Saturday, October 29, 2011

ဘာပဲရှုံးရှုံး စိတ်ခံစားချက်ကို မရှုံးစေနဲ့


ဘာပဲရှုံးရှုံး စိတ်ခံစားချက်ကို မရှုံးစေနဲ့
(၁) စိတ်ဝိညာဉ်ကို လှဲကျင်းပါ

လူအများက အိမ်ခန်းတွေရှင်းလင်းပြီးနောက် သန့်ရှင်းသွားတဲ့ခံစားမှုမျိုးကို နှစ်သက်ကြတယ်။ အဲဒီလိုပဲ ဆံပင်ညှပ်ပြီးနောက် ပေါ့ပါးသပ်ရပ်သွားတဲ့ ခံစားမှုမျိုးကိုနှစ်သက်ကြတယ်။
အကြောင်းက ပိုလျှံတာတွေကို ရှင်းထုတ်ပစ်လိုက်လို့ဖြစ်တယ်။

ကလေးဘဝက ပျော်စရာကောင်းပါတယ်။ သူတို့မှာ ဘာတွေးတောခံစားမှု၊ ဘာစိတ်ညစ်စရာမှ မရှိသေးလို့ဖြစ်တယ်။ အရွယ်ရောက်နေပြီဖြစ်တဲ့ ကျွန်တော်တို့မှာတော့ ဘဝရဲ့ဖိစီးမှုတွေ၊ တွေးတောမှုတွေက ရှုပ်ထွေးများပြားပြီး နာကျင်ခံစားမှုတွေကို တိုးချဲ့နေကြပါတယ်။

ကွန်ပြူတာက Recycle Binကို မကြာခဏ ရှင်းပေးရတယ်ဆိုတာကို ကွန်ပြူတာသုံးသူတိုင်း သိကြပါတယ်။ ဒါမှ နေရာလွတ်များများမယူဘဲ ကွန်ပြူတာရဲ့အရှိန်ကို မြန်စေမှာဖြစ်တယ်။ လူရဲ့ဦးနှောက်ကလည်း အဲဒီအတိုင်းဖြစ်တယ်။ အရာတိုင်းကို ချန်ထားလို့မရပါဘူး။ အသုံးမဝင်တော့တာတွေကို ပစ်ထုတ်ရပါတယ်။ ထက်မြက်သူတွေက အကောင်းအဆိုးကို ရွေးချယ်နိုင်သူ၊ အချိန်အခါကို သိတဲ့လူဖြစ်တယ်။ စိတ်ခံစားမှုများတဲ့လူတွေက ခရီးဝေးဝေး မတွင်သလို၊ စိတ်ခံစားချက် လုံးဝမရှိသူတွေက အများအားဖြင့် ဆင်ခြင်တုံတရား ကင်းမဲ့ပါတယ်။

ဘဝမှာလည်း အဲဒီအတိုင်းပဲဖြစ်တယ်။ စိတ်ကို အမြဲမပြတ်သန့်ရှင်းမှုတွေလုပ်ပြီး စွန့်သင့်တာကို စွန့်ရပါတယ်။ "ဘဝမှာ သွပ်သိပ်ထိုးထည့်ထားတဲ့ ပစ္စည်းနည်းလေ စွမ်းရည်တွေကို ပိုထုတ်ဖော်နိုင်လေဖြစ်တယ်"။ ပြဇာတ်တစ်ခုမှာ လူတစ်ယောက် အခြားလူတစ်ယောက်ကို "သွားပါ.. နောက်မလှည့်ကြည့်စတမ်း ထွက်သွားပါ။ မဖြစ်မြောက်မချင်း မပြန်လာပါနဲ့"လို့ဆိုတယ်။ ဆိုလိုချင်တာက လက်ရှိနေရာကခွာခိုင်းပြီး အတိတ်က ဖြစ်ခဲ့သမျှအရာတွေထဲ သူနစ်ဝင် မနေစေချင်လို့ဖြစ်တယ်။

စိတ်ဝိညာဉ်ကို လှဲကျင်းတာဟာ ရုန်းကန်လှုပ်ရှားမှုတစ်မျိုးဖြစ်တယ်။ လူ့ဘဝဆိုတာ အမြဲတမ်း လက်ပြနှုတ်ဆက်နေတဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်။ အရွယ်ရောက်ချိန်မှာ ဇာတိမြေကိုခွဲခွာရတယ်။ နာကျင်ကြေကွဲသူက နာကျင်ကြေကွဲခဲ့ဖူးတဲ့နေရာကို နှုတ်ဆက်တယ်။ သိမ်းငှက်တွေက ငြိမ်းအေးသက်သာတဲ့ဘဝကို နှုတ်ဆက်ရတယ်။ ပျော်ရွှင်ခြင်းက ကြေကွဲခြင်းကို နှုတ်ဆက်ရတယ်။ နှုတ်ဆက်ခြင်းမရှိရင် ကြီးပြင်းခြင်းဆိုတာလည်း ရှိမှာမဟုတ်ဘူး။ ကြံ့ခိုင်သန်မာဖို့အတွက် ခေါင်းငဲ့လှည့်ထွက်ရဲရတယ်။ ပိုကောင်းတဲ့တွေ့ဆုံခြင်းအတွက် ခွဲခွာတာဖြစ်တယ်။


(၂) လက်လွတ်တာဟာလည်း ခွင့်လွှတ်သည်းခံခြင်းတစ်မျိုး

လူတစ်ယောက်ကလည်း နိုင်ငံတစ်နိုင်ငံနဲ့တူပါတယ်။ ခွင့်လွှတ်သည်းခံခြင်းမရှိရင် ကြီးပြင်းဖြစ်ထွန်းတာတွေ ရှိမှာမဟုတ်ဘူး။ အောင်မြင်တဲ့အချက်တွေထဲမှာ စိတ်သဘောထားကြီးမြတ်တာက ပထမ၊ ဒါမှမဟုတ် ခွင့်လွှတ်သည်းခံခြင်းက ပထမဆိုရင်လည်း မှားမယ်မထင်ပါဘူး။

တစ်ခါတလေမှာ တုန့်ပြန်တိုက်ခိုက်မယ့်စကားကို လက်လွတ်လိုက်တာ၊ ဒေါသထွက်တဲ့အပြုအမှုကို လက်လွတ်လိုက်တာ၊ ကလဲ့စားပြန်ချေမယ့်ဆန္ဒကို လက်လွတ်လိုက်တာဟာလည်း ခွင့်လွှတ်ခြင်းတစ်မျိုးပဲဖြစ်တယ်။

ထက်မြက်တဲ့လူတွေက ဖြေရှင်းချက်ပေးတာကို အမြဲလက်လွတ်ကြတယ်။ ဖြေရှင်းချက်ဆိုတာ အကာအကွယ်လို့ လူအများက မြင်ကြတယ်။ "တချို့အချိန်အခါမှာ ဖြေရှင်းချက်ဆိုတာ မလိုပါဘူး။ ရန်သူက သင့်ဖြေရှင်းချက်ကို မယုံဘူး။ သူငယ်ချင်းက သင့်ဖြေရှင်းချက်ကို မလိုဘူး"။ ဒါကြောင့် ကိစ္စတော်တော်များများမှာ နဂိုကတည်းက ဖြေရှင်းချက်ဆိုတာ လိုကိုမလိုတာပါ။ ကောင်းကင်မကြည်လင်တာ မိုးသဲသဲမည်းမည်း ရွာမချလို့ပါ။ သဲသဲမည်းမည်းရွာချခဲ့ရင် ကောင်းကင်က ကြည်လင်သွားပါတယ်။

အောင်မြင်တဲ့လူတွေဟာ အဆူအဆဲခံရမှာကို မကြောက်ကြဘူး။ အကြောင်းက အလုပ်လုပ်သူတိုင်းမှာ အမှားအယွင်းဆိုတာရှိတယ်၊ လူတွေနဲ့ ထိတွေ့ဆက်ဆံရတယ်၊ လူတချို့ရဲ့ မကြည်လင်တာကို ခံရတယ်။ တကယ်တော့ လောကမှာ ၁ဝဝ%အပြည့်ဆိုတဲ့အရာက နည်းပါးလို့ ၅ဝ%သောလူတွေက သင့်ကိုအားပေးထောက်ခံရင်ပဲ မဆိုးတော့ပါဘူး။ ဆန့်ကျင်ဝေဖန်တာတွေကို ခံနိုင်ဖို့ ကိုယ်တိုင်လေ့ကျင့်ယူရတယ်။ ဝေဖန်ချက်တွေထဲကနေ အကြံဉာဏ်ယူရဲရတယ်။ ဆန့်ကျင်ဝေဖန်သူတွေကို မကျေမနပ် မဖြစ်ပါနဲ့။ သူတို့မှာလည်း သူတို့ရဲ့လွတ်လပ်တဲ့ အတွေးအမြင်တွေရှိနိုင်တယ်။ သူတို့နဲ့ ငြင်းခုန်ရန်ဖြစ်ဖို့ သင့်ခွန်အားကို မဖြုန်းတီးပါနဲ့။ သင်ရှေ့ဆက် ခရီးနှင်ရဦးမယ်။


(၃) အချိန်က အလှတွေကို ဖန်တီးတယ်

လူတိုင်းလိုလိုမှာ နာကျင်ကြေကွဲရာနေရာတွေ ရှိကြတယ်။ ဒါကြောင့် ကျွန်တော်တို့အတွက်လည်း အဆန်းတော့မဟုတ်ပါဘူး။ တချို့အရေးပါတယ်ဆိုတဲ့နေရာတွေ-- ဥပမာ-- ဇာတိမြေ၊ မိခင်ကျောင်း၊ အချစ်ဦးနဲ့တွေ့ခဲ့ရနေရာ.....စတဲ့.... စတဲ့နေရာတွေကို စိတ်လိုလက်ရပြန်လာသူတွေ နည်းကြတယ်။ အဲဒီနေရာတွေမှာ ဇာတ်လမ်းတွေ၊ အတည်ဖြစ်ခဲ့တာတွေ အများကြီးရှိခဲ့လို့ဖြစ်တယ်။ အဲဒီနေရာကိုပြန်ရောက်ရင် အတိတ်ကိုပြန်တမ်းတမိပြီး နာကျင်ကြေကွဲရတယ်။

အရာအားလုံးကို သိမြင်သွားတဲ့အချိန်က ဆုံးရှုံးစရာတွေ ဘာမှမရှိတော့ဘူးလို့ သိတဲ့အချိန်ဖြစ်တယ်။ အချိန်က အရာရာကိုတိုက်စားသွားပြီး လှပတဲ့ အမှတ်တရတွေ၊ နုပျိုတဲ့ အမှတ်တရတွေ၊ ကြီးပြင်းတဲ့ အမှတ်တရတွေ၊ ရုန်းကန်ခဲ့တဲ့ အမှတ်တရတွေကိုပဲ ချန်ခဲ့ပါတယ်။ ပုခုံးချင်းတိုက်သွားတဲ့ နှုတ်ဆက်အပြုံးတွေ၊ အထီးကျန်ညထဲက နွေးထွေးတဲ့အလင်းရောင်တွေ ဒါတွေကို အမှတ်တရချန်ခဲ့ပါတယ်။ ကျောင်းအထိမ်းအမှတ်ပွဲ တော်တော်များများကို ကျွန်တော်တက်ရောက်ခဲ့ဖူးပါတယ်။ ကျွန်တော့်မျက်စိကို စွတ်စိုစေခဲ့တာက ငွေရောင်ဆံပင်တို့ရဲ့ ပြန်လည်တွေ့ဆုံခြင်း မျက်ရည်တွေပဲဖြစ်ပါတယ်။ အချိန်က သံမဏိလိုမာကျောတဲ့ အသဲဝိညာဉ်ကို ပျော့ပျောင်းစေခဲ့ပါတယ်။

မနာလိုဝန်တိုခြင်းဆိုတာ နီးစပ်တဲ့နေရာ၊ နီးစပ်တဲ့နယ်ပယ်မှာဖြစ်ပွားပြီး သဘောထားကွဲလွဲမှုဆိုတာ စိတ်ဝင်စားမှုတူညီတဲ့အရာက စဖြစ်ပွားတယ်လို့ စိတ်ပညာရှင်တွေက ဆိုခဲ့ပါတယ်။ သက်ရှိသတ္တဝါအားလုံးက ပြင်းထန်တဲ့ရုန်းဆန်မှုတွေမှာ ဇာတိရုပ်ပေါ်ပါတယ်။ သက်ရှိသတ္တဝါတွေက မျိုးပွားမြန်ဆန်တဲ့ အလေ့အထဖြစ်ပြီး သဘာဝအရင်းအမြစ်တွေ အကန့်အသတ်ရှိတဲ့ အခြေအနေမှာ ရှင်သန်ဖို့ ရုန်းကန်ကြရတယ်။ အပြင်းထန်ဆုံး ရုန်းဆန်မှုတွေက တူတဲ့မျိုးရိုးအုပ်စုအချင်းချင်းတွေမှာ ဖြစ်ကြတာများတယ်။ သူတို့က တစ်နေရာတည်းမှာ အတူနေကြပြီး တူတဲ့စားနပ်ရိက္ခာတွေကို လိုအပ်လို့ဖြစ်တယ်။

ပြင်းထန်ထိတ်လန့်စရာ ဆက်ဆံရေးတချို့က အချိန်နဲ့အကွာအဝေးကို လိုပါတယ်။ အကွာအဝေးဝေးလေ ပြင်းထန်မှုက လျော့နည်းလေလို့ ခံစားရတယ်။ အဝေးကနေကြည့်ရင် အရာရာတိုင်းက လှပနေတတ်ပါတယ်။

ဒါကြောင့် ဖြေရှင်းလို့မရတဲ့အရာတွေအတွက် ကျွန်တော်တို့ ဝမ်းနည်းစိတ်ညစ်နေစရာ မလိုပါဘူး။ ဒီ့ထက် ပိုဖြေရှင်းရခက်တဲ့အရာတွေလည်း အချိန်ရဲ့တိုက်စားမှုနောက် မျောပါသွားကြပါတယ်။ မတော်တဆပဲဖြစ်ဖြစ်၊ အထင်လွဲတာပဲဖြစ်ဖြစ်၊ အရေးမလုပ်တာပဲဖြစ်ဖြစ်၊ တွေဝေတာပဲဖြစ်ဖြစ် .. အရာအားလုံးကို အချိန်က တဖြည်းဖြည်း တိုက်စားသွားပါလိမ့်မယ်။

(၄) နောက်ဆုတ်တဲ့ အတတ်ပညာ

ဘယ်လောက်ကောင်းတဲ့ မျက်လုံးပဲဖြစ်ဖြစ် အရာတစ်ခုကို ကြာကြာကြည့်မိရင် ညောင်းညာတတ်တာပါပဲ။ လူရဲ့ခန္ဓာကိုယ်၊ ခံစားချက်နဲ့ အသိပညာက လူတစ်ယောက်ကို အမြင့်မှာကြာကြာရပ်နိုင်ဖို့ မစွမ်းသာခဲ့ပါဘူး။ ဘဝ တပတ်လည်အချိန်အတွင်းမှာ အဆင်းနဲ့ မလွဲမသွေကြုံရတာလည်းရှိတယ်။ အချိန်တစ်နှစ်ဟာ ဘဝတပတ်လည်တဲ့အချိန်ဖြစ်တယ်။

"အချိန်အခါနဲ့လိုက်ပြီး လှလှပပရှေ့တိုးတတ်တာနဲ့ လှလှပပနောက်ဆုတ်တတ်တာတွေက ဘဝမှာ အရေးပါတဲ့အရာဖြစ်တယ်။ လူတွေကိုကူညီဖန်များရင် ကံကောင်းခြင်းနတ်သမီးကလည်း ပင်ပန်းတတ်သတဲ့"။ အရေးကြီးတာက စင်ပေါ်တက်ချိန် လူတွေရဲ့ထောမနာသံကိုရဖို့ထက် စင်အောက်ဆင်း ခွဲခွာချိန်မှာ သင့်ကို လူတွေလွမ်းဆွတ်နေဖို့ပဲဖြစ်တယ်။

နောက်ဆုတ်တဲ့ အတတ်ပညာက အစကောင်းရင် အဆုတ်ကောင်းတယ်ဆိုပေမယ့် စိတ်လိုလက်ရ နောက်ဆုတ်ခြင်းက စိတ်လိုလက်ရ ရှေ့တိုးခြင်းထက် ခက်ခဲပါတယ်။ တောင်ထိပ်ပေါ်မှာ အရာရာကလှပနေပြီး တောင်ဆင်းတဲ့အချိန် လူက ပင်ပန်းနှုံးချိနေခဲ့လို့ဖြစ်တယ်။ ဒီတစ်တောင်ကိုမဆင်းရင် နောက်တစ်တောင်ကိုတက်ဖို့ အခွင့်မရပါဘူး။ လူ့ဘဝတစ်သက်မှာ တောင်ပေါင်းများစွာ တက်ရပါတယ်။ တောင်တိုင်းတောင်တိုင်းမှာ ထူးခြားမှုလေးတွေရှိပါတယ်။ ဒါပေမဲ့ ဘယ်တောင်ကမှ သင့်အမြဲရပ်နေဖို့ မထိုက်တန်ခဲ့ပါဘူး။ ကျောက်တုံးတွေက လှိမ့်နေမှ ရေညှိမကပ်မှာဖြစ်တယ်။

(၅) ဘာပဲရှုံးရှုံး စိတ်ခံစားချက်ကို မရှုံးစေနဲ့

"လူတစ်ယောက်ကို အပြုံးတစ်ပွင့်ပေးလိုက်ရလို့ သင့်မှာ တစ်ခုခုဆုံးရှုံးသွားရတယ်ဆိုတာ မရှိပါဘူး။ အပြုံးက ရောင်ပြန်ဟပ်ပါတယ်"။ ကိုယ်ဘယ်လိုပေးဆပ်ရင် ဘယ်လိုပြန်ရတာပါပဲ.... ပြုံးရယ်တာကို မကြိုက်တဲ့လူဆိုတာ မရှိပါဘူး။

ဒါပေမဲ့ ပြုံးရယ်နိုင်တဲ့အရာတွေက သင့်ကိုယ်ဘေးမှာ အမြဲမရှိနိုင်ဘူး။ သင့်ကို စိတ်ရှုပ်၊ စိတ်ညစ်စေတဲ့အရာက တော်ရုံနဲ့ မပျောက်ပျယ်သွားဘူး။ ကိုယ်ချစ်ခင်နှစ်သက်သူနဲ့ အမြဲအတူမနေရ၊ ကိုယ်သဘောကျတဲ့အရာကို မပိုင်ဆိုင်ရတာတွေက လူတွေရဲ့မပျော်ရွှင်တဲ့ရင်းမြစ်ဖြစ်တယ်။ သူတို့နဲ့အတူမနေရရင် ပျော်ရွှင်ခြင်းဆိုတာလည်း မရှိလို့ဖြစ်တယ်။

တလောက ကျွန်တော့်စိတ်တွေ အရမ်းရှုပ်ထွေးခဲ့တယ်။ ကျွန်တော်ချစ်တဲ့ကောင်မလေးက ကျွန်တော့်ကို ဂရုမစိုက်လို့ဖြစ်တယ်။ ကျွန်တော်သေသေချာချာလုပ်ခဲ့တဲ့ စာမူကိုလည်း ဟိုပြင်လိုက် ဒီပြင်လိုက်၊ မကြာခဏ ကျွန်တော်ဖျားနာပြီး ကျန်းမာရေးလည်း ချွတ်ယွင်းခဲ့တယ်။ ကျွန်တော့်နေ့စဉ်ဘဝတွေ ပြောင်းဆန်ခဲ့တယ်။ အဲဒီအချိန်မှာ သူငယ်ချင်းတစ်ယောက်က "ဘာပဲရှုံးရှုံး စိတ်ခံစားချက်တော့ မရှုံးစေနဲ့။ လက်လွတ်သင့်တာတွေ လက်လွတ်လိုက်ပါ"လို့ ကျွန်တော့်ကို အသိပေးတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ချက်ချင်းပြောင်းလိုက်တယ်။ အဲဒီကောင်မလေးကို ကျွန်တော်မရှာတော့ဘူး။ စာမူကိုလည်း အဆုံးသတ်ပြီး စာအုပ်တိုက်ပို့လိုက်တယ်။ ပျင်းရိငြီးငွေ့ပြီး မသပ်ရပ်တဲ့ဘဝကို ကျွန်တော်စွန့်လွတ်လိုက်တယ်။ နေ့တိုင်း ဘောလုံးကစား၊ အပြေးလေ့ကျင့်တာတွေ ကျွန်တော်လုပ်ခဲ့တယ်။ နောက်ဆုံးမှာ ကျွန်တော့်ကျန်းမာရေးတွေ ကောင်းလာခဲ့တယ်။ စာမူလည်း အရွေးခံခဲ့ရတယ်။ အဲဒီကောင်မလေးကို ကျွန်တော်ဂရုမစိုက်တော့ဘဲ ကျွန်တော့်ကိုယ်ကျွန်တော် စ,ဂရုစိုက်လာခဲ့တယ်။

လူတစ်ယောက် ဒါမှမဟုတ် အရာတစ်ခုက သင့်ကိုမပျော်ရွှင်စေတာဟာ အကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်တယ်။ တချို့အကြောင်းရင်းကို သင်အချိန်အကြာကြီးသုံးပြီးမှ သိနားလည်ရသလို တချို့အကြောင်းရင်းက သင်တစ်သက် နားမလည်ခဲ့တာလည်းရှိတယ်။ ဒါတွေဟာ အရေးမကြီးပါဘူး။ အရေးကြီးတာက ဒါတွေဟာ သင့်ကို မပျော်ရွှင်စေဘူး၊ သင့်ခံစားချက်ကို နှောင့်ယှက်တယ်၊ သင့်ရဲ့ ဆင်ခြင်ဆုံးဖြတ်ဉာဏ်ကို အဟန့်အတားဖြစ်စေတယ်။ သင့်အချိန်ကို ဖြုန်းတီးစေတယ်။

သင့်ကို အသစ်တဖန်နားလည်စေမယ့် အခွင့်အရေးတွေ တခြားလူကိုပေးလိုက်ပါ။ ကျယ့်ပြန့်တဲ့ လောကကြီးအကြောင်း နားလည်ဖို့ သင့်ကိုယ်သင် အခွင့်အရေးပေးလိုက်ပါ။ ဘာပဲရှုံးရှုံး စိတ်ခံစားချက်ကိုတော့ မရှုံးပါစေနဲ့။



မူရင်း--- http://www.duwenzhang.com/wenzhang/shenghuosuibi/shenghuoganwu/2008...

နိုင်းနိုင်းစနေ ဘာသာပြန်သည်။