Sunday, October 23, 2011

“အားကိုးမှားသော ဒေါ်ပေါကြွယ်”

“အားကိုးမှားသော ဒေါ်ပေါကြွယ်”
လူတစ်ဦ၏ ဘဝတွင် အသက်အားဖြင့် ကြီးခြင်း၊ တရားအားဖြင့် ကြီးခြင်းဟူ၍ ကြီးပြင်းခြင်း နှစ်မျိုးနှစ်စား  ရှိပါသည်။ ထိုနှစ်မျိုးတို့တွင် အသက်အားဖြင့် ကြီးဖို့ကို တမင်အားထုတ် ကြိုးပမ်းရန် မလိုချေ၊ နှစ်သစ် ကူးတိုင်း အသက်တစ်နှစ် ပို၍ ကြီးလာမြဲ ဖြစ်၏။

စာရေးဆရာတ်ာဝင်နွယ်နှင့်အတူ..


တရားအားဖြင့် ကြီးဖို့ကိုမူ တမင်အားထုတ် ကြိုးပမ်းရ၏။ ဒါန၊ သီလ၊ ဘာဝနာကိစ္စတို့ကို ပြုခွင့်ကြုံအောင် ဖန်တီး၍ ပြုကျင့်ရ၏။ တိုတောင်းလှသော ဘဝ တစ်သက်တာတွင် အသိဉာဏ် ရင့်ကျက်ဖို့ စိတ်နေသဘောထား ကြီးမားမြင့်မြတ်ဖို့ ပြုခွင့်သာခြင်းသည် လူ့အဖြစ်နှင့်သာ ဆိုင်သော အထူး အခွင့်အရေး တစ်ရပ် ဖြစ်ပေသည်။


လူသည် တရားအသိ မပါဘဲ သက်တမ်းမျှသာ ကြီးလာလျှင် အသက်သာ ကြီး၍ တရား မကြီးသောကြောင့် လူ့တန်ဖို့၊ ဘဝတန်ဖိုး ဆုတ်ယုတ် လာမြဲ ဖြစ်၏။


အိုမင်းမစွမ်း အရွယ်တွင် ပတ်ဝန်းကျင်၏ ဂရိုက်မှုကိုလည်းမရ၊ မိမိကိုယ်တိုင်တွင်လည်း အားကိုးဖွယ် တရားက ရှိမထားလျှင် လွန်စွာ အားငယ် ရတတ်၏။


ထိုအခါမျိုး၌ ကျောင်းထဲ အိမ်ထဲတွင် အထုပ်ပိုးကြီးတစ်ခု တိုးလာသကဲ့သို့ ဖြစ်ရပြီး၊ မိမိ၏ သား၊ မြေးအရင်း တို့ကပင် “အဘိုးကြီး၊ အဘွားကြီးများ တယ်ရှုပ်တာပဲ”ဟု ပြောဆို အပယ်ခံရသည့် အနေအထားသို့ပင် ရောက်လာ တတ်၏။


ဤကဲ့သို့ အဖြစ်မျိုးကို အိုလာ၍ အပယ်ခံရသောကြောင့် “အိုပယ်ဘဝ”ဟု ခေါ်ရသည်။

သို့ဖြစ်၍ လူတိုင်း မိမိတို့၏ အိုခြင်းသည် အလကား ဗလာချည်း တန်ဖိုးမဲ့ ကြီးပြင်းလားခြင်းမျိုး မဖြစ်စေရဘဲ၊ တရားဓမ္မနှင့် တွဲဖက်၍ ကြီးပြင်း လာခြင်းမျိုး ဖြစ်စေရမည်။ ငယ်စဉ်ကပင် တရားဓမ္မကို အဖော်မွန်ပြု၍ နေတတ်  ထိုင်တတ်၊ သွားတတ်၊ လာတတ်ရမည်။


ထိုအခါ အသက်အရွယ် ကြီးရင့်၍ အိုလာသည်နှင့်အမျှ လေးစား မြတ်နိုးဖွယ် သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာ တရားတို့ပါ တွဲဖက်၍ ကြီးလာကာ အိုလေ လှလေ၊ အိုလေ ခံ့ညားထည်ဝါလေ ဖြစ်ရ၏။ မိမိ၏ သား မြေး စသူတို့ သာမက ပတ်ဝန်းကျင်၏ လေးစားမှု၊ နေရာပေးမှုကိုပါ ခံယူရ၏။


ဤကဲ့သို့ အဖြစ်မျိုးကို အိုလာသော်လည်း အပယ် မခံရဘဲ၊ လူ့တန်ဖိုး၊ ဘဝတန်ဖိုး ကြွယ်ဝမြဲ ဖြစ်သော ကြောင့် “အိုကြွယ်ဘဝ” ဟုခေါ်ရသည်။


လူတိုင်း တစ်နေ့ အိုရမည်ဖြစ်၍ “အိုပယ်နှင့် အိုကြွယ်” ဘဝနှစ်ခုတွင် တစ်ခုခုနှင့် မုချ ရင်ဆိုင်ရပေမည်။ အချို့မှာ ငယ်စဉ်က မေ့မေ့ လျော့လျော့    ပျော်ပျော် ပါးပါး နေခဲ့မိရာ အိုပယ်ဘဝ ရောက်လာမှ သတိသံဝေဂ ရ၍  အိုကြွယ်ဘဝသို့ တက်လှမ်း သွားကြသူများလည်း ရှိပါသည်။


ဤသဘာဝကို တိပိဋကဓရ(ယော)ဆရာတော်၏ “အားကိုးမှားသော ဒေါ်ပေါကြွယ်” ဓမ္မပုံပြင်ကလေးက ဖေါ် ပြနေပါသည်။



အားကိုးမှားသော ဒေါ်ပေါကြွယ်


ဘုရားရှင်၏ လက်ထက်တော် ကာလက သဝတ္ထိမြို့မှာ သူဌေးသမီး တစ်ယောက်ဟာ အချိန်တန် အရွယ် ရောက်လို့ အိမ်ထောင်ရက်သား ကျတဲ့အခါ လင်ယောင်္ကျားနောက် လိုက်ပါပြီး နေရပါသတဲ့။

သူတို့ဇနီးမောင်နှံဟာ သူဌေးမျိုးရိုးက ဆင်းသက်လာသူများပီပီ အင်မတန် ချမ်းသာကြွယ်ဝကြသည်။ ဆွေကြီးမျိုးကြီး ဥစ္စာဓန ကြီးမားသူများ ဆိုတော့ မြို့ မျက်နှာဖုံးလို့ ဆိုရမှာပဲ။ မကြာခင် ကာလမှာပင် သားခုနှစ် ယောက်၊ သမီးခုနှစ်ယောက် ထွန်းကားလို့ “ဗဟုပုတ္တိကာသောဏာ” လို့ အများက အမည်ပေးကြသတဲ့။


“ဗဟုပုတ္တိကာ”ဆိုတာ သားသမီး ပေါများသူလို့ အဓိပ္ပါယ်ရပါတယ်။ “သောဏာ”ဆိုတာကတော့ သူ့နာမည် ရင်းပါပဲ။  မြန်မာလိုခေါ်မယ် ဆိုရင်တော့ သားသမီးတွေ ပေါသလို ဥစ္စာဓနလည်း ကြွယ်ဝသူမို့ ဒေါ်ပေါကြွယ်လို့ ခေါ်ရမှာပေါ့။


ဒေါ်ပေါကြွယ်ဟာ ဘုရားရှင် သီးတင်းသုံးတော်မူရာ သာဝတ္ထိပြည်မှာ နေရပေမယ့် ကုသိုလ်ရေး စိတ်မဝင်စား ဘူးတဲ့။ မိတ်ဆွေတွေက တိုက်တွန်းတဲ့အခါမှာလည်း---

“ဒါနလုပ်တယ် ဆိုတာအေ- ဆင်းရဲတဲ့သူတွေ၊ ပစ္စည်း မရှိလို့ ပစ္စည်းပေါပြီး ချမ်းသာအောင် လုပ်ကြတာပဲ၊ တို့မှာ ပစ္စည်းရှိပြီးသားပဲ၊ မလိုပါဘူး”လို့ ပြန်ပြောသတဲ့။


ဥပုသ်စောင့်ဖို့ခေါ်တဲ့အခါ--

“ဥပုသ်စောင့်တယ် ဆိုတာလည်း အကုသိုလ်တွေ များနေမှ လုပ်ဖို့လိုတာပါ၊ တို့မှာ အကုသိုလ်မှ မလုပ်ဘဲ၊  နောက်ပြီး အားလည်း မအားပါဘူး” လို့ ငြင်းပြန်သတဲ့။


နောက်တစ်ခါ တရားအားထုတ်ဖို့ တိုက်တွန်းတော့လည်း--

“တရားအားထုတ်တယ် ဆိုတာ စိတ်အားငယ်နေတဲ့သူတွေ ခိုကိုးရာမဲ့သူတွေသာ လုပ်ရတာ၊ တို့မှာက ဆွေရှိ မျိုးရှိ ငွေကြေးတွေ ရှိတော့ မပူရပေါင်၊ ပြီးတော့ သားသမီးတွေကို ချစ်လွန်းလို့ သူတို့ကို ပစ်ပြီး ဘယ်သွားရက် မှာလဲ” လို့ ပြောသတဲ့။


ဘဝဆိုတာ “အသိမှန်ကန် အဖိုးတန်”တဲ့။ မှန်ကန်တဲ့ အသိတရား မရှိရင်တော့ အခိုင်အမာ မဟုတ်တာကိုပဲ တကယ့် အားကိုးစရာလို့ ထင်မိနေတတ်ပါတယ်။

အခု ဒေါ်ပေါကြွယ်က ဥစ္စာဓနနဲ့ ဆွေမျိုးတွေကို ဘဝရဲ့ အမာခံလို့၊ အားကိုးစရာလို့ ထင်နေတာကိုး။

အဲဒီလို အသက်အရွယ် အတော်အတန် ရလာတဲ့အခါ သားသမီးတွေက အသီးသီး အိမ်ထောင်ကိုယ်စီ ကျကုန်ပြီ၊ အဲဒီအချိန် သူ့ခင်ပွန်းဖြစ်တဲ့ သူဌေးကြီးက အနာရောဂါ တစ်ခုနဲ့ ဖျက်ခနဲ ကွယ်လွန်သွားရော။


ဒေါ်ပေါကြွယ်တစ်ယောက် ဆောက်တည်ရာမရ ဖြစ်လိုက်တာ၊ စောစောတုန်းက ဒီမိသားစု အဆောက် အအုံကြီး ပြိုကျသွားလိမ့်မယ်လို့ မထင်ခဲ့ ပါဘူး၊ အမြဲတမ်း ရာသက်ပန်ပဲ ဒီအသိုင်းအဝိုင်း၊ ဒီမိသားစုကြီးဟာ ဒီအတိုင်း တည်မြဲနေမယ်လို့ သူထင်ခဲ့တာ။


အခုတော့ အထင်ကြီးခဲ့ တာတွေ ပြိုကျပျက်စီး သွားတော့ အားငယ်ရ ပူဆွေးရလိုက်တာများ မပြောပါနဲ့၊ တော်တော်ကြီး စိတ်ဆင်းရဲ သွားသတဲ့။  သူဌေးကြီး ကွယ်လွန်လို့မှ မကြာခင်ဘဲ သားတွေ၊ သမီးတွေက အမွေခွဲဝေပေးဖို့ ဝိုင်းပြီး ပူဆာကြ၊ တောင်းဆို ကြသတဲ့။


“အမေ၊ အဖေလည်း မရှိတော့ဘူး၊ အမေလေည်း အသက်ကြီးလာပြီ၊ သားတို့ သမီးတို့ ရသင့် ရထိုက်တာတွေ ခွဲဝေပေးပါ၊ အမေလည်း အဖေမရှိတော့ သားတို့ သမီးတို့နဲ့ လိုက်နေပါ”  စသည်ဖြင့် ချော့တဲ့လူက ချော့၊ ခြောက်တဲ့လူက ခြောက်ပြီးတော့ အမွေတောင်းကြသတဲ့။


အမွေဆိုတာ အင်မတန် စကားများတဲ့ ဥစ္စာတွေပဲ။ လူကို အလွန် စကားပြောခိုင်းတဲ့ ပစ္စည်းတွေ၊ တစ်ယောက် နဲ့ တစ်ယောက် သွေကွဲအောင် လည်း ခွဲတတ်တယ်၊ အင်မတန် ရင်းနှီတဲ့ သားနဲ့အမိ၊ ညီအစ်ကို မောင်နှမ အားလုံးကို သွေးကွဲစေတာပါပဲ။


အခုလည်း အမွေတွေက စကားအပြောခိုင်းလို့ သားတွေ သမီးတွေက အမွေစကား ပြောလာတဲ့အခါ၊ သားသမီးတွေကို  ယုံတဲ့ ဒေါ်ပေါကြွယ်ကြီးက ကိုယ့်အတွက်တောင် ချန်မထားတော့ဘဲ ပစ္စည်းတွေ အားလုံးကို အညီအမျှ ခွဲဝေပြီး ပေးပစ်လိုက်ပါသတဲ့။


အမွေတွေ အကုန်ခွဲဝေပြီးတဲအခါ နေစရာအိမ် မရှိတော့တဲ့ ဒေါ်ပေါကြွယ်ဟာ သူ့သားသမီးတွေ အိမ်ကို လိုက်နေပါတယ်။

နောက်ထပ် ရစရာ မရှိတော့တဲ့ အမေအိုကြီးကို ဘယ်သားသမီး ကမှ ကြာကြာလက်ခံ မထားချင်ဘူးတဲ့ သားတွေက မကြည်ဖြူတဲ့ အပြင် ချွေးမတွေက နှိပ်စက်သတဲ့။ သမီးတွေက ငြူစူသလို သမက်တွေကလည်း ဆဲဆို ကြိမ်းမောင်းကြသတဲ့။


“သားသမီးယုံ စုံလုံးကန်း”ဆိုသလို ဒေါ်ပေါကြွယ်တစ်ယောက် လောကကြီးမှာ သူမထင်တာတွေ ဖြစ်လာတဲ့ အခါ စိတ်အနာကြီး နာသတဲ့။

လောကမှာ ရုပ်အနာနဲ့ စိတ်အနာဆိုပြီး နှစ်မျိုးရှိပါတယ်။ အဲဒီ အထဲမှာ စိတ်အနာက အဆိုးဆုံး၊ အကုရ အခက်ဆုံးပဲ။

သောကတွေ၊ ဒေါမနဿတွေက နှလုံးသားထဲမှာ နှိပ်စက်လိုက်တာ၊ ဘယ်လိုပူလောင်မှန်းမသိ၊ ဆောက်တည် ရာမရှိ  ဖြစ်တတ်တယ်။


စိတ်နာလွန်းရင် စကားတောင် မပြောနိုင်တော့ဘူ။ တချို့ မိဘနဲ့ သားသမီး၊ ညီအစ်ကို မောင်နှမ အချင်းချင်း စိတ်နာလို့ စကားမပြောကြဘူးတဲ့။

အဲဒီတော့ ဒီစိတ်အနာက အလွန်ဆိုးပါတယ်။ စိတ်အနာလွန်သွားရင် စိတ်ရောဂါ ရတတ်ပါတယ်။


ရုပ်အနာက ဆေးတွေ့သွားရင် ပျောက်လွယ်တတ်တယ်။ စိတ်အနာဆိုတာက ဆေးတွေ့ရုံ သက်သက်နဲ့ မပျောက်ပါဘူး၊ တရားပါ တွေ့မှ ပျောက်ပါတယ်။


မြတ်စွာဘုရား သာသနာဆိုတာ စိတ်နာပျောက်အောင် ကုပေးတဲ့ နေရာပါပဲ။ မြတ်စွာဘုရားရဲ့ အဆုံးအမ လမ်းညွှန်ချက် တွေဟာလည်း စိတ်နာပျောက်စေတဲ့ လမ်းစဉ်တွေ ချည်းပါ။ သတ္တဝါတိုင်း စိတ်နာ ပျောက်ကင်းမှ ငြိမ်း အေးကြ ပါတယ်။


အခု ပစ္စည်းတွေ အားကိုးခဲ့တဲ့ ဒေါ်ပေါကြွယ်၊ သားသမီးတွေကို အားကိုးခဲ့တဲ့ ဒေါ်ပေါကြွယ်ခမျာ အဲဒီဟာ တွေကို အားကိုးလို့ မရတော့ ကိုယ့်ကိုယ်ကိုယ် မကျေနပ်၊ ပတ်ဝန်းကျင်ကို မကျေနပ်၊ ဘဝကို မကျေနပ်တော့ စိတ်နာ ရပြီ။


ဒီ စိတ်အနာ ကုဖို့ဆိုတာ မြတ်စွာဘုရားရဲ့ တရားပဲ ရှိတယ်လို့ သိလိုက်ရတာနဲ့ တစ်ပြိုင်နက် သာသနာတော် ဝင် ဘိက္ခုနီမ အဖြစ် ခံယူပြီးတော့ ကြိုးကြိုး စားစား တရားရှုမှတ်ပါသတဲ့။


အဲဒီလို ကြိုးစားမှုကြောင့် မကြာခင်မှာဘဲ ဘုရားရှင်ရဲ့ အားပေးမှုနဲ့ ရဟန္တာမအဖြစ် ရောက်တော်မူခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဒေါ်ပေါကြွယ် တစ်ဖြစ်လဲ သောဏာထေရီမကြီးဟာ ဂုဏ်သတင်းမွှေး ကျော်ကြားလာခဲ့ပြီးတော့ နော်ကဆုံး မြတ်စွာဘုရားရှင်ရဲ့ အာရဒ္ဓဝီရိယဧတဒဂ် ပေးခြင်း ကိုပင် ခံယူခဲ့ရပါတယ်။


ဘဝမှာ အားကိုးမှားခဲ့တဲ့ ဒေါ်ပေါကြွယ် တစ်ယောက် လောကရဲ့ ဝိုင်းပယ်ခြင်း ခံရပေမယ့် သာသနာတော်ရဲ့ ကျေးဇူးကြောင့် မြတ်စွာဘုရားရှင်ရဲ့ တရား အရိပ်အောက်တွင် အေးချမ်း တည်ငြိမ်စွာ လျှောက်နိုင်ခဲ့ပါပြီ။


+   အသက်သိက္ခာ၊ ကြီးစရာ၊ လူမှာ နှစ်မျိုးရှိ။

+   အသက်ကြီးရုံ၊ အားမစုံ၊ အကုန်ကြောက်ရ၏။

+   အကျင့်သိက္ခာ၊ ကြီးမှသာ၊ ထည်ဝါ ခံ့ညား၏။

+   တရားပြည့်ဝ၊ အရိပ်ရ၊ မုချချမ်းသာ၏။


တော်ဝင်နွယ်
မေတ္တာများဖြင့်