါပဲ” ဆိုတဲ့ ဒေသနာတော်ဟာ ဒီသဘောကိုရည်ညွှန်းတာပါ၊ အဘိဓမ္မာဒုက္ခဖြစ်လို့ စေ့စေ့တွေးမှ ရေးရေးပေါ်မှာပါ၊ ဖြေးဖြေး ချင်း တွေးကြည့်ပါ၊ တရေးရေး ပေါ်လာပါလိမ့်မယ်။


“အာရုံငါးပါး ကာမဂုဏ်တရားတွေ များများပိုင်လေ ချမ်းသာလေ” လို့ ခံယူထားကြသူတို့ဟာ နောက်ဆုံးတော့ များများပိုင်လေများများ စွဲလေ၊ များများစွဲလေ များများ အခွာခံရလေဖြစ်ပြီး ပျော်ရွှင်မှုအတွက် ကြိုးစားရှာဖွေထားသမျှ အရာတွေဟာ ဝမ်းနည်းပူဆွေး ငိုကြွေးစရာတွေ အဖြစ်နဲ့ နိဂုံးချုပ် သွားကြရပါတယ်။ ဒီဖြစ်ရပ်တွေကို တွေ့မြင်ဆင်ခြင်မိပြီး အယူအဆသစ်တစ်ခု ပေါ်ပေါက်လာပါတယ်။


အဲဒါကတော့ “အာရုံငါးပါး ကာမဂုဏ်တရားတွေဆိုတာ လုံးဝမရှိမှ ချမ်းသာမယ်၊ ဒီတရားတွေဟာ ဝေးမှအေးမည့် တရားတွေဖြစ်တယ်။

ဒါကြောင့် မျက်စိ၊ နား၊ နှာ၊လျှာ ကိုယ်တို့ကို လုံးဝအလိုမလိုက်နဲ့၊ သူတို့အလိုကျ အာရုံတွေကို လုံးဝ၀င်ခွင့်မပြုခြင်းသာ အကောင်းဆုံး” ဆိုတဲ့ အယူအဆပါပဲ။


ဒီလိုခံယူကြသူတို့ဟာ အာရုံငါးပါး ကာမဂုဏ် တရားတွေကို ရှာဖွေခံစားတဲ့ လူ့ရပ်လူ့ရွာကို စွန့်ခွာပြီး တောရပ်တောင်ကြားစတဲ့ ရပ်ရွာနဲ့ ဝေးတဲ့ ဒေသတွေမှာပဲ (အိမ်ရာတည်ထောင်ခြင်း၊ အိုးအိမ် အဆောက်အဦ အခိုင်အမာဆောက်လုပ်နေထိုင်ခြင်းစတဲ့) လူ့ကိစ္စတွေ၊ လူနေမှု စနစ်တွေကို အားလုံးဆန့်ကျင် နေထိုင်ကြပါတယ်။ ဒါကြောင့် သူတို့ကို “အနာဂါရိက = အိမ်ရာမထောင်သူများ” လို့သတ်မှတ်ကြပါတယ်။


သူတို့ရဲ့ အဓိက အလုပ်ကတော့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်တို့ကို ချုပ်ချယ်နိုင်သမျှ ချုပ်ချယ်ရေးပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အဆင်းကြည့် လိုစိတ်၊ အသံကြားလိုစိတ်စတဲ့ အလိုဆန္ဒတွေ ဖြစ်ပေါ်ချိန်ကို မရအောင်စွမ်းနိုင်သမျှ အားထုတ်ကြပါတယ်၊ စောစောပိုင်း  ကျင့်စဉ်များကတော့ ချမ်းလျှင်ရေငုပ်၊ ပူလျှင်မီးလှုံ၊ အားလျှင်တုံးခုန်၊ မောလျှင်ဇယ်ခပ် ဆိုတာမျိုးတွေလဲ ရှိပါလိမ့်မယ်၊ “ရသေ့စိတ်ဖြေ” ဆိုသလို ဘာအကျိုးမှမရှိဘဲ အလုပ်မရှိ အလုပ်ရှာပြီး သစ်တုံးလေးတွေ၊ ဇယ်ကလေးတွေကို ဟိုရွှေ့ ဒီရွှေ့နဲ့ အချိန်ဖြုန်းရင်း စိတ်ကို အာရုံတစ်ပါးဆီ မသွားအောင် ထိန်းချုပ်တဲ့ နည်းတွေပါပဲ၊ ဒီအတွေးအမြင်မှား၊ အကျင့်မှားကြီးကတော့ ခန္ဓာကိုယ်ပင်ပန်း ဆင်းရဲရုံကလွဲလို့ ဘာကောင်းကျိုးမျှ မရတဲ့အတွက် “အတ္တကိလမထာနုယောဂ = ခန္ဓာကိုယ်ပင်ပန်းအောင် အားထုတ်မှု” အစွန်းတရားလို့ သတ်မှတ်ပါတယ်။


ဘယ်လောက်ပဲ အပြင်ဗဟိဒ္ဓအာရုံတွေအပေါ် တွယ်တာစွဲလန်းမှုနည်းအောင် ကြိုးစားနေနေ၊ အပြင် အာရုံစွဲ(ကာမုပါဒါန်)ထက် ပြင်းထန်တဲ့ အစွဲများဖြစ်တဲ့ အယူဝါဒစွဲ(ဒိဋ္ဌုပါဒါန်) “ငါ”လို့ ပြောစရာဖြစ်တဲ့ ဒီခန္ဓာကိုယ်ကြီးကို စွဲတဲ့အစွဲ (အတ္တဝါဒုပါဒါန်)တွေက ပြင်းထန်မြဲ ပြင်းထန် နေဆဲပဲဖြစ်လို့ အတ္တကိလမထသမားတွေလဲ နောက်ဆုံးတော့ အစွဲနာ အခွာခက်တဲ့ ဒုက္ခနဲ့ပဲ ဘဝတစ်ခုကို နှုတ်ဆက်နိဂုံးချုပ်ကြရတာပါပဲ။


ဒီအစွန်းရောက်သူ နှစ်မျိုးနှစ်စားတို့ဟာ ကျင့်သုံးအားထုတ်မှုအရ ကြည့်ရင်တော့ ဖြောင့်ဖြောင့်ဆန့်ကျင်တဲ့ သဘောဆောင် ပါတယ်၊ တစ်ခုက အာရုံငါးပါးတို့အပေါ် အချစ်ကြီးလွန်းတယ်၊ တစ်ခုက အမုန်းကြီးလွန်းတယ်၊ အချစ်ကြီးပြီး အရရှာသူတွေက အကျပ်ဘေးဆိုက်ကြရတယ်၊ အမုန်းကြီးပြီး ဇွတ်အတင်း ရှောင်ကြသူတွေက အငတ်ဘေးဆိုက်ကြတယ်။ ကျပ်တာနဲ့ငတ်တာပဲ ကွာတယ်၊


ဒုက္ခနဲ့ဇာတ်သိမ်းရတာချင်း ကတော့ အတူတူပါပဲ။ ဒါကြောင့်လဲ ဓမ္မစကြာနိဒါန်းမှာ အစွန်း(၂)ပါးလုံးကို “ဒုက္ခော အနရိယော=အရိယာ တို့ရဲ့ကျင့်စဉ် မဟုတ်တဲ့ ဆင်းရဲလမ်းတွေ”လို့ မှတ်ချက်ချခဲ့တာပါ။


လုပ်ရပ်ချင်းဆန့်ကျင်ပြီး အဆုံးသတ်ချင်းကျတော့ ဘာဖြစ်လို့ တူညီနေရသလဲ။ ဒါဟာ စဉ်းစားသင့်တဲ့အချက်ပါ။ အကြောင်း ကတော့ “အခြေခံတရားချင်းတူနေကြလို့” လို့ပဲ ဆိုရပါလိမ့်မယ်၊ အာရုံကိုအချစ်ကြီးသူတွေကလည်း “ငါ”  ကြိုက်လို့ပဲ၊ အမုန်းကြီးသူတို့ကလည်း “ငါ” မကြိုက်လို့ ဘဲ၊ ကြိုက်တာနဲ့ မကြိုက်တာပဲ ကွဲတယ်၊ “ငါ”ကို အခြေခံကြတာချင်းက တူနေကြပါတယ်။ အစွဲအားလုံးထဲမှာ အပြင်းထန်ဆုံးအစွဲက အဲဒီ “ငါ” လို့ထင်မှတ်နေတဲ့အစွဲ (အတ္တဝါဒုပါဒါန်)ပဲ ဖြစ်ပါတယ်၊ အပြင်းထန်ဆုံးအစွဲကို အခြေခံကြတာချင်းလည်းတူညီကြပါတယ်။


နောက်ထပ်တူညီတဲ့ အခြေခံတစ်ခုကလည်း ရှိသေးတယ်၊ အဲဒါကတော့ အာရုံကို အချစ်ကြီးသူများဆိုတာလဲ “စက္ခု”စတဲ့ ရုပ်ဣနြေ္ဒ(၅)ခုကိုပဲ အခြေခံပြီး ကျင့်သုံးပါတယ်၊ မျက်စိအကြိုက်၊  နားအကြိုက်စသည်ကို အလိုလိုက် အကြိုက်ဆောင်ပေးကြတာပဲမဟုတ်လား။ အာရုံကို အမုန်းကြီးသူ များကလဲ ဒီ“စက္ခု” စတဲ့ ဣနြေ္ဒ(၅)ပါးကိုပဲ အခြေခံပြီးကျင့်သုံးတာပါပဲ၊ မျက်စိအကြိုက်၊  နာအကြိုက်စသည်ကို လုံးဝအလိုမလိုက်၊ အကြိုက်မဆောင် ဘဲ “ ပြောင်တိုက်ငြင်းဆန်၊ အတင်းကန်၍၊ တွန်းလှန်ဖယ်ရှား” ဆိုသလို မျက်စိ၊ နား၊  နှာ၊ လျှာ၊ ကိုယ်တို့နဲ့ အဆင်း၊  အသံ၊  အနံ့၊  အရသာ၊ အတွေ့အထိတို့ကို ဆုံတွေ့ခွင့်မရအောင် ဇွတ်အတင်း ပိတ်ပင်ပြီး


ကျင့်သုံးကြတာပါပဲ၊ ဒါကြောင့် ရုပ်ဣနြေ္ဒ(၅)ခု ပေါ်မှာသာ အခြေခံပြီး ဆုံးဖြတ်လုပ်ကိုင် ကြတာချင်းလဲ တူညီကြပါတယ်၊ ဒီလိုအခြေခံ တရားတွေချင်း တူညီကြတဲ့အတွက် အဆုံးသတ် အဖြေချင်းလည်း တူညီကြတယ်လို့ ဆိုရပါလိမ့်မယ်။


ဒါဟာ သာသနာပကာလ တစ်လျှောက်လုံး ကြုံတွေ့ကြရတဲ့ မှားယွင်းမှုများပါပဲ။ အထူးသိထားသင့်တာကတော့ ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ ရနိုင်သမျှ ဣနြေ္ဒ(၂၁)ခုစီ ရှိကြပါတယ်။ (ဣတ္ထိဘာဝ၊ ပုမ္ဘာဝတို့က(၁)ခုစီသာရနိုင်လို့ပါ။) အဲဒီအထဲမှာ စက္ခုစတဲ့ ရုပ်ကြည်ဣနြေ္ဒ(၅)ခုတို့က ရုပ်စွမ်းအားတွေ ဖြစ်ပါတယ်။


ဣနြေ္ဒတွေထဲမှာ ရုပ်စွမ်းအားဖြစ်တဲ့ ဣနြေ္ဒတွေရှိသလို နာမ်စွမ်းအားအဖြစ်နဲ့လည်း သဒ္ဓိနြေ္ဒစတဲ့ ဣနြေ္ဒ(၅)ပါးတို့ ရှိကြပါသေးတယ်။ ဒီနာမ်စွမ်းအား ဣနြေ္ဒတွေဆိုတာကိုတော့ သဗ္ဗညုဘုရားရှင်တို့ ပွင့်တော်မူတဲ့ သာသနာတွင်း ကာလမျိုးမှာသာ သိခွင့်ရကြတာပါ၊


ဒါတောင်တချို့ဆိုရင် ရွှေအိုးမြှုပ်ထားမှန်းသိပေမယ့် တူးဖေါ်သုံးစွဲရကောင်းမှန်း မသိသလို သဒ္ဓိနြေ္ဒစတဲ့ ရတနာထိုက်တဲ့ ဣနြေ္ဒတွေရှိတယ်လို့ သိရသည့်တိုင်အောင် တူးဖော်သုံးစွဲမှု မပြုကြသူတွေလည်း အများကြီးပဲရှိပါတယ်။

 ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

မှတ်ချက်။  ဆက်လက်ဖေါ်ပြပေးသွားပါမည်။

မေတ္တာများဖြင့်